‘သူတော်ကောင်းသည် ဘုရားသခင့် မျက်နှာသာရ’
‘သူတော်ကောင်းသည် ဘုရားသခင့် မျက်နှာသာရ’
သက်ရှိအပေါင်းသည် ယေဟောဝါဘုရားသခင်ထံမှ မြစ်ဖျားခံ၏။ (ဆာလံ ၃၆:၉) မှန်ပါသည်၊ “ငါတို့သည် ဘုရားသခင်အားဖြင့်အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။” (တမန်တော် ၁၇:၂၈) ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသူတို့အပေါ် ကိုယ်တော်သွန်းလောင်းပေးသည့်ဆုကျေးဇူးကို ကျွန်ုပ်တို့စဉ်းစားတွေးတောကြသည့်အခါ ကျွန်ုပ်တို့၌ကျေးဇူးတင်စိတ် ပြည့်လျှံမနေပေလော။ ကြည့်ပါ၊ “ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား . . . ထာဝရအသက်ပေတည်း။” (ရောမ ၆:၂၃) ယေဟောဝါ၏မျက်နှာသာတော်ကိုရဖို့ အလွန်အရေးကြီးသည်တကား!
‘ဘုရားသခင်သည် ကျေးဇူးတော် [“မျက်နှာသာတော်၊” ကဘ] ကိုပေးတော်မူ၏’ ဟု ဆာလံဆရာအာမခံသည်။ (ဆာလံ ၈၄:၁၁) သို့သော် မည်သူ့ကို မျက်နှာသာပေးသနည်း။ ယနေ့ လူတို့သည် ပညာရေး၊ ကြွယ်ဝချမ်းသာမှု၊ အသားအရောင်၊ လူမျိုးရေးနောက်ခံ စသည့်အရာတို့အပေါ်မူတည်၍ အခြားသူတို့ကို မျက်နှာသာပေးလေ့ရှိ၏။ ဘုရားသခင်မူကား မည်သူ့ကို မျက်နှာသာပေးသနည်း။ ရှေးဣသရေလရှင်ဘုရင်ရှောလမုန်က ဤသို့အဖြေပေးသည်– “သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သောသူမူကား အပြစ်စီရင်တော်မူခြင်းကိုခံရ၏။”—သု. ၁၂:၂။
ရှင်းနေသည်ကား ယေဟောဝါသည် ကိုယ်ကျင့်တရားကောင်းသော သူတော်ကောင်းကို နှစ်သက်အားရတော်မူ၏။ သူတော်ကောင်းတစ်ဦး၏ မွန်မြတ်သောအကျင့်များတွင် မိမိကိုယ်ကိုဆုံးမပဲ့ပြင်ခြင်း၊ တရားမျှတခြင်း၊ နှိမ့်ချခြင်း၊ သနားကြင်နာတတ်ခြင်းနှင့် ဉာဏ်အမြော်အမြင်ရှိခြင်းတို့ပါဝင်သည်။ သူ၏အကြံအစည်များသည် ဖြောင့်မတ်ပြီး အားပေးစကားများပြောဆိုတတ်၍ သူ၏အပြုအမူများသည် တရားမျှတ၍ အကျိုးကျေးဇူးကြီးလှ၏။ နယပုံပြင်ကျမ်း အခန်းကြီး ၁၂ ၏ပထမအပိုင်းက ကောင်းမြတ်ခြင်းသည် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာကို မည်သို့သြဇာလွှမ်းသင့်ကြောင်းနှင့် ဤအရည်အသွေးကိုတင်ပြခြင်းမှ အဘယ်အကျိုးကျေးဇူးများ ခံစားနိုင်ကြောင်းဖော်ပြသည်။ ထိုတွင် ဖော်ပြထားသည့်အကြောင်းကို သုံးသပ်ကြည့်ခြင်းက ကျွန်ုပ်တို့အား “ကောင်းသောအကျင့်ကိုကျင့်စေတတ်သောပညာ” ရရှိစေလိမ့်မည်။ (ဆာလံ ၃၆:၃) ယင်း၏ ပညာရှိဆိုဆုံးမစကားကို လက်တွေ့ကျင့်သုံးခြင်းက ဘုရားသခင့်မျက်နှာသာတော်ရစေမည်။
ဆုံးမပဲ့ပြင်ခြင်းအရေးကြီး
“ဆုံးမခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်၏။ ပဲ့ပြင်ခြင်းကိုမုန်းထားသူမူကား ဉာဏ်တုံး၏” ဟူ၍ရှောလမုန်က ဆိုသည်။ (သု. ၁၂:၁၊ သမ) သူတော်ကောင်းသည် တိုးတက်လိုသဖြင့် ဆုံးမခြင်းကိုနှစ်သက်၏။ သူသည် ခရစ်ယာန်အစည်းအဝေးများ သို့မဟုတ် စကားဝိုင်းဖွဲ့ပြောဆိုရာ၌ ကြားသောအကြံပြုချက်များကို လျင်မြန်စွာ လက်တွေ့ကျင့်သုံးတတ်သည်။ သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများပါ ဆုံးမစကားသည် ဖြောင့်မတ်သောလမ်းစဉ်ကို လိုက်လျှောက်ရန် လှုံ့ဆော်ပေးသည့် တံချွန်နှင့်တူ၏။ သူသည် အသိပညာကိုရှာ၍ မိမိ၏လမ်းခရီးကို ဖြောင့်ဖြူးစေ၏။ မှန်ပါသည်၊ ဆုံးမပဲ့ပြင်ခြင်းကို နှစ်သက်သောသူသည် အသိပညာကိုလည်း နှစ်သက်၏။
စစ်မှန်သောဝတ်ပြုကိုးကွယ်သူတို့အတွက် ဆုံးမပဲ့ပြင်ခြင်း အလွန်အရေးကြီးသည်၊ အထူးသဖြင့် မိမိကိုယ်ကိုဆုံးမခြင်းဖြစ်သည်! ကျမ်းစာကို နက်နက်နဲနဲနားလည်သောအသိပညာ ကျွန်ုပ်တို့ရလိုပေမည်။ ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မအမှုကို သာ၍ထိရောက်စွာထမ်းဆောင်လိုမည်၊ ကျမ်းစာကိုသွန်သင်ပေးရာတွင် သာ၍ကောင်းသောဆရာများဖြစ်လိုပေမည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) သို့သော် ထိုလိုအင်ဆန္ဒများကို အကောင်အထည်ဖော်ရန် မိမိကိုယ်ကိုဆုံးမဖို့လိုသည်။ အခြားဘဝကဏ္ဍများ၌လည်း မိမိကိုယ်ကိုဆုံးမဖို့လိုသည်။ ဥပမာ၊ မတရားသောစိတ်ဆန္ဒများကို နှိုးဆွပေးသောအရာများ ယနေ့ များပြားလှသည်။ မလျောက်ပတ်သောအရာများကို အာရုံစိုက်ပြီးမကြည့်မိဖို့ ကိုယ့်မျက်စိကိုထိန်းချုပ်ထားရန် မိမိကိုယ်ကိုဆုံးမဖို့ လိုမည်မဟုတ်ပေလော။ ထို့ပြင် “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ” သောကြောင့် စိတ်နှလုံးထဲတွင် ညစ်ညမ်းသောစိတ်ကူးများ အမှန်ပင် စတင်ပေါ်လာတတ်သည်။ (ကမ္ဘာဦး ၈:၂၁) ထိုသို့သောစိတ်ကူးမျိုးကို တွေးတောမနေစေရန် မိမိကိုယ်ကိုဆုံးမဖို့လိုသည်။
အခြားတစ်ဖက်တွင်မူ ပဲ့ပြင်မှုကိုမုန်းတီးသူက ဆုံးမသွန်သင်မှုကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း မလိုလားချေ။ ဤသူသည် ဆုံးမ,မခံချင်သော အပြစ်ရှိလူ့သဘောကို လိုက်လျောပြီး ဉာဏ်မဲ့သောတိရစ္ဆာန်၊ ကိုယ်ကျင့်တရားစံနှုန်းများမရှိသည့် တိရစ္ဆာန်အဆင့်ရောက်စေရန် မိမိကိုယ်ကို ယုတ်ညံ့သွားစေသည်။ ဤစိတ်သဘောထားကို ကျွန်ုပ်တို့အခိုင်အမာတွန်းလှန်ကြရမည်။
‘မရွေ့ရှားနိုင်သော အမြစ်များ’
သူတော်ကောင်းတစ်ဦးသည် မဖြောင့်မတ်သူ၊ မတရားသူ မဖြစ်နိုင်ပါ။ ထို့ကြောင့် ယေဟောဝါ၏မျက်နှာသာရရန် ဖြောင့်မတ်ဖို့လိုသည်။ ဘုရင်ဒါဝိဒ်က ဤသို့သီဆိုခဲ့သည်– “အိုထာဝရဘုရား ကိုယ်တော်သည် ဖြောင့်မတ်သောသူကိုကောင်းချီးပေး၍ ကျေးဇူးတော် [“မျက်နှာသာတော်၊” ကဘ] အားဖြင့် ကွယ်ကာစောင့်မတော်မူလိမ့်သတည်း။” (ဆာလံ ၅:၁၂) ဖြောင့်မတ်သူနှင့် ဆိုးညစ်သူတို့ ကွာခြားကြောင်းကို ရှောလမုန်က ဤသို့ဆိုသည်– “လူသည်ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့မရောက်ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။”—သု. ၁၂:၃။
ဆိုးညစ်သူတို့သည် ကြီးပွားတိုးတက်ပုံရှိမည်။ ဆာလံဆရာအာသပ်၏အတွေ့အကြုံကို သုံးသပ်ကြည့်ပါ။ “ငါမူကား ခြေချော်လုလျက်၊ ခြေရာလွဲလုလျက်ရှိမိပြီ” ဟုသူပြောသည်။ အဘယ်ကြောင့်နည်း။ အာသပ်က “မတရားသောသူတို့၏စည်းစိမ်ကိုမြင်သောအခါ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ” ဟုဖြေဆိုသည်။ (ဆာလံ ၇၃:၂၊ ၃) သို့သော် ဘုရားသခင့်ဝတ်ပြုရာအိမ်တော်၏ သန့်ရှင်းရာဌာနသို့ သူဝင်သွားသောအခါ ထိုသူတို့ကို ချောသောအရပ်၌ ယေဟောဝါရှိနေစေကြောင်း သူသိရှိလာ၏။ (ဆာလံ ၇၃:၁၇၊ ၁၈) ဆိုးညစ်သောသူတို့၏အောင်မြင်မှုများသည် ခေတ္တခဏသာဖြစ်သည်။ ထို့ကြောင့် သူတို့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် ငြူစူသင့်သနည်း။
ယေဟောဝါ၏မျက်နှာသာရထားသူမူကား တည်မြဲသည်။ သစ်ပင်တစ်ပင်၏ ခိုင်မြဲသည့်အမြစ်များကို ဥပစာအဖြစ်အသုံးပြု၍ ရှောလမုန်က ဤသို့ဆိုသည်– “ကောင်းသောသူများမူကား ရွှေ့ပစ်၍မရနိုင်သည့်အမြစ်များရှိသည်။” (သု. ၁၂:၃၊ အင်္ဂလိပ်ကျမ်းစာသစ်) ကယ်လီဖိုးနီးယားပြည်နယ်မှ ဆီကွိုင်ယာပင်ကဲ့သို့သော သစ်ပင်ကြီးတစ်ပင်၏ မမြင်နိုင်သောအမြစ်များသည် ဧကပေါင်းများစွာပျံ့နှံ့နေ၍ ရေကြီးချိန်၊ လေပြင်းမုန်တိုင်းတိုက်ချိန်တွင် မယိမ်းမယိုင်တည်တံ့ခိုင်ခံ့နေပေမည်။ မိုးထိုးအောင်မြင့်မားသော ဆီကွိုင်ယာပင်တစ်ပင်သည် ပြင်းထန်သည့်မြေငလျင်ဒဏ်ကိုပင် မဖြုန်ပါတကား!
မြေသြဇာကောင်းသည့်မြေရှိ ထိုသို့သောအမြစ်များကဲ့သို့ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းရှာဖွေလေ့လာပြီး ယင်း၏အသက်ပေးရေကို ခပ်ယူရန်လိုသည်။ သို့ဖြင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းခိုင်ခံ့ပြီး အမြစ်စွဲနေမည်ဖြစ်ရာ ကျွန်ုပ်တို့၏မျှော်လင့်ချက်လည်း မြဲမြံခိုင်ခံ့ပေမည်။ (ဟေဗြဲ ၆:၁၉) ထိုအခါ “ခပ်သိမ်းသော[သွန်သင်ခြင်း]လေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူ” ဖြစ်လိမ့်မည်မဟုတ်။ (ဧဖက် ၄:၁၄) မှန်ပါသည်၊ မုန်တိုင်းထန်သည့်ပြင်းထန်သောစမ်းသပ်မှုများကို ကျွန်ုပ်တို့ခံရ၍ ဆင်းရဲခက်ခဲသည့်ကြား တုန်လှုပ်ချောက်ချားပေမည်။ သို့သော် ကျွန်ုပ်တို့၏ ‘အမြစ်စွဲနေသောအုတ်မြစ်သည် ရွေ့လျားသွားမည်မဟုတ်ချေ။’
“နှလုံးရည်ကောင်းသောမိန်းမသည် လင်၌ဦးရစ်သဖွယ်”
“ယောက်ျားတံခွန်လူရည်ချွန် ဖော်မွန်မယားရှိစမြဲ” ဟူသောဆိုရိုးစကားကို လူသိများကြသည်။ အထောက်အမပေးသော အမျိုးသမီးတစ်ဦး၏အရေးပါမှုကို ရည်ညွှန်းလျက် ရှောလမုန်က ဤသို့ဆိုသည်– “နှလုံးရည်ကောင်းသောမိန်းမသည် လင်၌ဦးရစ်သဖွယ်၊ အရှက်ခွဲသောမိန်းမကား လင်၌အရိုးများဆွေးမြေ့ဖွယ်ဖြစ်၏။” (သု. ၁၂:၄၊ သမ) “နှလုံးရည်ကောင်း” ဟူသောစကားလုံး၌ ကောင်းမြတ်ခြင်းအမျိုးမျိုး စုပေါင်းပါဝင်၏။ နယပုံပြင် အခန်းကြီး ၃၁ တွင် အသေးစိတ်ဖော်ပြထားသော ဇနီးကောင်းတစ်ဦး၏ ချီးကျူးဖွယ်အကျင့်များတွင် လုံ့လဝီရိယရှိခြင်း၊ တည်ကြည်ခြင်းနှင့် ဉာဏ်ပညာတို့ပါဝင်သည်။ ဤအရည်အသွေးများရှိသော အမျိုးသမီးတစ်ဦးသည် သူ့ခင်ပွန်း၏သရဖူဖြစ်သည်၊ အကြောင်းမှာ ဇနီး၏ကောင်းသောအမူအကျင့်တို့က ခင်ပွန်းအား ဂုဏ်တက်စေ၍ အခြားသူတို့၏ ကြည်ညိုလေးမြတ်မှုကို တိုးမြှင့်ပေးသည်။ ဇနီးသည် သူ၏လင်သားထက်သာဖို့ ဇွတ်လုပ်ခြင်း သို့မဟုတ် အသိအမှတ်ပြုခံရဖို့ ခင်ပွန်းနှင့်ပြိုင်ဆိုင်ခြင်း ဘယ်တော့မျှပြုမည်မဟုတ်။ ယင်းအစား သူသည် ခင်ပွန်း၏ဖြည့်စွက်ထောက်မပေးသူဖြစ်သည်။
အမျိုးသမီးတစ်ဦးသည် အရှက်တကွဲမည်သို့ပြုလုပ်နိုင်သနည်း၊ အဘယ်ဆိုးကျိုးများရှိမည်နည်း။ ဤရှက်ဖွယ်ကောင်းသောအမူအကျင့်သည် အငြင်းပွားရန်ဖြစ်ခြင်းမှသည် သူ့သားအိမ်ရာပြစ်မှားခြင်းအထိ ဖြစ်နိုင်၏။ (သု. ၇:၁၀-၂၃; ၁၉:၁၃) ဇနီးက ထိုသို့ပြုမူခြင်းအားဖြင့် သူ့ခင်ပွန်း၏မျက်နှာ ပျက်စေသည်။ ထိုအခါသူသည် “လင်၏အရိုးတို့၌ဆွေးမြေ့ခြင်း” ကဲ့သို့ဖြစ်၏၊ တစ်နည်းအားဖြင့် သူသည် “ကိုယ်ခန္ဓာကို လုံးလုံးအားနည်းသွားစေသည့် ရောဂါတစ်ခုပမာ ခင်ပွန်းအား ဖျက်ဆီးပစ်သည်” ဟု ကိုးကားဖော်ပြချက်တစ်ခုကဆိုသည်။ နောက်ကိုးကားချက်တစ်ခုက “မျက်မှောက်ခေတ်အသုံး အနှုန်းမှာ ‘ကင်ဆာရောဂါ’ ဖြစ်နိုင်၏၊” ထိုရောဂါသည် လူတစ်ဦး၏အသက်ပါသွားသည့်တိုင် ခွန်အား တဖြည်းဖြည်းလျော့နည်းသွားစေ၏။ ခရစ်ယာန်ဇနီးသည်များသည် အရည်အချင်းရှိဇနီး၏ မွန်မြတ်သောအကျင့်များကို ထင်ဟပ်ပြခြင်းအားဖြင့် ဘုရားသခင့်မျက်နှာသာတော်ရရန် ကြိုးပမ်းနိုင်ကြပါလေစေ။
အကြံအစည်ပေါ်၍ ပြုလုပ်ကြရာ အကျိုးဆက်ရ
အကြံအစည်များပေါ်လာသဖြင့် ပြုမူလုပ်ကိုင်ကြရာ အကျိုးဆက်များခံစားကြရ၏။ ရှောလမုန်သည် ဖြောင့်မတ်သူနှင့် ဆိုးညစ်သူကိုနှိုင်းယှဉ်လျက် အကြံအစည်များမှတစ်ဆင့် ပြုလုပ်တတ်ကြသောလုပ်ရပ်များအကြောင်း ဆက်ဖော်ပြသည်။ သူဤသို့ဆိုသည်– “သူတော်ကောင်းတို့၏အကြံအစည်သည် တော်မှန်၏။ လူဆိုးတို့ပေးသောအကြံမူကား လှည့်စားတတ်၏။ လူဆိုးတို့၏စကားသည် အသွေးသွန်းရန် ချောင်းမြောင်းရာအကြောင်းဖြစ်၏။ ဖြောင့်မှန်သူတို့၏နှုတ်မူကား ကိုယ်ကိုလွတ်မြောက်စေလိမ့်မည်။”—သု. ၁၂:၅၊ ၆၊ သမ။
သူတော်ကောင်းတို့၏အကြံအစည်များသည် မွန်မြတ်၏၊ တရားမျှတ၍ ဖြောင့်မတ်မှန်ကန်သည်။ ဖြောင့်မတ်သောသူသည် ဘုရားသခင်နှင့် လူသားချင်းကို ချစ်သောမေတ္တာ၏ လှုံ့ဆော်မှုကိုခံရသဖြင့် သူတို့၏ကြံရွယ်ချက်များမှာ မွန်မြတ်ပေသည်။ ဆိုးညစ်သူတို့မှာမူ တစ်ကိုယ်ကောင်းစိတ်၏လှုံ့ဆော်မှုကို ခံရကြသည်။ သို့ဖြစ်၍ သူတို့၏ကြံရွယ်ချက်များ၊ သူတို့၏ရည်မှန်းချက်များ အောင်မြင်ရန် သူတို့အသုံးပြုသောနည်းစနစ်များမှာ စဉ်းလဲကောက်ကျစ်၏။ သူတို့၏လုပ်ရပ်များသည် လှည့်စားတတ်၏။ ဤသူတို့သည် အပြစ်မဲ့သူကို ထောင်ချောက်ဆင်ရန်၊ တရားရုံး၌ မှားယွင်းသောစွဲချက်များတင်ရန် တုံ့ဆိုင်းမနေကြပေ။ သူတို့သည် အပြစ်မဲ့သူတို့ကို အန္တရာယ်ပြုလို၍ သားကောင်များဖြစ်စေလိုသောကြောင့် သူတို့၏စကားများမှာ “အသွေးသွန်းရန် ချောင်းမြောင်းရာအကြောင်း” ဖြစ်၏။ ဖြောင့်မတ်သူတို့သည် ဆိုးညစ်သူတို့၏အကြံအစည်များကို သိထား၍ သတိရှိရန် ဉာဏ်ပညာရှိကြသောကြောင့် ဤအန္တရာယ်ကိုရှောင်ကြဉ်နိုင်ကြ၏။ သတိမမူ၊ အမှုမဲ့အမှတ်မဲ့ဖြစ်နေသူများကိုပင် သူတို့က ဆုံးမပဲ့ပြင်တတ်ပြီး ဆိုးညစ်သူတို့၏ လှည့်စားတတ်သော အကြံအစည်များမှ လွတ်မြောက်စေနိုင်မည်။
ဖြောင့်မတ်သူနှင့် ဆိုးညစ်သောသူတို့သည် အဘယ်အရာကိုတွေ့ကြုံကြမည်နည်း။ “မတရားသောသူ၏အိမ်သည် ပြိုလဲပျောက်ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏အိမ်မူကား အမြဲတည်ခြင်းရှိတတ်၏” ဟုရှောလမုန်ဖြေဆိုသည်။ (သု. ၁၂:၇) အိမ်ဟူသည် “အိမ်ထောင်စုတစ်ခုနှင့် ယင်းမှတစ်ဦးတစ်ယောက်အတွက် တန်ဖိုးရှိရာကိုရည်ညွှန်းပြီး ထိုသူအမှန်တကယ်ဆက်အသက်ရှင်စေနိုင်ရာ” ကိုဆိုလိုသည်ဟု ကိုးကားဖော်ပြချက်တစ်ခုကဆိုသည်။ ယင်းက ဖြောင့်မတ်သူ၏မိသားစုနှင့် သူ၏သားမြေးတို့ကိုပင် ဆိုလိုနိုင်သည်။ မည်သို့ဆိုစေ ထိုနယပုံပြင်ကျမ်း၏ဆိုလိုရင်းမှာ ရှင်းနေပါသည်– ဖြောင့်မတ်သောသူသည် ဆင်းရဲခက်ခဲသည့်ကြား ခိုင်ခိုင်မြဲမြဲ ရပ်တည်လိမ့်မည်။
နှိမ့်ချသောသူသည် သာ၍အဆင်ပြေ
ပိုင်းခြားသိမြင်ခြင်း၏တန်ဖိုးကို အလေးထားဖော်ပြလို၍ ဣသရေလရှင်ဘုရင်က ဤသို့ဆိုသည်– “လူသည် ဉာဏ်ပညာ [“စောင့်စည်းသောနှုတ်၊” ကဘ] ရှိသည်အတိုင်း ချီးမွမ်းခြင်းကိုခံရ၏။ သဘောကောက်သောသူမူကား မထီမဲ့မြင်ပြုခြင်းကိုခံရ၏။” (သု. ၁၂:၈) ပိုင်းခြားသိမြင်သူတစ်ဦးသည် လက်လွတ်စပယ် မဆင်မခြင်မပြောဆိုတတ်ချေ။ သူသည် စကားမပြောဆိုမီ စဉ်းစားဆင်ခြင်၏၊ သူ၏ “စောင့်စည်းသောနှုတ်” က သူပြောဆိုမည့်စကားလုံးများကို အသေအချာရွေးချယ်စေသောကြောင့် သူတစ်ပါးနှင့် အသင့်အတင့်ရှိစေသည်။ အချည်းနှီးသက်သက်ဖြစ်၍ မှန်းဆသည့်မေးခွန်းမျိုး မေးမြန်းခံရသောအခါ ပိုင်းခြားသိမြင်တတ်သူသည် “စကားမများတတ်” ပါ။ (သု. ၁၇:၂၇) ထိုသို့သောသူကို ချီးမွမ်းတတ်ကြ၍ သူ့ကို ယေဟောဝါနှစ်သက်တော်မူ၏။ ဤသို့သောသူသည် စကားနှစ်ခွပြောတတ်သည့် ‘သဘောကောက်သောနှလုံး’ ရှိသူနှင့် ကွာခြားလိုက်လေခြင်း!
ပိုင်းခြားသိမြင်သူသည် အမှန်ပင် ချီးမွမ်းခံရ၏၊ ဆက်လက်ပြီး နှိမ့်ချခြင်း၏တန်ဖိုးကို ကျွန်ုပ်တို့အား ဤသို့အသိပေးသည်– “စားစရာမရှိဘဲဂုဏ်လုပ်သောသူထက် ဂုဏ်မရှိဘဲ၊ ကျွန်ပိုင်ရှိသောသူသည် သာ၍ကောင်း၏။” (သု. ၁၂:၉၊ သမ္မာ) ဤတွင်ရှောလမုန်က အဆင့်မြင့်မြင့်နေထိုင်ရန် ဘဝလိုအပ်ရာများအတွက် သုံးခြင်းထက် ကျွန်တစ်ဦးတည်းရှိ၍ ငွေအနည်းငယ်မျှသာရှိသူသည် သာ၍ကောင်း၏ဟု ဆိုလိုနေပုံရှိသည်။ ကျွန်ုပ်တို့၏ဝင်ငွေအတွင်း နေထိုင်တတ်ရန် ဤသို့အကြံပြုချက်သည် ကောင်းလိုက်လေခြင်း!
ကျေးလက်တောဓလေ့မှ ကောင်းမြတ်ခြင်း သင်ခန်းစာများရ
ရှောလမုန်သည် ကျေးလက်တောဓလေ့မှ ဥပမာများကောက်နုတ်ပြီး ကောင်းမြတ်ခြင်းအကြောင်း သင်ခန်းစာနှစ်ခုကို သွန်သင်ပေးသည်။ “ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်ကိုပင် ညှာတာတတ်၏။ ဆိုးသောသူ၌မူကား ရက်စက်သောစိတ်နှလုံးရှိ၏။” (သု. ၁၂:၁၀၊ သမ္မာ) ဖြောင့်မတ်သောသူသည် မိမိ၏သိုးနွားတိရစ္ဆာန်များကို သနားကြင်နာစွာ ဆက်ဆံတတ်၏။ တိရစ္ဆာန်တို့၏လိုအပ်ရာများကို ဂရုစိုက်ကြည့်ရှုပြုစုပေး၏။ ဆိုးညစ်သောသူမူကား တိရစ္ဆာန်များကို အပြောလောက်သာဂရုစိုက်၍ ၎င်းတို့၏လိုအပ် ရာများကို ဖြည့်စွက်မပေးချေ။ သူသည်အတ္တဆန်ပြီး မိမိအကျိုးအမြတ်ကိုထောက်၍ တိရစ္ဆာန်များကိုမွေးမြူသည်။ တိရစ္ဆာန်များကို ထိုသို့သောသူ အလုံအလောက်ပြုစုသည်ဟူသော ပြုလေသမျှသည် အမှန်အားဖြင့် ရက်စက်မှုပင်ဖြစ်နိုင်၏။
တိရစ္ဆာန်များကို သနားကြင်နာစွာဆက်ဆံခြင်းဟူသည် အိမ်မွေးတိရစ္ဆာန်များကို ပြုစုကျွေးမွေးခြင်းနှင့်လည်း သက်ဆိုင်၏။ အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးမြူထားပြီး သူတို့ကိုဂရုမစိုက်၊ နှိပ်စက်မည်ဆိုလျှင် ရက်စက်လိုက်လေခြင်း! အကြီးအကျယ်ဖျားနာသော၊ ဒဏ်ရာရထားသော တိရစ္ဆာန်တစ်ကောင်နှင့်ပတ်သက်၍မူ ၎င်းကိုသတ်လိုက်ခြင်းသည် သနားကြင်နာမှုပြရာကျသည်။
ကျေးလက်ဘဝ၏နောက်ထပ်ရှုထောင့်တစ်ခုဖြစ်သည့် မြေကြီးကိုထွန်ယက်ခြင်းအကြောင်း ရှောလမုန်က ဤသို့ဆိုသည်– “မိမိလယ်ယာကိုလုပ်သောသူသည် ဝစွာစားရ၏။” မှန်ပါသည်၊ အဓိပ္ပာယ်ရှိရှိ အလုပ်ကြိုးစားလုပ်ကိုင်လျှင် အကျိုးကျေးဇူးများစွာရိတ်သိမ်းရ၏။ “အသုံးမကျသောအမှုများနောက်သို့ လိုက်သောသူမူကား ဉာဏ်ချို့တဲ့၏။” (သု. ၁၂:၁၁၊ သမ္မာ) “ဉာဏ်ချို့တဲ့” သော ကောင်းစွာချင့်ချိန်သုံးသပ်နိုင်စွမ်းမရှိသူ၊ စဉ်းစားဉာဏ်မရှိသူသည် အချိန်ကုန် လူပန်းသောအမှုများကို လိုက်စားတတ်၏။ ဤအခန်းငယ်နှစ်ခုရှိ သင်ခန်းစာများမှာ သနားကြင်နာတတ်ပါနှင့် လုံ့လဝီရိယရှိပါဟူ၍ဖြစ်ကြောင်း ထင်ရှားပေသည်။
ဖြောင့်မတ်သောသူသည် ကြီးပွားအောင်မြင်တတ်
“မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကိုအလိုရှိ၏။” (သု. ၁၂:၁၂က) ယင်းကို လူဆိုး မည်သို့ပြုသနည်း။ မတရားသဖြင့်ရသော ဥစ္စာပစ္စည်းများကို လိုချင်တပ်မက်ခြင်းအားဖြင့်ဖြစ်သည်။
သူတော်ကောင်းနှင့်ပတ်သက်၍မူကား မည်သို့ဆိုနိုင်သနည်း။ သူသည် ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်၍ ယုံကြည်ခြင်း၌ မြဲမြံ၏။ သူသည် ဖြောင့်မတ်၍ တရားမျှတသည်၊ ပညာသတိရှိ၍ နှိမ့်ချ၏၊ သနားကြင်နာပြီး လုံ့လဝီရိယရှိ၏။ “ဖြောင့်မတ်သောသူ၏အမြစ်မူကား အသီးကိုသီးတတ်၏” ဟုရှောလမုန်ဆိုသည်။ (သု. ၁၂:၁၂ခ) “ဖြောင့်မတ်သောသူ၏အမြစ်မူကား တည်မြဲလိမ့်မည်” ဟု အခြားဘာသာပြန်ကျမ်းတစ်ခုက ဆိုသည်။ ထိုသို့သောသူသည် စိတ်ခိုင်မြဲသောသူ၊ စိတ်ချရသောသူဖြစ်၏။ မှန်ပါသည်၊ ‘သူတော်ကောင်းသည် ဘုရားသခင့်မျက်နှာသာရတတ်၏။’ ထို့ကြောင့် “ထာဝရဘုရားကိုခိုလှုံ၍ ကောင်းသောအကျင့်ကိုကျင့်” ကြပါစို့။—ဆာလံ ၃၇:၃။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
သန်စွမ်းသောသစ်ပင်တစ်ပင်ကဲ့သို့ ဖြောင့်မတ်သောသူ၏ယုံကြည်ခြင်းသည် ခိုင်မြဲစွာ အမြစ်စွဲနေ