မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ငါ၏တရား၌ တည်နေကြလော့’

‘ငါ၏တရား၌ တည်နေကြလော့’

‘ငါ​၏​တရား၌ တည်​နေကြ​လော့’

“သင်တို့သည် ငါ​၏ [တရား] ၌​တည်​နေလျှင် ငါ့​တပည့်​အမှန်​ဖြစ်​ကြ​၏။”—ယောဟန် ၈:၃၁၊ သမ္မာ။

၁။ (က) ယေရှု​ကောင်းကင်​သို့ ပြန်​တက်ကြွ​သောအခါ မြေကြီးပေါ်​တွင် အဘယ်အရာ​ချန်ရစ်​ခဲ့​သနည်း။ (ခ) အဘယ်​မေးခွန်းများကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်​နည်း။

ခရစ်ယာန်​ဘာသာ​တရားကို တည်ထောင်​ခဲ့​သူ ယေရှု​ခရစ်​သည် ကောင်းကင်​သို့ ပြန်​တက်ကြွ​တော်​မူ​သောအခါ ကိုယ်တော်​ရေးသားခဲ့​သော​စာအုပ်​များ၊ ကိုယ်တော်​ဆောက်လုပ်​ခဲ့​သော အထိမ်းအမှတ်​အဆောက်အအုံ​များ၊ ကိုယ်တော်​စုဆောင်း​ခဲ့​သော စည်းစိမ်ဥစ္စာ​များ​ကို မြေကြီးပေါ်​မ​ချန်ရစ်​ခဲ့​ပါ။ သို့သော် ကိုယ်တော့်​တပည့်​များ​ကျန်ရစ်​သည့်​အပြင် တပည့်ဖြစ်​ခြင်း​ဆိုင်ရာ တိကျသော​လိုအပ်ချက်​များ​ကိုလည်း ညွှန်ကြား​ခဲ့​သည်။ ယေရှု၏​နောက်လိုက်​ဖြစ်​လို​သူ​တစ်ဦး ပြည့်မီ​ရမည့် အရေးပါသော​လိုအပ်ချက်​သုံးခု​ကို ယောဟန်​ခရစ်ဝင်​ကျမ်း​တွင် ကိုယ်တော်​ဖော်ပြ​၏။ အဆိုပါ​လိုအပ်ချက်​များ​ကား အဘယ်နည်း။ ၎င်းတို့ကို​ပြည့်မီ​ရန် ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ ယနေ့ ကျွန်ုပ်​တို့​ကိုယ်တိုင် ခရစ်တော်​၏​တပည့်​များ​ဖြစ်​ဖို့ အရည်အချင်း​အမှန်​ပြည့်မီ​ကြောင်း မည်သို့​သေချာ​စေနိုင်​သနည်း။ *

၂။ ယောဟန်​ခရစ်ဝင်​ကျမ်း​တွင် မှတ်တမ်း​တင်ထား​သည့်​အရ တပည့်ဖြစ်​ခြင်း​ဆိုင်ရာ အရေးပါသော​လိုအပ်ချက်​တစ်ခု​ကား အဘယ်နည်း။

ယေရှု​မသေဆုံးမီ ခြောက်​လ​ခန့်​တွင် ကိုယ်တော်​သည် တစ်ပတ်တာ​ကြာ​သည့် သကေနေပွဲ​ကျင်းပ​ဖို့ ယေရုရှလင်​မြို့၌​စုရုံး​နေကြ​သူ လူစု​ကြီး​ကို​ဟောပြောရန် ကိုယ်တော်​ကြွသွား​ခဲ့​၏။ ရလဒ်​အနေ​နှင့် ထို​ပွဲခံ​စဉ်​တွင် “လူ​အစုအဝေး​ထဲ​၌​ပါ​သော​သူ​အများ​တို့သည် ယုံကြည်” လာ​ကြ​၏။ ထို့နောက် ယေရှု​ဆက်လက်​ဟောပြောခဲ့​သဖြင့် ၎င်း​ပွဲတော်​၏​နောက်ဆုံး​နေ့တွင် “လူများ​တို့သည် ယုံကြည်ခြင်း​သို့​ရောက်​ကြ” ပြန်​သည်။ (ယောဟန် ၇:၁၀၊ ၁၄၊ ၃၁၊ ၃၇; ၈:၃၀) ထို​အချိန်တွင် ယေရှုသည် ယုံကြည်သူ​အသစ်များ​ကို အာရုံစိုက်​ပြီး တပည့်ဖြစ်​ခြင်း​ဆိုင်ရာ အရေးပါသော​လိုအပ်ချက်​တစ်ခု​ကို မိန့်ဆိုခဲ့​ရာ ၎င်းကို တမန်​တော်​ယောဟန်​က ဤသို့​မှတ်တမ်းတင်​ခဲ့​သည်– “သင်တို့သည် ငါ​၏[တရား]၌​တည်​နေလျှင် ငါ့​တပည့်​အမှန်​ဖြစ်​ကြ​၏။”—ယောဟန် ၈:၃၁သမ္မာ။

၃။ “[ယေရှု၏] တရား၌ တည်​နေ” ရန် အဘယ်​အရည်အသွေး​ရှိဖို့ လို​သနည်း။

ထိုသို့​ယေရှု​ပြော​ခြင်း​ဖြင့် ယုံကြည်သူ​လူသစ်များ​၌ ယုံကြည်ခြင်း​နည်း​သည်​ဟု ကိုယ်တော်​ဆိုလို​နေခြင်း​မဟုတ်ပါ။ ယင်းအစား သူတို့သည် ကိုယ်တော်​၏​တရား၌​တည်​နေ၍ ခံနိုင်ရည်​ရှိကြ​မည်​ဆိုလျှင် ကိုယ်တော်​၏ တပည့်စစ်​များ​ဖြစ်လာ​ခွင့်​ရှိကြောင်း ကိုယ်တော်​ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ ကိုယ်တော်​၏​တရားကို သူတို့​လက်ခံခဲ့​ကြပြီ​ဖြစ်၍ ယခု ထို​တရား၌ သူတို့​ဆက်​တည်​နေကြ​ဖို့​လို​ပေ​သည်။ (ယောဟန် ၄:၃၄; ဟေဗြဲ ၃:၁၄) ယေရှုသည် ခံနိုင်ရည်​ကို မိမိ၏​နောက်လိုက်​များ​အတွက် အလွန်​အရေးပါသော အရည်အသွေး​တစ်ခု​အဖြစ် ကိုယ်တော်​ယူမှတ်ခဲ့​သောကြောင့် ယောဟန်​ခရစ်ဝင်​ကျမ်း​တွင် မှတ်တမ်း​တင်ထား​သည့် တမန်​တော်​များနှင့် နောက်ဆုံး​အမှာစကား​ပြောဆိုချိန်​၌​ပင် “ငါ့​နောက်သို့ [“ဆက်၍၊” က​ဘ]လိုက်​လော့” ဟူ၍ နှစ်ကြိမ်​တိုင်​တိုက်တွန်း​ခဲ့​သည်။ (ယောဟန် ၂၁:၁၉၊ ၂၂) အစောပိုင်း​ခရစ်ယာန်​အများ ထိုသို့​ပြုမူ​ခဲ့​ကြသည်။ (၂ ယောဟန် ၄) သူတို့ကို အဘယ်အရာက ခံနိုင်ရည်​ရှိစေခဲ့​သနည်း။

၄။ အဘယ်အရာက အစောပိုင်း​ခရစ်ယာန်​များ​ကို ခံနိုင်ရည်​ရှိစေခဲ့​သနည်း။

အနှစ်​ခု​နစ်​ဆယ်​ခန့် ခရစ်တော်​၏ တည်ကြည်သော​တပည့်ဖြစ်​ခဲ့​သူ တမန်​တော်​ယောဟန်​သည် အရေးပါသော​အကြောင်း​တစ်ခု​ကို ထောက်ပြ​ခဲ့​သည်။ တည်ကြည်မှု​ရှိသော​ခရစ်ယာန်​များ​ကို သူ​ဤသို့ ချီးမွမ်း​ပြောဆို​ခဲ့​သည်– “သင်တို့သည် ခွန်အား​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​နှုတ်[မြွက်​စကား]တော် သင်တို့၌​တည်​နေ​သဖြင့် [စာတန်] ကို​အောင် . . . ခဲ့ပြီ။” ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​သည် ခရစ်တော်​၏ ထို​တပည့်​များ​၌ တည်​နေသော​ကြောင့် သူတို့​ခံနိုင်ရည်​ရှိခဲ့၊ သို့​မဟုတ် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၌ တည်​နေကြ၏။ ယင်းကို သူတို့​အကြွင်းမဲ့ တန်ဖိုး​ထား​မြတ်နိုး​ခဲ့​ကြသည်။ (၁ ယောဟန် ၂:၁၄၊ ၂၄သမ္မာ) အလားတူ ယနေ့လည်း “အဆုံးတိုင်အောင်​တည်ကြည်” ကြ​ရန် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​သည် ကျွန်ုပ်​တို့​၌ တည်ရှိ​နေရ​မည်။ (မဿဲ ၂၄:၁၃) မည်သို့​ဖြစ်​နိုင်​မည်​နည်း။ ယေရှု​ပြောပြ​ခဲ့​သော ပုံ​ဥပမာတစ်ခု​က အဖြေပေး​သည်။

“တရား​စကား​ကို​ကြား​၍”

၅။ (က) ယေရှု၏​ပုံ​ဥပမာတစ်ခု​တွင် အဘယ်​ကွဲပြား​သော​မြေ​လေးမျိုးကို ကိုယ်တော်​ဖော်ပြ​ခဲ့​သနည်း။ (ခ) ယေရှု၏​ပုံ​ဥပမာ​ထဲ​မှ မျိုးစေ့​နှင့် မြေ​တို့သည် အဘယ်အရာကို​ပုံဆောင်​သနည်း။

မျိုးကြဲသူ​တစ်ဦး​ပုံ​ဥပမာ​ကို ယေရှု​ပြော​ခဲ့​ရာ ယင်းကို မဿဲ၊ မာကု​နှင့် လုကာ​ခရစ်ဝင်​ကျမ်း​များ​တွင် မှတ်တမ်း​တင်ထား​သည်။ (မဿဲ ၁၃:၁-၉၊ ၁၈-၂၃; မာကု ၄:၁-၉၊ ၁၄-၂၀; လုကာ ၈:၄-၈၊ ၁၁-၁၅) ၎င်း​မှတ်တမ်းများ​ကို သင်​ဖတ်​ကြည့်​သောအခါ ထို​ပုံ​ဥပမာ​၏​အဓိက​အကြောင်း​မှာ မျိုးစေ့​တစ်မျိုးတည်း​က မြေသား​အမျိုးမျိုး​ပေါ်​ကျ​၍ အကျိုး​တစ်မျိုးစီ​ဖြစ်ထွန်း​သည့်​အကြောင်း​ဖြစ်သည်​ကို သင်​သတိပြုမိ​ပေ​လိမ့်​မည်။ ပထမ​မြေ​အမျိုးအစား​မှာ မြေမာ၊ ဒုတိယ​အမျိုးအစား​မှာ မြေ​တိမ်​ဖြစ်၍ တတိယ​အမျိုးအစား​မှာ ဆူးပင်​များ တော​ထ​နေသော​မြေ​ဖြစ်သည်။ ၎င်း​မြေ​သုံးမျိုး​နှင့်​မတူ​သည့် စတုတ္ထ​အမျိုးအစား​မှာ “ကောင်းသော​မြေ” ဖြစ်သည်။ ယေရှု​ကိုယ်တိုင်​၏​ရှင်းပြချက်​အရ မျိုးစေ့​မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၌​ပါရှိ​သော ဘုရားသခင့်​နိုင်ငံတော်​သတင်း​ဖြစ်​ပြီး မြေ​မူ​ကား နှလုံး​အခြေအနေ​အမျိုးမျိုး​ရှိ လူ​တို့ကို ပုံဆောင်​သည်။ မြေသား​အမျိုးမျိုးဖြင့် ပုံဖော်​ခံရ​သူများ​သည် တူညီ​ရာ​များ​ရှိကြ​သော်လည်း ကောင်းသော​မြေ​ဖြင့် ပုံဖော်​ခံရ​သူများ​မှာ​မူ ကျန်​သူများ​မှ ကွဲပြား​ခြားနား​သည့် အကျင့်​လက္ခဏာ​တစ်ခု​ရှိသည်။

၆။ (က) ယေရှု၏​ပုံ​ဥပမာ​မှ စတုတ္ထ​မြေ​အမျိုးအစား​သည် အခြား​မြေ​သုံးမျိုး​နှင့် မည်သို့​ကွာခြား​သနည်း၊ ယင်းက အဘယ်အရာကို ဆိုလို​သနည်း။ (ခ) ခရစ်တော်​၏​တပည့်​များ​အနေ​နှင့် ခံနိုင်ရည်​ရှိကြောင်း​တင်ပြ​ရန် အဘယ်အရာ​မရှိမဖြစ်​သနည်း။

လုကာ ၈:၁၂-၁၅ ပါ​ဖြစ်ရပ်​လေးခု​စ​လုံး​တွင် လူတို့သည် “တရား​စကား​ကို​ကြား” ကြောင်း​တွေ့ရှိ​ရသည်။ သို့ရာတွင် “ဖြောင့်မတ်​စင်ကြယ်သော​စိတ်နှလုံး” ရှိသူတို့​သည် “တရား​စကား​ကို​ကြား” နာ​ရုံ​မျှ​မ​က ပြု​ခဲ့​ကြသည်။ သူတို့သည် တရားတော်​ကို “စွဲလမ်း​သော​အားဖြင့် မြဲမြံ​စွာ [“ခံနိုင်ရည်​ဖြင့်၊” က​ဘ] အသီး,သီး” ကြ​၏။ ကောင်းသော​မြေ​သည် ပျော့ပျောင်း​၍ နက်ရှိုင်း​သောကြောင့် မျိုးစေ့​အား အတွင်းကျကျ​အမြစ်စွဲ​စေ​သဖြင့် အပင်များ​ပေါက်​ပြီး အသီး,သီး​စေ​သည်။ (လုကာ ၈:၈) ထို​နည်း​ထပ်တူ စိတ်နှလုံး​ကောင်း​သူတို့သည် ဘုရားသခင်​၏​တရား​စကား​ကို နားလည်၊ တန်ဖိုး​ထား​၍ စွဲလမ်း​ကြ​၏။ (ရောမ ၁၀:၁၀; ၂ တိမောသေ ၂:၇) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​သည် သူတို့တည်မြဲ​တည်​နေ​၏။ ထို့​ကြောင့် သူတို့သည် ခံနိုင်ရည်​ဖြင့် အသီး,သီး​ကြသည်။ ထို့​ကြောင့် ခရစ်တော်​၏​တပည့်​များ​အဖြစ် ခံနိုင်ရည်​ရှိကြ​ရန် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို စွဲ​စွဲလမ်း​လမ်း၊ လှိုက်လှိုက်လှဲလှဲ​တန်ဖိုး​ထား​လေးမြတ်​ဖို့ အလွန်​အရေးကြီး​သည်။ (၁ တိမောသေ ၄:၁၅) သို့သော် ကျွန်ုပ်​တို့သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဤမျှ​လှိုက်လှိုက်လှဲလှဲ တန်ဖိုး​ထား​လေးမြတ်စိတ်​ကို မည်သို့​မွေးမြူ​နိုင်​မည်​နည်း။

နှလုံး​အခြေအနေ​နှင့် အလေးအနက်​ထား စဉ်းစား​ဆင်ခြင်ခြင်း

၇။ အဘယ်​လုပ်ရပ်​သည် ကောင်းသော​နှလုံး​နှင့် အနီးကပ်​ဆက်စပ်​သနည်း။

သမ္မာကျမ်းစာ​က ကောင်းမွန်သော​နှလုံးကို အဘယ်​လုပ်ရပ်​နှင့် ဆက်စပ်​ဖော်ပြ​လေ့​ရှိကြောင်း သတိပြုပါ။ “ဖြောင့်မတ်​သော​သူသည် အဘယ်​သို့​ပြန်​ပြော​ရမည်ကို စိတ်နှလုံး​ထဲမှာ​ဆင်ခြင်​တတ်၏။” (သု. ၁၅:၂၈) “အို​ထာဝရ​ဘုရား အကျွန်ုပ်၏​နှုတ်ထွက်​စကား​များနှင့် စိတ်​ဆင်ခြင်​ချက်​များသည် မျက်မှောက်တော်၌ လက်ခံ​တော်​မူ​ဖွယ်​ဖြစ်ပါစေ​သော။” (ဆာလံ ၁၉:၁၄သ​မ) “ငါ့​နှလုံး​သည် ဉာဏ်​နှင့်​ဆိုင်သော​အရာ​ကို ဆင်ခြင်​မည်။”—ဆာလံ ၄၉:၃

၈။ (က) သမ္မာကျမ်းစာ​ကို​ဖတ်ရှု​သောအခါ အဘယ်အရာကို ကျွန်ုပ်​တို့​ရှောင်ကြဉ်​၍ အဘယ်အရာကို ပြုလုပ်​သင့်​သနည်း။ (ခ) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဆုတောင်း၍ တွေးတော​ဆင်ခြင်ခြင်း​မှ အဘယ်​အကျိုးကျေးဇူးများ ရရှိနိုင်​သနည်း။ (‘အမှန်တရား၌​စွဲမြဲ’ လေးထောင့်ကွက်​ပါဝင်။)

အဆိုပါ​ကျမ်း​ရေးသူ​များ​ကဲ့သို့ ကျွန်ုပ်​တို့​လည်း ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​နှင့် ကိုယ်တော်​၏​အမှုတော်ကို ကျေးဇူး​တင်​လေးမြတ်စိတ်​ဖြင့် ဆုတောင်း​လျက် တွေးတော​ဆင်ခြင်​ဖို့​လို​သည်။ သမ္မာကျမ်းစာ သို့​မဟုတ် ကျမ်းစာ​အခြေပြု​စာပေ​စာတမ်း​များ​ကို ဖတ်ရှု​သောအခါ ကျွန်ုပ်​တို့သည် သဘာဝ​ရှုခင်း တစ်ခု​မှ​တစ်ခု​သို့ ခပ်​သုတ်​သုတ်​သွား​၍ တွေ့မြင်​သမျှ​ကို ဓာတ်​ပုံ​ရိုက်​ရုံ​ရိုက်​သွားသော ကမ္ဘာ​လှည့်​ခရီးသည်​များ​ကဲ့သို့ မဖြစ်​သင့်​ပါ။ ထိုသို့​ပြု​မည့်​အစား သမ္မာကျမ်းစာ​ကို​လေ့လာ​သောအခါ ပုံဆောင်​စကား​အရ ရပ်တန့်​၍ ရှုခင်း​ကို​မွေ့လျော်​ခံစား​ရန် အချိန်​ယူ​လို​ကြ​ပေမည်။ * ကျွန်ုပ်​တို့​ဖတ်ရှု​ရာ​ကို အေးအေးဆေးဆေး စဉ်းစား​ဆင်ခြင်​သောအခါ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ကျွန်ုပ်​တို့​နှလုံးကို လှုံ့ဆော်ပေး​သည်။ ကျွန်ုပ်​တို့၏​စိတ်​ကို​ထိမိ​၍ အတွေးအခေါ်ကို​ပင် ပုံသွင်း​ပေး​သည်။ ကျွန်ုပ်​တို့၏ အတွင်းစိတ်​သဘောထားများကို ဘုရားသခင်​ထံ ဆုတောင်း​ရင်ဖွင့်​ရန်​လည်း လှုံ့ဆော်ပေး​သည်။ သို့ဖြင့် ယေဟောဝါ​ကို​ပို​တွယ်တာ​လာပြီး ဘုရားသခင်​ကို​ချစ်​သည့်​အတွက် အခက်အခဲ​များ​အကြား ယေရှု​နောက်ဆက်​လိုက်​ရန် လှုံ့ဆော်​ခံရ​သည်။ (မဿဲ ၁၀:၂၂) ရှင်း​နေသည်​မှာ၊ ကျွန်ုပ်​တို့​အဆုံးတိုင်အောင် တည်ကြည်​လိုလျှင် ဘုရားသခင်​မိန့်ဆို​ရာ​ကို တွေးတော​ဆင်ခြင်​ဖို့ အရေးကြီး​သည်။—လုကာ ၂၁:၁၉

၉။ ကျွန်ုပ်​တို့၏​နှလုံး​သည် ဘုရားသခင်​၏​တရား​စကား​ကို လက်သင့်ခံ​ယူ​နေကြောင်း မည်သို့​သေချာ​စေနိုင်​သနည်း။

ဘုရားသခင်​၏​တရား​စကား​ဖြစ်သော မျိုးစေ့ ကြီးထွား​ဖို့ အဟန့်အတား​များ​ရှိကြောင်း ယေရှု၏​ပုံ​ဥပမာ​က ဖော်ပြ​သည်။ ထို့​ကြောင့် တည်ကြည်သော​တပည့်​များ​ဆက်​ဖြစ်နေ​ရန် ကျွန်ုပ်​တို့သည် (၁) ပုံ​ဥပမာ​၌​ပါ​သော ညံ့​သည့်​မြေသား​ဖြင့် တင်စား​သော အတားအဆီး​များ​ကို ခွဲခြား​သိမြင်​သင့်​ကာ (၂) ၎င်းတို့ကို​ပြုပြင် သို့​မဟုတ် ရှောင်ကြဉ်​သင့်​သည်။ ထို​နည်းဖြင့် ကျွန်ုပ်​တို့၏​နှလုံး​သည် ဘုရားသခင့်​နိုင်ငံတော်​မျိုးစေ့ကို အဆက်မပြတ်​လက်သင့်ခံ​ယူ​နေပြီး အမြဲ​အသီး,သီး​နေ​စေဖို့ သေချာ​စေမည်။

‘လမ်းဘေး​၌​ကျ​ခြင်း’ —အာရုံ​ထွေပြား​အလုပ်​များနေ​ခြင်း

၁၀။ ယေရှု၏​ပုံ​ဥပမာ​မှ ပထမ​မြေ​အမျိုးအစား​ကို ဖော်ပြ​၍ ယင်း​၏​ဆိုလိုရင်း​ကို ရှင်းပြပါ။

၁၀ မျိုးစေ့​ကျ​သော ပထမ​မြေ​အမျိုးအစား​မှာ မျိုးစေ့ ‘နင်းချေ​ခံရ’ သည့် ‘လမ်းဘေး’ မြေ​ဖြစ်သည်။ (လုကာ ၈:၅) ဂျုံ​စိုက်ခင်း​ကို​ဖြတ်သွား​သော လမ်း​သည် လူ​သွား​လူ​လာ​များသော​ကြောင့် ဘေး​တစ်ဖက်တစ်ချက်​မြေကြီး​သည် မာကျော​လျက်​ရှိသည်။ (မာကု ၂:၂၃) အလားတူ​ပင် မိမိတို့၏​အချိန်​နှင့်​ခွန်အား​ကို လောက​လုပ်ငန်းဆောင်တာ​များနှင့်​သာ လုံးပန်း​နေ​သူများ​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို စိတ်ရောကိုယ်ပါ ကျေးဇူး​မတင်​တတ်​သည်​အထိ အာရုံ​ထွေပြား​အလုပ်များ​နေနိုင်​သည်။ တရား​စကား​ကို သူတို့​ကြားနာ​ကြသော်လည်း ၎င်းကို​တွေးတော​ဆင်ခြင်မှု​မရှိကြ​ချေ။ ထို့​ကြောင့် သူတို့၏​နှလုံး​သည် တုံ့ပြန်မှု​မဲ့​နေသည်။ ထို​တရား​စကား​ကို သူတို့​တန်ဖိုး​မထားတတ်​မီ “ယုံကြည်ခြင်း၊ ကယ်တင်ခြင်း​သို့​မ​ရောက်​စေခြင်း​ငှာ [စာတန်]သည်​လာ၍ တရား​စကား​ကို နှလုံး​ထဲ​မှ​နုတ်ယူ” လေ​၏။ (လုကာ ၈:၁၂) ယင်းကို တားဆီး​နိုင်​သလော။

၁၁။ ကျွန်ုပ်​တို့၏​နှလုံး​အခြေအနေ​သည် မြေမာ​ကဲ့သို့​မဖြစ်​လာ​စေရန် မည်သို့​တားဆီး​ကာကွယ်​နိုင်​သနည်း။

၁၁ လူတစ်ဦး​၏​နှလုံး​သည် သီးနှံ​မဖြစ်​ထွန်း​သော လမ်းဘေး​မြေ​ကဲ့သို့​မဖြစ်စေ​ဖို့ များစွာ​ပြုလုပ်​နိုင်၏။ အသွားအလာ​များ​သဖြင့် မာကျော​နေသော​မြေ​ကို ထွန်ယက်​ပြီး လူ​သွား​လမ်းကို​လွှဲ​ပေး​လိုက်ပါ​က ပျော့ပျောင်း​သော မြေ​ကောင်း​ဖြစ်လာ​နိုင်​ပါ​သည်။ ထို​နည်းတူ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အချိန်​ယူ​လေ့လာ​၍ တွေးတော​ဆင်ခြင်ခြင်း​ဖြင့် နှလုံးသားကို ကောင်းမွန်၊ ဖြစ်ထွန်း​သော​မြေ​ကဲ့သို့ ဖြစ်လာ​စေနိုင်​သည်။ အရေးကြီးသော​အချက်​မှာ လောက​ရေးရာ​များနှင့်​သာ အလုပ်များ​မနေ​ဖို့​ဖြစ်သည်။ (လုကာ ၁၂:၁၃-၁၅) ယင်းအစား ဘဝတွင် “သာ၍​အရေးကြီးသော​အရာများ” ကို​ဆင်ခြင်​သုံးသပ်ရန် အချိန်​ရှိဖို့​ကြိုးစား​ပါ။—ဖိလိပ္ပိ ၁:၉-၁၁က​ဘ။

“ကျောက်​ပေါ်​၌”—ကြောက်ရွံ့​ခြင်း

၁၂။ ယေရှု၏​ပုံ​ဥပမာ​ပါ ဒုတိယ​မြေ​အမျိုးအစား​တွင် အပင်ပေါက်​ညှိုးနွမ်း​ရသည့် အကြောင်းရင်း​မှန်​ကား အဘယ်နည်း။

၁၂ ဒုတိယ​မြေ​အမျိုးအစား​အပေါ် မျိုးစေ့​ကျ​သောအခါ ပထမ​အခြေအနေ​မှာ​ကဲ့သို့ မြေပေါ်​၌​သာ တင်​မနေ​ပါ။ အမြစ်​ထွက်၍ အပင်ပေါက်​လာ​လေ​၏။ သို့သော် နေ​ထွက်​လာသော​အခါ အပင်ပေါက်​သည် နေလောင်​၍ ညှိုးနွမ်း​လေ​သည်။ သို့ရာတွင် ဤ​ထူးခြားချက်​ကို သတိပြုပါ။ အပင်​ညှိုးနွမ်း​ရသည့် အကြောင်းရင်း​မှန်​မှာ အပူ​ကြောင့်​မဟုတ်ပါ။ စဉ်းစား​ကြည့်​ပါ၊ ကောင်းသော​မြေပေါ်​ကျ​၍ ပေါက်​လာသော​အပင်​သည် နေပူဒဏ်​ခံရ​သော်လည်း ညှိုးနွမ်း​မသွား​ဘဲ ရှင်သန်​ကြီးထွား​လာ​သည်။ အဘယ်အရာက ကွာခြား​စေ​သနည်း။ ဤ​အပင်​ညှိုးနွမ်း​ရခြင်း​မှာ “မြေ​တိမ်​သောကြောင့်” နှင့် “မြေ​စိုစွတ်​ခြင်း​မရှိ” ၍​ဖြစ်​ကြောင်း ယေရှု​ရှင်းပြသည်။ (မဿဲ ၁၃:၅၊ ၆; လုကာ ၈:၆သမ္မာ) အပေါ်ယံ​မြေလွှာ​အောက်​ရှိ “ကျောက်” သို့​မဟုတ် ကျောက်လွှာ​သည် မျိုးစေ့ အစိုဓာတ်​ရ​လောက်​အောင် နက်ရှိုင်း​စွာ​အမြစ်စွဲ​ခြင်း​မှ တားဆီး​ထား​သည်။ ထို​အခါ မြေ​တိမ်​သောကြောင့် အပင်ပေါက် ညှိုးနွမ်း​သွားလေသည်။

၁၃။ မည်သို့သော​လူစားမျိုး​သည် မြေ​တိမ်​နှင့်​တူ​သနည်း၊ သူတို့​တုံ့ပြန်​ပုံ​၏ အတွင်းကျကျ​အကြောင်းရင်း​ကား အဘယ်နည်း။

၁၃ ပုံ​ဥပမာ​၏​ဤ​အပိုင်း​သည် “တရား​စကား​ကို . . . ဝမ်းမြောက်​သော​စိတ်​နှင့်​ခံယူ” ပြီး ယေရှု​နောက်သို့ စိတ်​ထက်သန်​စွာ “ခဏ​သာ” လိုက်​သူများကို ဆိုလို​သည်။ (လုကာ ၈:၁၃) “ဆင်းရဲ [ခြင်း] နှင့် ညှဉ်းဆဲခြင်း” နေပူဒဏ်​ကို​ခံရသော​အခါ သူတို့၏​ပျော်ရွှင်မှု​နှင့် ခွန်အား​ပျောက်ဆုံး​ကာ ခရစ်တော်​နောက်သို့ မလိုက်​တော့​သည့်​အထိ ကြောက်ရွံ့​လာ​ကြသည်။ (မဿဲ ၁၃:၂၁သမ္မာ) သို့ရာတွင် သူတို့​တကယ်တမ်း​ကြောက်ရွံ့​သည်​မှာ အတိုက်အခံပြု​ခံရ​ခြင်း​ကို မဟုတ်ပါ။ အမှန်​မှာ ခရစ်တော်​၏ တပည့်​သန်းပေါင်း​များစွာ​သည် ဆင်းရဲခြင်း​အမျိုးမျိုးကို ခံရပ်​ခဲ့​ကြ​ရ​သော်လည်း သူတို့​ဆက်၍​တည်ကြည်​ကြသည်။ (၂ ကောရိန္သု ၂:၄; ၇:၅) အချို့​ကြောက်ရွံ့​လာပြီး လဲသွား​ကြ​သည့် အကြောင်းရင်း​မှန်​မှာ အပြုသဘော​ပါ​သော ဝိညာဉ်​ရေးရာ​များ​ကို အလေးအနက် တွေးတော​ဆင်ခြင်မှု​မပြု​နိုင်အောင် ကျောက်​နှင့်​တူသော သူတို့၏​နှလုံး​အခြေအနေ​က တားဆီး​ထားသော​ကြောင့်​ဖြစ်သည်။ ထို့​ကြောင့် ယေဟောဝါ​နှင့် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ကို သူတို့သည် အပေါ်ယံ​မျှ​သာ တန်ဖိုး​ထား​လေးမြတ်​ပြီး အတိုက်အခံ​ကို​ခုခံ​ရန် အလွန်​အားနည်း​သောကြောင့်​ဖြစ်သည်။ ဤသို့​မဖြစ်စေ​ဖို့ မည်သို့​ပြုလုပ်​နိုင်​သနည်း။

၁၄။ လူတစ်ဦး​၏​နှလုံး​အခြေအနေ​သည် မြေ​တိမ်​ကဲ့သို့​မဖြစ်စေ​ရန် အဘယ်​အမှု​များ​ပြုသင့်​သနည်း။

၁၄ လူတစ်ဦး​၏​နှလုံး​တွင် အမြစ်တွယ်​နေသော​နာကြည်းမှု၊ ငုပ်​လျှိုး​နေသည့် ကိုယ်ကျိုးရှာ​မှု​တို့​ကဲ့သို့​သော ကျောက်​နှင့်​တူ​သည့် အတားအဆီး​များ သို့​မဟုတ် အလားတူ မာကျော​ခက်ထန်​သည့် အတွင်းစိတ်​များ ကိန်းအောင်း​မနေ​စေရန် စစ်ဆေး​ဖို့​လို​သည်။ ထိုသို့​သော​အတားအဆီး​တစ်ခုခု​ရှိနေ​ပါ​က ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ တန်ခိုး​အရှိန်​က ယင်းကို ကွဲလွင့်​ဖယ်ရှားပစ်​နိုင်​ပါ​သည်။ (ယေရမိ ၂၃:၂၉; ဧဖက် ၄:၂၂; ဟေဗြဲ ၄:၁၂) ထို့နောက် ဆုတောင်း၍ တွေးတော​ဆင်ခြင်ခြင်း​က လူတစ်ဦး​၏​နှလုံး​အတွင်း ‘နှုတ်​မြွတ်​တရားတော်​ကို အမြစ်စွဲ’ စေပါ​လိမ့်​မည်။ (ယာကုပ် ၁:၂၁က​ဘ) ယင်းက စိတ်ပျက်​အားလျော့​ချိန်​များ​ကို ရင်ဆိုင်​ဖြေရှင်း​နိုင်​ဖို့ ခွန်အား​ပေး​ပြီး စမ်းသပ်မှု​များ​ခံရ​သည့်​ကြား ဆက်၍​တည်ကြည်​ရန် အစွမ်း​သတ္တိ​ပေး​ပါ​လိမ့်​မည်။

‘ဆူးပင်​များ​အကြား’—စိတ်​နှစ်ခွ​ဖြစ်​ခြင်း

၁၅။ (က) ယေရှု​ဖော်ပြ​သော တတိယ​မြေ​အမျိုးအစား​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် အထူး​အာရုံစိုက်​သင့်​သနည်း။ (ခ) အဆုံး​တွင် တတိယ​မြေ​အမျိုးအစား မည်သို့​ဖြစ်သွား​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၅ ဆူးပင်​များ​ရှိ တတိယ​မြေ​အမျိုးအစား​သည် ကောင်းသော​မြေ​နှင့် ဆင်တူ​သောကြောင့် ကျွန်ုပ်​တို့​အထူး​အာရုံစိုက်​သင့်​သည်။ ကောင်းသော​မြေ​ကဲ့သို့​ပင် ဆူး​များသော​မြေ​၌ မျိုးစေ့​သည် အမြစ်စွဲ​၍ အပင်ပေါက်​နိုင်​သည်။ အစပိုင်း​တွင် ဤ​မြေ​အမျိုးအစား​နှစ်ခု​၌ အပင်​စ​ပေါက်​ပုံ​သည် ခြားနား​မှုမရှိ​ချေ။ သို့ရာတွင် အတန်ကြာ​လေ​သော် အပင်​သည် တဖြည်းဖြည်း ညှပ်​ပိတ်​ခံရ​လေ​သည်။ ကောင်းသော​မြေ​နှင့်​မတူဘဲ ဤ​မြေပေါ်​တွင် ဆူးပင်​များ တော​ထ​လာ​လေ​တော့​သည်။ ယင်း​မြေ​မှ အပင်ငယ်​ပေါက်​လာသော​အခါ ‘အတူ​ပေါက်​သည့်​ဆူးပင်​များ’ နှင့်​ယှဉ်ပြိုင်​ကြီးထွား​ရသည်။ ထို​အပင်​နှစ်မျိုး​စ​လုံး​သည် ခေတ္တ​အတူ​ပေါက်​၍ အာဟာရဓာတ်၊ အလင်း​နှင့် ကြီးထွား​စ​ရာ​နေရာ​ရဖို့ ပြိုင်ဆိုင်​ကြသော်လည်း နောက်ဆုံး​တွင် ဆူးပင်​များ​က တော​ထ​လာ​ရာ အပင်​ကို “ဖိစီး​သဖြင့်​သေ​၏။”—လုကာ ၈:၇သ​မ။

၁၆။ (က) မည်သူ​တို့သည် ဆူး​များသော​မြေ​နှင့်​တူ​သနည်း။ (ခ) ခရစ်ဝင်​ကျမ်း​မှတ်တမ်း​သုံးခု​အရ ဆူး​များသည် အဘယ်အရာကို ကိုယ်စား​ပြု​သနည်း။—အောက်ခြေမှတ်ချက်ကို​ရှု။

၁၆ ဆူး​များသော​မြေ​သည် အဘယ်သူ​မျိုးကို ကိုယ်စား​ပြု​သနည်း။ ယေရှု​ဤသို့​ရှင်းပြသည်– “တရား​စကား​ကို​ကြား​သည်​ရှိ​သော် ဤ​ဘဝ၏​စိုးရိမ်ခြင်း၊ စည်းစိမ်​ကြွယ်ဝခြင်း၊ ပျော်မွေ့ခြင်း​များသည် [“လုံးလုံးလျားလျား၊” က​ဘ] လွှမ်းမိုး​ညှဉ်းဆဲ​၍ အသီး​အောင်မြင်စွာ မ​သီး​သော​သူတို့ကို ဆိုလို​သတည်း။” (လုကာ ၈:၁၄သမ္မာ) ပျိုး​ကြဲ​သူ၏​မျိုးစေ့​နှင့် ဆူးပင်​များသည် တစ်ချိန်တည်း အပင်ပေါက်​လာ​ကြ​သကဲ့သို့ အချို့​သူတို့သည် ဘုရားသခင်​၏​တရား​စကား​နှင့် “ဤ​ဘဝ၏ . . . ပျော်မွေ့ခြင်း​များ” ကို တစ်ချိန်တည်း​လက်ခံ​ယူဖို့ ကြိုးစား​ကြသည်။ သူတို့၏​နှလုံးထဲတွင် ဘုရားသခင့်​နှုတ်မြွက်​စကားတော် အမှန်တရား အ​ကြဲ​ခံရ​သော်လည်း သူတို့​စိတ်ပါ​ဝင်စား​သော အခြား​လိုက်စားမှု​များနှင့် ယှဉ်ပြိုင်​ရလေ​သည်။ သူတို့၏​ပုံဆောင်​နှလုံး​သည် နှစ်ခွ​ဖြစ်နေ​သည်။ (လုကာ ၉:၅၇-၆၂) ယင်းကြောင့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဆုတောင်း၍ အလေးအနက်​စဉ်းစား​ဆင်ခြင်​ရန် အချိန်​အလုံအလောက်​မရရှိ​စေပါ။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို မစိမ့်ဝင်​စေ​ကြ​သဖြင့် ခံနိုင်ရည်​ရှိဖို့လို​အပ်သော လှိုက်လှိုက်လှဲလှဲ ကျေးဇူး​တင်​လေးမြတ်မှု​မရှိ​ချေ။ တဖြည်းဖြည်း​နှင့် သူတို့၏​ဝိညာဉ်​ရေးရာ​များသည် ဝိညာဉ်​ရေး​မ​ဆန်​သော​လိုက်စားမှု​များ​၏ လောင်းရိပ်​မိ​သဖြင့် ‘လုံးလုံးလျားလျား လွှမ်းမိုး’ ခံရ​လေ​သည်။ * ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့ မချစ်​သူတို့​အတွက် ဝမ်းနည်းဖွယ်​နိဂုံး​ပါ​တကား!—မဿဲ ၆:၂၄; ၂၂:၃၇

၁၇။ ယေရှု၏​ပုံ​ဥပမာ​ပါ ပုံဆောင်​ဆူး​များ​ဖြင့် လွှမ်းမိုး​ညှဉ်းဆဲခြင်း​မခံရ​စေရန် ကျွန်ုပ်​တို့၏​ဘဝတွင် အဘယ်အရာ​များ​ကို ရွေးချယ်​ဖို့​လို​သနည်း။

၁၇ ရုပ်ပစ္စည်း​များ​ထက် ဝိညာဉ်​ရေးရာ​များ​ကို ဦးစားပေး​ခြင်း​ဖြင့် ဤ​လောက​၏ စိတ်​ဆင်းရဲမှု​များနှင့် အပျော်အပါး​များ​ဖြင့် လွှမ်းမိုး​ညှဉ်းဆဲ​ခံရ​ခြင်း​ကို ကျွန်ုပ်​တို့​ရှောင်ကြဉ်​ကြသည်။ (မဿဲ ၆:၃၁-၃၃; လုကာ ၂၁:၃၄-၃၆) ကျမ်းစာ​ဖတ်ရှုခြင်း​နှင့် ပြန်လည်​သုံးသပ်ခြင်း​ကို ဘယ်​သောအခါ​မျှ မပျက်ကွက်​သင့်​ပါ။ ကျွန်ုပ်​တို့၏​ဘဝကို အတတ်နိုင်ဆုံး ရိုးရှင်း​စေမည်​ဆိုလျှင် အာရုံ​စူးစိုက်​ပြီး စိတ်အား​ထက်သန်​စွာ ဆင်ခြင်​သုံးသပ်ရန် အချိန်ပို​ရ​ပါ​လိမ့်​မည်။ (၁ တိမောသေ ၆:၆-၈) ထိုသို့​ပြု​ခဲ့​ကြသော ဘုရားသခင့်​ကျေးကျွန်​များ၊ တစ်နည်း​အားဖြင့် အသီး,သီးပွင့်​သော​အပင်​ကို အာဟာရဓာတ်၊ အလင်း​နှင့် ကြီးထွား​ဖို့​နေရာ​ပို​ရရှိစေရန် ဆူးပင်​များ​ကို​နုတ်​ပစ်​ကြ​သူများ​သည် ယေဟောဝါ​၏​ကောင်းချီး​များ​ကို ခံစား​နေကြ​ရသည်။ အသက် ၂၆ နှစ်အရွယ် စ​န္ဒြာ​က​ဤသို့​ပြောပြ​သည်– “အမှန်တရား​ထဲမှာ ကျွန်မ​ရရှိတဲ့ ကောင်းချီး​တွေ​ကို ပြန်တွေး​တော​ဆင်ခြင်​တဲ့​အခါ အဲဒါနဲ့​တူညီ​တဲ့ ဘယ်အရာ​ကို​မှ ဒီ​လောက မ​ကမ်း​လှမ်း​နိုင်ဘူး​ဆိုတာ သိရတယ်!”—ဆာလံ ၈၄:၁၁

၁၈။ ကျွန်ုပ်​တို့သည် မည်သို့ ဘုရားသခင်​၏​တရား​စကား​၌ တည်​ကာ ခရစ်ယာန်​များ​အဖြစ် ခံနိုင်ရည်​ရှိ​နေနိုင်​သနည်း။

၁၈ သို့​ဖြစ်၍ ကျွန်ုပ်​တို့​၌ ဘုရားသခင်​၏​နှုတ်မြွက်​စကားတော် တည်​နေ​သမျှ​ကာလပတ်လုံး ကြီးငယ်မဟူ ကျွန်ုပ်​တို့အားလုံး​သည် ဘုရားသခင်​၏​တရား​စကား​၌ ဆက်၍​တည်​နေ​မည်​ဖြစ်​ပြီး ခရစ်တော်​၏​တပည့်​များ​အဖြစ် ခံနိုင်ရည်​ရှိနေကြ​မည်​မှာ ထင်ရှား​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံးသား​မြေ​သည် မာကျော​ခြင်း၊ တိမ်​ခြင်း သို့​မဟုတ် တော​ထ​နေခြင်း ဘယ်​သောအခါ​မျှ​မဖြစ်​ဘဲ ဆက်၍​ပျော့ပျောင်း၊ နက်ရှိုင်း​နေ​စေ​ကြပါစို့။ ထို​နည်း​အားဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​တရား​စကား​ကို အပြည့်အဝ​စိမ့်ဝင်​နိုင်​စေ​ကာ ‘ခံနိုင်ရည်​ဖြင့် အသီး,သီး’ နိုင်​ကြ​ပါ​လိမ့်​မည်။—လုကာ ၈:၁၅က​ဘ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 1 ဤ​ဆောင်းပါး​တွင် ထို​လိုအပ်ချက်​များ​မှ ပထမ​တစ်ခု​ကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်။ အခြား​နှစ်ခု​ကို နောက်​ဆောင်းပါး​များ​တွင် ဆွေးနွေး​ကြ​ပါ​မည်။

^ အပိုဒ်၊ 8 သင်​ဖတ်ရှု​သော ကျမ်းချက်​တစ်​ပိုဒ်​ကို ဆုတောင်း​ပြီး တွေးတော​ဆင်ခြင်​ရန် သင့်ကိုယ်​သင် ဤသို့​မေး​နိုင်​သည်– ‘ယင်း​ကျမ်းပိုဒ်​သည် ယေဟောဝါ​၏​အရည်အသွေး​တစ်ခုခု သို့​မဟုတ် ထို့​ထက်မက​ကို ဖော်ပြ​သလော။ သမ္မာကျမ်းစာ​၏​အဓိက​အကြောင်း​နှင့် မည်သို့​ဆက်စပ်​သနည်း။ ယင်းကို ကျွန်ုပ်​၏​ဘဝတွင် မည်သို့​လက်တွေ့​ကျင့်သုံး​နိုင်​သနည်း သို့​မဟုတ် အခြား​သူများကို​ကူညီပေး​ရာ​တွင် မည်သို့​လက်တွေ့​အသုံးပြုနိုင်​သနည်း။’

^ အပိုဒ်၊ 16 ခရစ်ဝင်​ကျမ်း​မှတ်တမ်း​သုံးခု​ပါ ယေရှု၏​ပုံ​ဥပမာ​အရ မျိုးစေ့​သည် ဤ​လောက​၏​စိတ်​ဆင်းရဲမှု​များနှင့် အပျော်အပါး​များ​ဖြစ်သော “လော [က] အမှု၌​စိုးရိမ်ခြင်း၊” “စည်းစိမ်ဥစ္စာ​၏​လှည့်စားခြင်း၊” “ကြွင်း​သော​အရာ​ကို​တပ်မက်​ခြင်း​စိတ်” နှင့် “ဤ​ဘဝ၏ . . . ပျော်မွေ့ခြင်း​များ” ဖြင့် လွှမ်းမိုး​ညှဉ်းဆဲ​ခံရ​သည်။—မာကု ၄:၁၉; မဿဲ ၁၃:၂၂; လုကာ ၈:၁၄သမ္မာ; ယေရမိ ၄:၃၊ ၄

သင့်​အဖြေ​များ​ကား အဘယ်နည်း

• ကျွန်ုပ်​တို့သည် ‘ယေရှု၏​တရား၌​တည်​နေ’ ဖို့ အဘယ်ကြောင့်​လိုအပ်​သနည်း။

• ကျွန်ုပ်​တို့၏​နှလုံး​တွင် ဘုရားသခင်​၏​တရား​စကား​ကို မည်သို့​တည်ရှိ​စေနိုင်​သနည်း။

• ယေရှု​ဖော်ပြ​ခဲ့​သော ကွဲပြား​သည့်​မြေ​လေးမျိုး​သည် အဘယ်​လူစား​လေးမျိုးကို ကိုယ်စား​ပြု​သနည်း။

• ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို စဉ်းစား​ဆင်ခြင်​ရန် သင်​မည်သို့ အချိန်​ရှာယူ​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

‘အမှန်တရား၌​စွဲမြဲ’

ခရစ်တော်​၏ လုပ်​သက်​ရ​င့်​တပည့်​များစွာတို့သည် ‘အမှန်တရား၌​စွဲမြဲ’ ကြောင်း တစ်နှစ်​ပြီး​တစ်နှစ် သက်သေထူ​ကြသည်။ (၂ ပေတရု ၁:၁၂) အဘယ်အရာက သူတို့ကို ခံနိုင်ရည်​ရှိစေ​သနည်း။ သူတို့၏​ထုတ်ဖော်​ပြောဆိုချက်​အချို့​ကို သုံးသပ်ကြည့်​ပါ​လေ။

“တစ်နေ့တာ​အကုန်​မှာ ကျမ်းချက်​တစ်​ပိုဒ်​ဖတ်​ပြီး ကျွန်မ​ဆုတောင်း​တယ်။ ပြီး​တော့ ဖတ်​ခဲ့​တဲ့​အကြောင်းကို စဉ်းစား​တယ်။”—ဂျင်းန်၊ ၁၉၃၉ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“သိပ်​ပြီး​မြင့်မြတ်​လှတဲ့ ယေဟောဝါ​က ကျွန်မ​တို့ကို ဘယ်လောက်​ချစ်တယ်​ဆို​တဲ့​အကြောင်း တွေးတော​ဆင်ခြင်​တဲ့​အတွက် ကျွန်မ​လုံခြုံမှု​ခံစား​ရပြီး ဆက်​တည်ကြည်​နိုင်​ဖို့ ခွန်အား​ရတယ်။”—ပက်​ထ​ရီ​ရှာ၊ ၁၉၄၆ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“ကျမ်းစာ​လေ့လာ​ဖို့​အကျင့်ကောင်း​တွေ​ရှိ​ထားပြီး ‘ဘုရားသခင်​၏​နက်နဲ​သော​အရာ’ တွေ​ကို စိတ်​စွဲလမ်း​တဲ့​အတွက် ကျွန်မ​ဆက်​အမှုထမ်း​နိုင်တာ။”—၁ ကောရိန္သု ၂:၁၀; အယ်နာ၊ ၁၉၃၉ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“ကျွန်မ​ရဲ့​စိတ်နှလုံး​နဲ့ စိတ်သဘောထား​တွေ​ကို ဆန်းစစ်​ဖို့​ရည်ရွယ်ပြီး သမ္မာကျမ်းစာ​နဲ့ ကျမ်းစာ​အခြေပြု​စာပေ​တွေ​ကို ကျွန်မ​ဖတ်​တယ်။”—ဇ​ယ်လ်​ဒါ၊ ၁၉၄၃ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“ကျွန်တော့်​အတွက် အကောင်းဆုံး​အချိန်တွေ​က​တော့ တစ်ယောက်တည်း​လမ်းလျှောက်ထွက်​ပြီး ဆုတောင်း​ရင်း ယေဟောဝါ​ကို ရင်ဖွင့်​စကားပြော​နိုင်​တဲ့​အချိန်​ပဲ။”—ရက်​လ်ဖ်၊ ၁၉၄၇ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“နေ့စဉ်​ကျမ်းချက်​ကို ဆင်ခြင်​သုံးသပ်ခြင်း၊ ကျမ်းစာ​တစ်​ပိုဒ်​ဖတ်ခြင်း​နဲ့ တစ်နေ့တာ​ကို ကျွန်မ​အစပြု​တယ်။ အဲဒီလို​လုပ်လို့ တစ်နေ့တာ​အတွင်း တွေးတော​ဆင်ခြင်​စ​ရာ အသစ်​တစ်ခု​ရစေတယ်။”—မာ​ရီ၊ ၁၉၃၅ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“ကျွန်တော့်​အတွက်​တော့ ကျမ်းစာ​စောင်​တစ်ခု​ကို အခန်းငယ်​တစ်​ပိုဒ်​ချင်း​စီ ဆွေးနွေး​တာ​ဟာ တကယ့်​အားဆေး​တစ်ခွက်​ပဲ။”—ဒယ်နီယယ်​လ်၊ ၁၉၄၆ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

သင်သည် သမ္မာကျမ်းစာ​ကို အဘယ်​အချိန်တွင် ဆုတောင်း၍ ဆင်ခြင်​သုံးသပ်​သနည်း။—ဒံယေလ ၆:၁၀ခ; မာကု ၁:၃၅; တမန်​တော် ၁၀:၉

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဝိညာဉ်​ရေးရာ​များ​ကို ဦးစား​ထားခြင်း အားဖြင့် ကျွန်ုပ်​တို့သည် ‘ခံနိုင်ရည်​ဖြင့် အသီး,သီး’ နိုင်​ကြ