စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
မုဒိမ်းကျင့်လိုသူ၏ ခြိမ်းခြောက်မှုကိုခံရလျှင် အော်ဟစ်သင့်ကြောင်း သမ္မာကျမ်းစာက အဘယ်ကြောင့်ဆိုသနည်း။
မုဒိမ်းကောင်၏ လူမဆန်သောစော်ကားမှုကို မတွေ့ ကြုံဖူးသူသည် ၎င်းကြောင့် လူတစ်ဦး၏ဘဝ မည်မျှတိုင်ပျက်ပြားသွားကြောင်း လုံးဝနားလည်နိုင်မည်မဟုတ်ချေ။ ထိုသို့တွေ့ ကြုံရသူအတွက် မည်မျှထိတ်လန့်သွားစေနိုင်သနည်းဟူမူ သူသည် ဘဝတစ်သက်လုံး ယင်းကြောင့် စိတ်ဆင်းရဲသွားနိုင်သည်။ * နှစ်အနည်းငယ်က မုဒိမ်းကျင့်ခံခဲ့ရသော ခရစ်ယာန်အမျိုးသမီးငယ်တစ်ဦး ဤသို့ပြောပြသည်– “အဲဒီညက ကျွန်မ ကျွန်မအရမ်းကြောက်လန့်ခဲ့တာကို စကားနဲ့ပြောမပြနိုင်ပါဘူး၊ တစ်နည်းပြောရရင်တော့ အဲဒီအချိန်ကတည်းက ကျွန်မခံခဲ့ရတဲ့စိတ်ဒဏ်ရာကို ဘယ်လိုကြိုးစားကုသရတယ်ဆိုတာကိုလည်း ဖော်မပြတတ်ဘူး။” ထို့ကြောင့် ဤထိတ်လန့်ဖွယ်အတွေ့အကြုံကို မစဉ်းစားချင်ကြသူများစွာရှိခြင်းကို နားလည်နိုင်ပါသည်။ သို့တိုင် ဤဆိုးညစ်သောလောကတွင် မုဒိမ်းခြိမ်းခြောက်မှုသည် အဖြစ်မှန်ပင်။
အတိတ်က ဖြစ်ခဲ့သောမုဒိမ်းမှုနှင့် မုဒိမ်းကျင့်ရန်ကြိုးစားမှုအကြောင်းအချို့ကို သမ္မာကျမ်းစာက မဖော်ပြဘဲ မနေခဲ့ချေ။ (ကမ္ဘာဦး ၁၉:၄-၁၁; ၃၄:၁-၇; ၂ ဓမ္မရာဇဝင် ၁၃:၁-၁၄) သို့သော် မုဒိမ်းကျင့်ခံရဖို့ စိုးရိမ်စရာဖြစ်လာသောအခါ မည်သို့ ပြုလုပ်သင့်ကြောင်း ကျမ်းစာက ဖော်ပြထား၏။ ယင်းနှင့်ပတ်သက်၍ ပညတ်တော်က မည်သို့ဆိုခဲ့ကြောင်းကို တရားဟောရာ ၂၂:၂၃-၂၇ တွင် တွေ့ ရှိရသည်။ ဤတွင် အခြေအနေနှစ်ရပ်ကို ဖော်ပြသည်။ ပထမဖြစ်ရပ်တွင် လူတစ်ဦးသည် မိန်းမငယ်တစ်ဦးကို မြို့တွင်တွေ့ ၍ သူနှင့်သင့်လေသည်။ သို့ ဖြစ်လျက်နှင့် ထိုအမျိုးသမီးသည် မအော်မဟစ်၊ အကူအညီတောင်းခံခြင်းမပြုခဲ့ချေ။ ထို့ကြောင့် ထို “မိန်းမသည် မြို့ထဲမှာရှိလျက်ပင် မအော်မဟစ်သောကြောင့်” အပြစ်ရှိ၏ဟု ဆုံးဖြတ်ခံရသည်။ သူသည် အော်ဟစ်မည်ဆိုလျှင် အနီးအနားရှိသူတို့က သူ့ကို လာရောက်ကယ်ဆယ်နိုင်ပေလိမ့်မည်။ ဒုတိယဖြစ်ရပ်၌မူ လူတစ်ဦးသည် တောတွင် မိန်းမငယ်အားတွေ့ ၍ “အနိုင်အထက်ပြု” ကျင့် သည်။ ထိုအမျိုးသမီးသည် ခုခံ၍ “အော်ဟစ်သော်လည်း ကူညီသောသူမရှိ” ချေ။ ပထမဖြစ်ရပ်ရှိအမျိုးသမီးနှင့်မတူဘဲ ဤအမျိုးသမီးသည် တိုက်ခိုက်သူကို အလျှော့ပေးလိုက်လျောခြင်း မပြုခဲ့သည်မှာ ရှင်းနေပါသည်။ ဤအမျိုးသမီးသည် ထိုသူကို တတ်နိုင်သမျှခုခံပြီး ကူညီမည့်သူပေါ်လာဖို့အတွက် အော်ဟစ်ခဲ့သော်လည်း အင်အားမမျှဖြစ်ခဲ့ရသည်။ သူအော်ဟစ်ခဲ့ခြင်းက အလိုမတူဘဲ မုဒိမ်းကျင့်ခံခဲ့ရကြောင်း သက်သေထူသည်; သူ၌အပြစ်မရှိပါ။
ယနေ့ ခရစ်ယာန်များသည် မောရှေပညတ်အောက် မရှိကြသော်လည်း ထိုတွင်ဖော်ပြထားသောမူများက သူတို့အတွက်လမ်းညွှန်ဖြစ်သည်။ အထက်တွင် ဖော်ပြထားသောမှတ်တမ်းက ခုခံပြီး အကူအညီရဖို့အတွက် အော်ဟစ်ခြင်းသည် အရေးကြီးကြောင်း အလေးအနက်ဖော်ပြ၏။ မုဒိမ်းကျင့်ရန်ခြိမ်းခြောက်မှုကိုခံရလျှင် အော်ဟစ်ခြင်းသည် ယနေ့တိုင် လက်တွေ့ကျလမ်းစဉ်အဖြစ် ရှုမြင်ဆဲရှိသည်။ ရာဇဝတ်မှုတားဆီးရေး ကျွမ်းကျင်သူတစ်ဦးက ဤသို့ဆိုသည်– “အမျိုးသမီးတစ်ဦးသည် တိုက်ခိုက်ခံရလျှင် သူ၏အထိရောက်ဆုံးလက်နက်မှာ ငယ်သံပါအောင် အော်ဟစ်ခြင်းဖြစ်သည်။” အမျိုးသမီးသည် ဟစ်အော်လိုက်သောအခါ ထိုအချိန်၌ သူ့ထံ အကူအညီပေးမည့်သူများ ရောက်လာနိုင်သည်၊ သို့မဟုတ် တိုက်ခိုက်သူကို ထိတ်လန့်သွားစေ၍ ထွက်ပြေးစေနိုင်သည်။ မုဒိမ်းကောင်တစ်ဦး၏ တိုက်ခိုက်မှုကို ကြုံခဲ့ရသော ခရစ်ယာန်အမျိုးသမီးငယ်တစ်ဦးက ဤသို့ပြောပြသည်– “ကျွန်မ အစွမ်းကုန်ကျုံးအော်တာနဲ့ သူဆုတ်ခွာသွားတယ်။ ကျွန်မဆီ သူထပ်လာတဲ့အခါ ကျွန်မပြန်အော်ပြီး ပြေးတော့တာပဲ။ အရင်က ကျွန်မထင်မိတာ ‘ခွန်အားကြီးတဲ့လူတစ်ဦးက ကျွန်မကိုစော်ကားဖို့ပဲစဉ်းစားပြီး လာဖမ်းဆွဲတဲ့အခါ ဟစ်အော်လိုက်ရုံနဲ့ဖြစ်နိုင်ပါ့မလား’ လို့ခဏခဏတွေးမိတယ်။ ဒါပေမဲ့ တကယ်ထိရောက်တယ်ဆိုတာ လက်တွေ့ပဲ!”
အမျိုးသမီးတစ်ဦးသည် အနိုင်အထက်ပြုခံရ၍ မုဒိမ်းကျင့်ခံရသည့် ဝမ်းနည်းစရာအခြေအနေမျိုး၌ပင် သူရုန်းကန်ခဲ့ပြီး အကူအညီရဖို့ အော်ဟစ်ခဲ့ခြင်းက အချည်းနှီးမဖြစ်ပါ။ ယင်းအစား သူသည် မိမိအား တိုက်ခိုက်လာသူကို အစွမ်းကုန်ခုခံတွန်းလှန်ခဲ့ကြောင်း ထင်ရှားစေသည်။ (တရားဟောရာ ၂၂:၂၆) အားမတန်၍ အစော်ကားခံလိုက်ရသည့်တိုင် သူသည် ကြည်လင်သောမှားမှန်သိစိတ် ဆက်ရှိနိုင်ပြီး မိမိကိုယ်ကို လေးစားမှုရှိကာ ဘုရားသခင့်ရှေ့မှောက် မိမိသည် သန့်ရှင်းကြောင်း သူ့ကိုယ်သူ ယုံကြည်စိတ်ချနိုင်သည်။ ထိုကြောက်မက်ဖွယ်အတွေ့အကြုံက သူ့၌ စိတ်ဒဏ်ရာများ ထင်ကျန်နေစေမည်ဖြစ်သော်လည်း တိုက်ခိုက်လာသူအား တတ်နိုင်သမျှ မိမိတွန်းလှန်ခဲ့ကြောင်း သိထားခြင်းက သူအား တဖြည်းဖြည်း ကုစားပေးသွားရန် များစွာအကူအညီဖြစ်လိမ့်မည်။
တရားဟောရာ ၂၂:၂၃-၂၇ ၏သက်ဆိုင်ပုံကို သဘောပေါက်နားလည်ရန် အကျဉ်းချုပ်ဖော်ပြသည့် ဤမှတ်တမ်းသည် ဖြစ်နိုင်သောအခြေအနေအားလုံး မပါဝင်ကြောင်း ကျွန်ုပ်တို့ သိမှတ်ထားရမည်။ ဥပမာ၊ စော်ကားခံရသောအမျိုးသမီးသည် ဆွံ့အနေမည်၊ သတိလစ်နေမည်၊ အလွန်ကြောက်ရွံ့၍ ကြောင်တက်တက်ဖြစ်နေမည်၊ သို့မဟုတ် မအော်နိုင်ရန် လက်ဖြင့် အတင်းပိတ်ထားခံရမည်၊ သို့မဟုတ် သူ၏ပါးစပ်ကို တိပ်ကပ်ထားမည်စသည့် အခြေအနေမျိုးအကြောင်း မဆိုထားချေ။ သို့သော် ယေဟောဝါသည် စိတ်သဘောထားအပါအဝင် အရာအားလုံးကို အကဲဖြတ်နိုင်သောကြောင့် ထိုသို့သောကိစ္စရပ်များတွင် “စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ” သည်ဖြစ်ရာ ကိုယ်တော်သည် နားလည်မှုနှင့် တရားမျှတမှုရှိရှိ ကိုင်တွယ်သည်။ (တရားဟောရာ ၃၂:၄) အမှန်ဖြစ်ပျက်ရာနှင့် မုဒိမ်းကျင့်ခံရသူသည် မုဒိမ်းကောင်ကို ခုခံတွန်းလှန်မှုတွင် အားထုတ်ခဲ့ရာကို ကိုယ်တော်သိတော်မူ၏။ သို့ဖြစ်၍ မအော်ဟစ်နိုင်ခဲ့သော်လည်း အခြေအနေအရ အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ခဲ့သည့် စော်ကားခံလိုက်ရသူသည် သူ၏အဖြစ်ကို ယေဟောဝါ၏လက်တော်၌ ပုံအပ်ထားနိုင်သည်။—ဆာလံ ၅၅:၂၂; ၁ ပေတရု ၅:၇။
မည်သို့ပင်ဆိုစေကာမူ အဓမ္မပြုကျင့်ခံခဲ့ရသူ ခရစ်ယာန်အမျိုးသမီးအချို့သည် အပြစ်ရှိသည်ဟု အမြဲခံစားနေကြရသည်။ သူတို့၏အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည့်အခါ ထိုသို့မဖြစ်ပျက်ရလေအောင် ပိုမိုကြိုးစားလုပ်ဆောင်ခဲ့သင့်သည်ဟု ယူကျုံးမရဖြစ်တတ်ကြသည်။ သို့သော် မိမိကိုယ်ကိုအပြစ်တင်နေမည့်အစား ထိုဆင်းရဲခြင်းကိုခံခဲ့ရသူတို့သည် ယေဟောဝါထံ ဆုတောင်း၍ ကိုယ်တော်၏အကူအညီကိုတောင်းခံကာ ကြွယ်ဝလှသော ကိုယ်တော်၏မေတ္တာကရုဏာကို ယုံကြည်စိတ်ချသင့်သည်။—ထွက်မြောက်ရာ ၃၄:၆; ဆာလံ ၈၆:၅။
သို့ဖြစ်၍ မုဒိမ်းကောင်တစ်ဦးကြောင့် လောလောဆယ် စိတ်ဒဏ်ရာများခံစားနေရသော ခရစ်ယာန်အမျိုးသမီးများအနေနှင့် သူတို့ရင်ဆိုင်ဖြေရှင်းနေသော နာကြည်းဖွယ်ခံစားချက်များကို ယေဟောဝါ အပြည့်အဝနားလည်ကြောင်း ယုံကြည်စိတ်ချရန်ဖြစ်သည်။ ဘုရားသခင့်စကားတော်က သူတို့ကို ဤသို့အာမခံသည်– “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့ နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။” (ဆာလံ ၃၄:၁၈) သူတို့၏စိတ်ဒဏ်ရာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နောက်ထပ်အကူအညီကား စိတ်ရင်းမှန်ဖြင့် နားလည်မှုရှိရှိ ကြင်နာစွာ ကူညီထောက်ပံ့ပေးလိုသော ယုံကြည်သူချင်းတို့၏ အကူအညီကို လက်ခံခြင်းဖြစ်သည်။ (ယောဘ ၂၉:၁၂; ၁ သက်သာလောနိတ် ၅:၁၄) ထို့ ပြင် မုဒိမ်းကျင့်ခံခဲ့ရသူကိုယ်တိုင်က တည်ဆောက်မှုပေးသောအတွေးများကို ကြိုးစား၍အာရုံစိုက်ခြင်းဖြင့် “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” ကိုပါ ခံစားကြရမည်။—ဖိလိပ္ပိ ၄:၆-၉။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ဤဆောင်းပါးက မုဒိမ်းကျင့်ခံရသောအမျိုးသမီးများအကြောင်း ဖော်ပြနေခြင်းဖြစ်သော်လည်း ထိုသို့ ပြုမူခြိမ်းခြောက်ခံရသော အမျိုးသားများနှင့်လည်း သက်ဆိုင်ပါသည်။