စိတ်ရင်းမှန်ရုံဖြင့် အလိုတော်နှင့်တွေ့ပြီလော
စိတ်ရင်းမှန်ရုံဖြင့် အလိုတော်နှင့်တွေ့ပြီလော
ကျွန်ုပ်တို့၏ နေ့စဉ်ဘဝအသက်တာတွင် စိတ်ရင်းမှန်ခြင်းသည် အမှန်တကယ် နှစ်လိုဖွယ်ဖြစ်သလော။ အဘိဓာန်တစ်အုပ်က “စိတ်ရင်းမှန်ခြင်းကို” “ဟန်ဆောင်မှုမရှိခြင်း; ရိုးသားဖြောင့်မတ်ခြင်း; တည့်မတ်ခြင်း; အစစ်အမှန်ဖြစ်ခြင်း” ဟုဖော်ပြထားသည်။ ရှင်းနေသည်မှာ အခြားသူတို့နှင့် ဆက်ဆံရေးကောင်းဖို့ ဤအရည်အချင်းသည် အကျိုးပြု၏။ တမန်တော်ပေါလုက ဤသို့ဆုံးမပဲ့ပြင်သည်– “သခင်ဘုရားကိုကြောက်ရွံ့လျက်၊ လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့၊ မျက်မှောက်၌သာနားထောင်သည်မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ၊ လော[က]သခင်၏စကားကို အရာရာ၌နားထောင်ကြလော့။” (ကောလောသဲ ၃:၂၂) ဤသို့သောစိတ်ရင်းမှန်သူတစ်ဦး၏ အကျိုးသယ်ပိုးခံရမှုကို မည်သူမနှစ်သက်ဘဲနေမည်နည်း။ ယနေ့ စိတ်ရင်းမှန်သူတို့သည် အလုပ်ရလွယ်၍ အလုပ်ပိုမြဲသည်။
သို့သော် စိတ်ရင်းမှန်ခြင်းကို အလိုလားဆုံးဖြစ်စေရာမှာ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုဖြစ်၏။ ရှေးဣသရေလလူတို့သည် ပညတ်တော်များနှင့် ပွဲနေ့များကို ဂရုတစိုက် စောင့်ရှောက်ကျင်းပကြသောအခါ ဘုရားသခင့်ကောင်းချီးခံစားခဲ့ကြရသည်။ အသင်းတော်သန့်ရှင်းရေးကို ဆွေးနွေးပြီးနောက် ပေါလုက ခရစ်ယာန်များကို ဤသို့တိုက်တွန်းခဲ့သည်– “ဟောင်းသောတဆေး၊ ဆိုးညစ်မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်းဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့် ပွဲခံကြကုန်အံ့။” (၁ ကောရိန္သု ၅:၈) ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင်လက်သင့်ခံနိုင်ရန် စိတ်ရင်းမှန်ဖို့လိုသည်၊ သို့ မှသာ ဘုရားသခင်၏အလိုတော်နှင့်တွေ့ပေမည်။ သို့တိုင် စိတ်ရင်းမှန်ရုံဖြင့်သာ မလုံလောက်ကြောင်း သတိပြုပါ။ ၎င်းသည် အမှန်တရားနှင့်ယှဉ်တွဲရမည်။
တိုက်တဲန်းနစ်သင်္ဘောကို ဆောက်လုပ်သူများနှင့် ခရီးသည်များကပါ အဆိုပါပင်လယ်ကူးသင်္ဘောကြီးသည် မနစ်မြုပ်နိုင်ဟု စိတ်ရင်းမှန်ဖြင့် ယုံကြည်စိတ်ချခဲ့ကြပေမည်။ သို့သော် ၁၉၁၂ ခုနှစ်တွင် ယင်း၏ပွဲဦးထွက်ရေကြောင်းခရီးစဉ်တွင်ပင် ရေခဲစိုင်မျောကိုတိုက်မိပြီး လူပေါင်း ၁,၅၁၇ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ပထမရာစု ဂျူးအချို့တို့သည် မိမိတို့၏ဝတ်ပြုကိုးကွယ်နည်းမှန်ကန်သည်ဟု စိတ်ရင်းမှန်ဖြင့် ယုံကြည်စိတ်ချခဲ့ကြသော်လည်း သူတို့၏ဇွဲသည် “မှန်သောပညာအတိုင်းမဟုတ်” ချေ။ (ရောမ ၁၀:၂၊ သမ္မာ) ကျွန်ုပ်တို့ကို ဘုရားသခင်လက်သင့်ခံနိုင်ဖို့ စိတ်ရင်းမှန်ဖြင့် ကျွန်ုပ်တို့ခံယူထားသောယုံကြည်ချက်များသည် တိကျမှန်ကန်သောအကြောင်းအချက်များအပေါ် အခြေခံရမည်။ သင့်ရပ်ကွက်ရှိ ယေဟောဝါသက်သေများသည် ဘုရားသခင်အား စိတ်ရင်းမှန်စွာ အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်နိုင်ရန် အဘယ်အရာများပြုလုပ်ရမည်အကြောင်း ဆန်းစစ်ကြည့်ဖို့ကူညီပေးရန် အသင့်ရှိကြပါသည်။