မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘များစွာသောအသီးကို သီးနေလော့’

‘များစွာသောအသီးကို သီးနေလော့’

‘များစွာသော​အသီးကို သီး​နေလော့’

“သင်တို့သည် များစွာသော​အသီးကို​သီး​သော​အားဖြင့် . . . ငါ​၏​တပည့်​မှန်​ကြလိမ့်မည်။”—ယောဟန် ၁၅:၈

၁။ (က) ယေရှုသည် တမန်​တော်​များ​အား တပည့်ဖြစ်​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​လိုအပ်ချက်​ကို ဖော်ပြ​ခဲ့​သနည်း။ (ခ) ကျွန်ုပ်​တို့​ကိုယ်ကို အဘယ်​မေးခွန်း​မေးသင့်​သနည်း။

ကိုယ်တော်​မသေဆုံးမီ ညနေပိုင်း​၌​ဖြစ်သည်။ ယေရှုသည် အချိန်​ယူ၍ မိမိ၏​တမန်​တော်​များ​ကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး စကားပြော​ဆို​ခဲ့​သည်။ အချိန်​မှာ ညဉ့်နက်​သန်း​ခေါင်​ကျော်​ဖြစ်နေ​ပေမည်၊ သို့သော် ယေရှုသည် မိမိ၏​ရင်းနှီး​ချစ်ခင်​သော မိတ်ဆွေများ​ကို​ချစ်သော​ကြောင့် စကား​ဆက်​ပြောဆို​နေသည်။ ထိုသို့​ပြောဆို​နေစဉ် မိမိ၏​တပည့်​များ ဆက်​ဖြစ်​ဖို့ သူတို့​ပြည့်မီ​ရန်လိုသော လိုအပ်ချက်​နောက်တစ်ခု​ကို ကိုယ်တော်​ဤသို့​သတိပေး​ခဲ့​သည်– “သင်တို့သည် များစွာသော​အသီးကို​သီး​သော​အားဖြင့်၊ ငါ့​ခမည်းတော်​သည် ဘုန်းထင်ရှား​တော်​မူ​၍၊ သင်တို့သည်လည်း ငါ​၏​တပည့်​မှန်​ကြလိမ့်မည်။” (ယောဟန် ၁၅:၈) တပည့်ဖြစ်​ခြင်း​နှင့်​ဆိုင်သော ဤ​လိုအပ်ချက်​ကို ယနေ့ ကျွန်ုပ်​တို့​ပြည့်မီ​ကြ​ပါသလော။ “များစွာသော​အသီးကို​သီး” ခြင်း​ဟူသည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ အဖြေ​ရရှိရန် အဆိုပါ​ညနေပိုင်း​တွင် ပြောဆို​ခဲ့​သော​စကား​များ​ကို ပြန်​သုံးသပ်ကြည့်​ကြ​စို့။

၂။ ယေရှု​မသေဆုံးမီ​ညနေပိုင်း​တွင် အသီး​နှင့်​ပတ်သက်သော အဘယ်​ပုံ​ဥပမာ​ကို ကိုယ်တော်​ပြောပြ​သနည်း။

အသီး,သီး​ပါ​ဟူသော မှာကြားချက်​သည် တမန်​တော်​များ​ကို ယေရှု​ပြောပြ​သည့် ပုံ​ဥပမာ​အဝင်​ဖြစ်သည်။ ကိုယ်တော်​ဤသို့​မိန့်ဆို​၏– “ငါသည် မှန်သော​စပျစ်​နွယ်ပင်​ဖြစ်၏။ ငါ့​ခမည်းတော်​သည်လည်း ဥယျာဉ်စောင့်​ဖြစ်​တော်​မူ​၏။ ငါ​၌​အသီး​မ​သီး​သော​အခက်​ရှိသမျှ​တို့ကို ခုတ်ပစ်​တော်​မူ​၏။ အသီး,သီး​သော​အခက်​ရှိသမျှ​တို့ကို သာ၍​သီး​စေခြင်း​ငှာ သုတ်သင်​ရှင်းလင်း​တော်​မူ​၏။ သင်တို့သည် ငါ​ဟောပြောသော​စကား​အားဖြင့် ယခု​ပင်​ရှင်းလင်း​လျက်​ရှိကြ​၏။ ငါ​၌​တည်​နေ [“ငါ​နှင့် တစ်လုံးတစ်ဝတည်း​ရှိ၊” က​ဘ] ကြလော့။ ငါသည်​လည်း​သင်တို့၌​တည်​နေ [“သင်တို့​နှင့် တစ်လုံးတစ်ဝတည်း​ရှိ၊” က​ဘ] မည်။ စပျစ်​ခက်​သည် အပင်​၌​မတည်​လျှင်၊ ကိုယ်​အလိုအလျောက်​အသီး​မ​သီး​နိုင်​သကဲ့သို့၊ သင်တို့သည်​ငါ​၌​မတည်​လျှင် အသီး​မ​သီး​နိုင်​ကြ။ ငါသည် စပျစ်​နွယ်ပင်​ဖြစ်၏။ သင်တို့သည် အခက်များ​ဖြစ်​ကြ​၏။ . . . သင်တို့သည် များစွာသော​အသီးကို​သီး​သော​အားဖြင့်၊ ငါ့​ခမည်းတော်​သည်​ဘုန်းထင်ရှား​တော်​မူ​၍၊ သင်တို့သည်လည်း ငါ​၏​တပည့်​မှန်​ကြလိမ့်မည်။ ခမည်းတော်​သည် ငါ့ကို​ချစ်တော်မူ​သကဲ့သို့ ငါသည်​သင်တို့ကို​ချစ်​၏။ ငါ​၏​ချစ်ခြင်း​မေတ္တာ​၌​တည်​နေကြ​လော့။ . . . သင်တို့သည် ငါ့​ပညတ်​တို့ကို​စောင့်ရှောက်​လျှင်၊ ငါ့​မေတ္တာ​၌​တည်​နေကြ​လိမ့်​မည်။”—ယောဟန် ၁၅:၁-၁၀

၃။ ယေရှု၏​နောက်လိုက်​များသည် အသီး,သီး​ဖို့ အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

ဤ​ပုံ​ဥပမာ​တွင် ယေဟောဝါ​သည် ပြုစု​ပျိုးထောင်​သူ​ဖြစ်၏၊ ယေရှုသည် စပျစ်​ပင်​ဖြစ်​ပြီး ယေရှု​စကား​ကို​ကြားနာ​နေသော တမန်​တော်​များ​မှာ အကိုင်းအခက်​များ​ဖြစ်​ကြ​၏။ တမန်​တော်​များသည် ယေရှု ‘နှင့်​တစ်လုံးတစ်ဝတည်း​ရှိ’ ရန်​ကြိုးစား​နေ​သမျှ​ကာလပတ်လုံး သူတို့​အသီး,သီး​ကြ​ပါ​လိမ့်​မည်။ ထို့နောက် ယေရှု​က အလွန်​အရေးပါသော ဤ​ပေါင်းစည်း​မှု​ကို မည်သို့​ဆက်​ထိန်းသိမ်း​ထား​နိုင်​ကြောင်း ဤသို့​ရှင်းပြ​ခဲ့​သည်– “သင်တို့သည် ငါ့​ပညတ်​တို့ကို​စောင့်ရှောက်​လျှင်၊ ငါ့​မေတ္တာ​၌​တည်​နေကြ​လိမ့်​မည်။” နောင်​တွင် တမန်​တော်​ယောဟန်​သည်လည်း ခရစ်ယာန်​ချင်း​များ​ထံ အလားတူ​စကား​များ​ကို ရေးသားခဲ့​ပေမည်– “[ခရစ်တော်​၏] ပညတ်တော်​များ​ကို​စောင့်ရှောက်သော​သူသည် ကိုယ်တော်၌​တည်​နေ​၏။” * (၁ ယောဟန် ၂:၂၄; ၃:၂၄သမ္မာ) ထို့​ကြောင့် ခရစ်တော်​၏​ပညတ်တော်​များ​ကို စောင့်ရှောက်ခြင်း​အားဖြင့် ကိုယ်တော်​၏​နောက်လိုက်​များသည် ကိုယ်တော်​နှင့်​တ​ပေါင်း​တ​စည်း​တည်း​ဖြစ်​ပြီး အဆိုပါ​စည်းလုံးမှု​က တစ်ဖန် သူတို့ကို​အသီး,သီး​စေ​သည်။ အဘယ်​အသီး​မျိုးကို ကျွန်ုပ်​တို့​သီး​ဖို့​လို​သနည်း။

ကြီးပွား​ဖြစ်ထွန်း​ဖို့​အခွင့်အလမ်း

၄။ အသီး​မ​သီး​သော အကိုင်းအခက်​မှန်သမျှကို ယေဟောဝါ “ခုတ်ပစ်” သည့်​အချက်​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

စပျစ်​ပင်​ပုံ​ဥပမာ​တွင် ယေဟောဝါ​သည် အသီး​မ​သီး​သော​အကိုင်းအခက်​ကို “ခုတ်ပစ်” သို့​မဟုတ် ချိုင်​ပစ်​တော်​မူ​၏။ ယင်းက ကျွန်ုပ်​တို့ကို အဘယ်အရာ​သိစေ​သနည်း။ တပည့်​အားလုံး​သည် အသီး,သီး​ရမည်​ဖြစ်၍ သူတို့၏​အခြေအနေ၊ သူတို့၏​ကန့်သတ်ချက်​များ မည်သို့​ပင်​ရှိပါစေ သူတို့​အားလုံး​သည် အသီး,သီး​နိုင်​ကြောင်း ကျွန်ုပ်​တို့ကို​သိ​နားလည်စေ​သည်။ အမှန်​မှာ ခရစ်တော်​၏​တပည့်​တစ်ဦး မစွမ်းဆောင်​နိုင်သော​အရာ​အတွက် သူ့ကို ‘ခုတ်ပစ်’ သို့​မဟုတ် ပယ်​မည်​ဆိုလျှင် ယေဟောဝါ​၏​မေတ္တာ​ရှိသော​လမ်းစဉ်​နှင့် ဆန့်ကျင်​နေ​ပေမည်။—ဆာလံ ၁၀၃:၁၄; ကောလောသဲ ၃:၂၃; ၁ ယောဟန် ၅:၃

၅။ (က) အသီး,သီး​ရာ​တွင် ကျွန်ုပ်​တို့ တိုးပွား​ဖြစ်ထွန်း​နိုင်​ကြောင်း ယေရှု၏​ပုံ​ဥပမာ​က မည်သို့​ဖော်ပြ​သနည်း။ (ခ) အဘယ်​အသီး​နှစ်မျိုးကို ကျွန်ုပ်​တို့​သုံးသပ်​မည်​နည်း။

ယေရှု၏​စပျစ်​ပင်​ပုံ​ဥပမာ​က ကျွန်ုပ်​တို့၏​အခြေအနေ​ခွင့်ပြု​သ၍ တပည့်​တစ်ဦး​အဖြစ် ကျွန်ုပ်​တို့​လုပ်ဆောင်လေသမျှ​သည် ကြီးပွား​ဖြစ်ထွန်း​ရမည်​ဖြစ်​ကြောင်းကို​လည်း ဖော်ပြ​သေး​သည်။ ယေရှု​မည်သို့​ဆို​သည်ကို သတိပြုပါ– “ငါ​၌​အသီး​မ​သီး​သော​အခက်​ရှိသမျှ​တို့ကို ခုတ်ပစ်​တော်​မူ​၏။ အသီး,သီး​သော​အခက်​ရှိသမျှ​တို့ကို သာ၍​သီး​စေခြင်း​ငှာ သုတ်သင်​ရှင်းလင်း​တော်​မူ​၏။” (ယောဟန် ၁၅:၂) ၎င်း​ပုံ​ဥပမာ​အဆုံးပိုင်း​တွင် ယေရှု​က “များစွာသော​အသီး” သီး​ကြ​ရန် မိမိ၏​နောက်လိုက်​များ​ကို တိုက်တွန်း​ခဲ့​သည်။ (အခန်းငယ် ၈) ဤ​တွင်​အဘယ်အရာကို ဆိုလို​သနည်း။ တပည့်​များ​အနေ​နှင့် မိမိတို့​ကိုယ်ကို ကျေနပ်​တင်းတိမ်​နေ​သူများ ဘယ်​သောအခါ​မျှ​မဖြစ်​သင့်​ပါ။ (ဗျာ. ၃:၁၄၊ ၁၅၊ ၁၉) ယင်းအစား အသီး,သီး​ရာ​တွင် တိုးပွား​ဖြစ်ထွန်း​ဖို့ နည်းလမ်းများ​ကို ရှာကြံ​သင့်​သည်။ အဘယ်​အသီးများ​ကို လှိုင်လှိုင်​သီး​ဖို့ ကျွန်ုပ်​တို့​ကြိုးစား​သင့်​သနည်း။ ၎င်းတို့မှာ (၁) ‘ဝိညာဉ်​အသီး’ နှင့် (၂) ဘုရားသခင့်​နိုင်ငံတော်​အသီးများ​ဖြစ်သည်။—ဂလာတိ ၅:၂၂၊ ၂၃; မဿဲ ၂၄:၁၄

ခရစ်ယာန်​အရည်အသွေး​ဆိုင်ရာ​အသီးများ

၆။ ပထမဦးဆုံး​ဖော်ပြ​သော ဝိညာဉ်​အသီး​၏​တန်ဖိုး​ကို ယေရှု​ခရစ် မည်သို့​အလေးပေး​ဖော်ပြ​ခဲ့​သနည်း။

‘ဝိညာဉ်​အသီး’ များ​တွင် ဦးဆုံး​စာရင်း​ဖော်ပြ​ထားသော​အသီး​မှာ မေတ္တာ​ဖြစ်သည်။ ခရစ်ယာန်​များ မေတ္တာကို​သီးပွင့်​စေရန် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​က ကူညီပေး​သည်၊ အကြောင်း​မှာ အသီး,သီး​သော​စပျစ်​ပင်​ပုံ​ဥပမာ​ကို ယေရှု​မပြော​မီ မိန့်မှာ​ခဲ့​သော​ပညတ်ချက်​ကို သူတို့​လိုက်နာ​ကြသော​ကြောင့်​ဖြစ်သည်။ တမန်​တော်​များ​ကို ကိုယ်တော်​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ငါသည် သင်တို့ကို​ချစ်​သည်​နည်းတူ အချင်းချင်းချစ်​ကြလော့​ဟု ပညတ်သစ်​ကို​ငါ​ပေး​၏။” (ယောဟန် ၁၃:၃၄) အမှန်​မှာ ယေရှု၏​မြေကြီး​အသက်တာ နောက်ဆုံး​ည​၌ တမန်​တော်​များ​ကို ကိုယ်တော်​ပြောဆို​ခဲ့​သော​စကား​များ​တွင် ချစ်ခြင်း​မေတ္တာ​တင်ပြ​ဖို့​လို​ကြောင်း ထပ်ခါတလဲ​မှာကြား​ခဲ့​သည်။—ယောဟန် ၁၄:၁၅၊ ၂၁၊ ၂၃၊ ၂၄; ၁၅:၁၂၊ ၁၃၊ ၁၇

၇။ အသီး,သီးခြင်း​သည် ခရစ်တော်​ကဲ့သို့​သော အရည်အသွေးများ​တင်ပြခြင်း​နှင့်​ဆက်နွှယ်​ကြောင်း တမန်​တော်​ပေတရု မည်သို့​ဖော်ပြ​ခဲ့​သနည်း။

ထို​ည​တွင်​ရှိနေ​သော​ပေတရု​သည် ခရစ်တော်​၏​တပည့်စစ်​များ​အနေ​နှင့် ခရစ်တော်​ကဲ့သို့​သော​မေတ္တာ​နှင့် ဆိုင်ရာ​အရည်အသွေးများ​ကို တင်ပြ​ရမည်​ဖြစ်​ကြောင်း သဘောပေါက်​နားလည်ခဲ့​သည်။ နှစ်​အတန်​ကြာသော် ပေတရု​က ချုပ်တည်း​ခြင်း၊ ညီရင်း​အစ်ကို​ချစ်ခင်​စုံမက်ခြင်း​နှင့် ချစ်ခြင်း​မေတ္တာ စ​သည့်​အရည်အသွေးများ​ကို မွေးမြူရန် ခရစ်ယာန်​များ​ကို တိုက်တွန်း​ခဲ့​သည်။ ထိုသို့​ပြုခြင်း​က “မလှုပ်မရှား၊ အသီး​မ​သီးခြင်း​မှ” ကျွန်ုပ်​တို့ကို​ကာကွယ်​ပေး​သည်​ဟု သူ​ထပ်ဆင့်​ပြော​ခဲ့​သည်။ (၂ ပေတရု ၁:၅-၈က​ဘ) ကျွန်ုပ်​တို့၏​အခြေအနေ​သည် မည်သို့​ပင်​ရှိပါ​လေ​စေ ဝိညာဉ်​အသီးများ​ကို ကျွန်ုပ်​တို့​သီးပွင့်​နိုင်​ကြ​ပါ​သည်။ ထို့​ကြောင့် ချစ်ခြင်း၊ ကြင်နာ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် ခရစ်တော်​ကဲ့သို့​သော အခြား​အရည်အသွေးများ​ကို အတတ်နိုင်ဆုံး ကြိုးစား​တင်ပြ​ကြ​စို့၊ အကြောင်း​မှာ “ထိုသို့​သော​အကျင့်ကို အဘယ်​တရား​မျှ​မမြစ်တား၊” မ​ကန့်သတ်​ပေ။ (ဂလာတိ ၅:၂၃) အသီး “သာ၍​သီး” ကြပါစို့။

ဘုရားသခင့်​နိုင်ငံတော်​အသီးများ​သီးခြင်း

၈။ (က) ဝိညာဉ်​အသီး​နှင့် ဘုရားသခင့်​နိုင်ငံတော်​အသီး​သည် မည်သို့​ဆက်စပ်​သနည်း။ (ခ) အဘယ်​မေးခွန်း​ကို ကျွန်ုပ်​တို့​သုံးသပ်ထိုက်​သနည်း။

ရောင်စုံ​ဖြစ်​ပြီး အရည်​ရွှမ်း​သော​အသီးများ​က အပင်​ကို​အလှဆင်​ပေး​သည်။ သို့ရာတွင် အဆိုပါ​အသီးများ​သည် အလှဆင်​ရုံ​သက်​သက်​မဟုတ်ပါ။ အသီးများ​သည် ၎င်း​၏​အစေ့များ​အားဖြင့် မျိုးပွား​ဖို့ အလွန်​အရေးပါ​၏။ အလားတူ ဝိညာဉ်​အသီးများ​သည် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဥပဓိရုပ်​ကို အလှဆင်​ပေး​ရုံ​မျှ​မ​က အရေးပါ​သည်။ ချစ်ခြင်း​မေတ္တာ​နှင့် ယုံကြည်ခြင်း​အစ​ရှိသော အရည်အသွေးများ​က ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ပါ နိုင်ငံတော်​သတင်းကောင်း​မျိုးစေ့ကို ကြဲ​ဖြန့်​စေ​သည်။ ဤ​အရေးပါသော ဆက်စပ်မှု​ကို တမန်​တော်​ပေါလု မည်သို့​အလေးပေး​ဖော်ပြ​ခဲ့​ကြောင်း သတိပြုပါ။ သူက “ငါ​တို့သည် [ဝိညာဉ်​အသီး​တစ်လုံး​ဖြစ်သော] ယုံကြည်ခြင်း​စိတ်​ရှိသောကြောင့် မြွက်ဆို​ဟောပြောကြ​၏” ဟု​ဆို​သည်။ (၂ ကောရိန္သု ၄:၁၃) ဤနည်းဖြင့် ကျွန်ုပ်​တို့​သီးပွင့်​ဖို့​လို​သော ဒုတိယ​အသီး​ဖြစ်သည့် “နှုတ်ခမ်း​အသီး​တည်း​ဟူသော​ချီးမွမ်း​ခြင်း​ယဇ်ကို . . . ဘုရားသခင့်​ရှေ့တော်၌ . . . ပူဇော်​ကြ” ၏​ဟု ပေါလု​ထပ်​ရှင်းပြသည်။ (ဟေဗြဲ ၁၃:၁၅) ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အနေ​နှင့် ကျွန်ုပ်​တို့၏​ဘဝတွင် ပို​၍​အသီး,သီး​ရန်၊ “များစွာသော​အသီး” ကို​သီး​ရန် အခွင့်အလမ်း​များ​ရှိသေး​သလော။

၉။ အသီး,သီးခြင်း​သည် တပည့်​ဖြစ်စေ​ခြင်း​နှင့် အတူတူ​ဖြစ်သလော။ ရှင်းပြပါ။

အဖြေ​မှန်​ပေးဖို့ ဘုရားသခင့်​နိုင်ငံတော်​အသီး​ကား အဘယ်အရာ​ဖြစ်​ကြောင်း ဦးဆုံး​နားလည်​ထား​ဖို့​လို​သည်။ အသီး,သီးခြင်း​သည် တပည့်​ဖြစ်စေ​ခြင်း​ဖြစ်သည်ဟု ကောက်ချက်​ချ​လျှင် မှန်​မည်​လော။ (မဿဲ ၂၈:၁၉) ကျွန်ုပ်​တို့​သီး​သည့်​အသီး​သည် ယေဟောဝါ​၏ နှစ်ခြင်း​ခံ​ပြီး​သော​ဝတ်ပြုသူ​များ​ဖြစ်လာ​စေရန် ကျွန်ုပ်​တို့​ကူညီပေး​နိုင်​ခဲ့​သူများကို အဓိက​ဆိုလို​သလော။ မဟုတ်ပါ။ ထိုသို့​သာ​ဖြစ်​မည်​ဆိုလျှင် တုံ့ပြန်မှု​နည်းသော​ရပ်ကွက်​များ​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို နှစ်ချီ၍​တည်ကြည်​စွာ ဟောပြော​နေကြ​သော ချစ်ခင်​လေးစားဖွယ် သက်သေခံ​အားလုံး​အတွက် အလွန်​စိတ်ဓာတ်ကျ​စ​ရာ​ဖြစ်​ပေမည်။ အကယ်၍ ကျွန်ုပ်​တို့​သီး​သော​နိုင်ငံတော်​အသီး​က တပည့်​သစ်​များ​ကို​သာ ကိုယ်စား​ပြု​သည်​ဆိုလျှင် အလုပ်​ကြိုးစား​လုပ်ကြ​သော အဆိုပါ​သက်သေခံ​များသည် ယေရှု၏​ပုံ​ဥပမာ​ထဲ​မှ မ​သီး​မ​ပွင့်​သော အကိုင်းအခက်​များနှင့်​တူ​ပေမည်! ထိုသို့​လုံးဝ​မဟုတ်ပါ​လေ။ သို့​ဖြစ်​လျှင် ကျွန်ုပ်​တို့​ဓမ္မ​အမှု​၏ အဓိက​နိုင်ငံတော်​အသီး​ကား အဘယ်နည်း။

ဘုရားသခင့်​နိုင်ငံတော်​မျိုးစေ့ကြဲ​ဖြန့်​ခြင်း​ဖြင့် အသီး,သီးခြင်း

၁၀။ ယေရှု၏ ပျိုး​ကြဲ​သူနှင့် ခြားနား​သော​မြေ​အမျိုးအစား​ပုံ​ဥပမာ​က ဘုရားသခင့်​နိုင်ငံတော်​အသီး​သည် အဘယ်အရာ​ဖြစ်၍ အဘယ်အရာ​မဟုတ်​ကြောင်း မည်သို့​ဖော်ပြ​သနည်း။

၁၀ ယေရှု၏ ပျိုး​ကြဲ​သူနှင့် ခြားနား​သော​မြေ​အမျိုးအစား​ပုံ​ဥပမာ​က အဖြေပေး​ကာ—ယင်းသည် အသီးအပွင့်​နည်းသော​ရပ်ကွက်​များ​ရှိ သက်သေခံ​များ​အတွက် အားတက်ဖွယ်​အဖြေ​ဖြစ်သည်။ မျိုးစေ့​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင်​တွေ့ရ​သော နိုင်ငံတော်​သတင်း​ဖြစ်​ပြီး မြေ​မူ​ကား ပုံဆောင်​လူ့​နှလုံးသားကို ကိုယ်စား​ပြု​သည်​ဟု ယေရှု​မိန့်ဆိုခဲ့သည်။ အချို့​သော​အစေ့​သည် “ကောင်းသော​မြေ​၌​ကျ​သဖြင့် အပင်ပေါက်​၍ . . . အသီး,သီး​ကြ​၏။” (လုကာ ၈:၈) အဘယ်​အသီးကို​သီး​သနည်း။ ဂျုံပင်​တစ်ပင်​ပေါက်​လာပြီး ကြီးရင့်​လာသော​အခါ အသီး​အဖြစ် ဂျုံပင်​ပေါက်စ​များ​မဟုတ်ဘဲ မျိုးစေ့​အသစ်​ဖြစ်ပေါ်​လာ​သည်။ အလားတူ ခရစ်ယာန်​တစ်ဦး​သည် အသီး​အဖြစ် တပည့်​သစ်​များ​ကို​မဟုတ်ဘဲ နိုင်ငံတော်​မျိုးစေ့​အသစ် သီးပွင့်​ပါ​သည်။

၁၁။ ဘုရားသခင့်​နိုင်ငံတော်​အသီးကို မည်သို့​အဓိပ္ပာယ်​ဖွင့်​နိုင်​သနည်း။

၁၁ ထို့​ကြောင့် ဤ​တွင် အသီး​ဆို​သည်​မှာ တပည့်​အသစ်များ​မဟုတ်၊ ခရစ်ယာန်​အရည်အသွေးကောင်း​များလည်း မဟုတ်ပါ။ ကြဲ​ဖြန့်​သော​မျိုးစေ့​မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား​ဖြစ်သော​ကြောင့် အသီး​သည် ထို​မျိုးစေ့​ပွား​များ​သွားခြင်း ဖြစ်​ရ​ပေမည်။ ဤ​တွင် အသီး,သီးခြင်း​သည် ဘုရားသခင့်​နိုင်ငံတော်​အကြောင်း​ဟောပြောခြင်းကို ဆိုလို​သည်။ (မဿဲ ၂၄:၁၄) ကျွန်ုပ်​တို့၏​အခြေအနေ​သည် မည်သို့​ပင်​ရှိပါစေ ဤသို့ ဘုရားသခင့်​နိုင်ငံတော်​အသီး,သီးခြင်း​ဖြစ်သည့် နိုင်ငံတော်​သတင်းကောင်း​ကြွေးကြော်​ခြင်း​ကို ကျွန်ုပ်​တို့​ထမ်းဆောင်​နိုင်​ကြ​ပါသလော။ ထမ်းဆောင်​နိုင်​ပါ​သည်! သို့​ပြု​နိုင်​ကြောင်း အဆိုပါ​ပုံ​ဥပမာ​၌​ပင် ယေရှု​ရှင်းပြသည်။

ဘုရားသခင့်​ဘုန်းတော်​ထင်ရှား​ဖို့ ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး​ပြုခြင်း

၁၂။ ဘုရားသခင့်​နိုင်ငံတော်​အသီးကို ခရစ်ယာန်​အားလုံး​သီး​နိုင်​သလော။ ရှင်းပြပါ။

၁၂ “ကောင်းသော​မြေ​၌ အစေ့​ကြဲ​ခြင်း​အကြောင်းအရာ​ကား . . . အဆ​သုံး​ဆယ်၊ အဆ​ခြောက်​ဆယ်၊ အဆ​တစ်​ရာ​ပွား​များ​၍ အသီး,သီး​တတ်​သည်” ဟု​ယေရှု​မိန့်ဆိုခဲ့သည်။ (မဿဲ ၁၃:၂၃) လယ်ကွက်​ထဲ​ကြဲ​ထားသော​မျိုးစေ့​သည် အခြေအနေ​အရ အသီး​ဖြစ်ထွန်း​ပေမည်။ အလားတူ သတင်းကောင်း​ကြေညာ​ရာ​၌ ကျွန်ုပ်​တို့​လုပ်ဆောင်​နိုင်ရာ​သည် ကျွန်ုပ်​တို့၏​အခြေအနေ​အရ တူ​မည်​မဟုတ်ပါ၊ ယင်းကို ယေရှု​အသိအမှတ်ပြု ဖော်ပြ​သည်။ အချို့​တို့သည် အခွင့်အလမ်း​ပို​ရှိကြ​မည်; အခြားသူ​တို့​မူ ကျန်းမာ​ရေး​ပို​ကောင်း​၍ ပို​အားတက်သရော​ဖြစ်ပေမည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​တတ်နိုင်​ရာ​သည် အခြား​သူများ​နှင့်​နှိုင်းယှဉ်လျှင် ပို​များ​နိုင်​သည် သို့​မဟုတ် လျော့နည်း​နေနိုင်​သည်၊ သို့သော်လည်း ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး​ကို​ပြုလုပ်​နေလျှင် ယေဟောဝါ​နှစ်သက်​တော်​မူ​၏။ (ဂလာတိ ၆:၄) အသက်အရွယ်​ကြီးရင့်​နေခြင်း၊ ကျန်းမာ​ရေး​မကောင်းခြင်း​တို့​ကြောင့် ဟောပြောခြင်း​လုပ်ငန်း​၌ အကန့်အသတ်​ဖြင့်​ပါဝင်​ရ​လျှင်​ပင် ကျွန်ုပ်​တို့၏​သနား​ကြင်နာ​သော ခမည်းတော်၊ ယေဟောဝါ​သည် ‘များစွာသော​အသီးကို သီး​နေ’ သူ​တစ်ဦး​အဖြစ် ကျွန်ုပ်​တို့ကို​ရှုမြင်​မည်​အမှန်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကျွန်ုပ်​တို့သည် ကိုယ်တော်​အား ‘ကျွန်ုပ်​တို့​၌​ရှိသမျှ’ ဖြစ်သော စိုးလ်​အကြွင်းမဲ့ အမှုဆောင်​နေကြ​သောကြောင့်​ဖြစ်သည်။ *မာကု ၁၂:၄၃၊ ၄၄; လုကာ ၁၀:၂၇

၁၃။ (က) ကျွန်ုပ်​တို့ “ဆက်၍” နိုင်ငံတော်​အသီး,သီး​နေရ​သည့် အဓိက​အကြောင်း​ကား အဘယ်နည်း။ (ခ) တုံ့ပြန်မှု​နည်းသော​ရပ်ကွက်​များ​တွင် အဘယ်အရာက ကျွန်ုပ်​တို့ကို အသီး​ဆက်​သီး​စေမည်​နည်း။ (စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်​ကို​ရှု။)

၁၃ ဘုရားသခင့်​နိုင်ငံတော်​အသီးကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​သီး​ရ​ကြောင်း စိတ်​စွဲမှတ်​ထား​လျှင် နိုင်ငံတော်​အသီးကို မည်​၍​မည်မျှ​သီး​နိုင်​ပါစေ ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး “ဆက်၍ အသီးကို​သီး​နေ” ကြ​ရန် လှုံ့ဆော်​ခံရ​ကြ​ပါ​လိမ့်​မည်။ (ယောဟန် ၁၅:၁၆က​ဘ) အဓိက​အကြောင်းရင်းကို ယေရှု​ဤသို့​ဖော်ပြ​ခဲ့​သည်– “သင်တို့သည် များစွာသော​အသီးကို​သီး​သော​အားဖြင့် ငါ့​ခမည်းတော်​သည် ဘုန်းထင်ရှား​တော်​မူ” ၏။ (ယောဟန် ၁၅:၈) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​က လူသား​အပေါင်း​ရှေ့ ယေဟောဝါ​၏​နာမတော်​ကို သန့်ရှင်း​မြင့်မြတ်​စေ​၏။ (ဆာလံ ၁၀၉:၃၀) အသက် ၇၅ နှစ်​ခန့်​ရှိသော တည်ကြည်​သည့်​သက်သေခံ​တစ်ဦး​ဖြစ်သူ အော်​နာ​က ဤသို့​မှတ်ချက်ချ​သည်– “တုံ့ပြန်မှု​နည်းတဲ့​ရပ်ကွက်တွေမှာ​တောင် အမြင့်မြတ်ဆုံး​အရှင်ကို ကိုယ်စား​ပြု​ရတာ တကယ်​ဂုဏ်ယူ​စ​ရာ​ပဲ။” ၁၉၇၄ ခုနှစ်​ကတည်းက ထက်သန်​သော သက်သေခံ​တစ်ဦး​ဖြစ်​ခဲ့​သူ က​လော်​ဒီ​ယို​၏​ရပ်ကွက်တွင် နားထောင်သူ​နည်း​သော်လည်း အဘယ်ကြောင့် သူ​ဆက်​ဟောပြောနေ​ကြောင်း မေး​သူအား ယေရှု၏​ဤ​စကား​များ​ကို သူ​ကိုးကား​ပြ​ခဲ့​သည်– “ငါ့ကို​စေလွှတ်​တော်​မူ​သော သူ၏​အလိုတော်ကို​ဆောင်ခြင်း၊ သူ၏​အမှုတော်ကို​ပြီးစီး​ခြင်း​အမှုသည် ငါ့​စားစရာ​ဖြစ်၏။” က​လော်​ဒီ​ယို​က ဤသို့​ဆက်​ပြော​သည်– “ယေရှု​လို​ပဲ နိုင်ငံတော်​ကြွေးကြော်​သူ​တစ်ဦး​အဖြစ် ကျွန်တော့်​ရဲ့​လုပ်ငန်း​ကို အစ​ပြုပြီး အဆုံးတိုင်​ဆောင်ရွက်​ချင်​ပါ​တယ်။” (ယောဟန် ၁၇:၄) ကမ္ဘာ​တစ်ဝန်း​မှ ယေဟောဝါသက်သေ​များလည်း ယင်းကို​သဘောတူ​ကြ​ပါ​သည်။—“စာမျက်နှာ ၂၁ ပါ‘ခံနိုင်ရည်​ဖြင့်​အသီး,သီး’ နိုင်​ပုံ” လေးထောင့်ကွက်​ကို​ရှု။

ဟောပြော​၍ သွန်သင်​ရန်

၁၄။ (က) နှစ်ခြင်း​ဆရာ​ယောဟန်​နှင့် ယေရှု၏​လုပ်ငန်း​တွင် အဘယ်​ရည်ရွယ်ချက်​နှစ်ခု​ရှိ​သနည်း။ (ခ) မျက်မှောက်ခေတ် ခရစ်ယာန်​လုပ်ငန်း​ကို သင်​မည်သို့​ဖော်ပြ​မည်​နည်း။

၁၄ ခရစ်ဝင်​ကျမ်း​များ​တွင် ဖော်ပြ​ထားသော ပထမဦးဆုံး​နိုင်ငံတော်​ကြွေးကြော်​သူ​မှာ နှစ်ခြင်း​ဆရာ​ယောဟန်​ဖြစ်သည်။ (မဿဲ ၃:၁၊ ၂; လုကာ ၃:၁၈) သူ၏​အဓိက​ရည်ရွယ်ချက်မှာ “သက်သေခံခြင်း​ငှာ” ဖြစ်၍ “လူအပေါင်း​တို့သည် . . . ယုံကြည်ခြင်း​သို့​ရောက်မည်” ဟု​အပြည့်အဝ​ယုံကြည်၊ မျှော်လင့်​လျက် ထိုသို့​သူ​ပြုလုပ်​ခဲ့​သည်။ (ယောဟန် ၁:၆၊ ၇) အမှန်​မှာ ယောဟန်​ဟောပြောခဲ့​သူ​အချို့​သည် ခရစ်တော်​၏​တပည့်​များ ဖြစ်လာ​ခဲ့​ကြသည်။ (ယောဟန် ၁:၃၅-၃၇) ထို့​ကြောင့် ယောဟန်​သည် ဟောပြောသူ​လည်း​ဖြစ် တပည့်​ဖြစ်စေ​ခဲ့​သူလည်း​ဖြစ်သည်။ ယေရှုသည်​လည်း ဟောပြော၊ သွန်သင်သူ​တစ်ဦး​ဖြစ်သည်။ (မဿဲ ၄:၂၃; ၁၁:၁) သို့​ဖြစ်၍ ယေရှုသည် နိုင်ငံတော်​သတင်း​ဟောပြော​ရုံ​မ​က ယင်းကို​လက်ခံသူ​များ တပည့်​များ​ဖြစ်လာ​စေရန် ကူညီ​ပေးဖို့ မိမိ၏​နောက်လိုက်​များ​ကို မိန့်မှာ​ခဲ့​ခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပါ။ (မဿဲ ၂၈:၁၉၊ ၂၀) ထို့​ကြောင့် ယနေ့ ကျွန်ုပ်​တို့၏​လုပ်ငန်း​သည် ဟောပြောခြင်း​နှင့် သွန်သင်ခြင်း ပေါင်းစပ်​ထားသော​လုပ်ငန်း​ဖြစ်သည်။

၁၅။ စီ.အီး. ပထမ​ရာစု​နှင့် မျက်မှောက်ခေတ်တွင်​ပြုလုပ်​နေသော ဟောပြောခြင်း​လုပ်ငန်း​ကို​တုံ့ပြန်​ပုံ​၏ ဆင်တူချက်​ကား အဘယ်နည်း။

၁၅ စီ.အီး. ပထမ​ရာစု​တွင် ပေါလု​ဟောပြော​၍ သွန်သင်​သည်ကို “အချို့​တို့သည် . . . ယုံကြ​၏။ အချို့​တို့သည် မယုံ​ဘဲ​နေကြ၏။” (တမန်​တော် ၂၈:၂၄) ယနေ့လည်း ထပ်တူ​ဖြစ်သည်။ နိုင်ငံတော်​မျိုးစေ့​အများစု​သည် ယင်းကို​လက်မခံနိုင်​သော​မြေပေါ်​သို့ ကျ​သွား​သည့်​အတွက် ဝမ်းနည်းစရာ​ဖြစ်သည်။ သို့သော်လည်း မျိုးစေ့​အချို့​သည် ယေရှု​ကြို​ဟောခဲ့​သည့်​အတိုင်း ကောင်းသော​မြေပေါ်​ကျ​ပြီး အမြစ်စွဲ​၍ အပင်ပေါက်​လေ​၏။ အမှန်​မှာ ကမ္ဘာ​တစ်ဝန်း​တွင် တစ်ပတ်​လျှင် ပျမ်းမျှ​လူ ၅,၀၀၀ ကျော်​တို့သည် ယေရှု၏​တပည့်စစ်​များ​ဖြစ်လာ​နေကြ​သည်! လူအများစု​ဖြစ်သော အခြားသူများ​က မယုံကြ​သော်လည်း ဤ​တပည့်​သစ်​များ​မှာ​မူ “ယုံကြ​၏။” သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို အဘယ်ကြောင့်​လက်ခံ​နိုင်​ကြ​သနည်း။ အများအားဖြင့် သက်သေခံ​များ​တင်ပြသော ပုဂ္ဂိုလ်ရေး​စိတ်ဝင်စားမှု—ကြဲ​ပြီး​ခါ​စ​မျိုးစေ့ကို ရေလောင်း​ပေးခြင်း—က အကြောင်း​ထူး​စေ​သည်။ (၁ ကောရိန္သု ၃:၆) ပုံ​နမူနာ​များစွာ​ထဲ​မှ နှစ်ခု​ကို​သာ သုံးသပ်ကြည့်​ပါ။

ပုဂ္ဂိုလ်ရေး​စိတ်ဝင်စားမှု​က အကြောင်း​ထူး​စေ

၁၆၊ ၁၇။ ကျွန်ုပ်​တို့၏​ဓမ္မ​အမှု၌ တွေ့ဆုံ​ရသူများကို အဘယ်ကြောင့် ပုဂ္ဂိုလ်ရေး​စိတ်ဝင်စားမှု​ပြဖို့ အရေးကြီး​သနည်း။

၁၆ ဘယ်လ်ဂျီယံ​နိုင်ငံ​မှ ကယ်ရိုလင်း​အမည်​ရှိ သက်သေခံ​လူငယ်​တစ်ဦး​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို စိတ်ဝင်စားမှု​မပြ​သော အသက်​ကြီးရင့်​သူ အမျိုးသမီး​တစ်ဦးထံ ရောက်သွား​ခဲ့​သည်။ ထို​အမျိုးသမီး​၏​လက်​သည် ပတ်တီး​စည်းထား​သဖြင့် ကယ်ရိုလင်း​နှင့် သူ၏​အဖော်​က အကူအညီ​ပေး​ရန်​ကမ်း​လှမ်း​ခဲ့​သော်လည်း သူက လက်မခံခဲ့​ပါ။ နှစ်​ရက်​အကြာတွင် ထို​အမျိုးသမီး​အိမ်​သို့ အဆိုပါ​သက်သေခံ​များ​ပြန်သွား​ကြ​ပြီး သူ၏​အခြေအနေ​ကို မေးမြန်းခဲ့​ကြသည်။ “အဲဒါ​က အကြောင်း​ထူး​စေ​ခဲ့တယ်” ဟု​ကယ်ရိုလင်း​ပြောပြ​သည်။ “ကျွန်မ​တို့ သူ့ကို​တကယ် စိတ်ဝင်စား​တာ​ကို​တွေ့​တော့ သူ​အံ့ဩ​သွားတယ်။ ကျွန်မ​တို့ကို သူ့​အိမ်ထဲ​ဖိတ်ခေါ်​ပြီး သူနဲ့​ကျမ်းစာ​သင်အံမှု စ​နိုင်​ခဲ့တယ်။”

၁၇ အမေရိကန်​ပြည်ထောင်စု​မှ သက်သေခံ​တစ်ဦး​ဖြစ်သူ စဲန်​ဒီ​သည်လည်း သတင်းကောင်း​ဟောပြော​သည့်​အခါ နားထောင်သူ​များ​ကို ပုဂ္ဂိုလ်ရေး​စိတ်ဝင်စားမှု​တင်ပြ​သည်။ ဒေသခံ​သတင်းစာ​တွင် မီးဖွား​သည့်​ကြော်ငြာ​များ​ကို​ကြည့်​ပြီး​နောက် ကျွန်ုပ်​၏​ကျမ်းစာ​ပုံပြင်​စာအုပ် *နှင့် ထို​မိဘ​ဖြစ်​ခါ​စ​သူများ​ထံ လည်ပတ်​လေ​သည်။ မိခင်​ဖြစ်သူ​မှာ အိမ်​၌​ရှိ​တတ်​ပြီး ဧည့်သည်​များ​အား သူ၏​မွေးကင်းစ​ကလေး​ကို​ပြ​ချင်​သည်​ဖြစ်​ရာ စကားစမြည်​ပြော​ခွင့်​ရလေ့​ရှိသည်။ စဲန်​ဒီ​ဤသို့​ရှင်းပြသည်– “စာဖတ်ခြင်း​အားဖြင့် မွေးကင်းစ​ကလေး​နဲ့ နှောင်ကြိုး​ဖွဲ့​ဖို့​အရေးကြီးတဲ့​အကြောင်း မိဘတွေကို ကျွန်မ​ပြောပြ​တယ်။ ပြီး​တော့ အခု​ဒီ​လောကကြီး​မှာ ကလေး​တစ်ယောက်ကို ပြုစု​ပျိုးထောင်​ဖို့ တကယ်​ခက်​တဲ့​အကြောင်း​ပြောပြ​တယ်။” ဤသို့​လည်ပတ်​ခဲ့​ခြင်း​ကြောင့် မကြာသေးမီ​က မိခင်​တစ်ဦး​နှင့် သူ၏​ကလေး​ခြောက်​ဦး​တို့သည် ယေဟောဝါ​အား​ဝတ်ပြုသူ​များ​ဖြစ်လာ​ကြသည်။ ကျွန်ုပ်​တို့၏​ဓမ္မ​အမှု​တွင် အစပြု​လုပ်ဆောင်​ပြီး ပုဂ္ဂိုလ်ရေး​စိတ်ဝင်စားမှု​ပြ​လျှင် အလားတူ​ပျော်ရွှင်မှု​များ ရနိုင်​ပါ​သည်။

၁၈။ (က) ‘များစွာသော​အသီးကို​သီး’ ပါ​ဟူသော လိုအပ်ချက်​ကို ကျွန်ုပ်​တို့အားလုံး အဘယ်ကြောင့်​ပြည့်မီ​နိုင်​သနည်း။ (ခ) ယောဟန်​ခရစ်ဝင်​ကျမ်း​ပါ တပည့်ဖြစ်​ခြင်း​နှင့်​ဆိုင်သော အဘယ်​လိုအပ်ချက်​သုံးခု​ကို ပြည့်မီ​ဖို့ သင်​ဆုံးဖြတ်ထား​သနည်း။

၁၈ ‘များစွာသော​အသီးကို သီး​နေလော့’ ဟု​တောင်းဆို​ထား​သည့်​အတိုင်း ကျွန်ုပ်​တို့​ပြုလုပ်​နိုင်​ကြောင်း​သိရ​ခြင်း​သည် အမှန်တကယ်​အားရှိစရာ​ပင်! လူကြီး​ဖြစ်စေ လူငယ်​ဖြစ်စေ၊ ကျန်းမာ​ရေး​ကောင်း​သူ​ဖြစ်စေ၊ မကောင်း​သူ​ဖြစ်စေ၊ သတင်းတရား​လက်ခံသော​ရပ်ကွက်​၌ သို့​မဟုတ် လက်မခံ​သော​ရပ်ကွက်​၌ ဟောပြော​သည်​ဖြစ်စေ ကျွန်ုပ်​တို့အားလုံး အသီးများစွာ သီး​နိုင်​ကြ​ပါ​သည်။ မည်သို့​အားဖြင့်​နည်း။ ဝိညာဉ်​အသီးများ​ကို အတတ်နိုင်ဆုံး​များများ​သီး​ပြီး ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ဟောပြောခြင်း​အားဖြင့်​ဖြစ်သည်။ တစ်ချိန်တည်း​တွင် ကျွန်ုပ်​တို့သည် ‘ယေရှု၏​တရား၌ တည်​နေ’ ၍ ‘အချင်းချင်းချစ်​ကြ’ ရန်​ကြိုးစား​ကြ​ခြင်း​ဖြင့်​ဖြစ်သည်။ မှန်​ပါ​၏၊ ယောဟန်​ခရစ်ဝင်​ကျမ်း​တွင်​ဖော်ပြ​ထားသော တပည့်ဖြစ်​ခြင်း​နှင့်​ဆိုင်​သည့် ဤ​အရေးပါသော လိုအပ်ချက်​သုံးခု​ကို ပြည့်မီခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် “[ခရစ်တော်​၏] တပည့်​အမှန်​ဖြစ်” ကြောင်း သက်သေထူ​ကြသည်။—ယောဟန် ၈:၃၁; ၁၃:၃၅

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 ထို​ပုံ​ဥပမာ​ထဲ​မှ စပျစ်​ကိုင်း​များသည် ယေရှု၏​တမန်​တော်​များနှင့် ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​အမွေခံ​မည့် အခြား​ခရစ်ယာန်​များ​ကို ရည်ညွှန်း​သော်လည်း ယင်း​ပုံ​ဥပမာ​တွင် ခရစ်တော်​၏ မျက်မှောက်ခေတ်​နောက်လိုက်​အားလုံး အကျိုး​ခံစား​နိုင်သော အမှန်တရား​များ ပါရှိ​သည်။—ယောဟန် ၃:၁၆; ၁၀:၁၆

^ အပိုဒ်၊ 12 အသက်​ကြီးရင့်​ခြင်း သို့​မဟုတ် ဖျားနာခြင်း​ကြောင့် အိမ်တွင်း​အောင်း​နေရသူ​များသည် စာရေး​ခြင်း​ဖြင့် သို့​မဟုတ် အခွင့်သာ​လျှင် တယ်လီဖုန်း​ဖြင့် သက်သေ​ခံနိုင်​ကြသည်၊ သို့​မဟုတ် အလည်​လာ​သူများကို သတင်းကောင်း​ဟောပြောနိုင်​သည်။

^ အပိုဒ်၊ 17 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့။

ပြန်လည်​သုံးသပ်ရန်​မေးခွန်းများ

• အဘယ်​အသီး​မျိုးကို ကျွန်ုပ်​တို့ လှိုင်လှိုင်​သီး​ဖို့​လို​သနည်း။

• “များစွာသော​အသီးကို​သီး” ခြင်း​ပန်းတိုင်​ကို အဘယ်ကြောင့် ကျွန်ုပ်​တို့ လက်လှမ်းမီ​နိုင်​သနည်း။

• ယောဟန်​ခရစ်ဝင်​ကျမ်း​၌​ပါ​သော တပည့်ဖြစ်​ခြင်း​နှင့်​ဆိုင်​သည့် အဘယ်​အရေးကြီးသော လိုအပ်ချက်​ချက်​သုံးခု​ကို ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ကြပြီ​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

‘ခံနိုင်ရည်​ဖြင့်​အသီး,သီး’ နိုင်​ပုံ

တုံ့ပြန်မှု​နည်းသော​ရပ်ကွက်​များ​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို တည်ကြည်​စွာ ဆက်​ဟောပြောရန် သင့်​အား အဘယ်အရာက ထောက်ကူ​ပေး​သနည်း။ ဤ​မေးခွန်း​အတွက် အထောက်အကူ​ပြုသော အဖြေ​အချို့​မှာ ဤသို့​ဖြစ်သည်။

“ရပ်ကွက်မှာ ဘယ်လိုပဲ​တုံ့ပြန်​ကြ​ပါစေ ယေရှုရဲ့ အကြွင်းမဲ့​ထောက်မမှုကို ကျွန်တော်​တို့ ရရှိ​ထား​တယ်​ဆိုတာ သိထားခြင်းက အကောင်းမြင်​စေပြီး ဇွဲရှိ​စေတယ်။”—ဟယ်ရီ၊ အသက် ၇၂ နှစ်; ၁၉၄၆ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

၂ ကောရိန္သု ၂:၁၇ က ကျွန်တော့်​ကို အမြဲ​အားရှိစေတယ်။ အဲဒီမှာ ကျွန်တော်​တို့​ဟာ ‘ဘုရားသခင့်​ရှေ့တော်၌ ခရစ်တော်​နှင့်အတူ’ ဓမ္မ​အမှုမှာ​ပါဝင်​ကြတယ်​လို့​ဆို​ထား​ပါ​တယ်။ အမှုဆောင်ထွက်​တဲ့​အခါ အကောင်းဆုံး​မိတ်ဆွေတွေနဲ့​အတူ​ရှိနေလို့ ကျွန်တော်​ပျော်​တယ်။”—က​လော​ဒီ​ယို၊ အသက် ၄၃ နှစ်; ၁၉၇၄ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“ပွင့်ပွင့်လင်းလင်း​ပြော​ရ​ရင် ဟောပြောခြင်း​လုပ်ငန်းဟာ ကျွန်တော်​ကြိုးစား​ရုန်းကန်​ရတဲ့ လုပ်ငန်း​တစ်ခု​ဖြစ်တယ်။ ဒါပေမဲ့ ‘အကျွန်ုပ်၏​ဘုရားသခင်​အားဖြင့် မြို့ရိုး​ကို ခုန်​လွှား​ခြင်း​ပြု​နိုင်​ပါ​၏’ ဆို​တဲ့ ဆာလံ ၁၈:၂၉ မှာပါတဲ့​စကား​မှန်တယ်​ဆိုတာ ကျွန်တော့်​ကိုယ်တွေ့​ပါ​ပဲ။”—ဂဲ​ရက်​ဒ်၊ အသက် ၇၉ နှစ်; ၁၉၅၅ တွင် နှစ်ခြင်း​ခံ​ခဲ့။

“အမှုဆောင်ထွက်​တဲ့​အခါ ကျမ်းချက်​တစ်ချက်​လောက်​ကိုပဲ ဖတ်ပြ​နိုင်​ခဲ့​ပါစေ အနည်းဆုံး​လူတစ်ယောက်ရဲ့​နှလုံးကို သမ္မာကျမ်းစာ​နဲ့​ဆန်းစစ်​စေနိုင်​ခဲ့​တာ​ကို ကျွန်မ​ကျေနပ်​တယ်။”—အယ်​လ်​နာ၊ အသက် ၂၆ နှစ်; ၁၉၈၉ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“ချဉ်းကပ်​နည်း​အမျိုးမျိုးကို ကျွန်တော်​သုံး​ကြည့်​နေတယ်။ ချဉ်းကပ်​နည်း​တွေ​များ​လွန်းလို့ ကျွန်တော့်​ဘဝရဲ့​ကျန်​တဲ့​နှစ်တွေ​မှာ အဲဒါတွေ​အားလုံး​ကို သုံး​လို့​ကုန်​နိုင်​မှာ​မဟုတ်ဘူး။”—ပေါလ်၊ အသက် ၇၉ နှစ်; ၁၉၄၀ တွင်​နှစ်ခြင်း​ခံ​ခဲ့။

“အပျက်သဘော​နဲ့​တုံ့ပြန်​တာတွေကို ကျွန်တော်​ဗွေ​မယူ​ဘူး။ လူတွေကို ရင်းနှီး​လွတ်လပ်တဲ့​နည်းနဲ့ ချဉ်းကပ်​ပြီး သူတို့နဲ့​စကားစမြည်​ပြော​တဲ့​အခါ သူတို့ရဲ့​အမြင်ကို​နားထောင်​ပေးဖို့ ကျွန်တော်​ကြိုးစား​တယ်။”—ဒယ်နီယယ်​လ်၊ အသက် ၇၅ နှစ်; ၁၉၄၆ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့။

“နှစ်ခြင်း​ခံယူ​ခါ​စ​လူသစ်​တချို့က သူတို့​သက်သေခံ​ဖြစ်လာ​တဲ့​ကိစ္စ​မှာ ကျွန်မ​ရဲ့​ဟောပြောခြင်း​လုပ်ငန်း တစ်စိတ်​တစ်ပိုင်း​ပါဝင်​တယ်လို့ ကျွန်မ​ကိုလာ​ပြော​တယ်။ ကျွန်မ,မသိ​လိုက်တာ​က တစ်ဦး​တစ်ယောက်​က နောက်ပိုင်း​မှာ သူတို့နဲ့​ကျမ်းစာ​လေ့လာ​ပြီး တိုးတက်​အောင် ကူညီပေး​ခဲ့​တာ​တဲ့။ ကျွန်မ​တို့​ရဲ့​ဓမ္မ​အမှု​ဟာ ပူးပေါင်း​ဆောင်ရွက်​ကြ​တဲ့​လုပ်ငန်း​ဖြစ်​လို့ ပျော်ရွှင်​မိ​ပါ​တယ်။”—ဂျို​အဲ​န်း၊ အသက် ၆၆ နှစ်; ၁၉၅၄ ခုနှစ်​တွင်​နှစ်ခြင်း​ခံ​ခဲ့။

‘ခံနိုင်ရည်​ဖြင့်​အသီး,သီး’ ရန် သင့်​အား အဘယ်အရာက​ထောက်ကူ​ပေး​သနည်း။—လုကာ ၈:၁၅

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဝိညာဉ်​အသီးကို​သီးခြင်း၊ ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်းကို ကြေညာ​ခြင်း​အားဖြင့် ကျွန်ုပ်​တို့​အသီးများစွာ​သီး​ကြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

‘များစွာသော​အသီးကို သီး​နေလော့’ ဟူ၍ တမန်​တော်​များ​အား မိန့်တော်မူသော​အခါ ယေရှု​အဘယ်အရာကို​ဆိုလို​သနည်း