မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝေဒနာ မီးလောင်တိုက်အတွင်း စမ်းသပ်ခံရခြင်း

ဝေဒနာ မီးလောင်တိုက်အတွင်း စမ်းသပ်ခံရခြင်း

ဘဝ​အတ္ထုပ္ပတ္တိ

ဝေဒနာ မီးလောင်​တိုက်​အတွင်း စမ်းသပ်ခံ​ရခြင်း

ပါရီ​က​လီဇ် ယာ​နော​ရီ​ဇ် ပြောပြ​သည်

မှို​စော်နံ​နေတဲ့ အကျဉ်းခန်း​ရဲ့​စိုထိုင်း​မှု​က ကျွန်တော့်​အရိုး​ထိ အေးစိမ့်​သွား​စေပါ​တယ်။ စောင်​ပါး​လေး​ခြုံ​ပြီး တစ်ယောက်​ထဲ ထိုင်​နေရင်း လွန်ခဲ့တဲ့​နှစ်​ရက်​က​အဖြစ်ကို ကျွန်တော်​မြင်ယောင်​နေတုန်းပဲ၊ စစ်မှုထမ်း​တွေ ကျွန်တော့်​ကို အိမ်ထဲ​က ဆွဲထုတ်​ခေါ်သွား​ချိန်မှာ ကျွန်တော်​တို့​ရဲ့ ချူချာ​တဲ့​ကလေးငယ်​နှစ်ယောက်​နဲ့ ကျန်ရစ်​ခဲ့​တဲ့ ကျွန်တော့်​ကို​ကြည့်​နေတဲ့ ငယ်ရွယ်​သေး​တဲ့​ဇနီး​ရဲ့ ခံစားချက်​ကင်း​တဲ့​မျက်နှာကို မြင်ယောင်​ဆဲ​ပါ​ပဲ။ နောက်ပိုင်း​မှာ ကျွန်တော်​နဲ့​ယုံကြည်ခြင်း​မတူတဲ့ ဇနီး​က “ရှ​င့်​အတွက် ဒီ​ကိတ်မုန့်​တွေ​ပို့​လိုက်တယ်၊ ရှ​င့်​ကလေး​တွေ​လို ရှင်​လည်း​ဖျားနေ​ပါစေ” ဆိုပြီး စာတို​တစ်စောင်​နဲ့ ချောထုပ်​တစ်ထုပ်​ပို့​တယ်။ မသေ​ဘဲ မိသားစုနဲ့​ပြန်​ဆုံ​နိုင်​ပါ့​မလား။

အဲဒါ​က ခရစ်ယာန်​ယုံကြည်ခြင်း​အတွက် ခက်ခက်ခဲခဲ ကြာရှည်​တိုက်လှန်​ခဲ့​ရချိန်​က ဖြစ်ရပ်​လေး​တစ်ခု​ပါ၊ အဲ့ဒီ​ဆိုင်ပြိုင်​တွန်းလှန်​မှု​အထဲမှာ မိသားစု​ဆန့်ကျင်မှု၊ အသိုင်းအဝိုင်း​မှ ကြ​ဉ်​ထား​ခံရ​ခြင်း၊ အမှုအခင်း​တွေ​နဲ့ ပြင်းပြင်းထန်ထန် နှိပ်စက်​ညှဉ်းပန်း​ခံရ​တာ​တွေ​ပါဝင်​တယ်။ ဒါပေမဲ့ အေးအေးဆေးဆေး​နေတတ်​ပြီး ဘုရားသခင်​ကို​ကြောက်ရွံ့​သူ​တစ်ဦး​ဖြစ်​တဲ့ ကျွန်တော်​ဟာ ဒီလို​စိတ်ပျက်​စ​ရာ​အခြေအနေ​မျိုးမှာ ဘယ်လို​နဲ့ ဘာကြောင့် ဇာတ်သိမ်း​ရတာလဲ။ ရှင်းပြ​ခွင့်ပြု​ပါ။

မြင့်မားသော​ရည်မှန်းချက်​ရှိ ဆင်းရဲ​နုံ​ချာ​သူ​လူ​မ​မည်​လေး

၁၉၀၉ ခုနှစ်၊ ခရိ​ကျွန်း၊ စ​တာ​ဗရို​မိ​နို​ရွာမှာ ကျွန်တော့်​ကို​မွေးဖွား​ခဲ့​ချိန်​က တစ်​တိုင်းပြည်​လုံး​စစ်တိုက်​နေပြီး ဆင်းရဲ​ငတ်ပြတ်​နေတယ်။ နောက်ပိုင်း​မှာ ကျွန်တော့်​မွေးချင်း​လေးယောက်​နဲ့ ကျွန်တော်​ဟာ စပိန်​တုပ်ကွေး​ရဲ့​ဒဏ်​ကနေ သီ​သီ​ကလေး​လွတ်​ခဲ့တယ်။ ကျွန်တော်​တို့​ရဲ့​မိဘတွေက ကျွန်တော်​တို့ တုပ်ကွေး​ကူး​မှာ​စိုးလို့ အိမ်ပြင်​ပေး​မ​ထွက်​ဘဲ အပတ်​နဲ့​ချီ သော့​ပိတ်​ထား​တာ​မှတ်မိ​သေး​တယ်။

ဆင်းရဲ​တဲ့ လယ်သမား​ဖြစ်​တဲ့ ကျွန်တော်​တို့​အဖေဟာ ဘာသာရေး တကယ်​ကိုင်းရှိုင်း​ပေမဲ့ သဘောထားကြီး​တဲ့​သူ​ဖြစ်တယ်။ ပြင်သစ်​နဲ့ မာ​ဒတ်​ဂါ​စကား​မှာ နေထိုင်ခဲ့​ဖူး​လို့ ဘာသာရေး​နဲ့​ပတ်သက်ပြီး တိုးတက်​တဲ့​အယူအဆ​တွေ​ကို ကြားဖူး​နား​ဝ​ရှိခဲ့တယ်။ ဒါပေမဲ့​လည်း ကျွန်တော်​တို့​မိသားစုက ဂရိ​သြသဒေါက်စ်ချာ့ခ်ျ​ကို မစွန့်​ဘဲ တနင်္ဂနွေ​နေ့တိုင်း မားစ်ပွဲ​တက်တယ်၊ နှစ်စဉ် ဒေသခံ​ဂိုဏ်းအုပ်​ဘုန်းကြီး လည်ပတ်​လာတဲ့အခါ ကျွန်တော်​တို့​အိမ်မှာ​ပဲ​တည်းတယ်။ ချာ့ခ်ျ​ဓမ္မတေး​သီဆို​အဖွဲ့မှာ ကျွန်တော်​ပါဝင်​ပြီး ကျွန်တော့်​ဘဝ​ရည်မှန်းချက်​က ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး​ဖြစ်​ဖို့​ပဲ။

၁၉၂၉ ခုနှစ်​မှာ ရဲတပ်ဖွဲ့​ထဲ ကျွန်တော်​ဝင်​လိုက်တယ်။ အဖေ​ဆုံး​တဲ့​အချိန်​မှာ ဂရိ​နိုင်ငံ​မြောက်ပိုင်း၊ သက်​စ​လို​နီ​ကာ​မြို့မှာ ကျွန်တော်​တာဝန်ကျ​နေတယ်။ စိတ်သက်သာရာ​နဲ့ ဝိညာဉ်​ရေး​အလင်း ရှာတွေ့နိုင်​ဖို့ အဲ​သော့​စ်​တောင် ရဲတပ်ဖွဲ့​ကို ကျွန်တော်​တောင်း​ပြောင်း​ခဲ့တယ်၊ အဲဒီ​တောင်​ကို “သန့်ရှင်းသော​တောင်” ဆိုပြီး အနီးအနား ခရစ်ယာန်​ဘုန်းကြီး​ကျောင်း​ရပ်ကွက်​ရှိ ဩသ​ဒေါ​က်စ်​ခရစ်ယာန်​တွေ​က ကြည်ညို​ကိုင်းရှိုင်း​ကြတယ်။ * အဲဒီမှာ လေးနှစ်​လောက်​တာဝန်​ထမ်း​ပြီး အဲဒီ​ကျောင်း​က​သူတွေရဲ့​ဘဝကို အနီးကပ်​လေ့လာ​တယ်။ အဲ့​ဒါ​ကြောင့် ဘုရားသခင်​နဲ့​ပို​နီးစပ်​လာမယ့်​အစား သူတို့တွေ​ရဲ့ ဗြောင်ကျကျ​အကျင့်​ယိုယွင်းမှု​နဲ့ ဖောက်ပြန်မှု​တွေ​ကို​တွေ့​ပြီး ထိတ်လန့်​သွားတယ်။ အထူးသဖြင့် ကျွန်တော်​ကြည်ညို​ခဲ့​တဲ့ ချာ့ခ်ျ​ဓမ္မ​ပညာ​ကျောင်းအုပ်​တစ်ယောက်​က သူနဲ့​စပ်ယှက်​ဖို့ ကျွန်တော့်​ကို လာ​သွေးဆောင်​တဲ့​အခါ အရမ်း​ရွံရှာ​သွားတယ်။ ဒီလို​စိတ်ပျက်​ခဲ့​ရပေမဲ့​လည်း ဘုရားသခင်​ရဲ့​အမှုတော်ကို​ဆောင်​နိုင်​ဖို့ ချာ့ခ်ျ​ဘုန်းကြီး​ဖြစ်ချင်​ဆဲ​ပဲ။ ချာ့ခ်ျ​ဘုန်းကြီး​ဝတ်ရုံနဲ့ ဓာတ်​ပုံ​တောင်​ရိုက်​ခဲ့​သေး​တယ်။ နောက်ဆုံး​တော့ ခရိ​ကျွန်း​ကို ပြန်ပြောင်း​လာခဲ့တယ်။

“သူက နတ်ဆိုး​ပဲ!”

၁၉၄၂ ခုနှစ်​မှာ ဂုဏ်​သိက္ခာ​ရှိတဲ့​မိသားစုက သိပ်​လှတဲ့​မိန်းကလေး​ဖရို​စီ​နီ​ကို ကျွန်တော်​လက်ထပ်ခဲ့​တယ်။ ကျွန်တော့်​ဇနီး​ရဲ့​မိသားစုဟာ ဝတ်ပြုရေးမှာ အရမ်း​ကိုင်းရှိုင်း​တဲ့​သူတွေ​ဖြစ်​တဲ့​အတွက် ချာ့ခ်ျ​ဘုန်းကြီး​ဖြစ်​ဖို့ ကျွန်တော့်​ဆုံးဖြတ်ချက်​က အိမ်ထောင်​ကျ​ပြီး​မှ​တောင် ပို​ပြင်းထန်​လာတယ်။ * ဒါနဲ့​အေ​သင်​မြို့မှာ ကျမ်းစာ​သင်​ကျောင်း​သွား​တက်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ၁၉၄၃ ခုနှစ်​ကုန်ပိုင်း​မှာ ခရိ​ကျွန်း၊ အစ်​ရေ​ခ်လီ​အန်​သင်္ဘောဆိပ်​ကို​သွားပေ​မဲ့ အေ​သင်​မြို့ကို မ​ရောက်​ဘူး။ ဘာကြောင့်လဲ​ဆိုတော့ ဒီ​အတောအတွင်း ဝိညာဉ်​ရေး​အားသစ်​တွေ တက်လာ​လို့​ပါ​ပဲ။ ဘာဖြစ်​ခဲ့လို့​လဲ။

ယေဟောဝါသက်သေ​တွေ​နဲ့​ပူးပေါင်း​ပြီး လုံ့လ​ရှိ​ရှိ​ဟောပြောနေတဲ့​လူငယ် အမန္နဝဲလ် လီ​အို​နူ​ဒါ​ကိစ်​ဟာ ခရိ​တစ်လျှောက်​လုံး သမ္မာကျမ်းစာ​အမှန်တရား​အလင်း​ကို သွန်သင်ပေး​နေတာ နှစ်​အနည်းငယ်​ရှိနေပြီ။ * ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို သက်သေခံတွေ ရှင်းလင်း​ပြ​တာ​ကို လူ​အချို့​သဘောကျ​ပြီး အယူ​လွဲ​ဝတ်ပြုမှု​ကို စွန့်လွှတ်​ခဲ့​ကြတယ်။ မ​နီး​မ​ဝေး​မှာ​ရှိတဲ့​စီတီ​အာ​မြို့မှာ စိတ်​ထက်သန်​တဲ့​သက်သေခံ​အုပ်စု​တစ်စု ဖွဲ့စည်းထား​တယ်။ အဲ့​ဒါကို တစ်ချိန်က အမေရိကန်မှာ နေခဲ့​ဖူး​တဲ့ ဒေသခံ​ဂိုဏ်းအုပ်​ဘုန်းကြီး​က မကြိုက်ဘူး။ ယေဟောဝါသက်သေ​တွေ ဟောပြောကြ​တာ ဘယ်လောက်ထိ​ရောက်တယ်​ဆိုတာ​ကို သူသိ​ထား​လို့​ဖြစ်တယ်။ သူ့​နယ်မြေ​က ဒီ “အယူ​လွဲ​သူ” တွေ​ကို​ချေမှုန်း​ပစ်​ဖို့ သူ​ဆုံးဖြတ်ထား​တယ်။ ဒါနဲ့​ပဲ သူ​လှုံ့ဆော်ပေး​လို့ ရဲတွေ​က သက်သေခံတွေကို တရားရုံး​ရှေ့​မတရား​စွပ်စွဲ​ပြီး ထောင်​ထဲ​အမြဲ​ဆွဲခေါ်​သွား​ကြတယ်။

အဲ့ဒီ​သက်သေခံတွေ​ထဲ​က​တစ်ယောက်​က ကျွန်တော့်​ကို ကျမ်းစာ​အမှန်တရား ကြိုးစား​ရှင်းပြတယ်၊ ဒါပေမဲ့ ကျွန်တော်​စိတ်မဝင်စား​ဘူးလို့ သူ​ထင်​ခဲ့တယ်။ ဒါနဲ့ အတွေ့အကြုံ​ပို​ရှိတဲ့ ဓမ္မ​အမှုဆောင်​တစ်ဦး​ကို ကျွန်တော့်​ဆီ​လွှတ်လိုက်တယ်။ ကျွန်တော်​ခပ်​ပြတ်​ပြတ်​စကားပြော​လိုက်တဲ့​အတွက် ဒုတိယ​သက်သေခံ​က​လည်း သူတို့​လူစု​လေး​ကို “ပါရီ​က​လီဇ်​တော့ သက်သေခံ​မဖြစ်​လာနိုင်​ဘူး။ သူက နတ်ဆိုး​ပဲ!” လို့ သတင်းပို့​ခဲ့တယ်။

ပထမ​အကြိမ် အတိုက်အခံပြု​ခံရ

ဘုရားသခင်​က သူတို့​လို ကျွန်တော့်​ကို မသတ်မှတ်​လို့ ဝမ်းသာ​လိုက်တာ။ အမှန်တရားကို ယေဟောဝါသက်သေ​တွေ သွန်သင်​ပေး​တယ်လို့ ယုံကြည်ခဲ့​တဲ့ ကျွန်တော့်​ညီ ဒီ​မတ်​စ်​သီ​နက်​စ်​က စိတ်​မ​သာ​ညည်းတွား​သူတို့အား နှစ်သိမ့်​ပေး [လိပ်] * စာအုပ်​ငယ် ကို ၁၉၄၅ ခုနှစ် အောက်တိုဘာ​လမှာ ကျွန်တော့်​ကို​ပေး​ဖတ်​တယ်။ အဲ့ဒီ​အထဲ​က အကြောင်းအရာတွေကို ကျွန်တော်​စိတ်စွဲ​မှတ်​သွားတော့တာပဲ။ အဲ့ဒီ​နောက် ဩသ​ဒေါ​က်စ်​ချာ့ခ်ျ​နဲ့ ချက်ချင်း​အဆက်ဖြတ်​ပြီး စီတီ​အာ​မြို့က အဲ့ဒီ​လူစု​ကလေး​နဲ့​ပူးပေါင်း​ခဲ့တယ်၊ ကျွန်တော်​တို့​ရဲ့​မွေးချင်း​တွေ​ကိုလည်း ကျွန်တော်​တို့​ရဲ့​ခံယူ​ချက်​အသစ်​ကို ပြောပြ​ခဲ့တယ်။ သူတို့​အားလုံး ကျမ်းစာ​အမှန်တရားကို လက်ခံကြတယ်။ ထင်သလို​ပါ​ပဲ အယူ​လွဲ​ဝတ်ပြုမှု​ကို​စွန့်​ဖို့ ကျွန်တော်​ဆုံးဖြတ်​လို့ ကျွန်တော့်​ဇနီး​နဲ့ သူ့​မိသားစုက​ဝိုင်း​ပယ်​တော့​တာ​ပဲ။ ကျွန်တော့်​ရဲ့​ယောက္ခမ​ဆိုရင် ကျွန်တော့်​ကို အတော်ကြာကြာ စကား​မပြောဘူး။ အိမ်တွင်း​မှာလည်း သဘောထား​ကွဲလွဲ​မှု​တွေ​နဲ့ တင်းမာမှု​တွေ​ရှိနေတယ်။ အဲဒီလို​ဖြစ်နေ​တဲ့​ကြား​က ၁၉၄၅ ခုနှစ် မေလ​မှာ ကျွန်တော်​နဲ့ ဒီ​မတ်​စ်​သီ​နက်​စ်​ကို ညီအစ်ကို မီ​နော့စ် ကို​ကီ​နာ​ကိစ် * က နှစ်ခြင်း​ပေး​ခဲ့တယ်။

နောက်ဆုံး ကျွန်တော့်​ရည်မှန်းချက် အကောင်အထည်​ပေါ်လာ​ပြီး ဘုရားသခင်​ရဲ့ စစ်မှန်​တဲ့​ဓမ္မ​အမှုဆောင်​ဖြစ်လာ​ပါ​ရော! ကျွန်တော်​ဦးဆုံး​အကြိမ် တစ်အိမ်​တက်​ဆင်း​ဓမ္မ​အမှုဆောင်ခဲ့တဲ့​နေ့ကို မှတ်မိ​တုန်း​ပဲ။ စာအုပ်​ငယ် ၃၅ အုပ် အိတ်ထဲ​ထည့်​ပြီး ရွာ​တစ်ရွာ​ကို ကျွန်တော်​တစ်ယောက်​ထဲ ဘတ်စကား​စီး​သွားတယ်။ လန့်​လန့်​နဲ့ တစ်အိမ်​ပြီး​တစ်အိမ် စ​ဟော​သွားတော့တာပဲ။ သွား​ရင်း​သွား​ရင်း​နဲ့ သတ္တိ​ရှိ​လာတယ်။ ဒေါသ​ထွက်​နေတဲ့ ချာ့ခ်ျ​ဘုန်းကြီး​တစ်ပါး ရောက်လာ​ပြီး ရဲဌာန​ကို သူနဲ့​လိုက်ခဲ့​ဖို့ မရ​မ​က​ဆွဲခေါ်​တာ​ကို ကျွန်တော်​မ​မှု​ဘဲ သတ္တိရှိရှိ​ပြန်​ပြော​နိုင်​ခဲ့တယ်။ တစ်ရွာလုံး​ပတ်​ဟော​ပြီး​မှ​ပြန်​မယ်​လို့ သူ့ကို​ပြော​တဲ့​အတိုင်း လုပ်ခဲ့တယ်။ ကျွန်တော်​ပျော်​လွန်းလို့ ဘတ်စကား​ကို​တောင်​မ​စောင့်​ဘဲ အိမ်ကို​ခြေကျင်​လျှောက်ပြီး ပြန်​ခဲ့တယ်။

ရက်စက်​သော​လူဆိုးများ​လက်ထဲ

၁၉၄၅ ခုနှစ် စက်တင်ဘာ​လ​ကျ​တော့ စီတီ​အာ​မြို့မှာ စ​တည်ထောင်​တဲ့​အသင်းတော်မှာ တာဝန်​တွေ​ထပ်​ရတယ်။ မကြာမီ ဂရိ​မှာ ပြည်တွင်းစစ်​ဖြစ်ပွား​တယ်။ တော်လှန်ရေး​ပြောက်ကျား​အုပ်စု​တွေ​က တစ်ဖက်​ကိုတစ်​ဖက် အမုန်း​ထားပြီး အကြမ်းဖက်​တော့​တာ​ပဲ။ ဒီ​အခြေအနေ​ကို အခွင့်ကောင်း​ယူပြီး ဂိုဏ်းအုပ်​ဘုန်းကြီး​က ဒေသခံ​ပြောက်ကျားအုပ်စု​တစ်စု​ကို သက်သေခံတွေကို အ​ပြုတ်​တိုက်​နှိမ်နင်း​ပစ်​ဖို့ တိုက်တွန်း​ခဲ့တယ်။ (ယောဟန် ၁၆:၂) အဲ့ဒီ​ပြောက်ကျား​အုပ်စု​က ကျွန်တော်​တို့​ရဲ့​မြို့ကို ဘတ်စကား​စီး​လာ​တုန်း “ဘုရားသခင်​ခန့်အပ်​တဲ့” သူတို့​အလုပ်ကို ဘယ်လို​လုပ်ကြမယ်​ဆိုတာ​တွေ ဆွေးနွေး​တာ​ကို အမှတ်တမဲ့​ကြား​လိုက်တဲ့ ကျွန်တော်​တို့ကို​ခင်​တဲ့​အမျိုးသမီး​တစ်ဦး​က ကျွန်တော်​တို့ကို လာ​ပြောပြ​တယ်။ ဒါနဲ့​ကျွန်တော်​တို့ ပုန်း​နေကြ​ပြီး ကျွန်တော်​တို့​ရဲ့ ဆွေမျိုး​တစ်ဦး​က ကြားဝင်​ကူညီပေး​ခဲ့လို့ ကျွန်တော်​တို့ အသက်ချမ်းသာ​ရခဲ့​ကြ​တာ။

အဲ့ဒီ​အချိန်​ကစပြီး ဖိစီး​နှိပ်စက်မှုတွေ ခံရ​တော့​တာ​ပဲ။ ရိုက်နှက်​ခံရ​တာ​တွေ၊ ခြိမ်းခြောက်​ခံရ​တာ​တွေ​က မ​ဆန်း​တော့​ဘူး။ ကျွန်တော်​တို့ကို တိုက်ခိုက်​သူတွေက ချာ့ခ်ျ​ကို​ပြန်လာ​ဖို့၊ ကျွန်တော်​တို့​ကလေး​တွေ​ကို ရေ​ဖျန်း​ပြီး နှစ်ခြင်း​ပေးဖို့၊ လက်ဝါးကပ်တိုင်​အမှတ်​သင်္ကေတ လုပ်ပြဖို့ မရ​မ​က​အမျိုးမျိုး​ကြိုးစား​တယ်။ တစ်ခါ​က​ဆိုရင် ကျွန်တော့်​ညီ​ကို သေ​ပြီ​လို့ သူတို့​ထင်​တဲ့​အထိ ရိုက်နှက်​ခဲ့​တာ။ ကျွန်တော့်​ညီမ​နှစ်ယောက်ကို​လည်း အဝတ်​တွေ​ဆွဲဆုတ်​ပြီး ရိုက်​ခဲ့​ကြ​တာ​ကို ကျွန်တော်​တကယ် အခံရခက်​ခဲ့တယ်။ အဲဒီ​အချိန်​အတောအတွင်း​မှာ ချာ့ခ်ျ​က ယေဟောဝါသက်သေ​တွေ​ရဲ့ ကလေး​ရှစ်ယောက်​ကို အတင်း​အဓမ္မ ရေ​ဖျန်း​ပြီး​နှစ်ခြင်း​ပေး​ခဲ့တယ်။

၁၉၄၉ ခုနှစ်​မှာ အမေ​ဆုံး​သွားတယ်။ ချာ့ခ်ျ​ဘုန်းကြီး​က ကျွန်တော်​တို့ကို​အပြစ်ရှာ​ပြီး ဈာပန​ခွင့်ပြု​မိ​န့်​အတွက် တရားဝင်​ပြဋ္ဌာန်းချက်​တွေ​ကို မလိုက်လျှောက်​ခဲ့​ဘူးလို့ စွဲချက်​တင်​တယ်။ တရားရုံး​မှာ ကျွန်တော်​စစ်ဆေးခံ​ရပြီး အပြစ်တင်​ခွင့်​ကင်းလွတ်​ခဲ့တယ်။ အဲ့​ဒါက အကြီးအကျယ်​သက်သေခံချက်​ဖြစ်​ခဲ့တယ်။ ဘာကြောင့်​လည်း​ဆိုတော့ အမှု​စ​စစ်​တဲ့​အချိန်​မှာ ယေဟောဝါ​ရဲ့​နာမကို လူတွေ​ကြားသိ​လိုက်ရ​လို့​ပဲ။ “ကျွန်တော်​တို့ကို​အသိတရား​ပြန်​ရစေဖို့” ကျွန်တော်​တို့​ရန်သူတွေ​လုပ်နိုင်တာ တစ်နည်း​ပဲ​ရှိပြီး အဲ့​ဒါက​တော့ ကျွန်တော်​တို့ကို ဖမ်းချုပ်​ပြီး ပြည်နှင်ဒဏ်​ပေးဖို့​ပဲ။ ၁၉၄၉ ခုနှစ်၊ ဧပြီလ​မှာ သူတို့ အဲ့ဒီ​လို​လုပ်ခဲ့ကြတယ်။

မီးလောင်​တိုက်​ထဲ​ရောက်

အဖမ်းခံရ​တဲ့ ညီအစ်ကို​သုံးဦး​ထဲမှာ ကျွန်တော်​လည်း​ပါ​တယ်။ ဒေသခံ​ရဲစခန်း​ကို ကျွန်တော့်​ဇနီး​က လာ​တောင်​မကြည့်​ဘူး။ ဦးဆုံး၊ အစ်​ရေ​ခ်လီ​အန်​ဆိပ်ကမ်း​မြို့မှာ​ရှိတဲ့ အကျဉ်းထောင်​ကို​ပို့​ခဲ့တယ်။ အစ​က​ဖော်ပြ​ထား​တဲ့​အတိုင်းပဲ ကျွန်တော်​အထီးကျန်​ဖြစ်​ခဲ့​ပြီး စိတ်ဓာတ်​အတော်​ကျ​ခဲ့တယ်။ ကျွန်တော့်​ခံယူ​ချက်​တွေ​ကို​လက်မခံ​တဲ့ ငယ်ရွယ်​သေး​တဲ့​ဇနီး​နဲ့ နို့စို့​ကလေး​နှစ်ယောက်ကို ထားရစ်​ခဲ့​ရတယ်။ ကူညီပေး​တော်​မူ​ပါ​လို့ ယေဟောဝါ​ကို အပြင်းအထန်​ဆုတောင်း​တယ်။ ဒါနဲ့ ဟေဗြဲ ၁၃:၅ မှာ​မှတ်တမ်း​တင်ထား​တဲ့ “ငါသည်​သင့်ကို​မစွန့်၊ သင့်ကို​အလျှင်း​ပစ်​၍​မထား” ဆို​တဲ့​စကား​ကို ကျွန်တော်​သတိရ​လာတယ်။ ယေဟောဝါ​ကို အပြည့်အဝ​ယုံကြည်​ကိုးစား​တာ​ပဲ ကောင်း​မယ်​လို့ ကျွန်တော်​အသိအမှတ်ပြု​တယ်။—သု. ၃:၅

ဂရိ​နိုင်ငံ အ​တီ​ကား​ကမ်းခြေ​ကနေ အလှမ်း​ကွာဝေး​တဲ့ မာ​ခ​ရို​နီ​ဆော့​စ်​ကျွန်း​ကို ကျွန်တော်​တို့​ပြည်နှင်ခံရ​တော့​မယ်​လို့ သတင်းရ​တယ်။ မာ​ခ​ရို​နီ​ဆော့​စ်​ဆို​တဲ့​နာမည်​ကြား​ရုံ​နဲ့ ဘယ်သူ​မဆို​ကြောက်​ကြတယ်၊ အကြောင်း​က အဲဒီ​အကျဉ်း​စခန်း​ဟာ တကယ်​နှိပ်စက်​ညှဉ်းဆဲ​ပြီး ကျွန်​လို​ခိုင်း​တတ်တယ်​လို့ နာမည်ကြီး​တယ်။ အကျဉ်းထောင်​ကို​အသွား​မှာ ပိုင်​ရီး​အက်​မြို့မှာ တစ်​ထောက်​နား​ခဲ့​ကြရတယ်။ လက်​ထိတ်​တွေ​နဲ့​ဖြစ်နေ​ပေမဲ့ ကျွန်တော်​တို့​ရဲ့​ယုံကြည်သူချင်း​အချို့​က သင်္ဘော​ပေါ်​တက်လာ​ပြီး ကျွန်တော်​တို့ကို​ပွေ့ဖက် အားပေးခဲ့​ကြတယ်။—တမန်​တော် ၂၈:၁၄၊ ၁၅

မာ​ခ​ရို​နီ​ဆော့​စ်​ကျွန်း​မှာ နေခဲ့​ရတဲ့​အချိန်​ဟာ တကယ်​အိပ်မက်ဆိုး​ကြီး​ပဲ။ စစ်သား​တွေ​က မနက်​မိုးလင်း​ကနေ ည​မိုးချုပ်​တဲ့​အထိ နှိပ်စက်​ခဲ့​ကြတယ်။ သက်သေခံ​မဟုတ်တဲ့ အကျဉ်းသား​တချို့ ရူး​သွား​ကြတယ်၊ တခြားသူ​တွေ​ကျ​တော့ သေသွား​တယ်၊ အတော်များများ မစွမ်းမသန်​ဖြစ်​ကုန်​ကြတယ်။ ညဘက်​မှာ နှိပ်စက်​ခံရ​တဲ့​သူတွေရဲ့ အော်ဟစ်သံ​တွေ၊ ည​ဉ်း​ညူ​သံ​တွေ​ကို ကြား​ကြားနေ​ကြရတယ်။ ည​အေးချမ်း​တဲ့​အချိန်​မှာ ကျွန်တော့်​စောင်​ပါး​လေး​က မဆိုစလောက်​ပဲ​နွေး​စေတယ်။

အကျဉ်း​စခန်း​မှာ ယေဟောဝါသက်သေ​တွေ​ရဲ့​နာမည်​ကို နံနက်​တိုင်း နာမည်​စာရင်း​ခေါ်​တဲ့​အတွက် တဖြည်းဖြည်း လူသိ​များ​လာတယ်။ ဒါနဲ့ ကျွန်တော်​တို့​လည်း သက်သေခံဖို့ အခွင့်အရေးတွေ​အတော်​ရလာတယ်။ ယေဟောဝါ​ကို သူ့ရဲ့​အသက်တာ​ဆက်ကပ်​အပ်နှံ​တဲ့​အထိ သူ​တိုးတက်လာ​ခဲ့​တဲ့ နိုင်ငံရေး​အကျဉ်းသား​တစ်ယောက်ကို​တောင် ကျွန်တော်​နှစ်ခြင်း​ပေး​ခွင့်​ရခဲ့တယ်။

ကျွန်တော်​ပြည်နှင်​ခံရ​တဲ့​အချိန်​တစ်လျှောက် ကျွန်တော့်​ကို​စာလုံး​ဝ​မပြန်​တဲ့ ကျွန်တော့်​ချစ်​ဇနီး​ဆီ စာ​အမြဲ​ရေးတယ်။ သူ​စာ​မပြန်​ပေမဲ့ သူ့ကို ကြင်ကြင်နာနာ​နဲ့ နှစ်သိမ့်​မပေး​ဘဲ​မနေခဲ့ပါဘူး၊ ဒီ​အခြေအနေဟာ တစ်ခဏ​ပဲ၊ ပြန်​ပျော်ရွှင်​လာ​ရမှာ​ပါ​လို့ စာ​နဲ့​အားပေး စိတ်ချ​စေ​ခဲ့တယ်။

တဖြည်းဖြည်း​နဲ့ ညီအစ်ကို​တွေ နောက်ထပ်​ရောက်လာ​လို့ လူများ​လာတယ်။ ကျွန်တော်​က ရုံးခန်း​ထဲမှာ အလုပ်လုပ်​ရလို့ အဲ့ဒီ​စခန်း​ရဲ့​ဗိုလ်မှူးချုပ်​ကြီး​နဲ့ ရင်းနှီး​လာတယ်။ သက်သေခံတွေကို သူ​လေးစားတဲ့​အတွက် အေ​သင်​မြို့မှာ​ရှိတဲ့ ကျွန်တော်​တို့​ရုံး​ကနေ ကျမ်းစာ​စာပေ​အချို့​ကို ရရှိနိုင်​မလားလို့ ကျွန်တော်​အရဲစွန့်​ပြီး​မေးလိုက်တယ်။ သူက “ဘယ်​ဖြစ်​နိုင်​မလဲ” လို့​ပြော​တယ်၊ “ဒါပေမဲ့ မင်းရဲ့​ဝန်​စ​ည်​စ​လယ်ထဲ​မှာ​ထုပ်ပိုး​ပြီး ငါ့​နာမည်​နဲ့ အေ​သင်​မြို့က မင်းတို့ရဲ့​လူတွေကို ပို့​ခိုင်း​လိုက်ပါလား” လို့​ပြော​တယ်။ ကျွန်တော် အံ့ဩ​လွန်းလို့ မှင်တက်​သွား​မိတယ်! ရက်​အနည်းငယ်​အကြာမှာ ရောက်လာ​တဲ့​သင်္ဘော​တစ်စီး​ကနေ ကုန်စည်​တွေ​ကို ကျွန်တော်​တို့​ချ​နေတုန်းမှာ ရဲသား​တစ်ဦး​က ဗိုလ်မှူးကြီး​ကို​အလေးပြု​ပြီး “ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး​ရဲ့​အထုပ်​ရောက်လာ​ပြီ” လို့ သတင်းပေး​တော့ သူက “ဘာ​အထုပ်​လဲ” ဆိုပြီး​ပြန်​မေးတာ ကျွန်တော်​အမှတ်တမဲ့​ကြား​လိုက်တာနဲ့ သူ့ကို “ဗိုလ်မှူးကြီး​ခွင့်ပြု​တဲ့​အတိုင်း ဗိုလ်မှူးကြီး​နာမည်​နဲ့​ပို့​ထား​တဲ့ ကျွန်တော်​တို့​ရဲ့​အထုပ်​ဖြစ်​နိုင်တယ်” လို့ တိုးတိုး​လေး​ပြော​လိုက်တယ်။ အဲ့​ဒါ​ကျွန်တော်​တို့ကို ယေဟောဝါ​ဝိညာဉ်​အစာ​ကျွေး​ခဲ့​တဲ့ နည်း​တစ်နည်း​ပဲ။

မမျှော်လင့်​ပဲ ကောင်းချီး​ရ —ထို့နောက် ဆင်းရဲခြင်း​များ ထပ်မံ​ခံရ

၁၉၅၀ ပြည့်နှစ်​အကုန်ပိုင်း​မှာ ကျွန်တော်​အကျဉ်းထောင်​က ထွက်ခွင့်​ရတယ်။ အဲ့ဒီ​အချိန်​မှာ ကျွန်တော်​ဟာ​အင်အားချည့်နဲ့၊ ဖြူဖပ်ဖြူရော်၊ ပိန်လှီလှီ​နဲ့ အိမ်​ပြန်​ရောက်တဲ့အခါ​ဘယ်လို​ဖြစ်​မလဲ​လို့ စိုးရိမ်​မိတယ်။ ကျွန်တော့်​ဇနီး​နဲ့ ကလေး​တွေ​ကို ပြန်တွေ့​ရတာ ဝမ်းသာ​လိုက်တာ! ပို​ဝမ်းသာစရာက ဖရို​စီ​နီ​ဟာ ကျွန်တော့်​အပေါ် ရန်လို​မုန်း​ထား​စိတ် လုံးဝ​မရှိတော့​တာ​ပဲ။ ထောင်​ထဲ​က ကျွန်တော်​ရေးပို့​လိုက်တဲ့​စာ​တွေ တကယ်​အကျိုးပေး​ပါ​လား။ ကျွန်တော်​ရဲ့​ခံနိုင်ရည်​နဲ့ မဆုတ်မနစ်​ဇွဲ​က ဖရို​စီ​နီ​ရဲ့​စိတ်​ကို ထိမိ​ခဲ့​တဲ့​ပုံ​ပဲ။ အဲ့ဒီ​နောက်​မကြာခင်​မှာ သူနဲ့​ကျေအေး​သင့်မြတ်​တဲ့​စကား​တွေ ဆွေးနွေး​ပြောဆို​ဖြစ်တယ်။ ကျမ်းစာ​သင်အံမှု​ကိုလည်း သူ​လက်ခံ​ပြီး တဖြည်းဖြည်း ယေဟောဝါ​နဲ့ ကိုယ်တော်​ရဲ့​ကတိတော်​တွေ​ကို ယုံကြည်​လာတယ်။ ကျွန်တော်​ရဲ့​အပျော်ဆုံးနေ့​တစ်နေ့​က​တော့ ၁၉၅၂ ခုနှစ်​မှာ ကျွန်တော့်​ဇနီး​ကို ယေဟောဝါ​ရဲ့​ဆက်ကပ်​အပ်နှံ​ကျေးကျွန်​တစ်ဦး​အဖြစ် ကျွန်တော်​နှစ်ခြင်း​ပေး​ခဲ့​ရတဲ့​နေ့​ပါ​ပဲ!

၁၉၅၅ ခုနှစ်​မှာ ခရစ်ယာန်ဘောင် သို့​မဟုတ် ခရစ်ယာန်​ဘာသာ​တရား အဘယ်အရာက “ဤ​လောက​၏​အလင်း​ဖြစ်” သနည်း ဟူသော စာအုပ်​ငယ်​ကို ချာ့ခ်ျ​ဘုန်းကြီး​တိုင်း​ကို တစ်အုပ်​စီ​ဝေ​ပေးဖို့​အစီအစဉ် စ​ခဲ့တယ်။ အဲ့ဒီ​နောက် သက်သေခံ​အတော်များများ​နဲ့​အတူ ကျွန်တော်​လည်း​အဖမ်း​ခံရ​ပြီး အမှု​စစ်​ခံ​ခဲ့​ရတယ်။ ယေဟောဝါသက်သေ​များ​ရဲ့​အမှုတွေက များ​လွန်းလို့ အားလုံး​ကို​စစ်နိုင်​ဖို့ တရားရုံး​က အထူး​စီစဉ်​ပေး​ခဲ့​ရတယ်။ အဲဒီ​နေ့မှာ ကျွန်တော်​တို့​စီရင်​စု​တစ်ခုလုံး​က တရားရေး​အမှုထမ်း​အဖွဲ့ဝင်​အားလုံး ရောက်ရှိ​နေကြ​ပြီး တရားရုံး​ထဲမှာ ချာ့ခ်ျ​ဘုန်းကြီး​တွေ​ပြည့်​လို့​ပဲ။ ဂိုဏ်းအုပ်​ဘုန်းကြီး​က မင်း​လမ်း​တွေ​မှာ ခေါက်​တုံ့​ခေါက်​ပြန်လမ်း​လျှောက်​နေတယ်။ ဘုန်းကြီး​တစ်ပါး​က ကျွန်တော့်​ကို ဘာသာ​ပြောင်း​စေခြင်း​စွဲချက်​နဲ့ အမှု​ဖွင့်​ထား​တာ။ တရားသူကြီး​က “ဘရိုရှာ​လေး​တစ်စောင်​ဖတ်​လိုက်​ရုံ​နဲ့ ဘာသာ​ပြောင်း​သွား​ရ​လောက်​အောင် ခင်ဗျား​ရဲ့​ယုံကြည်ခြင်းက ဒီလောက်တောင် နည်း​ရ​သလား” လို့ သူ့ကို​မေးမြန်း​လိုက်​တော့ အဲဒီ​ဘုန်းကြီး စကားပြန်​မပြော​နိုင်​ဘဲ​ဖြစ်သွား​တယ်။ ကျွန်တော့်​ကို အပြစ်​မှ​တရားသေ​လွှတ်လိုက်​ပေမဲ့ ညီအစ်ကို​အချို့ ခြောက်​လ​ထောင်ချ​ခံ​ခဲ့​ရတယ်။

အဲဒီ​နောက်ပိုင်း​မှာ ကျွန်တော်​တို့ ထပ်ခါထပ်ခါ အဖမ်းခံ​ခဲ့​ရလို့ တရားရေး​အမှုတွေ တိုးများ​လာတယ်။ အဲ့ဒီ​အမှုတွေ​နဲ့ ကျွန်တော်​တို့​ရဲ့​ရှေ့နေ​တွေ အလုပ်များ​သွား​ကြတယ်။ ကျွန်တော်​စုစုပေါင်း ၁၇ ကြိမ် တရား​စီရင်ခံ​ခဲ့​ရတယ်။ ဒီလောက်​အတိုက်အခံ​တွေ​များ​ပေမဲ့ ကျွန်တော်​တို့​မှန်မှန်​ပဲ ဟောပြော​သက်သေခံ​ခဲ့​ကြတယ်။ ဒီလို​အခက်အခဲတွေကို ကျွန်တော်​တို့​ပျော်ပျော်ရွှင်ရွှင်​ပဲ လက်ခံခဲ့​ကြ​ပြီး ပြင်းထန်​တဲ့​အဲ့ဒီ​စမ်းသပ်မှု​တွေ​က ကျွန်တော်​တို့​ရဲ့​ယုံကြည်ခြင်းကို ပို​ထက်သန်​စေ​ခဲ့တယ်။—ယာကုပ် ၁:၂၊ ၃

အခွင့်အရေး​နှင့် စိန်ခေါ်ချက်​အသစ်များ

၁၉၅၇ ခုနှစ်​မှာ အေ​သင်​မြို့ကို ကျွန်တော်​တို့​ပြောင်းရွှေ့​သွားခဲ့​ကြတယ်။ မကြာခင်​မှာပဲ အသစ်​တည်ထောင်​တဲ့​အသင်းတော်မှာ အမှုထမ်း​ဖို့ ကျွန်တော်​တာဝန်​ရတယ်။ ကျွန်တော့်​ဇနီး​ရဲ့ စိတ်နှလုံး​အပြည့်​ထောက်ခံ​အားပေးမှု​က ကျွန်တော်​တို့​ရဲ့​ဘဝကို ရိုးရိုးရှင်းရှင်း​ဆက်​ထား​စေနိုင်​ကြ​ပြီး ဝိညာဉ်​ရေး​ကို ဦးစား​ထား​နိုင်​ခဲ့​ကြတယ်။ ဒါ​ကြောင့် ကျွန်တော်​တို့ ဟောပြောခြင်း​လုပ်ငန်းမှာ များများ​ပါဝင်​နိုင်​ခဲ့​ကြတယ်။ နှစ်တွေ​တစ်လျှောက် ကျွန်တော်​တို့ကို အကူအညီ​လိုအပ်​တဲ့​အသင်းတော်တွေဆီ ပြောင်းရွှေ့​အားပေး​ခိုင်း​ခဲ့တယ်။

၁၉၆၃ ခုနှစ်​မှာ ကျွန်တော့်​သားက အသက် ၂၁ နှစ်​ပြည့်​လို့ စစ်မှု​မ​ထမ်း​မနေ​ရ​အမိန့် ကျ​လာတယ်။ စစ်မှုထမ်း​ဖို့ အတင်း​နာမည်​စာရင်း​သွင်း​ခဲ့​ရတဲ့ သက်သေခံတွေ​အားလုံး ကြားနေ​ကြ​တဲ့​အတွက် အရိုက်ခံ၊ လှောင်ပြောင်​သရော်​ခံရ​ပြီး အရှက်ခွဲ​ခံ​ခဲ့​ကြရတယ်။ ကျွန်တော့်​သားလည်း​ပဲ ဒါတွေကို​ခံ​ခဲ့​ရတယ်။ ဒါနဲ့ သူအား​ရှိဖို့ မာ​ခ​ရို​နီ​ဆော့​စ်​မှာ​သုံးခဲ့​တဲ့ ကျွန်တော့်​စောင်​ကို​ပေး​လိုက်တယ်။ အရင်​သမာဓိ​စောင့်သိ​ခဲ့​သူတွေရဲ့ ပုံ​နမူနာကို​တုပ​ဖို့ အထိမ်းအမှတ်​အနေ​နဲ့​ပေါ့။ စစ်မှုထမ်း​ဖို့​အခေါ်​ခံရ​တဲ့​ညီအစ်ကို​တွေ​ဟာ စစ်ခုံရုံး​တင်​ခံရ​ပြီး အများအားဖြင့် နှစ်နှစ်​ကနေ လေးနှစ်​အထိ ထောင်ချ​ခံ​ခဲ့​ကြရတယ်။ သူတို့ကို​လွှတ်လိုက်​ပြီး​နောက်​လည်း တစ်ခါ​ပြန်​အခေါ်​ခံရ​ပြီး ပြစ်ဒဏ်ပေး​ခံရ​ပြန်​တယ်။ ဓမ္မ​အမှုဆောင်​တစ်ဦး​အနေ​နဲ့ ကျွန်တော်​အကျဉ်းထောင်​အတော်များများကို​သွား​ရတဲ့​အတွက် ကျွန်တော့်​သားနဲ့ တခြား​တည်ကြည်​တဲ့ သက်သေခံတွေ​နဲ့ အကန့်အသတ်​နဲ့​ဆက်သွယ်​နိုင်​ခဲ့တယ်။ ကျွန်တော့်​သားက ခြောက်​နှစ်​ကျော် ထောင်ချ​ခံ​ခဲ့​ရတယ်။

ကျွန်ုပ်​တို့ကို ယေဟောဝါ​ထောက်ပံ့​ပေး​ခဲ့

ဂရိ​နိုင်ငံ​မှာ ဝတ်ပြုရေး​လွတ်လပ်ခွင့်​ရပြီး​နောက် ယာယီ​အထူး​ရှေ့ဆောင်​အဖြစ် ရိုဒ်စ်​ကျွန်း​ပေါ်မှာ ကျွန်တော်​အမှုထမ်းခွင့်​ရခဲ့တယ်။ အဲ့ဒီ​နောက် ၁၉၈၆ ခုနှစ်​မှာ ကျွန်တော်​ရဲ့​ခရစ်ယာန်​လုပ်ငန်း​ကို စတင်​ခဲ့​တဲ့ ခရိ​ကျွန်း၊ စီတီ​အာ​မြို့မှာ ကူညီ​ပေးဖို့​အကြောင်း​ပေါ်လာ​တယ်။ ကျွန်တော်​ငယ်ငယ်​ကတည်းက သိကျွမ်း​ခဲ့​တဲ့ ချစ်​မြတ်နိုး​ရတဲ့​ယုံကြည်သူချင်းတွေနဲ့ အမှုထမ်းခွင့်​ရမယ့် ဒီ​တာဝန်​ကို ဝမ်းသာ​အားရ​လက်ခံခဲ့တယ်။

ကျွန်တော့်​မိသားစုမှာ အသက်​အကြီးဆုံး​သူ​အနေ​နဲ့ အခု​ကျွန်တော့်​ဆွေမျိုး​စုစုပေါင်း ၇၀ နီးပါး ယေဟောဝါ​အမှုတော်ကို သစ္စာရှိ​ရှိ​ထမ်းဆောင်​နေတာကို​တွေ့ရ​လို့ ဝမ်းသာ​မိတယ်။ အဲ့ဒီ​အရေအတွက်​က​လည်း ဆက်တိုးများ​လာ​နေတယ်။ အချို့​က အကြီးအကဲ​တွေ၊ ဓမ္မ​အမှုထမ်းတွေ၊ ရှေ့ဆောင်​တွေ၊ ဗေသလ​အိမ်သားတွေ​နဲ့ နယ်လှည့်​ကြီးကြပ်မှူး​တွေ​အဖြစ် အမှုထမ်းခဲ့​ကြတယ်။ ကျွန်တော့်​ရဲ့​ယုံကြည်ခြင်းဟာ ၅၈ နှစ်​ကျော် ဝေဒနာ​မီးလောင်​တိုက်​ထဲမှာ စမ်းသပ်ခံ​ခဲ့​ရ​ပါ​တယ်။ အခု​ဆိုရင် ကျွန်တော်​ဟာ ၉၃ နှစ်​ရှိပြီ၊ အတိတ်ကို​ပြန်ပြောင်း​ကြည့်​ရင် ဘုရားသခင်​ရဲ့​အမှုတော်ထမ်း​ခဲ့​ရလို့ နောင်တ​ရ​စ​ရာ​လုံးဝ​မရှိဘူး။ “ငါ့​သား သင့်​နှလုံးကို​ငါ့​အားပေး​လော့။ သင့်​မျက်စိ​တို့သည် ငါ​သွားသော​လမ်းကို​ကြည့်မှတ်​ပါစေ” လို့​မေတ္တာပါပါ ကိုယ်တော်​ဖိတ်ခေါ်​တာ​ကို လက်ခံနိုင်ဖို့ ကျွန်တော့်​ကို ကိုယ်တော်​ခွန်အား​ပေး​ခဲ့​ပါ​ပြီ။—သု. ၂၃:၂၆

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 9 ၁၉၉၉၊ ဒီဇင်ဘာ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၃၀-၁ ကို​ရှု။

^ အပိုဒ်၊ 11 ဂရိ​သြသဒေါက်စ်ချာ့ခ်ျ​သည် ချာ့ခ်ျ​ဘုန်းကြီး​များ​ကို လက်ထပ်​ရန် ခွင့်ပြု​ထားခဲ့​သည်။

^ အပိုဒ်၊ 12 အမန္နဝဲလ် လီ​အို​နူ​ဒါ​ကိစ်​၏​ဘဝ​အတ္ထုပ္ပတ္တိ​ကို ၁၉၉၉၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၅-၉ ကို​ရှု။

^ အပိုဒ်၊ 15 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့​သည်; ယခု မ​ထုတ်​တော့​ပါ။

^ အပိုဒ်၊ 15 မီ​နော့စ် ကို​ကီ​နာ​ကိစ်​နှင့်​ပတ်သက်​သည့် တရားဝင်​အောင်ပွဲခံ​ခဲ့​ခြင်း​အကြောင်း ၁၉၉၃၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၇-၃၁ ကို​ရှု။

[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်]

မာ​ခ​ရို​နီ​ဆော့​စ် ကြောက်လန့်​တုန်လှုပ်​ဖွယ်​ကျွန်း

၁၉၄၇ ခုနှစ်​မှ ၁၉၅၇ ခုနှစ်​တိုင် ဆယ်စု​နှစ်ချီ၍ ဤ​သွေ့ခြောက်​ပြီး လူ​သူ​ကင်းဝေး​သော မာ​ခ​ရို​နီ​ဆော့​စ်​ကျွန်း​သည် အကျဉ်းသား​ပေါင်း ၁၀၀,၀၀၀ ကျော်​၏​နေအိမ် ဖြစ်​ခဲ့​သည်။ သူတို့​ထဲ​တွင် မိမိတို့၏​ခရစ်ယာန်​ကြားနေ​မှု​ကြောင့် ထို​နေရာသို့ အ​ပို့​ခံ​ခဲ့​ရသည့် တည်ကြည်သော သက်သေခံ​အမြောက်အမြား ပါရှိ​သည်။ သူတို့ ပြည်နှင်ဒဏ်​ခံရ​ရန် မြှောက်ပင့်​သွေးထိုး​ပေး​သူများ​မှာ ယေဟောဝါသက်သေ​များ​ကို ကွန်မြူနစ်​များ​ဟု မတရား​သဖြင့်​စွပ်စွဲ​ကြ​သည့် ဂရိ​သြသဒေါက်စ်ချာ့ခ်ျ​မှ ခရစ်ယာန်​ဘုန်းကြီး​များ ဖြစ်လေ့​ရှိ၏။

မာ​ခ​ရို​နီ​ဆော့​စ်​ကျွန်း​ပေါ်​တွင် အသုံးပြုလေ့​ရှိသည့် “ပြုပြင်​ပြောင်းလဲရေး” စနစ်​နှင့်​ပတ်သက်​၍ ဂရိ​စွယ်စုံ​ကျမ်း ပါ​ပ​ရို့စ် လာ​ရော​စီ​ဗြိတိန်နီကာ က ဤသို့​သတိပြု​စေ​သည်– “ရက်စက်​စွာ​နှိပ်စက်​နည်း​များ၊ . . . ယဉ်ကျေး​သော​လူမျိုးတစ်မျိုး လက်မခံနိုင်​သည့် နေ​မှု​ထိုင်​မှု​အခြေအနေ​များနှင့် အကျဉ်းသား​များ​ကို အစောင့်များ​ဆက်ဆံပုံ​သည် . . . ဂရိ​နိုင်ငံ​၏​သမိုင်း​တွင် အလွန်​ရှက်ဖွယ်​ရာ​ဖြစ်ပါ​သည်။”

ဝတ်ပြုမှု​ကို​စွန့်​မှ လွှတ်​မည်​ဟု ခြိမ်းခြောက်​ခံရ​သော သက်သေခံ​အချို့​လည်း​ရှိသည်။ မည်သို့​ပင်​ဖြစ်စေ သက်သေခံ​များသည် တည်ကြည်​ခဲ့​ကြသည်။ ထို​မျှ​မ​က ယေဟောဝါသက်သေ​များနှင့် တွေ့ဆုံ​သိကျွမ်း​ပြီး​နောက် သမ္မာကျမ်းစာ​အမှန်တရားကို လက်ခံခဲ့​ကြ​သည့် နိုင်ငံရေး​အကျဉ်းသား​အချို့​ပင်​ရှိသည်။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ပြစ်ဒဏ်​စီရင်​ရာ မာ​ခ​ရို​နီ​ဆော့​စ်​ကျွန်း​တွင် မီ​နော့စ် ကို​ကီ​နာ​ကိစ် (ယာ​ဘက်​မှ သုံးယောက်​မြောက်) နှင့် ကျွန်တော် (ဘယ်ဘက်​မှ လေးယောက်​မြောက်)

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

လူငယ်​ဘဝက ကျွန်တော် အမှုဆောင်ခဲ့​သည့် ခရိ​ကျွန်း၊ စီတီ​အာ​မြို့တွင် သက်သေခံချင်း​တစ်ဦး​နှင့်အတူ လုပ်ဆောင်နေ