မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အချင်းချင်းချစ်ကြလော့’

‘အချင်းချင်းချစ်ကြလော့’

‘အချင်းချင်းချစ်​ကြလော့’

“သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင်၊ လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်။”—ယောဟန် ၁၃:၃၅

၁။ ယေရှု​မသေဆုံးမီ​ကလေး​တွင် အဘယ်​အရည်အသွေးကို ကိုယ်တော်​အလေးပေး​ဖော်ပြ​ခဲ့​သနည်း။

“ချစ်​သားတို့။” (ယောဟန် ၁၃:၃၃) ယေရှု​မသေဆုံးမီ​ညနေပိုင်း​တွင် ကိုယ်တော်​သည် မိမိ၏​တမန်​တော်​များ​ကို အဆိုပါ နှစ်လိုဖွယ်​အသုံးအနှုန်း​ဖြင့် ခေါ်ဆို​ခဲ့​သည်။ သူတို့နှင့်​စကားပြော​ဆို​ရာ​တွင် ဤ​ချစ်ခင်​ကြင်နာ​သော အသုံးအနှုန်း​မျိုးကို ယခင်​က ယေရှု​အသုံးပြု​ခဲ့​ဖူး​သည့်​အကြောင်း ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​၌ မပါ​ရှိ​ပေ။ သို့သော် အဆိုပါ​အထူး​ည​တွင် မိမိ၏​နောက်လိုက်​များ​ကို အလွန်​ချစ်​ကြောင်း​ဖော်ပြ​ရန် ဤ​ချစ်ခင်​ကြင်နာ​သော​စကား​ကို အသုံးပြု​ဖို့ ကိုယ်တော်​စေ့ဆော်​ခံ​ခဲ့​ရ၏။ အမှန်​မှာ ထို​ည​တွင် ချစ်ခြင်း​မေတ္တာ​အကြောင်းကို အကြိမ် ၃၀ ခန့် ယေရှု​ပြောဆို​ခဲ့​သည်။ ဤ​အရည်အသွေးကို ကိုယ်တော်​အဘယ်ကြောင့် ဤမျှ​အလေးပေး​ခဲ့​ရသနည်း။

၂။ မေတ္တာပြ​ခြင်း​သည် ခရစ်ယာန်​များ​အတွက် အဘယ်ကြောင့် ဤမျှ​အရေးပါ​သနည်း။

ချစ်ခြင်း​မေတ္တာသည် အဘယ်ကြောင့် ဤမျှ​အရေးကြီးရ​ကြောင်း ယေရှု​ရှင်းပြ​ခဲ့​သည်။ ကိုယ်တော်​ဤသို့​ဆို​၏– “သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင်၊ လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်။” (ယောဟန် ၁၃:၃၅; ၁၅:၁၂၊ ၁၇) ခရစ်တော်​၏​နောက်လိုက်​တစ်ဦး​ဖြစ်​ခြင်း​သည် ညီအစ်ကို​ချင်း​မေတ္တာပြ​ခြင်း​နှင့် ဒွန်တွဲ​လျက်​ရှိသည်။ စစ်မှန်သော​ခရစ်ယာန်​များသည် အထူး​ဝတ်စုံ​ဝတ်ဆင်ခြင်း၊ သို့​မဟုတ် တစ်မူထူး​သော ထုံးတမ်း​စဉ်​လာ​များ​ကျင့်​ခြင်း​အားဖြင့်​မဟုတ်ဘဲ သူတို့​အချင်းချင်း​ပြသ​သည့် လှိုက်လှဲ​နွေးထွေး၊ ကြင်နာ​သော​မေတ္တာ​အားဖြင့် သူတို့ကို​ခွဲခြား​သိမြင်​ကြသည်။ ဤ​ထူးခြား​ထင်ရှားသော​မေတ္တာ​မျိုး​ရှိ​ခြင်း​သည် ရှေ့​ဆောင်းပါး​အစ​၌ ဖော်ပြ​ထားသော ခရစ်တော်​တပည့်ဖြစ်​ခြင်း​၏ အဓိက​လိုအပ်ချက်​သုံးခု​မှ ဒုတိယ​တစ်ခု​ဖြစ်သည်။ ဤ​လိုအပ်ချက်​ကို ဆက်၍​ပြည့်မီ​ရန် အဘယ်အရာက ကျွန်ုပ်​တို့ကို ထောက်ကူ​ပေး​မည်​နည်း။

“တိုးပွား” စေ​ကြလော့

၃။ မေတ္တာ​နှင့်​စပ်လျဉ်း၍ တမန်​တော်​ပေါလု အဘယ်​သို့ တိုက်တွန်း​ခဲ့​သနည်း။

ခရစ်တော်​၏ ပထမ​ရာစု​နောက်လိုက်​များ​အလယ်တွင် ဤ​ထူးခြားသော​မေတ္တာကို တွေ့ရှိ​ရသကဲ့သို့ ယနေ့ ခရစ်တော်​၏​တပည့်စစ်​များ​အကြား​၌​လည်း တွေ့ရှိ​နိုင်​သည်။ ပထမ​ရာစု​ခရစ်ယာန်​များ​ထံ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “ညီအစ်ကို​ချင်း​ချစ်ခြင်း​အရာ​ကို သင်တို့အား​ရေး​၍ ပေး​လိုက်​စ​ရာ​အကြောင်း​မရှိ။ အဘယ်ကြောင့်​နည်း​ဟူ​မူ​ကား၊ သင်တို့သည် အချင်းချင်းချစ်​စေခြင်း​ငှာ ဘုရားသခင် ဆုံးမ​သွန်သင်​တော်​မူ​သော​သူ ဖြစ်​ကြ​၏။” သို့​ဖြစ်​လျက်​ပင် ပေါလု​က “တိုးပွား​၍ ကြွယ်ဝ​ပြည့်စုံ” စေ​ကြလော့​ဟု ထပ်ဆင့်​ပြောဆို​ခဲ့​သည်။ (၁ သက်သာလောနိတ် ၃:၁၂; ၄:၉၊ ၁၀) ကျွန်ုပ်​တို့​လည်း ပေါလု​၏​တိုက်တွန်းချက်​ကို နှလုံး​သွင်း​ပြီး အချင်းချင်းချစ်​ခြင်း​ကို “တိုးပွား” ပြသ​ဖို့ ကြိုးစား​ကြ​ရမည်။

၄။ ပေါလု​နှင့်​ယေရှု​အရ မည်သူ​တို့ကို ကျွန်ုပ်​တို့ အထူး​စာနာ​ထောက်ထား​သင့်​သနည်း။

၎င်း​မှုတ်သွင်းခံစာ​စောင်​၌​ပင် ပေါလု​က “စိတ်​ငယ်​သော​သူတို့ကို အားပေး” ၍ “အားနည်း​သော​သူတို့ကို ထောက်မ” ရန် ယုံကြည်သူချင်း​များ​ကို တိုက်တွန်း​ခဲ့​သည်။ (၁ သက်သာလောနိတ် ၅:၁၄) အခြား​တစ်ကြိမ်​တွင် “အားရှိ​သော [သူ] တို့သည် ကိုယ်​အလို​သို့​မလိုက်၊ အားနည်း​သော​သူတို့၏​အားနည်းခြင်း​ကို သည်းခံ” ကြ​ရန် ခရစ်ယာန်​များ​ကို သူ​သတိပေး​ခဲ့​သည်။ (ရောမ ၁၅:၁) ယေရှုလည်း အားနည်း​သူတို့ကို ကူညီပေး​ရန်​ညွှန်ကြား​ခဲ့​သည်။ ကိုယ်တော်​အဖမ်းခံရ​မည့်​ည​တွင် မိမိကို ပေတရု​စွန့်ခွာ​သွား​လိမ့်​မည်​ဟု ကြိုတင်​ပြော​ပြီး​နောက် ပေတရု​အား ယေရှု​ဤသို့​မိန့်တော်မူ၏– “သင်သည်​သတိရ​ပြန်​သောအခါ သင်၏​ညီအစ်ကို​တို့ကို တည်ကြည်​စေ [“အားပေး၊” သ​မ] လော့။” အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ သူတို့လည်း ယေရှုကို​စွန့်ခွာ​ကြ​မည်​ဖြစ်၍ အကူအညီ​လို​လိမ့်​မည်​ဖြစ်သော​ကြောင့်​တည်း။ (လုကာ ၂၂:၃၂; ယောဟန် ၂၁:၁၅-၁၇) ထို့​ကြောင့် သမ္မာကျမ်းစာ​က ဝိညာဉ်​ရေး​အရ​အားနည်း​သူများ​နှင့် ခရစ်ယာန်​အသင်းတော်​နှင့် အဆက်ပြတ်​သွား​ကြ​သူများကို မေတ္တာပြ​ကြဖို့ ကျွန်ုပ်​တို့ကို​ညွှန်ကြား​သည်။ (ဟေဗြဲ ၁၂:၁၂) ထိုသို့​ကျွန်ုပ်​တို့ အဘယ်ကြောင့်​ပြုသင့်​သနည်း။ ယေရှု​မိန့်တော်မူ​ခဲ့​သည့် ကွင်းကွင်းကွက်ကွက်​မြင်နိုင်​သော ပုံ​ဥပမာ​နှစ်ခု​က အဖြေပေး​ပါ​သည်။

ပျောက်သော​သိုး​တစ်ကောင်​နှင့် ပျောက်သော​ငွေ​တစ်ပြား

၅၊ ၆။ (က) အဘယ်​ပုံ​ဥပမာ​တို​နှစ်ခု​ကို ယေရှု​ပြောပြ​ခဲ့​သနည်း။ (ခ) ဤ​ပုံ​ဥပမာ​နှစ်ခု​က ယေဟောဝါ​နှင့်​စပ်လျဉ်း၍ အဘယ်အရာ​ဖော်ပြ​သနည်း။

ယေရှုသည် လမ်းလွဲ​သွား​သူများကို ယေဟောဝါ​မည်သို့​ရှုမြင်​ကြောင်း သွန်သင်ပေး​ရန် ပုံ​ဥပမာ​တို​နှစ်ခု​ပေး​ခဲ့​သည်။ တစ်ခု​မှာ သိုးထိန်း​တစ်ဦး​အကြောင်း​ဖြစ်သည်။ ယေရှု​ဤသို့​ဆို​၏– “သိုး​တစ်ကောင်​ပျောက်​လျှင်၊ ကိုး​ဆယ့်ကိုး​ကောင်​သော​သိုး​တို့ကို တော​တွင်​ထားခဲ့​ပြီး​မှ၊ ပျောက်သော​သိုး​တစ်ကောင်​ကို မ​တွေ့​မီ​တိုင်အောင် သွား​၍​မ​ရှာ​ဘဲ​နေ​မည်​လော။ တွေ့​ပြီး​လျှင် ဝမ်းမြောက်​သော​စိတ်​နှင့် ပခုံး​ပေါ်မှာ​တင်​ထမ်း၍၊ မိမိ​အိမ်​သို့​ရောက်​သောအခါ အဆွေ​ခင်ပွန်း​အိမ်နီးချင်း​များ​ကို​ခေါ်​၍၊ ‘ပျောက်သော​သိုး​ကို​ငါ​တွေ့​ပြီ။ ငါ​နှင့်အတူ​ဝမ်းမြောက်​ကြလော့’ ဟု ဆို​တတ်​သည်မဟုတ်​လော။ ထို​နည်းတူ ဖြောင့်မတ်​၍ နောင်တ​ရ​စ​ရာ​အကြောင်း​မရှိသော​သူ ကိုး​ဆယ့်ကိုး​ယောက်​တို့​၌ ကောင်းကင်သား​တို့သည် ဝမ်းမြောက်ခြင်း​ရှိသည်​ထက်၊ နောင်တ​ရသော​လူဆိုး​တစ်ယောက်​၌ သာ၍​ဝမ်းမြောက်ခြင်း​ရှိကြသည်​ဟု​ငါ​ဆို​၏။”—လုကာ ၁၅:၄-၇

ဒုတိယ​ပုံ​ဥပမာ​မှာ အမျိုးသမီး​တစ်ဦး​အကြောင်း​ဖြစ်သည်။ ယေရှု​ဤသို့​မိန့်ဆိုခဲ့​၏– “တစ်စုံ​တစ်ယောက်​သော​မိန်းမ​၌ ငွေ​ဆယ်​ပြား​ရှိ၍​တစ်ပြား​ပျောက်​လျှင်၊ ဆီ​မီးကို​ထွန်း​၍​မ​တွေ့​မီ​တိုင်အောင် တစ်အိမ်​လုံး​ကို​လှည်း​၍ စေ့စေ့​မ​ရှာ​ဘဲ​နေ​မည်​လော။ တွေ့​ပြီး​လျှင် အဆွေ​ခင်ပွန်း​အိမ်နီးချင်း​များ​ကို​ခေါ်​၍၊ ‘ပျောက်သော​ငွေ​ကို​ငါ​တွေ့​ပြီ။ ငါ​နှင့်အတူ​ဝမ်းမြောက်​ကြလော့’ ဟု ဆို​တတ်​သည်မဟုတ်​လော။ ထို​နည်းတူ ငါ​ဆိုသည်ကား၊ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့သည် နောင်တ​ရသော​လူဆိုး​တစ်ယောက်​၌ ဝမ်းမြောက်ခြင်း​ရှိကြသည်​ဟု မိန့်တော်မူ၏။”—လုကာ ၁၅:၈-၁၀

၇။ ပျောက်သော​သိုး​နှင့် ပျောက်သော​ငွေ ပုံ​ဥပမာ​များသည် ကျွန်ုပ်​တို့အတွက် အဘယ်​သင်ခန်းစာ​နှစ်ခု​ပေး​သနည်း။

ဤ​ပုံ​ဥပမာ​တို​များ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။ ၎င်း​တို့​က (၁) အားနည်း​လာ​သူတို့ကို ကျွန်ုပ်​တို့ မည်သို့​သဘောထား​သင့်​ကြောင်း​နှင့် (၂) သူတို့ကို​ကူညီ​ပေးဖို့ အဘယ်အရာ​ပြုလုပ်​သင့်​ကြောင်း ဖော်ပြ​ပါ​သည်။ ဤ​အချက်များ​ကို သုံးသပ်ကြည့်​ကြ​စို့။

ပျောက်ဆုံး​သော်လည်း အဖိုးတန်

၈။ (က) သိုးထိန်း​နှင့် အမျိုးသမီး​တို့သည် ပျောက်ဆုံး​သွား​သည်ကို မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ (ခ) သူတို့၏​တုံ့ပြန်​ပုံ​က ပျောက်ဆုံး​သွားသော​အရာ​အပေါ် သူတို့၏​ရှုမြင်ပုံ မည်သို့​ရှိကြောင်း​သိစေ​သနည်း။

ပုံ​ဥပမာ​နှစ်ခုစလုံး​တွင် တစ်စုံတစ်ရာ​ပျောက်ဆုံး​ခဲ့​သည်၊ သို့သော် ပိုင်ရှင်​၏​တုံ့ပြန်​ပုံ​ကို သတိပြုပါ။ သိုးထိန်း​က ‘ငါ့​မှာ ၉၉ ကောင်​ရှိသေးတာ​ပဲ တစ်ကောင်​ပျောက်​တာ​လောက်​တော့ အရေး​လား။ အဲဒီ​တစ်ကောင်​မရှိလည်း ဖြစ်ပါ​တယ်’ ဟု​မပြောခဲ့​ပါ။ အမျိုးသမီး​က ‘အဲဒီ​ငွေ​တစ်ပြား​အတွက် ပူ​စ​ရာ​လား။ ငွေ​ကိုး​ပြား​ကျန်​သေး​တာ​ကို ငါ​ကျေနပ်​ပါ​တယ်’ ဟု​မပြောခဲ့​ပါ။ ယင်းအစား သိုးထိန်း​သည် သိုး​တစ်ကောင်​တည်း​ပိုင်​သည့်​အလား ပျောက်သော​သိုး​ကို ရှာဖွေခဲ့​သည်။ အမျိုးသမီး​သည်လည်း သူ၏​ငွေ​ပျောက်​သွားခြင်း​ကို အခြား​ငွေ​တစ်ပြား​မျှ မရှိသည့်​အလား ခံစား​ခဲ့​သည်။ ဖြစ်ရပ်​နှစ်ခုစလုံး​တွင် ပျောက်ဆုံး​သွားသော​အရာ​သည် ပိုင်ရှင်​ဖြစ်သူ​၏​စိတ်ထဲ​တွင် အဖိုးတန်​နေဆဲ​ဖြစ်သည်။ ယင်းက အဘယ်အရာကို သရုပ်ဖော်​ပြသ​နည်း။

၉။ သိုးထိန်း​နှင့် အမျိုးသမီး​တို့၏ စိုးရိမ်​ပူပန်မှု​က အဘယ်အရာကို​ပုံဖော်​ပြသ​နည်း။

ထို​ဖြစ်ရပ်​နှစ်ခုစလုံး​တွင် ယေရှု၏​ကောက်ချက်​ကို သတိပြုပါ– “ကောင်းကင်သား​တို့သည် . . . နောင်တ​ရသော​လူဆိုး​တစ်ယောက်​၌ သာ၍​ဝမ်းမြောက်ခြင်း​ရှိကြ” ၍ “ထို​နည်းတူ ငါ​ဆိုသည်ကား၊ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့သည် နောင်တ​ရသော​လူဆိုး​တစ်ယောက်​၌ ဝမ်းမြောက်ခြင်း​ရှိကြသည်။” ထို့​ကြောင့် သိုးထိန်း​နှင့် အမျိုးသမီး​၏​စိုးရိမ်​ပူပန်မှု​တို့​က ယေဟောဝါ​နှင့် ကောင်းကင်​သတ္တဝါများ​၏ သဘောထားကို အနည်း​အကျဉ်း​ပေါ်လွင်​စေ​သည်။ ပျောက်​သွားသော​အရာ​သည် သိုးထိန်း​နှင့် အမျိုးသမီး​အတွက် အဖိုးတန်​နေဆဲ​ဖြစ်​သကဲ့သို့ လမ်းလွဲ​သွားပြီး ဘုရားသခင့်​လူမျိုးတော်​နှင့် အဆက်ပြတ်​နေ​သူများ​သည် ယေဟောဝါ​၏​မျက်မှောက်​၌ အဖိုးတန်​နေဆဲ​ဖြစ်သည်။ (ယေရမိ ၃၁:၃) ထို​သူတို့သည် ဝိညာဉ်​ရေး​အရ အားနည်း​သူများ​ဖြစ်​ကြ​ပေမည်၊ သို့သော် ပုန်ကန်​သူများ​ဖြစ်ချင်​မှ​ဖြစ်​မည်။ သူတို့အား​နည်း​နေကြ​သော်လည်း ယေဟောဝါ​၏​တောင်းဆိုချက်​များ​ကို​မမေ့​ဘဲ အနည်း​နှင့်​အများ လိုက်နာ​ကြ​ဆဲ​ရှိ​ပေမည်။ (ဆာလံ ၁၁၉:၁၇၆; တမန်​တော် ၁၅:၂၉) ထို့​ကြောင့် အတိတ်​ကာလ​မှာ​ကဲ့သို့ ယေဟောဝါ​သည် သူတို့ကို “အထံတော်​မှ​မ​နှင်ထုတ်​သေး​ဘဲ” နေ​ပေမည်။—၄ ဓမ္မ​ရာဇဝင် ၁၃:၂၃

၁၀၊ ၁၁။ (က) အသင်းတော်​မှ ဝေးကွာ​သွား​သူများကို ကျွန်ုပ်​တို့​မည်သို့​ရှုမြင်​လို​ကြ​သနည်း။ (ခ) ယေရှု၏​ပုံ​ဥပမာ​နှစ်ခု​အရ သူတို့​အတွက် ကျွန်ုပ်​တို့ စိုးရိမ်မကင်း​ဖြစ်​ကြောင်း မည်သို့​ဖော်ပြ​နိုင်​သနည်း။

၁၀ ယေဟောဝါ​နှင့် ယေရှု​ကဲ့သို့ ကျွန်ုပ်​တို့​လည်း အားနည်း​သူများ​နှင့် ခရစ်ယာန်​အသင်းတော်တွင် စည်းဝေးများ​မ​တက်​ကြ​တော့​သူများ​အတွက် အလွန်​စိုးရိမ်​ပူပန်​ကြ​ပါ​သည်။ (ယေဇကျေလ ၃၄:၁၆; လုကာ ၁၉:၁၀) ဝိညာဉ်​ရေး​အားနည်း​သူ​တစ်ဦး​ကို အဖတ်ဆယ်​မရသူ​အဖြစ်​မဟုတ်ဘဲ ပျောက်​နေသော​သိုး​ကဲ့သို့ ကျွန်ုပ်​တို့​ရှုမြင်​ကြသည်။ ‘အားနည်း​သူ​အတွက် ဘာကြောင့်​စိုးရိမ်​ရမှာ​လဲ။ အသင်းတော်မှာ သူ​မရှိလည်း ဖြစ်ပါ​တယ်’ ဟု​ကျွန်ုပ်​တို့​မစဉ်း​စား​ကြ​ပါ။ ယင်းအစား ယေဟောဝါ​ကဲ့သို့ ကျွန်ုပ်​တို့သည် ဝေးကွာ​သွား​သော်လည်း ပြန်​လှည့်လာ​လို​သူများကို အဖိုးတန်​သူများ​အဖြစ် ရှုမြင်ကြ​ပါ​သည်။

၁၁ သို့သော် ကျွန်ုပ်​တို့၏​စိုးရိမ်​ပူပန်မှု​ကို မည်သို့​ဖော်ပြ​နိုင်​ကြ​သနည်း။ (၁) အစပြု​လုပ်ဆောင်ခြင်းဖြင့်၊ (၂) နူးညံ့​သိမ်မွေ့​ခြင်း​ဖြင့် (၃) ကြိုးစား​အားထုတ်ခြင်း​တို့အား​ဖြင့် ကျွန်ုပ်​တို့​ပြု​နိုင်​ကြောင်း ယေရှု၏​ပုံ​ဥပမာ​နှစ်ခု​က သိစေ​သည်။ ဤ​အချက်​တစ်ခုစီ​ကို ဆန်းစစ်​ကြည့်​ကြ​စို့။

အစပြု​လုပ်ဆောင်ခြင်း

၁၂။ ‘ပျောက်သော​သိုး​ကို သွား​၍​ရှာ’ ဟူသော​စကား​က သိုးထိန်း​၏​သဘောထားကို အဘယ်​သို့​ဖော်ပြ​သနည်း။

၁၂ ပုံ​ဥပမာ​နှစ်ခု​မှ ပထမ​တစ်ခု​တွင် ယေရှု​က သိုးထိန်း​သည် “ပျောက်သော​သိုး​ကို . . . သွား​၍ . . . ရှာ” လိမ့်​မည်​ဟု​ဆို​၏။ သိုးထိန်း​သည် ပျောက်သော​သိုး​ကို​ရှာတွေ့​ဖို့ ကိုယ်တိုင်​အစပြု​၍ တမင်​ကြိုးစား​ရှာ​ခဲ့​သည်။ အခက်အခဲ​များ၊ ဘေးအန္တရာယ်​များ​ကြုံ​ရ​ပါစေ၊ အဝေး​သို့​သွား​ရသည့်တိုင် ဘာက​မျှ သူ့ကို​မတားဆီး​နိုင်​ပေ။ သိုးထိန်း​သည် သိုး​ကို “တွေ့​သည်​တိုင်အောင်” ဇွဲ​နှင့် ရှာဖွေ​လေ​သည်။—လုကာ ၁၅:၄သမ္မာ။

၁၃။ ရှေးခေတ်​မှ တည်ကြည်သူ​များသည် အားနည်း​သူများ​၏​လိုအပ်ရာ​များ​ကို မည်သို့​ဖြည့်စွက်​ပေး​ခဲ့​ကြ​သနည်း၊ ဤ​ကျမ်းစာ​ပုံ​နမူနာ​များ​ကို ကျွန်ုပ်​တို့ မည်သို့​တုပ​နိုင်​သနည်း။

၁၃ ထို​နည်းတူ၊ အားပေးမှု​လို​နေ​သူ​တစ်ဦး​ကို သာ၍​ခွန်အား​ရှိသူက အစ​ပြုပြီး ကူညီ​ဖို့​လို​သည်။ ရှေးခေတ်​မှ တည်ကြည်သော​သူများ​သည် ယင်းကို သဘောပေါက်​နားလည်ခဲ့​ကြသည်။ ဥပမာ​အနေ​နှင့် ရှောလုမင်း​၏​သား​ယောနသန်​သည် မိမိ၏​ရင်းနှီးသော​မိတ်ဆွေ​ဒါဝိဒ် အားပေးမှု​လို​နေကြောင်း သတိပြုမိ​သောအခါ “ထ၍ ဒါဝိဒ်​ရှိရာ​တောအုပ်​သို့​သွားပြီး​လျှင်၊ ဘုရားသခင်​၌​ခိုလှုံ​အားကြီးစေခြင်း​ငှာ ထောက်မ” လေ​၏။ (၁ ဓမ္မ​ရာဇဝင် ၂၃:၁၅၊ ၁၆) ထို့နောက် ရာစုနှစ်များစွာ​အကြာတွင် ဂျူး​ညီအစ်ကို​များသည် စိတ်ဓာတ်ကျ​နေကြောင်း မြို့ဝန်မင်း​နေဟမိ​သိမြင်​သောအခါ သူသည်​လည်း ‘ချက်ချင်း​ထ’ ၍ ‘ယေဟောဝါ​ကို အောက်မေ့​ကြ​ရန်’ အားပေး​တိုက်တွန်း​ခဲ့​သည်။ (နေဟမိ ၄:၁၄) ယနေ့ ကျွန်ုပ်​တို့​လည်း အားနည်း​သူများကို အား​ရှိစေဖို့ ကိုယ်တိုင်​အစပြု ‘မတ်တတ်ထ’ ၍​လုပ်ဆောင်​လို​ကြ​ပေမည်။ သို့သော် အသင်းတော်​မှ မည်သူ​တို့သည် ထိုသို့​ပြုသင့်​သနည်း။

၁၄။ အသင်းတော်​ရှိ​မည်သူ​တို့သည် အားနည်း​သူများကို ကူညီ​သင့်​သနည်း။

၁၄ အထူးသဖြင့် ခရစ်ယာန်​အကြီးအကဲ​များသည် “အားမရှိ​သော​လက်​တို့ကို ခိုင်ခံ့​စေ . . . [၍] လှုပ်​တတ်သော​ဒူး​တို့ကို မြဲမြံ​စေ” ကာ “‘အားယူ​ကြလော့၊ မစိုးရိမ်​ကြ​နှင့်’ ဟု ကြောက်​တတ်သော​သူတို့အား ဆို” ဖို့​တာဝန်​ရှိကြသည်။ (ဟေရှာယ ၃၅:၃၊ ၄; ၁ ပေတရု ၅:၁၊ ၂) သို့ရာတွင် ပေါလု​သည် အကြီးအကဲ​များ​ကို​သာ “စိတ်​ငယ်​သော​သူတို့ကို အားပေး​ကြ” ရန်၊ “အားနည်း​သော​သူတို့ကို ထောက်မ​ကြ” ရန် တိုက်တွန်း​ခဲ့​သည်မဟုတ်။ ယင်းအစား ပေါလု​သည် “သက်သာလောနိတ်​မြို့သား​အသင်းတော်” တစ်ခုလုံး​ကို မှာကြား​ခဲ့​သည်။ (၁ သက်သာလောနိတ် ၁:၁; ၅:၁၄) သို့​ဖြစ်၍ အားနည်း​သူကို ကူညီ​ပေးခြင်း​သည် ခရစ်ယာန်​အားလုံး​၏ တာဝန်ဖြစ်​သည်။ ပုံ​ဥပမာ​ထဲ​မှ သိုးထိန်း​ကဲ့သို့ ခရစ်ယာန်​တစ်ယောက်စီ​သည် ‘ပျောက်သော [သူ] ကို သွား​၍​ရှာ’ သင့်​သည်။ အကြီးအကဲ​များနှင့် ပူးပေါင်း​၍ ထိုသို့​လုပ်ဆောင်​လျှင် အထိရောက်ဆုံး​ဖြစ်သည်။ သင်၏ အသင်းတော်​ရှိ အားနည်း​သူ​တစ်ဦး​ကို​ကူညီ​ရန် တစ်စုံတစ်ရာ​ပြုလုပ်​နိုင်​ပါသလော။

နူးညံ့​သိမ်မွေ့​ပါ

၁၅။ သိုးထိန်း​သည် သူ​လုပ်ဆောင်ခဲ့​သည်​အတိုင်း အဘယ်ကြောင့်​ပြုလုပ်​ခဲ့​သနည်း။

၁၅ နောက်ဆုံး​တွင် ပျောက်သော​သိုး​ကို​တွေ့သော​အခါ သိုးထိန်း​သည် အဘယ်အရာ​ပြုလုပ်​သနည်း။ သိုး​ကို “ပခုံး​ပေါ်မှာ​တင်​ထမ်း” လေ​၏။ (လုကာ ၁၅:၅) အမှန်ပင် စိတ်​လှုပ်ရှား​ဖွယ်​ကောင်းပြီး အလွန်​ထိရောက်​သော အသေးစိတ်​ဖော်ပြချက်​တစ်ခု​ပါ​တကား! ထို​သိုး​သည် သူစိမ်း​နယ်မြေ​တွင် နေ့ရောညပါ လှည့်လည်​သွားလာ​ခဲ့​ပေမည်၊ ချောင်းမြောင်း​နေသော ခြင်္သေ့​ရန်ကို​ပင် ကြုံ​ခဲ့​ပေမည်။ (ယောဘ ၃၈:၃၉၊ ၄၀) အစာ​မစား​ရ​သဖြင့် သိုး​သည် အားပြတ်​နေ​မည်​မှာ ယုံမှားဖွယ်​မရှိ​ချေ။ သိုးခြံ​သို့​အပြန်လမ်း​တွင် တွေ့ကြုံ​ရမည့်​အခက်အခဲ​များ​ကို မ​ကျော်လွှား​နိုင်​သည်​အထိ ချည့်နဲ့​နေ​ပေမည်။ ထို့​ကြောင့် သိုးထိန်း​သည် နူးညံ့​သိမ်မွေ့စွာ သိုး​ကို​ချီမ​ပြီး အပြန်လမ်း​တစ်လျှောက် အခက်အခဲ​များ​ကြား ချီဆောင်​သွားလေသည်။ ဤ​သိုးထိန်း​ကဲ့သို့ ကျွန်ုပ်​တို့ မည်သို့​ဂရုစိုက်​စောင့်ရှောက်​နိုင်​သနည်း။

၁၆။ လမ်းလွဲ​နေသော​သိုး​အပေါ် သိုးထိန်း​ပြသ​ခဲ့​သော နူးညံ့​သိမ်မွေ့​မှု​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​တင်ပြ​သင့်​သနည်း။

၁၆ အသင်းတော်​နှင့် အဆက်ပြတ်​သွား​သူ​တစ်ဦး​သည် ဝိညာဉ်​ရေး​သဘော​အရ မောဟိုက်​နွမ်းလျ​နေ​ပေမည်။ သိုးထိန်း​နှင့်​ကွဲ​သွားသော သိုး​ကဲ့သို့ ထို​သူတို့သည် လောက​၏​ရန်လိုသော​နယ်မြေ​တွင် ခြေဦး​တည့်​ရာ​သွား​နေ​ပေမည်။ သိုးခြံ​တည်း​ဟူသော ခရစ်ယာန်​အသင်းတော်က​ပြင်ဆင်​ပေး​သော အကာအကွယ်​အောက်​မ​ရှိလျှင် “ဟောက်​သော​ခြင်္သေ့​ကဲ့သို့ အဘယ်သူ​ကို​မျို​ရမည်​နည်း​ဟူ၍ လှည့်လည်​ရှာဖွေ” သူ၊ စာတန်​၏​တိုက်ခိုက်မှု​များ​ကို မကြုံစဖူး ကြုံ​ရ​ပါ​မည်။ (၁ ပေတရု ၅:၈) ထို့​အပြင် ဝိညာဉ်​အစာ​မစား​ရ​သဖြင့် သူအား​ပြတ်​နေ​လိမ့်​မည်။ ထို့​ကြောင့် အသင်းတော်​သို့ သူ​ပြန်လာ​ဖို့​ကြိုးစား​ရာ​တွင် ကြုံ​ရမည့်​အခက်အခဲ​များ​ကို တစ်ဦးတည်း​ရင်ဆိုင်​ကျော်လွှား​ဖို့ အလွန်​အားနည်းနေ​ပေ​လိမ့်​မည်။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် ပုံဆောင်​စကား​အရ ကိုယ်ကို​ကိုင်း​ညွှတ်​ပြီး အားနည်း​သူကို နူးညံ့​သိမ်မွေ့စွာ ချီမ​ကာ ပြန်​သယ်ဆောင်​သွားဖို့​လို​သည်။ (ဂလာတိ ၆:၂) ယင်းကို ကျွန်ုပ်​တို့ မည်သို့​ပြီးမြောက်​အောင်မြင်​နိုင်​မည်​နည်း။

၁၇။ အားနည်း​သူ​တစ်ဦးထံ ကျွန်ုပ်​တို့​လည်ပတ်​သောအခါ တမန်​တော်​ပေါလု​ကို မည်သို့​အတုယူ​နိုင်​သနည်း။

၁၇ တမန်​တော်​ပေါလု​က ဤသို့​ဆို​ခဲ့​သည်– “အားနည်း​သူ​ရှိလျှင် ငါသည်​လည်း အားနည်း​ရ​ပါ​၏။” (၂ ကောရိန္သု ၁၁:၂၉သတင်းကောင်း; ၁ ကောရိန္သု ၉:၂၂) ပေါလု​သည် အားနည်း​သူများ​အပါအဝင် လူ​တို့ကို ကိုယ်ချင်းစာ​နာ​မှု​ပြ​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း အားနည်း​သူများကို အလားတူ ကိုယ်ချင်းစာ​နာ​စိတ် တင်ပြ​လို​ကြ​ပါ​သည်။ ဝိညာဉ်​ရေး​အားနည်း​သော ခရစ်ယာန်​တစ်ဦးထံ လည်ပတ်​သောအခါ သူ့ကို​ယေဟောဝါ​တန်ဖိုး​ထား​ကြောင်း၊ သူ၏​သက်သေခံ​ရောင်းရင်း​များ​က​လည်း သူ့ကို​အလွန်​သတိရ​နေကြောင်း စိတ်ချ​စေပါ။ (၁ သက်သာလောနိတ် ၂:၁၇) သက်သေခံချင်း​တို့သည် သူ့ကို​ကူညီ​ပေးဖို့​အသင့်​ရှိကြောင်း၊ သူ့​အတွက် ‘ဒုက္ခ​ကာလ​အဖို့ မွေးဖွား​လျက်​ရှိသော ညီအစ်ကို​တစ်ဦး’ ဖြစ်​လို​ကြောင်း သိစေပါ။ (သု. ၁၇:၁၇; ဆာလံ ၃၄:၁၈) ကျွန်ုပ်​တို့​လှိုက်လှဲ​စွာ ပြောဆို​သော​စကား​များသည် သူ့ကို သိုးအုပ်​ထဲ​ပြန်ဝင်​လာ​စေသည့်​အထိ တဖြည်းဖြည်း ညင်သာ​စွာ​ဆွဲဆောင်​၍ ပြန်​အားရှိစေ​ပေမည်။ ထို့နောက် အဘယ်အရာ​ပြုသင့်​သနည်း။ ငွေ​ပြား​ပျောက်သော​အမျိုးသမီး​ပုံ​ဥပမာ​က ကျွန်ုပ်​တို့ကို လမ်းညွှန်မှု​ပေး​သည်။

ကြိုးစား​အားထုတ်​လော့

၁၈။ (က) ပုံ​ဥပမာ​ထဲ​မှ အမျိုးသမီး​သည် အဘယ်ကြောင့် မျှော်လင့်ချက်​မကင်း​မဲ့​ခဲ့​သနည်း။ (ခ) ထို​အမျိုးသမီး​သည် မည်သို့​ကြိုးစား​အားထုတ်​ခဲ့​သနည်း၊ အဘယ်​ရလဒ်​ရခဲ့​သနည်း။

၁၈ ငွေ​ပြား​ပျောက်​သွားသော​အမျိုးသမီး​က သူ၏​အခြေအနေ​သည် ခက်ခဲ​သော်လည်း မျှော်လင့်ချက်​ရှိကြောင်း သိထား​သည်။ ထို​ငွေ​ပြား​သည် ချုံထူ​သော​လယ်ကွက်ကြီး​တစ်ခု​ထဲ​တွင် သို့​မဟုတ် ရွှံ့​အိုင်​နက်​ထဲ​ကျ​ပျောက်​သွားခဲ့​ပါ​မူ ရှာတွေ့နိုင်​တော့​မည်​မဟုတ်​ဟု သူ​စိတ်​လျှော့​လိုက်​ပေမည်။ သို့ရာတွင် သူ၏​အိမ်ထဲ​တွင် ငွေ​ပြား​ရှိ​ရမည်ကို​သိ​ပြီး မတွေ့မချင်း ကြိုးစားပမ်းစား ရှာဖွေ​တော့​သည်။ (လုကာ ၁၅:၈) ဦးဆုံး၊ သူ၏​မှောင်​နေသော​အိမ်ထဲ​တွင် တွေ့မြင်​နိုင်​ဖို့ မီးအိမ်​ထွန်း​သည်။ ထို့နောက် ချွင်​ခ​နဲ​မြည်သံ ကြား​လို​၍ အိမ်ကို တံမြက်စည်း​လှည်း​၏။ နောက်ဆုံး​တွင် ငွေ​ပြား​အရောင်​ပြန်​ရိုက်​သည်ကို​တွေ့​သည့်​အထိ ချော​င်​ကြို​ချော​င်​ကြား​မကျန် မီးအိမ်​ဖြင့် အသေအချာ​ရှာဖွေ​လေ​သည်။ ထို​အမျိုးသမီး​၏ ကြိုးစား​အားထုတ်မှု​သည် ပင်ပန်း​ရကျိုးနပ်​ခဲ့​သည်!

၁၉။ အားနည်း​သူများကို ကူညီပေး​ရာ​တွင် ပျောက်သော​ငွေ​ပြား​ပုံ​ဥပမာ​ပါ အမျိုးသမီး​၏​လုပ်ရပ်များ​မှ အဘယ်​သင်ခန်းစာများ​ရနိုင်​သနည်း။

၁၉ ထို​ပုံ​ဥပမာ​၏ ဤ​အသေးစိတ်​အချက်အလက်​က ကျွန်ုပ်​တို့ကို​သတိရ​စေသည့်​အတိုင်း အားနည်း​သူ​တစ်ဦး​ကို​ကူညီပေး​ရမည့် ကျမ်း​ပေး​တာဝန်​သည် ကျွန်ုပ်​တို့​မတတ်နိုင်​ရာ​မဟုတ်​ချေ။ တစ်ချိန်တည်း​တွင် ကြိုးစား​အားထုတ်မှု​လိုအပ်ကြောင်း ကျွန်ုပ်​တို့​သိရှိ​ကြသည်။ အမှန်​မှာ၊ ဧဖက်​အကြီးအကဲ​များ​ကို တမန်​တော်​ပေါလု​က “ထိုသို့ သင်တို့သည်လည်း အလုပ်လုပ်​၍ အားနည်း​သော​သူတို့ကို မစ​ရမည်” ဟု​ပြော​ခဲ့​သည်။ (တမန်​တော် ၂၀:၃၅က) အမျိုးသမီး​သည် သူ၏​အိမ်​တွင် အမှုမဲ့​အမှတ်မဲ့ ဟိုဟိုဒီဒီ အမှတ်မထင်​ကြည့်​လိုက်၍ ငွေ​ပြား​ရှာတွေ့​ခြင်း​မဟုတ်​ကြောင်း စိတ်စွဲ​မှတ်ထားပါ။ ထိုသို့​မဟုတ်ဘဲ “တွေ့​သည်​တိုင်အောင်” စနစ်တကျ​ရှာဖွေခဲ့​သည့်​အတွက် သူ​အောင်မြင်​ခဲ့​ခြင်း​ဖြစ်သည်။ အလားတူ ဝိညာဉ်​ရေး​အားနည်း​သူ​တစ်ဦး​ကို​ပြန်​ရဖို့ ကျွန်ုပ်​တို့သည် ရည်မှန်းချက်​ရှိ​ရှိ ကြိုးစား​အားထုတ်​ဖို့​လို​သည်။ ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၂၀။ အားနည်း​သူများကို​ကူညီပေး​ရန် အဘယ်အရာ​ပြု​နိုင်​သနည်း။

၂၀ အားနည်း​သူ​တစ်ဦး​ကို ယုံကြည်ခြင်း​နှင့် လေးမြတ်မှု​ပြန်​ရရှိ​လာ​စေရန် ကျွန်ုပ်​တို့​မည်သို့​ကူညီပေး​နိုင်​သနည်း။ သင့်လျော်​သော ခရစ်ယာန်​စာပေ​တစ်ခုခု​ဖြင့် ကျမ်းစာ​လေ့လာမှု​ပြု​ဖို့ လို​ပေမည်။ အားနည်း​သူ​တစ်ဦး​နှင့် ကျမ်းစာ​သင်အံမှု​ကျင်းပ​ခြင်း​ဖြင့် သူ့ကို​မှန်မှန်​နှင့် စနစ်တကျ​ကူညီပေး​နိုင်​သည်။ လိုအပ်သော​အကူအညီကို မည်သူ​ပေး​သင့်​ကြောင်း လုပ်ငန်းတော်​ကြီးကြပ်မှူး​က ဆုံးဖြတ်​ပေး​ပေ​လိမ့်​မည်။ အဘယ်​အကြောင်းအရာများ​ကို လေ့လာ​နိုင်​ပြီး အဘယ်​စာအုပ်​က အကူအညီ​အဖြစ်​ဆုံး​ဖြစ်​မည်​ကို သူ​အကြံပေး​နိုင်​သည်။ ပုံ​ဥပမာ​ပါ အမျိုးသမီး​သည် သူ၏​ခက်ခဲ​သော​အလုပ် အောင်မြင်​ဖို့ အထောက်အကူ​ပြုသော ကိရိယာ​များ​ကို​အသုံးပြု​သကဲ့သို့ ယနေ့ ကျွန်ုပ်​တို့သည် အားနည်း​သော​သူများကို​ဖေးမ​ကူညီ​ရန် အထောက်အကူ​ပြု​ကိရိယာ​များ​ဖြင့် ဘုရားသခင်​ပေး​တာဝန်​ကို ထမ်းဆောင်​နိုင်​ပါ​သည်။ ကိရိယာ​အသစ်​နှစ်ခု​ဖြစ်သည့် စာအုပ်​အသစ်​နှစ်အုပ်​က ဤသို့​ကြိုးစား​ရာ​တွင် အထူး​အထောက်အကူ​ပြု​ပေမည်။ ၎င်းတို့မှာ စစ်မှန်​၍ တစ်ဆူတည်း​ဖြစ်သော ဘုရားသခင်​ကို ကိုးကွယ်​လော့​နှင့် ယေဟောဝါ​ထံ​ချဉ်းကပ်​လော့ *စာအုပ်​တို့​ဖြစ်သည်။

၂၁။ အားနည်း​သူများကို ကူညီ​ပေးခြင်း​ဖြင့် မည်သို့ အားလုံး ကောင်းချီး​ခံစားရ​သနည်း။

၂၁ အားနည်း​သူတို့ကို ကူညီ​ပေးခြင်း​က အားလုံး​ကို ကောင်းချီး​များ​ရစေသည်။ ကူညီပေး​ခံရ​သူသည် မိတ်ဆွေစစ်​များနှင့် ပြန်လည်​ပေါင်းစည်း​လာ​ရသော ပျော်ရွှင်မှု​ရှိသည်။ ကျွန်ုပ်​တို့​မူ ပေးကမ်း​ခြင်း​အားဖြင့်​သာ​ရရှိနိုင်သော ရွှင်လန်း​ဝမ်းမြောက်မှု​ကို ခံစားရ​ကြသည်။ (လုကာ ၁၅:၆၊ ၉; တမန်​တော် ၂၀:၃၅) အသင်းတော်​သား​တစ်ဦးစီ​သည် အချင်းချင်း​ကို မေတ္တာပါပါ စိတ်ဝင်စားမှု​ပြ​ကြ​သဖြင့် အသင်းတော်​တစ်ခုလုံး​လည်း ပို​နွေးထွေး​လာ​သည်။ ထို့​ထက်မက ကျွန်ုပ်​တို့ကို ဂရုစိုက်​စောင့်ရှောက်သော သိုးထိန်း​များ​ဖြစ်သူ ယေဟောဝါ​နှင့် ယေရှု​တို့ကို ဂုဏ်တင်​စေ​သည်၊ အကြောင်း​မှာ အားနည်း​သူကို ကူညီ​ထောက်မ​ပေး​လို​သော သူတို့၏​စိတ်ဆန္ဒ​သည် မြေကြီးပေါ်​ရှိ ကျေးကျွန်​များ​က ရောင်ပြန်​သောကြောင့်​ဖြစ်သည်။ (ဆာလံ ၇၂:၁၂-၁၄; မဿဲ ၁၁:၂၈-၃၀; ၁ ကောရိန္သု ၁၁:၁; ဧဖက် ၅:၁) ထို့​ကြောင့် ‘ကျွန်ုပ်​တို့​အချင်းချင်းချစ်’ နေကြ​ရန် အကြောင်းကောင်း​များ ရှိပါ​သည်​တကား!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 ယေဟောဝါသက်သေ​များ ထုတ်ဝေ​ခဲ့။

သင်​ရှင်းပြ​နိုင်​သလော

• မေတ္တာပြ​ခြင်း​သည် ကျွန်ုပ်​တို့​တစ်ဦးစီ​အတွက် အဘယ်ကြောင့်​အရေးပါ​သနည်း။

• ကျွန်ုပ်​တို့သည် အားနည်း​သူများကို အဘယ်ကြောင့် မေတ္တာပြ​သင့်​သနည်း။

• ပျောက်သော​သိုး​နှင့် ပျောက်သော​ငွေ​ပြား​ပုံ​ဥပမာ​က ကျွန်ုပ်​တို့ကို အဘယ်​သင်ခန်းစာများ​ပေး​သနည်း။

• အဘယ်​လက်တွေ့ကျ​နည်းများဖြင့် အားနည်း​သူ​တစ်ဦး​ကို ကူညီပေး​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အားနည်း​သူများကို ကူညီပေး​ရာ​တွင် ကျွန်ုပ်​တို့သည် အစပြု​လုပ်ဆောင်​ပြီး နူးညံ့​သိမ်မွေ့​ကာ ကြိုးစား​အားထုတ်​ကြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အားနည်း​သူများကို ကူညီ​ပေးခြင်း​ဖြင့် အားလုံး​အပေါ် ကောင်းချီး​သက်ရောက်