အလုပ်အကိုင်အပေါ် မျှတသောအမြင် မွေးမြူသွားနိုင်ပုံ
အလုပ်အကိုင်အပေါ် မျှတသောအမြင် မွေးမြူသွားနိုင်ပုံ
ယနေ့ ဖိစီးမှုများလွန်းသော လောကကြီး၏ကမ္ဘာ့ဈေးကွက်များ၊ အကြိတ်အနယ်ပြိုင်ဆိုင်မှုများနှင့် အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုများတွင် လူများစွာတို့သည် နေ့စဉ်ရက်ဆက် အလုပ်ဆင်းရခြင်းမှ ပျော်ရွှင်မှုမရကြတော့ချေ။ အမှန်မှာ ကျွန်ုပ်တို့သည် ကိုယ့်လုပ်ငန်း၌ကိုယ် မွေ့လျော်နေသင့်၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံထားရပြီး ကိုယ်တော်သည် မိမိအလုပ်၌ ပျော်မွေ့သောကြောင့်ဖြစ်သည်။ ဥပမာ၊ ဖန်ဆင်းရာ “နေ့ရက်” ခြောက်ရက်၊ သို့မဟုတ် ထိုကြာမြင့်သောအချိန်ကာလများကုန်လွန်၍ ပြန်ဆန်းစစ်ကြည့်သောအခါ “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ . . . အလွန်ကောင်းသည်ကိုမြင်တော်မူ” ၏ဟု ကမ္ဘာဦး ၁:၃၁ က ဖော်ပြသည်။
ယေဟောဝါအား “ပျော်ရွှင်သောဘုရားသခင်” ဟု ခေါ်တွင်ရခြင်းအကြောင်းတစ်ခုမှာ ကိုယ်တော်သည် အလုပ်ကို အမှန်ပင်မြတ်နိုးခြင်းကြောင့်ဖြစ်မည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) သို့ဖြစ်၍ ကိုယ်တော်အား ကျွန်ုပ်တို့သာ၍တုပလေ ပျော်ရွှင်မှုပိုရလေ ဖြစ်မည်မဟုတ်လော။ ယင်းနှင့်ပတ်သက်၍ ထူးခြားထင်ရှားသောဗိသုကာလည်းဖြစ် စည်းရုံးရေးမှူးတစ်ဦးလည်းဖြစ်သူ ရှေးဣသရေလရှင်ဘုရင်ရှောလမုန်က ဤသို့ရေးသားခဲ့သည်– “လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။”—ဒေ. ၃:၁၃။
ယနေ့ အပြောင်းအလဲမြန်သောလုပ်ငန်းခွင်တွင် မျှတ၍ သင့်မြတ်လျော်ကန်သောအမြင်မွေးမြူရန် ခဲယဉ်းနိုင်ပေသည်။ သို့သော် ယေဟောဝါ၏ မေတ္တာပါသောညွှန်ကြားချက်များကို လိုက်လျှောက်သူတို့ကို ဘုရားသခင်ကောင်းချီးပေး၏။ (ဆာလံ ၁၁၉:၉၉၊ ၁၀၀) ထိုသို့သောသူတို့သည် တန်ဖိုးထားခံရ၍ စိတ်ချရသောလုပ်သားများ ဖြစ်လာကြရာ အလုပ်ပြုတ်သွားဖို့အကြောင်းနည်းသည်။ ဤသူတို့သည် မိမိတို့၏ဘဝနှင့် အလုပ်ကို ကာယရေးဘက်၌သာမက ဝိညာဉ်ရေးဘက်မှလည်း ရှုမြင်တတ်လာကြသူများဖြစ်၏။ ဤသို့အားဖြင့် သူတို့၏ဘဝတွင် တာဝန်သိတတ်သောဆုံးဖြတ်ချက်များ ချစေနိုင်ပြီး သူတို့၏ ပျော်ရွှင်မှု၊ လုံခြုံမှုခံစားချက်တို့မှာ သူတို့၏အလုပ်နှင့် မရေရာမသေချာသော အမြဲပြောင်းလဲတတ်သည့် အလုပ်ဈေးကွက်အပေါ် မမူတည်ကြောင်း မြင်လာကြသည်။ (မဿဲ ၆:၃၁-၃၃; ၁ ကောရိန္သု ၂:၁၄၊ ၁၅) ယင်းကြောင့် အမှန်တကယ်မျှတသော အလုပ်ခွင်ကျင့်ဝတ်ကို သူတို့မွေးမြူတတ်လာကြသည်။
ဘုရားသခင်ရေးရာ အလုပ်ခွင်ကျင့်ဝတ်ကို မွေးမြူခြင်း
အချို့သူတို့သည် အလုပ်ချိုးများဖြစ်ကြပြီး အရာခပ်သိမ်းထက် အလုပ်ကိုရှေ့တန်းတင်တတ်ကြသည်။ အခြားသူတို့မှာမူ အလုပ်သိမ်းဒေ. ၄:၆၊ ကဘ) အမှန်မှာ အလုပ်လုပ်လွန်းခြင်း သို့မဟုတ် အလုပ်ချိန်ကြာလွန်းခြင်းက မလိုလားဖွယ် အကျိုးဆက်များဖြစ်ပေါ်စေ၍ “လေကိုကျက်စားခြင်း” ကဲ့သို့ အချည်းနှီးသက်သက်ဖြစ်၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့ကို ပျော်ရွှင်မှုအများဆုံးပေးသော မိသားစု၊ မိတ်ဆွေတို့နှင့်အတူ ပေါင်းသင်းဆက်ဆံခြင်း၊ ကျွန်ုပ်တို့၏ဝိညာဉ်ရေး၊ ကျန်းမာရေးနှင့် အသက်တာရှည်ခြင်း အစရှိသည်တို့ကိုပင် ထိခိုက်နိုင်သောကြောင့်ဖြစ်သည်။ (၁ တိမောသေ ၆:၉၊ ၁၀) မျှတသောအမြင်မှာ ခိုက်ရန်ဖြစ်ပွားပြီး စိတ်ဆင်းရဲစွာ နှစ်ဆလုပ်ကိုင်ခြင်းဖြင့် ဝန်ပိနေမည့်အစား စီးပွားဥစ္စာအနည်းငယ်မျှဖြင့် ငြိမ်သက်ခြင်းနှင့်အတူ ကျေနပ်ရောင့်ရဲနေခြင်းဖြစ်သည်။
၍ အိမ်ပြန်ရမည့် တစ်နေ့တာရုံးဆင်းချိန်ကို စောင့်မျှော်နေတတ်ကြသည်။ ဤတွင် မျှတသောအမြင်ကား အဘယ်နည်း။ သမ္မာကျမ်းစာက ဤသို့ဖြေဆိုသည်– “လက်တစ်ဆုပ်စာတည်းသော ငြိမ်သက်ခြင်းသည် လက်နှစ်ဆုပ်စာသော ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းထက်သာ၍ကောင်း၏။” (ထိုမျှတသောအမြင်ရှိဖို့ အားပေးရာတွင် သမ္မာကျမ်းစာက ပျင်းရိခြင်းကို မထောက်ခံပါ။ (သု. ၂၀:၄) ပျင်းရိခြင်းက ကိုယ့်ကိုယ်ကိုလေးစားမှုနှင့် အခြားသူတို့မှ ကိုယ့်ကိုလေးစားမှု ပျက်ပြားစေသည်။ သာ၍ဆိုးသည်မှာ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ယင်းက ပျက်စီးစေသည်။ အလုပ်မလုပ်ချင်သောသူသည် အခြားသူတို့၏လုပ်စာကို ထိုင်မစားသင့်ဟု သမ္မာကျမ်းစာက ရှင်းလင်းပြတ်သားစွာဖော်ပြသည်။ (၂ သက်သာလောနိတ် ၃:၁၀) ယင်းအစား ထိုသူသည် သူ၏လမ်းစဉ်ကိုပြောင်းလဲ၍ ကိုယ်ကိုယ်တိုင်အတွက်နှင့် သူ့ကိုမှီခိုသူတို့အတွက် ဂုဏ်သိက္ခာရှိရှိ အလုပ်ကြိုးစားလုပ်သင့်သည်။ အလုပ်ကြိုးစားလုပ်ကိုင်ခြင်းအားဖြင့် သူသည် ဘုရားသခင့်နှုတ်မြွက်စကားတော် တိုက်တွန်းအားပေးသည့် အမှန်တကယ်လိုအပ်နေသူတို့ကို ကူညီပေးနိုင်သည်အထိ အကျိုးဆောင်နိုင်ပေလိမ့်မည်။—သု. ၂၁:၂၅၊ ၂၆; ဧဖက် ၄:၂၈။
ကလေးဘဝမှစ၍ အလုပ်ကိုတန်ဖိုးထားတတ်ရန် လေ့ကျင့်ပေးခံရ
အလုပ်ကောင်းကောင်းလုပ်တတ်သော အလေ့အထများသည် အလိုအလျောက်ဖြစ်ပေါ်လာသည်မဟုတ်၊ ထိုအလေ့အကျင့်ကို ငယ်ရွယ်စဉ်ကပင် သင်ယူကြရသည်။ သို့ဖြစ်၍ မိဘများကို သမ္မာကျမ်းစာက ဤသို့တိုက်တွန်းထားသည်– “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။” (သု. ၂၂:၆) ပညာရှိသောမိဘများသည် ကိုယ်တိုင်အလုပ်လုပ်ပြရုံမက မိမိသားသမီးများကို သူတို့၏အသက်အရွယ်အလိုက် အိမ်မှုကိစ္စများ ထမ်းဆောင်စေခြင်းဖြင့် စတင်လေ့ကျင့်ပေးပါသည်။ ကလေးများသည် တောက်တိုမည်ရအလုပ်အချို့ကို လုပ်ကိုင်လိုမည်မဟုတ်သော်လည်း အထူးသဖြင့် မိခင်၊ ဖခင်တို့က သူတို့ကောင်းစွာလုပ်ကိုင်ထားသော အလုပ်ကို ချီးမွမ်းပေးမည်ဆိုလျှင် သူတို့သည် မိသားစုတွင် တန်ဖိုးရှိသူများဖြစ်ကြောင်း သိမြင်လာကြလိမ့်မည်။ ဝမ်းနည်းစရာကား မိဘအချို့သည် သူတို့၏ရင်သွေးများကို ချစ်သနား၍ အလိုလိုက်ကာ အစစအရာရာ လုပ်ကိုင်ပေးတတ်သည်။ ထိုသို့သောမိဘများသည် ဤသို့ဆိုသော နယပုံပြင် ၂၉:၂၁၊ [သမ] ကိုကောင်းစွာစဉ်းစားသင့်သည်– “ကျွန် [သို့မဟုတ်၊ သားသမီး] ကို ငယ်ရွယ်စဉ်က ဦးစားပေး၍ ကျွေးမွေးခဲ့သောသူသည် နောင်၌ ကျွန်၏ကျေးဇူးမခံရ။”
တာဝန်ကျေသောမိဘများသည် သားသမီးတို့၏ကျောင်းသားဘဝကိုလည်း စိတ်ဝင်စားကြပြီး သူတို့လေးများ ကျောင်းတက်စဉ် ကြိုးစားသင်ယူလေ့လာကြဖို့ အားပေး၏။ သို့ပြုခြင်းဖြင့် နောက်ပိုင်းတွင် သူတို့လုပ်ငန်းခွင်သို့ ဝင်ရောက်ကြသောအခါ အကျိုးရှိပေလိမ့်မည်။
အလုပ်အကိုင်ကို ပညာရှိရှိရွေးချယ်ပါ
အဘယ်အလုပ်မျိုးလုပ်ကိုင်ရမည်ကို တပ်အပ်မပြောသော်လည်း သမ္မာကျမ်းစာက ကျွန်ုပ်တို့၏ဝိညာဉ်ရေးတိုးတက်မှု၊ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်မှုကို မထိခိုက်စေဖို့နှင့် အခြားအရေးကြီးတာဝန်များကျေပွန်ဖို့ ကျွန်ုပ်တို့နှင့်ဆိုင်သော ကောင်းမွန်သည့်လမ်းညွှန်ချက်များကို ပေးထားပါသည်။ ဥပမာ၊ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်သည်ဖြစ်၍ . . . ဤလောကကိုသုံးသောသူသည် မသုံးသကဲ့သို့ဖြစ်ရမည်။ အကြောင်းမူကား၊ ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွားကွယ်ပျောက်တတ်၏။” (၁ ကောရိန္သု ၇:၂၉-၃၁) လက်ရှိအစီအစဉ်စနစ်တွင် အဘယ်အရာမျှ တည်တံ့ခိုင်မြဲခြင်းမရှိ။ ကျွန်ုပ်တို့၏အချိန်နှင့် ခွန်အားရှိသမျှကို အလုပ်အကိုင်ထဲပေးဆက်လိုက်ခြင်းက ကျွန်ုပ်တို့စုဆောင်းထားသမျှကို ရေလွှမ်းမိုးတတ်သည့်နယ်မြေတွင် ဆောက်ထားသောအိမ်တစ်လုံး၌ ရင်းနှီးမြှုပ်နှံလိုက်ခြင်းနှင့်တူ၏။ အလွန်မိုက်မဲလိုက်လေခြင်း!
အခြားဘာသာပြန်ကျမ်းများက “မသုံးသကဲ့သို့” ဟူသောစကားစုကို “အာရုံနစ်မွန်းမနေဘဲ” နှင့် “အပြည့်အဝမသုံးစွဲရသကဲ့သို့” ဟု ပြန်ဆိုထားကြသည်။ (ယေရုရှလင်ကျမ်း; သတင်းကောင်းကျမ်း) လက်ရှိစနစ်အတွက် အချိန်ကာလ “ကုန်ဆုံးတော့မည်၊ [သတင်းကောင်း]” ဖြစ်၍ ဤစနစ်တွင် ‘အာရုံနစ်မွန်းနေခြင်း’ သို့မဟုတ် ‘အပြည့်အဝသုံးစွဲခြင်း’ က မုချဧကန်စိတ်ပျက်စရာဖြစ်မည်၊ နောင်တရရလိမ့်မည်ဖြစ်ကြောင်းကို ပညာရှိသူတို့သည် ဘယ်တော့မျှ မျက်ခြည်မပြတ်ချေ။—၁ ယောဟန် ၂:၁၅-၁၇။
‘ဘုရားသခင်သည် သင့်ကို အလျှင်းပစ်မထား’
ယေဟောဝါသည် ကျွန်ုပ်တို့၏လိုအပ်ရာများကို ကျွန်ုပ်တို့ထက် ပိုသိတော်မူ၏။ ကိုယ်တော့်ရည်ရွယ်ချက် ပြည့်စုံခြင်းနှင့်ပတ်သက်၍ အဘယ်အချိန်တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်းကိုလည်း ကိုယ်တော်သိတော်မူ၏။ သို့နှင့် ကိုယ်တော်ဤသို့သတိပေးသည်– “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ‘ငါသည်သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား’ ဟု [ဘုရားသခင်] ကတိတော်ရှိ၏။” (ဟေဗြဲ ၁၃:၅) ဤစကားများသည် အမှန်အားရှိစရာပင်! ယေရှုသည် လူသားအပေါင်းအပေါ် ဘုရားသခင်မေတ္တာထားသည့်ပုံသက်သေကို တုပလျက် ကိုယ်တော်၏ ကျော်ကြားသောတောင်ပေါ်တရားတော်တွင် မိမိတပည့်များအား အလုပ်အကိုင်နှင့် ရုပ်ပစ္စည်းအပေါ် လျော်ကန်သောအမြင်ရှိရန် သွန်သင်ပေးခဲ့သည်။—မဿဲ ၆:၁၉-၃၃။
ယေဟောဝါသက်သေများသည် ထိုသွန်သင်ချက်များကို ကြိုးစားလိုက်နာကြသည်။ ဥပမာ၊ အလုပ်ရှင်တစ်ဦးက လျှပ်စစ်မီးသမားဖြစ်သူ သက်သေခံတစ်ဦးကို မှန်မှန်အချိန်ပိုဆင်းရန် ပြောဆိုသောအခါ ထိုအလုပ်သမားကငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူ၏ဝမ်းစာရှာအလုပ်ကြောင့် မိမိ၏မိသားစုနှင့် ဝိညာဉ်ရေးအတွက်ပေးသောအချိန်ကို ထိခိုက်မည်စိုးရိမ်၍ဖြစ်သည်။ ဤသူသည် လုပ်သားကောင်းတစ်ဦးဖြစ်ပြီး ယုံကြည်စိတ်ချရသူလည်း ဖြစ်သောကြောင့် သူ၏အလုပ်ရှင်သည် သူ၏အလိုဆန္ဒကို ထောက်ထားခဲ့သည်။ အခါခပ်သိမ်း ထိုသို့ဖြစ်မည်မဟုတ်ပါ၊ မျှတသောဘဝပုံစံ ဆက်တည်ရှိသွားစေရန် အခြားအလုပ်တစ်ခုခုကို ရှာရမည့်အချိန်အခါမျိုးရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ ယေဟောဝါကို အပြည့်အဝယုံကြည်စိတ်ချသူတို့သည် သူတို့၏ကောင်းသောအမူအကျင့်နှင့် လုပ်ငန်းခွင်ကျင့်ဝတ်ကြောင့် များသောအားဖြင့် သူတို့အလုပ်ရှင်၏မျက်နှာသာ ရလေ့ရှိသည်။—သု. ၃:၅၊ ၆။
အလုပ်အကိုင်မှန်သမျှ ပင်ပန်းရကျိုးနပ်မည့်အချိန်
လက်ရှိမစုံလင်သောအစီအစဉ်စနစ်တွင် အလုပ်အကိုင်နှင့် အလုပ်အကိုင်အလားအလာများသည် ပြဿနာများ၊ မသေချာမရေရာမှုများနှင့် ဘယ်တော့မျှကင်းမည်မဟုတ်ချေ။ အမှန်တွင် ကမ္ဘာကြီးသည် ပိုမတည်မငြိမ်ဖြစ်လာကာ စီးပွားရေးအတက်အကျ သို့မဟုတ် မအောင်မြင်သည်နှင့်အမျှ အခြေအနေများ ပို၍ဆိုးရွားလာနိုင်သည်။
သို့သော် ဤအခြေအနေကား ခေတ္တယာယီသာဖြစ်သည်။ များမကြာမီ မည်သူမျှ အလုပ်လက်မဲ့ဖြစ်တော့မည်မဟုတ်။ ထို့အပြင် အလုပ်ဟူသရွေ့သည် အမှန်တကယ် စိတ်ဝင်စားဖွယ်ကောင်းပြီး အကျိုးဖြစ်ထွန်းပေလိမ့်မည်။ မည်သို့ဖြစ်နိုင်မည်နည်း။ အဘယ်အရာက ထိုသို့ပြောင်းလဲစေမည်နည်း။ပရောဖက်ဟေရှာယမှတစ်ဆင့် ထိုအချိန်ကို ယေဟောဝါညွှန်ပြခဲ့သည်။ “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ” ဟုယေဟောဝါမိန့်တော်မူ၏။ (ဟေရှာယ ၆၅:၁၇) ကိုယ်တော်ဖြစ်ပေါ်စေမည့် ဘုရားသခင့်အုပ်ချုပ်မှုအသစ်တစ်ခုအကြောင်း၊ ၎င်းအောက်တွင် အမှန်တကယ်တည်ရှိမည့် လုံးလုံးသစ်လွင်သော ခြားနားသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ခုအကြောင်း မိန့်တော်မူခြင်းဖြစ်၏။—ဒံယေလ ၂:၄၄၊ ၄၅။
ထိုအခါ လူတို့အသက်ရှင်နေထိုင်ပုံ၊ အလုပ်လုပ်ကိုင်ပုံတို့အကြောင်း ပရောဖက်ပြုချက်က ဤသို့ဆက်ဆိုသည်– “ထိုခေတ်သားတို့သည် ကိုယ်ဆောက်သောအိမ်၌နေထိုင်ခွင့်၊ ကိုယ်စိုက်သောခြံထွက်စပျစ်သီးကို သုံးဆောင်ခွင့်ရကြလိမ့်မည်။ တစ်ဦးဆောက်၍ တစ်ဦးနေထိုင်ခြင်း၊ တစ်ဦးစိုက်၍ တစ်ဦးသုံးဆောင်ခြင်းကို ပြုကြမည်မဟုတ်။ လူမျိုးတော်တို့၏အသက်တာသည် သစ်ပင်သက်နှင့်အမျှရှည်၍ ငါရွေးချယ်သူတို့သည် ကိုယ့်လက်မှုအကျိုးကို ကြာမြင့်စွာခံစားရကြလတ္တံ့။ သူတို့သည် သားမြေးတို့ပါ ထာဝရဘုရားထံတော်မှ မင်္ဂလာခံရသော သူတို့အမျိုးအနွယ်ဖြစ်ကြသောကြောင့် အကျိုးမဲ့လုပ်ဆောင်ခြင်း၊ ဘေးသင့်ရန် သားဖွားခြင်းမရှိချေ။”—ဟေရှာယ ၆၅:၂၁-၂၃၊ သမ။
ဘုရားသခင်စီမံသတ်မှတ်ထားတော်မူသည့် အဆိုပါကမ္ဘာသစ်သည် အလွန်ထူးခြားလိုက်မည်ဖြစ်ခြင်း! သင်သည် “အချည်းနှီးမလုပ်မဆောင်ရ” ဘဲ သင်ကြိုးစားလုပ်ကိုင်သမျှ၏ “အသီး” ကိုအပြည့်အဝမွေ့လျော်ရမည့် ထိုသို့သောကမ္ဘာမျိုးတွင် သင်အသက်မရှင်လိုပေလော။ သို့သော် ထိုသို့သောကောင်းချီးများကို မည်သူတို့ခံစားရကြလိမ့်မည်အကြောင်း သတိပြုပါ– “သူတို့သည် . . . ထာဝရဘုရားထံတော်မှ မင်္ဂလာခံရသောသူတို့အမျိုးအနွယ်ဖြစ်ကြ” ၏။ သင်သည် ယေဟောဝါကိုသိကျွမ်းလာ၍ ကိုယ်တော်၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် “မင်္ဂလာခံရသောသူတို့” တွင် တစ်ဦးပါဝင်နိုင်ပါသည်။ ယေရှုက “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုမိန့်တော်မူခဲ့၏။ (ယောဟန် ၁၇:၃) ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို စနစ်တကျလေ့လာခြင်းအားဖြင့် ထိုအသက်ပေးသောအသိပညာကို သင်ရရှိနိုင်ဖို့ ယေဟောဝါသက်သေများ ကူညီပေးလိုကြပါသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
“အမြဲအလိုရှိနေ”
“လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့ ၌စေတနာစိတ်နှင့်ပြုကြလော့” ဟု သမ္မာကျမ်းစာကဆိုသည်။ (ကောလောသဲ ၃:၂၃) ရှင်းနေသည်ကား၊ ဤမွန်မြတ်သောမူကိုလိုက်နာသည့် လုပ်ငန်းခွင်ကျင့်ဝတ်ရှိ လုပ်သားတစ်ဦးကို လူအများအလိုရှိကြပေလိမ့်မည်။ ထို့ကြောင့် ဂျေ. ဂျေ. လူနာက သူ၏စာအုပ် ကိုယ်ယောင်ဖျောက်နိုင်ပုံတွင် အလုပ်ရှင်များ အလုပ်သမားများခန့်ရာတွင် တစ်စုံတစ်ရာသောဝတ်ပြုရေးအုပ်စုတစ်ခုခု၏ တက်ကြွလှုပ်ရှားသောအဖွဲ့ဝင်တို့ကို ရှာဖွေရန် အကြံပြုခဲ့သည်၊ သို့သော် သူက ဤသို့ဆက်ပြောသည်– “လက်တွေ့ ၌မူ အဆုံးတွင် ကျွန်ုပ်တို့သည် [ယေဟောဝါ] သက်သေများနှင့်သာ နိဂုံးချုပ်ရလေ့ရှိသည်။” သူဖော်ပြသည့် အကြောင်းပြချက်များတွင် ထိုသူတို့၏ရိုးသားမှုကို လူသိများခြင်းပါဝင်ပြီး ယင်းကြောင့် သူတို့ကို အလုပ်ဌာနအသီးသီး၌ “အမြဲအလိုရှိနေ” သည်ဟုဆို၏။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အလုပ်အကိုင်ကို ဝိညာဉ်ရေးရာလုပ်ဆောင်မှုများ၊ အပန်းဖြေမှုတို့နှင့် ဟန်ချက်ညီစေခြင်းက ပျော်ရွှင်စေ