အလုပ်အာမခံချက်နှင့် ကျေနပ်ပျော်ရွှင်မှုတို့ ခြိမ်းခြောက်ခံနေရ
အလုပ်အာမခံချက်နှင့် ကျေနပ်ပျော်ရွှင်မှုတို့ ခြိမ်းခြောက်ခံနေရ
“အလုပ် လုပ်ပိုင်ခွင့်ရှိခြင်း” သည် လူသားအားလုံး၏ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ကုလသမဂ္ဂမှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကဆိုသည်။ သို့သော် အဆိုပါလုပ်ပိုင်ခွင့်သည် အာမခံချက်အမြဲမရှိပေ။ အလုပ်အာမခံချက်ရှိရန် ဒေသခံစီးပွားရေးအခြေအနေမှသည် ကမ္ဘာ့ဈေးကွက်အထိ အကြောင်းများစွာအပေါ်မူတည်သည်။ မည်သို့ဆိုစေ အလုပ်ပြုတ်သွားသည်၊ သို့မဟုတ် ပြုတ်လုနီးနီးရှိသည့်အခါတွင် ဆန္ဒပြပွဲများ၊ အဓိကရုဏ်းများနှင့် သပိတ်မှောက်မှုတို့ နောက်ဆက်တွဲလိုက်ပါလာတတ်သည်။ ထိုသို့မဖြစ်သောနိုင်ငံ မရှိသလောက်ပင်။ စာရေးဆရာတစ်ဦးပြောသည့်အတိုင်း “အလုပ်” ဟူသောစကားလုံးပင်လျှင် “အမြဲဖြစ်ခဲ့သည့်အတိုင်း စိတ်လှုပ်ရှားစေနိုင်သည်။”
အကြောင်းအမျိုးမျိုးကြောင့် အလုပ်အကိုင်ရှိဖို့ အရေးကြီးသည်။ ဝင်ငွေရရှိစေသည့်အပြင် အလုပ်အကိုင်ရှိခြင်းက ကျွန်ုပ်တို့၏စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ချမ်းမြေ့မှုကို ဖြစ်စေသည်။ အလုပ်အကိုင်သည် လူ့ဘောင်တွင် တန်ဖိုးရှိသူတစ်ဦးဖြစ်ရန်နှင့် ဘဝ၌ရည်ရွယ်ချက်ရှိရန် လူ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးသည်။ ထို့အပြင် ၎င်းက ကိုယ့်ကိုယ်ကိုလေးစားမှု အတော်အသင့်ရှိစေသည်။ သို့ဖြစ်၍ ဖူလုံရုံမက ငွေများစွာရှိသူအချို့နှင့် အငြိမ်းစားယူရန်အရွယ်ရောက်သူအချို့တို့ပင် ဆက်၍အလုပ်,လုပ်လိုကြသည်။ မှန်ပါသည်၊ အလုပ်အကိုင်သည် အလွန်အရေးပါ၏၊ အလုပ်လက်မဲ့ဖြစ်ခြင်းက ကြီးမားသောလူမှုရေးပြဿနာများကို လက်ယပ်ခေါ်လေ့ရှိ၏။
အခြားတစ်ဖက်တွင်မူ အလုပ်အကိုင်ရှိသော်လည်း လုပ်ငန်းခွင်၌ ဖိစီးမှုများလွန်းသဖြင့် အလုပ်မှပျော်ရွှင်မှုမရသူ များစွာရှိ၏။ ဥပမာ၊ ယနေ့ အလွန်အမင်းပြိုင်ဆိုင်ကြသော ဈေးကွက်ကြောင့် ကုမ္ပဏီအများအပြားသည် စရိတ်စကသက်သာစေဖို့ ၎င်းတို့၏အလုပ်သမားအရေအတွက်ကို လျှော့ချခဲ့ကြသည်။ ဤသို့ပြုခြင်းက ကျန်ရစ်သောလုပ်သားများအပေါ် အလုပ်တာဝန်ပိုများစေရာ ဝန်ပိစေပေမည်။
ဘဝကို ပိုလွယ်ကူစေသယောင်ရှိ၍ အလုပ်ကို ပိုတွင်ကျယ်စေသယောင်ရှိစေသော မျက်မှောက်ခေတ်နည်းပညာက လုပ်ငန်းခွင်၌ ဖိစီးမှုပိုများစေပေမည်။ ဥပမာ၊ ကွန်ပျူတာများ၊ ဖက်စ်ပို့စက်များနှင့် အင်တာနက်တို့ကြောင့် လူတို့သည် တစ်နေ့တာအလုပ်ချိန်နောက်ပိုင်း လုပ်ကိုင်စရာအလုပ်ကို အိမ်သယ်သွားပြီးဆက်လုပ်ကိုင်ကြရာ အိမ်နှင့်ရုံး ခွဲခြားသတ်မှတ်ထားခြင်း မရှိတော့ချေ။ လုပ်သားတစ်ဦးက သူ၏ကုမ္ပဏီပေဂျာ (အီလက်ထရောနစ်အချက်ပေးကိရိယာ) နှင့် ဆယ်လူလာဖုန်းတို့သည် သူ့အထက်လူကြီးနှင့်ဆက်သွယ်ထားသည့် မမြင်နိုင်သောလည်ပတ်ကြိုး တပ်ခံရသည့်အလား သူခံစားမိသည်ဟုဆို၏။
အသက်ကြီးလာသူများစွာ တိုး၍တိုး၍စိုးရိမ်လာနေကြသည်မှာ အလျင်အမြန်ပြောင်းလဲနေသော စီးပွားရေးနှင့် လုပ်ငန်းခွင်ဝန်းကျင်ကြောင့် မိမိတို့ခေတ်ကုန်ပြီဟု ယူမှတ်ခံရခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း ခရစ္စ စီဒိုတီက ဤသို့ဆိုသည်– “သင်သည် အသက်
၄၀ အောက်မဟုတ်လျှင် ကွန်ပျူတာများနှင့် နည်းပညာအသစ်ကို သင်ယူကိုင်တွယ်နိုင်မည်မဟုတ်ဟု ပုံသေကားကျ သတ်မှတ်ထားပုံရှိသည်။” သို့ဖြစ်၍ ယခင်က အရွယ်အကောင်းဆုံးဟု သတ်မှတ်ထားခံကြရသည့် အလုပ်သမားကောင်းများစွာတို့ကို ယခုအခါ အသုံးတည့်ဖို့ အသက်ကြီးလွန်းသည်ဟု မှတ်ယူနေကြသည်။ အဖြစ်ဆိုးလိုက်လေခြင်း!ယင်းတို့ကြောင့် လုပ်ငန်းခွင်ကျင့်ဝတ်နှင့် ကုမ္ပဏီအပေါ်ကျေးဇူးသိတတ်ခြင်းတို့မှာ များမကြာမီနှစ်များအတွင်း ကြေမွပြိုလဲသွားလေပြီ။ ပြင်သစ်မဂ္ဂဇင်း လက်ဗရေးရှင်းက ဤသို့ဆိုသည်– “စတော့ဈေးကွက် အနည်းငယ်မျှပြောင်းလဲရုံနှင့် ကော်ပိုရေးရှင်းများက လူလျှော့လိုက်ကြရာ ကော်ပိုရေးရှင်းများအပေါ်ကျေးဇူးသိတတ်မှုသည် အတိတ်ကအရာမျှဖြစ်သွားလေ၏။ အလုပ်ဆက်လုပ်ကိုင်ရပေမည်၊ သို့သော်လည်း ကုမ္ပဏီအတွက်မဟုတ်တော့ဘဲ ကိုယ်ကျိုးအတွက်သာဖြစ်သည်။”
ဤပြဿနာများ တောင်ပုံရာပုံဖြစ်ပေါ်သည့်ကြား အလုပ်လုပ်ဖို့လိုသည့် လူ့အခြေခံသဘောမှာ ရှိဆဲဖြစ်သည်။ သို့ဖြစ်၍ အပြောင်းအလဲမြန်သော ကျွန်ုပ်တို့၏ခေတ်ကာလတွင် ဝမ်းစာရှာလုပ်ငန်းအပေါ် အဘယ်မျှတသောအမြင်ကို မွေးမြူပြီး တစ်ချိန်တည်းတွင် အလုပ်အာမခံချက်နှင့် ၎င်းမှကျေနပ်ပျော်ရွှင်မှု မည်သို့ ရရှိနိုင်သနည်း။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
မျက်မှောက်ခေတ်နည်းပညာက လုပ်ငန်းခွင်တွင် ဖိစီးမှု တိုးများစေခဲ့ပြီ