မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ဟေရှာယ ၃၀:၂၀ က “သင်တို့​ကိုယ်တိုင် ကိုယ်တော်​ကို​မြင်ရ​ကြလိမ့်မည်” ဟု​ဆို​လျက်​နှင့် ယေဟောဝါ​၏​စကားသံ​သည် “သင်တို့​နောက်က” ဟု ဟေရှာယ ၃၀:၂၁ က​အဘယ်ကြောင့်​ဆို​သနည်း။

ဟေရှာယ ၃၀:၂၀၊ ၂၁ [သမ္မာ] က ဤသို့​ဆို​သည်– “သင်တို့ . . . ဆရာ [“မဟာသွန်သင်ရှင်၊” က​ဘ] သည် နောက်​တစ်ဖန် ပုန်းကွယ်​၍​နေ​တော်​မ​မူ။ သင်တို့​ကိုယ်တိုင် ကိုယ်တော်​ကို​မြင်ရ​ကြလိမ့်မည်။ သင်တို့သည် လက်ယာဘက်၊ လက်ဝဲဘက်​သို့​လမ်း​လွှဲ​လျှင် ‘ဤ​လမ်း​သည်​မှန်​၏။ လျှောက်လိုက်​လော့’ ဟု သင်တို့​နောက်က​ပြော​သော​စကားသံ​ကို ကြား​ရ​လိမ့်​မည်။”

အဆိုပါ​ကျမ်းချက်​ကို စာသား​အတိုင်း​ထောက်ရှု​လျှင် စာဖတ်သူ​သည် မဟာသွန်သင်ရှင် ယေဟောဝါ​ကို သူ့​ရှေ့တွင်​တွေ့​သော်လည်း အသံတော်​ကို​မူ နောက်က​ကြား​ရမည်​ဖြစ်၏။ သို့ရာတွင်၊ ထိုစကား​လုံး​များသည် ပုံဆောင်ချက်​ဖြစ်​ပြီး ထိုသို့​ပင်​နားလည်​သင့်​သည်။

အခန်းငယ် ၂၀ မှ စိတ်​တွင်​ပေါ်လာ​စေသည့် တင်စားချက်​မှာ သခင်၏​အမှုတော်ကို ထမ်းရွက်​ဖို့ အသင့်​ဖြစ်နေ​သော၊ သခင်​ညွှန်ကြား​သည့်​အတိုင်း လုပ်ကိုင်​ဖို့ အမြဲ​အသင့်ရှိနေ​သော ကျွန်​တစ်ဦး​ဖြစ်သည်။ မိမိ​သခင်၏​အလိုကို​သိနိုင်​ရန် သူ၏​လက်ကို ဂရုစိုက်​ကြည့်ရှု​နေသည့် ကျွန်​တစ်ဦး​ကဲ့သို့ ယနေ့ ယေဟောဝါ​၏​လူမျိုး​သည် ကိုယ်တော်​၏ မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​မှ​တစ်ဆင့်​ပေး​သည့် အဆင့်ဆင့်​တိုးတက်လာ​သော ကျမ်းစာ​အခြေပြု​ညွှန်ကြားချက်​များ​ကို အသေအချာ​စူးစိုက်​ကြ​၏။ (ဆာလံ ၁၂၃:၁၊ ၂) သူတို့သည် “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” မှ​တစ်ဆင့် ယေဟောဝါ​ညွှန်ကြား​လေ​သမျှ​ကို ဂရုပြု​လျက်​နေကြ​ကာ ကိုယ်တော်​၏​လမ်းညွှန်ချက်​အတိုင်း လုပ်ဆောင်ကြ​သည်။—မဿဲ ၂၄:၄၅-၄၇သ​မ။

သို့​ဖြစ်​လျှင် ကိုယ်တော်​၏​ကျေးကျွန်​များ နောက်ကနေ​ကြား​သည့်​စကားသံ​ကား အဘယ်နည်း။ နောက်က​အသံသည် အတိတ်​က ဘုရားသခင်​မိန့်ဆိုခဲ့​သော​စကား၊ “သစ္စာ​ရှိသော​ဘဏ္ဍာစိုး” မှ​တစ်ဆင့် နားလည်စေ​သည့် သမ္မာကျမ်းစာ​တွင် မိန့်မြွက်​ထားသော​စကား​ဖြစ်သည်ဟု ကောက်ချက်​ချရန် ကျိုးကြောင်း​ဆီလျော်​ပါ​သည်။ (လုကာ ၁၂:၄၃က​ဘ) ဘုရားသခင်​၏ ခေတ်​သစ်​ကျေးကျွန်​များသည် သမ္မာကျမ်းစာ​ကို ဝီရိယ​စိုက်ထုတ်​လေ့လာခြင်း​နှင့် ၎င်း​၏​မူများ​ကို မိမိတို့၏​အသက်တာတွင် လက်တွေ့​ကျင့်သုံး​ရန် “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်၊” “သစ္စာ​ရှိသော​ဘဏ္ဍာစိုး” ပြင်ဆင်​ပေး​သည့် စာပေ​များ​၏​အကူအညီကို​ယူခြင်း​အားဖြင့် ကိုယ်တော်​၏​အသံတော်​ကို ကြားကြ​သည်။ မဟာသွန်သင်ရှင် ပြင်ဆင်​ပေး​တော်​မူ​သည့် အချိန်တန်​လမ်းညွှန်ချက်ကို ဂရုပြု​၍ မှီခို​အားထားခြင်း​ဖြင့်​လည်းကောင်း၊ လွန်ခဲ့သော​ရာစုနှစ်များစွာ​က ရေးသားခဲ့​သည့် သမ္မာကျမ်းစာ​ကို လေ့လာခြင်း​အားဖြင့်လည်း​ကောင်း ကိုယ်တော်​၏​ကျေးကျွန်​များသည် ကိုယ်တော့်​ကို ပုံဆောင်​သဘော​အရ မိမိတို့​ရှေ့​တွေ့ မြင်ကြ​ပြီး နောက်က​အသံကို ကြားကြ​သည်။—ရောမ ၁၅:၄