မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒုက္ခသည် စခန်း၌ဘဝအသက်တာ

ဒုက္ခသည် စခန်း၌ဘဝအသက်တာ

ဒုက္ခသည် စခန်း​၌​ဘဝ​အသက်တာ

“ဒုက္ခသည်​စခန်း” ဆို​သည့်​စကားလုံး​ကို ကြား​လိုက်​သည့်​အခါ သင့်​စိတ်ထဲ အဘယ်အရာ​ပေါ်လာ​သနည်း။ ထို​စခန်း​မျိုး​သို့ အလည်​ရောက်​ဖူး​သလော။ အမှန်ဆိုလျှင် ထို​စခန်း​သည် အဘယ်အရာ​နှင့်​တူ​သနည်း။

ဤ​ဆောင်းပါး​ကို​ရေးနေချိန်​တွင် တန်ဇန်းနီးယား​နိုင်ငံ​၏ အနောက်ဘက်​ပိုင်း​၌ ဒုက္ခသည်​စခန်း ၁၃ ခု​ကို ဖွင့်လှစ်​တည်ထောင်​ခဲ့​ပေ​ပြီ။ တန်ဇန်းနီးယား​အစိုးရ​သည် ပြည်တွင်းစစ်​များ​ကြောင့် အိုးအိမ်​မဲ့​ဖြစ်​ကြ​ရသူ အခြားသော​အာဖရိကန်​နိုင်ငံ​များ​မှ ဒုက္ခသည် ၅၀၀,၀၀၀ ခန့်​ကို ယူအဲန် ဒုက္ခသည်​များ​ဆိုင်ရာ မဟာ​မင်းကြီး​ရုံး (UNHCR) နှင့်​ပူးပေါင်း​၍ ကူညီပေး​လျက်​ရှိ၏။ ဤ​စခန်း​တွင်​နေရ​သည့် ဘဝ​သည် အဘယ်​သို့​နည်း။

စခန်း​သို့​ရောက်ရှိ​လာ​ကြ​ခြင်း

လွန်ခဲ့သော​နှစ်​အနည်းငယ်​က ဤ​စခန်း​သို့​ရောက်လာ​သည့် ဆယ်ကျော်သက်​ရွယ်​မိန်းကလေး ကဲ​န်​ဒီ​ဒါက သူနှင့်​သူ့​မိသားစု​၏ အဖြစ်အပျက်​ကို ဤသို့​ရှင်းပြသည်– “ကျွန်မ​တို့ကို မှတ်ပုံတင်​နံပါတ်​ပါ​တဲ့ ခွဲတမ်း​ကတ်​တစ်ခု​ပေး​ပြီး နီ​ယာ​ရူ​ဂူ​ဆူ ဒုက္ခသည်​စခန်း​မှာ နေရာချ​ပေး​တယ်။ အဲဒီကို​ရောက်တော့ မြေကွက်​နံပါတ်​တစ်ခု​နဲ့ လမ်း​နံပါတ်​တစ်ခု ကျွန်မ​တို့​ရရှိ​ကြတယ်။ ကိုယ်ပိုင်​အိမ်​လေး​တစ်လုံး​ဆောက်​နိုင်​ဖို့ ဘယ်မှာ သစ်ပင်​သွား​ခုတ်​ရမယ်၊ မြက်​တွေ ဘယ်မှာ​ရှာ​ရမယ်ဆိုတာ​ကို ညွှန်ပြ​ပေး​ကြတယ်။ ဒါနဲ့ ကျွန်မ​တို့ ရွှံ့​နဲ့​အုတ်ဖုတ်​ကြတယ်။ UNHCR က ကျွန်မ​တို့ကို ပလတ်စတစ်​မိုး​ကာ​ကြီး​တစ်ခု​ပေး​တယ်၊ အဲဒါနဲ့ ကျွန်မ​တို့​အိမ်မိုး​လိုက်ကြတယ်။ ပင်ပန်း​ခက်ခဲ​တဲ့​အလုပ်​ဖြစ်​ပေမဲ့ ကျွန်မ​တို့​ရဲ့​အိမ်က​လေး​ပြီးသွား​တဲ့​အခါ ပျော်​လိုက်တာ။”

ခွဲတမ်း​ကတ်​ကို နှစ်ပတ်​ခြား​တစ်ခါ ဗုဒ္ဓဟူး​နေ့တိုင်း အသုံးပြု​ကြ​ရသည်။ “UNHCR ဝေငှ​ပေး​တဲ့ အခြေခံ​စားသောက်​ကုန်​တွေ​ကို ထုတ်ပေးတဲ့​နေရာမှာ ကျွန်မ​တို့​တန်းစီ​ယူ​ကြရတယ်” ဟု​ကဲ​န်​ဒီ​ဒါက ဆက်​ပြောပြ​သည်။

နေ့စဉ်​စား​ရသည့်​အစားအစာ​ကား အဘယ်​အစာ​မျိုး​နည်း။

“တစ်​ဦးလျှင် ပြောင်းဖူး​မှုန့် သုံး​ခွက်၊ စား​တော်​ပဲ​တစ်ခွက်၊ ပဲပုပ်​စေ့​အမှုန့် ၂၀ ဂ​ရမ်၊ စားသုံး​ဆီ စားပွဲ​ဇွန်း​နှစ်​ဇွန်း​နှင့် ဆား ၁၀ ဂ​ရမ်​တို့ကို ကျွန်မ​တို့​ရရှိ​ကြတယ်။ တစ်ခါ​တ​လေ တစ်လ​လုံးလုံး​သုံးဖို့ ဆပ်ပြာ​ခဲ​တစ်​ခဲ​လည်း ရ​ကြ​ပါ​သေး​တယ်။”

သောက်သုံးရေ​ကော ရနိုင်​ပါသလော။ ရီ​ဇီးကီ​ဟု​ခေါ်​သော အမျိုးသမီးငယ်​တစ်ဦး​က ဤသို့​ဆို​သည်– “အနီးအနား​မြစ်တွေ​ကနေ ပိုက်လိုင်း​တွေ​နဲ့ ရေ​စုပ်ယူ​ပြီး ရေ​လှောင်​ကန်ကြီး​တွေ​ထဲမှာ သိုလှောင်​ထည့်​ပေး​ထား​တယ်။ စခန်း​တိုင်း​မှာ​ရှိတဲ့ ရေစင်​တွေ​ဆီ ရေ​ကို​မ​စုပ်​တင်​ခင် ကလို​ရင်း​ဓာတ်​ထည့်​ပြီး ပြုပြင်ပေး​တယ်။ ဒါပေမဲ့​လည်း မ​ဖျား​မ​နာ​ကြဖို့ ကျွန်မ​တို့ ရေ​ကျို​သောက်​ရ​ပါ​တယ်။ အဲ့ဒီ​ရေ​ဘုံ​ပိုင်​တွေ​ကနေ ရေ​သယ်၊ အဝတ်​လျှော်ဖွပ်​ကြ​ရတာ တစ်​နေ​ကုန်​ပဲ။ တစ်ရက်​ကို ရေ​တစ်​ပုံး​ခွဲ​ပဲ​သုံး​ခွင့်​ရှိတယ်။”

ဤသို့​သော​စခန်း​တစ်ခု​ထဲ ကားမောင်း​ပတ်​ကြည့်​မည်​ဆိုလျှင် မူကြို​ကျောင်း​များ၊ မူလ​တန်း​ကျောင်း​များနှင့် အလယ်တန်း​ကျောင်း​များ​ကို သင်​တွေ့ရ​မည်။ ဤ​စခန်း​တွင် လူကြီး​များ​ကို​ပင် စာသင်​ပေး​သည့် ကျောင်း​အချို့​လည်း​ရှိ​ပေမည်။ စခန်း​အပြင်ဘက်​တွင် ရဲစခန်း​နှင့် အစိုးရရုံး​တစ်​ရုံး​က ထို​စခန်း​၏​လုံခြုံရေး​ကို ကြပ်မတ်​ပေး​သည်။ ထို့​ပြင် ဒုက္ခသည်​များ ဝယ်ယူ​စ​ရာ ဟင်းသီးဟင်းရွက်​များ၊ သစ်သီးဝလံ၊ ငါး၊ ကြက်​နှင့် အခြား​အခြေခံ​စားသောက်​ကုန်​များ ရောင်းချ​ပေး​သည့် ဈေး​ဆိုင်​ငယ်​လေး​များစွာ​ရှိသည့် ဈေးကြီး​တစ်ခု​ကိုလည်း သင်​တွေ့ရှိ​ရ​ပေမည်။ ဒေသခံ​အချို့​သည် အဆိုပါ​ဈေး​သို့​လာ၍ ရောင်းဝယ်​ဖောက်​ကား​ကြသည်။ သို့သော် ဝယ်ခြမ်း​ဖို့​ငွေ​ကို ဤ​ဒုက္ခသည်​များ အဘယ်​မှ​ရ​ကြ​သနည်း။ သူတို့​ထဲ​မှ​တချို့​သည် ဟင်းသီးဟင်းရွက်​စိုက်ခင်း​ငယ်​လေး ပြုစု​ပျိုးထောင်​ကြ​ပြီး ခြံထွက်​သီးနှံများ​ကို ဈေး​၌​ရောင်းချ​ကြသည်။ အခြားသူများ​က​မူ သူတို့၏​ခွဲတမ်း​မှ ပြောင်းဖူး​မှုန့် သို့​မဟုတ် စား​တော်​ပဲ​အနည်းငယ်​ရောင်းပြီး အသားငါး​နှင့် သစ်သီးဝလံ​အနည်းငယ် ဝယ်တတ်​ကြသည်။ အဆိုပါ​စခန်း​သည် ဒုက္ခသည်​စခန်း​နှင့်​မတူဘဲ ရွာ​ကြီး​တစ်ရွာ​နှင့်​ပင် တူ​နေ​တော့​သည်။ ဤ​ဒုက္ခသည်​များ သူတို့၏​မွေးရပ်မြေ​တွင် ပျော်ရွှင်​ခဲ့​ကြ​သကဲ့သို့ ဈေး​တွင် ရယ်မော​ပျော်ရွှင်​နေကြ​သည်ကို မကြာခဏ​တွေ့ရှိ​ကြ​ရ၏။

ဆေးရုံကြီး​သို့ သင်​သွားရောက်​ခဲ့​လျှင် ၎င်း​စခန်း​တွင် အထွေထွေ​ရောဂါ​များ​ကို ကုသ​ပေး​သည့် ဆေး​ပေး​ခန်း​များ​ရှိပြီး အရေးပေါ်​နှင့် အခြား​ရောဂါဆိုး​များ​ကို​ကား ဆေးရုံကြီး​သို့ လွှဲပြောင်းပေး​တတ်​ကြောင်း ဆရာဝန်​တစ်ဦးဦး​က ရှင်းပြ​ပေး​ပေမည်။ ဒုက္ခသည် ၄၈,၀၀၀ ရှိ​စခန်း​တစ်ခု​တွင် တစ်လ​လျှင် ကလေး​မွေးဖွားခြင်း ၂၅၀ ခန့်​ရှိ​နိုင်​သဖြင့် ဆေးရုံ​၏​သားဖွား​ဆောင်နှင့် သားဖွား​ခန်း​များသည် အရေးပါ​မည်​မှာ အံ့ဩစရာ​မဟုတ်ပေ။

ဝိညာဉ်​အစာကို ဝဝလင်လင်​စားသုံး​ကြ​ရ

ကမ္ဘာ​တစ်ဝန်း​မှ ယေဟောဝါသက်သေ​များသည် တန်ဇန်းနီးယား​နိုင်ငံ​ရှိ ဒုက္ခသည်​စခန်း​များ​တွင် နေထိုင်​လျက်​ရှိသည့် မိမိတို့၏ ဝိညာဉ်​ရေး​ညီအစ်ကို​များ​အကြောင်း သိ​လို​ကြ​ပေမည်။ အားလုံး​ခြုံ​ကြည့်​လျှင် ထို​တွင်​သက်သေခံ ၁,၂၀၀ ခန့်​ရှိ၍ အသင်းတော်​ပေါင်း ၁၄ ခု​နှင့် အုပ်စု ၃ စု​သို့ ဖွဲ့စည်း​ပေး​ထား​သည်။ သူတို့​အခြေအနေ​ကား မည်သို့​နည်း။

အဆိုပါ​အပ်နှံ​ထား​သည့်​ခရစ်ယာန်​များ ထို​စခန်း​များ​သို့​ရောက်​သည်​နှင့် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဆောက်​ဖို့ မြေကွက်​တစ်​ကွက်​ကို ဦးဆုံး​တောင်းခံ​ခဲ့​ကြသည်။ သို့​ပြုခြင်း​ဖြင့် ဒုက္ခသည်​များသည် သက်သေခံ​များ​အား ရှာတွေ့​ပြီး သူတို့၏​ပတ်စဉ်​အစည်းအဝေး​များ​ကို တက်ရောက်​နိုင်​ကြ​မည်​ဖြစ်၏။ လူ​ဂူ​ဖူ​စခန်း​တွင် အသင်းတော် ၇ ခု​ရှိပြီး တက်ကြွ​လှုပ်ရှား​သည့် ခရစ်ယာန်​ဦးရေ စုစုပေါင်း ၆၅၉ ဦး​ရှိသည်။ တနင်္ဂနွေ​နေ့​အစည်းအဝေး​များ​တွင် ဤ​အသင်းတော် ၇ ခု​သို့ တက်ရောက်​ကြ​သူ​စုစုပေါင်း​မှာ များသောအားဖြင့် ၁,၇၀၀ ဖြစ်သည်။

၎င်း​စခန်း​အားလုံး​ရှိ သက်သေခံ​များသည် ပို​၍​ကြီးမားသော ခရစ်ယာန်​စည်းဝေးပွဲ​များနှင့် စည်းဝေးကြီး​များ​ကိုလည်း တက်ရောက်​အကျိုး​ခံစား​ကြ​ရသည်။ လူ​ဂူ​ဖူ​စခန်း​တွင် ပထမဦးဆုံး​အကြိမ် ခရိုင်​စည်းဝေးကြီး​ကျင်းပ​သောအခါ တက်ရောက်သူ ၂,၃၆၃ ဦး​ရှိ၏။ သက်သေခံ​များသည် စည်းဝေးကြီး​ကျင်းပ​ရာ​နေရာ အပြင်ဘက်​တွင် နှစ်ခြင်း​ပေးဖို့​ကန်​ကို အသင့်ပြင်​ဆင်​ထား​ကြသည်။ ယင်းသည် မြေတွင်း​တူး၍ ပလတ်စတစ်​ခင်း​ပြီး ရေဖြည့်​ထား​သည့်​ကန်​ဖြစ်သည်။ ညီအစ်ကို​များသည် ရေ​ကို တစ်မိုင်​ကျော်​ဝေးသည့် မြစ်​မှ စက်ဘီး​ဖြင့် သယ်ယူ​ခဲ့​ကြ​ရ၏။ တစ်ခေါက်​လျှင် ရေ​ငါး​ဂါလံ​သာ​သယ်ယူ​နိုင်​သည်​ဖြစ်​ရာ အခေါက်ခေါက်​အခါခါ သယ်ယူ​လာ​ခဲ့​ကြ​ရသည်။ ဣန္ဒြေရရ​ဝတ်စား​ထား​သည့် နှစ်ခြင်း​ခံ​မည့်​သူများ​သည် နှစ်ခြင်း​ယူဖို့​အတွက် တန်းစီ​စောင့်​ခဲ့​ကြ​၏။ စုစုပေါင်း ၅၆ ဦး​ကို ရေ​တွင်​နှစ်ခြင်း​ပေး​ခဲ့​သည်။ အဆိုပါ​စည်းဝေးကြီး​တွင် အချိန်ပြည့်​ဓမ္မ​အမှုဆောင်​တစ်ဦး​က လူပေါင်း ၄၀ ကို သူ​ကျမ်းစာ​သင်ပေး​ခွင့်​ရ​ကြောင်း လူတွေ့မေးမြန်းခန်း​တွင် ရှင်းပြ​ခဲ့​သည်။ သူ​ကျမ်းစာ​သင်ပေးခဲ့​သူ​လေးဦး​သည် ထို​စည်းဝေးကြီး​တွင် နှစ်ခြင်း​ခံ​ခဲ့​လေ​သည်။

ထို​နေရာသို့ နယ်လှည့်​ကြီးကြပ်မှူး​များ ပုံမှန်​လည်ပတ်​နိုင်​ရေး​အတွက် ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး​က စီစဉ်​ပေး​ထား​သည်။ ထို​သူတို့​အထဲ​မှ​တစ်ဦး​က ဤသို့​ဆို​သည်– “ကျွန်တော်​တို့​ညီအစ်ကို​တွေ​ဟာ ခရစ်ယာန်​ဓမ္မ​အမှုမှာ အတော်​ဇွဲရှိ​ကြတယ်။ သူတို့​ဟောပြောဖို့​ရပ်ကွက် အတော်​ကြီး​တယ်၊ အသင်းတော်​တစ်ခု​မှာ သက်သေခံ​တစ်ယောက်စီ​ဟာ ခရစ်ယာန်​ဓမ္မ​အမှုမှာ တစ်လ​ကို ၃၄ နာရီ​ပါဝင်​ကြတယ်။ စိတ်ဝင်စားသူ​တွေ​နဲ့ ကျမ်းစာ​သင်အံမှု ငါး​ခု ဒါမှ​မဟုတ် အဲဒီထက်မက ကျင်းပ​သူ အတော်များများ​ရှိတယ်။ ရှေ့ဆောင် [အချိန်ပြည့်​ဓမ္မ​အမှုဆောင်] တစ်ယောက်​က ဒီထက်​ပို​ကောင်း​တဲ့​ရပ်ကွက်​မျိုးကို ဘယ်​နေရာမှာ​မှ ရှာတွေ့နိုင်​မှာ​မဟုတ်ဘူးလို့ ပြော​ခဲ့တယ်။ စခန်း​ကလူ​တွေ​ဟာ ကျွန်တော်​တို့​ရဲ့​စာပေ​တွေ​ကို အရမ်း​တန်ဖိုး​ထား​ကြတယ်။”

ကျမ်းစာ,စာပေ​များ ဤ​စခန်း​များ​သို့ မည်သို့​ရောက်ရှိ​သနည်း။ ဌာနခွဲရုံး​သည် စာပေ​များ​ကို တန်​ဂ​န်​ရီ​ကာ​ကန်​၏ အရှေ့ပိုင်း​ကမ်းခြေ​ရှိ ကီ​ဂို​မာ​မြို့​သို့ မီး​ရထား​ဖြင့်​တင်ပို့​ပေး​သည်။ ညီအစ်ကို​များသည် ထို​မြို့မှ စာပေ​များ​ကို လက်ခံရ​ရှိ​ကာ ယင်း​တို့ကို အသင်းတော်များ​ထံ​ပို့ပေး​ရန် စီစဉ်​ကြသည်။ တစ်ခါတစ်ရံ ပစ်​ကပ်​ကား​တစ်စီး​ငှား​ပြီး သူတို့​ကိုယ်တိုင် စခန်း​များ​သို့ အရောက်​ပို့ပေး​ကြသည်။ ဤသို့​ပြု​ရန် အလွန်​ကြမ်းတမ်း​သည့်​လမ်းများ​ပေါ် သုံး​လေး​ရက်​တိုင် ခရီးနှင်​လာ​ကြ​ရ၏။

ရုပ်ပစ္စည်း​အထောက်အပံ့

ပြင်သစ်၊ ဘယ်လ်ဂျီယံ​နှင့် ဆွစ်ဇာလန်​နိုင်ငံ​တို့​မှ ယေဟောဝါသက်သေ​များသည် ယင်း​စခန်း​များ​ရှိ ဒုက္ခသည်​များ​ကို အထူးသဖြင့် အကူအညီ​ပေး​ခဲ့​ကြပြီ။ အချို့​တို့သည် ပြည်ထဲရေး​ဝန်ကြီးဌာန​နှင့် UNHCR ၏​ခွင့်ပြု​ချက်​ဖြင့် တန်ဇန်းနီးယား​ရှိ အဆိုပါ​စခန်း​များ​သို့ သွားရောက်​လည်ပတ်​ခဲ့​ကြသည်။ ဥရောပ​ရှိ​သက်သေခံ​များသည် ပဲနို့ရည်၊ အဝတ်​အထည်​များ၊ ရှူးဖိနပ်​များ၊ ကျောင်း​သုံး​စာအုပ်​များနှင့် ဆပ်ပြာ​တို့ကို တန်​ပေါင်း​များစွာ စုဆောင်း​ပေး​ပို့​ခဲ့​ကြသည်။ အဆိုပါ​ပစ္စည်း​များ​ကို ဤ​ကျမ်းစာမူ​အတိုင်း ဒုက္ခသည်​အားလုံး​ကို ဝေငှ​ပေး​ခဲ့​ကြသည်– “ငါ​တို့သည် အဆင်သင့်​သည်​အတိုင်း ခပ်သိမ်း​သော​သူတို့အား ကောင်းစွာ​သော​အမှုကိုပြု​လျက် ယုံကြည်ခြင်း​၏ အိမ်သူအိမ်သား​တို့အား အထူးသဖြင့်​ပြု​ကြ​ကုန်​အံ့။”—ဂလာတိ ၆:၁၀သမ္မာ။

လူ​လူ​ချင်း​စာနာ​ထောက်ထား​သည့် ဤ​လုပ်ဆောင်မှုများ​ကြောင့် ဒုက္ခသည်​များစွာ အကူအညီ​ရရှိ​ပြီး အကျိုး​ရလဒ်ကောင်း​များစွာ ဖြစ်ထွန်း​ခဲ့​သည်။ စခန်း​တစ်ခု​မှ ဒုက္ခသည်​ရပ်ရွာ​ကော်မတီ​က ဤသို့​ကျေးဇူး​တင်​စကားပြော​ဆို​ခဲ့​သည်– “သုံးကြိမ်​တိုင် သင်တို့ရဲ့​အဖွဲ့အစည်း တင်ပြ​ခဲ့​သော လူ​လူ​ချင်း​စာနာ​ထောက်ထား​မှု​အတွက် ရပ်ရွာ​တစ်ခုလုံး​ကိုယ်စား သင်တို့ကို​ကျေးဇူး​တင်​ကြောင်း ပြောဆို​ခွင့်​ရသည့်​အတွက် ကျွန်ုပ်​တို့​ဂုဏ်ယူ​ဝမ်းမြောက်​မိ​ပါ​သည် . . . သင်တို့​ပို့လိုက်​သော အဝတ်​အထည်​များသည် လိုအပ်​နေ​သူ အမျိုးသား၊ အမျိုးသမီးနှင့် ကလေး​သူငယ် ၁၂,၆၅၄ ဦး​အပြင် မွေးကင်းစ​ကလေးငယ်​များ​အတွက်​ပါ ဖူလုံ​ပါ​သည်။ . . . မြူ​ရိုဗိုဇီ​ဒုက္ခသည်​စခန်း​တွင် ဒုက္ခသည်​ဦးရေ​မှာ ၃၇,၀၀၀ ဖြစ်သည်။ ခြုံ​၍​ကြည့်​လျှင် ၁၂,၆၅၄ ဦး သို့​မဟုတ် ၃၄.၂ ရာခိုင်နှုန်း အကူအညီ​ရခဲ့​သည်။”

အခြား​စခန်း​တစ်ခု​မှ ဒုက္ခသည် ၁၂,၃၈၂ ဦး​အား တစ်​ဦးလျှင် အဝတ်​သုံးစုံ​စီ ဝေငှ​ပေး​ခဲ့​ပြီး နောက်​စခန်း​တစ်ခု​က​လည်း အလယ်တန်း၊ မူလ​တန်း​နှင့် မူကြို​ကျောင်း​များ​တွင် အသုံးပြုရန် ကျောင်း​သုံး​စာအုပ် ထောင်နှင့်ချီ​လက်ခံရ​ရှိခဲ့​ကြသည်။ နယ်​တစ်​နယ်​မှ UNHCR ထောက်ပံ့​ပို့ဆောင်​ရေး​အရာရှိ​တစ်ဦး​က ဤသို့​ကောက်ချက်​ချ​ခဲ့​သည်– “ဒုက္ခသည်​စခန်း​တွေ​မှာ​ရှိတဲ့​လူတွေ တကယ်​လိုအပ်​နေတဲ့​အချိန်​မှာ သင်တို့​လှူဒါန်း​ပေး​ပို့​တဲ့ ပစ္စည်း​တွေ​ရလို့ ကျွန်တော်​တို့ တကယ်​ကျေးဇူး​တင်​တယ်။ နောက်ဆုံး​ပေး​ပို့လိုက်​တဲ့ ကုန်​သေတ္တာ​ငါး​ခု​နဲ့​စာအုပ်​တွေ​ကို လက်ခံရ​ရှိခဲ့တယ်၊ အဲ့​ဒါကို ကျွန်တော်​တို့​ရဲ့ လူမှု​ဝန်ဆောင်မှု​အဖွဲ့က ဒုက္ခသည်​တွေ​ကို ခွဲဝေ​ပေး​လိုက်ပါ​ပြီ။ . . . ကျေးဇူး​အထူး​တင်​ပါ​တယ်။”

ဒေသခံ​သတင်းစာ​များ​က​လည်း ထို​ထောက်ပံ့​ကူညီပေး​မှု​အကြောင်း သတင်း​ထုတ်လွှင့်​ခဲ့​ကြသည်။ ၂၀၀၁၊ မေ ၂၀ ရက်ထုတ် ဆန်း​ဒေး​န​ယူးစ်​သတင်းစာ​မှ ခေါင်းစီး​က ဤသို့​ဆို​သည်– “တန်ဇန်းနီးယား ဒုက္ခသည်​များ​အတွက် အဝတ်​အထည်​များ ရောက်လာ။” ၂၀၀၂၊ ဖေဖော်ဝါရီ ၁၀ ရက်ထုတ်​သတင်းစာ​တွင် ဤသို့​ဖော်ပြ​သည်– “ပေးကမ်း​လှူဒါန်း​သည့် အဝတ်​အထည်​များ​အတွက် ဒုက္ခသည်​အဖွဲ့က ကျေးဇူး​တင်​ရှိပါ​သည်၊ အဘယ်ကြောင့်​ဆို​သော် အဝတ်အစား​မရှိကြ​သည့်​အတွက် ကျောင်းထွက်​လိုက်ရ​သော ကလေး​အချို့​သည် ယခု​အခါ ကျောင်း​မှန်မှန်​ပြန်​တက်​နိုင်​ကြပြီ။”

ကျဉ်းကျပ်​နေကြ​သော်လည်း အားကိုးရာမဲ့​မဟုတ်

ဒုက္ခသည်​အများစု​သည် တစ်နှစ်​ကြာ​မှ စခန်း​၏​ဘဝ​ပုံစံ​အသစ်​အတိုင်း နေထိုင်​တတ်ကြ​သည်။ ရိုးရိုးရှင်းရှင်း​သာ သူတို့​နေထိုင်ကြ​ပါ​သည်။ အဆိုပါ​စခန်း​များ​မှ ယေဟောဝါသက်သေ​များသည် ဒုက္ခသည်​ချင်း​များ​အား သမ္မာကျမ်းစာ​မှ စိတ်သက်သာ​မှု​ပေး​သည့် သတင်းကောင်းကို အချိန်​များစွာ​အကုန်ခံ​၍ ဝေမျှ​ပြောဆို​ကြသည်။ လူအားလုံး “သူတို့​ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ လှံ​များ​ကို တံစဉ်​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း ထုလုပ်​ကြလိမ့်မည်။ တစ်​ပြည်​ကိုတစ်​ပြည်​စစ်​မ​တိုက်၊ စစ်​အတတ်ကို​လည်း နောက်​တစ်ဖန်​မသင်​ရ​ကြ” တော့​မည့် ကမ္ဘာသစ်​အကြောင်းကို သူတို့​ပြောပြ​ကြသည်။ ထို​အခါ လူအားလုံး​တို့သည် “ကိုယ်ပိုင်​သော စပျစ်​ပင်၊ ကိုယ်ပိုင်​သော​သင်္ဘောသဖန်း​ပင်​အောက်မှာ ထိုင်​ကြလိမ့်မည်။ ကြောက်​စေသော​သူ တစ်ယောက်မျှ​မရှိ​ရ။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား​၏ နှုတ်​တော်​ထွက်​အမိန့်တော်​ရှိ၏။” ယင်းသည် ဘုရားသခင်​၏​ကောင်းချီး​ဖြင့် ဒုက္ခသည်​စခန်း​များ​မရှိသည့် ကမ္ဘာ​ဖြစ်​မည်​မှာ ရှင်းနေပါသည်။—မိက္ခာ ၄:၃၊ ၄; ဆာလံ ၄၆:၉

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

န​ဒူ​တာ​စခန်း​ရှိ​အိမ်ရာ​များ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

လူကို​လီ​စခန်း ဘုရားသခင့်​နိုင်ငံတော်​ခန်းမ(ညာဘက်​ပုံ) လူ​ဂူ​ဖူ​စခန်း​တွင် နှစ်ခြင်း​ပေး​နေခြင်း (အောက်ဘက်​ပုံ)

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

လူ​ဂူ​ဖူ​စခန်း​တွင် ခရိုင်​စည်းဝေးကြီး​ကျင်းပ​နေ