ယဇ်ပလ္လင်—ဝတ်ပြုရေး၌ အဘယ်အခန်းကဏ္ဍမှပါဝင်သနည်း
ယဇ်ပလ္လင်—ဝတ်ပြုရေး၌ အဘယ်အခန်းကဏ္ဍမှပါဝင်သနည်း
ယဇ်ပလ္လင်ကို သင့်ဝတ်ပြုရေး၏ အခြေခံကျသော အပိုင်းကဏ္ဍတစ်ခုအဖြစ် သင်ယူမှတ်ပါသလော။ ခရစ်ယာန်ဘောင် ချာ့ခ်ျတက်သူအများအတွက် ယဇ်ပလ္လင်သည် အဓိကအာရုံစိုက်ရာနေရာဖြစ်ပေမည်။ ဝတ်ပြုရေးတွင် ယဇ်ပလ္လင်များအသုံးပြုခြင်းအကြောင်း ကျမ်းစာဖော်ပြချက်ကို သင်စဉ်းစားဆင်ခြင်ဖူးသလော။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ပထမဦးဆုံးယဇ်ပလ္လင်ကို နောဧတည်ဆောက်ခဲ့သည်၊ ရေလွှမ်းမိုးဘေးပြီးနောက် သူတို့အား အသက်ဘေးမှကာကွယ်ပေးခဲ့သည့် သင်္ဘောကြီးထဲမှ ထွက်ခွာလာကြကာ ထိုယဇ်ပလ္လင်ပေါ်၌ တိရစ္ဆာန်များကို ယဇ်ပူဇော်ခဲ့ကြ၏။ *—ကမ္ဘာဦး ၈:၂၀။
ဘေဘဲလ်မြို့တွင် ဘာသာစကားများရှုပ်ထွေးသွားပြီးနောက် လူအပေါင်းသည် မြေကြီးတစ်ပြင်လုံးသို့ ပျံ့နှံ့သွားခဲ့ကြလေသည်။ (ကမ္ဘာဦး ၁၁:၁-၉) ဘုရားသခင်ကိုဝတ်ပြုလိုသည့် သူတို့၏ပင်ကိုစိတ်ဖြင့် လူတို့သည် မျက်မမြင်ကဲ့သို့ မိမိတို့မရင်းနှီးကြသည့် ဘုရားသခင်ကို ‘စမ်းတဝါးဝါး’ ရှာဖွေပြီး ကိုယ်တော့်ထံချဉ်းကပ်ဖို့ ကြိုးစားအားထုတ်ကြသည်။ (တမန်တော် ၁၇:၂၇; ရောမ ၂:၁၄၊ ၁၅) နောဧခေတ်ကတည်းက လူများစွာသည် သူတို့၏ နတ်ဘုရားများအတွက် ယဇ်ပလ္လင်များ တည်ဆောက်ခဲ့ကြပြီ။ ဘာသာအသီးသီးမှ လူတို့သည် အယူလွဲသော ဝတ်ပြုမှုအတွက် ယဇ်ပလ္လင်များ အသုံးပြုခဲ့ကြပြီ။ စစ်မှန်သောဘုရားသခင်နှင့် လူတို့စိမ်းကားနေကြရာ တချို့သည် ကလေးများပင်အပါအဝင် လူယဇ်ကောင်များပူဇော်သည့် ကြောက်မက်ဖွယ် ဝတ်ပြုရေးထုံးတမ်းများကိုလိုက်ဖို့ ယဇ်ပလ္လင်များ အသုံးပြုခဲ့ကြပြီ။ ယေဟောဝါကို ကျောခိုင်းလိုက်ကြသည့်အခါ ဣသရေလရှင်ဘုရင်အချို့သည် ဗာလကဲ့သို့သော အယူမှားဝတ်ပြုရာများအတွက် ယဇ်ပလ္လင်များ တည်ဆောက်ခဲ့ကြသည်။ (၃ ဓမ္မရာဇဝင် ၁၆:၂၉-၃၂) သို့သော် စစ်မှန်သောဝတ်ပြုရေးတွင် ယဇ်ပလ္လင်များအသုံးပြုခြင်းနှင့်ပတ်သက်၍ကော အသို့နည်း။
ဣသရေလနိုင်ငံမှ ယဇ်ပလ္လင်များနှင့် စစ်မှန်သောဝတ်ပြုရေး
နောဧနောက်ပိုင်း တည်ကြည်မှုရှိသော အခြားသူတို့သည် စစ်မှန်သောဘုရားသခင်၊ ယေဟောဝါကိုဝတ်ပြုရာတွင် အသုံးပြုရန် ယဇ်ပလ္လင်များ တည်ဆောက်ခဲ့ကြသည်။ အာဗြဟံသည် ရှိခင်အရပ်၊ ဗေသလမြို့အနီး၊ ဟေဗြုန်မြို့နှင့် မောရိတောင်ပေါ်တို့တွင် ယဇ်ပလ္လင်များ တည်ဆောက်ခဲ့သည်၊ ဤနေရာတွင် ဣဇာက်အစားပူဇော်ရန် သိုးထီးတစ်ကောင်ကို ဘုရားသခင်ပြင်ဆင်ပေးခဲ့၏။ နောက်ပိုင်းတွင် ဣဇာက်၊ ယာကုပ်နှင့် မောရှေတို့သည် ဘုရားသခင်အားဝတ်ပြုရေးတွင် အသုံးပြုရန် ယဇ်ပလ္လင်များကို တည်ဆောက်ခဲ့ကြသည်။—ကမ္ဘာဦး ၁၂:၆-၈; ၁၃:၃၊ ၁၈; ၂၂:၉-၁၃; ၂၆:၂၃-၂၅; ၃၃:၁၈-၂၀; ၃၅:၁၊ ၃၊ ၇; ထွက်မြောက်ရာ ၁၇:၁၅၊ ၁၆; ၂၄:၄-၈။
ဘုရားသခင်သည် ပညတ်တရားကို ဣသရေလလူမျိုးအား ပေးအပ်ခဲ့ချိန်တွင် မိမိထံချဉ်းကပ်ဖို့ အဓိကအစီအစဉ်အဖြစ် သယ်ဆောင်ရလွယ်ကူသော တဲရှင်၊ “ပရိသတ်စည်းဝေးရာတဲတော်” ဟုလည်းခေါ်သည့် တဲကိုတည်ဆောက်ရန် မိန့်မှာခဲ့သည်။ (ထွက်မြောက်ရာ ၃၉: ၃၂၊ ၄၀) တဲတော် သို့မဟုတ် တဲရှင်တွင် ယဇ်ပလ္လင်နှစ်ခုရှိ၏။ မီးရှို့ရာယဇ်များပူဇော်ဖို့ အကာရှသားနှင့်ပြုလုပ်၍ ကြေးဝါဖြင့်မွမ်းမံထားသောယဇ်ပလ္လင်ကို တံခါးရှေ့၌ တည်ထားရ၏၊ ထိုတွင် တိရစ္ဆာန်ယဇ်များကို ပူဇော်ကြ၏။ (ထွက်မြောက်ရာ ၂၇:၁-၈; ၃၉:၃၉; ၄၀:၆၊ ၂၉) အကာရှသားနှင့်ပင်ပြုလုပ်၍ ရွှေစင်ဖြင့်မွမ်းမံထားသည့် နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်ကိုမူကား တဲတော်အတွင်း အသန့်ရှင်းဆုံးအခန်း၏ ကန့်လန့်ကာရှေ့တွင် တည်ထားသည်။ (ထွက်မြောက်ရာ ၃၀:၁-၆; ၃၉:၃၈; ၄၀:၅၊ ၂၆၊ ၂၇) ၎င်းယဇ်ပလ္လင်ပေါ်တွင် အထူးနံ့သာပေါင်းကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တစ်ရက်လျှင်နှစ်ကြိမ် မီးရှို့ပူဇော်ကြရ၏။ (ထွက်မြောက်ရာ ၃၀:၇-၉) ဘုရင်ရှောလမုန်ဆောက်လုပ်ခဲ့သည့် ဝတ်ပြုရာအိမ်တော်သည် တဲတော်ပုံစံအတိုင်းဖြစ်ပြီး ယဇ်ပလ္လင်နှစ်ခုရှိသည်။
“တဲတော်စစ်” နှင့် ပုံဆောင်ယဇ်ပလ္လင်
ယေဟောဝါသည် ဣသရေလလူမျိုးကို ပညတ်တရားပေးခဲ့ချိန်တွင် လူမျိုးတော်၏ ဘဝအသက်တာ နည်းမှန်လမ်းကျဖြစ်စေရန်နှင့် ကိုယ်တော်အား ယဇ်ပူဇော်၍ ဆုတောင်းခြင်းဖြင့် ချဉ်းကပ်နိုင်ကြရန် စည်းမျဉ်းများသာ ပြဋ္ဌာန်းခဲ့သည်မဟုတ်ပါ။ ၎င်း၏အစီအစဉ် အတော်များများသည် တမန်တော်ပေါလုခေါ်ဆိုခဲ့သည့်အတိုင်း “ပုံပမာအရိပ်၊” “ပုံပမာ၊” သို့မဟုတ် “ကောင်းကင်အရာတို့၏ ပုံပမာအရိပ်” ဖြစ်ကြသည်။ (ဟေဗြဲ ၈:၃-၅; ၉:၉; ၁၀:၁; ကောလောသဲ ၂:၁၇) တစ်နည်းအားဖြင့်၊ ပညတ်တရား၏ အသွင်သဏ္ဌာန်အသီးသီးသည် ခရစ်တော်ကြွလာချိန်အထိ ဣသရေလလူမျိုးကို လမ်းညွှန်ပေးခဲ့သည်သာမက ယေရှုခရစ်အားဖြင့် ပြည့်စုံမည့် ဘုရားသခင့်ရည်ရွယ်ချက်များ၏ အရိပ်ပါဖြစ်ခဲ့သည်။ (ဂလာတိ ၃:၂၄) မှန်ပါသည်၊ ပညတ်တရား၏ အသွင်သဏ္ဌာန်များသည် ပရောဖက်ပြုချက်သဘောဆောင်သည်။ ဥပမာ၊ ဣသရေလလူမျိုးကို ကယ်တင်ရန်အမှတ်လက္ခဏာအဖြစ် အသုံးပြုခဲ့သည့် ပသခါသိုးသငယ်၏အသွေးသည် ယေရှုခရစ်ကို တင်ကူးပုံဖော်သည်။ ကိုယ်တော်သည် “ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုးသငယ်” ဖြစ်၏၊ ကျွန်ုပ်တို့ အပြစ်မှလွှတ်ရန် ကိုယ်တော်၏အသွေးကို သွန်းလောင်းခဲ့၏။—ယောဟန် ၁:၂၉; ဧဖက် ၁:၇။
တဲတော်နှင့် ဝတ်ပြုရာအိမ်တော်၌အမှုဆောင်ခြင်းနှင့် ဆက်နွှယ်သည့် အရာများစွာတို့သည် ဝိညာဉ်ရေးဖြစ်ရပ်မှန်များကို ပုံဆောင်သည်။ (ဟေဗြဲ ၈:၅; ၉:၂၃) အမှန်ဆိုရလျှင် ပေါလုသည် “လူမဆောက်ဘဲ ထာဝရဘုရားဆောက်တော်မူသော တဲတော်စစ်” အကြောင်းရေးသားပြီး၊ ဆက်၍ သူက ‘လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့်မဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းအဖြစ် ခရစ်တော်’ ကြွလာသည်ဟုဆိုသည်။ (ဟေဗြဲ ၈:၂; ၉:၁၁၊ သမ) “သာ၍ကြီးမြတ်စုံလင်သောတဲတော်” သည် ယေဟောဝါ၏ မဟာဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်အစီအစဉ်ဖြစ်၏။ မဟာဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်သည် ယေရှုခရစ်၏ အပြစ်ဖြေရာယဇ်ကိုအခြေပြု၍ ယေဟောဝါထံ လူတို့ ချဉ်းကပ်နိုင်သည့်အစီအစဉ်ဖြစ်ကြောင်း ကျမ်းစကားကဖော်ပြသည်။—ဟေဗြဲ ၉:၂-၁၀၊ ၂၃-၂၈။
ပညတ်တရား၏ ပြဋ္ဌာန်းချက်များနှင့် စံနှုန်းများသည် သာ၍ကြီးမြတ်သော၊ သာ၍အဓိပ္ပာယ်ပြည့်ဝသော၊ အမှန်တကယ်တည်ရှိသော ဝိညာဉ်ရေးအစီအမံများကို ပုံဆောင်ကြောင်း သမ္မာကျမ်းစာလေ့လာမှုမှ သိနားလည်လာရခြင်းက ကျမ်းစာသည် ဘုရားသခင့်လမ်းညွှန်မှုအရ ဖြစ်ပေါ်ကြောင်း ယုံကြည်စိတ်ချစေသည်။ ထို့အပြင် သမ္မာကျမ်းစာတွင် ထူးခြားထင်ရှားသည့် ဘုရားသခင့်ဉာဏ်ပညာတော်ကို ပိုမိုတန်ဖိုးထားလေးမြတ်စေသည်။—ရောမ ၁၁:၃၃; ၂ တိမောသေ ၃:၁၆။
မီးရှို့ရာယဇ်ပလ္လင်သည်လည်း ပရောဖက်ပြုချက်သဘောဆောင်၏။ ၎င်းသည် ဘုရားသခင့် “အလိုတော်၊” သို့မဟုတ် ယေရှု၏ စုံလင်သောလူ့ပူဇော်ရာယဇ်ကို လက်ခံရန် ကိုယ်တော်တလိုတလားရှိခြင်းကို ပုံတင်ပြဟန်တူသည်။—ဟေဗြဲ ၁၀:၁-၁၀။
နောက်ပိုင်းတွင် ဟေဗြဲကျမ်းစာစောင်၌ ပေါလုက ဤစိတ်ဝင်စားဖွယ်စကားကိုပြောခဲ့သည်– “တဲတော်၌ဝတ်ပြုသောသူတို့ စားရသောအခွင့်မရှိသောယဇ်ပလ္လင်သည် ငါတို့၌ရှိ၏။” (ဟေဗြဲ ၁၃:၁၀) အဘယ်ယဇ်ပလ္လင်ကို သူရည်ညွှန်းနေခြင်းဖြစ်သနည်း။
ကက်သလစ်ဝတ်ပြုရေး အနက်ပြန်ဆိုသူများက ဟေဗြဲ ၁၃:၁၀ တွင်ဖော်ပြထားသည့် ယဇ်ပလ္လင်သည် ကိုယ်တော်မြတ်ပင့်ပွဲအတွက် အသုံးပြုသည့်စားပွဲဖြစ်သည်ဟု အခိုင်အမာပြောဆိုကြသည်၊ ယင်းပွဲသည် မစ္ဆားတရားပွဲအတွင်း ခရစ်တော်၏ပူဇော်ရာယဇ်ကို အသစ်တစ်ဖန် ပြန်ပြုလုပ်တော်မူသည်ဟုအဆိုရှိသည့် “မုန့်နှင့်စပျစ်ရည်ပွဲ” ဖြစ်သည်။ သို့သော် ပေါလုဆွေးနွေးနေသည့် ယဇ်ပလ္လင်သည် ပုံဆောင်ချက်ဖြစ်ကြောင်း ရှေ့နောက်စကားမှ သိနားလည်နိုင်ပါသည်။ ကျမ်းပညာရှင်အချို့က ဤကျမ်းချက်ပါ “ယဇ်ပလ္လင်” ဟူသောစကားကို ပုံဆောင်သဘောအဖြစ် မှတ်ယူကြသည်။ ဂျက်စူအစ်ဂိုဏ်းသားတစ်ဦးဖြစ်သူ ဂျူဇက်ပေ ဘောန်စီဗင်အတွက် “၎င်းသည် [ဟေဗြဲလူများထံရေးသော] ဩဝါဒစာ၏ ပုံဆောင်ချက်အားလုံးနှင့် လုံးလုံးညီညွတ်သည်။” သူကဤသို့ဆိုသည်– “ခရစ်ယာန်အသုံးအနှုန်း၌ ‘ယဇ်ပလ္လင်’ ဟူသောစကားလုံးကို ဝိညာဉ်ရေးသဘောဖြင့် အစပိုင်းတွင် အသုံးပြုခဲ့ပြီး အိုင်ရင်နီးယပ်စ်ခေတ်နောက်ပိုင်းနှင့် အထူးသဖြင့် တာတူလျန်နှင့် စိန့်ဆီပရီယန်တို့ခေတ်နောက်ပိုင်းမှသာ ကိုယ်တော်မြတ်ပင့်ပွဲနှင့်ပတ်သက်လာသည်၊ အတိအကျဆိုရလျှင် ပွဲတော်စားပွဲကိုဆိုလိုလာသည်။”
ကက်သလစ်မဂ္ဂဇင်းတစ်စောင်က ဖော်ပြသည့်အတိုင်း “ကွန်စတင်တိုင်းခေတ်” တွင် “ဗက်စလီကာဘုရားကျောင်းများ ဆောက်လုပ်” ကြသည့်အခါ ယဇ်ပလ္လင်အသုံးပြုမှု ပျံ့နှံ့လာခဲ့သည်။ ရီဗီစတာ ဒီ အာကာအိုလိုဇီယာ ခရစ္စတီယားနား (ခရစ်ယာန် ရှေးဟောင်းသုတေသနပညာ ဆန်းစစ်ဝေဖန်ခြင်း) မဂ္ဂဇင်းက ဤသို့ဖော်ပြခဲ့သည်– “ပထမရာစုနှစ်,နှစ်ခုအတွင်း ဝတ်ပြုရာနေရာ အတည်တကျရှိကြောင်းမတွေ့ရဘဲ လူနေအိမ်ခန်းများတွင် ဆုတောင်းဝတ်ပြုဖို့စုဝေးကြ၍ . . . ၊ ဆုတောင်းပွဲပြီးသည်နှင့် ထိုအခန်းများကို မူလအတိုင်း လူနေခန်းအဖြစ် ပြန်ထားလိုက်သည်ကိုတွေ့ရသည်။”
ယဇ်ပလ္လင်ကို ခရစ်ယာန်ဘောင်အသုံးပြုပုံ
“ယဇ်ပလ္လင်သည် ချာ့ခ်ျအဆောက်အအုံအတွက်သာမက ချာ့ခ်ျအသင်းသားများအတွက်ပါ အဓိကအချက်အချာဖြစ်၏” ဟု လာ ချီဗဲလ်တာ ကက်တိုလီကာ ကက်သလစ်ဂျာနယ်ကဆို၏။ သို့တိုင် ယေရှုခရစ်သည် ယဇ်ပလ္လင်တွင် ကျင်းပကြရမည့် ဝတ်ပြုရေးအခမ်းအနားတစ်ခုကိုမျှ အစပြုကျင်းပပေးခြင်းမျိုး မရှိခဲ့ချေ; မိမိ၏နောက်လိုက်များကိုလည်း ယဇ်ပလ္လင်အသုံးပြု၍ အခမ်းအနားများကျင်းပရန် မမိန့်မှာခဲ့ချေ။ မဿဲ ၅:၂၃၊ ၂၄ နှင့် အခြားနေရာများတွင် ယဇ်ပလ္လင်ဟုယေရှုဖော်ပြထားခြင်းသည် ဂျူးလူမျိုးအလယ် ရေပန်းစားနေသည့် ဝတ်ပြုရေးဓလေ့ထုံးတမ်းများကို ရည်ညွှန်းခြင်းသာဖြစ်သည်၊ မိမိ၏နောက်လိုက်များသည် ယဇ်ပလ္လင်ကိုအသုံးပြု၍ ဘုရားသခင်အား ဝတ်ပြုကြရမည်ဟု မဖော်ပြထားချေ။
အမေရိကန်သမိုင်းပညာရှင် ဂျော့ဂျ် ဖွတ် မောရ် (၁၈၅၁-၁၉၃၁) ကဤသို့ရေးသားခဲ့၏– “ခရစ်ယာန်ဝတ်ပြုမှု၏ အဓိကကြန်အင်လက္ခဏာများမှာ အမြဲအတူတူပင်ဖြစ်သည်၊ သို့သော် ဒုတိယရာစုနှစ်အလယ်ပိုင်း၌ ဂျတ်စတင်ဖော်ပြခဲ့သည့် ရိုးရှင်းသော ဝတ်ပြုရေးအခမ်းအနားများသည် တဖြည်းဖြည်းနှင့် ခမ်းနားသိုက်မြိုက်သော ဝတ်ပြုရေးဂိုဏ်းဂဏအသွင်သို့ ပြောင်းလဲသွားလေသည်။” ကက်သလစ်ဝတ်ပြုရေးထုံးတမ်းများနှင့် လူအများကျင့်သုံးသော ဝတ်ပြုရေးအခမ်းအနားပွဲများသည် အလွန်များပြားပြီး ရှုပ်ထွေးလွန်းရာ ကက်သလစ်ကျမ်းစာသင်ကျောင်းများတွင် ဝတ်တက်နည်းကို ဘာသာရပ်တစ်ခုအနေနှင့် လေ့လာသင်ကြားရလေသည်။ မောရ်ကဤသို့ဆက်၍ဆိုခဲ့သည်– “ယခင်ကထွန်းကားခဲ့သည့် ဝတ်ပြုရေးစနစ်၏ ယဇ်ပုရောဟိတ်များ၏အရာကို ခရစ်ယာန်ဓမ္မဆရာများဆက်ခံသည်ဟု ယူမှတ်လာကြချိန်တွင် ဝတ်ပြုရေးထုံးတမ်းရှိရှိသမျှတို့တွင် တွေ့ရှိရသည့် ဤသဘောထားအပေါ် ဓမ္မဟောင်းကျမ်း၏သြဇာ အကြီးအကျယ် လွှမ်းမိုးလာခဲ့သည်။ ယဇ်ပုရောဟိတ်မင်း၏ လှပခံ့ညားသည့်အဝတ်အစား၊ အခြားယဇ်ပုရောဟိတ်များ၏ အခမ်းအနားအဝတ်တန်ဆာများ၊ ခံ့ညားထည်ဝါစွာ စီတန်းလျှောက်ခြင်း၊ ဆာလံသီချင်းများကို သံပြိုင်ကျူးဧနေကြသည့် သီချင်းသည်လေဝိသားများ၊ လက်လွှဲနံ့သာပေါင်းမီးရှို့ရာမီးခွက်များမှ နံ့သာအခိုးအငွေ့များ အစရှိသည်တို့မှာ ဘုရားသခင်နှစ်သက်ပုံရှိသော ဝတ်ပြုမှုပုံစံဖြစ်နေရာ ရှေးခေတ်အယူမှားဘာသာတရားများ၏ ခမ်းနားသိုက်မြိုက်မှုကို ချာ့ခ်ျ၏ကြိုးစားတုပြိုင်မှုအတွက် အကြောင်းပြချက်ကောင်းဖြစ်သွားစေသည်။”
ဝတ်ပြုရေးတွင် ချာ့ခ်ျအသီးသီးကျင့်သုံးသော များပြားလှသည့် ဝတ်ပြုရေးထုံးတမ်းများ၊ အခမ်းအနားများ၊ ခမ်းနားထည်ဝါသည့် အဝတ်တန်ဆာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများသည် ခရစ်ဝင်ကျမ်းများ၏ ခရစ်ယာန်သွန်သင်ချက်များအတိုင်းမဟုတ်ဘဲ ဂျူးများနှင့် အယူမှားသူတို့၏ ဓလေ့ထုံးတမ်းများဖြစ်သည်ကို သင်သိရှိရ၍ အံ့သြသွားပေမည်။ အင်ချီကလိုပီးဒီးယား ကာတိုလီကာက ကက်သလစ်အယူဝါဒသည် “ယုဒအယူဝါဒနှင့် အယူမှားဝါဒများမှ ယဇ်ပလ္လင်အသုံးပြုမှုကို ဆက်ခံခဲ့” ကြောင်း ဖော်ပြသည်။ စီ.အီး. တတိယရာစုမှ ခုခံကာကွယ်သူတစ်ဦး မီနယူကီးယပ်စ် ဖီးလခ်စ်က ခရစ်ယာန်များတွင် ‘ဘုရားကျောင်းဆောင်များမရှိ၊ ယဇ်ပလ္လင်များမရှိ’ ကြောင်း ရေးသားဖော်ပြခဲ့၏။ စွယ်စုံကျမ်းအဘိဓာန် ရေလီဂျိုနီ အာ မီတီ (ဘာသာတရားများနှင့်ဒဏ္ဍာရီများ) က အလားတူဤသို့ဖော်ပြသည်– “အစောပိုင်းခရစ်ယာန်များသည် ဂျူးနှင့်အယူမှားဝတ်ပြုရေးမှ မိမိတို့ကိုယ်ကို ကွဲပြားခြားနားစေရန် ယဇ်ပလ္လင်အသုံးပြုခြင်းကို ငြင်းပယ်ခဲ့ကြသည်။”
ခရစ်ယာန်ဝတ်ပြုရေးသည် နိုင်ငံတကာတွင် နေ့စဉ် လက်ခံကျင့်သုံးကြရမည့် မူများအပေါ် အဓိကအခြေပြုသောကြောင့် မြေကြီးပေါ်တွင် သန့်ရှင်းသောမြို့တစ်မြို့ရှိစရာမလို၊ ယဇ်ပလ္လင်များရှိသည့် ပကတိဝတ်ပြုရာအိမ်တော်အဆောက်အဦမလို၊ တစ်မူထူးခြားသည့် ဝတ်စားတန်ဆာများဝတ်ဆင်ထားသည့် အထူးအတန်းအစား ယဇ်ပုရောဟိတ်များရှိစရာလည်း မလိုအပ်ချေ။ ယေရှုက “ဤတောင်သို့မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန်ကာလရောက်ဆဲရှိ၏။ ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို . . . ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း ကိုးကွယ်ရ [မည်]” ဟုမိန့်ဆိုတော်မူခဲ့သည်။ (ယောဟန် ၄:၂၁၊ ၂၃) ချာ့ခ်ျများစွာတို့၏ ရှုပ်ထွေးလှသည့် ဝတ်ပြုရေးထုံးတမ်းများနှင့် ယဇ်ပလ္လင်များအသုံးပြုခြင်းက ယေရှုမိန့်မှာခဲ့သည့် စစ်မှန်သောဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရမည့်နည်းကို လျစ်လျူရှုခြင်းဖြစ်သည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 အစောပိုင်းက၊ ကာဣနနှင့် အာဗေလတို့သည် ယဇ်ပလ္လင်များကိုအသုံးပြု၍ ယေဟောဝါထံ မိမိတို့၏ပူဇော်ရာယဇ်များကို ပူဇော်ခဲ့ကြပေမည်။—ကမ္ဘာဦး ၄:၃၊ ၄။