သခင့်ညစာစားပွဲကို အဘယ်ကြောင့် ကျင်းပကြသနည်း
သခင့်ညစာစားပွဲကို အဘယ်ကြောင့် ကျင်းပကြသနည်း
“သင်တို့၌ ငါအပ်ပေးသောအရာကို သခင်ဘုရားထံ၌ ငါခံရပြီ။”—၁ ကောရိန္သု ၁၁:၂၃။
၁၊ ၂။ စီ.အီး. ၃၃၊ ပသခါပွဲညတွင် ယေရှု အဘယ်အရာ ပြုလုပ်ခဲ့သနည်း။
ယေဟောဝါ၏ တစ်ပါးတည်းသောသားတော် ရှိနေသည်။ ‘ကိုယ်တော် စုံစမ်းနှောင့်ယှက်ခြင်း ခံရစဉ် ကိုယ်တော်၌ မှီဝဲကြသူ’ ၁၁ ဦးလည်း ရှိနေကြ၏။ (လုကာ ၂၂:၂၈) ထိုနေ့ရက်သည် စီ.အီး. ၃၃၊ မတ်လ ၃၁ ရက် ကြာသပတေးနေ့ ညနေပိုင်းဖြစ်ပြီး ယေရုရှလင်မြို့ပေါ်တွင် လပြည့်ဝန်းသာနေဖို့ အကြောင်းများသည်။ ယေရှုခရစ်နှင့် ကိုယ်တော်၏တမန်တော်များသည် ပသခါပွဲ ကျင်းပပြီးခါစဖြစ်သည်။ သစ္စာဖောက် ယုဒရှကာရုတ်ကို အခန်းထဲမှ ယေရှုထွက်သွားခိုင်းလိုက်သော်လည်း တခြားသူများမှာမူ ထွက်ခွာသွားရန် အချိန်မတိုင်သေးချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အလွန်အရေးကြီးသော အလုပ်တစ်ခုကို ယေရှုလုပ်ဆောင်တော့မည်ဖြစ်သည်။ ယင်းကား အဘယ်နည်း။
၂ ထိုအချိန်တွင် ခရစ်ဝင်ကျမ်းရေးသူ မဿဲ ရှိနေသောကြောင့် ကျွန်ုပ်တို့ကို သူပြောပြပါစေ။ သူဤသို့ရေးသားခဲ့၏– “ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ‘ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့’ ဟုမိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ ‘သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား “ပဋိညာဉ်တရားသစ်” နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွှတ်စေခြင်းငှာသွန်းသော ငါ၏အသွေးဖြစ်၏။’” (မဿဲ ၂၆:၂၆-၂၈) ယင်းသည် တစ်ကြိမ်သာဖြစ်သော ဖြစ်ရပ်လော။ ထိုသို့ပြုလုပ်ခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။ ယနေ့ ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်တစ်စုံတစ်ရာရှိသလော။
“ဤသို့ပြုကြလော့”
၃။ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်ညတွင် ယေရှုပြုလုပ်ခဲ့သောအမှုသည် အဘယ်ကြောင့် အထူးအဓိပ္ပာယ်ရှိသနည်း။
၃ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်ညတွင် ယေရှုခရစ်၏ လုပ်ဆောင်ချက်သည် ကိုယ်တော်၏အသက်တာတွင် အမှတ်မထင်ပြုခဲ့သည့်အမှုမျှ မဟုတ်ချေ။ တမန်တော်ပေါလုသည် နောင်အနှစ် ၂၀ ကျော်အထိ ထိုပုံစံအတိုင်းပြုမူနေသေးသည့် ကောရိန္သုမြို့မှ ဝိညာဉ်တော်ဖွားခရစ်ယာန်များထံ စာရေးစဉ် ယင်းအကြောင်းကို ဆွေးနွေးခဲ့သည်။ စီ.အီး. ၃၃ ၌ယေရှုနှင့် တမန်တော် ၁၁ ပါးတို့အလယ်တွင် ပေါလုမရှိခဲ့သော်လည်း ထိုအချိန်အခါက အဖြစ်အပျက်ကို တမန်တော်အချို့ထံမှ သူကြားသိခဲ့ရပုံရှိသည်။ ထို့ပြင် ၎င်းအဖြစ်အပျက် အမှန်တကယ်ဖြစ်ပျက်ခဲ့ကြောင်း ဘုရားသခင့်တန်ခိုးတော်ဖြင့် ပေါလုသိရှိခဲ့ရကြောင်း ထင်ရှား၏။ ပေါလုက ဤသို့ဆိုသည်– “သင်တို့၌ ငါအပ်ပေးသောအရာကို ၁ ကောရိန္သု ၁၁:၂၃-၂၅။
သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူမူကား၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကိုခံသောနေ့ညမှာ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ‘ဤမုန့်ကား သင်တို့အဖို့အလိုငှာ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့’ ဟုမိန့်တော်မူ၏။ ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ ‘ဤခွက်ကား ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကို သောက်သောအခါခါ၊ ငါ့ကိုအောက်မေ့ဖို့ရာ သောက်ကြလော့’ ဟုမိန့်တော်မူ၏။”—၄။ သခင့်ညစာစားပွဲကို ခရစ်ယာန်များ အဘယ်ကြောင့် ကျင်းပသင့်သနည်း။
၄ “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟူ၍ ယေရှုမိန့်မှာခဲ့ကြောင်း ခရစ်ဝင်ကျမ်းရေးသူ လုကာကလည်း ထောက်ခံပြောဆိုသည်။ (လုကာ ၂၂:၁၉) အဆိုပါစကားများကို ဤသို့လည်း ပြန်ဆိုကြသည်– “ငါ့ကိုသတိရခြင်းငှာ ဤသို့ပြုကြလော့။” (သမ) “ငါ့ကိုအောက်မေ့သတိရရန် ဤသို့ပြုကြလော့။” (သတင်းကောင်း) အမှန်မှာ ဤပွဲတော်ကို ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲတော်ဟု ရည်ညွှန်းလေ့ရှိကြသည်။ ဤပွဲတော်ကို ညတွင် အစပြုကျင်းပခဲ့သောကြောင့် သခင့်ညစာစားပွဲဟု ပေါလုခေါ်ဆိုခဲ့ခြင်းသည်လည်း လျောက်ပတ်ပေ၏။ (၁ ကောရိန္သု ၁၁:၂၀) သခင့်ညစာစားပွဲကို ကျင်းပရမည်ဟု ခရစ်ယာန်များအား မိန့်မှာထားသည်။ သို့သော် ဤပွဲတော်ကို အဘယ်ကြောင့် အစပြုကျင်းပခဲ့ကြရသနည်း။
ပွဲတော်ကို အစပြုကျင်းပခဲ့ရသည့်အကြောင်းရင်း
၅၊ ၆။ (က) အောက်မေ့ရာပွဲတော်ကို ယေရှု အစပြုကျင်းပရသည့် အကြောင်းရင်းတစ်ခုကား အဘယ်နည်း။ (ခ) သခင့်ညစာစားပွဲ အစပြုကျင်းပခဲ့ရသည့်အကြောင်းရင်း နောက်တစ်ခုကို ဖော်ပြပါ။
၅ အောက်မေ့ရာပွဲကို အစပြုကျင်းပခဲ့ရသည့် အကြောင်းရင်းတစ်ခုမှာ ယေရှု၏သေခြင်းကြောင့် ဖြစ်မြောက်ခဲ့သည့် ရည်ရွယ်ချက်တစ်ခုနှင့် ပတ်သက်သည်။ ကိုယ်တော်သည် ကောင်းကင်ခမည်းတော်၏ ပိုင်သအုပ်စိုးမှုကို ထောက်ခံသူတစ်ဦးအဖြစ် သေဆုံးခဲ့သည်။ ဤနည်းဖြင့် ကိုယ်ကျိုးအတွက်သာ ဘုရားသခင်ကို လူတို့ကိုးကွယ်ကြသည်ဟု မဟုတ်မမှန်စွပ်စွဲပြောဆိုခဲ့သူ စာတန်ကို မုသာကောင်အဖြစ် ခရစ်တော် သက်သေထူခဲ့၏။ (ယောဘ ၂:၁-၅) ယေရှု တည်ကြည်စွာ သေဆုံးခဲ့ခြင်းက ဤစွပ်စွဲချက် မှားကြောင်း သက်သေထူပြီး ယေဟောဝါ၏စိတ်တော်ကို ရွှင်လန်းစေခဲ့သည်။—သု. ၂၇:၁၁။
၆ သခင့်ညစာစားပွဲကို အစပြုကျင်းပရခြင်း၏ အကြောင်းရင်းနောက်တစ်ခုမှာ ယေရှုသည် စုံလင်ပြီး အပြစ်ကင်းသော လူသားတစ်ဦးအဖြစ် အသေခံခြင်းအားဖြင့် “အသက်ကိုစွန့်၍ လူများကိုရွေး” ခဲ့ကြောင်း ကျွန်ုပ်တို့ကို သတိရစေရန်ဖြစ်သည်။ (မဿဲ ၂၀:၂၈) ပထမလူသားသည် ဘုရားသခင်ကို ပြစ်မှားလိုက်သောအခါ သူသည် စုံလင်သောလူ့အသက်တာအပြင် ၎င်းနှင့်ဆိုင်သော အလားအလာရှိသမျှတို့ကို လက်လွှတ်ဆုံးရှုံးခဲ့သည်။ သို့သော် ယေရှုက ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကို ချစ်တော်မူ၏’ ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၃:၁၆) မှန်ပါသည်၊ “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” (ရောမ ၆:၂၃) သခင့်ညစာစားပွဲကျင်းပခြင်းက ယေရှု၏ပူဇော်ရာသေခြင်းနှင့်ဆက်စပ်၍ ယေဟောဝါနှင့် ကိုယ်တော်၏သားတော်တို့ ပြသခဲ့ကြသော ကြီးမားသည့်မေတ္တာတော်ကို ကျွန်ုပ်တို့အား သတိရမှတ်မိစေသည်။ ထိုမေတ္တာတော်ကို ကျွန်ုပ်တို့ အမှန်တကယ်ကျေးဇူးတင်သင့်သည်တကား!
ပွဲတော်ကို မည်သည့်အချိန်တွင် ကျင်းပသင့်သနည်း
၇။ ဝိညာဉ်တော်ဖွား ခရစ်ယာန်များသည် အောက်မေ့ရာပွဲအထိမ်းအမှတ်များကို မည်သို့ “အခါခါ” စားသုံးကြသနည်း။
၇ သခင့်ညစာစားပွဲနှင့် စပ်လျဉ်း၍ ပေါလုက “သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကို သောက်သောအခါခါ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော်မမူမီတိုင်အောင်ပြုကြ၏” ဟုပြောခဲ့သည်။ (၁ ကောရိန္သု ၁၁:၂၆) ဝိညာဉ်တော်ဖွားခရစ်ယာန်တစ်ဦးချင်းစီသည် သေသည့်တိုင် အောက်မေ့ရာပွဲအထိမ်းအမှတ်များဖြစ်သော မုန့်နှင့်စပျစ်ရည်ကို သုံးဆောင်ကြလိမ့်မည်။ ဤနည်းဖြင့် ယေဟောဝါဘုရားသခင်နှင့် လောကသားများ ရှေ့မှောက်တွင် သူတို့သည် ဘုရားသခင်စီစဉ်ထားသည့် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်း ထပ်ခါတလဲလဲဖော်ပြကြလိမ့်မည်။
၈။ ဝိညာဉ်တော်ဖွားအဖွဲ့သည် သခင့်ညစာစားပွဲကို မည်မျှကြာကြာ ကျင်းပကြရမည်နည်း။
၈ ဝိညာဉ်တော်ဖွား ခရစ်ယာန်များသည် ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲကို မည်မျှကြာကြာ ကျင်းပကြရမည်နည်း။ ယေရှု “ကြွလာတော်မမူမီတိုင်အောင်” ဟုပေါလုပြောဆိုခဲ့ခြင်းမှာ ကိုယ်တော် “ကြွလာ [“ရောက်ရှိ၊” ကဘ]” ချိန်အတွင်း ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ကောင်းကင်သို့ ကိုယ်တော်၏ဝိညာဉ်တော်ဖွားနောက်လိုက်များကို ခေါ်တော်မူသည့်အချိန်တိုင်အောင် အဆိုပါပွဲတော်ကို ဆက်ကျင်းပသွားကြရလိမ့်မည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ (၁ သက်သာလောနိတ် ၄:၁၄-၁၇၊ ကဘ) ယင်းသည် တည်ကြည်သော တမန်တော် ၁၁ ပါးကို ယေရှုမိန့်ဆိုခဲ့သည့် ဤစကားများနှင့်လည်း ကိုက်ညီပါသည်– “ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။”—ယောဟန် ၁၄:၃။
၉။ မာကု ၁၄:၂၅ တွင်မှတ်တမ်းတင်ထားသော ယေရှုစကား၏အဓိပ္ပာယ်ကား အဘယ်နည်း။
မာကု ၁၄:၂၅) ယေရှုသည် ကောင်းကင်တွင် ပကတိစပျစ်ရည်ကို သောက်လိမ့်မည်မဟုတ်သည့်အတွက် စပျစ်ရည်ဖြင့် တစ်ခါတစ်ရံ ပုံဆောင်သည့် ရွှင်လန်းမှုကို ကိုယ်တော်ရည်ညွှန်းနေကြောင်း ထင်ရှားပါသည်။ (ဆာလံ ၁၀၄:၁၅; ဒေ. ၁၀:၁၉) ဘုရားသခင့်နိုင်ငံတော်တွင် အတူတကွရှိနေခြင်းသည် ဝမ်းသာအားရစရာအချိန် ဖြစ်ပါလိမ့်မည်၊ ၎င်းကို ကိုယ်တော်နှင့် ကိုယ်တော်၏ခြေရာကို လိုက်လျှောက်ကြသော နောက်လိုက်များ မျှော်လင့်တောင့်တခဲ့ကြ၏။—ရောမ ၈:၂၃; ၂ ကောရိန္သု ၅:၂။
၉ ယေရှုသည် အောက်မေ့ရာပွဲကို အစပြုကျင်းပခဲ့သောအခါ စပျစ်ရည်ခွက်ကို ရည်ညွှန်း၍ “ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မီနေ့တိုင်အောင် ယခုမှစ၍ တစ်ဖန်ငါမသောက်ရ” ဟုတည်ကြည်သော တမန်တော်များအား မိန့်ဆိုခဲ့၏။ (၁၀။ အောက်မေ့ရာပွဲကို အကြိမ်မည်မျှ ကျင်းပသင့်သနည်း။
၁၀ ယေရှု၏သေခြင်းအောက်မေ့ရာပွဲကို လစဉ်၊ အပတ်စဉ် သို့မဟုတ် နေ့စဉ်ပင် ကျင်းပသင့်သလော။ မကျင်းပသင့်ချေ။ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် အီဂျစ်ကျွန်အဖြစ်မှ ဣသရေလလူမျိုး လွတ်မြောက်ခြင်းကို “အောက်မေ့စရာဖို့” ကျင်းပခဲ့သော ပသခါပွဲနေ့၌ပင် ယေရှုသည် သခင့်ညစာစားပွဲကို အစပြုကျင်းပခဲ့ပြီး အသတ်ခံခဲ့ရ၏။ (ထွက်မြောက်ရာ ၁၂:၁၄) ပသခါပွဲကို ဂျူးပြက္ခဒိန်အရ နိသန်လ ၁၄ ရက်နေ့တွင် တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပကြသည်။ (ထွက်မြောက်ရာ ၁၂:၁-၆; ဝတ်ပြုရာ ၂၃:၅) ယင်းကိုထောက်၍ ယေရှုသေခြင်းအောက်မေ့ရာပွဲကို လစဉ်၊ အပတ်စဉ်၊ သို့မဟုတ် နေ့စဉ်မကျင်းပသင့်ဘဲ ပသခါပွဲနည်းတူ တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပသင့်၏။
၁၁၊ ၁၂။ အစောပိုင်းတွင် အောက်မေ့ရာပွဲကျင်းပခြင်းနှင့်ပတ်သက်၍ သမိုင်းက အဘယ်အရာ ဖော်ပြသနည်း။
၁၁ သို့ဆိုလျှင် အောက်မေ့ရာပွဲကို နှစ်စဉ် နိသန်လ ၁၄ ရက်နေ့တွင် ကျင်းပခြင်းသည် လျောက်ပတ်ပေ၏။ အကိုးအကားစာအုပ်တစ်အုပ်က ဤသို့ဆို၏– “အာရှမိုင်းနားရှိ ခရစ်ယာန်များသည် ပါစကာ [သခင့်ညစာစားပွဲ] ကို နိသန်လ ၁၄ ရက်နေ့တွင် ကျင်းပလေ့ရှိခြင်းကြောင့် သူတို့ကို ကွာတိုဒက်စမန်စ် [ဆယ့်လေးရက်သမားများ] ဟုခေါ်ခဲ့ကြသည်။ . . . ထိုနေ့ရက်သည် သောကြာနေ့ သို့မဟုတ် ရက်သတ္တပတ်၏တခြားတစ်နေ့နေ့တွင် ကျရောက်နိုင်ပါသည်။”—ဘာသာရေးအသိပညာဆိုင်ရာ သည်နယူးရှဖ်အက်စော့ဖ်စွယ်စုံကျမ်း၊ အတွဲ ၄၊ စာမျက်နှာ ၄၄။
၁၂ စီ.အီး. ဒုတိယရာစုနှစ် အလေ့အထကို မှတ်ချက်ချရာတွင် သမိုင်းပညာရှင် ဂျေ. အယ်လ်. ဗွန် မိုရှိမ်းက ကွာတိုဒက်စမန်စ်များသည် “ခရစ်တော်၏ ပုံသက်သေကို ပညတ်တရားတစ်ရပ်၏ အခွင့်အာဏာကို ပိုင်ဆိုင်ထားရာအဖြစ် ယူမှတ်ကြ” သောကြောင့် နိသန်လ ၁၄ ရက်နေ့တွင် အောက်မေ့ရာပွဲ ကျင်းပခဲ့ကြသည်ဟုဆို၏။ သမိုင်းပညာရှင်နောက်တစ်ဦးက ဤသို့ဆိုသည်– “အာရှရှိ ကွာတိုဒက်စမန်စ်ချာ့ခ်ျများ၏ အလေ့အထသည် ယေရုရှလင်ချာ့ခ်ျ၏အလေ့အထနှင့် တစ်ပုံစံတည်းဖြစ်၏။ ဒုတိယရာစုနှစ်၌ အဆိုပါချာ့ခ်ျများက နိသန်လ ၁၄ ရက်နေ့တွင်ကျင်းပသော ပါစကာပွဲတွင် ခရစ်တော်၏သေခြင်းဖြင့် စတင်ခဲ့သော ပြန်လည်ရွေးခြင်းအထိမ်းအမှတ်ပွဲကို ကျင်းပကြသည်။”—စတတ်ဒ်ယား ပါထရီစ်တီကာ၊ အတွဲ ၅၊ ၁၉၆၂၊ စာမျက်နှာ ၈။
မုန့်ပုံဆောင်ချက်
၁၃။ သခင့်ညစာစားပွဲကို အစပြုကျင်းပသောအခါ မည်သည့်မုန့်မျိုးကို ယေရှု အသုံးပြုခဲ့သနည်း။
၁၃ ယေရှုသည် အောက်မေ့ရာပွဲကို အစပြုကျင်းပသောအခါ “မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ . . . [တမန်တော်များ] အားပေးတော်မူ၏။” (မာကု ၁၄:၂၂) ထိုအချိန်တွင် အသုံးပြုခဲ့သောမုန့်သည် ပသခါပွဲ၌ အသုံးပြုပြီးခါစဖြစ်သည့် မုန့်ပင်ဖြစ်၏။ (ထွက်မြောက်ရာ ၁၃:၆-၁၀) ၎င်းသည် တဆေးမဲ့မုန့်ဖြစ်သဖြင့် သိပ်မထူဘဲ ကြွပ်ဆတ်နေကာ မုန့်ကိုဝေရန် ချိုးဖဲ့ခဲ့ရ၏။ ယေရှုသည် ထောင်နှင့်ချီသောလူတို့အတွက် အံ့ဖွယ်နည်းဖြင့် မုန့်ကိုပွားစေ၍ ကျွေးမွေးခဲ့သောအခါ ထိုမုန့်သည်လည်း ကြွပ်ဆတ်သောမုန့်ဖြစ်၏၊ အကြောင်းမှာ ကိုယ်တော်သည် မုန့်ကိုချိုးဖဲ့၍ ဝေပေးခဲ့သည်။ (မဿဲ ၁၄:၁၉; ၁၅:၃၆) ထို့ကြောင့် အောက်မေ့ရာပွဲတော်မုန့်ကို ချိုးဖဲ့ခြင်း၌ ဝိညာဉ်ရေးပုံဆောင်ချက်မရှိကြောင်း ထင်ရှားပါသည်။
၁၄။ (က) အောက်မေ့ရာပွဲတော်မုန့်သည် တဆေးမဲ့မုန့်ဖြစ်ရခြင်းမှာ အဘယ်ကြောင့် သင့်လျော်သနည်း။ (ခ) သခင့်ညစာစားပွဲတွင် အသုံးပြုရန် အဘယ်မုန့်မျိုးကို ရယူ သို့မဟုတ် ဖုတ်နိုင်သနည်း။
၁၄ အောက်မေ့ရာပွဲကို အစပြုကျင်းပချိန်တွင် အသုံးပြုခဲ့သော မုန့်နှင့်ပတ်သက်၍ ယေရှုက “ဤမုန့်ကား သင်တို့အဖို့အလို့ငှာ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏” ဟုမိန့်ဆိုခဲ့သည်။ (၁ ကောရိန္သု ၁၁:၂၄; မာကု ၁၄:၂၂) ထိုမုန့်သည် တဆေးမဲ့မုန့်ဖြစ်နေခြင်းမှာ အပ်စပ်၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ တဆေးကို မကောင်းမှု၊ ဆိုးညစ်မှု၊ အပြစ်တို့နှင့် အမှတ်သညာပြုနိုင်သည်။ (၁ ကောရိန္သု ၅:၆-၈) ထိုမုန့်သည် ရွေးနုတ်ဖိုးပူဇော်ရာယဇ်အဖြစ် သင့်လျော်စွာ ဆက်သခဲ့သည့် ယေရှု၏ စုံလင်၍အပြစ်ကင်းသော လူ့ကိုယ်ခန္ဓာကို ကိုယ်စားပြုသည်။ (ဟေဗြဲ ၇:၂၆; ၁၀:၅-၁၀) ယေဟောဝါသက်သေများသည် ယင်းကို စိတ်စွဲမှတ်ထားပြီး အောက်မေ့ရာပွဲတော် ကျင်းပချိန်များတွင် ယေရှုချမှတ်ခဲ့သော ပုံသက်သေကိုလိုက်လျှောက်၍ တဆေးမဲ့မုန့်ကို အသုံးပြုကြသည်။ တစ်ခါတစ်ရံ ကြက်သွန်နီ၊ ကြက်ဥစသည့် အမည်ပစ္စည်းများမပါသည့် မက်ဇိုခေါ် ဂျူးတဆေးမဲ့မုန့်ကို သူတို့အသုံးပြုကြသည်။ သို့မဟုတ်လျှင် တဆေးမဲ့မုန့်ကို (ဂျုံရနိုင်သည့်နေရာတွင်) ဂျုံကြမ်းအနည်းငယ်နှင့် ရေရော၍ ပြုလုပ်နိုင်သည်။ မုန့်စိမ်းကို ပါးပါးလှိမ့်ပြီး ဆီအနည်းငယ်လူးထားသော ဒယ်ပြားပေါ်တွင် ခြောက်သွေ့၍ ကြွပ်သည့်အထိ ဖုတ်နိုင်သည်။
စပျစ်ရည်ပုံဆောင်ချက်
၁၅။ ခရစ်တော်သည် မိမိ၏သေခြင်း အောက်မေ့ရာပွဲကို အစပြုကျင်းပခဲ့သောအခါ ကိုယ်တော်အသုံးပြုသည့်ခွက်တွင် အဘယ်အရာရှိသနည်း။
၁၅ တဆေးမဲ့မုန့်ကို လက်ဆင့်ကမ်းပြီးနောက် ယေရှုသည် ခွက်ကိုယူ၍ “ကျေးဇူးတော်ချီးမွမ်းပြီးမှ [တမန်တော်များ] အားပေးတော်မူလျှင် ထိုသူရှိသမျှတို့သည် သောက်ကြ၏။” ယေရှုက “ဤခွက်ကား ‘ပဋိညာဉ်တရားသစ်’ နှင့်ဆိုင်၍ လူများအဖို့အလို့ငှာသွန်းသော ငါ၏အသွေးဖြစ်၏” ဟုမိန့်တော်မူခဲ့သည်။ (မာကု ၁၄:၂၃၊ ၂၄) ခွက်ထဲတွင် အဘယ်အရာရှိသနည်း။ ကစော်မပေါက်သေးသော စပျစ်ရည်မဟုတ်ဘဲ ကစော်ပေါက်ပြီးသော ဝိုင်ဖြစ်သည်။ သမ္မာကျမ်းစာက ဝိုင်ဟုဆိုသည့်အခါ ကစော်မပေါက်သေးသော စပျစ်ရည်ကို ဆိုလိုနေခြင်းမဟုတ်ပါ။ ဥပမာ၊ ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း စပျစ်ရည်မဟုတ်ဘဲ ကစော်ပေါက်ပြီးသားဝိုင်သည် “ဟောင်းသောသားရေဘူး” ကိုစုတ်ကွဲသွားစေနိုင်၏။ ထို့ပြင် ခရစ်တော်၏ရန်သူများကလည်း ကိုယ်တော်သည် “စပျစ်ရည်သောက်ကြူးသောသူ” ဖြစ်သည်ဟုစွပ်စွဲကြသည်။ ထိုဝိုင်သည် စပျစ်ရည်မျှသာဖြစ်ခဲ့မည်ဆိုလျှင် ထိုသို့စွပ်စွဲခြင်းသည် အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။ (မဿဲ ၉:၁၇; ၁၁:၁၉၊ သမ) ပသခါပွဲကျင်းပစဉ် ဝိုင်သောက်လေ့ရှိပြီး ခရစ်တော်သည် မိမိ၏သေခြင်း အောက်မေ့ရာပွဲကို အစပြုကျင်းပသောအခါ ထိုဝိုင်ကို အသုံးပြုခဲ့၏။
၁၆၊ ၁၇။ အောက်မေ့ရာပွဲတော်အတွက် မည်သည့်ဝိုင်အမျိုးအစားသည် သင့်လျော်သနည်း၊ အဘယ်ကြောင့်နည်း။
၁၆ ဝိုင်အနီသာလျှင် ခွက်ထဲရှိအရာ ပုံဆောင်သော ယေရှုသွန်းလောင်းသောအသွေး၏ ဆီလျော်သော အထိမ်းအမှတ်ဖြစ်သည်။ ယေရှုကိုယ်တော်တိုင် ဤသို့မိန့်ဆိုခဲ့သည်– “ဤခွက်ကား ‘ပဋိညာဉ်တရားသစ်’ နှင့်ဆိုင်၍ လူများအဖို့အလို့ငှာသွန်းသော ငါ၏အသွေးဖြစ်၏။” ထို့ပြင် တမန်တော်ပေတရုကလည်း ဤသို့ရေးသားခဲ့သည်– “မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ [ဝိညာဉ်တော်ဖွားခရစ်ယာန်များ] ကိုရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။”—၁ ပေတရု ၁:၁၈၊ ၁၉။
၁၇ အောက်မေ့ရာပွဲကို အစပြုကျင်းပခဲ့ချိန်က ယေရှုအသုံးပြုခဲ့သော ဝိုင်သည် အနီရောင်စပျစ်ဝိုင်ဖြစ်မည်မှာ သေချာ၏။ သို့သော် ယခုခေတ် အနီရောင်ဝိုင်အချို့တွင် ဘရန်ဒီစသည့်အရက်တစ်မျိုးမျိုး ရောစပ်ထားခြင်း၊ သို့မဟုတ် ဆေးပင်နှင့် အမွှေးအကြိုင်များ ထည့်ထားခြင်းတို့ကြောင့် ၎င်းတို့ကို အသုံးမပြုနိုင်ပေ။ ယေရှု၏အသွေးသည် လိုအပ်သည့်အရည်အသွေးနှင့်ပြည့်စုံရာ အဘယ်အရာကိုမျှ ထပ်ထည့်စရာမလိုပေ။ ထို့ကြောင့် ဤသို့ရောစပ်ထားသည့် ပေါ့တ်၊ ရှယ်ရီနှင့် ဗာမော့သ်အစရှိသော ဝိုင်များကို အသုံးမပြုနိုင်ပေ။ အောက်မေ့ရာပွဲတော်ခွက်တွင် သကြားမပါ၊ အခြားအဘယ်အရာမျှမရောထားသော ဝိုင်စစ်စစ်သာရှိသင့်သည်။ အိမ်တွင်းဖြစ် သကြားမပါသော စပျစ်ဝိုင်၊ အနီရောင်ဘာဂန်ဒီနှင့် ခလဲရတ်ကဲ့သို့သော ဝိုင်များကိုလည်း အသုံးပြုနိုင်၏။
၁၈။ ယေရှုသည် အောက်မေ့ရာပွဲတော်မုန့်နှင့် ဝိုင်ကို အံ့ဖွယ်နည်းဖြင့် အဘယ်ကြောင့် မပြောင်းလဲခဲ့သနည်း။
၁၈ ဤပွဲတော်ကို ယေရှုအစပြုကျင်းပသောအခါ ကိုယ်တော်သည် အံ့ဖွယ်အမှုကိုပြုပြီး အထိမ်းအမှတ်အဖြစ် အသုံးပြုသော မုန့်နှင့်စပျစ်ရည်ကို မိမိ၏ပကတိအသွေးအသားအဖြစ်သို့ မပြောင်းလဲခဲ့ချေ။ လူသားစားခြင်း၊ လူသွေးသောက်ခြင်းသည် ဘုရားသခင့်ပညတ်တရားကို ချိုးဖောက်ခြင်းဖြစ်သည်။ (ကမ္ဘာဦး ၉:၃၊ ၄; ဝတ်ပြုရာ ၁၇:၁၀) ထိုနေ့ညနေခင်းတွင် ယေရှု၏ပကတိအသွေးအသားအားလုံး ရှိနေသေး၏။ ကိုယ်တော်သည် မိမိ၏ကိုယ်ခန္ဓာကို စုံလင်သောပူဇော်ရာယဇ်အဖြစ် ဆက်သပြီး ကိုယ်တော်၏အသွေးကို ဂျူးတို့၏နိသန်လ ၁၄ ရက် မွန်းလွဲပိုင်းအချိန်တွင် သွန်းလောင်းခဲ့သည်။ ထို့ကြောင့် အောက်မေ့ရာပွဲတော်၏အထိမ်းအမှတ်များဖြစ်သော မုန့်နှင့် ဝိုင်သည် ခရစ်တော်၏အသွေးနှင့်အသားကို တင်စား၏။ *
အောက်မေ့ရာပွဲတော်—မိတ်သဟာယစားပွဲ
၁၉။ သခင့်ညစာစားပွဲတွင် ပန်းကန်ပြားတစ်ချပ်နှင့် ခွက်တစ်လုံးတည်းထက်မက အဘယ်ကြောင့် အသုံးပြုနိုင်သနည်း။
၁၉ အောက်မေ့ရာပွဲကို ယေရှုအစပြုကျင်းပသောအခါ ကိုယ်တော်၏တည်ကြည်သောတမန်တော်များကို ခွက်တစ်ခွက်တည်းမှ သောက်စေခဲ့သည်။ မဿဲ၏ခရစ်ဝင်ကျမ်းက ဤသို့ဆို၏– “[ယေရှုသည်] ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူ၍ ‘သင်တို့ရှိသမျှသည် သောက်ကြလော့။’” (မဿဲ ၂၆:၂၇) ထိုအချိန်က စားပွဲတစ်လုံးတည်းတွင် လူ ၁၁ ဦးသာ ပါဝင်စားသုံးခဲ့သောကြောင့် ခွက်အများကို အသုံးမပြုဘဲ “ခွက်” တစ်ခွက်တည်းကိုသာ အသုံးပြုပြီး လက်ဆင့်ကမ်းပေးခဲ့ခြင်းသည် အခက်အခဲမရှိပေ။ ဤနှစ်တွင် လူသန်းပေါင်းများစွာသည် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ အသင်းတော် ၉၄,၀၀၀ ကျော်တွင် သခင့်ညစာစားပွဲကိုကျင်းပဖို့ စုဝေးလာကြလိမ့်မည်။ တစ်ညတည်းတွင်ပင် ပွဲတော်ကိုကျင်းပဖို့ ဤမျှများပြားသောသူတို့ စုဝေးလာကြမည်ဖြစ်ရာ အားလုံးအတွက် ခွက်တစ်ခွက်တည်းကိုသာ အသုံးပြုနိုင်မည်မဟုတ်ချေ။ သို့သော် အသင်းတော်ကြီးများတွင် တော်သင့်သောအချိန်အတွင်း ပရိသတ်အားလုံးထံ ယင်းတို့ကို လက်ဆင့်ကမ်းနိုင်ရန် ခွက်အများအသုံးပြုသည့် အခြေခံမူအတိုင်း ပြုလုပ်လေ့ရှိသည်။ ထိုနည်းတူစွာ မုန့်အတွက် ပန်းကန်ပြားတစ်ချပ်ထက်မက အသုံးပြုနိုင်၏။ အသုံးပြုသောခွက်၏ပုံစံနှင့်ပတ်သက်၍ သမ္မာကျမ်းစာက သတ်သတ်မှတ်မှတ် ဖော်ပြထားခြင်းမရှိချေ။ သို့ရာတွင် အသုံးပြုသောခွက်နှင့် ပန်းကန်ပြားတို့သည် ပွဲတော်၏လေးနက်မှုကို ရောင်ပြန်ဟပ်သင့်သည်။ ခွက်ကို လက်ဆင့်ကမ်းချိန်တွင် ဝိုင်ဖိတ်စင်နိုင်သည့်အထိ ထည့်ထားခြင်းကို ရှောင်ခြင်းသည် ပညာရှိရာကျ၏!
၂၀၊ ၂၁။ အောက်မေ့ရာပွဲသည် မိတ်သဟာယစားပွဲဖြစ်သည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့် ပြောနိုင်သနည်း။
၂၀ မုန့်ပန်းကန်တစ်ချပ်နှင့် ဝိုင်ခွက်တစ်ခွက်တည်းထက်မက အသုံးပြုနိုင်သော်လည်း အောက်မေ့ရာပွဲသည် မိတ်သဟာယစားပွဲဖြစ်၏။ ရှေးဣသရေလနိုင်ငံတွင် အမျိုးသားတစ်ဦးသည် ဘုရားသခင်၏သန့်ရှင်းရာဌာနသို့ တိရစ္ဆာန်တစ်ကောင် ယူဆောင်လာပြီး ထိုတွင်သတ်ခြင်းဖြင့် မိတ်သဟာယစားပွဲကို ပေးနိုင်သည်။ ထိုတိရစ္ဆာန်၏အပိုင်းတစ်ပိုင်းကို ယဇ်ပလ္လင်ပေါ် မီးရှို့ပြီး တစ်ပိုင်းကို အမှုထမ်းယဇ်ပုရောဟိတ်အားပေး၍ ကျန်အပိုင်းကိုကား အာရုန်၏ယဇ်ပုရောဟိတ်သားများနှင့် ယဇ်ပူဇော်သူ၊ သူ၏အိမ်သူအိမ်သားများအပါအဝင် အတူတကွသုံးဆောင်ကြသည်။ (ဝတ်ပြုရာ ၃:၁-၁၆; ၇:၂၈-၃၆) အောက်မေ့ရာပွဲတွင် အတူတကွပါဝင်စားသုံးကြသောကြောင့် ၎င်းသည်လည်း မိတ်သဟာယစားပွဲတစ်ခုဖြစ်သည်။
၂၁ ယေဟောဝါသည် ဤအစီအစဉ်ကို စတင်စီစဉ်ပေးသူအဖြစ် ထိုမိတ်သဟာယစားပွဲတွင် ကိုယ်တော်လည်းပါဝင်၏။ ယေရှုမူကား ယဇ်ကောင်ဖြစ်၏၊ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ပါဝင်စားသုံးသူများအဖြစ် အထိမ်းအမှတ်များကို အတူတကွစားသုံးကြသည်။ ယေဟောဝါ၏စားပွဲတွင် စားသုံးခြင်းက စားသုံးသူများနှင့် ကိုယ်တော် သင့်မြတ်သည်ဟု အဓိပ္ပာယ်သက်ရောက်၏။ သို့ဖြစ်၍ ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါတို့သည် ကျေးဇူးတော်ကိုချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား ခရစ်တော်၏အသွေးကို ဆက်ဆံခြင်းဖြစ်သည်မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား ခရစ်တော်၏ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည်မဟုတ်လော။ မုန့်တစ်လုံးတည်းရှိသည်ဖြစ်၍ ငါတို့ရှိသမျှသည် တစ်လုံးတည်းဖြစ်သော ထိုမုန့်ကို ဆက်ဆံလျက်ခံယူကြသောကြောင့် အများဖြစ်သောငါတို့သည် တစ်လုံးတစ်ကိုယ်တည်းဖြစ်ကြ၏။”—၁ ကောရိန္သု ၁၀:၁၆၊ ၁၇။
၂၂။ အောက်မေ့ရာပွဲနှင့်ပတ်သက်၍ ကျွန်ုပ်တို့ စဉ်းစားသုံးသပ်ဖို့ အဘယ်မေးခွန်းများ ကျန်ရှိသေးသနည်း။
၂၂ သခင့်ညစာစားပွဲသည် ယေဟောဝါသက်သေများ၏ တစ်ခုတည်းသော နှစ်စဉ်ကျင်းပသည့် ဘာသာရေးပွဲတော်ဖြစ်၏။ ယင်းသည် လျောက်ပတ်ပေ၏၊ အကြောင်းမှာ နောက်လိုက်များကို ယေရှုက “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုမိန့်မှာခဲ့၏။ အောက်မေ့ရာပွဲတွင် ယေရှု၏သေခြင်းကို ကျွန်ုပ်တို့မှတ်မိသတိရရန် ပွဲခံကြ၏၊ ကိုယ်တော်၏သေခြင်းသည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို ထောက်ခံ၏။ ကျွန်ုပ်တို့သတိပြုခဲ့သည့်အတိုင်း ဤမိတ်သဟာယစားပွဲတွင် မုန့်သည် ခရစ်တော်ပူဇော်သော ကိုယ်တော်၏လူ့ခန္ဓာကိုယ်ကို ပုံဆောင်ပြီး ဝိုင်မူကား ကိုယ်တော်သွန်းလောင်းခဲ့သော အသွေးကို ပုံဆောင်ပါသည်။ သို့တိုင် ထိုအထိမ်းအမှတ် မုန့်နှင့်ဝိုင်တို့ကို ပါဝင်သုံးဆောင်ကြသူ အလွန်နည်း၏။ ထိုသို့ အဘယ်ကြောင့်ဖြစ်ရသနည်း။ အောက်မေ့ရာပွဲသည် ပါဝင်မစားသုံးသူ သန်းပေါင်းများစွာအတွက် အမှန်တကယ် အဓိပ္ပာယ်ရှိပါသလော။ သခင့်ညစာစားပွဲသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသင့်သနည်း။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 18 ယေဟောဝါသက်သေများထုတ်ဝေသည့် ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း အတွဲ ၂၊ စာမျက်နှာ ၂၇၁ ကိုရှု။
သင့်အဖြေများကား အဘယ်နည်း
• ယေရှုသည် အဘယ်ကြောင့် သခင့်ညစာစားပွဲကို အစပြု ကျင်းပခဲ့သနည်း။
• အောက်မေ့ရာပွဲကို ဘယ်နှစ်ကြိမ်ကျင်းပသင့်သနည်း။
• အောက်မေ့ရာပွဲတော်တွင် အသုံးပြုသောတဆေးမဲ့မုန့်သည် အဘယ်အရာကို ပုံဆောင်သနည်း။
• အောက်မေ့ရာပွဲတော်ဝိုင်သည် အဘယ်အရာကို တင်စား သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယေရှုသည် သခင့်ညစာစားပွဲကို အစပြုကျင်းပခဲ့