မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သခင့်ညစာစားပွဲသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း

သခင့်ညစာစားပွဲသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း

သခင့်​ညစာ​စားပွဲ​သည် သင့်အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း

“သခင်​ဘုရား​၏​မုန့်​နှင့်​ခွက်​ကို မထိုက်မတန်​ဘဲ စားသောက်​သော​သူ​မည်​သည်​ကား သခင်​ဘုရား​၏​ကိုယ်တော်​နှင့် အသွေးတော်​ကို ပြစ်မှား​ရာ​ရောက်​၏။”—၁ ကောရိန္သု ၁၁:၂၇

၁။ ၂၀၀၃ ခုနှစ်​အတွက် စီစဉ်​ထားသော အရေးကြီးဆုံး​ပွဲတော်​ကား အဘယ်နည်း၊ ၎င်း​၏​မူလအစ​ကား အဘယ်နည်း။

၂၀၀၃ ခုနှစ်​အတွက် စီစဉ်​ထား​သည့် အရေးကြီးဆုံး​ပွဲတော်​ကို ဧပြီ ၁၆ ရက် နေဝင်ပြီး​နောက်​တွင် ကျင်းပ​ပါ​လိမ့်​မည်။ ထို​အချိန်​အခါ​တွင် ယေဟောဝါသက်သေ​များသည် ယေရှု​ခရစ်​၏​သေခြင်းကို သတိရအောက်မေ့​ရန် ပွဲတော်​ကျင်းပ​ဖို့ စုဝေး​ကြလိမ့်မည်။ ရှေ့​ဆောင်းပါး​တွင် ဖော်ပြ​ထား​သည့်​အတိုင်း ယေရှုသည် စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်​တွင် မိမိ၏​တမန်​တော်​များနှင့်​အတူ ပသခါပွဲ​ကျင်းပ​ပြီး​နောက် သခင့်​ညစာ​စားပွဲ​ဟု​လည်း​ခေါ်​သည့် ဤ​ပွဲတော်​ကို အစပြု​ကျင်းပ​ခဲ့​သည်။ အောက်မေ့ရာပွဲ​အထိမ်းအမှတ်​များ​ဖြစ်သည့် တဆေးမဲ့​မုန့်​နှင့် အနီရောင်​စပျစ်​ရည်​သည် ခရစ်တော်​၏​အပြစ်မဲ့​ကိုယ်ခန္ဓာ​နှင့် ကိုယ်တော်​သွန်းလောင်း​သော​အသွေးကို ပုံဆောင်​သည်၊ ထို​ပူဇော်ရာ​ယဇ်​တစ်ခု​တည်း​က​သာ လူသား​အပေါင်း အမွေ​ရထား​သည့် အပြစ်​နှင့် သေခြင်း​မှ ရွေးနုတ်​ပေး​နိုင်​သည်။—ရောမ ၅:၁၂; ၆:၂၃

၂။ ၁ ကောရိန္သု ၁၁:၂၇ တွင် အဘယ်​သတိပေး​ချက်​ကို မှတ်တမ်း​တင်ထား​သနည်း။

အောက်မေ့ရာပွဲ​အထိမ်းအမှတ်​ဖြစ်သည့် မုန့်​နှင့်​စပျစ်​ရည်​ကို သုံးဆောင်​သူများ​သည် ထိုက်တန်​စွာ သုံးဆောင်​ကြ​ရမည်။ ရှေး​ကောရိန္သု​မြို့တွင် သခင့်​ညစာ​စားပွဲ​ကို လျောက်ပတ်​စွာ မ​ကျင်းပ​ခဲ့​ကြ​သည့် ခရစ်ယာန်​များ​အား တမန်​တော်​ပေါလု​က ယင်း​ကိစ္စ​ကို စာရေး​ရှင်းပြ​ခဲ့​သည်။ (၁ ကောရိန္သု ၁၁:၂၀-၂၂) ပေါလု​က “သခင်​ဘုရား​၏​မုန့်​နှင့်​ခွက်​ကို မထိုက်မတန်​ဘဲ စားသောက်​သော​သူ​မည်​သည်​ကား သခင်​ဘုရား​၏​ကိုယ်တော်​နှင့် အသွေးတော်​ကို ပြစ်မှား​ရာ​ရောက်​၏” ဟု​ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၁၁:၂၇) ဤ​စကား​များ​၏ ဆိုလိုရင်း​ကား အဘယ်နည်း။

အချို့​သူတို့ မ​လျောက်ပတ်​စွာ ကျင်းပ​ခဲ့​ကြ

၃။ သခင့်​ညစာ​စားပွဲ​ကျင်းပ​ချိန်​များ​တွင် ကောရိန္သု​ခရစ်ယာန်​များစွာ​သည် မည်သို့​ပြုမူ​ကျင့်ကြံ​နေကြ​သနည်း။

ကောရိန္သု​မြို့ရှိ ခရစ်ယာန်​အများ​သည် အောက်မေ့ရာပွဲ​တော်​တွင် မုန့်​နှင့်​စပျစ်​ရည်​ကို မထိုက်မတန် သုံးဆောင်​ခဲ့​ကြသည်။ သူတို့​အချင်းချင်း စိတ်ဝမ်း​ကွဲပြား​ကြ​ပြီး အချို့​တို့သည် ညစာ​ကို ယူလာ​ကြ​၍ အစည်းအဝေး​မစ​မီ သို့​မဟုတ် အတောအတွင်း​၌​ပင် လွန်လွန်ကဲကဲ စားသောက်​တတ်ကြ​သည်။ သူတို့သည် စိတ်ပိုင်း​ရော၊ ဝိညာဉ်​ရေး​ပိုင်း​တွင်​ပါ နိုးကြား​မှုမရှိ​ကြ​ချေ။ ယင်းကြောင့် သူတို့သည် “သခင်၏​ကိုယ်တော်​နှင့် အသွေးတော်​ကို ပြစ်မှား​ရာ​ရောက်​၏။” ညစာ​မပါ​လာ​သူများ​မှာ ဆာလောင်​နေကြ​ရာ အာရုံမစိုက်​နိုင်​ကြ​ချေ။ မှန်ပါသည်၊ လူအများသည် ပွဲတော်​ကျင်းပ​ရခြင်း​အကြောင်းကို လေးစားမှု​မရှိ၊ အပြည့်အဝ နားမလည်​ကြ​ဘဲ မုန့်​နှင့်​စပျစ်​ရည်​ကို သုံးဆောင်​ကြသည်။ ထို့​ကြောင့် သူတို့သည် သူတို့​အပေါ် အပြစ်စီရင်​ချက် သက်ရောက်​စေ​ကြသည်​မှာ အံ့ဩစရာ​မဟုတ်ပါ။—၁ ကောရိန္သု ၁၁:၂၇-၃၄

၄၊ ၅။ အောက်မေ့ရာပွဲ​အထိမ်းအမှတ်​များ​ကို သုံးဆောင်​လေ့​ရှိသူ​များသည် အဘယ်ကြောင့် မိမိကိုယ်ကို မဖြစ်​မနေ​ဆန်းစစ်​ဖို့​လို​သနည်း။

နှစ်စဉ် အောက်မေ့ရာပွဲ နီးကပ်​လာ​သည်​နှင့်​အမျှ မုန့်​နှင့်​စပျစ်​ရည် သုံးဆောင်​လေ့​ရှိသူ​များသည် မိမိကိုယ်ကို မဖြစ်​မနေ​ဆန်းစစ်​ကြည့်​ကြဖို့​လို​သည်။ သူတို့သည် ဤ​မိတ်သဟာယ​စားပွဲ​ကို လျောက်ပတ်​စွာ ပါဝင်​စားသုံး​ကြ​ရန် ဝိညာဉ်​ရေး​ကောင်း​ကြ​ရမည်။ ယေရှု၏​ပူဇော်ရာ​ယဇ်ကို ရိုသေ​ခန့်ညားမှု​မရှိ၊ မထီမဲ့မြင်​ပြုသူ မည်သူ​မဆို​သည် မစင်ကြယ်​ဘဲ မိတ်သဟာယ​စားပွဲ​တွင် ပါဝင်​စားသုံး​သော ဣသရေလလူ​ကဲ့သို့ ‘ဘုရားသခင်​၏​လူမျိုးတော်​မှ ပယ်ရှင်း​ခြင်း’ ခံရ​ပေ​လိမ့်​မည်။—ဝတ်ပြုရာ ၇:၂၀; ဟေဗြဲ ၁၀:၂၈-၃၁

ပေါလု​သည် အောက်မေ့ရာပွဲကို ရှေး​ဣသရေလ​နိုင်ငံ​တွင် မိတ်သဟာယ​စားပွဲ​နှင့် နှိုင်းယှဉ်​ပြ​ခဲ့​သည်။ ခရစ်တော်​နှင့်အတူ ပါဝင်​စားသုံး​သူများ​အကြောင်း သူ​ပြော​ပြီး​နောက် ဤသို့​ဆို​သည်– “သခင်​ဘုရား​၏​ခွက်ဖလား၊ နတ်ဆိုး​တို့၏​ခွက်ဖလား​နှစ်ပါး​ကို သင်တို့​မ​သောက်​နိုင်​ကြ။ သခင်​ဘုရား​၏​စားပွဲ၊ နတ်ဆိုး​တို့၏​စားပွဲ​နှစ်ပါး​ကို သင်တို့​ဝင်၍ မစားနိုင်​ကြ။” (၁ ကောရိန္သု ၁၀:၁၆-၂၁) အောက်မေ့ရာပွဲ​အထိမ်းအမှတ်​များ​ကို အမြဲ​စား​သုံးလေ့​ရှိသူ​တစ်ဦး​သည် ကြီး​လေး​သော​အပြစ် ကျူးလွန်​မိ​လျှင် ယေဟောဝါ​ထံ ဝန်ချ​တောင်းပန်​၍ အသင်းတော်​ရှိ အသက်ကြီးသူ​များ​ထံ​မှ ဝိညာဉ်​ရေး​အကူအညီကို​လည်း တောင်းခံ​သင့်​သည်။ (သု. ၂၈:၁၃; ယာကုပ် ၅:၁၃-၁၆) သူသည် စစ်မှန်သော​နောင်တ​ယူပြီး နောင်တ​နှင့်​ဆိုင်သော​အကျင့်ကို ကျင့်​မည်​ဆိုလျှင် မထိုက်မတန် စားသုံး​လိမ့်​မည်​မဟုတ်ပေ။—လုကာ ၃:၈

ရိုသေ​လေးစား​စွာ ရှုစား​သူများ​အဖြစ် တက်ရောက်ခြင်း

၆။ ဘုရားသခင်​သည် သခင့်​ညစာ​စားပွဲ​တွင် ပါဝင်​စားသုံးခွင့်​ကို မည်သူ​များ​အတွက် ကန့်သတ်​ပေး​ထား​သနည်း။

ယခု ခရစ်တော်​၏​ညီတော် ၁၄၄,၀၀၀ အကြွင်းအကျန်​အား ကောင်းမှု​ပြုသူ​များသည် သခင့်​ညစာ​စားပွဲ​တွင် ပါဝင်​စားသုံး​သင့်​သလော။ (မဿဲ ၂၅:၃၁-၄၀; ဗျာ. ၁၄:၁) မစားသုံး​သင့်​ချေ။ ထို​အခွင့်အရေး​ကို “ခရစ်တော်​နှင့်အတူ ဘုန်းဝင်စား” ရန်​သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​ခံရ​သူများ​အတွက်သာ ဘုရားသခင် ကန့်သတ်​ပေး​ထား​သည်။ (ရောမ ၈:၁၄-၁၈; ၁ ယောဟန် ၂:၂၀) သို့​ဆိုလျှင် ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက် ကမ္ဘာချီ​ပရဒိသု​တွင် ထာဝစဉ်​နေထိုင်ရန် မျှော်လင့်​သူများ​၏ အနေအထား​ကား အဘယ်နည်း။ (လုကာ ၂၃:၄၃; ဗျာ. ၂၁:၃၊ ၄) သူတို့သည် ကောင်းကင်​မျှော်လင့်ချက်​ရှိသော ယေရှု​နှင့်အတူ ဘုန်းဝင်စား​မည့်​သူများ မဟုတ်​ကြသော​ကြောင့် ရိုသေ​လေးစား​စွာ ရှုစား​သူများ​အဖြစ် အောက်မေ့ရာပွဲကို တက်ရောက်​ကြသည်။—ရောမ ၆:၃-၅

၇။ ပထမ​ရာစု​ခရစ်ယာန်​များသည် အောက်မေ့ရာပွဲ အထိမ်းအမှတ်​များ​ကို စားသုံး​သင့်​သည်​ဟု သူတို့ အဘယ်ကြောင့်​သိရှိ​ခဲ့​ကြ​သနည်း။

ပထမ​ရာစု​ရှိ စစ်မှန်သော​ခရစ်ယာန်​များသည် သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​ခံ​ခဲ့​ကြ​ရသည်။ သူတို့​ထဲ​မှ လူအများသည် ဘာသာ​စကား​အမျိုးမျိုး​ပြောဆိုခြင်း​အစ​ရှိသည့် အံ့ဖွယ်​ဝိညာဉ်​ဆုကျေးဇူး​တစ်ခု သို့​မဟုတ် ထို့​ထက်မက​ကို အသုံးပြုနိုင်​ကြ​၏။ ထို့​ကြောင့် ဤ​သူတို့သည် ဝိညာဉ်​တော်​ဖွား​များ ဖြစ်​ကြောင်း​နှင့် အောက်မေ့ရာပွဲ အထိမ်းအမှတ်​များ​ဖြစ်သည့် မုန့်​နှင့်​စပျစ်​ရည်​ကို စားသုံး​သင့်​ကြောင်း သိရှိ​ရန် ခက်ခဲ​မည်​မဟုတ်ပေ။ သို့သော် ကျွန်ုပ်​တို့​ခေတ်တွင် ဤ​မှုတ်သွင်းခံ​စကား​များ​ကို အခြေပြု​၍ ဆုံးဖြတ်​နိုင်​သည်– “ဘုရားသခင်​၏​ဝိညာဉ်​တော် ဆုံးမ​ပဲ့ပြင်​တော်​မူသမျှ​သော​သူတို့သည် ဘုရားသခင်​၏​သား​ဖြစ်​ကြ​၏။ အကြောင်း​မူ​ကား၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့​တတ်သော ကျွန်​၏​သဘောကို ရ​ကြသည်​မဟုတ်။ ‘အဗ္ဗ​အဘ’ ဟု​ခေါ်​ရသော​အခွင့်​နှင့် သား​ဖြစ်​ခြင်း​၏​သဘောကို ရ​ကြပြီ။”—ရောမ ၈:၁၄၊ ၁၅

၈။ မဿဲ​အခန်းကြီး ၁၃ တွင်​ဖော်ပြ​ထားသော “စပါးပင်” နှင့် “တောပင်” တို့သည် မည်သူ​တို့ကို ကိုယ်စား​ပြု​သနည်း။

ရာစုနှစ်များ​တစ်လျှောက် စစ်မှန်သော​ဝိညာဉ်​တော်​ဖွား​များသည် “တောပင်​များ” သို့​မဟုတ် ခရစ်ယာန်တု​များ လယ်​မြေ​တွင် “စပါးပင်” အဖြစ် ကြီးထွား​ခဲ့​ကြသည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃) ၁၈၇၀ ပြည့်လွန်​နှစ်များ​ကတည်းက “စပါးပင်” တိုးပွား​လာ​သည်​မှာ ထင်ရှား​၏၊ နှစ်​အနည်းငယ်​ကြာပြီးနောက် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​ကြီးကြပ်မှူး​များ​ကို ဤသို့​ပြော​ခဲ့​သည်– “အကြီးအကဲ​များသည် . . . [အောက်မေ့ရာပွဲ​သို့] စုဝေး​ရောက်ရှိ​လာ​ကြ​သူများ​အတွက် ဤ​စည်းကမ်းချက်​များ​ကို ချမှတ်​ပေး​သင့်​သည်– (၁) [ခရစ်တော်​၏] အသွေးတော်​ကို ယုံကြည်​ရမည်; (၂) သေ​သည့်​အထိ သခင်​နှင့် ကိုယ်တော်​၏​လုပ်ငန်းတော်​ကို ဆောင်ရွက်​မည်​ဟု ဆက်ကပ်​အပ်နှံ​ထား​ရမည်။ ထို့နောက် သူတို့သည် ထိုသို့​သော​စိတ်ထား​ရှိသူ၊ ထိုသို့​ဆက်ကပ်​အပ်နှံထားသူ အားလုံး​ကို သခင်၏​သေခြင်း အထိမ်းအမှတ်ပွဲ​တွင် ပါဝင်​ရန် ဖိတ်ခေါ်​သင့်​သည်။”—ကျမ်း​စာစောင်​များ​မှ လေ့လာ​စ​ရာ​များ၊ အတွဲ ၆၊ ဖန်ဆင်း​ခြင်း​အသစ်၊ စာမျက်နှာ ၄၇၃။ *

“အခြားသိုး” ကို​ရှာဖွေခြင်း

၉။ “လူအုပ်ကြီး” သည်​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ၁၉၃၅ ခုနှစ်​တွင် မည်သို့​ထင်ရှား​ခဲ့​သနည်း၊ ယင်းက အောက်မေ့ရာပွဲ အထိမ်းအမှတ်​များ​ကို စားသုံး​ခဲ့​ကြ​သူ​အချို့​အပေါ် မည်သို့​သက်ရောက်မှု​ရှိခဲ့​သနည်း။

အချိန်တန်သော် ယေဟောဝါ​၏​အဖွဲ့အစည်း​သည် ခရစ်တော်​၏​ဝိညာဉ်​တော်​ဖွား နောက်လိုက်​များ​အပြင် အခြား​သူများကို​ပါ စတင်​အာရုံစိုက်ခဲ့​သည်။ ၁၉၃၀ ပြည့်လွန်​နှစ်များ​အလယ်ပိုင်း​တွင် ယင်း​နှင့်​စပ်လျဉ်း၍ ထူးခြားသည့် ဖြစ်ရပ်​တစ်ခု ဖြစ်ပျက်​ခဲ့​သည်။ ထို​အချိန်​မတိုင်မီ​က ဘုရားသခင့်​လူမျိုးတော်သည် ဗျာ. ၇:၉၊ [က​ဘ] ပါ “လူအုပ်ကြီး” ကို ထမြောက်​ခဲ့​ပြီး​ဖြစ်သည့် ဝိညာဉ်​တော်​ဖွား ၁၄၄,၀၀၀ နှင့်​ကောင်းကင်​တွင် ပူးပေါင်း​ကြ​မည့် ဒုတိယ​ဝိညာဉ်​ရေး​အတန်းအစား​အဖြစ် ရှုမြင်ခဲ့​ကြသည်—သူတို့သည် ခရစ်တော်​သတို့သမီး​၏ အပျို​ရံ​များ သို့​မဟုတ် အပေါင်းအဖော်​များ​ပ​မာ​ဖြစ်​မည်။ (ဆာလံ ၄၅:၁၄၊ ၁၅; ဗျာ. ၇:၄; ၂၁:၂၊ ၉) သို့သော် ၁၉၃၅၊ မေ ၃၁ ရက်၊ ယူ.အက်စ်.အေ.၊ ဝါ​ရှင်​တန် ဒီ.စီ. တွင်​ကျင်းပ​ခဲ့​သော ယေဟောဝါသက်သေ​များ​၏ စည်းဝေးကြီး​၌ ဟောပြောချက်​တစ်ခု​တွင် “လူအုပ်ကြီး” (“အုပ်စုကြီး၊” ဂျိမ်း​ဘုရင်​ဘာသာပြန်​ကျမ်း) သည် နောက်ဆုံး​ကာလ​အတွင်း အသက်ရှင်​သူ “အခြားသိုး” ကို​ရည်ညွှန်း​ကြောင်း သမ္မာကျမ်းစာ​အရ ရှင်းပြ​ခဲ့​၏။ (ယောဟန် ၁၀:၁၆) ထို​စည်းဝေးကြီး​ပြီး​နောက် ယခင်​က အောက်မေ့ရာပွဲ အထိမ်းအမှတ်​များ​ကို စားသုံး​ခဲ့​ကြ​သူ​အချို့​သည် သူတို့၏​မျှော်လင့်ချက်​မှာ ကောင်းကင်​မဟုတ်ဘဲ မြေကြီး​ဖြစ်​ကြောင်း သိရှိ​ခဲ့​ကြ​ရာ မစားသုံး​တော့​ချေ။

၁၀။ မျက်မှောက်ခေတ် “အခြားသိုး” ၏​မျှော်လင့်ချက်​နှင့် တာဝန်​များ​ကို သင်​မည်သို့​ရှင်းပြ​မည်​နည်း။

၁၀ အထူးသဖြင့် ၁၉၃၅ ခုနှစ်​ကတည်းက ရွေးနုတ်ဖိုး​ကို ယုံကြည်​ကာ ဘုရားသခင်​ထံ မိမိတို့​ကိုယ်ကို ဆက်ကပ်​အပ်နှံ​ပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​တွင် ဝိညာဉ်​တော်​ဖွား “သိုးစုငယ်” ကို​ကူညီပေး​ကြသော “အခြားသိုး” ဖြစ်လာ​ကြ​သည့်​သူများ​အား ရှာဖွေခဲ့​သည်။ (လုကာ ၁၂:၃၂) ဤ​အခြားသိုး​သည် မြေကြီးပေါ်​တွင် ထာဝစဉ်​အသက်ရှင်နေ​ထိုင်​ရန် မျှော်လင့်​ကြသော်လည်း အခြား​သွင်ပြင်​ခပ်သိမ်း​တွင် ဘုရားသခင့်​နိုင်ငံတော်​အမွေခံသူ မျက်မှောက်ခေတ် အကြွင်းအကျန်​နှင့် တူညီ​ကြ​၏။ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ပြီး ပညတ်တရား​ကို လိုက်လျှောက်​ကြသော ရှေး​ဣသရေလ​နိုင်ငံ​ရှိ တစ်ပါး​အမျိုးသားများ​ကဲ့သို့​ပင် ယနေ့ အခြားသိုး​သည် ဝိညာဉ်​ရေး​ဣသရေလ​အဖွဲ့ဝင်​များနှင့်​အတူ သတင်းကောင်း​ဟောပြောခြင်း အစ​ရှိသော ခရစ်ယာန်​တစ်ဦး၏​တာဝန်​များ​ကို ထမ်းဆောင်​လျက်​ရှိကြသည်။ (ဂလာတိ ၆:၁၆) သို့သော် မည်သည့်​တစ်ပါး​အမျိုးသား​မျှ ဣသရေလ​ရှင်ဘုရင် သို့​မဟုတ် ယဇ်ပုရောဟိတ် မဖြစ်​လာနိုင်​သကဲ့သို့ ဤ​အခြားသိုး​အဝင်​တစ်ဦး​တစ်ယောက်မျှ ကောင်းကင်​နိုင်ငံတော်​တွင် အုပ်ချုပ်သူ သို့​မဟုတ် ယဇ်ပုရောဟိတ် ဖြစ်လာ​နိုင်​မည်​မဟုတ်​ချေ။—တရားဟောရာ ၁၇:၁၅

၁၁။ လူတစ်ဦး​၏​ဆက်ကပ်​အပ်နှံ​သည့်​ရက်စွဲ​သည် သူ၏​မျှော်လင့်ချက်​နှင့် အဘယ်ကြောင့် သက်ဆိုင်မှု​ရှိ​နိုင်​သနည်း။

၁၁ ၁၉၃၀ ပြည့်လွန်​နှစ်များ​တိုင်​လေ​သော် ယေဘုယျ​အားဖြင့် ကောင်းကင်​အတန်းအစား​ကို ရွေးချယ်​ပြီး​ဖြစ်​ကြောင်း သိသာ​ထင်ရှား​လာ​ခဲ့​သည်။ မြေကြီး​မျှော်လင့်ချက်​ရှိသော အခြားသိုး​ကို ရှာဖွေခြင်း​သည် ယခု ဆယ်စုနှစ်ချီ ရှိပြီ​ဖြစ်သည်။ ဝိညာဉ်​တော်​ဖွား​တစ်ဦး​သည် တည်ကြည်မှု​မ​ရှိလျှင် ၁၄၄,၀၀၀ အရေအတွက် ပြည့်မီ​ရန် ဘုရားသခင်​ကို တည်ကြည်​စွာ နှစ်​ရှည်​လ​များ ကိုးကွယ်​ခဲ့​သူ အခြားသိုး​မှ​တစ်ဦးဦး​ကို ခေါ်ယူ​နိုင်​ဖွယ်​ရှိသည်။

လွဲမှား​စွာ ထင်မြင်​ယူဆ​ရသည့် အကြောင်းရင်း

၁၂။ အဘယ်​အခြေအနေ​မျိုး​တွင် အောက်မေ့ရာပွဲ အထိမ်းအမှတ်​များ စားသုံးခြင်း​ကို လူတစ်ဦး ရပ်တန့်​သင့်​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၂ ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များသည် ကောင်းကင်​ခေါ်တော်မူ​ခြင်း​ခံရ​ကြောင်း သူတို့​လုံးလုံးလျားလျား စိတ်ချ​ယုံကြည်​သည်။ သို့ရာတွင် ဤသို့​ခေါ်တော်မူ​ခြင်း​မခံရ​သူ​အချို့​သည် အောက်မေ့ရာပွဲ အထိမ်းအမှတ်​များ​ကို စားသုံး​ခဲ့​ကြ​လျှင်​ကော အသို့နည်း။ သူတို့၌ ကောင်းကင်​မျှော်လင့်ချက် တစ်ခါမျှ​မရှိခဲ့​ကြောင်း ယခု သတိပြုမိ​ကြပြီ​ဖြစ်​ရာ သူတို့၏​အသိစိတ်​က စားသုံး​စေ​တော့​မည်​မဟုတ်ပါ။ ကောင်းကင်ဘုရင်၊ ယဇ်ပုရောဟိတ်​အရာ​ကို​ခံယူ​ရန် အမှန်တကယ်​ခေါ်တော်မူ​ခြင်း​မခံရ​ဘဲ​နှင့် ခေါ်တော်မူ​ခြင်း​ခံရ​သည်​ဟု​ဆို​သူ မည်သူ​ကို​မဆို ဘုရားသခင် နှစ်သက်​လိမ့်​မည်​မဟုတ်​ချေ။ (ရောမ ၉:၁၆; ဗျာ. ၂၀:၆) အာရုန်​၏​ယဇ်ပုရောဟိတ်​အရာ​ကို ရောင့်တက်စွာ​ရ​လို​သူ လေဝိ​သား​ကောရ​ကို ယေဟောဝါ ကွပ်မျက်​ခဲ့​၏။ (ထွက်မြောက်ရာ ၂၈:၁; တောလည်ရာ ၁၆:၄-၁၁၊ ၃၁-၃၅) အောက်မေ့ရာပွဲ အထိမ်းအမှတ်​များ​ကို လွဲမှား​စွာ စားသုံး​မိ​ခဲ့ပြီ​ဟု ခရစ်ယာန်​တစ်ဦး သိမြင်​လာ​လျှင် စားသုံးခြင်း​ကို ရပ်တန့်​သင့်​ပြီး ယေဟောဝါ​၏​ခွင့်လွှတ်​မှု​ရရှိရန် နှိမ့်ချစွာ ဆုတောင်း​သင့်​သည်။—ဆာလံ ၁၉:၁၃

၁၃၊ ၁၄။ ကောင်းကင်​ခေါ်တော်မူ​ခြင်း​ခံရ​သည်​ဟု အချို့​က အဘယ်ကြောင့် လွဲမှား​စွာ ယူမှတ်​နိုင်​သနည်း။

၁၃ မိမိသည် ကောင်းကင်​ခေါ်တော်မူ​ခြင်း​ခံရ​သည်​ဟု အချို့​သူများ အဘယ်ကြောင့် လွဲမှား​စွာ ယူမှတ်​နိုင်​သနည်း။ အိမ်ထောင်ဖက် သေဆုံး​ခြင်း​ကြောင့်၊ သို့​မဟုတ် တခြား​ကြေကွဲဖွယ် ဖြစ်ရပ်​တစ်ခု​ကြောင့် မြေကြီး​အသက်တာကို စိတ်ကုန်​သွား​၍ ဖြစ်​နိုင်​သည်။ သို့​မဟုတ် ရင်းနှီးသော​မိတ်ဆွေ​တစ်ဦး​က ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​ဖြစ်သည့်​အတွက် ထပ်တူ​မျှော်လင့်ချက်​ရှိ​လို​သောကြောင့်​လည်း ဖြစ်​နိုင်​သည်။ အမှန်​ဆို​ရ​လျှင် ဤ​အခွင့်အရေး​ကို​ရယူဖို့ ခေါ်ယူ​စုဆောင်း​ပေး​ရန် မည်သူ​ကို​မျှ ဘုရားသခင် တာဝန်​မပေး​ထား​ချေ။ ထို့​ပြင် ခေါ်တော်မူ​ခြင်း​ခံရ​သည်​ဟု မိန့်မှာ​စကား​များ ကြားစေ​ခြင်း​ဖြင့်​လည်း ဘုရားသခင့်​နိုင်ငံတော်​အမွေခံများ​အပေါ် ကိုယ်တော် ဝိညာဉ်​တော်​သွန်းလောင်း​တော်​မူ​သည်မဟုတ်​ပါ။

၁၄ လူကောင်း​အားလုံး ကောင်းကင်​သွား​မည်​ဟူ​သည့် မှားယွင်းသော ဘာသာရေး​အယူဝါဒ​ကြောင့် လူ​အချို့​က ကောင်းကင်​ခေါ်တော်မူ​ခြင်း​ခံရ​သည်​ဟု ထင်မြင်​ယူဆကြ​ပေမည်။ သို့​ဖြစ်၍ ယခင်​ယူဆချက်များ သို့​မဟုတ် တခြား​အကြောင်းအချက်​များ​၏ လွှမ်းမိုးမှု​ခံရ​ခြင်း​ကို ကျွန်ုပ်​တို့ သတိပြု​ဖို့​လို​သည်။ ဥပမာ၊ တချို့က ‘ကျွန်ုပ်​၏​စိတ်​ကို လှုပ်ရှား​စေသည့် ဆေးဝါး​များ အသုံးပြု​နေ​သလော။ အကျွန်ုပ်​အား လွဲမှား​စွာ ဆုံးဖြတ်​စေနိုင်​သည့် စိတ်​လှုပ်ရှားမှု များ​လွန်း​သလော’ ဟု​မိမိကိုယ်ကို​မေးသင့်​သည်။

၁၅၊ ၁၆။ အချို့​က မိမိတို့သည် ဝိညာဉ်​တော်​ဖွား​များ​ဖြစ်​ကြသည်​ဟု အဘယ်ကြောင့် လွဲမှား​စွာ ကောက်ချက်​ချ​ကြ​သနည်း။

၁၅ အချို့​သည် မိမိတို့​ကိုယ်ကို ဤသို့​မေး​ရ​ပေမည်—‘အကျွန်ုပ် ထင်ပေါ်​ကျော်ကြား​လို​သလော။ အကျွန်ုပ်သည် ယခု သို့​မဟုတ် နောင်​အနာဂတ်​တွင် ခရစ်တော်​နှင့် တွဲဖက်​အမွေခံ​အဖြစ် အခွင့်အာဏာ​ရရှိ​လို​သလော။’ ပထမ​ရာစု​တွင် ဘုရားသခင့်​နိုင်ငံတော်​အမွေခံများ ခေါ်တော်မူ​ခြင်း​ခံရသော​အခါ သူတို့​အားလုံး​သည် အသင်းတော်တွင် တာဝန်ရ​ရှိ​ထား​သူများ မဟုတ်​ခဲ့​ကြ​ချေ။ ကောင်းကင်​ခေါ်တော်မူ​ခြင်း ခံရ​သူများ​သည် ထင်ပေါ်​ကျော်ကြား​လို​ကြ​သူများ​မဟုတ်၊ ဝိညာဉ်​တော်​သွန်းလောင်း​ခံရ​သည့်​အတွက် ကြွားလုံး​ထုတ်​ကြ​သူများ​မဟုတ်ပေ။ သူတို့သည် “ခရစ်တော်​၏​စိတ်” ရှိ​သူများ​တွင် ရှိ​အပ်သော နှိမ့်ချမှုကို တင်ပြ​ကြသည်။—၁ ကောရိန္သု ၂:၁၆

၁၆ တချို့က သမ္မာကျမ်းစာ​အသိပညာ အတော်အတန်​ဆည်းပူး​ထားသော​ကြောင့် မိမိတို့သည် ကောင်းကင်​ခေါ်တော်မူ​ခြင်း​ခံရ​သည်​ဟု ကောက်ချက်​ချ​ကြ​ပေမည်။ သို့သော် ဝိညာဉ်​တော်​သွန်းလောင်းခြင်းက ကျမ်းစာ​ကို အထူး​သိမြင်​နားလည်စေ​သည်မဟုတ်​ပါ၊ အကြောင်း​မှာ ပေါလု​သည် ဝိညာဉ်​တော်​ဖွား​အချို့​ကို သွန်သင်​ဆုံးမ​ပေး​ခဲ့​ရသော​ကြောင့်​ဖြစ်၏။ (၁ ကောရိန္သု ၃:၁-၃; ဟေဗြဲ ၅:၁၁-၁၄) ဘုရားသခင်​သည် မိမိ​လူမျိုး​ခပ်သိမ်း​ကို ဝိညာဉ်​အစာ​ကျွေး​ရန် အစီအစဉ် ရှိသည်။ (မဿဲ ၂၄:၄၅-၄၇) သို့​ဖြစ်၍ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​တစ်ဦး​ဖြစ်​ခြင်း​ကြောင့် မြေကြီး​မျှော်လင့်ချက်​ရှိ​သူများ​ထက် ဉာဏ်ပညာ​သာလွန်​သည်​ဟု မည်သူမျှ မယူဆ​သင့်​ချေ။ ကျမ်းစာ​မေးခွန်းများ ဖြေဆိုခြင်း၊ သက်သေခံခြင်း၊ ကျမ်းစာ​ဟောပြောချက်​များ ပေးခြင်း​တို့​တွင် ကျွမ်းကျင်​သည့်​အတွက် ဝိညာဉ်​တော်​သွန်းလောင်း​ခံရ​သည်​ဟု ဆို​ရမည်​မဟုတ်​ချေ။ မြေကြီး​မျှော်လင့်ချက်​ရှိကြ​သော ခရစ်ယာန်​များသည်​လည်း ဤ​ကဏ္ဍ​တွင် ကျွမ်းကျင်​ကြ​ပါ​သည်။

၁၇။ ဝိညာဉ်​တော်​သွန်းလောင်း​ခံရ​ရန် အဘယ်အရာ​အပေါ်​နှင့် မည်​သူ့​အပေါ် မူတည်​သနည်း။

၁၇ ယုံကြည်သူချင်း​တစ်ဦး​သည် ကောင်းကင်​ခေါ်တော်မူ​ခြင်း​အကြောင်း မေးမြန်း​လျှင် အကြီးအကဲ​တစ်ဦး သို့​မဟုတ် တခြား​ရင့်ကျက်သူ​ခရစ်ယာန်​တစ်ဦး​က ယင်း​အကြောင်းကို သူနှင့်​ဆွေးနွေး​ပြောဆို​နိုင်​သည်။ သို့သော် လူတစ်ဦး​သည် ယင်း​ကိစ္စ​နှင့်​ပတ်သက်​၍ သူတစ်ပါး​အတွက် မဆုံးဖြတ်​ပေး​နိုင်​ချေ။ ခေါ်တော်မူ​ခြင်း အမှန်တကယ်​ခံရ​သူသည် မိမိ​၌ ထို​မျှော်လင့်ချက်​ရှိလျှင် တခြား​သူကို မေးစရာ​မလို​ပေ။ ဝိညာဉ်​တော်​ဖွား​များ​ကို “မဖောက်ပြန် မပျက်စီး​တတ်သော​မျိုးစေ့​တည်း​ဟူသော အသက်ရှင်​၍ အစဉ်အမြဲ​တည်​တော်​မူ​သော ဘုရားသခင်​၏​နှုတ် [မြွက်​စကား] တော်​အားဖြင့် ဖြစ်ပွား” စေ​၏။ (၁ ပေတရု ၁:၂၃) ဘုရားသခင်​သည် မိမိ၏​ဝိညာဉ်​တော်​နှင့် သမ္မာကျမ်းစာ​အားဖြင့် ကောင်းကင်​မျှော်လင့်ချက်​ရှိ “အသစ်​ပြုပြင်​သော​သတ္တဝါ” ဖြစ်စေ​သည့် “မျိုးစေ့” ကို​စိုက်​ပျိုး​တော်​မူ​၏။ (၂ ကောရိန္သု ၅:၁၇) ထို့​ပြင် ယေဟောဝါ​က ရွေးချယ်​တော်​မူ​သည်။ ဝိညာဉ်​တော်​သွန်းလောင်း​ခံရ​ခြင်း​သည် “အလိုရှိ​သော​သူနှင့်​မဆိုင်၊ ပြေး​သော​သူနှင့်​လည်း​မဆိုင်၊ ကျေးဇူးပြု​တော်​မူ​သော ဘုရားသခင်​နှင့်​သာ​လျှင်​ဆိုင်​၏။” (ရောမ ၉:၁၆သမ္မာ) သို့​ဖြစ်​လျှင် ကောင်းကင်​ခေါ်တော်မူ​ခြင်း​ခံရ​ကြောင်း မည်သို့​အသေအချာ​သိနိုင်​မည်​နည်း။

သူတို့ အဘယ်ကြောင့် သေချာ​ကြ

၁၈။ ဝိညာဉ်​တော်​ဖွား​များ​၏ စိတ်သဘောထား​နှင့်အတူ ဘုရားသခင်​၏​ဝိညာဉ်​တော်​က မည်သို့​သက်သေခံ​သနည်း။

၁၈ ဘုရားသခင့်​ဝိညာဉ်​တော်​၏ သက်သေခံချက်​က ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ကောင်းကင်​မျှော်လင့်ချက်​ရှိသည်​ဟု ယုံကြည်​စိတ်ချ​ကြသည်။ “သင်တို့သည် . . . အဗ္ဗ​အဘ​ဟု ခေါ်​ရသော​အခွင့်​နှင့် သား​ဖြစ်​ခြင်း​၏​သဘောကို ရ​ကြပြီ။ ငါ​တို့သည် ဘုရားသခင်​၏​သား​ဖြစ်​ကြသည်​ကို ဝိညာဉ်တော်သည် ငါ​တို့၏​ဝိညာဉ်​နှင့်အတူ သက်သေခံ​တော်​မူ​၏။ သား​မှန်​လျှင် အမွေခံ၊ ဘုရားသခင်​၏​အမွေခံ​ဖြစ်​ကြ​၏။ ခရစ်တော်​နှင်​အတူ ဘုန်းဝင်စား​မည်​အကြောင်း ထို​သခင်​နှင့်အတူ ဆင်းရဲ . . . ကို​ခံရ​လျှင် ထို​သခင်​နှင့်​ဆက်ဆံ​သော အမွေခံ​လည်း​ဖြစ်​ကြ​၏” ဟု​ပေါလု​ရေးသားခဲ့​သည်။ (ရောမ ၈:၁၅-၁၇) သန့်ရှင်းသော​ဝိညာဉ်​တော်​၏ လွှမ်းမိုးမှု​အောက်တွင် ဝိညာဉ်​တော်​ဖွား​များ​၏ အား​ကြီးသော စိတ်သဘောထား​က ယေဟောဝါ​၏​ဝိညာဉ်​ရေးသား​သမီး​များနှင့်​ပတ်သက်သော ကျမ်းစာ​၏​စကား​များ​ကို လက်တွေ့​ကျင့်သုံး​ရန် စေ့ဆော်​ပေး​၏။ (၁ ယောဟန် ၃:၂) ဘုရားသခင်​၏​ဝိညာဉ်​တော်​က သူတို့၏​စိတ်ထဲ​တွင် ဘုရားသခင့်​သား​အဖြစ်တော်​ကို ခံစား​ရစေ​ပြီး တစ်မူထူး​ခြား​သော မျှော်လင့်ချက် ရှိလာ​စေ​သည်။ (ဂလာတိ ၄:၆၊ ၇) မိသားစုဝင်​များ၊ မိတ်ဆွေများ​နှင့်အတူ စုံလင်​သူများ​အဖြစ် မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရခြင်း​သည် အမှန်တကယ်​ပျော်ရွှင်စရာ​ဖြစ်သော်လည်း ယင်းသည် သူတို့ကို ဘုရားသခင်​ပေး​သော မျှော်လင့်ချက်​မဟုတ်​ချေ။ ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် သူတို့သည် မြေကြီး​နှင့်​ဆိုင်သော သံယောဇဉ်​အားလုံး​ကို တလိုတလား​စွန့်လွှတ်​နိုင်​သည်​အထိ သူတို့၏​ကောင်းကင်​မျှော်လင့်ချက်​တွင် အလွန်​စိတ်အားကြီး​ခဲ့​ကြသည်။—၂ ကောရိန္သု ၅:၁-၅၊ ၈; ၂ ပေတရု ၁:၁၃၊ ၁၄

၁၉။ ပဋိညာဉ်တရား​သစ်​သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​တစ်ဦး၏ အသက်တာတွင် အဘယ်​အခန်းကဏ္ဍ​မှ ပါဝင်​သနည်း။

၁၉ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ကောင်းကင်​မျှော်လင့်ချက်​ရရှိ​ထား​ကြောင်း၊ ပဋိညာဉ်တရား​သစ်​ထဲ​သို့ ခေါ်သွင်း​ခြင်း​ခံရ​ကြောင်း ယုံကြည်​စိတ်ချ​ကြသည်။ ယေရှုသည် အောက်မေ့ရာပွဲကို အစပြု​ကျင်းပ​ချိန်​က ယင်း​အကြောင်း ဤသို့​ဆို​သည်– “ဤ​ခွက်​ကား သင်တို့​အဖို့​အလို​ငှာ​သွန်း​သော ငါ​၏​အသွေး​၌​တည်​သော ပဋိညာဉ်တရား​သစ်​ဖြစ်၏။” (လုကာ ၂၂:၂၀) ပဋိညာဉ်တရား​သစ်​တွင် ပါဝင်သူ​များ​မှာ ဘုရားသခင်​နှင့် ဝိညာဉ်​တော်​ဖွား​များ​ဖြစ်​ကြသည်။ (ယေရမိ ၃၁:၃၁-၃၄; ဟေဗြဲ ၁၂:၂၂-၂၄) ယေရှုသည် အာမခံ​ဖြစ်၏။ ခရစ်တော်​သွန်း​သော အသွေး​ဖြင့်​ဖွဲ့​သည့် ဤ​ပဋိညာဉ်တရား​သစ်​ထဲ​သို့ ဂျူး​များ​သာမက ဘုရားသခင်​သည် မိမိ​နာမ​အဖို့ တစ်ပါး​အမျိုးသား​တို့​အထဲ​က အချို့​သော​သူတို့ကို​နုတ်ယူ​ပြီး အာဗြဟံ​၏ “အမျိုးအနွယ်” တွင်​ပါဝင်​စေ​ခဲ့​သည်။ (ဂလာတိ ၃:၂၆-၂၉; တမန်​တော် ၁၅:၁၄) ဤ “ထာဝရ​ပဋိညာဉ်တရား” သည် ဝိညာဉ်​ရေး​ဣသရေလ​များ​ကို ကောင်းကင်​တွင် မသေနိုင်​သည့်​အသက်​ရ​ရန် ရှင်ပြန်ထမြောက်​စေ​သည်။—ဟေဗြဲ ၁၃:၂၀

၂၀။ ဝိညာဉ်​တော်​ဖွား​များသည် ခရစ်တော်​နှင့်​ဖွဲ့​ထားသော အဘယ်​ပဋိညာဉ်တရား​ထဲ​သို့ ခေါ်သွင်း​ခံရ​သနည်း။

၂၀ ဝိညာဉ်​တော်​ဖွား​များသည် မိမိတို့​၌ ဤ​မျှော်လင့်ချက်​ရှိကြောင်း သေချာ​ကြသည်။ သူတို့သည် နောက်ထပ်​ပဋိညာဉ်တရား​တစ်ခု​ဖြစ်သည့် ဘုရားသခင့်​နိုင်ငံတော်​ပဋိညာဉ်တရား​ထဲ​သို့ ခေါ်သွင်း​ခံရ​ကြ​၏။ ခရစ်တော်​နှင့်အတူ သူတို့​ပါဝင်ခြင်း​နှင့်​စပ်လျဉ်း၍ ယေရှု​က “ငါသည် စုံစမ်း​နှောင့်ယှက်ခြင်း​ကို ခံ​စဉ်​တွင် သင်တို့သည် ငါ​၌​မှီဝဲ​သော​သူ​ဖြစ်​ရာ​၏။ ငါ့​ခမည်းတော်​သည် နိုင်ငံ​တစ်ခု​အတွက် ငါ​နှင့်​ပဋိညာဉ်ဖွဲ့​ထား​သည့်​နည်းတူ ငါသည် သင်တို့​နှင့် ပဋိညာဉ်ဖွဲ့​သည်” ဟု​မိန့်ဆိုခဲ့သည်။ (လုကာ ၂၂:၂၈-၃၀က​ဘ) ခရစ်တော်​နှင့် ကိုယ်တော်​၏​အပေါင်းပါ ရှင်ဘုရင်များ​စပ်ကြား​ဖွဲ့​ထားသော ဤ​ပဋိညာဉ်တရား​သည် ထာဝစဉ်​တည်တံ့​သွား​မည်​ဖြစ်သည်။—ဗျာ. ၂၂:၅

အောက်မေ့ရာပွဲ​တော် ချိန်​ခါ—ကောင်းချီး​ခံစားရ​ချိန်

၂၁။ အောက်မေ့ရာပွဲ​တော်​ကျင်းပ​သည့် အချိန်​အခါ​တွင် ကြီးမားသော​အကျိုးကျေးဇူး မည်သို့​ရရှိနိုင်​သနည်း။

၂၁ အောက်မေ့ရာပွဲ​တော်​ကျင်းပ​သည့် အချိန်​အခါ​တွင် ကောင်းချီး​များစွာ​ရရှိ​သည်။ ဤ​အချိန်​အခါ​အတွက် ရေးဆွဲ​ထားသော ကျမ်းစာ​ဖတ်ရှုခြင်း​ဇယား​မှ ကျွန်ုပ်​တို့ အကျိုး​ရယူ​နိုင်​သည်။ ဆုတောင်း​ရန်၊ ယေရှု၏​မြေကြီး​အသက်တာ​နှင့် သေခြင်းကို ဆင်ခြင်​တွေးတော​ရန်​နှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်​ရန် အထူး​သင့်တော်​သည့်​အချိန်​လည်း​ဖြစ်၏။ (ဆာလံ ၇၇:၁၂; ဖိလိပ္ပိ ၄:၆၊ ၇) ဤ​ပွဲတော်​သည် ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်နှင့်​စပ်လျဉ်းပြီး ဘုရားသခင်​နှင့် ခရစ်တော်​တို့ ပြသ​ခဲ့​သော မေတ္တာတော်ကို အမှတ်ရ​စေ​သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) ဤ​ပြင်ဆင်​ပေး​ချက်​သည် မျှော်လင့်ခြင်း​နှင့် နှစ်သိမ့်မှု​ရရှိ​စေပြီး ခရစ်တော်​၏​လမ်းစဉ်​ကို လိုက်လျှောက်ရန် ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​ကို ပို​ခိုင်မြဲ​စေ​သင့်​သည်။ (ထွက်မြောက်ရာ ၃၄:၆; ဟေဗြဲ ၁၂:၃) အောက်မေ့ရာပွဲ​တော်​သည် ဘုရားသခင်​၏​ကျေးကျွန်​များ​အဖြစ် ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံ​ဝတ်​ကို ကျေပွန်​ရန်​နှင့် ကိုယ်တော်​ချစ်သော သားတော်​၏ တည်ကြည်​သည့်​နောက်လိုက်​များ​ဖြစ်​ကြ​ရန် ခွန်အား​ရှိစေ​သင့်​သည်။

၂၂။ လူသားများ​အတွက် ဘုရားသခင်​၏​အကောင်းမြတ်ဆုံး ဆုကျေးဇူး​ကား အဘယ်နည်း၊ ယင်းကို ကျေးဇူး​တင်​ကြောင်း ဖော်ပြ​သည့်​နည်း​တစ်နည်း​ကား အဘယ်နည်း။

၂၂ ကျွန်ုပ်​တို့ကို ယေဟောဝါ​ပေးသနား​ထား​သည့် ဆုကျေးဇူး​များသည် ကောင်းမြတ်လှ​သည်​တကား! (ယာကုပ် ၁:၁၇) ကျွန်ုပ်​တို့​မှာ ကိုယ်တော့်​သမ္မာကျမ်းစာ​၏​လမ်းပြ​ညွှန်ကြားမှု၊ ကိုယ်တော့်​ဝိညာဉ်​တော်​၏​အကူအညီ​နှင့် ထာဝရ​အသက်​မျှော်လင့်ချက်​တို့ ရရှိ​ထား​ကြသည်။ ဘုရားသခင်​၏​အကြီးမြတ်ဆုံး​ဆုကျေးဇူး​သည် ဝိညာဉ်​တော်​ဖွား​များ​၏ အပြစ်​များ​အတွက်​နှင့် ယုံကြည်ခြင်း​တင်ပြ​သူ အခြားသူ​အားလုံး​တို့အတွက် ယေရှု၏​ပူဇော်ရာ​ယဇ်​ဖြစ်၏။ (၁ ယောဟန် ၂:၁၊ ၂) ထို့​ကြောင့် ယေရှု၏​သေခြင်း​သည် သင့်အတွက် မည်မျှ​အဓိပ္ပာယ်​ရှိ​သနည်း။ သခင့်​ညစာ​စားပွဲ​ကျင်းပ​ရန် ၂၀၀၃၊ ဧပြီ ၁၆ ရက် နေဝင်ပြီး​နောက် စည်းဝေး​ကြ​ခြင်း​အားဖြင့် ကျေးဇူး​တင်​ကြောင်း ဖော်ပြ​သူများ​တွင် အသင်​ကော ပါဝင်​မည်​လော။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ယေဟောဝါသက်သေ​များ ထုတ်ဝေ​ခဲ့​သော်လည်း ယခု ပုံ​မ​နှိပ်​တော့​ပါ။

သင့်​အဖြေ​များ​ကား အဘယ်နည်း

• အောက်မေ့ရာပွဲ​တော် အထိမ်းအမှတ်​များ​ကို မည်သူ​တို့ သုံးဆောင်​သင့်​သနည်း။

• “အခြားသိုး” သည် ရိုသေ​လေးစား​စွာ ရှုစား​သူများ​အဖြစ်​သာ သခင့်​ညစာ​စားပွဲ​ကို အဘယ်ကြောင့် တက်ရောက်​ကြ​သနည်း။

• ခရစ်တော်​၏​သေခြင်း အောက်မေ့ရာပွဲ​တွင် မုန့်​နှင့်​စပျစ်​ရည်​ကို သုံးဆောင်​သင့်​သည်​ဟု ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ မည်သို့​သိရှိ​ကြ​သနည်း။

• အောက်မေ့ရာပွဲ​တော်​ကျင်းပ​သည့် အချိန်​အခါ​သည် အဘယ်အရာ​ပြု​ရန် အချိန်​အခါသင့်​ဖြစ်သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ဇယား/ ရုပ်ပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

အောက်မေ့ရာပွဲ​တော် တက်ရောက်သူ​အရေအတွက်

သန်း​ဂဏန်း​ဖြင့်

15,597,746

၁၅

၁၄

၁၃,၁၄၇,၂၀၁

၁၃

၁၂

၁၁

၁၀

 

 

 

 

 

၄,၉၂၅,၆၄၃,

 

 

 

 

၈၇၈,၃၀၃

၆၃,၁၄၆

၁၉၅၃ ၁၉၅၅ ၁၉၇၅ ၁၉၉၅ ၂၀၀၂

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဤ​နှစ် သခင့်​ညစာ​စားပွဲ​ကို သင်,တက်ရောက်​မည်​လော

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

အောက်မေ့ရာပွဲ​တော်​ကျင်းပ​သည့် အချိန်​အခါ​သည် သမ္မာကျမ်းစာ​ကို ပိုမို​ဖတ်ရှု​ရန်​နှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​တွင် တိုး၍​ပါဝင်​ရန် အချိန်​အခါသင့်​ဖြစ်