မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကလေး၏နှလုံးကြုံသလိုဖြစ်လာဖို့ မထားပါနှင့်!

သင့်ကလေး၏နှလုံးကြုံသလိုဖြစ်လာဖို့ မထားပါနှင့်!

သင့်​ကလေး​၏​နှလုံး​ကြုံ​သလို​ဖြစ်လာ​ဖို့ မထား​ပါ​နှင့်!

တန်ဖိုး​မဲ့​ရွှံ့​တုံး​တစ်တုံး​သည် ကျွမ်းကျင်​သော အိုးထိန်းသမား​တစ်ဦး၏​လက်ထဲ​တွင် ဆွဲဆောင်မှု​ရှိသည့် အသုံးအဆောင်​ပစ္စည်း​တစ်ခု ဖြစ်လာ​နိုင်​သည်။ တန်ဖိုး​မရှိသော​အရာ​လေး​များ​မှ အသုံးဝင်​ပစ္စည်း မြောက်မြားစွာ ထုတ်လုပ်​နိုင်​သူ​နည်း​သည်။ လူ့​အဖွဲ့အစည်း​သည် ခွက်​ယောက်​ပန်းကန်၊ ဟင်း​အိုး​ထမင်း​အိုး၊ စ​ဉ့်​အိုး​နှင့် ပန်း​အိုး​များ​အတွက် အိုးထိန်းသမား​ကို အားထားကြ​ရသည်မှာ နှစ်​နှင့်​ချီ​ရှိပြီ။

မိဘများသည်​လည်း မိမိတို့​သားသမီး​များ​၏ အကျင့်​စရိုက်​နှင့် ဥပဓိရုပ်​ကို ပုံသွင်း​ပေးခြင်း​ဖြင့် လူ့​အဖွဲ့အစည်း​ကို အဖိုး​မ​ဖြတ်​နိုင်အောင် အကျိုးပြု​နေကြ​သည်။ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့​တစ်ဦးစီ​ကို ရွှံ့​မြေ​နှင့် နှိုင်းယှဉ်​ထားပြီး၊ ဘုရားသခင်​သည် မိဘများ​အား ‘ရွှံ့​မြေ’ နှင့်​တူသော သူတို့၏​သားသမီး​များ​ကို ပုံသွင်းခြင်း​တာဝန် အပ်နှင်း​ထား​သည်။ (ယောဘ ၃၃:၆; ကမ္ဘာဦး ၁၈:၁၉) လှပသော​အိုး​တစ်လုံး​ကို ဖန်တီး​ပြုလုပ်​ရသကဲ့သို့ ကလေး​တစ်ဦး​ကို တာဝန်​သိတတ်သော၊ ဟန်ချက်ညီ​သော လူကြီး​တစ်ဦး​ဖြစ်လာ​စေရန် ပြုပြင်​ပြောင်းလဲ​ပေးခြင်း​သည် မလွယ်ကူ​ပေ။ ထိုသို့​ပြောင်းလဲ​လာ​ခြင်း​သည် မတော်တဆ​မဟုတ်​ချေ။

ကျွန်ုပ်​တို့​ကလေး​များ​၏​နှလုံးကို ပုံသွင်း​ပေး​သည့် ဩဇာ​လွှမ်းမိုးမှု မြောက်မြားစွာ​ရှိသည်။ ဝမ်းနည်းစရာမှာ အဆိုပါ​သြဇာလွှမ်း​မိုး​မှု​အချို့​သည် ပျက်စီး​စေ​၏။ ထို့​ကြောင့် ကလေး​၏​နှလုံးကို ဖြစ်ချင်​ရာ​ဖြစ် ပစ်ထား​မည့်​အစား ပညာ​ရှိသော​မိဘ​တစ်ဦး​သည် ကလေး “သွားရာလမ်း​ဝ​၌” ဆုံးမ​သွန်သင်လေ့​ကျင့်ပေး​မည်၊ သို့ပြုလျှင် “အို​သောအခါ ထို​လမ်း​မှ​မလွှဲ လိုက်သွား​လိမ့်​မည်” ကို​ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။—သု. ၂၂:၆

ကလေး​ကို နှစ်​ရှည်​လ​များ မွေးမြူ​ပြုစု​ချိန်​အတွင်း ပညာ​ရှိသော​ခရစ်ယာန်​မိဘများသည် မိမိတို့​ကလေး​၏​နှလုံးကို ဘေးသင့်​စေ​မည့် ဩဇာ​လွှမ်းမိုးမှု​မခံရ​စေရန် အချိန်​ပေးဖို့​လို​မည်။ မိဘများသည် ကလေး​ကို စိတ်ရှည်​စွာ​ဖြင့် ‘ဘုရားသခင်​နှင့်​အညီ ဆုံးမ​ပဲ့ပြင်​လျက် မွေးမြူ’ ပေး​နေစဉ် သူတို့၏​မေတ္တာသည် များစွာ​စမ်းသပ်ခံ​ရ​လိမ့်​မည်။ (ဧဖက် ၆:၄သ​မ) မှန်ပါသည်၊ ကလေး​အသက်တာ အစောပိုင်းကတည်းက လေ့ကျင့်ပေး​လျှင် မိဘ​၏​အလုပ်​တာဝန်​သည် များစွာ​လွယ်ကူ​ပေ​လိမ့်​မည်။

စောစော​စ

အိုးထိန်းသမား​များသည် လိုအပ်​သလို​ပုံသွင်း​ရန် ပျော့ပျောင်း​ပြီး တစ်ကြိမ်​တည်း​တွင် ပုံစံ​ဖော်​ပြီး​နောက်​တွင် ပုံစံ​မပျက်​ရှိစေ​မည့် အတန်​အရာ​မာကျော​မှု​ရှိသော ရွှံ့​မြေ​ကို အသုံးပြု​လို​ကြ​၏။ ရွှံ့​မြေ​ကို သန့်စင်​ပြီး​နောက် ခြောက်​လ​အတွင်း အသုံးပြု​လို​ကြ​၏။ ထို​နည်းတူ မိဘများသည် မိမိတို့​ကလေး​၏​နှလုံးကို စတင်​ပုံသွင်း​ရန် အကောင်းဆုံး​အချိန်​မှာ ကလေး​များ လက်​အခံ​နိုင်​ဆုံး​နှင့် ပုံသွင်း​ရလွယ်​ကူ​ချိန်​ဖြစ်သည်။

ကလေး​တစ်ဦး​သည် ရှစ်​လ​အရွယ်​တွင် သူ၏​မိခင်​ဘာသာ​စကား​အသံများ​ကို ကျက်​မိ​နေပြီ၊ မိဘများနှင့် ရင်းနှီး​နေပြီ၊ သိမြင်နိုင်စွမ်း​ရှိနေပြီ၊ သူ့​ဝန်းကျင်ရှိ​လောကကို စတင်​စူးစမ်း​တတ်​နေပြီ​ဟု ကလေး​ပါရဂူ​များ​က​ဆို​၏။ ကလေး​၏​နှလုံးကို စတင်​ပုံသွင်း​ရန် အကောင်းဆုံး​အချိန်​မှာ ငယ်ရွယ်စဉ်​အချိန်​က​ပင်​ဖြစ်သည်။ သင်၏​ကလေး​သည် ‘နို့စို့အရွယ်​မှ​စ၍ သမ္မာကျမ်းစာ​ကို သိရှိ​လာ​သည့်’ တိမောသေ​ကဲ့သို့ ဖြစ်လာ​လျှင် အလွန်​အခွင့်သာ​ပေ​သည်!—၂ တိမောသေ ၃:၁၅ *

ကလေး​များသည် ပင်ကို​အရ မိဘများ​ကို အတုယူ​တတ်ကြ​သည်။ သူတို့သည် အသံများ၊ ပြောပုံဆိုပုံ​နှင့် ဟန်​အမူအရာ​တို့ကို အတုယူ​တတ်​သည့်​အပြင် မိဘ​နှစ်ပါး​တင်ပြ​သည့်​မေတ္တာ၊ သနား​ကြင်နာ​မှု၊ စာနာ​ထောက်ထား​မှု​တို့ကို​တွေ့မြင်​၍ သင်ယူ​တတ်ကြ​သည်။ ကလေး​ကို ယေဟောဝါ​၏​ပညတ်တရား​နှင့်​အညီ လေ့ကျင့်ပေး​လိုလျှင် ဘုရားသခင်​၏​ပညတ်ချက်​များ​ကို ပထမ​ဦးစွာ ကျွန်ုပ်​တို့ နှလုံး​သွင်း​ရမည်​ဖြစ်သည်။ မိဘများ​ကိုယ်တိုင် နှလုံး​ထဲ​မှ ဤသို့​တန်ဖိုး​ထား​လေးမြတ်​ကြ​လျှင် ယေဟောဝါ​နှင့် ကိုယ်တော်​၏​စကားတော်​အကြောင်း သားသမီး​များ​အား မှန်မှန်​ပြောဆို​ရန် စေ့ဆော်​ခံရ​လိမ့်​မည်။ “အိမ်​၌​ထိုင်​လျက်​နေသည်​ဖြစ်စေ၊ ခရီး​၌​သွား​သည်​ဖြစ်စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိသည်​ဖြစ်စေ ထိုစကား​ကို​ပြော​ရမည်” ဟု​သမ္မာကျမ်းစာ​က တိုက်တွန်း​ထား​၏။ (တရားဟောရာ ၆:၆၊ ၇) ဖ​ရန်​သီ​စ်​ကို​နှင့် ရို​ဆာ​တို့သည် သူတို့၏​ကလေး​နှစ်ဦး​အား ဤ​နည်း​အတိုင်း လုပ်ဆောင်ခဲ့​ပုံ​ကို ရှင်းပြ​၏။ *

“နေ့စဉ် စကားစမြည်​ပြောဆို​ကြ​တဲ့​အပြင် ကလေး​တစ်ယောက်ချင်း​နဲ့​လည်း အနည်းဆုံး ၁၅ မိနစ်​စီ နေ့တိုင်း စကားပြော​ဖြစ်​ဖို့ ကျွန်တော်​တို့ ကြိုးစား​ကြတယ်။ ပြဿနာ​တစ်ခုခု​ကြုံနေ​မှန်း​ရိပ်မိရင် အချိန်ပို​ပေး​တယ်၊ ပြဿနာ​တွေ​ကြုံနေ​တာ​ကိုလည်း တွေ့ရ​တတ်တယ်။ ဥပမာ​ပြော​ရ​ရင် တစ်လောက​ပဲ ငါး​နှစ်အရွယ်​သားလေး ကျောင်း​ကနေ အိမ်ပြန်ရောက်​တာ​နဲ့ ယေဟောဝါ​ကို သူ,မယုံ​တော့​ဘူးလို့ ကျွန်တော်​တို့ကို ပြော​တယ်။ သူ့​အတန်းဖော်​တစ်ယောက်​က သူ့ကို လှောင်ပြောင်ပြီး ဘုရားသခင်​မရှိဘူးလို့ ပြောလိုက်​ပုံ​ရတယ်။”

ကလေး​များ​တွင် သူတို့၏​ဖန်ဆင်း​ရှင်​ကို ယုံကြည်မှု​ရှိအောင် ပြုစု​ပျိုးထောင်​ပေး​ရန်လို​ကြောင်း ဤ​မိဘများ သဘောပေါက်ခဲ့​ကြသည်။ ဘုရားသခင်​၏​ဖန်ဆင်း​ခြင်း​လက်ရာကို ကလေး​များ စိတ်ဝင်စား​ပြီး စူးစမ်း​လို​ခြင်း​အပေါ် ထို​ယုံကြည်ခြင်းကို တည်ဆောက်​ပေး​နိုင်​မည်။ ကလေး​များသည် တိရစ္ဆာန်​များ​ကို​ပွေ့ဖက်​ရန်၊ တောပန်း​များ​ကို​ခူး​ရန်၊ ပင်လယ်​ကမ်းခြေ​တွင် ဆော့​ကစား​ရန် အမှန်ပင်​နှစ်သက်​ကြ​၏! မိဘများသည် ဖန်ဆင်း​ရာ​များနှင့် ဖန်ဆင်း​ရှင်​ကို ဆက်စပ်​ပြောဆို​သွန်သင်ပေး​နိုင်​သည်။ (ဆာလံ ၁၀၀:၃; ၁၀၄:၂၄၊ ၂၅) သူတို့၏​အသက်တာ​တစ်လျှောက်​တွင် ယေဟောဝါ​၏​ဖန်ဆင်း​ခြင်း​လက်ရာတော်​ကို အံ့သြ​မိန်းမော​စိတ် စွဲငြိ​သွား​နိုင်​သည်။ (ဆာလံ ၁၁၁:၂၊ ၁၀) ကလေး​သည် ဤသို့​သဘောပေါက်​နားလည်မှု​နှင့်အတူ ဘုရားသခင်​စိတ်တော်နှင့်​တွေ့​လို​သည့်​ဆန္ဒ၊ ကိုယ်တော့်​စိတ်တော်နှင့်​မ​တွေ့​မည်​ကို စိုးရိမ်စိတ် တိုးများ​လာနိုင်​သည်။ ယင်းသည် ‘မကောင်းမှုကို​ရှောင်ရန်’ သူ့ကို လှုံ့ဆော်​ပေမည်။—သု. ၁၆:၆

ကလေးငယ်​အများ​သည် စပ်စု​တတ်​ပြီး သင်ယူ​ရန် လျင်မြန်​ကြသော်လည်း အလွယ်တကူ နာခံကြ​လိမ့်​မည်​မဟုတ်ပေ။ (ဆာလံ ၅၁:၅) တစ်ခါတစ်ရံ သူတို့​စိတ်ကြိုက် ပြုလုပ်​လို​ကြ​ပေမည်၊ သို့​မဟုတ် သူတို့​အလိုရှိ​သမျှ​ကို မရ​မ​က​တောင်းယူ​တတ်ကြ​ပေမည်။ အဆိုပါ​စိတ်ထား​များ စွဲငြိ​မနေ​စေရန် မိဘများ​က ခိုင်မာ​ပြတ်သား​စိတ်ရှည်​စွာ ဆုံးမ​ပဲ့ပြင်​ပေးဖို့​လို​သည်။ (ဧဖက် ၆:၄) ကလေး​ငါး​ဦး​ကို အောင်မြင်စွာ ပြုစု​ပျိုးထောင်​ပေး​ခဲ့​သော ဖီ​လ​စ္စ​နှင့်​ပေါလ်​တို့သည် ထိုသို့​ကြုံတွေ့​ခဲ့​ရသည်။

ဖီ​လ​စ္စ​က ဤသို့​ပြန်​ပြောပြ​သည်– “ကလေး​တစ်ယောက်စီ​ရဲ့ ဥပဓိရုပ်​ချင်း မတူကြ​ပေမဲ့ သူတို့​အားလုံး သူတို့​စိတ်တိုင်းကျ လုပ်ချင်ကြတယ်။ လွယ်​တော့​မလွယ်ပေမဲ့ ‘မလုပ်ရဘူး’ ဆို​တဲ့​စကားလုံး​ကို နောက်ဆုံး သူတို့​သဘောပေါက်​သွား​ကြတယ်။” သူ၏​ခင်ပွန်း ပေါလ်​က ဤသို့​ပြောပြ​သည်– “ကလေး​တွေ နားလည်​သဘောပေါက်​နိုင်​တဲ့ အရွယ်ရောက်​နေတယ်​ဆိုရင် ကျွန်တော်​တို့ ဘာကြောင့် အဲ့ဒီ​လို​ဆုံးဖြတ်​ခဲ့​တဲ့​အကြောင်း သူတို့ကို ရှင်းပြတယ်။ သူတို့ကို အမြဲ​ကြိုးစား​ပြီး ကြင်နာ​မှု​ပြ​ကြ​ပေမဲ့ ကျွန်တော်​တို့ကို ဘုရားသခင်​ပေး​ထား​တဲ့ အခွင့်အာဏာကို​တော့ သူတို့​လေးမြတ်​တတ်​ဖို့ သင်ပေးခဲ့တယ်။”

ကလေး​၏​အစောပိုင်း​နှစ်များ​က အခက်အခဲ​များ ကြုံ​စေနိုင်​သော်လည်း အကြီးမားဆုံး​ပြဿနာ​မှာ စမ်းသပ်မှု​အသစ်​မြောက်မြားစွာ ကြုံတွေ့​ကြ​ရသည့် သူတို့၏​စိတ်နှလုံး မရင့်ကျက်​သေး​သော ဆယ်ကျော်သက်​အရွယ်​တွင်​ဖြစ်​ကြောင်း မိဘ​အများ တွေ့မြင်​ကြ​ရသည်။

ဆယ်ကျော်သက်​တစ်ဦး၏​နှလုံးကို ထိမိ​ခြင်း

အိုးထိန်းသမား​သည် ရွှံ့​မြေ​မ​ခြောက်​မီ ပုံသွင်း​ရ၏။ အချိန်​အနည်းငယ်​ပို​ရ​ရန် ရွှံ့​မြေ​ကို စေး​ထ​န်း​ထ​န်း​နှင့် လို​သလို​ပုံသွင်း​နိုင်​ဖို့ ရေ​ထပ်​ထည့်​ပေး​ရ၏။ ထို​နည်းတူ မိဘများသည် မိမိတို့၏​ဆယ်ကျော်သက်​ကလေး​များ ခေါင်းမာ​သူများ ဖြစ်​မသွား​စေရန် သူတို့၏​နှလုံးကို ကြိုးစား​ပြုပြင်ပေး​ရမည်​ဖြစ်သည်။ သူတို့၏​အဓိက​ကိရိယာ​မှာ သမ္မာကျမ်းစာ​ပင်​ဖြစ်သည်၊ ၎င်း​သည် ‘ကောင်းသော​အမှု​အမျိုးမျိုး​တို့ကို ပြုစု​နိုင်​ဖို့ သူတို့၏​ကလေး​ကို အသင့်ပြင်​ဆင်​ပေး​ရန် အပြစ်​ဖော်ပြ​ဆုံးမခြင်း၊ ပဲ့ပြင်​တည့်မတ်​ပေးခြင်း’ အမှုတို့​ကို​ပြု​နိုင်​သည်။—၂ တိမောသေ ၃:၁၅-၁၇

သို့သော် ဆယ်ကျော်သက်​တစ်ဦး​သည် ငယ်​စဉ်​က​ကဲ့သို့ မိဘ​၏​အကြံပြုချက်ကို တလိုတလား​လက်ခံ​လိမ့်​မည်​မဟုတ်ပေ။ ဆယ်ကျော်သက်​များသည် သူတို့၏​ရွယ်တူချင်း​များ​ကို ပို​ဂရုစိုက်​တတ်လာ​ကြ​ရာ မိဘများနှင့် ပွင့်လင်း​ရင်းနှီး​စွာ ဆက်ဆံမှု​လျော့နည်း​သွားပေ​မည်။ မိဘ​နှင့် သားသမီးတို့၏ အခန်းကဏ္ဍ​သစ်​ပေါ်ထွက်​လာ​ရာ ပို​၍​စိတ်ရှည်​ရန်၊ ကျွမ်းကျင်​စွာ ကိုင်တွယ်​လုပ်ဆောင်ရန် လို​သည့်​အချိန်​ဖြစ်သည်။ ဆယ်ကျော်သက်​သည် သူ၏​ရုပ်ပိုင်းဆိုင်ရာ​နှင့် စိတ်ပိုင်း​ဆိုင်ရာ အပြောင်းအလဲ​နှင့်​အညီ နေတတ်​ဖို့​လို​သည်။ သူ၏​ဘဝ​တစ်လျှောက်​လုံး အကျိုးရှိ​စေနိုင်​မည့် ဆုံးဖြတ်ချက်​များနှင့် ပန်းတိုင်​များ​ကို သူ​စတင်​ချမှတ်​ရတော့မည်။ (၂ တိမောသေ ၂:၂၂) အဆိုပါ​ခက်ခဲ​သော​ကာလ​တစ်လျှောက်​တွင် သူ၏​နှလုံး ပျက်စီး​စေနိုင်​သည့် ရွယ်တူချင်း​ဖိအား​ကို ရင်ဆိုင်​ဖြေရှင်း​တတ်​ရမည်​ဖြစ်သည်။

ဤသို့​သော​ဖိအား​သည် အလွယ်တကူ​သိသာ​ထင်ရှား​သည့် အဖြစ်အပျက်​တစ်ခု​တည်း​မှ ဖြစ်ပေါ်​လာ​ခဲ​သည်။ ယင်းအစား၊ စိတ်အား​ပျော့​သွား​စေသည့်​စကား​များ သို့​မဟုတ် အဖြစ်အပျက်​များ ဆက်တိုက်​ဖြစ်​ခြင်း​မှ ထို​ဖိအား ဖြစ်ပေါ်​လာ​တတ်​သည်။ ၎င်းတို့သည် လူငယ်​အများ​၏ အားနည်းချက်​ဖြစ်သည့် တခြား​လူငယ်များ​က မိမိ​အား​စွန့်ပယ်​မည်​ကို အလွန်​စိုးရိမ်​သည့်​ကြောက်စိတ်​အား ထိုးနှက်​တတ်​သည်။ အရှက်​ကြီး​ပြီး နှစ်သက်​လက်ခံမှုကို လိုချင်​လွန်းနေ​သော လူငယ်​တစ်ဦး​သည် တခြား​လူငယ်များ အမွှမ်းတင်​သည့် “လောက​၌​ရှိသော​အရာ​တို့ကို” လက်ခံ​စ​ပြု​လာပေမည်။—၁ ယောဟန် ၂:၁၅-၁၇; ရောမ ၁၂:၂

ထို​ထက်​ပို​ဆိုး​သည်​မှာ မစုံလင်​သော​နှလုံး​၏ ပင်ကို​ဆန္ဒ​များ​က ရွယ်တူချင်း​၏​စကား​ကို ထောက်ခံ​လို​ပေမည်။ “ပျော်စရာ​ရှိရင်​ပျော်​လိုက်၊ မင်း​လုပ်ချင်​တာ​ရှိရင်​လုပ်လိုက်” စ​သည့် သွေးဆောင်မှုများ​သည် အလွန်​သဘောကျ​စ​ရာ ကောင်း​ပေမည်။ မာ​ရီ​အာ​သည် သူ၏​တွေ့ကြုံမှု​ကို ဤသို့​ပြန်​ပြောပြ​သည်– “လူငယ်​ဆိုတာ ဖြစ်ချင်​တာ​ဖြစ် ပျော်ရွှင်​ခွင့် အပြည့်အဝ​ရှိ​ထိုက်တယ်​လို့ ယူမှတ်​ကြ​တဲ့ ဆယ်ကျော်သက်​ချင်း​တွေ​ရဲ့ စကား​ကို ကျွန်မ​နားထောင်​မိတယ်။ ကျောင်း​က​သူငယ်ချင်းတွေ​လုပ်​သလို ကျွန်မ​လည်း လိုက်လုပ်​ချင်​တဲ့​အတွက် ကျွန်မ​အကြီးအကျယ် စိတ်​ဆင်းရဲ​ရတော့​မ​လို့။” မိဘ​အနေ​နှင့် သင်သည် သင်၏​ဆယ်ကျော်သက်​ကလေး​အား ထို​ဖိအား​ပေး​မှု​ကို အောင်မြင်​နိုင်​ရန် ကူညီပေး​လို​သော်လည်း မည်သို့​ပြုလုပ်​ပေး​နိုင်​မည်​နည်း။

သင်၏​စကား​နှင့် အပြုအမူအားဖြင့် သူ့ကို သင်​ဂရုစိုက်​နေကြောင်း အသေအချာ​သိစေပါ။ သူ​မည်သို့​ခံစား​နေရ​သည်ကို သိရှိ​ရန် ကြိုးစား​ပါ၊ သူ၏​ပြဿနာ​များ​ကို နားလည်​ရန် ကြိုးစား​ပါ၊ သင်​ကျောင်းနေ​စဉ်​က​ထက် သူ့​ပြဿနာ​များ​က ပို​ခက်ခဲ​နေ​ပေမည်။ အထူးသဖြင့် ဤ​အချိန်တွင် သင့်ကို ယုံကြည်​စိတ်ချ​နိုင်​သူ​အဖြစ် သင့်​ကလေး ရှုမြင်​ရန် လိုအပ်​နေသည်။ (သု. ၂၀:၅) သူ၏​ကိုယ်​အမူအရာ၊ သို့​မဟုတ် စိတ်​နေ​စိတ်ထား​ကို​ထောက်၍ သူ၏​စိတ်​ဆင်းရဲမှု၊ စိတ်​ရှုပ်ထွေးမှု​တို့ကို သင်​သတိပြု​နိုင်​ပေမည်။ သူ​အသံတိတ်​ငိုကြွေး​နေသည့်​အခါ​များ​ကို သိရှိပြီး နားလည်မှု​တင်ပြ​ပါ၊ သူ၏ “စိတ်နှလုံး​သက်သာ​စေ” ပါ။—ကောလောသဲ ၂:၂

သို့သော် ဟုတ်​ရာ​မှန်ရာ​အတွက် ပြတ်သား​ရန် အရေးကြီး​သည်။ မိဘ​များစွာ​သည် တစ်ခါတစ်ရံ အလိုဆန္ဒ​တိုက်ပွဲ ဆင်နွှဲ​ခဲ့​ကြ​ရ​သော်လည်း သူတို့၏​ဆုံးဖြတ်ချက်​သည် ခြေမြစ်​ခိုင်လုံ​သည့်​အခါ အလျှော့မပေး​ဖို့ အရေးကြီး​သည်။ အခြား​တစ်ဖက်​တွင်​မူ၊ မေတ္တာ​နှင့်​ဆုံးမ​ပဲ့ပြင်​ဖို့​လို​မလို​နှင့် လိုအပ်​ခဲ့​သော် မည်သို့​ဆုံးမ​ရမည်ကို မဆုံးဖြတ်​မီ အခြေအနေ​ကို ကောင်းစွာ​သိ​နားလည်​ထား​ရန် ကြိုးစား​ပါ။—သု. ၁၈:၁၃

အသင်းတော်​အတွင်းမှ​ပင်

မြေအိုး​တစ်လုံး​သည် အ​ချော​ကိုင်​ပြီး​ပုံ​ရ​သော်လည်း ဖို​ထဲ ထည့်​မ​ဖုတ်မီ အရည်​ထည့်​လိုက်​လျှင် ယင်း​အရည်​ကြောင့် ပျက်စီး​သွား​နိုင်​သည်။ သမ္မာကျမ်းစာ​က ဤသို့​မီးဖုတ်​ခြင်း​အစီအစဉ်ကို စမ်းသပ်မှု​များ၊ အခက်အခဲ​များ​ခံရ​ခြင်း​နှင့် နှိုင်းယှဉ်​ထား​၏၊ အကြောင်း​မှာ ယင်း​တို့​က ကျွန်ုပ်​တို့သည် အမှန်တကယ် မည်သို့သော​လူစားမျိုး​ဖြစ်​ကြောင်း ဖော်ပြ​၏။ သမ္မာကျမ်းစာ​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​ဆိုင်ရာ စမ်းသပ်မှု​များ​ကို အထူး​ပြောဆို​နေခြင်း​ဖြစ်သော်လည်း ယေဘုယျ​အားဖြင့် အခြား​စမ်းသပ်မှု​များလည်း သက်ဆိုင်​၏။ (ယာကုပ် ၁:၂-၄) အံ့ဩစရာ​မှာ လူငယ်​အချို့ ရင်ဆိုင်​ရသည့် ခက်ခဲ​သော​စမ်းသပ်မှု​အချို့​သည် အသင်းတော်​အတွင်းမှ ဖြစ်ပေါ်​လာ​ခြင်း​ဖြစ်သည်။

သင်၏​ဆယ်ကျော်သက်​ကလေး​သည် ဝိညာဉ်​ရေး​ကျန်း​ခံ့​ပုံ​ပေါက်​သော်လည်း သူသည် စိတ်​နှစ်ခွ​ဖြစ်နေ​ပေမည်။ (၃ ဓမ္မ​ရာဇဝင် ၁၈:၂၁) ဥပမာ၊ မီ​ဂ​န်​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ လာ​ကြ​သည့် အခြား​လူငယ်များ​ထံ​မှ လောက​အတွေးအခေါ်​များ​ကို ရင်ဆိုင်ခဲ့​ရသည်–

“ခရစ်ယာန်​ဝတ်ပြုရေးဟာ ငြီးငွေ့စရာ​ကောင်းပြီး ပျော်ရွှင်မှု​ကို ဟန့်တား​တယ်လို့ သဘောထားကြ​တဲ့ လူငယ်​တစ်စု​ရဲ့ လွှမ်းမိုးမှုကို ကျွန်မ​ခံ​ခဲ့​ရတယ်။ သူတို့က ‘ငါ ၁၈ နှစ်​ပြည့်​တာ​နဲ့ အမှန်တရား​ကနေ ထွက်​မယ်၊ ငါ​အရမ်း​ထွက်​ချင်​နေပြီ’ ဟု​ပြောတတ်​ကြတယ်။ အဲ့ဒီ​လို​မပြော​ကြ​တဲ့ လူငယ်တွေကို သူတို့က သန့်ရှင်း​သူတွေ​လို့​ခေါ်​ပြီး မ​ပေါင်း​ကြဘူး။”

ကျန်​တဲ့​သူအား​လုံး​ကို မွှေနှောက်​ဖို့ စိတ်ထား​မမှန်​သူ တစ်ဦး၊ နှစ်ဦး​သာ​လို​သည်။ အဖွဲ့သား​များသည် အများ​ပြုလုပ်​သည့်​အတိုင်း လိုက်လုပ်​တတ်ကြ​၏။ မိုက်မဲခြင်း​နှင့် မိုက်ရူး​ရဲ​ပြုမူခြင်း​တို့သည် ဉာဏ်ပညာ​နှင့် သင့်တင့်​လျောက်ပတ်​မှု​တို့ကို လျစ်လျူရှု​ပေမည်။ နိုင်ငံ​များစွာ​တွင် ခရစ်ယာန်​လူငယ်တို့​သည် အများ​နောက်လိုက်ခြင်း​ကြောင့် ကိုယ်​စိတ်​ဆင်းရဲ​ခဲ့​ကြ​သည့် အဖြစ်ဆိုး​များ​ရှိခဲ့​သည်။

ဆယ်ကျော်သက်​များသည် ပျော်ရွှင်ဖွယ်​ပေါင်းသင်းမှု အတော်အတန်​လိုအပ်​သည်​မှာ မှန်​၏။ ၎င်းကို မိဘ​အနေ​နှင့် မည်သို့​ဖြည့်စွက်​ပေး​နိုင်​သနည်း။ သူတို့​ပျော်ရွှင်​ဖို့​အရေး​ကို အလေးအနက်​ထား​၍ စဉ်းစား​ပေး​ပါ၊ မိသားစု​လိုက် သို့​မဟုတ် လူငယ်၊ လူကြီး​များ​ဖွဲ့​ပြီး စိတ်ဝင်စားဖွယ် လုပ်ဆောင်မှုများ​ကို စီစဉ်​ပေး​ပါ။ သင့်​ကလေး​၏​သူငယ်ချင်းများနှင့် အကျွမ်းတဝင်​ရှိပါ။ သူတို့ကို ထမင်း​စား​ဖိတ်ခေါ်ပါ၊ သို့​မဟုတ် သူတို့နှင့်​အတူ တစ်​ညနေခင်း ပေါင်းသင်း​ပါ။ (ရောမ ၁၂:၁၃) တူရိယာ​တစ်မျိုး​မျိုး​တီး​တတ်​ရန် သင်ယူခြင်း၊ ဘာသာ​ခြား​စကား သို့​မဟုတ် လက်မှုပညာ​တစ်ခုခု ကျွမ်းကျင်​ပိုင်နိုင်​စွာ တတ်​ထားခြင်း အစ​ရှိသော အကျိုးရှိ​လုပ်ဆောင်မှု​တစ်ခုခု​ကို လိုက်စား​ရန် သင့်​ကလေး​အား တိုက်တွန်း​ပါ။ များသောအားဖြင့် လုံခြုံမှု​ရှိသော​အိမ်တွင်း၌​ပင် ယင်း​လုပ်ဆောင်မှုကို ပြုလုပ်​နိုင်​ပေမည်။

ကျောင်းနေ​ခြင်း​သည် ကာကွယ်​မှု​တစ်ခု​ဖြစ်​နိုင်

ဆယ်ကျော်သက်​တစ်ဦး ကျောင်းတက်​ခြင်း​ဖြင့် အပျော်အပါး​ကို သူ့​နေရာ​နှင့်​သူ ရှိစေ​နိုင်​သည်။ ကျောင်း​ကြီး​တစ်​ကျောင်းတွင် အနှစ် ၂၀ တိုင် အုပ်ချုပ်ရေးမှူး​တစ်ဦး​ဖြစ်​ခဲ့​သူ လော​လီ​က ဤသို့​ဆို​သည်– “ကျောင်းတက်​သွားတဲ့ သက်သေခံ​လူငယ်​အတော်များများကို ကျွန်မ​သတိပြုမိတယ်။ သူတို့​အများစုက ကိုယ်ကျင့်တရား​ကောင်းတယ်၊ ချီးမွမ်းစရာ​ပဲ၊ ဒါပေမဲ့ တချို့​ကျ​တော့ တခြား​ကျောင်းသူ​ကျောင်းသား​တွေ​နဲ့ အတူတူပဲ။ ပုံသက်သေ​ကောင်း​တဲ့​သူတွေက အများအားဖြင့် ကျောင်းစာ​ကို စိတ်ဝင်စား​ကြတယ်။ မိဘတွေကို ကျွန်မ​အခိုင်အမာ​အကြံပြု​လို​တာ​က ကလေး​တွေ​ရဲ့ ပညာရေး​အစီအစဉ်ကို စိတ်ဝင်စား​ပါ၊ သူတို့​ဆရာ​ဆရာမ​တွေ​နဲ့ အကျွမ်းတဝင်​ရှိဖို့ ကြိုးစား​ပြီး မှတ်တမ်းကောင်း​ဖို့ အရေးကြီးတယ်ဆိုတာ​ကို ကလေး​တွေ နားလည်​စေပါ။ တချို့က​တော့ ပညာရေး​မှာ ထူးချွန်​ကြ​မယ်၊ ဒါပေမဲ့ အားလုံး​ဟာ ကျေနပ်​လောက်​တဲ့​အဆင့်​ရနိုင်​ပြီး ဆရာ​တွေ​ရဲ့ လေးစားမှု ရရှိကြ​ပါ​မယ်။”

ဤသို့​ကျောင်းတွင်​စာသင်​ကြား​ခြင်း​သည် ဆယ်ကျော်သက်​များ​ကို ဝိညာဉ်​ရေး​ဘက်တွင်​လည်း တိုးတက်​စေနိုင်​သည်။ သို့ဖြင့် သူတို့သည် သင်ယူ​လေ့လာမှု​အကျင့်ကောင်း​များ၊ စိတ်ပိုင်း​ဆိုင်ရာ​ဆုံးမ​ပဲ့ပြင်​မှု​နှင့် တာဝန်​သိတတ်သော​စိတ်​တို့ကို တတ်သိလာ​ကြ​ပေမည်။ သူတို့သည် စာဖတ်​စွမ်းရည်​ရှိပြီး ဆိုလိုရင်း​ကို သဘောပေါက်​ကြ​ခြင်း​ဖြင့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို သာ၍​ထိရောက်​စွာ သင်ယူ​ရန်​နှင့် သွန်သင်ပေး​သူများ​ဖြစ်လာ​ရန် ဧကန်​အမှန် အားပေးခံရ​ပေမည်။ (နေဟမိ ၈:၈) သူတို့၏​ကျောင်းစာ​နှင့် ဝိညာဉ်​ရေးလေ့​လာဖို့ လိုအပ်မှု​တို့​က ပျော်ရွှင်မှု​များ​ကို သူ​နေရာ​နှင့်​သူ​ထား​ရန် ထောက်ကူ​နိုင်​လိမ့်​မည်။

သင်​နှင့် ယေဟောဝါ​အား ဂုဏ်တင်

ရှေး​ဂရိ​နိုင်ငံ​၌ အိုး​အများအပြား​ပေါ်​တွင် အိုးထိန်းသမား​နှင့် ၎င်းတို့ကို အလှ​ခြယ်​သူ၏ တံဆိပ်​အမှတ်​များ ပါရှိ​၏။ ထို​နည်းတူ​စွာ၊ မိသားစုတွင် ကလေး​များ​ကို ပုံသွင်း​သူ နှစ်ဦး​ရှိသည်။ ဖခင်​နှင့်​မိခင်​နှစ်ဦးစလုံး​သည် ကလေး​၏​နှလုံးကို ပုံသွင်းခြင်း​တွင် ပါဝင်​ကြ​ပြီး ပုံဆောင်​သဘော​အရ သင့်​ကလေး​တွင် နှစ်ဦးစလုံး​၏ “တံဆိပ်​အမှတ်​များ” ပါရှိ​သည်။ လူငယ်​တစ်ဦး​သည် မိမိ၏​ပုံသွင်း​ပေး​မှု​ကြောင့် အဖိုးတန် လူ​တော်​လူကောင်း​လေး​ဖြစ်လာ​သည့်​အခါ အောင်မြင်​သော အိုးထိန်းသမား​နှင့် အိုး​အလှ​ခြယ်​သူတို့​နည်းတူ မိမိ​အလုပ်​အတွက် ကိုယ်စီ​ဂုဏ်ယူ​နိုင်​ကြ​ပါ​သည်။—သု. ၂၃:၂၄၊ ၂၅

အဆိုပါ​အကြီးအကျယ်​အားထုတ်မှု​၏ အောင်မြင်မှု​သည် သင့်​ကလေး​၏​နှလုံးကို သင်​အဘယ်​အတိုင်းအတာ​အထိ ပုံသွင်း​ခဲ့​သည့်​အပေါ် များစွာ​မူတည်​ပေ​လိမ့်​မည်။ “ထာဝရ​ဘုရား​၏​တရားတော်​သည် သူ၏​စိတ်နှလုံး​ထဲမှာ တည်​သည်​ဖြစ်၍ သူ​သွားသော​အခါ မ​ချော်​မလဲ​ရ” ဟူ၍ သင်​ပြောဆို​နိုင်​ပါစေ။ (ဆာလံ ၃၇:၃၁) ကလေး​၏​နှလုံး​အခြေအနေ​သည် အလွန်​အရေးကြီး​လှ​သဖြင့် ကြုံ​သလို​ဖြစ်လာ​ဖို့ မထား​ပါ​နှင့်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 မိဘ​အချို့​သည် သူတို့၏​မွေး​စ​ကလေး​ကို ကျမ်းစာ​ဖတ်ပြ​တတ်ကြ​သည်။ အေးငြိမ်း​သည့်​အသံ​နှင့် ဤ​နှစ်လိုဖွယ်​အတွေ့အကြုံ​က ကလေး​၏​အသက်တာ​တစ်လျှောက် စာဖတ်ခြင်း​ကို ပျော်မွေ့​စ​ရာ​ဖြစ်စေ​ပေမည်။

^ အပိုဒ်၊ 9 နာမည်​အချို့ ပြောင်း​ထား​သည်။