ညှဉ်းပန်းနှိပ်စက်မှုကို သူတို့အောင်နိုင်ခဲ့
ညှဉ်းပန်းနှိပ်စက်မှုကို သူတို့အောင်နိုင်ခဲ့
ဖရီဒါ ဂျက်စ်သည် ၁၉၁၁ ခုနှစ်က ဒိန်းမတ်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ထိုနေရာမှ မိဘများနှင့်အတူ ဂျာမနီမြောက်ပိုင်း ဟူးဇွမ်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ နှစ်များကုန်လွန်ပြီးနောက် မာဒဘာ့ဂ်မြို့တွင် အလုပ်ရပြီး ၁၉၃၀ ပြည့်နှစ်တွင် ထိုစဉ်က ကျမ်းစာကျောင်းသားများဟု လူသိများခဲ့သော ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့၏။ ၁၉၃၃ ခုနှစ်တွင် ဟစ်တလာ အာဏာရလာပြီးနောက် အာဏာရှင်အစိုးရနှစ်ခု၏ လက်အောက်တွင် ဖရီဒါသည် ၂၃ နှစ်တိုင် နှိပ်စက်ခံရလေတော့သည်။
၁၉၃၃၊ မတ်လတွင် ဂျာမနီအစိုးရသည် ပြည်သူ့ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဟမ်းဘတ်မြို့အနီးရှိ နယူယန်ဂါမာချွေးတပ်စခန်း အောက်မေ့ရာပြတိုက်မှူး ဒေါက်တာဒက်လက်ဖ် ဂါးဘီက ဤသို့ရှင်းပြ၏– “အမျိုးသားဆိုရှယ်လစ်များသည် သူတို့၏ဝန်ကြီးချုပ်၊ ခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာကို အပြတ်အသတ် အနိုင်ရစေလိုခဲ့ကြသည်။” နိုင်ငံရေးတွင် ကြားနေရပ်တည်ပြီး “ဤလောကနှင့်မဆက်ဆံ” ရန်ယေရှု၏မိန့်မှာချက်ကို ယေဟောဝါသက်သေများ လိုက်လျှောက်ခဲ့ကြရာ သူတို့ မဲမထည့်ခဲ့ကြချေ။ ရလဒ်ကားအဘယ်နည်း။ သက်သေခံများကို ပိတ်ပင်တားဆီးလိုက်လေသည်။—ယောဟန် ၁၇:၁၆။
ဖရီဒါသည် သူ၏ခရစ်ယာန်လုပ်ငန်းများကို လျှို့ဝှက်လုပ်ဆောင်ခဲ့ပြီး ကင်းမျှော်စင်မဂ္ဂဇင်း ပုံနှိပ်ခြင်းတွင်ပင် ပါဝင်ခဲ့သည်။ “ယုံကြည်သူချင်းတွေဖတ်ဖို့ မဂ္ဂဇင်းတချို့ကို ချွေးတပ်စခန်းထဲ ခိုးသွင်းပေးခဲ့ရတယ်” ဟုသူပြောပြသည်။ ၁၉၄၀ ပြည့်နှစ်တွင် အဖမ်းခံရပြီး ဂက်စတာပို၏ စစ်ဆေးမေးမြန်းမှု ခံရပြီးနောက် လနှင့်ချီ၍ တိုက်ပိတ်ခံခဲ့ရ၏။ သူသည် မည်သို့ခံရပ်နိုင်ခဲ့သနည်း။ “ကျွန်မအားကိုးတာ ဆုတောင်းခြင်းပဲ။ မနက်အစောကြီးကတည်းက စဆုတောင်းတယ်၊ တစ်နေ့လုံး ခဏခဏ ဆုတောင်းတယ်။ ဆုတောင်းခြင်းက ကျွန်မကို ခွန်အားပေးပြီး အစိုးရိမ်မလွန်ရအောင် ကူညီပေးတယ်” ဟုသူပြောပြသည်။—ဖိလိပ္ပိ ၄:၆၊ ၇။
ဖရီဒါသည် ထောင်မှလွတ်လာသော်လည်း ၁၉၄၄ ခုနှစ်တွင် ဂက်စတာပိုက သူ့ကို ပြန်ဖမ်းခဲ့သည်။ ဤအကြိမ်၌ သူ့ကို ဝေါလ်ဒိုင်မ်အကျဉ်းထောင်တွင် ခုနစ်နှစ်ထောင်ချခဲ့သည်။ ဖရီဒါက ဤသို့ဆက်ပြောပြသည်– “ထောင်စောင့်တွေက တခြားအမျိုးသမီးတွေနဲ့အတူ ကျွန်မကို အိမ်သာတွေ ဆေးခိုင်းတယ်။ ချက်ကိုစလိုဗက်ကီးယားနိုင်ငံက အကျဉ်းသားတစ်ယောက်နဲ့ အမြဲတွဲအလုပ်လုပ်ရတဲ့အတွက် သူ့ကို ယေဟောဝါအကြောင်းနဲ့ ကျွန်မရဲ့ယုံကြည်ခြင်းအကြောင်း အမြဲပြောပြခဲ့တယ်။ အဲ့ဒီလိုပြောခဲ့ရလို့လည်း ကျွန်မရဲ့ယုံကြည်ခြင်း ပိုခိုင်မြဲလာတာ။”
လွတ်လာသော်လည်း ကြာရှည်မဟုတ်
၁၉၄၅၊ မေလတွင် ဆိုဗီယက်စစ်သားများသည် ဝေါလ်ဒိုင်မ်အကျဉ်းထောင်ကို ဖွင့်ပေးလိုက်ရာ ဖရီဒါသည် မာဒဘာ့ဂ်မြို့သို့ ပြန်သွားပြီး အမှုတော်ဆောင်နိုင်ခဲ့သော်လည်း ကြာရှည်မဟုတ်ချေ။ ဤအကြိမ်တွင် ဆိုဗီယက်သိမ်းပိုက်နယ်မြေမှ အာဏာပိုင်များသည် သက်သေခံများကို နှိပ်ကွပ်ရန် အာရုံစိုက်လာပြန်သည်။ အာဏာရှင်အယူဝါဒကို သုတေသနပြုသည့် ဟန်နာအာရန်တ်တက္ကသိုလ်မှ ဂျဲရာလ်ဒ် ဟာခ်က ဤသို့ရေးသားသည်– “ယေဟောဝါသက်သေများသည် ဂျာမနီနယ်မြေမှ အာဏာရှင်စနစ်နှစ်ခုစလုံးက အဆက်မပြတ်ညှဉ်းပန်းနှိပ်စက်သည့် လူနည်းစုတစ်စုဖြစ်သည်။”
အဘယ်ကြောင့် တစ်ဖန်ပြန်၍ နှိပ်စက်ခံရသနည်း။ ဤတွင်တစ်ဖန်၊ အဓိကအကြောင်းရင်းမှာ ခရစ်ယာန်ကြားနေမှုကြောင့်ပင်ဖြစ်၏။ ၁၉၄၈ ခုနှစ်တွင် အရှေ့ဂျာမနီ၌ လူထုမဲဆန္ဒပေးပွဲတစ်ခုကျင်းပခဲ့၏၊ ဟာခ်ပြောပြသည့်အတိုင်း “[ယေဟောဝါသက်သေများကို ညှဉ်းပန်းနှိပ်စက်ရသည့်] အခြေခံအကြောင်းရင်းမှာ သူတို့သည် လူထုမဲဆန္ဒပေးပွဲတွင် မပါဝင်သောကြောင့်ဖြစ်သည်။” အရှေ့ဂျာမနီတွင် ၁၉၅၀၊ ဩဂုတ်လ၌ ယေဟောဝါသက်သေများကို ပိတ်ပင်လိုက်သည်။ ဖရီဒါအပါအဝင် သက်သေခံရာပေါင်းများစွာ အဖမ်းခံခဲ့ကြရ၏။
ဖရီဒါသည် တရားရုံးသို့ ပြန်ရောက်သွားပြီး ထောင်ဒဏ်ခြောက်နှစ်ကျခဲ့သည်။ “ဒီတစ်ခါတော့ ယုံကြည်သူချင်းတွေနဲ့အတူနေရတယ်၊ သူတို့နဲ့ပေါင်းသင်းရတာ တကယ်အကူအညီရခဲ့တယ်။” ၁၉၅၆ ခုနှစ်တွင် သူထောင်မှလွတ်လာပြီးနောက် အနောက်ဂျာမနီသို့ ပြောင်းရွှေ့သွားခဲ့သည်။ ယခု အသက် ၉၀ အရွယ်ရှိသော ဖရီဒါသည် ဟူဆမ်မြို့တွင် နေထိုင်ပြီး စစ်မှန်သောဘုရားသခင် ယေဟောဝါကို ဝတ်ပြုကိုးကွယ်နေဆဲပင်။
ဖရီဒါသည် အာဏာရှင်စနစ်နှစ်ခုအောက်တွင် ၂၃ နှစ်တိုင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရရှာသည်။ “နာဇီတွေက ကျွန်မရဲ့ကိုယ်ကာယကို၊ ကွန်မြူနစ်တွေကျတော့ ကျွန်မရဲ့စိတ်ဓာတ်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်။ ကျွန်မ ဘယ်ကနေခွန်အားရခဲ့သလဲ။ ထောင်မကျခင်က ကျမ်းစာကောင်းကောင်းလေ့လာထားတာ၊ တိုက်ပိတ်ခံခဲ့ရတဲ့အချိန်မှာ အဆက်မပြတ်ဆုတောင်းတာ၊ ဖြစ်နိုင်တဲ့အခါတိုင်း ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းတာ၊ အခွင့်အရေးရတိုင်း တခြားသူတွေကို ကျွန်မရဲ့ယုံကြည်ချက်တွေ ပြောပြတာတွေကနေဖြစ်တယ်။”
ဟန်ဂေရီနိုင်ငံတွင် ဖက်ဆစ်ဝါဒ
ယေဟောဝါသက်သေများကို ဆယ်စုနှစ်များချီ၍ နှိပ်ကွပ်ခဲ့သော နောက်တစ်နိုင်ငံမှာ ဟန်ဂေရီနိုင်ငံဖြစ်သည်။ အချို့သည် အာဏာရှင်အစိုးရနှစ်ခုမက သုံးခုလက်အောက်တွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြ၏။ သာဓကတစ်ခုမှာ အာဒါမ် ဆင်းဂါ၏ အဖြစ်အပျက်ဖြစ်သည်။ အာဒါမ်သည် ၁၉၂၂ ခုနှစ်က ဟန်ဂေရီနိုင်ငံ၊ ပါခ်စ်မြို့တွင် မွေးဖွားခဲ့ပြီး ပရိုတက်စတင့် ခရစ်ယာန်ဘောင်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ကျမ်းစာကျောင်းသားတချို့သည် အာဒါမ်၏အိမ်သို့ လည်ပတ်ရောက်ရှိလာကြရာ သူတို့၏သတင်းတရားကို အာဒါမ် ချက်ချင်းစိတ်ဝင်စားခဲ့၏။ သမ္မာကျမ်းစာမှ သူသိရှိလာခဲ့ရာသည် သူ၏ချာ့ခ်ျမှ သွန်သင်ချက်များနှင့်မကိုက်ညီကြောင်း ယုံကြည်စိတ်ချခဲ့သည်။ ထို့ကြောင့် ပရိုတက်စတင့်ချာ့ခ်ျ လက်ရှိအသင်းတော်မှ နုတ်ထွက်ကာ ကျမ်းစာကျောင်းသားများနှင့်အတူ အမှုတော်ဆောင်ခဲ့လေသည်။
ဟန်ဂေရီနိုင်ငံတွင် ဖက်ဆစ်ဝါဒ တဖြည်းဖြည်းလွှမ်းမိုးလာခဲ့၏။ အာဒါမ် တစ်အိမ်မှတစ်အိမ် ဟောပြောနေသည်ကို ရဲများက အကြိမ်ကြိမ်သတိပြုမိ၍ သူ့ကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးသွားသည်။ သက်သေခံများကို ဖိနှိပ်ချုပ်ချယ်မှုအရှိန် ပြင်းထန်လာရာ ၁၉၃၉ ခုနှစ်တွင် သူတို့၏လုပ်ငန်းကို ပိတ်ပင်လိုက်သည်။ ၁၉၄၂ ခုနှစ်တွင် အာဒါမ်သည် ဖမ်းဆီးထောင်ချခံရပြီး မညှာမတာအရိုက်ခံခဲ့ရသည်။ ၁၉ နှစ်အရွယ်တွင် ထောင်ထဲ၌ ဆင်းရဲကျပ်တည်းပြီး လနှင့်ချီနေရခြင်းကို သူအဘယ်နည်းဖြင့် ခံရပ်နိုင်ခဲ့သနည်း။ “ကျွန်တော် အိမ်မှာရှိနေတုန်းက ကျမ်းစာကို အသေအချာလေ့လာခဲ့တဲ့အတွက် ယေဟောဝါရဲ့ရည်ရွယ်ချက်တွေကို ကောင်းကောင်းနားလည်သဘောပေါက်ထားလို့ပဲ။” အာဒါမ်သည် ထောင်မှလွတ်လာပြီးနောက်မှသာ နောက်ဆုံးတွင် ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့သည်။ ၁၉၄၂၊ ဩဂုတ်လ၊ ညအမှောင်ချိန်၌ သူ၏အိမ်အနီးရှိမြစ်တွင် နှစ်ခြင်းခံခဲ့ခြင်းဖြစ်သည်။
ဟန်ဂေရီတွင် ထောင်ချခံရ၊ ဆားဗီးယားတွင် အလုပ်စခန်းသို့အပို့ခံရ
ဒုတိယကမ္ဘာစစ်အတွင်း ဟန်ဂေရီသည် ဆိုဗီယက်ပြည်ထောင်စုကို တိုက်ခိုက်ရန် ဂျာမနီနှင့်ပူးပေါင်းခဲ့သည်၊ ၁၉၄၂ ခုနှစ် ဆောင်းဦးချိန်တွင် အာဒါမ်သည် စစ်မှုထမ်းဖို့ အမိန့်စာရခဲ့သည်။ သူကဤသို့ပြောပြသည်– “သမ္မာကျမ်းစာကနေ ကျွန်တော်သိရှိခဲ့ရာတွေကြောင့် စစ်မှုမထမ်းနိုင်ဘူးဆိုပြီး ကျွန်တော်ငြင်းဆိုခဲ့တယ်။ ကျွန်တော့်ရဲ့ကြားနေရပ်တည်မှုကို ရှင်းပြခဲ့တယ်။” ထို့ကြောင့် သူသည် ထောင်ဒဏ် ၁၁ နှစ်ကျခံခဲ့ရ၏။ သို့သော် အာဒါမ်သည် ဟန်ဂေရီနိုင်ငံတွင် အချိန်မကြာခဲ့ချေ။
၁၉၄၃ ခုနှစ်တွင် ယေဟောဝါသက်သေ ၁၆၀ ခန့်ကို လှေပေါ်တင်ပြီး ဒန်းညုမြစ်မှ ဆားဗီးယားသို့ ပို့လိုက်သည်။ သူတို့ထဲတွင် အာဒါမ်လည်းပါသည်။ ဆားဗီးယားတွင် ဤအကျဉ်းသားများသည် ဟစ်တလာ၏နာဇီချုပ်ကိုင်မှုအောက် ယခု ရောက်ရှိနေခဲ့ကြ၏။ သူတို့ကို ဘောရ်မြို့ရှိ အလုပ်ကြမ်းစခန်းတွင် ချုပ်ထားပြီး ကြေးနီတွင်းတစ်ခုတွင် အတင်းအကျပ်အလုပ်ခိုင်းခဲ့သည်။ နောက်တစ်နှစ်ခန့်တွင် ဟန်ဂေရီနိုင်ငံသို့ ပြန်ပို့ခံရပြီး ထိုတွင် ၁၉၄၆ ခုနှစ်၊ နွေဦးပေါက်ရာသီတွင် ဆိုဗီယက်စစ်သားများက အာဒါမ်ကို လွှတ်ပေးလိုက်၏။
ကွန်မြူနစ်အုပ်ချုပ်မှုအောက် ဟန်ဂေရီနိုင်ငံ
သို့သော် လွတ်လပ်မှုသည် မကြာရှည်ခဲ့ချေ။ ၁၉၄၀ ပြည့်လွန်နှစ်များအကုန်ပိုင်းတွင် ကွန်မြူနစ်အာဏာပိုင်များသည် စစ်မတိုင်မီက ဖက်ဆစ်ဝါဒီများ ပြုခဲ့သကဲ့သို့ ယေဟောဝါသက်သေများ၏လုပ်ငန်းကို ပိတ်ပင်တားဆီးခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ယခု အသက် ၂၉ နှစ်ရှိပြီး ကလေးနှစ်ဦး၏ဖခင်ဖြစ်သူ အာဒါမ်သည် စစ်မှုထမ်းရန် တစ်ဖန်ငြင်းဆိုပြန်သောကြောင့် အဖမ်းခံရပြီး စွဲချက်တင်ခံခဲ့ရသည်။ တရားရုံးတွင် အာဒါမ်က ဤသို့ရှင်းပြခဲ့သည်– “ကျွန်တော် စစ်မှုမထမ်းဘူးဆိုပြီး ငြင်းဆိုတာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ စစ်အတွင်းမှာ
လည်း ဒီအတွက်ကြောင့်ပဲ ကျွန်တော်ထောင်ချခံရပြီး ဆားဗီးယားကို ပြည်နှင်ခံခဲ့ရတယ်။ ကျွန်တော့်ရဲ့ကိုယ်ကိုကိုယ်သိသောစိတ်ကြောင့် စစ်မှုမထမ်းတာပါ။ ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တယ်၊ နိုင်ငံရေးမှာ ကြားနေရပ်တည်ပါတယ်။” အာဒါမ်၏ထောင်ဒဏ်သည် ရှစ်နှစ်ဖြစ်ပြီး နောက်ပိုင်းတွင် လေးနှစ်လျှော့ချခဲ့သည်။အာဒါမ်သည် ကျမ်းစာကျောင်းသားများ သူ၏မိဘအိမ်သို့ ပထမဦးဆုံး လည်ပတ်ရောက်ရှိပြီးနောက် ၃၅ နှစ်ကျော် ၁၉၇၀ ပြည့်လွန်နှစ်အလယ်ပိုင်းအထိ နှိပ်ကွပ်မှု ဆက်တိုက်ခံခဲ့ရသည်။ ဤအချိန်အတောအတွင်း သူသည် တရားရုံးခြောက်ခု၌ ၂၃ နှစ်တိုင် စစ်ဆေးခံရပြီး အနည်းဆုံး ထောင်နှင့်စခန်း ဆယ်ခုတွင် အချုပ်ခံခဲ့ရသည်။ သူသည် အစိုးရသုံးခုဖြစ်သော စစ်ကြိုခေတ် ဟန်ဂေရီနိုင်ငံတွင် ဖက်ဆစ်များ၊ ဆားဗီးယားနိုင်ငံတွင် ဂျာမန်အမျိုးသားဆိုရှယ်လစ်များနှင့် စစ်အေးခေတ် ဟန်ဂေရီနိုင်ငံတွင် ကွန်မြူနစ်များ လက်အောက်တွင် ဆက်တိုက်ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။
ယခု အာဒါမ်သည် သူ၏ဇာတိမြို့ ပါခ်စ်တွင် နေထိုင်ပြီး ဘုရားသခင်ကို တည်ကြည်စွာ ဝတ်ပြုကိုးကွယ်နေဆဲရှိသည်။ ဆင်းရဲခက်ခဲမှုများကို အောင်မြင်စွာခံရပ်ဖို့ အာဒါမ်၌ ထူးဆန်းအံ့ဩဖွယ် အရည်အချင်းများ ရှိသလော။ မရှိပါ။ သူဤသို့ရှင်းပြသည်–
“ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းခြင်းတွေက အရေးပါတယ်။ ဒါပေမဲ့ တခြားနှစ်ခုကို ကျွန်တော် အလေးပေးပြောပြချင်တယ်။ ပထမတစ်ချက်က ယေဟောဝါဟာ ခွန်အားရင်းမြစ်ဖြစ်တယ်။ ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဟာ ကျွန်တော့်ရဲ့အသက်သွေးကြောပဲ။ ဒုတိယအနေနဲ့ ‘ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ကြနှင့်’ ဆိုတဲ့ ရောမအခန်းကြီး ၁၂ ကိုကျွန်တော် အမြဲတမ်းစိတ်စွဲမှတ်ထားလို့ပဲ။ ဒါကြောင့် ကျွန်တော် တစ်ခါမှ အာဃာတမထားခဲ့ဘူး။ ကျွန်တော့်ကို နှိပ်စက်ခဲ့တဲ့သူတွေကို ပြန်ကလဲ့စားချေဖို့ အခွင့်ကောင်း အကြိမ်ကြိမ်ရခဲ့ပေမဲ့ ကျွန်တော် တစ်ခါမှ ကလဲ့စားမချေခဲ့ဘူး။ အဆိုးကို အဆိုးနဲ့တုံ့ပြန်ဖို့ ကျွန်တော်တို့ကို ယေဟောဝါပေးသနားထားတဲ့ခွန်အားကို အသုံးမပြုသင့်ဘူး။”
ညှဉ်းပန်းနှိပ်စက်မှုရှိသမျှ အဆုံးတိုင်
ယခု ဖရီဒါနှင့် အာဒါမ်တို့သည် အနှောင့်အယှက်မရှိ ယေဟောဝါကို ဝတ်ပြုကိုးကွယ်နိုင်ကြပြီ။ သို့သော် သူတို့၏တွေ့ကြုံမှုများက ဝတ်ပြုကိုးကွယ်မှုနှင့်ဆိုင်သော ညှဉ်းပန်းနှိပ်စက်မှုအကြောင်း အဘယ်အရာ ဖော်ပြသနည်း။ ဤသို့ညှဉ်းပန်းနှိပ်စက်ခြင်းသည် မအောင်မြင်နိုင်ကြောင်း စစ်မှန်သောခရစ်ယာန်များကို နှိပ်စက်သည့်အခါ ထင်ရှားသည်။ ယေဟောဝါသက်သေများကို နှိပ်စက်ကလူပြုကြစဉ် ဥစ္စာအင်ခွင်အတော်များများ ဆုံးရှုံးပြီး ဆင်းရဲဝေဒနာ ရက်ရက်စက်စက် ခံစားစေခဲ့သော်လည်း ၎င်း၏ရည်ရွယ်ချက် အထမမြောက်မအောင်မြင်ခဲ့ချေ။ ယနေ့ တစ်ကြိမ်က အာဏာရှင်စနစ်နှစ်ခု လွှမ်းမိုးခဲ့သော ဥရောပတွင် ယေဟောဝါသက်သေများ တိုးတက်အောင်မြင်လျက်ရှိ၏။
ညှဉ်းပန်းနှိပ်စက်မှုကို သက်သေခံများ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ ဖရီဒါနှင့် အာဒါမ်တို့၏အဖြစ်အပျက်က ဖော်ပြသည့်အတိုင်း သူတို့သည် “အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့” ဟူသော ကျမ်းစာဆုံးမစကားကို လိုက်နာကျင့်သုံးခဲ့ကြသည်။ (ရောမ ၁၂:၂၁) အကောင်းသည် အဆိုးကို အမှန်တကယ်နိုင်သလော။ နိုင်၏၊ ဘုရားသခင်အပေါ် ခိုင်ခံ့သောယုံကြည်ခြင်းရှိပါက အောင်ပွဲခံနိုင်သည်။ ဥရောပတွင် ညှဉ်းပန်းနှိပ်စက်မှုက ယေဟောဝါသက်သေများကို အနိုင်မယူနိုင်ခြင်းသည် ဘုရားသခင့်ဝိညာဉ်တော်၏အောင်ပွဲဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် နှိမ့်ချမှုရှိသောခရစ်ယာန်များ သီးပွင့်လိုက်သော ယုံကြည်ခြင်းမှ ဖြစ်ပေါ်လာသည့် ကောင်းမှုအစွမ်းကို တင်ပြခြင်းဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) မျက်မှောက်ခေတ်အကြမ်းဖက်လောကတွင် ယင်းသည် ကျွန်ုပ်တို့အားလုံး အလေးထားသုံးသပ်ရမည့် သင်ခန်းစာတစ်ခုဖြစ်သည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဖရီဒါ ဂျက်စ် (ယခု တီလီ) အဖမ်းခံရချိန်နှင့် ယခုအချိန်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အာဒါမ် ဆင်းဂါ အကျဉ်းချခံရချိန်နှင့် ယခုအချိန်