ပြောင်းလဲနေသည့် အခြေအနေများကို ကောင်းစွာအသုံးချပါလေ
ပြောင်းလဲနေသည့် အခြေအနေများကို ကောင်းစွာအသုံးချပါလေ
နယ်သာလန်နိုင်ငံတွင် နေထိုင်ကြသည့် ပဲမ်၊ ဂျဲန်၊ ဒရီးစ်နှင့် အော့တိုအမည်ရှိ ခရစ်ယာန်အကြီးအကဲလေးဦး၌ တူညီချက်များစွာရှိကြသည်။ ထိုသူလေးဦးစလုံးသည် အိမ်ထောင်သည်များဖြစ်ကြပြီး သားသမီးများလည်းရှိကြ၏။ ထို့ပြင် လွန်ခဲ့သောနှစ်အနည်းငယ်က ၎င်းတို့အားလုံးသည် လောကအလုပ်ကို အချိန်ပြည့်လုပ်ဆောင်ခဲ့ကြပြီး ဇိမ်ရှိရှိနေထိုင်နိုင်ခဲ့ကြ၏။ သို့ရာတွင်၊ ယခု သူတို့အားလုံးသည် လောကအလုပ်မလုပ်ကိုင်ကြတော့ဘဲ ဘုရားသခင့် နိုင်ငံတော်အကျိုးစီးပွားတိုးပွားစေရန် အချိန်ပြည့်၊ ခွန်အားအပြည့် လုပ်ကိုင်နေကြသည်။ သူတို့အား အဘယ်အရာက ဤသို့ပြောင်းလဲစေခဲ့သနည်း။ သူတို့အားလုံးသည် ပြောင်းလဲနေသည့် အခြေအနေများကို ကောင်းစွာအသုံးချခဲ့ကြ၏။
ပြောင်းလဲနေသည့်အခြေအနေများသည် ကျွန်ုပ်တို့အများစုအပေါ် အဆုံးတွင် တစ်နည်းမဟုတ်တစ်နည်း အကျိုးသက်ရောက်သည်။ အိမ်ထောင်ပြုခြင်း၊ သားသမီးများရလာခြင်း၊ အသက်အရွယ်ကြီးရင့်သည့် မိဘများကို ပြုစုစောင့်ရှောက်ရခြင်း အစရှိသည့် အပြောင်းအလဲများက ထပ်ဆင့်တာဝန်များဖြစ်ပေါ်စေသည်။ သို့ရာတွင်၊ အပြောင်းအလဲတချို့သည် ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုကို ပိုမိုလွတ်လပ်စွာ ထမ်းဆောင်ခွင့်ပေးသည်။ (မဿဲ ၉:၃၇၊ ၃၈) ဥပမာ၊ ကျွန်ုပ်တို့၏ အရွယ်ရောက်လာသည့် သားသမီးများသည် အိမ်မှထွက်ခွာသွားကြပေမည်၊ သို့မဟုတ် ကျွန်ုပ်တို့သည် အလုပ်မှ အငြိမ်းစားယူကြပေမည်။
ထို့အပြင်၊ ကျွန်ုပ်တို့သည် အခြေအနေများကို ပြောင်းလဲလိုသည်ဖြစ်စေ၊ မပြောင်းလဲလိုသည်ဖြစ်စေ အခြေအနေများက ပြောင်းကိုပြောင်းလဲမည်မှန်သော်လည်း ခရစ်ယာန်တချို့သည် ဓမ္မအမှုတွင် တိုး၍ပါဝင်ဖို့ အခွင့်အရေးရရှိစေသည့် အခြေအနေများကို စနစ်တကျပြောင်းလဲပေးရာတွင် အောင်မြင်ခဲ့ကြပြီ။ ပဲမ်၊ ဂျဲန်၊ ဒရီးစ်နှင့် အော့တိုတို့ ထိုအတိုင်းပြုလုပ်ခဲ့ကြ၏။ မည်သို့အားဖြင့်နည်း။
သားသမီးများ အိမ်မှခွဲခွာသွားချိန်ဝယ်
ပဲမ်သည် ဆေးဝါးကုမ္ပဏီတစ်ခုတွင် စာရင်းကိုင်အဖြစ် အလုပ်လုပ်ခဲ့၏။ သူနှင့်သူ၏ဇနီး အယ်နီတို့သည် သမီးနှစ်ယောက်နှင့်အတူ အရန်ရှေ့ဆောင်များအဖြစ် ရံဖန်ရံခါ အမှုဆောင်လေ့ရှိကြသည်။ ထို့အပြင် ပဲမ်နှင့်အယ်နီတို့သည် ရှေ့ဆောင်ဓမ္မအမှုတွင်ပါဝင်သူ အခြားသူများနှင့်အတူ တပျော်တပါးပေါင်းသင်းမှုရရှိရန်လည်း စီစဉ်ပေးလေ့ရှိ၏။ “အဲဒီလိုစီစဉ်ပေးတော့ ပြဿနာတွေဖြစ်ပေါ်စေနိုင်တဲ့ တခြားပေါင်းသင်းမှုမျိုးတွေကနေ အကာအကွယ်ရစေတယ်” ဟု သူတို့က ပြန်ပြောင်းပြောပြသည်။ မိဘများ၏ပုံသက်သေကြောင့် သမီးနှစ်ဦးသည် အထက်တန်းကျောင်းအောင်ပြီးပြီးချင်း မှန်မှန်ရှေ့ဆောင်များ ဖြစ်လာခဲ့ကြသည်။
သမီးများအိမ်မှခွဲထွက်သွားသောအခါ ပြောင်းလဲသွားသည့် ထိုအခြေအနေက မိမိတို့အား ပိုလွတ်လပ်သွားစေပြီး ငွေပိုငွေလျှံလည်းရှိစေသဖြင့် ပဲမ်နှင့်အယ်နီတို့သည် စိတ်ဝင်စားဖွယ်ကောင်းသည့်နေရာများသို့ ခရီးသွားရန်၊ သို့မဟုတ် အေးအေးလူလူအနားယူနိုင်ရန် အခွင့်ရလာကြသည်။ သို့ရာတွင်၊ ထိုသို့ပြုမည့်အစား ဇနီးမောင်နှံသည် ပြောင်းလဲသွားသည့် သူတို့၏အခြေအနေကို မိမိတို့၏ခရစ်ယာန်ဓမ္မအမှုကို တိုးချဲ့ရာတွင် အသုံးပြုဖို့ ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် ပဲမ်သည် တစ်ပတ်လျှင် တစ်ရက်လျှော့အလုပ်လုပ်ခွင့်ပေးရန် မိမိ၏အလုပ်ရှင်အား အခွင့်တောင်း၏။ ထို့နောက် ပဲမ်သည် အလုပ်ကို နံနက် ၇ နာရီတွင် စလုပ်ပြီး နေ့လယ် ၂ နာရီတွင် အလုပ်နားနိုင်ရန် စီစဉ်ခဲ့၏။ ရက်လျှော့၍အလုပ်လုပ်ခြင်းသည် ဝင်ငွေနည်းနည်းနှင့် ဖူလုံအောင်နေရခြင်းကို ဆိုလိုသည်။ သို့တိုင်၊ သူတို့ အောင်မြင်ခဲ့ကြရာ ၁၉၉၁ ခုနှစ်တွင် ပဲမ်သည် သူ့ဇနီးနှင့်အတူ မှန်မှန်ရှေ့ဆောင်နိုင်ခဲ့သည်။
နောက်ပိုင်းတွင် ပဲမ်သည် ယေဟောဝါသက်သေများ၏ စည်းဝေးပွဲခန်းမတစ်ခုကို ကူညီစောင့်ရှောက်ပေးဖို့ တောင်းဆိုခံရသည်။ ထိုကမ်းလှမ်းမှုကိုလက်ခံရန် ထိုဇနီးမောင်နှံသည် အနှစ် ၃၀ တိုင်နေထိုင်ခဲ့ကြသည့် သူတို့၏အိမ်မှထွက်ပြီး စည်းဝေးပွဲခန်းမခြံဝင်းရှိ တိုက်ခန်းကမ္ဘာဦး ၁၉:၂၆; လုကာ ၁၇:၃၂။
တစ်ခန်းသို့ ပြောင်းရွှေ့နေထိုင်ကြရမည်ဖြစ်သည်။ ၎င်းတိုက်ခန်းသို့ သူတို့ပြောင်းရွှေ့ခဲ့ကြ၏။ ထိုသို့ပြောင်းရွှေ့သွားခြင်းသည် ခဲယဉ်းပါသလော။ အိမ်ကိုလွမ်းသည့်အချိန်တိုင်း အယ်နီက ‘ငါဟာ လောတရဲ့ဇနီးနဲ့တူနေပြီလား’ ဟု မိမိကိုမိမိ မေးတတ်သည်။ “နောက်သို့လှည့်ကြည့်” ဖို့ သူ့ကိုယ်သူခွင့်မပြုပါ။—မိမိတို့၏ဆုံးဖြတ်ချက်ကြောင့် ကောင်းချီးများစွာခံစားရသည်ဟု ပဲမ်နှင့်အယ်နီတို့ယူဆကြသည်။ အခြားလုပ်ငန်းဆောင်တာများစွာတို့အနက် သူတို့သည် စည်းဝေးပွဲခန်းမတွင် အမှုထမ်းခွင့်ရခြင်း၊ ခရိုင်စည်းဝေးကြီးများအတွက် ပြင်ဆင်မှုများပြုလုပ်ရခြင်း၊ စည်းဝေးပွဲခန်းမတွင် ဟောပြောချက်များပေးကြသည့် တိုက်နယ်ကြီးကြပ်မှူးများ (နယ်လှည့်အမှုဆောင်များ) နှင့်ထိတွေ့မှုရှိခြင်းတို့မှ ပျော်ရွှင်မှုရကြသည်။ တစ်ခါတစ်ရံ အရန်တိုက်နယ်ကြီးကြပ်မှူးအဖြစ် ပဲမ်အမှုဆောင်ရသောအခါ အခြားအသင်းတော်များသို့ လည်ပတ်ခွင့်ရကြသည်။
ဤဇနီးမောင်နှံသည် အဘယ်ကြောင့်အောင်မြင်စွာ တိုးချဲ့အမှုဆောင် နိုင်ခဲ့သနည်း။ ပဲမ်ကဤသို့ဆိုသည်– “သင့်ဘဝ အကြီးအကျယ်ပြောင်းလဲသွားတဲ့အခါ အခြေအနေသစ်တွေကို အကောင်းဆုံးနည်းနဲ့အသုံးချဖို့ အခိုင်အမာဆုံးဖြတ်ရမယ်။”
ပို၍ရိုးရှင်းသောဘဝကိုဖန်တီးခြင်း
ဂျဲန်နှင့်သူ၏ဇနီး ဝေါ့သ်တို့တွင် သားသမီးသုံးဦးရှိသည်။ ပဲမ်နှင့်သူ့မိသားစုနည်းတူ ဂျဲန်သည်လည်း အခြေအနေပြောင်းလဲသွားခြင်းကို ပညာရှိရှိအသုံးချခဲ့၏။ ဂျဲန်သည် ဘဏ်တစ်ခုတွင် ဝင်ငွေများများရသည့်အလုပ်တစ်ခုကို နှစ်ချီတာဝန်ယူထမ်းဆောင်ခဲ့ရာ သူ၏မိသားစုမှာ သက်သောင့်သက်သာနေထိုင်ခဲ့ရသည်။ သို့ရာတွင်၊ သူ၏ဓမ္မအမှုကို တိုးချဲ့လိုသည့်ဆန္ဒတိုးများလာ၏။ သူဤသို့ရှင်းပြသည်– “ကျွန်တော့်ဘဝမှာ အမှန်တရားကို တန်ဖိုးထားလေးစားမှု ပိုများလာပြီး ယေဟောဝါကိုချစ်တဲ့မေတ္တာ တိုးပွားလာခဲ့တယ်။” ထို့ကြောင့် ၁၉၈၆ ခုနှစ်တွင် ဂျဲန်သည် မိမိအခြေအနေကိုပြောင်းလဲလိုက်သည်။ “ရုံးမှာ အလုပ်ကိုပြန်လည်ဖွဲ့စည်းတာကို အခွင့်ကောင်းယူပြီး နာရီနည်းနည်းပဲအလုပ်လုပ်တော့တယ်။ ကျွန်တော့်ရဲ့လစာဟာ ၄၀ ရာခိုင်နှုန်း လျော့နည်းသွားတယ်။ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတွေ ပိုလိုအပ်တဲ့နေရာမှာ ကျွန်တော်တို့သွားအမှုဆောင်နိုင်ရအောင် ကျွန်တော်တို့ရဲ့အိမ်ကို ရောင်းလိုက်ပြီး လှေပေါ်အိမ်တစ်လုံးဝယ်လိုက်တယ်။ အဲဒီနောက်ပိုင်း စောစောအငြိမ်းစားယူလိုက်တော့တယ်; ကျွန်တော့်ဝင်ငွေဟာ နောက်ထပ် ၂၀ ရာခိုင်နှုန်း လျော့သွားခဲ့ပေမဲ့ ၁၉၉၃ ခုနှစ်မှာ မှန်မှန်ရှေ့ဆောင်တစ်ယောက်အဖြစ် စတင်အမှုဆောင်နိုင်ခဲ့ပါတယ်” ဟုသူကပြောပြသည်။
ယနေ့ ဂျဲန်သည် ဆေးရုံဆက်သွယ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်နေပြီး စည်းဝေးကြီးကြီးကြပ်မှူးအဖြစ်လည်း မှန်မှန်ပါဝင်အမှုဆောင်နေသည်။ ဝေါ့သ်သည် ကျန်းမာရေးမကောင်းသော်လည်း အရန်ရှေ့ဆောင်တစ်ဦးအဖြစ် ရံဖန်ရံခါ အမှုဆောင်ပါသည်။ သားသမီးသုံးဦးစလုံးသည် ယခုအခါ အိမ်ထောင်ကျနေပြီဖြစ်ကြကာ ၎င်းတို့၏အိမ်ထောင်ဖက်များနှင့်အတူ ဘုရားသခင့်နိုင်ငံတော်၏ ထက်သန်သောအမှုဆောင်များဖြစ်နေကြပါသည်။
ဂျဲန်နှင့်ဝေါ့သ်တို့သည် ဝင်ငွေလျော့နည်းသွားသည့် လူနေမှုအဆင့်အတန်းနှင့် မည်သို့လိုက်လျောညီထွေအောင်နေခဲ့ရသနည်း။
“ကျွန်တော်တို့ ငွေများများသုံးနိုင်တဲ့အချိန်တုန်းက ရုပ်ပစ္စည်းတွေကို တရားလွန်မစွဲလမ်းဖို့ ကြိုးစားခဲ့ကြတယ်။ အခု တစ်ခုခုဝယ်ဖို့ ခဏလေးစောင့်ရတာ နည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်ပေမဲ့ ကျွန်တော်တို့ခံစားရတဲ့ ဝိညာဉ်ရေးကောင်းချီးတွေ၊ အခွင့်ထူးတွေက အဲဒါကို အများကြီးအစားထိုးပေးတယ်” ဟုဂျဲန်ကဖြေဆိုသည်။ဂျဲန်နှင့်ဝေါ့သ်တို့နည်းတူ၊ ဒရီးစ်နှင့် သူ၏ဇနီး ဂျဲန်နီတို့သည်လည်း ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် အချိန်ပိုပေးနိုင်ရန် ရိုးရိုးရှင်းရှင်းနေထိုင်ဖို့ ဆုံးဖြတ်ထားကြသည်။ ဒရီးစ်နှင့်ဂျဲန်နီတို့သည် ကလေးမရှိမချင်း ရှေ့ဆောင်များအဖြစ် အမှုဆောင်ခဲ့ကြသည်။ ကလေးရလာသောအခါ ဒရီးစ်သည် မိသားစုကို ကျွေးမွေးပြုစုရန် ကုမ္ပဏီကြီးတစ်ခုတွင် စီမံခန့်ခွဲသူတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့၏။ သူ၏အလုပ်ရှင်များက သူ၏လုပ်ရည်ကိုင်ရည်ကို သဘောကျပြီး သူ့ကို ရာထူးတိုးပေးလိုကြသည်။ သို့ရာတွင် ဒရီးစ်သည် ခရစ်ယာန်လုပ်ငန်းဆောင်တာများအတွက် အချိန်နည်းသွားမည်ကိုစိုးရိမ်သဖြင့် ရာထူးတိုးပေးမှုကို လက်မခံခဲ့ပါ။
မိသားစုကို ကျွေးမွေးပြုစုပေးရသည့်အပြင် ဂျဲန်နီ၏ မကျန်းမာသည့်မိခင်ကိုပါ ပြုစုစောင့်ရှောက်ပေးရသဖြင့် ထိုဇနီးမောင်နှံသည် အချိန်နှင့်ခွန်အား များစွာစိုက်ထုတ်ခဲ့ကြရသည်။ သို့တိုင်၊ ရှေ့ဆောင်စိတ်ဓာတ်ကို သူတို့ဆက်၍မွေးမြူပျိုးထောင်ခဲ့ကြ၏။ ယင်းသို့လုပ်ဆောင်ရန် သူတို့ကို အဘယ်အရာကကူညီပေးခဲ့သနည်း။ ဂျဲန်နီကဤသို့ရှင်းပြသည်– “ကျွန်မတို့နဲ့အတူ ရှေ့ဆောင်တွေကိုနေခိုင်းတယ်၊ ရှေ့ဆောင်တွေကို ထမင်းစားခေါ်ဖိတ်တယ်၊ တိုက်နယ်ကြီးကြပ်မှူးတွေကိုလည်း လာတည်းခိုစေတယ်။” ဒရီးစ်ကလည်း ဤသို့ဆက်ပြောပြသည်– “ဘဝကို ရိုးရိုးရှင်းရှင်းပဲထားတယ်၊ အကြွေးမတင်စေဘူး။ စီးပွားရေးလုပ်ငန်းကြီးတွေမှာမပါဝင်ဖို့၊ အိမ်မဝယ်ဖို့ ကြိုတင်ဆုံးဖြတ်ထားတယ်၊ ဒါမှ နောက်နောင် ဒီအရာတွေပေါ် သံယောဇဉ်တွယ်နေမှာမဟုတ်ဘူး။”
ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် အချိန်ပိုရဖို့ မိမိတို့အခြေအနေကို ဖန်တီးပေးရန် ဒရီးစ်နှင့် ဂျဲန်နီတို့၏ဆုံးဖြတ်ချက်သည် အကျိုးများစွာဖြစ်ထွန်းခဲ့၏။ သူတို့၏သားနှစ်ဦးစလုံးသည် အကြီးအကဲများအဖြစ် ယခုအမှုထမ်းနေကြပြီး တစ်ဦးမှာ သူ၏ဇနီးနှင့်အတူ ရှေ့ဆောင်နေပါသည်။ ဒရီးစ်နှင့်ဂျဲန်နီတို့သည် အထူးရှေ့ဆောင်များအဖြစ် အမှုဆောင်ခဲ့ကြပြီး၊ နောက်ပိုင်းတွင် ဂျဲန်နီသည် ဒရီးစ်နှင့်အတူ တိုက်နယ်လုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ယခု သူတို့သည် ဗေသလတွင် စေတနာ့ဝန်ထမ်းနေကြ၏၊ ထိုတွင် ဒရီးစ်သည် ဌာနခွဲကော်မတီဝင်တစ်ဦးအဖြစ် အမှုဆောင်နေပါသည်။
စောစောအငြိမ်းစားယူခြင်း
ဒရီးစ်နှင့်ဂျဲန်နီတို့နည်းတူ အော့တိုနှင့် သူ၏ဇနီး ဂျူဒီတို့သည်လည်း သမီးနှစ်ဦးမမွေးမီအထိ ရှေ့ဆောင်လုပ်ခဲ့ကြ၏။ သမီးဦးကို ဂျူဒီကိုယ်ဝန်လွယ်ထားချိန်တွင် အော့တိုသည် ကျောင်းဆရာအလုပ်ရခဲ့သည်။
သူတို့၏ကလေးများ ကြီးပြင်းလာနေစဉ်အတွင်း အော့တိုနှင့်ဂျူဒီတို့သည် မိမိတို့အိမ်တွင် ရှေ့ဆောင်များကို မကြာခဏ ဧည့်ခံကျွေးမွေးခဲ့ကြ၏၊ ဤသို့ဖြင့် အချိန်ပြည့်ခရစ်ယာန်အမှုဆောင်များ၏ ရွှင်လန်းမှုကို သမီးများအား တွေ့ မြင်စေခဲ့သည်။ အချိန်တန်သော် သမီးကြီးသည် ရှေ့ဆောင်လုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်လေသည်။ နောက်ပိုင်းတွင်၊ သမီးကြီးသည် ဂိလဒ်ကျောင်းတက်ပြီး ယခုအခါ သူ၏ခင်ပွန်းနှင့်အတူ အာဖရိကနိုင်ငံတစ်နိုင်ငံတွင် ခရစ်ယာန်သာသနာပြုအဖြစ် အမှုဆောင်နေပါသည်။ သမီးငယ်မှာ ၁၉၈၇
ခုနှစ်တွင် ရှေ့ဆောင်စလုပ်ခဲ့ရာ ဂျူဒီသည်လည်း သမီးနှင့်အတူ ရှေ့ဆောင်ခဲ့လေသည်။ပြောင်းလဲလာသည့်အခြေအနေများက အော့တိုအား ကျောင်းတွင် နာရီအနည်းငယ်သာ အလုပ်လုပ်စေခဲ့ရာ ထွက်လာသည့်အဆိုပါအချိန်ပိုကို ရှေ့ဆောင်လုပ်ငန်းတွင် အသုံးပြုလိုက်သည်။ နောက်ဆုံးတွင် အလုပ်မှ သူလုံးလုံးထွက်လိုက်သည်။ ယနေ့ အော့တိုသည် နယ်လှည့်အမှုဆောင်လုပ်ငန်းတွင် ပါဝင်နေသည်ဖြစ်ရာ မိမိ၏သွန်သင်မှုစွမ်းရည်ကိုအသုံးချ၍ အသင်းတော်များ ဝိညာဉ်ခွန်အားရှိစေရန် ကြိုးစားသွန်သင်ပေးနေပါသည်။
လောကအလုပ်မှ စောစောစီးစီးအငြိမ်းစားယူလိုက်သူတို့အတွက် အော့တို၏အကြံပြုချက်ကား အဘယ်နည်း။ “သင်အငြိမ်းစားယူတဲ့အခါ တစ်နှစ်၊ နှစ်နှစ်လောက် အေးအေးဆေးဆေးနေဖို့ မဆုံးဖြတ်လိုက်ပါနဲ့။ ‘နားနားနေနေ’ နေဖို့ လွယ်လွယ်နဲ့အကျင့်ပါသွားနိုင်တယ်။ အဲလိုနေရင် မကြာခင် ရှေ့ဆောင်လုပ်ဖို့မေ့သွားလိမ့်မယ်။ အဲလိုလုပ်မယ့်အစား ချက်ချင်းပဲ ဓမ္မအမှုကိုတိုးမြှင့်လုပ်ဆောင်သွားပါ။”
ဘဝအတွေ့အကြုံကို အသုံးချ
ပဲမ်၊ ဂျဲန်၊ ဒရီးစ်နှင့် အော့တိုတို့ကဲ့သို့သော ညီအစ်ကိုများသည် ၎င်းတို့အရွယ်ကောင်းစဉ်ကရှိခဲ့သည့် အစွမ်းခွန်အားနှင့်သက်လုံ ယခုမရှိကြတော့သည်မှာမှန်၏။ သို့သော် သူတို့တွင် ရင့်ကျက်မှု၊ အတွေ့အကြုံနှင့် ဉာဏ်ပညာ ပိုများလာသည်။ (သု. ၂၀:၂၉) သူတို့သည် ဖခင်တစ်ဦးဖြစ်ဖို့ အဘယ်အရာလိုသည်ကို သိထားကြသည့်အပြင် ဇနီးသည်နှင့်အတူ တွဲဖက်လုပ်ဆောင်ခဲ့ရခြင်းကြောင့် မိခင်တစ်ဦးဖြစ်ရခြင်းသည် မည်မျှအလုပ်များကြောင်းကိုပါ အတော်အတန်သိထားကြ၏။ ၎င်းတို့၏ဇနီးများနှင့်အတူ မိသားစုပြဿနာများကို ကိုင်တွယ်ဖြေရှင်းခဲ့ကြပြီး သားသမီးများရှေ့ သီအိုကရက်တစ်ပန်းတိုင်များ ချမှတ်ပေးခဲ့ကြသည်။ အော့တိုကဤသို့ဆိုသည်– “တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်အနေနဲ့ မိသားစုရေးရာအကြောင်းတွေကို သွန်သင်ပေးရတဲ့အခါ ကျွန်တော်ကိုယ်တိုင် မိသားစုကိုကျွေးမွေးပြုစုခဲ့ရလို့ လက်တွေ့ကျကျ သွန်သင်ပေးနိုင်ခဲ့ပါတယ်။” အလားတူ၊ ဒရီးစ်သည် ဖခင်တစ်ဦးအဖြစ် အတွေ့အကြုံရှိထားရာ ယခုအခါ ငယ်ရွယ်သည့်လုပ်ဖော်ဆောင်ဖက်များပါဝင်သော ဗေသလမိသားစုအတွက် အလွန်အဖိုးတန်သူဖြစ်စေသည်။
ညီအစ်ကိုများ၏ကိုယ်တွေ့အသိပညာက အသင်းတော်များ၏လိုအပ်ချက်အဖုံဖုံကို ဂရုစိုက်ဖြည့်ဆည်းပေးရန် အကူအညီဖြစ်စေသည်။ သူတို့၏အတွေ့အကြုံက သူတို့အသုံးပြုသည့်ကိရိယာများကို ထက်မြက်စေသည်ဟု ဆိုရမလိုပင်၊ သို့နှင့် သူတို့၏စွမ်းအားကို အကျိုးအရှိဆုံး အသုံးပြုနိုင်ကြ၏။ (ဒေ. ၁၀:၁၀) အမှန်ဆိုရလျှင်၊ သူတို့သည် သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုအတွင်းတွင် မိမိတို့ထက် ပို၍ကျန်းမာသန်စွမ်းသော်လည်း မိမိတို့လောက်အတွေ့အကြုံမရှိသူတို့ထက် ပိုမိုဆောင်ရွက်နိုင်ကြ၏။
ဤကဲ့သို့သောညီအစ်ကိုများနှင့် သူတို့၏ဇနီးသည်များသည် ယေဟောဝါ၏လူမျိုးအလယ်တွင်ရှိ ငယ်ရွယ်သူများအတွက် ပုံနမူနာကောင်းများဖြစ်ကြသည်။ ထိုသို့သောဇနီးမောင်နှံတို့သည် ကျွန်ုပ်တို့၏ခရစ်ယာန်စာပေများတွင် မှတ်တမ်းတင်ဖော်ပြထားသည့် စိန်ခေါ်ချက်များနှင့် ကောင်းချီးများကို ကိုယ်တိုင်ခံစားခဲ့ရကြောင်းကို လူငယ်လူရွယ်များ သတိပြုမိကြသည်။ အသက်အရွယ်ကြီးရင့်သော်လည်း ခက်ခဲသည့်လုပ်ငန်းတာဝန်တစ်ခုကို ထမ်းဆောင်ရန် တောင်းဆိုခံခဲ့ရသူ ကာလက်နည်းတူ ကိုယ်ကျိုးစွန့်စိတ်ဓာတ်မျိုး တင်ပြကြသည့် ဤကဲ့သို့သောအမျိုးသားအမျိုးသမီးများကို တွေ့ မြင်ကြရခြင်းသည် အလွန်အားရှိစရာဖြစ်၏။—ယောရှု ၁၄:၁၀-၁၂။
ထိုသူတို့၏ယုံကြည်ခြင်းကိုတုပလော့
ဤဆောင်းပါးတွင်ပါသည့် ဇနီးမောင်နှံတို့၏ ယုံကြည်ခြင်းနှင့် လုပ်ရပ်ကို သင်အတုယူနိုင်ပါသလော။ သူတို့သည် အမှန်တရားကို ၎င်းတို့၏ဘဝပုံစံဖြစ်စေခဲ့ကြောင်း သတိရပါလေ။ သူတို့၏သားသမီးများ ရှေ့ဆောင်လိုစိတ်ရှိစေရန် တဖြည်းဖြည်းလေ့ကျင့်ပေးခဲ့ကြသည်။ ဂျဲန်ပြောသည့်အတိုင်း “ယေဟောဝါနဲ့ ကိုယ်တော်ရဲ့အဖွဲ့အစည်းကို ချစ်မြတ်နိုးတဲ့ပုံသက်သေပြခြင်း၊ ကောင်းတဲ့ပေါင်းသင်းမှုတွေရှိဖို့စီစဉ်ပေးခြင်း၊ ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်နိုင်ဖို့ ကလေးတွေကို သင်ပေးခြင်းအားဖြင့်” ထိုသို့သူတို့ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် မိသားစုလိုက်လည်း အတူတကွအလုပ်လုပ်ကြပြီး အတူတကွကစားခဲ့ကြသည်။ “အားလပ်ချိန်မှာ မိသားစုလိုက် အများအားဖြင့် မနက်ပိုင်းမှာ အမှုဆောင်ထွက်ကြပြီး နေ့ခင်းပိုင်းမှာ အတူတူအပန်းဖြေကြတယ်” ဟု ပဲမ်ကပြောပြသည်။
ထို့ပြင် ဤခရစ်ယာန်များသည် ကြိုတင်စီစဉ်ထားကြသောကြောင့် မိမိတို့၏ အခြေအနေပြောင်းလဲသွားသည့်အခါ အခြေအနေသစ်ကို အခွင့်ကောင်းယူဖို့ အသင့်ဖြစ်နေခဲ့ကြသည်။ ပန်းတိုင်များချထားကြပြီး အဆိုပါပန်းတိုင်များကို မြန်မြန်ဆန်ဆန် အထမြောက်အောင်ဆောင်ရွက်နိုင်ရန် ဆုံးဖြတ်ချက်များချကြသည်။ လောကအလုပ်ကို အချိန်လျှော့လုပ်ဖို့ နည်းလမ်းများရှာဖွေခဲ့ကြပြီး ဝင်ငွေနည်းနည်းနှင့်ပင် အဆင်ပြေဖို့ကြိုးပမ်းခဲ့ကြသည်။ (ဖိလိပ္ပိ ၁:၁၀) သူတို့၏ဇနီးသည်များကလည်း မိမိတို့၏ခင်ပွန်းသည်များကို အပြည့်အဝထောက်မကူညီပေးကြသည်။ မောင်နှံစုံလိုက် “ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး” ထဲဝင်ပြီး အမှုဆောင်လိုသည့်ဆန္ဒပြင်းပြကြရာ ရလဒ်အနေနှင့် ယေဟောဝါထံမှ ကောင်းချီးများစွာခံစားကြရသည်။—၁ ကောရိန္သု ၁၆:၉၊ ကဘ; သု. ၁၀:၂၂။
အသင်လည်း ဓမ္မအမှုတွင် အလားတူတိုးချဲ့ပါဝင်လိုသည့်ဆန္ဒရှိသလော။ ရှိမည်ဆိုလျှင် ပြောင်းလဲနေသည့် အခြေအနေများကို ကောင်းစွာအသုံးပြုခြင်းသည် အဓိကသော့ချက်ဖြစ်ပေမည်။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ပဲမ်နှင့်အယ်နီတို့ စည်းဝေးပွဲခန်းမကို ကြည့်ရှုစောင့်ရှောက်ပေးနေကြ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဂျဲန်နှင့်ဝေါ့သ်တို့ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်နေကြ
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဒရီးစ်နှင့်ဂျဲန်နီတို့ ဗေသလတွင် အမှုဆောင်နေကြ
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
အော့တိုနှင့် ဂျူဒီတို့ နောက်အသင်းတော်တစ်ခုထံ လည်ပတ်ရန် ပြင်ဆင်နေကြ