မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးရှာခြင်း—လုံခြုံပြီး ပျော်ရွှင်သောအသက်တာ

ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးရှာခြင်း—လုံခြုံပြီး ပျော်ရွှင်သောအသက်တာ

ဘဝ​အတ္ထုပ္ပတ္တိ

ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ရှာ​ခြင်း—လုံခြုံ​ပြီး ပျော်ရွှင်သော​အသက်တာ

ဂျက်​သာ စူ​နာ​လ် ပြောပြ​သည်

မနက်စာ,စား​ပြီး​နောက်​မှာ “ယေဟောဝါသက်သေ​တွေ တရား​မဝင်​တော့​ဘူး၊ သူတို့ရဲ့​လုပ်ငန်း​ကို ပိတ်ပင်​လိုက်ပြီ” ဆို​တဲ့ ရေဒီယို​က ကြေညာ​ချက်​ကို ကျွန်မ​တို့ ကြား​လိုက်ရတယ်။

အချိန်​က ၁၉၅၀ ပြည့်နှစ်​ဖြစ်တယ်၊ ဒိုမီနီကန်​သမ္မတနိုင်ငံ​မှာ ယေဟောဝါသက်သေ​သာသနာပြုတွေ​အနေ​နဲ့ ကျွန်မ​အပါအဝင် အသက် ၂၀ ကျော်​အမျိုးသမီး​လေးယောက် အမှုဆောင်​နေကြ​တယ်။ အဲ့ဒီ​ကို မ​နှစ်​က ကျွန်မ​တို့​ရောက်​လာကြတာ။

တကယ်တော့ ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ကို ကျွန်မ​ရဲ့​ဘဝ​ပန်းတိုင်​အဖြစ် မထား​ခဲ့​ဘူး။ ကလေး​ဘဝက ကျွန်မ ချာ့ခ်ျ​တက်​ခဲ့​တာ​တော့ မှန်ပါတယ်။ ဒါပေမဲ့ အဖေက ပထမ​ကမ္ဘာ​စစ်​အတွင်းမှာ ချာ့ခ်ျ​မ​တက်​တော့​ဘူး။ ၁၉၃၃ ခုနှစ်​က ကျွန်မ​ကို အီပစ္စကိုပယ်လ်​အသင်းဝင်​အဖြစ် လက်ခံ​တဲ့​နေ့မှာ ဘိရှော့​က ကျမ်း​တစ်​ပိုဒ်​ပဲ ဖတ်ပြ​ပြီး နိုင်ငံရေး​အကြောင်း ပြောပါ​လေ​ရော။ အမေ​ဆိုရင် အရမ်း​စိတ်ပျက်​သွားပြီး ချာ့ခ်ျ​လုံးဝ​မ​တက်​တော့​ဘူး။

ကျွန်မ​တို့​ရဲ့ ဘဝ​လမ်းစဉ် ပြောင်းလဲ​ခဲ့

အဖေ ဝီ​လျမ် ကားလ်​နဲ့ အမေ မေရီ အဲ​ဒမ်စ်​တို့ ကလေး​ငါး​ယောက်​ရတယ်။ သားတွေ​က ဒေါ​န်၊ ဂျို​ဝဲ​လ်​နဲ့ ကားလ်။ ကျွန်မ​ညီမလေး​ဂျ​ဝိုင်း​က အငယ်ဆုံး၊ ကျွန်မ​က အကြီးဆုံး​ဖြစ်တယ်။ ကျွန်မ​အသက် ၁၃ နှစ်လောက်​ရှိတဲ့​အခါ ကျောင်း​က​ပြန်လာ​တဲ့​တစ်နေ့ ယေဟောဝါသက်သေ​တွေ​ရဲ့ စာအုပ်​ငယ်​တစ်အုပ်​ကို အမေ​ဖတ်​နေတာ တွေ့ခဲ့​တယ်။ အဲ့ဒီ​စာအုပ်​ခေါင်းစဉ်​က ဘုရားသခင့်​နိုင်ငံတော်၊ ဤ​လောက​၏​မျှော်လင့်ချက်​တဲ့။ “ဒါ​အမှန်တရား​ပဲ” လို့​အမေ​ပြော​ခဲ့တယ်။

ကျွန်မ​တို့အားလုံး​ကို ကျမ်းစာ​ထဲ​ကနေ အမေ​သိလာတဲ့​အကြောင်း​တွေ ပြောပြ​တယ်။ “ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့​ဦးစွာရှာ​ကြလော့” ဆို​တဲ့ ယေရှုရဲ့​စကား အရေးကြီးတယ်ဆိုတာ ကျွန်မ​တို့​စိတ်စွဲ​မှတ်​သွား​အောင် အပြောနဲ့ရော၊ ပုံသက်သေ​နဲ့​ပါ အမေ​ပြ​ခဲ့တယ်။—မဿဲ ၆:၃၃

အမေ​ပြော​တာတွေကို ကျွန်မ သိပ်​တန်ဖိုး​မထား​ခဲ့​ဘူး။ “အမေ ကျွန်မ​ကို တရား​မ​ဟောပါ​နဲ့​တော့၊ ဆက်​ပြော​နေရင် ပန်းကန်​မ​သုတ်​ပေး​တော့​ဘူး” လို့​တောင် ပြော​ခဲ့​ဖူး​တယ်။ ဒါပေမဲ့​လည်း ပညာသားပါပါ​နဲ့ အမေ​ဆက်​ပြော​တာ​ပဲ။ ယူ.အက်စ်.အေ.၊ အီလီနွိုင်းစ်​ပြည်နယ်၊ အဲလ်​မ်​ဟာ​စ်​မြို့က ကျွန်မ​တို့​အိမ်နဲ့​သိပ်​မ​ဝေး​လို့ လမ်းလျှောက်သွား​နိုင်​တဲ့ က​လယ်​ရာ ရိုင်း​ယန်း​အိမ်မှာ ကျင်းပ​တဲ့ ကျမ်းစာ​စည်းဝေး​တွေ​ကို​တက်​ဖို့ အမေက ကျွန်မ​တို့​မောင်နှမ​တွေ​ကို အမြဲတမ်း​ခေါ်​သွားတယ်။

က​လယ်​ရာ​က စန္ဒရား​လည်း သင်ပေးတယ်။ နှစ်​တိုင်း စန္ဒရား​တီး​ပြိုင်ပွဲ​တွေ​မှာ သူ့ရဲ့​သင်တန်းသားတွေ ပါဝင်​တီး​ပြ​တဲ့​အခါ အခွင့်အရေး​ယူပြီး ဘုရားသခင့်​နိုင်ငံတော်​နဲ့ ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​အကြောင်း သူ​ပြောပြ​တတ်တယ်။ ကျွန်မ တေးဂီတ​ဝါသနာ​ပါ​လို့ ခု​နစ်​နှစ်အရွယ်​ကတည်းက တယော​တီး​သင်​ထား​တော့ က​လယ်​ရာ​ပြောပြ​တာတွေကို နားထောင်​ခဲ့တယ်။

မကြာခင်​မှာ ရှီ​ကာ​ဂို​မြို့​အနောက်ဘက်​က အသင်းတော်​အစည်းအဝေးတွေကို အမေနဲ့​အတူ ကလေး​တွေ စတက်​ခဲ့​ကြတယ်။ ဘတ်စကား​စီး၊ ဓာတ်​ရထား​စီး​ပြီး အတော်ဝေးဝေး​သွားခဲ့​ရပေမဲ့ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​ဖို့ ငယ်ငယ်​ကတည်းက​ရထားတဲ့ လေ့ကျင့်မှု​တစ်ခု​ပဲ။ အမေ​နှစ်ခြင်း​ခံ​ပြီး သုံးနှစ်​အကြာ ၁၉၃၈ ခုနှစ်​မှာ ရှီ​ကာ​ဂို​မြို့မှာ​ကျင်းပ​တဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ စည်းဝေးကြီး​တစ်ခု​ကို အမေနဲ့​အတူ ကျွန်မ​သွား​တက်​ခဲ့တယ်။ စည်းဝေးကြီး​ကို ရေဒီယို​တယ်လီဖုန်း​နဲ့​ဆက်သွယ်​ထား​တဲ့ မြို့ ၅၀ ထဲမှာ အဲ့ဒီ​ရှီ​ကာ​ဂို​မြို့​လည်း​ပါ​တယ်။ အဲ့ဒီ​မှာ ကျွန်မ​ကြား​လိုက်ရ​တာ​တွေ​က ကျွန်မ​နှလုံးကို ထိမိ​ခဲ့တယ်။

တစ်ကြိမ်​တည်း​မှာ တေးဂီတ​ဝါသနာ​က​လည်း ကျွန်မ​အတွက် အတော်​ဆွဲဆောင်မှု​ဖြစ်​ခဲ့တယ်။ ၁၉၃၈ ခုနှစ်၊ ကျွန်မ အထက်တန်း​ကျောင်း​အောင်​တဲ့​အခါ ရှီ​ကာ​ဂို​မြို့က အမေရိကန်​ဂီတ​သိပ္ပံ​ကျောင်း​မှာ ပညာ​ဆက်သင်​ဖို့ အဖေ​စီစဉ်​ပေး​တယ်။ ဒါနဲ့ နောက်​နှစ်နှစ်​အတွင်း ကျွန်မ တေးဂီတ​ပညာ​ကို​ဆည်းပူး​ပြီး သံစုံတီးဝိုင်း​နှစ်ခု​မှာ ပါဝင်​တီး​ခဲ့​သေး​တယ်၊ တေးဂီတ​နယ်ပယ်​မှာ အသက်မွေး​အလုပ်ရှာ​မယ်​လို့ ကျွန်မ​စဉ်းစား​နေတာ။

ကျွန်မ​ရဲ့​တယော​ဆရာ ဟာ​ဘတ် ဘတ်တလာ​က ဥရောပ​ကနေ ယူနိုက်တက်​စ​တိတ်​မှာ လာ​နေတယ်။ ဒါနဲ့ ဒုက္ခသည် * စာအုပ်​ငယ်​ကို သူ​ဖတ်ချင်​မှာပဲ​ဆိုပြီး သူ့ကို​ပေး​ဖတ်​တယ်။ သူ​ဖတ်​ခဲ့​ပါ​တယ်၊ နောက်​တစ်ပတ်​မှာ ကျွန်မ​သင်တန်း​ပြီး​တဲ့​အခါ ဆရာ​က “ဂျက်​သာ၊ မင်းကောင်း​ကောင်း​တီး​တတ်တာ​ပဲ၊ မင်းဆက်​သင်​သွား​ရင် ရေဒီယို​သံစုံတီးဝိုင်း​မှာ ဒါမှ​မဟုတ် တေးဂီတ​ဆရာမ​အဖြစ် အလုပ်​ရနိုင်တယ်။ ဒါပေမဲ့” ဆိုပြီး ကျွန်မ​ပေး​လိုက်တဲ့ စာအုပ်​ငယ်​ကို သူ​ကိုင်​ပြီး “မင်းရဲ့​စိတ်နှလုံး​က ဒီ​ထဲမှာ​ရှိတယ်လို့ ငါ​ထင်​တယ်။ ဒါကို မင်းရဲ့​အသက်မွေး​လုပ်ငန်း​အဖြစ် လုပ်ပါ​လား” တဲ့။

အဲ့​ဒါကို ကျွန်မ​အလေးအနက်​စဉ်းစား​ကြည့်​တယ်။ အနုပညာ​သိပ္ပံ​ကျောင်း​မှာ ပညာ​ဆက်​မသင်တော့ဘဲ ၁၉၄၀၊ ဇူလိုင်​လမှာ မီ​ရှီ​ဂ​န်​ပြည်နယ်၊ ဒက်​ထ​ရွိုက်​မြို့မှာ ယေဟောဝါသက်သေ​တွေ ကျင်းပ​တဲ့ ခရိုင်​စည်းဝေးကြီး​ကို သွား​တက်​ဖို့ အမေ​ဖိတ်ခေါ်​တာ​ကို ကျွန်မ​လက်ခံ​လိုက်တယ်။ နောက်​တွဲ​ယာဉ်​မြို့မှာ ယာယီ​တဲ​ထိုး​ပြီး ကျွန်မ​တို့​နေခဲ့​ကြတယ်။ ကျွန်မ​ရဲ့​တယော​ကို တစ်​ပါ​တည်း​ယူသွား​တော့ စည်းဝေးကြီး​သံစုံတီးဝိုင်း​မှာ ကျွန်မ​ပါဝင်​တီး​ခွင့်​ရခဲ့တယ်။ ဒါပေမဲ့ နောက်​တွဲ​ယာဉ်​မြို့မှာ ရှေ့ဆောင် (အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူ) အတော်များများ​နဲ့ ပေါင်းသင်း​ခဲ့​ရတယ်။ သူတို့​အားလုံး တကယ်​ကို​ပျော်​နေ​လိုက်​ကြ​တာ။ ဒါနဲ့​ပဲ နှစ်ခြင်း​ခံ​ပြီး ရှေ့ဆောင်​လုပ်ငန်းမှာပါ​ဝင်​ဖို့ လျှောက်လွှာတင်​မယ်​လို့ ဆုံးဖြတ်​လိုက်တယ်။ ကျွန်မ​ဘဝ​တစ်လျှောက်​လုံး အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုမှာ ဆက်​ပါဝင်​သွား​နိုင်​ဖို့ ကူညီပေး​ပါ​လို့ ယေဟောဝါ​ဆီ​မှာ ဆုတောင်း​ခဲ့တယ်။

ကျွန်မ​ရဲ့​ဇာတိ​မြို့မှာ ရှေ့ဆောင်​စ​လုပ်ခဲ့တယ်။ နောက်တော့ ရှီ​ကာ​ဂို​မြို့မှာ အမှုဆောင်တယ်။ ၁၉၄၃ ခုနှစ်​မှာ ကင်​တပ်​ကီး​ပြည်နယ်​ကို ပြောင်းရွှေ့​သွားခဲ့တယ်။ ခရိုင်​စည်းဝေးကြီး​မစ​မီ​လေး အဲ့ဒီ​နှစ်​နွေ​ရာသီမှာ ဒုတိယ​အကြိမ်မြောက် ဂိလဒ်​သင်တန်း​ကျောင်းတက်​ဖို့ ဖိတ်ခေါ်​စာ​ရတယ်၊ သာသနာပြု​လုပ်ငန်း​အတွက် ကျွန်မ​သင်တန်း​ယူ​ရမယ်။ ၁၉၄၃၊ စက်တင်ဘာ​လမှာ အဲ့ဒီ​သင်တန်း​စ​ခဲ့တယ်။

အဲ့ဒီ​နွေ​ရာသီမှာ​ကျင်းပ​တဲ့ စည်းဝေးကြီး​အတွင်းမှာ သက်သေခံ​ညီအစ်မ​တစ်ယောက်​အိမ်မှာ ကျွန်မ​တည်းခို​ခဲ့​ရတယ်၊ သူ့​သမီး​အဝတ်အစား​တွေ​ထဲ​က ကျွန်မ​ကြိုက်​တာ ယူ​ခိုင်းတယ်။ သူ့​သမီး​က စစ်​ထဲ​ဝင်​သွားပြီး သူ့​ပစ္စည်း​တွေ​အားလုံး ပေး​ပစ်လိုက်​ပါ​လို့ အမေကို​မှာခဲ့တယ်။ ကျွန်မ​အတွက်​တော့ ဒါဟာ ယေရှုရဲ့ “ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး​စွာ​ရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့” ဆို​တဲ့​ကတိတော် ပြည့်စုံ​တာ​ပဲ။ (မဿဲ ၆:၃၃) ဂိလဒ်​သင်တန်း​ကာလ ငါး​လ​ဟာ ကုန်​မြန်​လိုက်တာ၊ ၁၉၄၄၊ ဇန်နဝါရီ ၃၁ ရက်မှာ ကျောင်းဆင်း​ပြီး​တဲ့​အခါ ခရစ်ယာန်​သာသနာပြု​လုပ်ငန်းမှာ စိတ်အား​ထက်သန်​စွာ ကျွန်မ​ပါဝင်​ခဲ့တယ်။

သူတို့လည်း အချိန်ပြည့်​လုပ်ငန်း​ကို ရွေးချယ်​ခဲ့​ကြ

၁၉၄၂ ခုနှစ်​မှာ အမေ​လည်း ရှေ့ဆောင်​လုပ်ငန်းမှာ ပါဝင်​ခဲ့တယ်။ အဲ့ဒီ​အချိန်​မှာ ကျွန်မ​ရဲ့ မောင်လေး​သုံးယောက်​နဲ့ ညီမလေး​က ကျောင်းတက်​နေတုန်းပဲ။ တစ်ခါ​တ​လေ အမေက သူတို့ကို ကျောင်း​ကြို​ပြီး လယ်ကွင်း​ဓမ္မ​အမှုဆောင်ထွက်​ဖို့ ခေါ်​သွားတယ်။ အဲ့ဒီ​အပြင် အိမ်​အလုပ်တွေ​လုပ်တတ်​ဖို့​လည်း သူတို့ကို အမေ​သင်ပေးခဲ့တယ်။ နေ့​အချိန်​မှာ အမှုဆောင်ထွက်​နိုင်​ဖို့ အမေက ညဉ့်နက်​တဲ့​အထိ မီး​ပူ​တိုက်၊ တခြား​အလုပ်တွေ​လုပ်ထား​ရတယ်။

၁၉၄၃၊ ဇန်နဝါရီ​လမှာ ကင်​တပ်​ကီး​မှာ ကျွန်မ ရှေ့ဆောင်​နေတုန်း မောင်လေး​ဒေါ​န်​လည်း ရှေ့ဆောင်​စ​လုပ်ခဲ့တယ်။ အဲ့​ဒါ​ကြောင့် အဖေ အတော်​စိတ်ဓာတ်ကျ​ခဲ့တယ်၊ အဖေက သားသမီးတွေ​အားလုံး​ကို အဖေနဲ့​အမေ​လို ကောလိပ်​ပညာ​ရစေချင်​ခဲ့​တာ။ နှစ်နှစ်​နီးပါး​အထိ ဒေါ​န်​ရှေ့ဆောင်​လုပ်ပြီး​တော့ နယူးယောက်၊ ဘ​ရွတ်​က​လင်​မြို့က ယေဟောဝါသက်သေ​တွေ​ရဲ့ ကမ္ဘာ့​ဌာနချုပ်​မှာ အချိန်ပြည့်​ဆက်​အမှုဆောင်ဖို့ ဖိတ်ခေါ်​ခံရ​တယ်။

ဂျို​ဝဲ​လ်​လည်း အိမ်မှာ​နေရင်း ၁၉၄၃၊ ဇွန်လ​မှာ စပြီး​ရှေ့ဆောင်​လုပ်ခဲ့တယ်။ အဲ့ဒီ​အချိန်​မှာ စည်းဝေးကြီး​တစ်ခု​ကို​တက်​ဖို့ အဖေ့ကို သူ​ကြိုးစား​ခေါ်​ခဲ့​ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ရပ်ကွက်မှာ အိမ်တွင်း​ကျမ်းစာ​သင်အံမှု​စ​ဖို့ ဂျို​ဝဲ​လ်​ကြိုးစား​ခဲ့​တာ မအောင်မြင်​ခဲ့​ပေမဲ့ အဖေ​ကို “အမှန်တရားသည် သင်တို့ကို လွှတ်​လိမ့်​မည်” စာအုပ်​နဲ့ သင်အံမှု​ပြုလုပ်​ဖို့ ကြိုးစား​တော့ အောင်မြင်​ခဲ့တယ်။ မေးခွန်းတွေကို အဖေ​အလွယ်တကူ​ဖြေဆို​ပေမဲ့ စာအုပ်​ထဲမှာ​ပါ​တဲ့ အချက်​တွေ​ကို ကျမ်းစာ​အထောက်အထား​နဲ့ ဂျို​ဝဲ​လ်​ကို ရှင်းပြ​ခိုင်းတယ်။ အဲ့​ဒါ​ကြောင့် ဂျို​ဝဲ​လ်​ဟာ ကျမ်းစာ​အမှန်တရားကို ကိုယ်ပိုင်​ဖြစ်စေ​နိုင်​ခဲ့​တာ။

မင်းမှုထမ်း​ရွေးချယ်​ဘုတ်​အဖွဲ့က ဒေါ​န်​ကို ခရစ်ယာန်​ဓမ္မ​အမှု​တစ်ယောက်​အနေ​နဲ့ လွတ်ငြိမ်းခွင့်​ပေး​ခဲ့​သလို ဂျို​ဝဲ​လ်​ကိုလည်း​ပေးဖို့ သူ​မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ဘုတ်​အဖွဲ့က ဂျို​ဝဲ​လ်​ကို​တွေ့​တော့ ငယ်​လွန်းလို့ ခရစ်ယာန်​ဓမ္မ​အမှုဆောင် မဖြစ်​နိုင်ဘူး​လို့​ယူမှတ်​ပြီး စစ်မှုထမ်း​ဖို့ နို့တစ်စာ​ပို့​လိုက်တယ်။ စစ်မှုထမ်း​ခြင်း​ကို ဂျို​ဝဲ​လ်​ငြင်း​လိုက်တဲ့​အတွက် သူ့ကို ဖမ်းဝရမ်း ထုတ်​လိုက်တယ်။ အက်ဖ်​ဘီ​အိုင်​က ဂျို​ဝဲ​လ်​ကို ရှာတွေ့​တဲ့​အခါ ကွတ်​ခ်​ကောင်​တီ​ထောင်​မှာ သုံးရက်​အချုပ်ချ​ခဲ့တယ်။

ဒါနဲ့ အဖေက သူ့ကို​ရွေး​ဖို့ ကျွန်မ​တို့​အိမ်ကို အာမခံ​ထား​တယ်။ အဲ့ဒီ​လို​ရင်ဆိုင်​နေရ​တဲ့ တခြား​သက်သေခံ​လူငယ်တွေ​အတွက်​လည်း အဲ့ဒီ​လို​ပဲ အာမခံ​ထား​ပေး​တယ်။ တရား​မျှတမှု​မရှိတာကို အဖေ​ဒေါသ​ထွက်တယ်၊ ဒါနဲ့ အယူခံဝင်​နိုင်​ဖို့ ဝါ​ရှင်​တန် ဒီ.စီ. မြို့ကို ဂျို​ဝဲ​လ်​နဲ့​အတူ သွားခဲ့တယ်။ နောက်ဆုံး​တော့ ခရစ်ယာန်​ဓမ္မ​အမှုဆောင်​အဖြစ် ဂျို​ဝဲ​လ်​သတ်မှတ်​ခံရ​ပြီး အမှုကို ပ​လ​ပ်​လိုက်တယ်။ ကျွန်မ ခရစ်ယာ​န်​သာသနာပြု​နေတဲ့​နေရာကို အဖေ​စာရေး​တဲ့​အခါ အဖေက “ဒီ​အောင်ပွဲ​ဟာ ယေဟောဝါ​ကြောင့်​လို့​ထင်​တယ်!” လို့​ပြော​တယ်။ ၁၉၄၆၊ ဩဂုတ်​လ​ကုန်ခါနီး​မှာ ဂျို​ဝဲ​လ်​ကိုလည်း ဘ​ရွတ်​က​လင်​မြို့က ဌာနချုပ်​မှာ အမှုထမ်း​ဖို့ ဖိတ်ခေါ်တယ်။

ကားလ်​လည်း ၁၉၄၇ နှစ်ဆန်း​ပိုင်း အထက်တန်း​ကျောင်း​မပြီးမချင်း ကျောင်း​ပိတ်ရက်​တွေ​မှာ မကြာခဏ ရှေ့ဆောင်​ခဲ့တယ်၊ ကျောင်း​ပြီး​တာ​နဲ့ မှန်မှန်ရှေ့ဆောင်​လုပ်ငန်းမှာ စ​ပါဝင်​ခဲ့တယ်။ အဲ့ဒီ​အချိန်​မှာ အဖေ့​ကျန်းမာ​ရေး မကောင်းတဲ့​အတွက် ရှေ့ဆောင်​တာဝန်​နဲ့ တခြား​တစ်​နေရာ​ရာ​ကို မသွား​ခင်​အထိ အဖေ့​ရဲ့​စီးပွားရေး​ကို ကားလ်​ကူညီ​လုပ်ပေးခဲ့တယ်။ ၁၉၄၇ နှစ်​အကုန်ပိုင်း​မှာ ကားလ်​လည်း ဗေသလ​မိသားစုဝင်​တစ်ယောက်​အနေ​နဲ့ ဘ​ရွတ်​က​လင်​ဌာနချုပ်​မှာ ဒေါ​န်၊ ဂျို​ဝဲ​လ်​တို့​နဲ့​အတူ အမှုဆောင်ခဲ့တယ်။

ဂျ​ဝိုင်း​လည်း အထက်တန်း​ကျောင်း​ပြီး​တာ​နဲ့ ရှေ့ဆောင်​လုပ်ငန်းမှာ ပါဝင်​ခဲ့တယ်။ နောက်တော့ ၁၉၅၁ ခုနှစ်​မှာ သူ့​အစ်ကို​တွေ​နဲ့​အတူ ဗေသလမှာ အမှုဆောင်ခဲ့တယ်။ အိမ်မှု​အလုပ်မှာ​ရော နှစ်စဉ်ကြေး​ဌာန​မှာ​ပါ သူ​လုပ်ဆောင်ခဲ့တယ်။ ၁၉၅၅ ခုနှစ်​မှာ ဗေသလ​အိမ်သား ရော်​ဂျာ မော်​ဂ​န်​နဲ့ သူ​လက်ထပ်​လိုက်တယ်။ နောက်​ခု​နစ်​နှစ်လောက်မှာ သားသမီး​ယူ​ချင်​တဲ့​အတွက် ဗေသလ​ကနေ သူတို့​ထွက်သွား​တယ်။ အတော်လေး​ကြာ​တော့ သူတို့ ကလေး​နှစ်ယောက်​ရတယ်၊ ကလေး​တွေ​လည်း ယေဟောဝါ​ကို ကိုးကွယ်​ကြတယ်။

သားသမီးတွေ​အားလုံး အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​နေကြ​တဲ့​အခါ အမေက အဖေ့ကို လိုအပ်​သလို အားပေး​ကူညီ​ခဲ့​တဲ့​အတွက် အဖေ​လည်း ယေဟောဝါ​ကို ဆက်ကပ်​အပ်နှံ​ပြီး ၁၉၅၂ ခုနှစ်​မှာ နှစ်ခြင်း​ခံ​ခဲ့တယ်။ အဖေဟာ မကျန်းမာတဲ့​ကြား​က သေဆုံး​တဲ့​အထိ ၁၅ နှစ်လုံး​လုံး ကြံဖန်​နည်းလမ်း​ရှာပြီး တခြား​သူတွေကို ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​ပြောပြ​ခဲ့တယ်။

အဖေ့​ကျန်းမာ​ရေး​ကြောင့် အမေ ရှေ့ဆောင်​ခဏ​နား​ခဲ့​ရပေမဲ့ ကွယ်လွန်​တဲ့​အထိ အမေ​လည်း ရှေ့ဆောင်​ဆက်လုပ်​ခဲ့တယ်။ အမေ့​ဆီ​မှာ တစ်ခါ​မှ ကား​မရှိခဲ့ဖူးဘူး၊ စက်ဘီး​လည်း သူ​မ​စီး​ဘူး။ အရပ်​ပု​တဲ့​အမေ​ဟာ ဘယ်​ကိုပဲ​သွား​သွား လမ်းလျှောက်သွား​တယ်၊ တစ်ခါ​တ​လေ ကျမ်းစာ​သင်အံမှု​ပြုလုပ်​ဖို့ ကျေးလက်​ဒေသ​တွေ​အထိ အဝေးကြီး​သွားခဲ့တယ်။

ခရစ်ယာန်​သာသနာပြု​လယ်ကွင်း​သို့

ဂိလဒ်​ကျောင်းဆင်း​ပြီး​တဲ့​နောက်​မှာ ကျွန်မ​တို့​အုပ်စု​တစ်စု​ဟာ လိုအပ်​တဲ့​ခရီး​သွား​စာရွက်စာတမ်း​တွေ​မရ​မချင်း နယူးယောက်​မြို့​မြောက်ဘက်မှာ တစ်နှစ်​အထိ ရှေ့ဆောင်​ခဲ့​ကြရတယ်။ နောက်ဆုံး ၁၉၄၅ ခုနှစ်​မှာ ကျွန်မ​တို့​တာဝန်ကျ​တဲ့ ကျူးဘား​နိုင်ငံ​ကို ထွက်ခွာ​သွားခဲ့​ပြီး အဲ့ဒီ​မှာ ဘဝ​ပုံစံ​အသစ်​နဲ့​ကိုက်ညီ​အောင် တဖြည်းဖြည်း​နေထိုင်​တတ်​လာတယ်။ ကျွန်မ​တို့​ဟောပြောတာကို ကောင်းကောင်း​လက်ခံကြတယ်၊ မကြာခင်​မှာပဲ ကျွန်မ​တို့အားလုံး​မှာ ကျမ်းစာ​သင်အံမှု အတော်များများ​ရှိလာ​ကြတယ်။ အဲ့ဒီ​မှာ နှစ်​အတော်ကြာကြာ နေခဲ့​ကြရတယ်။ အဲ့ဒီ​နောက် ဒိုမီနီကန်​သမ္မတနိုင်ငံ​ကို​သွားဖို့ တာဝန်ချ​ခဲ့တယ်။ တစ်နေ့​ကျ​တော့ အမျိုးသမီး​တစ်ယောက်​က သူ့ရဲ့​ဖောက်သည် ကျမ်းစာ​နားလည်​ချင်​တဲ့ ပြင်သစ်​အမျိုးသမီး စူ​ဇာ​န် အန်​ဖ​ဝါ​နဲ့ သွား​တွေ့​ဖို့ ကျွန်မ​ကို တိုက်တွန်း​ခဲ့တယ်။

စူ​ဇာ​န်​က ဂျူး​လူမျိုး​ဖြစ်တယ်၊ ပြင်သစ်​နိုင်ငံ​ကို ဟစ်တလာ ကျူးကျော်​ဝင်ရောက်​လာတဲ့အခါ သူ့​ခင်ပွန်း​က ကလေး​နှစ်ယောက်​နဲ့​အတူ သူ့ကို​ပါ​ခေါ်​ပြီး တခြား​နိုင်ငံ​ကို ပြောင်းရွှေ့​သွားခဲ့တယ်။ စူ​ဇာ​န်​ဟာ တခြား​သူတွေကို သူသိ​ရှိလာတဲ့​အကြောင်းအရာတွေ ပြောပြ​ပါ​လေ​ရော။ အရင်ဆုံး သူနဲ့​ကျွန်မ​ကို မိတ်ဆက်​ပေး​ခဲ့​တဲ့ အမျိုးသမီး၊ ပြီး​တော့ ပြင်သစ်​က သူ့​မိတ်ဆွေ ဘ​လ​န်ခ်ျ​ကို ဟောပြောခဲ့တယ်။ သူတို့​နှစ်ယောက်စလုံး နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​ခဲ့​ကြတယ်။

“ကျွန်မ​ရဲ့​ကလေး​တွေ​ကို ဘယ်လို​ကူညီပေး​နိုင်​မလဲ” လို့​ကျွန်မ​ကို စူ​ဇာ​န်​မေးခဲ့တယ်။ သူ့​သားက ဆေးပညာ​သင်ယူ​နေတယ်၊ သမီး​ကျ​တော့ နယူးယောက်​မြို့က ရေဒီယို​စီးတီး​ဂီတ​ခန်းမ​မှာ က​ပြ​နိုင်​ဖို့ ဘဲ​လေး​အ​က သင်ယူ​နေတယ်။ သူတို့ဆီ​ကို ကင်းမျှော်စင် နဲ့ နိုးလော့! နှစ်စဉ်ကြေး​တွေ စူ​ဇာ​န်​ပို့ပေး​ခဲ့တယ်။ အဲ့ဒီ​အတွက် စူ​ဇာ​န်​ရဲ့​သား၊ ချွေး​မ​နဲ့ ချွေး​မ​ရဲ့​အမြွှာ​ညီမ​ပါ သက်သေခံတွေ​ဖြစ်လာ​ကြတယ်။ စူ​ဇာ​န်​ရဲ့​ခင်ပွန်း လူ​ဝီစ်​က သူ့​ဇနီး ယေဟောဝါသက်သေ​တွေ​နဲ့ ပတ်သက်​နေတာကို စိုးရိမ်​နေတယ်၊ ဘာဖြစ်​လို့​လည်း​ဆိုတော့ ဒိုမီနီကန်​သမ္မတနိုင်ငံ​အစိုးရ​က ကျွန်မ​တို့​ရဲ့​လုပ်ငန်း​ကို ပိတ်ပင်​လိုက်ပြီ​လေ။ ဒါပေမဲ့ သူတို့​မိသားစု​လိုက် ယူနိုက်တက်​စ​တိတ်​ကို ပြောင်းရွှေ့​သွားပြီး​နောက်​မှာ သူလည်းပဲ သက်သေခံ​တစ်ယောက်​ဖြစ်လာ​တယ်။

ပိတ်ပင်​ခံရ​သော်လည်း အမှုဆောင်​နေဆဲ

ဒိုမီနီကန်​သမ္မတနိုင်ငံ​မှာ ကျွန်မ​တို့​တာဝန်ကျ​ပြီး​တဲ့​နောက် သိပ်​မကြာခင် ၁၉၄၉ ခုနှစ်​မှာ ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း​ကို ပိတ်ပင်​လိုက်​ပေမဲ့ ကျွန်မ​တို့​ဟာ လူ့​စကား​ထက် အုပ်စိုးရှင်​ဘုရားသခင်​ရဲ့​စကား​ကို နားထောင်မယ်​လို့ ဆုံးဖြတ်​ခဲ့​ကြတယ်။ (တမန်​တော် ၅:၂၉) ယေရှု​က သူ့​တပည့်​နောက်လိုက်​တွေ​ကို မိန့်မှာ​ခဲ့​တဲ့​အတိုင်း သတင်းကောင်း​ကြေညာ​ရင်း​နဲ့ ဘုရားသခင့်​နိုင်ငံတော်​ကို ကျွန်မ​တို့ ဆက်​ပြီး​ရှေးဦး​ရှာ​ခဲ့​ကြတယ်။ (မဿဲ ၂၄:၁၄) ဒါပေမဲ့ ဟောပြောခြင်း​လုပ်ငန်း​ကို “မြွေ​ကဲ့သို့​လိမ္မာ​လျက်၊ ချိုးငှက်​ကဲ့သို့ အဆိပ်​ကင်း​လျက်” လုပ်ဆောင်​တတ်​လာတယ်။ (မဿဲ ၁၀:၁၆) ဥပမာ​ပြော​ရ​ရင်၊ ကျွန်မ​ရဲ့​တယော​လေး​က အတော့်​ကို​အထောက်အကူ​ဖြစ်​ခဲ့​တာ။ ကျွန်မ ကျမ်းစာ​သင်အံမှု​တွေ​သွားတဲ့အခါ တယော​ကို​ပါ ယူ​သွားတယ်။ ကျွန်မ​ရဲ့​သင်တန်းသားတွေက တယော​မ​ထိုး​တတ်လာ​ကြ​ပေမဲ့ မိသားစု​အတော်များများ ယေဟောဝါ​ကျေးကျွန်​တွေ ဖြစ်လာ​ကြတယ်​လေ!

ကျွန်မ​တို့​လုပ်ငန်း​ကို ပိတ်ပင်​ပြီး​နောက်​မှာ ကျွန်မ​တို့​မိန်းကလေး,လေးယောက်—မေရီ အန်​ယော့လ်၊ ဆိုဖီယာ ဆို​ဗီခ်၊ အီဒစ်သ် မော်​ဂ​န်​နဲ့ ကျွန်မ—ဆန်​ဖရန်စ္စကို ဒီ မာ​ကို​ရီ​စ်​မြို့က သာသနာပြု​အိမ်ကနေ စ​န်​တို​ဒို​မင်​ဂို​မြို့က ဌာနခွဲ​မှာ​ရှိတဲ့ သာသနာပြု​အိမ်ကို ပြောင်းရွှေ့​ခဲ့​ကြတယ်။ ဒါပေမဲ့ တေးဂီတ​သင်တန်း​ပေးဖို့ အရင်​တာဝန်ကျ​တဲ့​နေရာကို ကျွန်မ လတိုင်း​သွားတယ်။ အဲ့ဒီ​လို​လုပ်လို့ ကျွန်မ​တို့​ရဲ့​ခရစ်ယာန်​ညီအစ်ကို​တွေ​အတွက် ဝိညာဉ်​အစာကို ကျွန်မ​ရဲ့​တယော​အိတ်ထဲမှာ​ထည့်​ပြီး ယူသွား​နိုင်​သလို၊ ပြန်လာတဲ့​အခါလည်း သူတို့ရဲ့​အမှုဆောင်​မှတ်တမ်းတွေကို ယူလာ​နိုင်တယ်။

ဆန်​ဖရန်စ္စကို ဒီ မာ​ကို​ရီ​စ်​က ညီအစ်ကို​တွေ ခရစ်ယာန်​ကြားနေ​ရပ်တည်မှုကြောင့် ဆာ​န်​တီ​အေ​ဂို​မြို့မှာ ထောင်ချ​ခံ​နေရတဲ့​အခါ ဖြစ်​နိုင်​မယ်​ဆိုရင် သူတို့​အတွက် ငွေ​တွေ၊ ကျမ်းစာ​အုပ်​တွေ ယူသွား​ပေးဖို့​နဲ့ အပြန်​မှာ သူတို့​မိသားစု​တွေ​အတွက် သတင်း​သယ်ဆောင်​လာ​ခိုင်းတယ်။ ဆာ​န်​တီ​အေ​ဂို​ထောင်​မှာ အစောင့်​တွေ​က ကျွန်မ​ရဲ့​တယော​အိတ်​ကို မြင်တဲ့အခါ “အဲ့​ဒါ ဘာ​အတွက်​လဲ” လို့​မေးကြတယ်။ “သူတို့ကို ဖျော်ဖြေ​ပေးဖို့” ဆိုပြီး ကျွန်မ​ဖြေ​ခဲ့တယ်။

ကျွန်မ​တီး​ပေး​ခဲ့​တဲ့ သီချင်းတွေ​ထဲမှာ နာဇီ​ချွေး​တပ်​စခန်း​မှာ​ရှိနေတုန်းက သက်သေခံ​တစ်ယောက် စပ်ဆို​ခဲ့​တဲ့ သီချင်း​တစ်ပုဒ်​ပါ​တယ်။ အဲ့ဒီ​သီချင်း​ဟာ အခု ယေဟောဝါသက်သေ​သီချင်း​စာအုပ်​ထဲ​က နံပါတ် ၂၉ ဖြစ်တယ်။ ထောင်ကျ​နေတဲ့ ကျွန်မ​တို့​ရဲ့​ညီအစ်ကို​တွေ အဲ့ဒီ​သီချင်းဆို​တတ်​ဖို့ ကျွန်မ တယော​တီး​ပေး​ခဲ့တယ်။

သက်သေခံ​အတော်များများကို အစိုးရ​ခေါင်းဆောင် ထ​ရူ​ဂျစ်ရို​ပိုင်​တဲ့ လယ်​မြေ​ထဲ ပို့​ထား​တယ်လို့ ကျွန်မ​သိလိုက်​ရတယ်။ ကား​လမ်း​နဲ့​နီး​နီး​လေး​လို့ ပြော​ကြတယ်။ ဒါနဲ့ မွန်းတည့်​လောက်​မှာ ဘတ်စကား​ပေါ်​က​ဆင်း​ပြီး မေးမြန်းခဲ့​တယ်။ ဆိုင်​ပိုင်ရှင်​က တောင်တန်း​တွေ​ရဲ့​ဟို​ဘက်​ကို ထိုး​ပြပြီး တကယ်လို့ အာမခံ​ပစ္စည်း​အဖြစ် ကျွန်မ​ရဲ့​တယော​ကို ထားခဲ့​မယ်​ဆိုရင် ကျွန်မ​အတွက် သူ့ရဲ့​မြင်း​နဲ့ လမ်းပြ​ဖို့ ကောင်လေး​တစ်ယောက် ထည့်​ပေး​လိုက်မယ်​တဲ့။

အဲ့ဒီ​တောင်တန်း​တွေ​အလွန်​မှာ မြစ်​တစ်ခု​ကို ဖြတ်​ခဲ့​ရတယ်၊ ကျွန်မ​တို့​နှစ်ယောက်စလုံး မြင်း​ပေါ်​ထိုင်ပြီး မြစ်ကို​ဖြတ်ကူး​ခဲ့​ရတယ်။ နေရောင်အောက်​မှာ စိမ်း​ပြာ​ရောင်စုံ​ပြေး​နေတဲ့ အ​မွှေး​တောင်​တွေ​နဲ့ ကြက်တူရွေး​တစ်အုပ်​ကို အဲ့ဒီ​နေရာမှာ တွေ့​လိုက်ရတယ်။ အရမ်း​လှ​တာ​ပဲ! “ငှက်​ကလေး​တွေ​ကို ဒီလောက်​လှ​အောင် ဖန်ဆင်း​ပေး​ထား​တဲ့​အတွက် ကျေးဇူး​တင်​လိုက်တာ ယေဟောဝါ” လို့​ကျွန်မ​ဆုတောင်း​ခဲ့တယ်။ နောက်ဆုံး ညနေ​လေး​နာရီ​မှာ ကျွန်မ​တို့​ရောက်​ချင်​တဲ့​နေရာ လယ်ထဲ​ကို ရောက်သွား​ကြတယ်။ တာဝန်ခံ​စစ်သား​က ညီအစ်ကို​တွေ​နဲ့ စကားပြော​ခွင့်​ပေး​တဲ့​အပြင် သူတို့​အတွက် ကျွန်မ​ယူ​လာတဲ့ ပစ္စည်း​တွေ​အားလုံး ကျမ်းစာ​အုပ်​အငယ်​လေး​ကို​တောင် ပေး​ခွင့်ပြု​ခဲ့တယ်။

ပြန်လာတဲ့​အခါ မှောင်​နေပြီ​ဆိုတော့ တစ်​လမ်း​လုံး ကျွန်မ​ဆုတောင်း​ခဲ့​ရတယ်။ ဆိုင်​ကို ကျွန်မ​တို့​ပြန်​ရောက်တော့ မိုး​ရေ​တွေ​နဲ့ ရွှဲ​နေကြပြီ။ အဲ့ဒီ​နေ့​အတွက် နောက်ဆုံး​ဘတ်စကား ထွက်သွား​ပြီ​ဆိုတော့ ဖြတ်​သွားတဲ့ ထရပ်ကား​တစ်စီး​ကို တား​ပေးဖို့ ဆိုင်​ရှင်​ကို ကျွန်မ​တောင်းဆို​ခဲ့တယ်။ ထရပ်ကား​ပေါ်​က လူ​နှစ်ယောက်​နဲ့ ကျွန်မ​သွား​ရဲ​ပါ့​မလား။ တစ်ယောက်​က “ဆို​ဖီ​ကို ခင်ဗျား​သိသလား။ ကျွန်တော့်​ညီမလေး​ကို သူ​ကျမ်းစာ​သင်ပေးခဲ့တယ်” တဲ့။ ဒါဟာ ကျွန်မ​ရဲ့​ဆုတောင်းချက်​ကို ယေဟောဝါ​ဖြေကြား​ပေး​လိုက်တာပဲ​လို့ သဘောပေါက်​သွားတယ်! သူတို့ ကျွန်မ​ကို စ​န်​တို​ဒို​မင်​ဂို​မြို့​အထိ ချောချောမောမော​ခေါ်လာ​ပေး​ခဲ့တယ်။

၁၉၅၃ ခုနှစ်​မှာ နယူးယောက်​မြို့၊ ရန်ကီး​အားကစားကွင်း​မှာ ယေဟောဝါသက်သေ​တွေ​ရဲ့ အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​ကို ဒိုမီနီကန်​သမ္မတနိုင်ငံ​ကနေ တက်ရောက်​ခဲ့​သူတွေထဲမှာ ကျွန်မ​လည်း​ပါဝင်​တယ်။ အဖေ​အပါအဝင် ကျွန်မ​တို့​မိသားစု​တစ်စုလုံး အဲ့ဒီ​မှာ ရှိကြတယ်။ ဒိုမီနီကန်​သမ္မတနိုင်ငံ​မှာ ဟောပြောခြင်း​လုပ်ငန်း ဘယ်လို​တိုးတက်​နေတဲ့​အကြောင်း အစီရင်ခံ​ပြီး​နောက်​မှာ ကျွန်မ​ရဲ့​သာသနာပြု​အဖော် မေရီ အန်​ယော့လ်​နဲ့​အတူ ပိတ်ပင်​မှု​အောက်မှာ ကျွန်မ​တို့ ဘယ်လို​ဟောပြော​ကြတယ်​ဆိုတာ​ကို သရုပ်ပြ​ခွင့်​ရခဲ့ကြတယ်။

နယ်လှည့်​လုပ်ငန်း​တွင် အထူး​ပျော်ရွှင်​ရ

အဲ့ဒီ​နွေ​ရာသီမှာ ရူ​ဒေါ့လ်ဖ် ဆန်​နယ်​လ်​နဲ့ ကျွန်မ​တွေ့​ဆုံခဲ့​ပြီး နောက်​တစ်နှစ်​မှာ သူဟာ ကျွန်မ​ခင်ပွန်း​ဖြစ်လာ​တယ်။ ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်၊ အလက်​ဂ်​ဂ​နီ​မြို့မှာ ပထမ​ကမ္ဘာ​စစ်​ပြီး​တာ​နဲ့ သူ့​မိသားစုဟာ သက်သေခံတွေ​ဖြစ်လာ​ကြတယ်။ ဒုတိယ​ကမ္ဘာ​စစ်​မှာ ခရစ်ယာန်​ကြားနေ​မှု​ကြောင့် သူ​ထောင်ဒဏ်​ခံရ​ပြီး​နောက် နယူးယောက်၊ ဘ​ရွတ်​က​လင် ဗေသလမှာ အမှုထမ်းခဲ့​တယ်။ ကျွန်မ​တို့​လက်ထပ်​ပြီး​တာ​နဲ့ မကြာခင်​မှာ နယ်လှည့်​ကြီးကြပ်မှူး​အဖြစ် အသင်းတော်တွေဆီ လည်ပတ်​ဖို့ သူ့ကို တာဝန်​အပ်နှင်း​ခဲ့တယ်။ နောက် ၁၈ နှစ်အထိ တိုက်နယ်​လုပ်ငန်းမှာ သူနဲ့အတူ ကျွန်မ​လိုက်ပါ​သွားခဲ့တယ်။

ကျွန်မ​တို့​ရဲ့​လုပ်ငန်း​ကြောင့် ပဲ​င်​စီ​လ်​ဘေး​နီး​ယား၊ အနောက်​ဗာဂျီးနီးယား၊ န​ယူးဟဲမ်ရှိုင်း​ယား​နဲ့ မက်ဆာချူးဆက်​အပြင် အခြား​နေရာတွေကို​ပါ ရောက်ခဲ့တယ်။ အများအားဖြင့်​တော့ ကျွန်မ​တို့​ခရစ်ယာန်​ညီအစ်ကို​တွေ​ရဲ့​အိမ်မှာ တည်း​ခဲ့​ကြတယ်။ သူတို့နဲ့​သိကျွမ်း​ရတာ၊ သူတို့နဲ့အတူ ယေဟောဝါ​အမှုတော်ကို ထမ်းဆောင်​ရတာ အထူး​ပျော်ရွှင်စရာ​ပဲ။ ကျွန်မ​တို့ကို​ပြ​ခဲ့​တဲ့ မေတ္တာနဲ့ ဧည့်ဝတ်​ပျူ​ငှာ​မှု​တွေ​ဟာ အမြဲ​နွေးထွေး​ပြီး စစ်မှန်​တယ်။ ကျွန်မ​ရဲ့​သာသနာပြု​အဖော်​ဟောင်း မေရီ အန်​ယော့လ်​ကို ဂျို​ဝဲ​လ် လက်ထပ်​လိုက်ပြီး​တဲ့​နောက်​မှာ သူတို့​နယ်လှည့်​လုပ်ငန်းမှာ သုံးနှစ်​အမှုဆောင်ခဲ့တယ်၊ ပဲ​င်​စီ​လ်​ဘေး​နီး​ယား​နဲ့ မစ်ရှီဂန်​နယ်​တွေ​က အသင်းတော်တွေဆီ လည်ပတ်​ခဲ့​ကြတယ်။ အဲ့ဒီ​နောက် ၁၉၅၈ ခုနှစ်​မှာ ဗေသလ​အိမ်သား​ဖြစ်​ဖို့ ဂျို​ဝဲ​လ်​နဲ့​မေရီ​ကို ဖိတ်ခေါ်တယ်။

ကားလ်​က ဗေသလမှာ ခု​နစ်​နှစ်လောက်​နေပြီး​တော့ ထပ်ဆင့်​အတွေ့အကြုံ​ရဖို့ လအနည်းငယ် တိုက်နယ်​လုပ်ငန်းမှာ ပါဝင်​ခဲ့​ရတယ်။ အဲ့ဒီ​နောက် ဂိလဒ်​ကျောင်း​မှာ သင်တန်းပို့ချ​သူ​ဖြစ်လာ​တယ်။ ၁၉၆၃ ခုနှစ်​မှာ ဘော်​ဘီ​နဲ့ သူ​လက်ထပ်​လိုက်တယ်၊ ဘော်​ဘီ​က ၂၀၀၂၊ အောက်တိုဘာ​လမှာ သူ​သေ​တဲ့​အထိ ဗေသလမှာ သစ္စာရှိ​ရှိ​အမှုဆောင်ခဲ့တယ်။

ဒေါ​န်​လည်း ဗေသလမှာ နှစ်​အတော်ကြာ နေခဲ့တဲ့​အချိန်အတွင်း​မှာ ဌာနခွဲရုံး​တွေ​နဲ့ သာသနာပြု​လယ်ကွင်း​က လုပ်ဖော်ကိုင်ဖက်​တွေ​ရဲ့​အကျိုးကို​ဆောင်​ဖို့ တိုင်းတစ်ပါး​ကို မကြာခဏ​ခရီးထွက်​ခဲ့​ရတယ်။ အရှေ့တိုင်း၊ အာဖရိက၊ ဥရောပ​နဲ့ အမေရိက​ဒေသ​အသီးသီး​ကို သူ​သွားခဲ့​ရတယ်။ ဒေါ​န်​ရဲ့​သစ္စာရှိ​ဇနီး ဒို​လော​ရ​စ္စ​လည်း သူနဲ့အတူ တစ်ခါ​တ​လေ လိုက်ပါ​သွား​တတ်တယ်။

ကျွန်မ​တို့​ရဲ့​အခြေအနေ​တွေ ပြောင်းလဲ​ခဲ့

နာတာရှည်​ရောဂါ​နဲ့ အဖေ​မဆုံး​ခင်​မှာ ယေဟောဝါ​ဘုရားသခင်​ရဲ့ အမှုတော်​ဆောင်​ဖို့ ကျွန်မ​တို့ ရွေးချယ်​လိုက်တာ​ကို အဖေ​အရမ်း​ဝမ်းသာတယ်လို့ ကျွန်မ​ကို ပြော​သွားတယ်။ ကျွန်မတို့​အတွက် အဖေ​ရည်မှန်း​ထား​တဲ့ ကောလိပ်​ပညာ​ဆည်းပူး​တာ​ထက် ကောင်းချီး​တွေ​အများကြီး ကျွန်မ​တို့​ရခဲ့ကြတယ်​လို့ အဖေ​ပြော​တယ်။ ကျွန်မ​ညီမ​ဂျ​ဝိုင်း​ရဲ့​အနီးအနား​တစ်​နေရာမှာ အမေ​ပြောင်းရွှေ့​နေထိုင်ဖို့ ကူညီ​ထုပ်ပိုး​ပေး​ပြီး​နောက်​မှာ အဲ့ဒီ​အချိန်​က ကျွန်မ​တို့​ရဲ့​အကူအညီ​လိုအပ်​နေတဲ့ ကျွန်မ​ခင်ပွန်း​ရဲ့​အမေ​အနားမှာ​နေဖို့ န​ယူး​အင်္ဂလန်​မှာ ရှေ့ဆောင်​တာဝန်​ကို ကျွန်မ​ခင်ပွန်း​နဲ့​ကျွန်မ လက်ခံခဲ့တယ်။ သူ့​အမေ​ဆုံး​သွားပြီး​တဲ့​နောက် ကျွန်မ​အမေက ကျွန်မ​တို့​နဲ့ ၁၃ နှစ်အထိ နေခဲ့တယ်။ ၁၉၈၇၊ ဇန်နဝါရီ ၁၈ ရက်​နေ့မှာ အမေ့​အသက် ၉၃ နှစ်​ရှိတဲ့​အခါ အမေ့ရဲ့​မြေကြီး​အသက်တာ ကုန်ဆုံး​သွားခဲ့တယ်။

သားသမီးတွေ​အားလုံး ယေဟောဝါ​ကို​ချစ်​ပြီး ကိုယ်တော်​ကိုကိုး​ကွယ်​လာအောင် ကျွေးမွေး​ပြုစုပေး​ခဲ့​တာ​ကို မိတ်ဆွေ​တွေ​က အမေ့ကို မကြာခဏ​ချီးမွမ်း​ပြောဆို​တဲ့​အခါ အမေက ကျိုးနွံ​စွာ​နဲ့ “ကောင်း​တဲ့ ‘မြေ’ မှာ​ကျွန်မ စိုက်​ပျိုး​ခွင့်​ရလို့ပါ” ဆိုပြီး ဖြေ​တတ်တယ်။ (မဿဲ ၁၃:၂၃) စိတ်အား​ထက်သန်မှု၊ နှိမ့်ချမှု​မှာ ကျွန်မတို့​အတွက် ပုံသက်သေ​ကောင်း​ပြ​ခဲ့​ကြ​တဲ့ ဘုရားသခင်​ကို ကြောက်ရွံ့​တဲ့​မိဘတွေ​ရှိခဲ့တာ တကယ်​ကို​ကောင်းချီး​တစ်ခု​ပါ!

ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ရှာနေ​ဆဲ

ကျွန်မ​တို့​ရဲ့​ဘဝမှာ ဘုရားသခင့်​နိုင်ငံတော်​ကို ဆက်​ပြီး​ရှေးဦး​ရှာနေ​ကြ​တဲ့​အပြင် တခြား​သူတွေကို ပေးကမ်း​စွန့်ကြဲ​ဖို့ ယေရှုရဲ့​ဆုံးမ​စကား​ကိုလည်း ကြိုးစား​ကျင့်သုံး​နေကြပါ​တယ်။ (လုကာ ၆:၃၈; ၁၄:၁၂-၁၄) အဲ့ဒီ​အတွက် ယေဟောဝါ​က​လည်း ကျွန်မ​တို့​လိုအပ်ရာ​တွေ​ကို ရက်ရက်ရောရော ပြန်ပေး​နေပါတယ်။ ကျွန်မ​တို့​အသက်တာ​ဟာ တကယ်​လုံခြုံ​ပြီး ပျော်ရွှင်​ချမ်းမြေ့​ပါ​တယ်။

ရူး​ဒီ​နဲ့ ကျွန်မ​တို့​ဟာ တေးဂီတ​ဝါသနာ​ပါ​ကြ​တုန်း​ပဲ။ တေးဂီတ​ဝါသနာ​ပါ​တဲ့ တခြား​သူတွေ ကျွန်မ​တို့​အိမ်ကို ညနေပိုင်း​မှာ​လာပြီး အတူတူ​တီးမှုတ်​သီဆို​ကြ​တဲ့​အချိန်​ဟာ ပျော်ရွှင်​ကြည်နူး​စ​ရာ​အချိန်​လေး​ပါ။ ဒါပေမဲ့ တေးဂီတ​ဟာ ကျွန်မ​ရဲ့​အသက်မွေး​လုပ်ငန်း​မဟုတ်ပါဘူး။ ကျွန်မ​ဘဝရဲ့ နောက်ထပ်​ပျော်ရွှင်မှု​တစ်ခု​လေး​ပဲ​ဖြစ်တယ်။ အခု​ဆိုရင် နှစ်တွေ​တစ်လျှောက် ကျွန်မ​ခင်ပွန်း​နဲ့​အတူ ကျွန်မ​တို့​ရဲ့ ရှေ့ဆောင်​ဓမ္မ​အမှုဆောင်ခြင်း​အသီး​တွေ​ဖြစ်​တဲ့ ကျွန်မ​တို့​ကူညီပေး​ခဲ့​တဲ့​သူတွေကို မြင်တွေ့​ရတာ ဝမ်းသာ​အားရ​ကြ​ပါ​တယ်။

အခု​လောလောဆယ် ကျန်းမာ​ရေး​ပြဿနာ​တွေ​ရှိပေမဲ့ အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုမှာ အနှစ် ၆၀ ကျော်​ကျော်​ပါဝင်​ခဲ့​ကြ​ရတဲ့ ကျွန်မ​တို့​ရဲ့​ဘဝဟာ ပျော်ရွှင်​ပြီး လုံခြုံမှု​ရှိခဲ့တယ်လို့ ပြော​နိုင်တယ်။ ကျွန်မ​အိပ်ရာနိုး​တဲ့ မနက်​တိုင်း​မှာ လွန်ခဲ့တဲ့​နှစ်တွေ​က အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုကို​ဝင်​ခဲ့​ချိန်မှာ ကျွန်မ​ရဲ့​ဆုတောင်းချက်​ကို ဖြေကြား​ပေး​တဲ့ ယေဟောဝါ​ကို ကျွန်မ​ကျေးဇူး​တင်​တယ်၊ နောက်ပြီး​တော့ ‘ဒီနေ့ ဘုရားသခင့်​နိုင်ငံတော်​ကို ကျွန်မ ဘယ်လို​ရှေးဦး​ရှာ​နိုင်​မလဲ’ လို့​ကျွန်မ​အမြဲ​စဉ်းစား​နေတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 ယေဟောဝါသက်သေ​များ ထုတ်ဝေ​ခဲ့​သော်လည်း ယခု ပုံ​မ​နှိပ်​တော့​ပါ။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

၁၉၄၈ ခုနှစ်​က ကျွန်မ​တို့​မိသားစု (လက်ဝဲ​မှ လက်ယာ)– ဂျ​ဝိုင်း၊ ဒေါ​န်၊ အမေ၊ ဂျို​ဝဲ​လ်၊ ကားလ်၊ ကျွန်မ​နဲ့ အဖေ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ခရစ်ယာန်​ဓမ္မ​အမှု​တွင် စိတ်အား​ထက်သန်​သော ပုံသက်သေ​ကို အမေ​ပြ​ခဲ့

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အနှစ် ၅၀ ကျော်​အကြာ ယနေ့ ကားလ်၊ ဒေါ​န်၊ ဂျို​ဝဲ​လ်၊ ဂျ​ဝိုင်း​နှင့်​ကျွန်မ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

လက်ဝဲ​မှ လက်ယာ– ဒိုမီနီကန်​သမ္မတနိုင်ငံ​တွင် ခရစ်ယာန်​သာသနာပြု​ခဲ့​ကြသော ကျွန်မ၊ မေရီ အန်​ယော့လ်၊ ဆိုဖီယာ ဆို​ဗီခ်​နဲ့ အီဒစ်သ် မော်​ဂ​န်

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

၁၉၅၃ ခုနှစ်၊ ရန်ကီး​အားကစားကွင်း​တွင် မေရီ (လက်ဝဲ) နှင့်အတူ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

တိုက်နယ်​လုပ်ငန်း​တွင်​ပါဝင်​စဉ် ကျွန်မ​ခင်ပွန်း​နှင့်အတူ