မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့

ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့

ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့ ကိုးစား​လော့

“နာမတော်​ကို​သိ​သော​သူတို့သည် ကိုယ်တော်၌​ကိုးစား​ကြ​ပါ​လိမ့်​မည်။”—ဆာလံ ၉:၁၀၊ သမ္မာ။

၁၊ ၂။ လုံခြုံမှု​ရှိ​ရန် လူ​တို့ အချည်းနှီး​ကိုးစား​နေကြ​သည့် အရာအချို့​ကား အဘယ်နည်း။

ယနေ့ ကျွန်ုပ်​တို့၏​ကောင်းကျိုး​ကို​ထိခိုက်​သည့် အရာများ​စွာ​ရှိနေ​ရာ လုံခြုံမှု​ပေး​မည့်​သူ သို့​မဟုတ် လုံခြုံမှု​ပေး​မည့်​အရာ​ကို ရှာဖွေကြ​ခြင်း​သည် ဓမ္မတာ​ပင်။ လူ​အချို့​က ငွေကြေး​များစွာ​ရှိ​ထား​လျှင် အနာဂတ်​တွင် လုံခြုံ​လိမ့်​မည်​ဟု​ယူဆကြ​သည်၊ အမှန်​မှာ ငွေ​သည် ခဏမျှ​သာ​လုံခြုံမှု​ပေး​၏။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “မိမိ​စည်းစိမ်​ကိုကိုး​စား​သော​သူသည် ရှုံး​လိမ့်​မည်။” (သု. ၁၁:၂၈) အခြားသူ​တို့​မူ လူ့​ခေါင်းဆောင်​များ​ကို မျှော်ကိုး​ကြသည်၊ သို့သော် အတော်ဆုံး​ခေါင်းဆောင်​များ​ပင် မှား​တတ်ကြ​သည်​တကား။ အဆုံး​တွင် ထို​သူအပေါင်း​သည် သေဆုံး​သွား​ကြ​ရ၏။ ထို့​ကြောင့် သမ္မာကျမ်းစာ​က ပညာရှိ​စွာ ဤသို့​ဆို​သည်– “မင်း​များ​မှ​စ၍ မ​ကယ်တင်​နိုင်သော​လူသားကို မကိုးစား​ကြ​နှင့်။” (ဆာလံ ၁၄၆:၃) ထို​မှုတ်သွင်းခံ​စကား​များ​က ကိုယ့်​အား​ကိုယ်​ကိုး​၍ အားထုတ်​ကြိုးပမ်း​ခြင်း​ကို မကိုးစား​ကြဖို့​လည်း​သတိပေး​၏။ ကျွန်ုပ်​တို့သည်​လည်း ‘လူသားများ’ သာ​ဖြစ်​ကြ​ပေ​သည်။

ပရောဖက်​ဟေရှာယ​အချိန်​က ဣသရေလ​နိုင်ငံ​၏​ခေါင်းဆောင်​များသည် “မုသာ​ကို​ခိုလှုံ” ခဲ့​ကြ​သည့်​အတွက် သူတို့ကို​အပြစ်တင်​ခဲ့​၏။ (ဟေရှာယ ၂၈:၁၅-၁၇သမ္မာ) သူတို့သည် လုံခြုံမှု​ရဖို့ အိမ်နီးချင်း​နိုင်ငံ​များနှင့် မဟာမိတ်ဖွဲ့​ခဲ့​ကြသည်။ ထိုသို့​မဟာမိတ်ဖွဲ့​မှုများ​ကို စိတ်မချ​ရ၊ ၎င်းတို့သည် မုသား​ပင်။ အလားတူ​ပင်၊ ယနေ့ ဘာသာရေး​ခေါင်းဆောင်​များစွာတို့သည် . . . နှင့် ပေါင်းသင်း​ဆက်ဆံ​ကြသည်။ ထို​မဟာမိတ်​များသည်​လည်း “မုသာ” မျှ​ဖြစ်​ကြလိမ့်မည်။ (ဗျာ. ၁၇:၁၆၊ ၁၇) သူတို့သည် တည်မြဲသော​လုံခြုံမှု ပေး​လိမ့်​မည်​မဟုတ်။

ယောရှု​နှင့်​ကာလက်​တို့၏ ပုံ​နမူနာ​ကောင်း​များ

၃၊ ၄။ ယောရှု​နှင့်​ကာလက်​ပေး​သော​သတင်း​သည် အခြား​သူလျှို​ဆယ်ဦး​တို့၏​သတင်း​နှင့် မည်သို့​ကွာခြား​သနည်း။

သို့​ဆိုလျှင်၊ အဘယ်​နေရာတွင် လုံခြုံမှု​ကို​မျှော်ကိုး​သင့်​သနည်း။ မောရှေ​လက်ထက်​က ယောရှု​နှင့်​ကာလက်​တို့ မျှော်ကိုး​ခဲ့​ကြ​ရာ​ကို​ပင်​ဖြစ်သည်။ အီဂျစ်​ပြည်​မှ ဣသရေလ​လူမျိုး​လွတ်မြောက်​လာကြပြီး များ​မကြာမီ​ပင် ကတိထားရာပြည်​ဖြစ်သော ခါ​နာ​န်​ပြည်​ထဲ​ဝင်ရန် သူတို့ အသင့်ရှိနေ​ကြသည်။ အဆိုပါ​ပြည်​ထဲ​ဝင်၍ စူးစမ်း​ထောက်လှမ်း​ရန် လူ​ဆယ့်နှစ်​ဦး​ကို စေလွှတ်ခဲ့​ရာ ရက် ၄၀ ကြာသော် သူတို့​ပြန်ရောက်​လာ၍ သတင်းပေး​ခဲ့​ကြ​၏။ ယောရှု​နှင့်​ကာလက်​တို့​နှစ်ဦး​သာ ခါ​နာ​န်​ပြည်​တွင် ဣသရေလ​လူမျိုး​သည် အခွင့်အရေး​သာ​မည်​ဟု ပြောဆို​ကြသည်။ အခြားသူ​တို့​က​မူ အဆိုပါ​ပြည်​သည် နှစ်သက်ဖွယ်​ကောင်း​ကြောင်း ထောက်ခံ​ပြောဆို​ကြသော်လည်း ဤသို့​ဆက်၍​ပြော​သည်– “ပြည်သူပြည်သား​တို့သည် အားကြီး​ပါ​၏။ ခိုင်ခံ့​သော​မြို့ကြီး​နှင့်​နေကြပါ​၏။ . . . ထို​ပြည်သား​တို့ကို ငါ​တို့​မတိုက်နိုင်။ သူတို့သည် ငါ​တို့​ထက်​သာ၍​အားကြီး​ကြသည်။”—တောလည်ရာ ၁၃:၂၇၊ ၂၈၊ ၃၁

ဣသရေလ​လူမျိုး​သည် သူလျှို​ဆယ်ဦး​၏​စကား​ကို​သာ အရေးစိုက်​ကြ​ပြီး ကြောက်ရွံ့​လာ​ခဲ့​ကြ​ရာ မောရှေ​ကို အပြစ်တင်​သည်​အထိ​ပြု​ကြ​၏။ အဆုံး​တွင် ယောရှု​နှင့်​ကာလက်​တို့​က စိတ်​အကြီးအကျယ်​ထိခိုက်​ပြီး ဤသို့​ပြောဆို​ခဲ့​ကြသည်– “ငါ​တို့​လျှောက်​သွား​၍​စူးစမ်း​သော​ပြည်​သည် အလွန်​တ​ရာ​ကောင်းသော​ပြည်​ဖြစ်ပါ​၏။ ထာဝရ​ဘုရား​သည် ငါ​တို့ကို​နှစ်သက်​လျှင် နို့​နှင့်​ပျားရည်​စီး​သော​ထို​ပြည်​သို့ ငါ​တို့ကို​ဆောင်​သွင်း​၍ အပိုင်ပေး​တော်​မူ​လိမ့်​မည်။ ထာဝရ​ဘုရား​ကို မ​ပုန်ကန်​ကြ​ပါ​နှင့်။ ထို​ပြည်သူပြည်သား​တို့ကို မကြောက်​ကြ​နှင့်။” (တောလည်ရာ ၁၄:၆-၉) ဤသို့​အားပေး​သော်လည်း ဣသရေလ​လူမျိုး​သည် နားမထောင်​ခဲ့​ကြ​ပေ၊ ယင်းကြောင့် ထို​အချိန်တွင် ကတိထားရာ​ပြည်တော်​ထဲ ဝင်ခွင့်​မရခဲ့​ကြ​ချေ။

၅။ ယောရှု​နှင့်​ကာလက်​တို့သည် နှစ်သက်ဖွယ်​သတင်းကို အဘယ်ကြောင့်​ပေး​ခဲ့​ကြ​သနည်း။

သူလျှို​ဆယ်ဦး​ပေး​သော​သတင်း​သည် မကောင်း​သော်လည်း ယောရှု​နှင့်​ကာလက်​တို့၏​သတင်း​ကား အဘယ်ကြောင့်​ကောင်း​သနည်း။ အဆိုပါ​သူလျှို​ဆယ့်နှစ်​ဦး​စ​လုံး​သည် တစ်မျိုးတည်း​ဖြစ်သော ခိုင်ခံ့​သည့်​မြို့ရိုး​များနှင့် အခြေ​တ​ကျ​ရှိနေ​သည့်​လူမျိုးများ​ကို တွေ့မြင်​ခဲ့​ကြ​၏။ ဣသရေလ​လူမျိုး​သည် အဆိုပါ​ပြည်​ကို​နိုင်အောင်​တိုက်​ဖို့ ခွန်အား​အလုံအလောက်​မရှိ​ဟု သူလျှို​ဆယ်ဦး​ပြောဆို​ခဲ့​ခြင်း​ကား ဟုတ်မှန်​ပါ​သည်။ ယင်းကို ယောရှု​နှင့်​ကာလက်​တို့​လည်း အသိအမှတ်ပြု​သည်။ သို့ရာတွင်၊ သူလျှို​ဆယ်ဦး​က လူ့​ရှုထောင့်​မှ​ကြည့်မြင်​ခဲ့​ကြသည်။ ယောရှု​နှင့်​ကာလက်​တို့​မူ​ကား ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြ​၏။ သူတို့သည် ကိုယ်တော်​၏​တန်ခိုး​ပါ​လုပ်ရပ်များ​ကို အီဂျစ်​ပြည်၊ ပင်လယ်နီ​နှင့် သိနာ​တောင်​ခြေ​တို့​တွင် တွေ့မြင်​ခဲ့​ကြ​၏။ စဉ်းစား​ကြည့်​ပါ၊ ထို​အမှု​များ​ဖြစ်ပျက်​ပြီး​၍ နှစ်များ​စွာ​ကြာပြီးနောက်​တွင်​ပင် ယေရိခေါမြို့​သူ ရာခပ်​သည် အဆိုပါ​သတင်း​များ​ကို ကြားသိ​ရုံ​မျှ​နှင့် ယေဟောဝါ​၏​လူမျိုး​အတွက် အသက်စွန့်​လို​ခဲ့​သည်​တကား! (ယောရှု ၂:၁-၂၄; ၆:၂၂-၂၅) ယေဟောဝါ​၏​လုပ်ရပ်များ​ကို ကိုယ်တိုင်​တွေ့ မြင်ခဲ့​သူ ယောရှု​နှင့်​ကာလက်​တို့သည် မိမိ​လူမျိုး​အတွက် ဘုရားသခင်​ဆက်တိုက်​ခိုက်​ပေး​မည်​ကို အပြည့်အဝ​ယုံကြည်​စိတ်ချ​၏။ အနှစ်​လေးဆယ်​ကြာပြီးနောက် သူတို့​ယုံကြည်မှု​သည်​မှန်ကန်ကြောင်း ထင်ရှား​၏၊ ထို​အချိန်တွင် ယောရှု​၏​ဦးဆောင်မှုအောက်​ရှိ ဣသရေလလူ​မျိုးဆက်​အသစ်​သည် ခါ​နာ​န်​ပြည်​ထဲ​ချီတက်​ဝင်ရောက်​ကာ သိမ်းပိုက်​ခဲ့​၏။

ယေဟောဝါ​ကို လုံးလုံးလျားလျား​ယုံကြည်​ကိုးစား​ရသည့်​အကြောင်း

၆။ ယနေ့​ခရစ်ယာန်​များသည် အဘယ်ကြောင့် ဖိစီးမှု​ကြုံနေ​ကြ​ရပြီး သူတို့၏​ယုံကြည်​ကိုးစားမှု​ကို အဘယ်တွင်​ထား​ရှိ​သင့်​သနည်း။

ဤ “ခဲယဉ်း​သော​ကာလ” တွင် ကျွန်ုပ်​တို့သည် ဣသရေလလူ​တို့​နည်းတူ ကျွန်ုပ်​တို့​ထက် များစွာ​ခွန်အား​ကြီး​သည့် ရန်သူများ​ကို ရင်ဆိုင်​နေကြ​ရသည်။ (၂ တိမောသေ ၃:၁) ကျွန်ုပ်​တို့သည် ကျင့်ဝတ်​ပိုင်း​အရ၊ ဝိညာဉ်​ရေး​ပိုင်း​အရ​နှင့် တချို့​ကိစ္စရပ်​များ​တွင် ကာယရေး​အရ​ပါ ဖိစီးမှု​ကြုံနေ​ကြ​ရ၏။ ထို​ဖိစီးမှုများ​သည် လူ့​ထက်သာ​လွန်​သူ၊ စာတန်​မှ အရင်းခံ​သောကြောင့် ၎င်းတို့ကို ကျွန်ုပ်​တို့​ဘာသာ မတွန်းလှန်​နိုင်​ကြ​ပေ။ (ဧဖက် ၆:၁၂; ၁ ယောဟန် ၅:၁၉) သို့​ဖြစ်၍၊ မည်​သူ့​ထံ​မှ​အကူအညီ​ရနိုင်​သနည်း။ ယေဟောဝါ​ထံ​ဆုတောင်းရာ​တွင် ရှေးခေတ်​က တည်ကြည်သူ​အမျိုးသား​တစ်ဦး ဤသို့​ဆို​ခဲ့​၏– “နာမတော်​ကို​သိ​သော​သူတို့သည် ကိုယ်တော်၌​ကိုးစား​ကြ​ပါ​လိမ့်​မည်။” (ဆာလံ ၉:၁၀သမ္မာ) ယေဟောဝါ​ကို ကျွန်ုပ်​တို့​အမှန်​သိကျွမ်း​ပြီး ကိုယ်တော်​၏​နာမတော်​က အဘယ်အရာကို​ကိုယ်စား​ပြု​ကြောင်း သဘောပေါက်​ကြ​မည်​ဆိုလျှင် ယောရှု​နှင့်​ကာလက်​တို့​နည်းတူ ကိုယ်တော့်​အား ကျွန်ုပ်​တို့​ကိုးစား​ကြ​မည် သေချာ​သည်။—ယောဟန် ၁၇:၃

၇၊ ၈။ (က) ဖန်ဆင်း​ခြင်း​က ယေဟောဝါ​အား​ယုံကြည်​ကိုးစား​ရန်​အကြောင်း​များ မည်သို့​ပေး​သနည်း။ (ခ) သမ္မာကျမ်းစာ​က ယေဟောဝါ​အား​ယုံကြည်​ကိုးစား​ရန် အဘယ်​အကြောင်း​များ​ပေး​သနည်း။

ယေဟောဝါ​အား အဘယ်ကြောင့် ယုံကြည်​ကိုးစား​သင့်​သနည်း။ ယောရှု​နှင့်​ကာလက်​တို့ ကိုယ်တော့်​ကို​ယုံကြည်​ကိုးစား​ခဲ့​ကြ​သည့် အကြောင်းရင်း​တစ်ခု​မှာ ကိုယ်တော်​၏​တန်ခိုးတော်​ထင်ရှား​ချက်​များ​ကို တွေ့မြင်​ခဲ့​ကြသော​ကြောင့်​ဖြစ်သည်။ ကျွန်ုပ်​တို့​လည်း ကိုယ်တော့်​တန်ခိုး​များ​ကို တွေ့မြင်​ခဲ့​ကြပြီ။ ဥပမာ၊ ဂလက်ဆီ​ဘီလီယံပေါင်း​များစွာ​ရှိသည့် စကြဝဠာ​အပါအဝင် ယေဟောဝါ​၏​ဖန်ဆင်း​ခြင်း​လက်ရာတော်​များ​ကို သုံးသပ်ကြည့်​ပါ။ ယေဟောဝါ​ထိန်းချုပ်​ထား​သည့် အတိုင်းမသိ​များပြား​လှ​သော သဘာဝ​စွမ်းအား​များ​က ကိုယ်တော်​သည် အမှန်ပင် အတိုင်းအဆမဲ့​တန်ခိုးရှင်​ဖြစ်​ကြောင်း​ပြသ​၏။ ဖန်ဆင်း​ခြင်း​၏​အံ့ချီးဖွယ်​ရာ​များ​ကို ကျွန်ုပ်​တို့ စေ့စေ့​စဉ်းစား​ဆင်ခြင်​သည့်​အခါ ယေဟောဝါ​နှင့်​ပတ်သက်​၍ ကိုယ်တော်​အား “အဘယ်သူ​ဆီးတား​နိုင်​သနည်း။ ‘အဘယ်​သို့​ပြု​တော်​မူ​သနည်း’ ဟု မည်သူ​ဆို​ဝံ့​သနည်း” ဟု​ပြောဆို​ခဲ့​သူ​ယောဘ​နှင့် ကျွန်ုပ်​တို့​သဘောတူ​ကြ​ရမည်။ (ယောဘ ၉:၁၂သမ္မာ) အမှန်​မှာ ယေဟောဝါ​သည် ကျွန်ုပ်​တို့​ဘက်၌​ရှိ​မည်​ဆိုလျှင် စကြဝဠာ​တစ်ခွင် မည်​သူ့ကို​မျှ​ကြောက်စရာ​မလို​ချေ။—ရောမ ၈:၃၁

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​ကိုလည်း သုံးသပ်ကြည့်​ပါ။ ဘုရားသခင့်​ဉာဏ်ပညာ​ကို မကုန်​မ​ခန်း​နိုင်အောင်​ဖော်ပြ​ထား​သည့် ဤ​စာစောင်​သည် မှားယွင်းသော​အကျင့်​များ​ကိုအောင်နိုင်​ကာ ယေဟောဝါ​၏​အလိုတော်နှင့်​အညီ အသက်ရှင်​ရန် ကူညီပေး​နိုင်​ပါ​သည်။ (ဟေဗြဲ ၄:၁၂) သမ္မာကျမ်းစာ​အားဖြင့်​သာ ယေဟောဝါ​အား အမည်​နာမ​နှင့်​တကွ သိလာ​ကြ​၍ နာမတော်​၏​အဓိပ္ပာယ်​ကိုလည်း နားလည်​လာ​ရ၏။ (ထွက်မြောက်ရာ ၃:၁၄) ယေဟောဝါ​သည် မိမိ၏​ရည်ရွယ်တော်မူချက်​များ​ကို ပြည့်စုံ​လာ​စေရန် မေတ္တာပြည့်​ဝ​သည့်​ဖခင်၊ ဖြောင့်မတ်​သည့်​တရားသူကြီး၊ အောင်ပွဲရ​စစ်သူရဲ အစ​ရှိသည်​ဖြင့် မည်သည့်​အနေအထား​မဆို မိမိကိုယ်ကို ဖြစ်စေ​နိုင်​ကြောင်း ကျွန်ုပ်​တို့​သိ​နားလည်​လာ​ရသည်။ ထို့​ပြင် ကိုယ်တော်​၏​စကား​သည် အစဉ်​ဖြစ်ပျက်​လာ​ကြောင်း ကျွန်ုပ်​တို့​သိမြင်ခဲ့​ကြသည်။ သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​လေ့လာ​သည့်​အခါ ဆာလံဆရာ​ကဲ့သို့ “နှုတ် [မြွက်] တော်​၌ အကျွန်ုပ်​ကိုးစား​သည်” ဟု​ပြောဆို​ကြ​ရ၏။—ဆာလံ ၁၁၉:၄၂သမ္မာ; ဟေရှာယ ၄၀:၈

၉။ ရွေးနုတ်ဖိုး​နှင့် ယေရှု၏​ထမြောက်ခြင်း​က ယေဟောဝါ​အား​ယုံကြည်​ကိုးစား​ရန် မည်သို့​ခွန်အား​ပေး​သနည်း။

ရွေးနုတ်ဖိုး​အစီအစဉ်သည် ယေဟောဝါ​အား ယုံကြည်​ကိုးစား​ရမည့် နောက်ထပ်​အကြောင်းရင်း​တစ်ခု​ဖြစ်၏။ (မဿဲ ၂၀:၂၈) ကျွန်ုပ်​တို့အတွက် ရွေးနုတ်ဖိုး​အဖြစ် အသေခံရန် မိမိ၏​သားတော်ကို ဘုရားသခင်​စေလွှတ်​လိုက်ခြင်းက အလွန်​ဝမ်းသာစရာ​ပင်! အဆိုပါ​ရွေးနုတ်ဖိုး​သည် အမှန်ပင်​တန်ခိုး​ပါ​လှ​၏။ နောင်တ​ရ​၍ ရိုး​ဖြောင့်သော​နှလုံးဖြင့် ယေဟောဝါ​ထံ​သို့​လှည့်လာ​ကြ​သူ လူသား​အားလုံး​၏​အပြစ်​များ​ကို ယင်းက​ဖုံးအုပ်​ပစ်လိုက်​သည်။ (ယောဟန် ၃:၁၆; ဟေဗြဲ ၆:၁၀; ၁ ယောဟန် ၄:၁၆၊ ၁၉) ရွေးနုတ်ဖိုး​ပေး​ရန်​အစီအစဉ်​တွင် ယေရှုကို ထမြောက်​စေခြင်း​ပါဝင်​သည်။ ရာ​နှင့်​ချီ​သော မျက်မြင်​သက်သေ​များ​က မှန်သည်​ဟု​ထောက်ခံ​ခဲ့​သည့် ထို​အံ့ဖွယ်အမှု​သည် ယေဟောဝါ​အား ယုံကြည်​ကိုးစား​ရန်​အကြောင်း နောက်တစ်ခု​ဖြစ်​ပေ​သည်။ ယင်းက ကျွန်ုပ်​တို့​မျှော်လင့်​ထား​သည့်​အတိုင်း ဖြစ်ပျက်​လာ​မည်​ကို​အာမခံ​သည်။—တမန်​တော် ၁၇:၃၁; ရောမ ၅:၅; ၁ ကောရိန္သု ၁၅:၃-၈

၁၀။ ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​ရန် ကျွန်ုပ်​တို့​တွင် အဘယ်​ကိုယ်ပိုင်​အကြောင်းရင်း​များ​ရှိ​သနည်း။

၁၀ ယင်း​တို့သည် ယေဟောဝါ​အား ကျွန်ုပ်​တို့​အကြွင်းမဲ့ယုံ​ကြည်​ကိုးစား​နိုင်​၍ ယုံကြည်​ကိုးစား​သင့်​သည့်​အကြောင်း တချို့​သာ​ဖြစ်သည်။ အခြား​အကြောင်းရင်း​များစွာ​ရှိပါ​သေး​သည်၊ တချို့​မှာ ကိုယ်တွေ့​အခြေအနေ​နှင့်​သက်ဆိုင်​သည်။ ဥပမာ၊ ကျွန်ုပ်​တို့အားလုံး​သည် ဘဝ​အသက်တာတွင် ခက်ခဲ​သော​အခြေအနေ​များ​ကို ရံဖန်ရံခါ ရင်ဆိုင်​ရ၏။ ၎င်းတို့ကို ကိုင်တွယ်​ဖြေရှင်းရန် ယေဟောဝါ​၏​လမ်းညွှန်မှုကို တောင်းခံ​သောအခါ ထို​လမ်းညွှန်မှု​သည် မည်မျှ​လက်တွေ့ကျ​ကြောင်း ကျွန်ုပ်​တို့​သိမြင်​လာ​ကြ​ရသည်။ (ယာကုပ် ၁:၅-၈) ကျွန်ုပ်​တို့၏​နေ့စဉ်​ဘဝ​အသက်တာတွင် ယေဟောဝါ​ကို မှီခို​အားထား​လေ၊ ထိုသို့​ပြုခြင်း​၏​အကျိုးကျေးဇူးများ​ကို ခံစားရ​လေ ကိုယ်တော်​ကို ကျွန်ုပ်​တို့​ပို​၍​ယုံကြည်​ကိုးစား​လာ​လေ​ဖြစ်သည်။

ယေဟောဝါ​ကို ဒါဝိဒ်​ယုံကြည်​ကိုးစား​ခဲ့

၁၁။ မည်သည့်​အခြေအနေ​များ​ကို ရင်ဆိုင်​နေရ​သည့်​ကြား​မှ ယေဟောဝါ​အား ဒါဝိဒ်​ယုံကြည်​ကိုးစား​ခဲ့​သနည်း။

၁၁ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ခဲ့​သူ​တစ်ဦး​မှာ ရှေး​ဣသရေလ​နိုင်ငံ​၏​ဘုရင်​ဒါဝိဒ်​ဖြစ်သည်။ ဒါဝိဒ်​သည် မိမိကို​သတ်​လို​သည့် ဘုရင်​ရှောလု​၏​ခြိမ်းခြောက်​မှု​နှင့် ဣသရေလ​နိုင်ငံ​ကို သိမ်းပိုက်​ဖို့​ကြိုးစား​နေသည့် အင်အားကြီး​မား​သော ဖိလိတ္တိ​စစ်တပ်​၏​ရန်ကို ရင်ဆိုင်ခဲ့​ရသည်။ သို့​တိုင်၊ အသက်ဘေး​မှ သူ​လွတ်မြောက်​ခဲ့​ပြီး အောင်မြင်မှု​ပင်​ရရှိခဲ့​၏။ အဘယ်ကြောင့်​နည်း။ ဒါဝိဒ်​ကိုယ်တိုင် ဤသို့​ရှင်းပြသည်– “ထာဝရ​ဘုရား​သည် ငါ​၏​အလင်း၊ ငါ့ကို​ကယ်တင်​သော​အရှင်ဖြစ်​တော်​မူ​၏။ ငါသည်​အဘယ်သူ​ကို​ကြောက်​ရ​အံ့​နည်း။ ထာဝရ​ဘုရား​သည် ငါ​၏​အသက်​ခိုလှုံရာ​ဖြစ်​တော်​မူ​၏။ ငါသည်​အဘယ်သူ​ကို​ကြောက်လန့်​ရ​အံ့​နည်း။” (ဆာလံ ၂၇:၁) အလားတူ ယေဟောဝါ​ကို ကျွန်ုပ်​တို့​ယုံကြည်​ကိုးစား​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​လည်း အောင်မြင်​ပေ​လိမ့်​မည်။

၁၂၊ ၁၃။ အတိုက်အခံပြု​သူများ​သည် ၎င်းတို့၏​လျှာ​ကို လက်နက်​အဖြစ်​အသုံးပြု​လျှင်​ပင် ယေဟောဝါ​အား ကျွန်ုပ်​တို့​ယုံကြည်​ကိုးစား​သင့်​ကြောင်း ဒါဝိဒ်​မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၂ တစ်ချိန်​တစ်ခါ​တွင် ဒါဝိဒ်​ဤသို့​ဆုတောင်း​ခဲ့​၏– “အို​ဘုရားသခင် အကျွန်ုပ်​ဆုတောင်း​သော​စကားသံ​ကို နားထောင်​၍ အကျွန်ုပ်​အသက်ကို ရန်သူ​ဘေး​မှ ကွယ်ကာ​စောင့်မ​တော်​မူ​ပါ။ လူဆိုး​တို့၏ တိုင်ပင်​ရာ​မှ​လည်းကောင်း၊ [မကောင်းမှု] ကို​ပြု​လေ့​ရှိသောသူ​တို့၏ စုဝေးရာ​မှ​လည်းကောင်း အကျွန်ုပ်​ကို​ကွယ်ကာ​တော်​မူ​ပါ။ ထို​သူတို့သည် မိမိတို့​လျှာ​ကို ဓား​ကဲ့သို့​သွေး​တတ်ကြ​၏။ စုံလင်သော​သူကို မထင်မရှား​ပစ်​မည်​အကြံ​နှင့် ခါး​သော​စကား​တည်း​ဟူသော မိမိတို့​မြား​ကို​ရွယ်​တတ်ကြ​၏။” (ဆာလံ ၆၄:၁-၄) ထိုစကား​များ​ကို ဒါဝိဒ်​ရေးသား​ရန် အဘယ်အရာက​လှုံ့ဆော်​ခဲ့​ကြောင်းကို ကျွန်ုပ်​တို့​အသေအချာ​မသိ​ရှိကြပါ။ သို့သော် ယနေ့လည်း အလားတူ​ပင်၊ ကျွန်ုပ်​တို့ကို​အတိုက်အခံပြု​သူများ​သည် စကား​ကို စစ်​လက်နက်​ပ​မာ​အသုံးပြုလျက် ‘၎င်းတို့၏​လျှာ​ကို သွေး’ ကြ​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ကြသည်။ အပြစ်​မရှိသော​ခရစ်ယာန်​များ​ကို တလွဲ​ထင်​စေရန် အပြော​ဖြင့်​ဖြစ်စေ၊ ရေးသားခြင်း​ဖြင့်​ဖြစ်စေ စကား​ကို “မြား” အဖြစ်​အသုံးပြုလျက် သူတို့ “ပစ်” ကြ​၏။ ယေဟောဝါ​ကို ကျွန်ုပ်​တို့ မယိမ်းမယိုင်​ယုံကြည်​ကိုးစား​ကြ​မည်​ဆိုလျှင် အဘယ်​အကျိုးကျေးဇူး​ခံစားရ​မည်​နည်း။

၁၃ ဒါဝိဒ်က ဤသို့​ဆက်၍​ဆို​သည်– “သူတို့၌ ဘုရားသခင်​ပစ်​တော်​မူ​သော​မြား​မှန်​၍ သူတို့သည် အမှတ်တမဲ့​နာ​ကြလိမ့်မည်။ သို့​ဖြစ်၍ မိမိတို့​လျှာ​သည် မိမိတို့ကို​တိုက်​စေ . . . မည်။ . . . ဖြောင့်မတ်​သော​သူသည် ထာဝရ​ဘုရား​၌​ဝမ်းမြောက်​၍ ခိုလှုံ​လိမ့်​မည်။” (ဆာလံ ၆၄:၇-၁၀) ရန်သူ​တို့သည် ၎င်းတို့၏​လျှာ​ကို​သွေး​၍ ကျွန်ုပ်​တို့ကို​ရှုတ်ချ​ပြောဆို​ကြသော်လည်း အဆုံး​တွင် ‘သူတို့၏​လျှာ​သည် သူတို့ကို​တိုက်​မည်။’ အဆုံး​တွင် ယေဟောဝါ​သည် အခြေအနေ​ကို​အကောင်း​ဖြစ်စေ​ရာ ကိုယ်တော်​အား ယုံကြည်​ကိုးစား​သူများ ဝမ်းမြောက်​ရွှင်လန်း​နိုင်​ကြ​ပါ​လိမ့်​မည်။

ဟေဇကိ​၏​ယုံကြည်​ကိုးစားမှု မှန်ကန်ကြောင်း​ထင်ရှား

၁၄။ (က) အဘယ်​အန္တရာယ်​အခြေအနေ​အောက်တွင် ယေဟောဝါ​အား ဟေဇကိ​ယုံကြည်​ကိုးစား​ခဲ့​သနည်း။ (ခ) ထို​အာရှုရိလူ​၏ လိမ်ညာမှု​ကို ဟေဇကိ​မယုံကြည်​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၄ ယေဟောဝါ​အား ယုံကြည်​ကိုးစားမှု​မှန်ကန်ကြောင်း ထင်ရှားပြ​သူ​နောက်​တစ်ဦး​မှာ ဘုရင်​ဟေဇကိ​ဖြစ်သည်။ ဟေဇကိ​အုပ်စိုး​စဉ်​အတွင်း ယေရုရှလင်​မြို့ကို အင်အားကြီး​မား​သော အာရှုရိစစ်တပ်​သည် လာရောက်​ခြိမ်းခြောက်​ခဲ့​သည်။ ထို​စစ်တပ်​သည် အခြား​တိုင်းနိုင်ငံ​များစွာ​တို့ကို အနိုင်​ရခဲ့​၏။ ယုဒ​နိုင်ငံ​၏​မြို့များ​ကို​ပင် ချင်းနင်းဝင်ရောက်​သိမ်းပိုက်​ခဲ့​ရာ ယေရုရှလင်​မြို့​တစ်မြို့တည်း​သာ​ကျန်ကြွင်း​သည်။ ထို​အခါ သနာခရိပ်​မင်း​က အဆိုပါ​မြို့ကို​လည်း သူ​သိမ်းပိုက်​မည်​ဟု ကြုံးဝါး​လေ​၏။ အီဂျစ်​ကို သူတို့​ကိုးစား​နေခြင်း​သည် အချည်းနှီး​ဖြစ်​ကြောင်း ရာ​ဗ​ရှာ​ခ​မှ​တစ်ဆင့် သနာခရိပ်​မင်း ပြော​ခဲ့​သည်၊ သူ​မှန်​၏။ သို့သော် သူက “သင်​ကိုးစား​သော​ဘုရားသခင်​က ‘ယေရုရှလင်​မြို့​သည် အာရှုရိရှင်ဘုရင်​လက်​သို့​မရောက်ရ’ ဟူ၍ သင့်ကို​မလှည့်စား​စေ​နှင့်” ဟု​ဆို​ပြန်​လေ​သည်။ (ဟေရှာယ ၃၇:၁၀) သို့ရာတွင်၊ ယေဟောဝါ​သည် မိမိကို လှည့်စား​မည်​မဟုတ်​ကြောင်း ဟေဇကိ​သိထား​၏။ သို့​ဖြစ်၍ သူက​ဤသို့​ဆုတောင်း​ခဲ့​သည်– “အို​အကျွန်ုပ်​တို့​ဘုရားသခင်​ထာဝရ​ဘုရား၊ ကိုယ်တော်​တစ်ပါး​တည်း​သာ ဘုရားသခင်​ဖြစ်​တော်​မူ​သည်ကို မြေကြီး​ပေါ်မှာ​ရှိသမျှ​သော တိုင်းနိုင်ငံ​တို့သည်​သိမည်​အကြောင်း အို​ထာဝရ​ဘုရား၊ အကျွန်ုပ်​တို့ကို ထို​မင်း [အာရှုရိလူ] လက်​မှ ကယ်လွှတ်​တော်​မူ​ပါ။” (ဟေရှာယ ၃၇:၂၀သမ္မာ) ဟေဇကိ​၏​ဆုတောင်းချက်​ကို ယေဟောဝါ​နားထောင်​တော်​မူ​ခဲ့​၏။ ကောင်းကင်တမန်​တစ်ပါး​သည် တစ်ည​တည်း​တွင် အာရှုရိစစ်သား ၁၈၅,၀၀၀ ကို​သတ်ပစ်လိုက်​လေ​သည်။ ထို​အခါ ယေရုရှလင်​မြို့​သည် ပျက်စီးခြင်း​ဘေး​မှ​လွတ်​ပြီး သနာခရိပ်​မင်း​သည် ယုဒ​နယ်မြေ​ပေါ်​သို့ လုံးဝ​ခေါင်း​ပြန်​မ​လှည့်​တော့​ချေ။ ဤ​အကြောင်းကို ကြားသိ​လိုက်​သူအပေါင်း​သည် ယေဟောဝါ​၏​ကြီးမြတ်မှု​ကို သိမြင်​သွား​ကြ​လေ​တော့​သည်။

၁၅။ ဤ​မတည်ငြိမ်​သည့်​လောကတွင် ကျွန်ုပ်​တို့​ကြုံတွေ့​ရနိုင်​မည့် မည်သည့်​ခက်ခဲ​သော​အခြေအနေ​မဆို​အတွက် အဘယ်အရာ​တစ်ခု​တည်း​က​သာ ကျွန်ုပ်​တို့ကို​အသင့်ရှိ​စေမည်​နည်း။

၁၅ ယနေ့ ကျွန်ုပ်​တို့​လည်း ဟေဇကိ​နည်းတူ စစ်​ဆင်နွှဲ​ရသည့်​အခြေအနေ​မျိုး​တွင် ရောက်ရှိ​နေကြ​သည်။ ကျွန်ုပ်​တို့​မူ​ကား ဝိညာဉ်​ရေး​စစ်ပွဲ​ကို တိုက်ခိုက်​နေကြ​ရ၏။ ဝိညာဉ်​ရေး​စစ်သား​များ​အနေ​နှင့် ဝိညာဉ်​ရေး​အရ အသက်ဆက်ရှင်​သန်​ရန် လိုအပ်သော​စွမ်းရည်​များ​ကို ပြုစု​ပျိုးထောင်​ကြ​ရ​ပေမည်။ ဆန့်ကျင်​တိုက်ခိုက်မှု​များ​ကို ကြိုမြင်​ထားပြီး ယင်း​တို့ကို ခုခံ​တွန်းလှန်​နိုင်​ရန် ကိုယ်ကို​ကိုယ်​အသင့်ပြင်​ဆင်​ထား​ဖို့​လို​သည်။ (ဧဖက် ၆:၁၁၊ ၁၂၊ ၁၇) ဤ​မတည်ငြိမ်​သည့်​လောကတွင် အခြေအနေ​များသည် ရုတ်တရက်​ပြောင်းလဲ​သွား​နိုင်​သည်။ မထင်မမှတ်​ဘဲ ပြည်တွင်း​မငြိမ်မသက်မှု ပေါ်ပေါက်​လာနိုင်​သည်။ လွတ်လပ်​စွာ​ကိုးကွယ်​ယုံကြည်​ခွင့်​ရှိသော နိုင်ငံ​များသည် လွတ်လပ်​စွာ​ကိုးကွယ်​ခွင့်​မရှိသော​နိုင်ငံ​များ ဖြစ်လာ​နိုင်​သည်။ ဟေဇကိ​နည်းတူ ယေဟောဝါ​အား မယိမ်းမယိုင်​သော​ယုံကြည်​ကိုးစားမှု​မျိုး မိမိတို့​တွင်​ရှိ​လာအောင် ပြုစု​ပျိုးထောင်​ထား​မည်​ဆိုလျှင် ဖြစ်လာ​မည့်​အရေး​ကို ကျွန်ုပ်​တို့​ရင်ဆိုင်ဖို့ အသင့်​ရှိနေကြပါ​လိမ့်​မည်။

ယေဟောဝါ​ကို​ယုံကြည်​ကိုးစားခြင်း​ဟူသည် အဘယ်နည်း

၁၆၊ ၁၇။ ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​ကြောင်း ကျွန်ုပ်​တို့​မည်သို့​ဖော်ပြ​ကြ​မည်​နည်း။

၁၆ ယေဟောဝါ​ကို​ယုံကြည်​ကိုးစားခြင်း​သည် အပြော​သက်​သက်​မျှ​သာ​မဟုတ်ပါ။ ကျွန်ုပ်​တို့၏​နှလုံး​နှင့်​ပတ်သက်ပြီး အပြုအမူအားဖြင့်​တင်ပြ​ရသည်။ ယေဟောဝါ​ကို ကျွန်ုပ်​တို့​ယုံကြည်​ကိုးစား​မည်​ဆိုလျှင် ကိုယ်တော့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​ကို အပြည့်အဝ​ယုံကြည်​ကိုးစား​ကြ​ပါ​မည်။ ၎င်းကို ကျွန်ုပ်​တို့​နေ့စဉ်​ဖတ်ရှု​ပြီး တွေးတော​ဆင်ခြင်​၍ ကျွန်ုပ်​တို့၏​လမ်းညွှန်​အဖြစ် ၎င်းကို​အသုံးပြု​မည်။ (ဆာလံ ၁၁၉:၁၀၅) ထို့​ပြင် ယေဟောဝါ​ကို​ယုံကြည်​ကိုးစားခြင်း​တွင် သန့်ရှင်းသော​ဝိညာဉ်​တော်​၏​တန်ခိုး​ကို ယုံကြည်​ကိုးစားခြင်း​ပါဝင်​သည်။ သန့်ရှင်းသော​ဝိညာဉ်​တော်​အကူအညီ​ဖြင့် ယေဟောဝါ​၏​အလိုတော်နှင့်​တွေ့​သည့် ဝိညာဉ်​အသီးများ​ကို ကျွန်ုပ်​တို့​ပြုစု​ပျိုးထောင်​နိုင်​ကြ​ပြီး အမြစ်စွဲ​နေသည့် အကျင့်ဆိုး​များ​ကို နှိမ်နင်း​နိုင်​ကြ​မည်။ (၁ ကောရိန္သု ၆:၁၁; ဂလာတိ ၅:၂၂-၂၄) သို့​ဖြစ်၍၊ များစွာသော​သူတို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​၏​အကူအညီ​ဖြင့် ဆေးလိပ်​သောက်​ခြင်း သို့​မဟုတ် မူးယစ်​ဆေးဝါး​သုံးစွဲခြင်း​တို့ကို ဖြတ်ပစ်​နိုင်​ခဲ့​ကြပြီ။ အခြားသူများ​မူ အကျင့်​ယိုယွင်း​သည့် ဘဝ​ပုံစံ​များ​ကို စွန့်လွှတ်​ခဲ့​ကြပြီ။ မှန်ပါသည်၊ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့သည် မိမိ​အစွမ်း​ဖြင့်​မဟုတ်ဘဲ ကိုယ်တော်​ပေး​သော​အစွမ်း​ခွန်အား​ဖြင့် ပြုမူ​လုပ်ဆောင်ကြ​ပေမည်။—ဧဖက် ၃:၁၄-၁၈

၁၇ ထို့​အပြင်၊ ယေဟောဝါ​ကို​ယုံကြည်​ကိုးစားခြင်း​ဟူသည် ကိုယ်တော်​ယုံကြည်​အားထား​သူတို့ကို ယုံကြည်​ကိုးစားခြင်း​မည်​၏။ ဥပမာ၊ ယေဟောဝါ​သည် မြေကြီးဆိုင်ရာ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ကြည့်ရှု​စောင့်ရှောက်​ပေး​ရန် ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ ကို စီစဉ်​ထား​တော်​မူ​ပြီ။ (မဿဲ ၂၄:၄၅-၄၇) ကိုယ့်​ဘာသာ​ကိုယ် လွတ်လွတ်လပ်လပ်​ပြုမူ​ဖို့ ကျွန်ုပ်​တို့​မကြိုးစား​ကြ​ပါ၊ အဆိုပါ​အပ်နှင်း​ထားမှု​ကိုလည်း လျစ်လျူ​မ​ရှု​ကြ​ပါ၊ အကြောင်း​မူ​ကား ယေဟောဝါ​၏​အစီအစဉ်ကို ကျွန်ုပ်​တို့​ယုံကြည်​ကိုးစား​ကြ​၏။ ၎င်း​ပြင်၊ ဒေသခံ​ခရစ်ယာန်​အသင်းတော်တွင် အကြီးအကဲ​များ အမှုထမ်း​နေကြ​သည်၊ တမန်​တော်​ပေါလု​ပြော​သည့်​အတိုင်း သူတို့ကို သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ခန့်အပ်​ထား​သည်။ (တမန်​တော် ၂၀:၂၈) အသင်းတော်တွင် အကြီးအကဲ​အစီအစဉ်​နှင့်​အညီ ကျွန်ုပ်​တို့​ပူးပေါင်း​ဆောင်ရွက်ခြင်း​အားဖြင့် ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​ကြောင်း တင်ပြ​ကြသည်။—ဟေဗြဲ ၁၃:၁၇

ပေါလု​၏​ပုံသက်သေ​ကို အတုယူ​လော့

၁၈။ ယနေ့ ခရစ်ယာန်​များသည် ပေါလု​၏​ပုံသက်သေ​ကို မည်သို့​အတုယူ​ကြ​ပြီး၊ အဘယ်အရာကို သူတို့​မကိုးစား​ကြ​သနည်း။

၁၈ တမန်​တော်​ပေါလု​သည် ခရစ်ယာန်​ဓမ္မ​အမှုဆောင်ရာတွင် ကျွန်ုပ်​တို့​နည်းတူ ဖိစီးမှု​အမျိုးမျိုး ရင်ဆိုင်​ကြုံတွေ့​ခဲ့​ရ၏။ သူ့​လက်ထက်​တွင် ခရစ်ယာန်​ဘာသာ​တရားကို အစိုးရ​အာဏာပိုင်​များ​က အထင်လွဲ​ခဲ့​ရာ အဆိုပါ​အမြင်စောင်း​မှုများ​ကို ပြုပြင်​တည့်မတ်​ပေးဖို့ သို့​မဟုတ် ခရစ်ယာန်​ဟောပြောခြင်း​လုပ်ငန်း​ကို တရားဝင်​ဖြစ်စေ​ဖို့ တစ်ခါတစ်ရံ ကြိုးပမ်း​အားထုတ်​ခဲ့​ရ၏။ (တမန်​တော် ၂၈:၁၉-၂၂; ဖိလိပ္ပိ ၁:၇) ယနေ့ ခရစ်ယာန်​များလည်း သူ၏​ပုံသက်သေ​ကို​အတုယူ​ကြသည်။ ကျွန်ုပ်​တို့သည် ဖြစ်​နိုင်​သည့်​အခါတိုင်း ရ​သမျှ​အခွင့်အရေး​ကို​အသုံးချ​ကာ အခြားသူများ​အား ကျွန်ုပ်​တို့၏​လုပ်ငန်း​အကြောင်း သိမြင်​နားလည်​လာ​စေ​ကြသည်။ ထို့​ပြင် ကျွန်ုပ်​တို့သည် သတင်းကောင်းကို ကာကွယ်​ထောက်ခံ​၍ တရားဝင်​ဖြစ်စေ​ရန် ကြိုးစား​ပြုမူ​ကြသည်။ သို့ရာတွင်၊ အောင်မြင်မှု သို့​မဟုတ် ရှုံးနိမ့်​မှု​သည် တရားရုံး​တွင် အမှု​နိုင်​ခြင်း သို့​မဟုတ် လူအများ​၏​နှစ်သက်​လက်ခံမှု​ရရှိ​ခြင်း​အပေါ် မူတည်​သည်​ဟု ကျွန်ုပ်​တို့​မယူမှတ်​ကြသော​ကြောင့် ထိုသို့​သော​ကြိုးပမ်း​အားထုတ်မှု​များ​ကို အပြည့်အဝ​အားမကိုး​ပါ။ ယင်းအစား၊ ယေဟောဝါ​ကို​သာ ကျွန်ုပ်​တို့​ယုံကြည်​ကိုးစား​ကြသည်။ ရှေး​ဣသရေလ​လူမျိုး​အား ကိုယ်တော်​ဤသို့​အားပေးခဲ့​သည်ကို ကျွန်ုပ်​တို့​အမှတ်ရ​ကြသည်– “ငြိမ်​ဝပ်​စွာ​နေခြင်း၊ ကိုးစားခြင်း​အားဖြင့် ခွန်အား​အစွမ်း​ကို ရ​ကြလိမ့်မည်။”—ဟေရှာယ ၃၀:၁၅သမ္မာ။

၁၉။ နှိပ်စက်​ညှဉ်းပန်း​ခံရ​သည့်​အခါ ညီအစ်ကို​များသည် ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​ကြောင်း မည်သို့​ထင်ရှား​ခဲ့ပြီ​နည်း။

၁၉ တစ်ခါတစ်ရံ ကျွန်ုပ်​တို့၏​ခေတ်​သစ်​သမိုင်း​တွင် ကျွန်ုပ်​တို့၏​လုပ်ငန်း​သည် အရှေ့​နှင့်​အနောက် ဥရောပ​နိုင်ငံ​များ၊ အာရှနှင့်အာဖရိက​ရှိ အချို့​နိုင်ငံ​များ၊ တောင်​နှင့်​မြောက်​အမေရိက​ရှိ​နိုင်ငံ​များ​တွင် ပိတ်ပင်​ခံ​ခဲ့​ရ သို့​မဟုတ် ကန့်သတ်​ခံရ​၏။ ဤသို့​ပိတ်ပင်​ခံရ​ခြင်း​က ယေဟောဝါ​ကို ကျွန်ုပ်​တို့​ယုံကြည်​ကိုးစားခြင်း​သည် အချည်းနှီး​ဖြစ်သွား​ပြီ​ဟု ဆိုလို​ပါသလော။ မဆိုလို​ပါ။ ယေဟောဝါ​သည် မိမိ၏​ရည်ရွယ်တော်မူချက်​ကောင်း​အတွက် ခါးသီး​သော နှိပ်စက်​ညှဉ်းပန်းမှု​ကို တစ်ခါတစ်ရံ ခွင့်ပြု​ခဲ့​သော်လည်း ထို​နှိပ်စက်​ညှဉ်းပန်းမှု​ဒဏ်​ကို ခံ​ခဲ့​ရသူ​တို့အား မေတ္တာပါ​စွာ ခွန်အား​ပေး​တော်​မူ​ခဲ့​၏။ နှိပ်စက်​ညှဉ်းပန်း​ခံရ​စဉ် ခရစ်ယာန်​များစွာတို့သည် ယုံကြည်ခြင်း​မှတ်တမ်းကောင်း​နှင့် ဘုရားသခင်​ကို​ယုံကြည်​ကိုးစားမှု​တို့ကို ထူးခြား​စွာ​တင်ပြ​ခဲ့​ကြပြီ။

၂၀။ တရားဝင်​လွတ်လပ်ခွင့်​များ​မှ ကျွန်ုပ်​တို့​အကျိုးကျေးဇူး​ခံစားရ​သည်​မှန်​သော်လည်း အဘယ်​ကဏ္ဍ​များ​တွင်​မူ ကျွန်ုပ်​တို့​ဘယ်​သောအခါ​မျှ အလျှော့ပေး​လိုက်လျော​ခြင်း ပြု​မည်​မဟုတ်​သနည်း။

၂၀ အခြား​တစ်ဖက်​တွင်​မူ၊ နိုင်ငံ​အများစု​တွင် ကျွန်ုပ်​တို့၏​လုပ်ငန်း​ကို တရားဝင်​အသိအမှတ်ပြု​ထား​ကြ​ပြီး ရံဖန်ရံခါ လူထု​၏​နှစ်သက်​လက်ခံမှုကို လူထု​ဆက်သွယ်ရေး​များ​မှ​တစ်ဆင့် ကျွန်ုပ်​တို့​လက်ခံရ​ရှိကြသည်။ ယင်းကို ကျွန်ုပ်​တို့​ကျေးဇူးများ​စွာ​တင်​ရှိကြ​ပြီး ၎င်း​အားဖြင့် ယေဟောဝါ​၏​ရည်ရွယ်ချက်​ပြည့်စုံ​ကြောင်း အသိအမှတ်ပြု​ကြ​ပါ​သည်။ ကိုယ်တော်​၏​ကောင်းချီး​ဖြင့် ကျွန်ုပ်​တို့​ရရှိ​ထား​သည့် လွတ်လပ်မှုကို မိမိတို့၏​ဘဝ​ပုံစံ​တိုးတက်ရေး​အတွက်​မဟုတ်ဘဲ ယေဟောဝါ​၏​အမှုတော်ကို လူသိရှင်ကြား အပြည့်အဝ​ထမ်းဆောင်​နိုင်​ဖို့ ကျွန်ုပ်​တို့​အသုံးပြု​ကြသည်။ သို့ရာတွင်၊ အာဏာပိုင်​များ​က ကျွန်ုပ်​တို့ကို​အကောင်းမြင်​စေဖို့ ကျွန်ုပ်​တို့၏​ကြားနေ​မှု​ကို ဘယ်​သောအခါ​မျှ အလျှော့ပေး​လိုက်လျော​မည်​မဟုတ်​ချေ၊ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​ကို လျော့ပေါ့​လုပ်ဆောင်​မည်​မဟုတ်၊ ယေဟောဝါ​၏​အမှုတော်​ဆောင်ခြင်း​ကိုလည်း အခြား​ဘယ်နည်း​ဖြင့်​မျှ အားလျော့​သွား​စေမည်​မဟုတ်ပါ။ ကျွန်ုပ်​တို့သည် မေရှိယနိုင်ငံတော်​သားများ​ဖြစ်​ကြ​ရာ ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ဘက်၌ အခိုင်အမာ​ရပ်တည်​နေကြပါ​သည်။ ကျွန်ုပ်​တို့သည် ဤ​အစီအစဉ်​စနစ်​ကို မျှော်ကိုး​သည်မဟုတ်၊ ကမ္ဘာသစ်​ကို​သာ စောင့်မျှော်​နေကြ၏၊ ထို​တွင် ကောင်းကင်​မေရှိယနိုင်ငံတော်​က​သာ တစ်ခု​တည်း​သော​အစိုးရ​အဖြစ် ဤ​ကမ္ဘာ​မြေကြီးကို အုပ်စိုး​ပါ​လိမ့်​မည်။ ဗုံး​များ၊ ဒုံးကျည်​များ၊ နျူကလီးယား​လက်နက်​ဖြင့် တိုက်ခိုက်​ခြင်း​ပင်​လျှင် ထို​အစိုးရ​ကို လှုပ်ခါ​နိုင်​မည်​မဟုတ်၊ ကောင်းကင်​မှ​ကျ​လာအောင်​လည်း ပစ်ချ​နိုင်​မည်​မဟုတ်ပေ။ ထို​ကောင်းကင်​အစိုးရ​သည် မ​နိုင်နင်း​နိုင်သော​နိုင်ငံ​ဖြစ်​ပြီး ၎င်းနှင့်​စပ်​လျ​ဉ်း​သည့် ယေဟောဝါ​၏​ရည်ရွယ်ချက်ကို ပြည့်စုံ​စေ​ပေ​လိမ့်​မည်။—ဒံယေလ ၂:၄၄၊ ၄၅; ဟေဗြဲ ၁၂:၂၈; ဗျာ. ၆:၂

၂၁။ အဘယ်​လမ်းစဉ်​ကို​လိုက်​ဖို့ ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​ထား​ကြ​သနည်း။

၂၁ ပေါလု​က​ဤသို့​ဆို​သည်– “ငါ​တို့​မူ​ကား၊ ပျက်စီးခြင်း​သို့​ရောက်​အံ့​သော​ငှာ ရွေ့​လျော့​သော​သူ​မဟုတ်။ စိတ်​ဝိညာဉ်​သည် ကယ်တင်ခြင်း​သို့​ရောက်​အံ့​သော​ငှာ ယုံကြည်​သော​သူ​ဖြစ်​ကြ​၏။” (ဟေဗြဲ ၁၀:၃၉) သို့​ဖြစ်၍၊ ကျွန်ုပ်​တို့အားလုံး ယေဟောဝါ​၏​အမှုတော်ကို အဆုံးတိုင်အောင် တည်ကြည်​စွာ ထမ်းဆောင်​နိုင်​ကြ​ပါစေ။ ယေဟောဝါ​အား ယခု​နှင့်​ထာဝရ အပြည့်အဝ​ယုံကြည်​ကိုးစား​ရန်​အကြောင်း မြောက်မြားစွာ​ရှိ​ပေ​သည်။—ဆာလံ ၃၇:၃; ၁၂၅:၁

သင်​အဘယ်အရာ​သိရှိ​ခဲ့​သနည်း

• ယောရှု​နှင့်​ကာလက်​တို့သည် နှစ်သက်ဖွယ်​သတင်းကို အဘယ်ကြောင့် သယ်ဆောင်​လာ​ခဲ့​ကြ​သနည်း။

• ယေဟောဝါ​အား လုံးလုံးလျားလျား ယုံကြည်​ကိုးစား​သင့်​သည့် အကြောင်းရင်း​တချို့​ကား အဘယ်နည်း။

• ယေဟောဝါ​ကို​ယုံကြည်​ကိုးစားခြင်း​ဟူသည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

• ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​လျက် ကျွန်ုပ်​တို့ မည်သို့​ရပ်တည်​ရန် စိတ်ပိုင်းဖြတ်​ထား​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယောရှု​နှင့်​ကာလက်​တို့သည် နှစ်သက်ဖွယ်​သတင်းကို အဘယ်ကြောင့် ပေး​ခဲ့​ကြ​သနည်း

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဖန်ဆင်း​ခြင်း​က ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​ရန် အကြောင်း​ခိုင်လုံ​စေ

[Credit Line]

All three images: Courtesy of Anglo-Australian Observatory, photograph by David Malin

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါ​အား​ယုံကြည်​ကိုးစားခြင်း​ဟူသည် ကိုယ်တော်​ယုံကြည်​စိတ်ချ​သူတို့ကို ယုံကြည်​ကိုးစားခြင်း​မည်​၏