ဝတ်ပြုကိုးကွယ်မှုအတွက် ညှဉ်းပန်းနှိပ်စက်ခြင်း အဘယ်ကြောင့်နည်း
ဝတ်ပြုကိုးကွယ်မှုအတွက် ညှဉ်းပန်းနှိပ်စက်ခြင်း အဘယ်ကြောင့်နည်း
ဝတ်ပြုကိုးကွယ်မှုကြောင့် လူတို့ ညှဉ်းပန်းနှိပ်စက်ခံသင့်သည်ဟု သင်ထင်သလော။ သူတစ်ပါး၏အခွင့်အရေးကို ဝင်ရောက်စွက်ဖက်မှုမရှိလျှင် နှိပ်စက်မခံသင့်ချေ။ သို့တိုင် ဝတ်ပြုကိုးကွယ်မှုကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသည်မှာ ကြာမြင့်နေပြီ၊ ယခုထိတိုင် နှိပ်စက်ခံနေရဆဲပင်။ ဥပမာ၊ ၂၀ ရာစုနှစ်တစ်လျှောက်လုံးတွင် ဥရောပနှင့် ကမ္ဘာ့အခြားဒေသများမှ ယေဟောဝါသက်သေများသည် မကြာခဏ အခွင့်အရေးများ ပိတ်ပင်ခံရပြီး ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရ၏။
ထိုအချိန်အတွင်း ယေဟောဝါသက်သေများသည် ဥရောပ၏ အာဏာရှင်အစိုးရ နှစ်ခုစလုံးလက်အောက်တွင် ရက်ရက်စက်စက်၊ စည်းစနစ်ကျနစွာ နှစ်ရှည်လများ ညှဉ်းပန်းခံခဲ့ကြရသည်။ ဝတ်ပြုကိုးကွယ်မှုအတွက် ညှဉ်းပန်းနှိပ်စက်ခံရခြင်းအကြောင်း သူတို့၏အတွေ့အကြုံမှ အဘယ်အရာသိရှိရသနည်း။ ထို့ပြင် ညှဉ်းပန်းမှုကို သူတို့တုံ့ပြန်ပုံမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။
“ဤလောကနှင့်မဆက်ဆံ”
ယေဟောဝါသက်သေများသည် ဥပဒေလိုက်နာသော၊ အေးဆေးငြိမ်သက်သော၊ ကိုယ်ကျင့်တရားဖြောင့်မတ်သူများဖြစ်ရန် ကြိုးစားကြသည်။ သူတို့သည် အစိုးရများကို မဆန့်ကျင်၊ ပုန်ကန်ဖို့လည်းမကြိုးစား၊ အာဇာနည်များဖြစ်လို၍ ညှဉ်းပန်းနှိပ်စက်ခံရရန် နှိုးဆွပေးခြင်းလည်းမရှိချေ။ အဆိုပါခရစ်ယာန်များသည် နိုင်ငံရေးတွင် ကြားနေသူများဖြစ်ကြ၏။ သို့ပြုခြင်းသည် ယေရှု၏ဤစကားများနှင့် အညီဖြစ်သည်– “အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ [ကျွန်ုပ်၏နောက်လိုက်များ] သည်မဆက်ဆံကြပါ။” (ယောဟန် ၁၇:၁၆) အစိုးရအများစုသည် သက်သေခံများ၏ ကြားနေရပ်တည်မှုကို အသိအမှတ်ပြုကြသည်။ သို့သော် ခရစ်ယာန်များသည် ဤလောကနှင့်မဆက်ဆံသင့်ကြောင်း ကျမ်းစာတောင်းဆိုချက်ကို အာဏာရှင်အစိုးရများက မလေးစားကြချေ။
၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလက ဂျာမနီနိုင်ငံ၊ ဟိတ်ဒဲလ်ဘာ့ဂ်တက္ကသိုလ်တွင် ကျင်းပခဲ့သောညီလာခံ၌ ယင်းအကြောင်းကို ရှင်းလင်းဖော်ပြခဲ့သည်။ ထိုညီလာခံ၏အဓိကအကြောင်းအရာကား “နှိပ်ကွပ်မှုနှင့် ကိုယ်အမြင်ကိုထုတ်ပြောရန် ဝန်မလေးခြင်း– အမျိုးသားဆိုရှယ်လစ်နှင့် ကွန်မြူနစ်အာဏာရှင်များလက်အောက် ယေဟောဝါသက်သေများ ဖြစ်သည်။” ဟန်နာအာရန်တ်တက္ကသိုလ်၏ အာဏာရှင်အယူဝါဒ သုတေသီအဖွဲ့မှ ဒေါက်တာခလဲမဲန်စ် ဖော့န်ဟောလ်စ်က ဤသို့ထုတ်ဖော်ပြောဆိုခဲ့သည်– “အာဏာရှင်အစိုးရများသည် နိုင်ငံရေး၌သာ ကန့်သတ်ထားကြသည်မဟုတ်။ ယင်းတို့သည် အကြွင်းမဲ့လက်အောက်ခံမှုကို တောင်းဆိုကြသည်။”
စစ်မှန်သောခရစ်ယာန်များသည် ယေဟောဝါဘုရားသခင်တစ်ပါးတည်းကိုသာ လုံးလုံးလျားလျား တည်ကြည်မည်ဟု ကတိကဝတ်ပြုထားကြရာ လူ့အစိုးရတစ်ခုခုကို သူတို့ “အကြွင်းမဲ့” မအပ်နှံနိုင်ချေ။ ထို့ကြောင့် အာဏာရှင်အစိုးရများလက်အောက် နေထိုင်ကြရသော သက်သေခံများသည် အစိုးရ၏တောင်းဆိုချက်များနှင့် မိမိတို့ယုံကြည်ခြင်း၏လိုအပ်ချက်များ ဆန့်ကျင်နေကြောင်း တွေ့ရှိခဲ့ကြရသည်။ ဤသို့ဆန့်ကျင်နေသည့်အခါ သူတို့ မည်သို့ပြုခဲ့ကြသနည်း။ ယေဟောဝါသက်သေများသည် ယေရှုခရစ်၏တပည့်များ ပြောဆိုခဲ့သည့် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟူသော မူအတိုင်း အသက်ရှင်နေထိုင်ခဲ့ကြကြောင်း သမိုင်းတစ်လျှောက် ထင်ရှားသည်။—တမန်တော် ၅:၂၉။
ထောင်နှင့်ချီသော သက်သေခံများသည် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခံရကြသည့်ကြားမှ ယုံကြည်ခြင်းခိုင်မြဲပြီး နိုင်ငံရေးတွင် ကြားနေရပ်တည်ခဲ့ကြသည်။ သူတို့ မည်သို့ခံရပ်နိုင်ခဲ့ကြသနည်း။ ထိုသို့ခံရပ်နိုင်ကြရန် အဘယ်နည်းဖြင့် ခွန်အားရှိခဲ့ကြသနည်း။ သူတို့ကိုယ်တိုင် ဖြေဆိုကြပါလေစေ။ သက်သေခံများဖြစ်စေ၊ သက်သေခံမဟုတ်သူတို့ဖြစ်စေ သူတို့အတွေ့အကြုံမှ အဘယ်အရာ သင်ယူနိုင်ကြောင်း ကြည့်ကြစို့။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
ဂျာမနီနိုင်ငံမှ ယေဟောဝါသက်သေများသည် ၂၀ ရာစုအတွင်း အာဏာရှင်အစိုးရနှစ်ခုစလုံး အောက်တွင် ရက်ရက်စက်စက် နှစ်ရှည်လများ ညှဉ်းပန်းနှိပ်စက် ခံခဲ့ကြရသည်
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
“အာဏာရှင်အစိုးရများသည် နိုင်ငံရေး၌သာ ကန့်သတ်ထားကြသည်မဟုတ်။ ယင်းတို့သည် အကြွင်းမဲ့ လက်အောက်ခံမှုကို တောင်းဆိုကြသည်။”
ဒေါက်တာခလဲမဲန်စ် ဖော့န်ဟောလ်စ်
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ကွတ်စ်ရိုမိသားစုသည် သူတို့၏ယုံကြည်ခြင်း အလျှော့မပေးသောကြောင့် လွတ်လပ်ခွင့်ဆုံးရှုံးခဲ့ရ
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ယိုဟာန်စ် ဟာမ်စ်သည် သူ၏ယုံကြည်ချက်များအတွက် နာဇီအကျဉ်းထောင်တွင် ကွပ်မျက်ခံခဲ့ရ