မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အားယူ၍ရဲရင့်ခြင်းရှိကြလော့!’

‘အားယူ၍ရဲရင့်ခြင်းရှိကြလော့!’

‘အားယူ၍​ရဲရင့်ခြင်း​ရှိကြလော့!’

“အားယူ​ကြလော့! ငါသည် ဤ​လောကကို​အောင်ပြီ။”—ယောဟန် ၁၆:၃၃၊ သမ္မာ။

၁။ ခါ​နာ​န်​ပြည်​တွင် ဣသရေလ​လူမျိုး တွေ့ ကြုံ​ကြ​ရမည့်​အခြေအနေ​အတွက် အဘယ်​အားပေးမှု​ရရှိခဲ့ကြ​သနည်း။

ကတိထားရာပြည်​ထဲ ဣသရေလလူ​တို့​ဝင်ရန် ယော်ဒန်​မြစ်ကို ဖြတ်ကူး​မည့်​ဆဲ​ဆဲ​အချိန်တွင် သူတို့အား မောရှေ​ဤသို့​ဆို​ခဲ့​၏– “အားယူ၍​ရဲရင့်ခြင်း​ရှိကြလော့။ မစိုးရိမ်​ကြ​နှင့်။ သူတို့ကို​မကြောက်​ကြ​နှင့်။ ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] သည် သင်တို့​ဘုရားသခင်​ဖြစ်၍ သင်တို့​နှင့်အတူ ကိုယ်တိုင်​ကြွတော်မူ​မည်။” ထို့နောက် မောရှေ​သည် ဣသရေလ​လူမျိုး​ကို ခါ​နာ​န်​ပြည်​ထဲ ဦးစီး​ဦးဆောင်​သွား​မည့် ယောရှု​အား​ခေါ်​၍ ရဲရင့်ခြင်း​ရှိ​ရန် အကြံပြုချက်ကို ကိုယ်တိုင်​ပြန်​မိန့်မှာ​ခဲ့​၏။ (တရားဟောရာ ၃၁:၆၊ ၇) နောက်ပိုင်း​တွင် ယေဟောဝါ​ကိုယ်တော်တိုင် ယောရှု​ကို ဤသို့​အားပေး​တော်​မူ​ခဲ့​သည်– “အားယူ၍​ရဲရင့်ခြင်း​ရှိ​လော့။ . . . အားယူ၍ အလွန်​ရဲရင့်ခြင်း​ရှိ​လော့။” (ယောရှု ၁:၆၊ ၇၊ ၉) အဆိုပါ​စကား​များသည် အခန့်သင့်​စကား​များ​ဖြစ်၏။ ဣသရေလ​လူမျိုး​သည် ယော်ဒန်​မြစ်​တစ်ဖက်​ကမ်း​တွင် တွေ့ဆုံ​ကြ​ရမည့် ခွန်အား​ဗလကြီး​မား​သော ရန်သူများ​ကို ရင်ဆိုင်​တိုက်ခိုက်​နိုင်​ရန် ရဲစွမ်းသတ္တိ​လို​ပေ​သည်။

၂။ မျက်မှောက်ခေတ်တွင် အဘယ်​အခြေအနေ​မျိုးကို ကျွန်ုပ်​တို့​တွေ့ ကြုံနေ​ကြ​ရပြီး အဘယ်အရာ​ပြု​ဖို့​လို​သနည်း။

ယနေ့ စစ်မှန်သော​ခရစ်ယာန်​များသည် ကတိထားရာ ကမ္ဘာသစ်​ထဲ​သို့ မကြာမီ ဝင်ရောက်​ကြ​ရတော့မည်​ဖြစ်​ရာ ယောရှု​ကဲ့သို့ ရဲစွမ်းသတ္တိ​ရှိ​ရန်လို​သည်။ (၂ ပေတရု ၃:၁၃; ဗျာ. ၇:၁၄) သို့​ဖြစ်​လင့်​ကစား ယောရှု​၏​အခြေအနေ​နှင့် ကျွန်ုပ်​တို့၏​အခြေအနေ​သည် မတူညီ​ပါ။ ယောရှု​သည် ဓား​များ၊ လှံ​များနှင့် တိုက်ခိုက်​ခဲ့​၏။ ကျွန်ုပ်​တို့​မှာ​မူ ဝိညာဉ်​ရေး​စစ်​ဆင်နွှဲ​နေရ​ရာ ပကတိ​စစ်​လက်နက်များ​ကို အသုံးမပြု​ကြ​ချေ။ (ဟေရှာယ ၂:၂-၄; ဧဖက် ၆:၁၁-၁၇) ထို့​အပြင်၊ ယောရှု​သည် ကတိထားရာပြည်​ထဲ​ဝင်ပြီး​နောက်​၌​ပင် စစ်ပွဲ​များစွာကို အကြိတ်အနယ် ယှဉ်ပြိုင်​တိုက်ခိုက်​ခဲ့​ရသည်။ ကျွန်ုပ်​တို့​မူ​ကား ကမ္ဘာသစ်​ထဲ​မဝင်​မီ ယခု​ပင် အကြိတ်အနယ်​ဆိုင်ပြိုင်​တိုက်လှန်​ကြ​ရ၏။ ရဲရင့်​ဖို့​လို​သည့် အခြေအနေ​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

ကျွန်ုပ်​တို့​အဘယ်ကြောင့် ဆိုင်ပြိုင်​တိုက်လှန်​ကြ​ရသနည်း

၃။ ကျွန်ုပ်​တို့၏​အဓိက​ရန်သူကြီး​အကြောင်း သမ္မာကျမ်းစာ​က အဘယ်အရာ​ဖော်ပြ​သနည်း။

တမန်​တော်​ယောဟန်​က ဤသို့​ရေးသားခဲ့​သည်– “ငါ​တို့သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်ကို​လည်းကောင်း၊ လော [က] သား​အပေါင်းတို့သည် [စာတန်] ၏​လက်၌​ရှိကြသည်​ကိုလည်း​ကောင်း ငါ​တို့​သိ​ကြ​၏။” (၁ ယောဟန် ၅:၁၉) ခရစ်ယာန်​များသည် သူတို့၏​ယုံကြည်ခြင်းကို အဘယ်ကြောင့် ကြိုးစား​ထိန်းသိမ်း​ကြ​ရ​ကြောင်းကို ထိုစကား​များ​က​ဖော်ပြ​သည်။ ခရစ်ယာန်​တစ်ဦး​သည် သူ၏​သမာဓိကို​စောင့်ထိန်း​သည့်​အခါ စာတန်​အတွက် အတိုင်းအတာ​တစ်ခု​အထိ ရှုံးနိမ့်​မှု​ဖြစ်သည်။ ထို့​ကြောင့်၊ စာတန်​သည် “ဟောက်​သော​ခြင်္သေ့” ကဲ့သို့ တည်ကြည်သော​ခရစ်ယာန်​များ​ကို ခြိမ်းခြောက်​ဝါးမျို​ဖို့ ကြိုးစား​နေခြင်း​ဖြစ်သည်။ (၁ ပေတရု ၅:၈) သူသည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် ၎င်းတို့၏​အပေါင်းအဖော်​များ​ကို အမှန်တကယ်​စစ်​ဆင်နွှဲ​နေသည်။ (ဗျာ. ၁၂:၁၇) ဤ​တိုက်ပွဲ​တွင် သူ၏​ရည်ရွယ်ချက်များ​ကို သိ​လျက်​ဖြစ်စေ၊ မသိဘဲ​လျက်​ဖြစ်စေ ဆောင်ရွက်​ပေး​သူများကို စာတန်​အသုံးပြု​သည်။ ထို့​ကြောင့် စာတန်​နှင့် သူ​အသုံးချ​သူများ​တစ်ဖက်​တွင် မားမားမတ်မတ်​ရပ်တည်​ရန် သတ္တိ​ရှိဖို့လို​သည်။

၄။ အဘယ်​သတိပေး​ချက်​ကို ယေရှု​ပေး​ခဲ့​သနည်း၊ အဘယ်​အရည်အသွေးကို စစ်မှန်သော​ခရစ်ယာန်​များ ပြသ​ခဲ့​ကြ​သနည်း။

စာတန်​နှင့် သူ​အသုံးချ​သူများ​သည် သတင်းကောင်းကို အစွမ်းကုန် ဆီးတား​ပိတ်ပင်​ကြလိမ့်မည်​ဖြစ်​ကြောင်း တပည့်​များ​ကို ယေရှု​ဤသို့​ကြို​သတိပေး​ခဲ့​သည်– “လူများ​တို့သည် သင်တို့ကို​ညှဉ်းဆဲခြင်း၊ အသေ​သတ်​ခြင်း​ကို​ခံစေ​ခြင်း​ငှာ အပ်နှံ​ကြလိမ့်မည်။ ငါ​၏​နာမ​ကြောင့်​လည်း ခပ်သိမ်း​သော​လူမျိုး​တို့သည် သင်တို့ကို​မုန်း​ကြလိမ့်မည်။” (မဿဲ ၂၄:၉) ပထမ​ရာစု​တွင် ထိုသို့​ဖြစ်​ခဲ့​ပြီး ယနေ့လည်း ထို​အတိုင်း​ပင်​ဖြစ်သည်။ အမှန်​မှာ၊ ယေဟောဝါ​၏ မျက်မှောက်ခေတ်​သက်သေခံ​အချို့​ခံ​ခဲ့​ရသည့် နှိပ်စက်​ညှဉ်းပန်းမှု​သည် သမိုင်း​တစ်လျှောက် မည်သည့်​နှိပ်စက်​ညှဉ်းပန်းမှု​မဆို​ကဲ့သို့ ရက်စက်​ပြင်းထန်​ခဲ့​ပေ​ပြီ။ သို့​တိုင်၊ စစ်မှန်သော​ခရစ်ယာန်​များသည် ထိုသို့​သော​ဖိနှိပ်မှုကို ရဲရင့်စွာ​ရင်ဆိုင်​ကြ​၏။ “လူကို​ကြောက်ရွံ့​ခြင်း​သဘော​သည် ကျော့ကွင်း​ကို​ထောင်​တတ်” ကြောင်း သူတို့​သိရှိ​ကြ​ရာ အဆိုပါ​ကျော့ကွင်း​တွင် မ​ကျော့မိ​လို​ကြ​ချေ။—သု. ၂၉:၂၅

၅၊ ၆။ (က) အဘယ်​အခြေအနေ​များ​တွင် ကျွန်ုပ်​တို့​ရဲရင့်​ဖို့​လို​သနည်း။ (ခ) တည်ကြည်သော​ခရစ်ယာန်​များသည် ရဲရင့်ခြင်း​ရှိမရှိ စမ်းသပ်ခံ​ရသောအခါ မည်သို့​တုံ့ပြန်​ကြ​ရမည်​နည်း။

နှိပ်စက်​ညှဉ်းပန်း​ခြင်း​အပြင် အခြား​စိန်ခေါ်ချက်​များ​အတွက်​လည်း ရဲရင့်ခြင်း​ရှိဖို့လို​သည်။ လူ​အချို့​အတွက် သူစိမ်း​များ​ကို သတင်းကောင်း​ပြော​ခြင်း​သည် စိန်ခေါ်ချက်​တစ်ခု​ဖြစ်၏။ ကျောင်းသူ​ကျောင်းသား​အချို့​သည် . . . သစ္စာဆို​ရန် တောင်းဆို​ခံရ​သည့်​အခါ သူတို့၏​ရဲရင့်ခြင်း စမ်းသပ်ခံ​ရ​ကြသည်။ ထို​ကဲ့သို့​သစ္စာဆို​ခြင်း​သည် အမှန်​မှာ ဝတ်ပြုမှု​အသုံးအနှုန်း​ပင်​ဖြစ်​သဖြင့် ခရစ်ယာန်​လူငယ်များသည် ဘုရားသခင်​၏​အလိုတော်နှင့်​အညီ​ပြုမူ​ဖို့ သတ္တိရှိရှိ​ရပ်တည်ခဲ့​ကြ​ရာ သူတို့၏​မှတ်တမ်းကောင်း​သည် အလွန်​အားရစရာ​ဖြစ်​ခဲ့​ပေ​သည်။

အတိုက်အခံပြု​သူများ​သည် လူထု​ဆက်သွယ်ရေး​ကို​အသုံးပြုပြီး ဘုရားသခင့်​ကျေးကျွန်​များ​အကြောင်း မကောင်း​သတင်းဖြန့်​သည့်​အခါ သို့​မဟုတ် “မတရားသော​အကြံ” ကို​ကြံစည်​၍ စစ်မှန်သော​ဝတ်ပြုရေးကို ကြိုးစား​ပိတ်ပင်​သည့်​အခါ​တို့​၌​လည်း ရဲစွမ်းသတ္တိ​ရှိဖို့လို​သည်။ (ဆာလံ ၉၄:၂၀) ဥပမာ၊ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား​တို့​မှ ယေဟောဝါသက်သေ​များ​အကြောင်း မဟုတ်မမှန်​သတင်း​များ လွှင့်​သောအခါ ကျွန်ုပ်​တို့​မည်သို့​သဘောထား​သင့်​သနည်း။ ထိတ်လန့်​သွား​သင့်​သလော။ မဖြစ်​သင့်​ပေ။ ယင်း​သို့​ဖြစ်​မည်​ဟု ကျွန်ုပ်​တို့​ကြိုသိ​ထား​ကြသည်။ (ဆာလံ ၁၀၉:၂) ထုတ်လွှင့်​သည့်​မုသာ​စကား​ကို လူတချို့​ယုံ​လျှင်​လည်း ကျွန်ုပ်​တို့​မအံ့သြ​ကြ​ပါ၊ အကြောင်း​မှာ “ဉာဏ်​တိမ်​သော​သူသည် သူတစ်ပါး​ပြော​သမျှ​ကို ယုံတတ်” ၏။ (သု. ၁၄:၁၅) သစ္စာရှိ​ခရစ်ယာန်​များသည် မိမိတို့​ညီအစ်ကို​များ​အကြောင်း ပြောဆို​လေ​သမျှ​ကို ယုံကြည်​လက်ခံ​ကြ​မည်​မဟုတ်၊ မကောင်း​သတင်းလွှင့်​ထားသော​ကြောင့် ခရစ်ယာန်​အစည်းအဝေး​များ​မ​တက်၊ လယ်ကွင်း​ဓမ္မ​အမှု​တွင်​မပါဝင်၊ ယုံကြည်ခြင်း​အားနည်း​သွားဖို့ ခွင့်ပြု​ကြ​မည်​မဟုတ်ပါ။ ယင်းအစား “ဘုရားသခင့်​အမှုတော်​ဆောင်​များ​အဖြစ် . . . အသရေ​တင်​ခြင်း​နှင့်​ချ​ခြင်း၊ ချီးမွမ်း​ခြင်း​နှင့် ကုန်းချော​ခြင်း​များ​ကို ခံရ​သည့်​အားဖြင့်လည်း​ကောင်း၊ [အတိုက်အခံပြု​သူတို့၏​အဆို​အရ] လူလိမ်​အနေ​နှင့် [အမှန်စင်စစ်​အားဖြင့်] မှန်ကန်​သူ . . . ဖြစ်​ခြင်း​အားဖြင့်လည်း​ကောင်း ကိုယ်ကို​ထောက်ခံကြ​သည်။”—၂ ကောရိန္သု ၆:၄-၁၀သ​မ။

၇။ အဘယ်​နှိုက်နှိုက်​ချွတ်ချွတ်​မေးခွန်းများကို မိမိကိုယ်ကို​မေး​နိုင်​သနည်း။

တိမောသေ​ထံ ပေါလု​စာရေး​ရာ​တွင် ဤသို့​ပြောဆို​ခဲ့​သည်– “ဘုရားသခင်​သည် ကြောက်​တတ်သော​စိတ်​သဘောကို ငါ​တို့အား ပေး​တော်​မူ​သည်မဟုတ်။ တန်ခိုး​ပါ​သော​စိတ် . . . ကို​ပေး​တော်​မူ​၏။ ထို့​ကြောင့် ငါ​တို့​သခင်​ဘုရား​၏​သက်သေ​ကို . . . ရှက်ကြောက်ခြင်း​မရှိ​နှင့်။” (၂ တိမောသေ ၁:၇၊ ၈; မာကု ၈:၃၈) ထိုစကား​များ​ကို​ဖတ်ရှု​ပြီး​ဖြစ်​ရာ မိမိတို့​ကိုယ်ကို ဤသို့​မေး​နိုင်​သည်– ‘ကျွန်ုပ်​၏​ယုံကြည်ချက်ကို ရှက်မိ​သလား၊ ဒါမှ​မဟုတ် ကျွန်ုပ်​သတ္တိ​ရှိသလား။ ကျွန်ုပ်​အလုပ်​လုပ်တဲ့​နေရာ (ဒါမှ​မဟုတ် ကျောင်း) မှာ ကျွန်ုပ် ယေဟောဝါသက်သေ​ဖြစ်တယ်​လို့ အသိပေး​သလား၊ ဒါမှ​မဟုတ် ဖုံးကွယ်​ဖို့ ကြိုးစား​သလား။ သူများနဲ့​မတူ​လို့ ရှက်​သလား၊ ဒါမှ​မဟုတ် ယေဟောဝါ​နဲ့​ကျွန်ုပ်​ရဲ့​ဆက်ဆံ​ရေး​အတွက် ဂုဏ်ယူ​သလား။’ တစ်ဦး​တစ်ယောက်​သည် သတင်းကောင်း​ဟောပြောခြင်း၊ လူ​ကြိုက်​မများ​သည့် ရပ်တည်ချက်​ကြောင့် အပျက်သဘော​ရှိ​မည်​ဆိုလျှင် ယေဟောဝါ​က ယောရှု​ကို “အားယူ၍​ရဲရင့်ခြင်း​ရှိ​လော့” ဟု ညွှန်ကြား​ခဲ့​သည်ကို သတိရပါ။ ကျွန်ုပ်​တို့၏​အလုပ်ဖော်​များ၊ အတန်းဖော်​များ​၏ ရှုမြင်ချက်​မဟုတ်ဘဲ ယေဟောဝါ​နှင့်​ယေရှု​ခရစ်​၏ ရှုမြင်ချက်​က​သာ အရေးကြီးကြောင်း​ကို ဘယ်တော့​မျှ​မမေ့​ပါ​နှင့်။—ဂလာတိ ၁:၁၀

ရဲရင့်ခြင်း ရှိစေ​နိုင်​ပုံ

၈၊ ၉။ (က) တစ်ချိန်​တစ်ခါ​က အစောပိုင်း​ခရစ်ယာန်​များ​၏​ရဲရင့်ခြင်း​သည် မည်သို့​စမ်းသပ်ခံ​ခဲ့​ရသနည်း။ (ခ) ပေတရု​နှင့်​ယောဟန်တို့ ခြိမ်းခြောက်​ခံရ​သည့်​အခါ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း၊ သူတို့နှင့် သူတို့၏​ညီအစ်ကို​များသည် အဘယ်အရာကို တွေ့ ကြုံ​ခဲ့​ကြ​သနည်း။

ဤ​ခဲယဉ်း​ကျပ်တည်း​သည့်​ကာလ​အတွင်း ကျွန်ုပ်​တို့၏​သမာဓိကို ဆက်လက်​စောင့်ထိန်း​နိုင်​မည့် ရဲရင့်ခြင်း​ကို မည်သို့​ပြုစု​ပျိုးထောင်​နိုင်​မည်​နည်း။ ရဲရင့်ခြင်း​ကို အစောပိုင်း​ခရစ်ယာန်​များ မည်သို့​ပြုစု​ပျိုးထောင်​ခဲ့​ကြ​သနည်း။ ယေရုရှလင်​မြို့မှ ယဇ်ပုရောဟိတ်​အကြီး​တို့​နှင့် အသက်ကြီးသူတို့​က ပေတရု​နှင့်​ယောဟန်​အား ယေရှု​နာမ​ဖြင့် မဟောပြော​ရန်​ပြောဆို​ခဲ့​ချိန်​တွင် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။ ထို​တပည့်​များသည် ငြင်းဆို​ခဲ့​ကြ​သဖြင့် ခြိမ်းခြောက်​ခံ​ခဲ့​ရပြီး​နောက် လွတ်မြောက်​လာ​ကြသည်။ ၎င်းနောက် သူတို့သည် ညီအစ်ကို​များ​ထံ​သွား​၍ အတူတကွ ဤသို့​ဆုတောင်း​ခဲ့​ကြသည်– ‘အို​ထာဝရ​ဘုရား၊ ယခု​အခါ ထို​သူတို့၏​ခြိမ်းခြောက်​ခြင်း​ကို မှတ်တော်မူ​ပါ။ . . . ကိုယ်တော်​၏​ကျွန်​တို့သည် နှုတ်မြွက်​တရားတော်​ကို ရဲရင့်စွာ​ဟောပြောပါ​မည်​အကြောင်း ကယ်မ​သနားတော်မူ​ပါ။’ (တမန်​တော် ၄:၁၃-၃၀) ထို​အခါ ယေဟောဝါ​သည် သူတို့ကို သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ခွန်အား​ပေး​တော်​မူ​ခဲ့​သည်၊ နောက်ပိုင်း​တွင် ဂျူး​ခေါင်းဆောင်​များ သက်သေထူ​ခဲ့​သည့်​အတိုင်း သူတို့၏​သွန်သင်ခြင်း​နှင့် “ယေရုရှလင်​မြို့ကို . . . ပြည့်စေ” ခဲ့​ကြ​၏။—တမန်​တော် ၅:၂၈

ထို​အချိန်တွင် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​ကြောင်း ဆန်းစစ်​ကြည့်​ကြ​စို့။ ကိုယ်တော်​၏​တပည့်​များသည် ဂျူး​ခေါင်းဆောင်​များ​၏ ခြိမ်းခြောက်​မှု​ကို​ခံ​ကြ​ရသောအခါ အညံ့​ခံ​အရှုံးပေး​လိုက်​ဖို့ သူတို့​မစဉ်း​စား​ခဲ့​ကြ​ပေ။ ယင်းအစား တပည့်​များသည် ဆက်​ဟောပြောနိုင်​ဖို့ ရဲစွမ်းသတ္တိ​ရှိ​ရန် ဆုတောင်း​ခဲ့​ကြ​၏။ ထို့နောက် သူတို့​ဆုတောင်း​သည့်​အတိုင်း လုပ်ဆောင်ခဲ့​ကြ​ရာ ယေဟောဝါ​သည် သူတို့ကို ဝိညာဉ်တော်ဖြင့် ခွန်အား​ပေး​လေ​သည်။ နှစ်​အနည်းငယ်​ကြာသော် အခြား​အဖြစ်အပျက်​တစ်ခု​နှင့်​ပတ်သက်​၍ ပေါလု​ရေးသားခဲ့​သော​စကား​သည် ခရစ်ယာန်​များ နှိပ်စက်​ညှဉ်းပန်း​ခံရ​သည့်​အချိန်​နှင့်​သက်ဆိုင်​ကြောင်း သူတို့၏​တွေ့ကြုံမှု​က ဖော်ပြ​၏။ ပေါလု​ဤသို့​ဆို​ခဲ့​သည်– “ငါ့ကို​ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော ခရစ်တော်​အားဖြင့် ခပ်သိမ်း​သော​အမှုတို့​ကို ငါ​တတ်စွမ်း​နိုင်၏။”—ဖိလိပ္ပိ ၄:၁၃

၁၀။ ပင်ကိုသဘော​အရ ရှက်ကြောက်​တတ်​သူများ​အတွက် ယေရမိ​၏​တွေ့ ကြုံ​မှု​က မည်သို့​ကူညီပေး​သနည်း။

၁၀ ဥပမာ၊ လူတစ်ဦး​သည် ပင်ကိုသဘော​အရ ရှက်ကြောက်​တတ်​သည်​ဆိုပါစို့။ ထို​သူသည် အတိုက်အခံ​ရင်ဆိုင်​ရ​လျှင် ယေဟောဝါ​၏​အမှုတော်ကို ရဲရင့်စွာ ထမ်းဆောင်​နိုင်​ပါ​မည်​လော။ အမှန်​ထမ်းဆောင်​နိုင်​ပါ​သည်! ယေရမိကို ပရောဖက်​တစ်ပါး​အဖြစ် ယေဟောဝါ​ခန့်အပ်​ခဲ့​သည့်​အခါ သူ၏​တုံ့ပြန်မှု​ကို အမှတ်ရပါ။ ထို​လူငယ်​က “အကျွန်ုပ်သည် . . . သူငယ်​ဖြစ်ပါ​၏” ဟု​ဆို​ခဲ့​သည်။ စွမ်းဆောင်​နိုင်​မည်​မဟုတ်​ဟု သူ​ခံစား​ခဲ့​ရ​ကြောင်း ထင်ရှား​သည်။ သို့​တိုင်၊ ယေဟောဝါ​က “‘အကျွန်ုပ်သည် သူငယ်​ဖြစ်ပါ​၏’ ဟု​မပြော​နှင့်။ အ​ကြင်​သူ​ရှိရာသို့ သင့်ကို​ငါ​စေလွှတ်​၏။ ထို​သူ​ရှိရာသို့ သင်​သွား​ရမည်။ အ​ကြင်​စကား​ကို ငါ​မှာ​ထား​၏။ ထိုစကား​ကို သင်​ဆင့်ဆို​ရမည်။ သူတို့ကို​မကြောက်​နှင့်။ ‘သင့်ကို​ကယ်နုတ်ခြင်း​ငှာ သင်​နှင့်အတူ​ငါ​ရှိသည်’” ဟု​သူ့ကို အားပေး​တော်​မူ​ခဲ့​သည်။ (ယေရမိ ၁:၆-၁၀) ယေဟောဝါ​အား ယေရမိ​ယုံကြည်​စိတ်ချ​ခဲ့​သည်၊ ယင်းကြောင့် ယေဟောဝါ​ပေး​သည့်​ခွန်အား​ဖြင့် သူ၏​ဆုတ်ဆိုင်း​နေ​မှု​ကို ကျော်လွှား​နိုင်​ခဲ့​ပြီး ဣသရေလ​နိုင်ငံ​တွင် ရဲစွမ်းသတ္တိ ထူးထူးခြားခြား​ပြ​သည့် သက်သေ​တစ်ဦး​ဖြစ်​ခဲ့​သည်။

၁၁။ ယနေ့ ခရစ်ယာန်​များ​ကို အဘယ်အရာက ယေရမိ​ကဲ့သို့​ဖြစ်စေ​သနည်း။

၁၁ ယနေ့ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည်​လည်း ယေရမိ​ထမ်းဆောင်​ရသည့်​တာဝန်​မျိုး ရရှိ​ထား​ကြသည်၊ “အခြားသိုး” အဝင် “လူအုပ်ကြီး” ၏​ထောက်မ​ကူညီ​မှု​ဖြင့် သူတို့သည် လျစ်လျူရှု​မှု၊ လှောင်ပြောင်​သရော်​မှု​နှင့် နှိပ်စက်​ညှဉ်းပန်းမှု​တို့ကို ရင်ဆိုင်​ရ​လျက်​ပင် ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​များ​ကို ဆက်၍​ကြွေးကြော်​ကြသည်။ (ဗျာ. ၇:၉; ယောဟန် ၁၀:၁၆) “မကြောက်​နှင့်” ဟူ၍ ယေရမိကို ယေဟောဝါ​မိန့်တော်မူ​ခဲ့​သော​စကား​ကို​ထောက်၍ သူတို့အား​ယူ​ကြသည်။ သူတို့ကို ဘုရားသခင်​ခန့်အပ်​ထား​ကြောင်း ဘယ်တော့​မျှ​မမေ့​ဘဲ ကိုယ်တော်​၏​သတင်းတရားကို ဟောပြောလျက်​နေကြ​သည်။—၂ ကောရိန္သု ၂:၁၇

တုပထိုက်​သည့် ရဲရင့်ခြင်း​ပုံ​နမူနာ​များ

၁၂။ ယေရှုသည် ရဲရင့်ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​ပုံသက်သေ​ကောင်း ဖော်ပြ​ခဲ့​သနည်း၊ ကိုယ်တော်​၏​တပည့်​များ​ကို ကိုယ်တော်​မည်သို့​အားပေးခဲ့​သနည်း။

၁၂ ကျွန်ုပ်​တို့သည် သတ္တိရှိရှိ​ပြုမူ​ခဲ့​ကြ​သည့် ယေရမိ​ကဲ့သို့​သော အခြားသူများ​၏​ပုံ​နမူနာ​များ​ကို စေ့စေ့​စဉ်းစား​ဆင်ခြင်​မည်​ဆိုလျှင် ရဲရင့်​သည့်​စိတ်​ကြိုးစား​မွေးမြူ​ရာ​တွင် အကူအညီ​ရနိုင်​သည်။ (ဆာလံ ၇၇:၁၂) ဥပမာ၊ ယေရှု၏​ဓမ္မ​အမှုကို ကျွန်ုပ်​တို့​ဆန်းစစ်​ကြည့်​သောအခါ စာတန်​လာ​သွေးဆောင်​ချိန်​နှင့် ဂျူး​ခေါင်းဆောင်​များ အကြီးအကျယ်​အတိုက်အခံပြု​သည့်​အချိန်​တို့​တွင် ကိုယ်တော်​၏​ရဲစွမ်းသတ္တိကို ကျွန်ုပ်​တို့​အထင်ကြီး​လေးစား​ခဲ့​ကြသည်။ (လုကာ ၄:၁-၁၃; ၂၀:၁၉-၄၇) ယေဟောဝါ​ပေး​သော​ခွန်အား​ဖြင့် ယေရှုသည် မတုန်လှုပ်​ခဲ့​ပေ၊ ကိုယ်တော်​မသေဆုံးမီ​အချိန်တို​လေး​တွင် မိမိ၏​တပည့်​များ​ကို ဤသို့​မိန့်ဆိုခဲ့​၏– “သင်တို့သည် ဤ​လောက​၌ ဆင်းရဲ . . . ကို​ခံရ​ကြ​၏။ သို့သော်လည်း အားယူ​ကြလော့။ ငါသည် ဤ​လောကကို​အောင်ပြီ။” (ယောဟန် ၁၆:၃၃သမ္မာ; ၁၇:၁၆) ယေရှု၏​တပည့်​များသည် ကိုယ်တော့်​စံနမူနာ​ကို​လိုက်​ကြ​မည်​ဆိုလျှင် သူတို့လည်း ဤ​လောကကို​အောင်နိုင်သူ​များ ဖြစ်​ကြ​ပေမည်။ (၁ ယောဟန် ၂:၆; ဗျာ. ၂:၇၊ ၁၁၊ ၁၇၊ ၂၆) သို့သော် သူတို့ ‘ရဲရင့်’ ဖို့​လို​ပေမည်။

၁၃။ ဖိလိပ္ပိ​မြို့သား​များ​ကို ပေါလု မည်သို့​အားပေးခဲ့​သနည်း။

၁၃ ယေရှု​သေဆုံး​ပြီး​နောက် နှစ်​အနည်းငယ်​အကြာတွင် ပေါလု​နှင့် သိလ​တို့သည် ဖိလိပ္ပိ​မြို့၌ အကျဉ်း​ချ​ခံရ​သည်။ နောက်ပိုင်း​တွင် “[သူတို့၏] ရန်သူများ​ကြောင့် အလျှင်း​မကြောက်ရွံ့​မတုန်လှုပ်​ဘဲ၊ တစ်ပါး​တည်း​သော စိတ်​ဝိညာဉ်​၌​တည်​၍၊ ဧဝံဂေလိတရား [“သတင်းကောင်း၊” က​ဘ] နှင့်​ဆိုင်သော ယုံကြည်ခြင်း​အဖို့​အလို​ငှာ တညီတညွတ်​တည်း ကြိုးစား​အားထုတ်” ကြ​ရန် ဖိလိပ္ပိ​အသင်းတော်ကို ပေါလု​အားပေးခဲ့​၏။ သူတို့​ပို​အားရှိစေ​ရန် ပေါလု​ဤသို့​ပြောဆို​သေး​သည်– ဤ “အကြောင်းအရာ [ခရစ်ယာန်​များ နှိပ်စက်​ညှဉ်းပန်း​ခံရ​ခြင်း] သည် [နှိပ်စက်​ညှဉ်းပန်း​သူတို့] ၌ ပျက်စီးခြင်း​၏​နိမိတ်​လက္ခဏာ​ဖြစ်၏။ ဘုရားသခင်​စီရင်တော်မူ​သော​အားဖြင့် သင်တို့၌​ကား ကယ်တင်ခြင်း​၏​နိမိတ်​လက္ခဏာ​ဖြစ်၏။ အကြောင်း​မူ​ကား သင်တို့သည် . . . ခရစ်တော်​ကို​ယုံကြည်ခြင်း​အခွင့်​မှတစ်ပါး၊ ခရစ်တော်​အတွက်​ကြောင့် ဆင်းရဲခံ​ရခြင်း​အခွင့်​ကို ကျေးဇူးတော်​အားဖြင့်​ရ​ကြ​၏။”—ဖိလိပ္ပိ ၁:၂၇-၂၉

၁၄။ ပေါလု​၏​ရဲရင့်ခြင်း​ကြောင့် ရောမမြို့​တွင် အဘယ်​အကျိုး​ဖြစ်ထွန်း​ခဲ့​သနည်း။

၁၄ ဖိလိပ္ပိ​အသင်းတော်​ထံ ပေါလု​စာရေး​ချိန်​တွင် သူသည် ထောင်​ပြန်​ကျနေ​သည်၊ ဤ​အကြိမ်​တွင်​မူ ရောမမြို့​၌​ဖြစ်၏။ သို့​တိုင်၊ အခြား​သူများကို ရဲရင့်စွာ ဆက်လက်​ဟောပြောခဲ့​သည်။ အဘယ်​အကျိုး​ဖြစ်ထွန်း​ခဲ့​သနည်း။ သူ​ဤသို့​ရေးသားခဲ့​သည်– “ငါ​၏​အကျဉ်း​ခံရ​ခြင်း​သည် ခရစ်တော်​နှင့်​စပ်ဆိုင်​ကြောင်း ကိုယ်ရံတော်​တစ်တပ်လုံး​မှ​စ၍ ကြွင်း​သော​သူအပေါင်း​တို့​တွင် ထင်ရှား​၏။ အရှင်​ဘုရား​၌​တည်​သော ညီအစ်ကို​တို့​အနက် များစွာသော​သူတို့​သည်လည်း ငါ​ခံရ​သော​ချည်နှောင်ခြင်း​ကြောင့် ယုံကြည်​စိတ်ချ​၍ ကြောက်ရွံ့​ခြင်း​မရှိဘဲ ဘုရားသခင်​၏​နှုတ် [မြွက်] တော်​ကို သာ၍​ဟောပြော​ဝံ့​ကြ​၏။”—ဖိလိပ္ပိ ၁:၁၃၊ ၁၄သမ္မာ။

၁၅။ ကျွန်ုပ်​တို့​ရဲရင့်ခြင်း​ရှိ​ရန် စိတ်ပိုင်းဖြတ်​ချက်​ကို ခိုင်ခံ့​စေ​မည့် ယုံကြည်ခြင်း​ရှိ ပုံ​နမူနာ​ကောင်း​များ​ကို အဘယ်​နေရာတွင် တွေ့ရှိ​နိုင်​မည်​နည်း။

၁၅ ပေါလု​၏​ပုံသက်သေ​သည် ကျွန်ုပ်​တို့အတွက် အားပေးမှု​ဖြစ်သည်။ အာဏာရှင်​ဆန်​ဆန်​အုပ်ချုပ်ရေး၊ ဓမ္မ​ဆရာ​အုပ်ချုပ်ရေး​အောက်​ရှိ နိုင်ငံ​များစွာ​တွင် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရသည့် မျက်မှောက်ခေတ်​ခရစ်ယာန်​များ​တင်ပြသော ပုံသက်သေ​ကောင်း​များသည်​လည်း အလားတူ​ဖြစ်သည်။ အဆိုပါ​ပုံသက်သေ​ကောင်း​များစွာကို ကင်းမျှော်စင်​နှင့် နိုးလော့!မဂ္ဂဇင်း​များ​တွင်​လည်းကောင်း၊ ယေဟောဝါသက်သေ​များ​၏ နှစ်ချုပ်​စာအုပ်​များ​တွင်​လည်းကောင်း ရေးသား​ဖော်ပြ​ထား​၏။ ထို​သမိုင်း​မှတ်တမ်းများ​ကို သင်​ဖတ်ရှု​သောအခါ သူတို့၏​အတွေ့အကြုံ​များ​ကို ပြောပြ​သူများ​သည် ကျွန်ုပ်​တို့​ကဲ့သို့​ပင် သာမန်​လူများ​ဖြစ်​ကြ​ကြောင်း; အလွန်​ခက်ခဲ​သော​အခြေအနေ​များ​ကို သူတို့​တွေ့ကြုံ​ကြ​ရ​သော်လည်း ယေဟောဝါ​သည် သူတို့ကို သာမန်​ထက်​ထူးကဲ​သောတန်​ခိုး​တော်​ကို ပေးသနား​ခဲ့​သဖြင့် သူတို့​ခံရပ်​နိုင်​ခဲ့​ကြောင်း သတိရပါ။ ထိုသို့​သော​အခြေအနေ​မျိုး​ပေါ်လာ​ပါ​က ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို ထပ်တူ​ခွန်အား​ပေး​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။

ကျွန်ုပ်​တို့၏​ရဲရင့်​သော​ရပ်တည်မှုက ယေဟောဝါ​အလိုတော်နှင့်​တွေ့​ပြီး ကိုယ်တော်​ကို ဂုဏ်တင်

၁၆၊ ၁၇။ ယနေ့ ရဲရင့်​သော​သဘောကို ကျွန်ုပ်​တို့​မည်သို့​မွေးမြူ​နိုင်​မည်​နည်း။

၁၆ ခရစ်ယာန်​တစ်ဦး​သည် အမှန်တရား​နှင့် ဖြောင့်မတ်ခြင်း​အတွက် အခိုင်အမာ​ရပ်တည်​မည်​ဆိုလျှင် ထို​သူသည် ရဲရင့်ခြင်းရှိ၏။ သူသည် ကြောက်ရွံ့​တုန်လှုပ်​နေ​သော်လည်း ထိုသို့​ရပ်တည်​မည်​ဆိုလျှင် ပို​၍​ပင် ရဲရင့်​ပေ​သည်။ အမှန်​မှာ၊ မည်သည့်​ခရစ်ယာန်​မဆို​သည် ယေဟောဝါ​၏​အလိုတော်ကို အမှန်ပင်​ထမ်းဆောင်​လိုလျှင်၊ ဆက်၍​တည်ကြည်​ရန် စိတ်​ဆုံးဖြတ်ထား​မည်​ဆိုလျှင်၊ ဘုရားသခင်​ကို အစဉ်မပြတ်​ယုံကြည်​ကိုးစား​မည်​ဆိုလျှင်၊ အတိတ်​က မရေမတွက်​နိုင်သော မိမိ​ကဲ့သို့​သော​သူများကို ယေဟောဝါ​ခွန်အား​ပေး​ခဲ့​ကြောင်း အမြဲ​အမှတ်ရနေ​မည်​ဆိုလျှင် ရဲရင့်ခြင်း​ရှိ​နိုင်​ပေ​သည်။ ထို့​ပြင်၊ ကျွန်ုပ်​တို့၏​ရဲရင့်​သော​ရပ်တည်မှု​ကို ယေဟောဝါ​နှစ်သက်၍ ဂုဏ်ယူ​ကြောင်း ကျွန်ုပ်​တို့​သိ​ရှိလျှင် အလျှော့မပေး​ရန် ပို​၍​ပင် စိတ်ပိုင်းဖြတ်​ထား​ပေမည်။ ကျွန်ုပ်​တို့သည် ကိုယ်တော့်​ကို အလွန်​ချစ်​မြတ်နိုးသော​ကြောင့် လှောင်ပြောင်​သရော်​မှု သို့​မဟုတ် ထို​ထက်မက​ပင်​ခံ​ဖို့ အသင့်ရှိ​ကြသည်။—၁ ယောဟန် ၂:၅; ၄:၁၈

၁၇ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​ကြောင့် ဆင်းရဲခံ​နေရ​လျှင် ကျွန်ုပ်​တို့​အမှား​တစ်ခုခု​လုပ်ထား​မိ​၍ ဤသို့​ခံရ​ခြင်း​မဟုတ်ပါ။ (၁ ပေတရု ၃:၁၇) ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံ​ခြင်း၊ ကောင်းမှု​ပြုခြင်း၊ လောက​နှင့်​မစပ်ဆိုင်​ခြင်း​တို့​ကြောင့် ကျွန်ုပ်​တို့​ဆင်းရဲခံ​နေကြ​ရ၏။ ယင်း​နှင့်​စပ်လျဉ်း၍၊ တမန်​တော်​ပေတရု​က ဤသို့​ဆို​ခဲ့​သည်– “ကောင်းမွန်​စွာ​ပြု​၍ ဆင်းရဲခံ​ရသောအခါ သည်းခံ​လျှင်၊ ဘုရားသခင့်​ရှေ့တော်၌ ကျေးဇူးရှိ​၏။” ထို့​ပြင် ပေတရု​ဤသို့​လည်း​ဆို​၏– “ဘုရားသခင်​၏​အလိုတော်အတိုင်း . . . ဆင်းရဲခံ​ရသော​သူတို့သည် ကောင်းသော​အကျင့်ကို​ကျင့်​သည်​တွင် သစ္စာ​ရှိတော်မူသော ဖန်ဆင်း​တော်​မူ​သည့်​အရှင့်​ထံ​၌ မိမိတို့​အသက်​ဝိညာဉ်​ကို အပ်နှံ​ကြ​စေ။” (၁ ပေတရု ၂:၂၀; ၄:၁၉သမ္မာ) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​သည် ကျွန်ုပ်​တို့၏​မေတ္တာရှင်​ဘုရားသခင် ယေဟောဝါ​၏​အလိုတော်နှင့်​တွေ့​ပြီး ကိုယ်တော်​ကို​ဂုဏ်တင်​သည်။ ရဲစွမ်းသတ္တိ​ရှိ​ရန် အကြောင်းကောင်း​တစ်ရပ်​ဖြစ်သည်​တကား!

အာဏာပိုင်​များနှင့်​စကားပြော​ဆို​ခြင်း

၁၈၊ ၁၉။ တရားသူကြီး​တစ်ဦး​ရှေ့ ကျွန်ုပ်​တို့​ရဲရင့်စွာ​ရပ်တည်​သည့်​အခါ တစ်နည်း​အားဖြင့် သူတို့အား အဘယ်အရာကို​သိစေ​သနည်း။

၁၈ ယေရှု၏​နောက်လိုက်​များသည် နှိပ်စက်​ညှဉ်းပန်း​ခံရ​မည်​ဟု ကိုယ်တော်​မိန့်ကြား​ချိန်​တွင် ဤသို့​လည်း​မိန့်ဆိုခဲ့​သေး​သည်– “[လူတို့သည်] သင်တို့ကို လွှတ်​ရုံး​သို့​အပ်နှံ​ကြလိမ့်မည်။ တရား​ဇရပ်​တို့​၌ ရိုက်​ကြလိမ့်မည်။ ထို​သူတို့​မှ​စ၍ တစ်ပါး​အမျိုးသား​တို့အား သက်သေ​ဖြစ်စေ​ခြင်း​ငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်​ထံ​သို့ ငါ့​ကြောင့် သင်တို့ကို​ပို့ဆောင်​ကြလိမ့်မည်။” (မဿဲ ၁၀:၁၇၊ ၁၈) မဟုတ်မမှန်​စွပ်စွဲ​ခံရ​ပြီး တရားသူကြီး​တစ်ဦး သို့​မဟုတ် အုပ်စိုးရှင်​တစ်ဦး​ရှေ့ ဆင့်ခေါ်​ခံရ​သည့်​အခါ ရဲရင့်​ဖို့​လို​သည်။ သို့​တိုင်၊ ၎င်း​အချိန်​အခါ​များ​ကို​အသုံးပြု၍ သတ္တိရှိရှိ​သက်သေခံ​လျှင် ကျွန်ုပ်​တို့သည် အရေးကြီးသော​အမှုကို အောင်မြင်​ပြီးမြောက်​စေရန် ခဲယဉ်း​သော​အခြေအနေ​တစ်ခု​ကို အခွင့်ကောင်း​ယူ​လိုက်ခြင်း​ဖြစ်သည်။ တစ်နည်း​အားဖြင့်၊ ကျွန်ုပ်​တို့ကို​တရား​စီရင်​နေ​သူများ​အား ဆာလံကျမ်း​အခန်းကြီး​နှစ်​တွင်​ပါ​သည့် ယေဟောဝါ​၏ ဤ​စကား​များ​ကို ကြားသိ​စေ​သည်– “သို့​ဖြစ်၍ ဘုရင်​မင်းတို့ ပညာသတိ​ရှိကြလော့။ မြေကြီးပေါ်​ရှိ​တရားသူကြီး​တို့ ဆုံးမခြင်း​ကို​ခံ​ကြလော့။ ကြောက်ရွံ့​သော​စိတ်​နှင့် ထာဝရ​ဘုရား​အား​ဝတ်ပြု . . . ကြလော့။” (ဆာလံ ၂:၁၀၊ ၁၁သမ္မာ) ယေဟောဝါသက်သေ​များသည် တရားရုံး​၌ မှားယွင်းစွာ စွပ်စွဲ​ခံရသော​အခါ တရားသူကြီး​များသည် လွတ်လပ်​စွာ​ဝတ်ပြု​ကိုးကွယ်​မှု​ကို မကြာခဏ အတည်ပြု​ထောက်ခံ​ပေး​ခဲ့​ကြ​ရာ ယင်း​အတွက် ကျွန်ုပ်​တို့​ကျေးဇူး​တင်​လေးမြတ်​ကြသည်။ သို့ရာတွင်၊ တရားသူကြီး​တချို့​မူ အတိုက်အခံပြု​သူများ​၏ ဩဇာ​လွှမ်းမိုးမှုကို​ခံ​ခဲ့​ကြသည်။ ထိုသို့​သော​တရားသူကြီး​များ​ကို ကျမ်းစာ​က “ဆုံးမခြင်း​ကို​ခံ​ကြလော့” ဟု​ဆို​၏။

၁၉ ယေဟောဝါ​ဘုရားသခင်​၏ ပညတ်တရား​သာ အမြင့်မြတ်ဆုံး​ဖြစ်​ကြောင်း တရားသူကြီး​များ သတိပြု​သင့်​သည်။ တရားသူကြီး​များ​အပါအဝင် လူသား​အားလုံး​တို့သည် ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့​ထံ စာရင်း​ရှင်း​ရမည်​ဖြစ်​ကြောင်းကို သူတို့​သတိရ​သင့်​၏။ (ရောမ ၁၄:၁၀) ကျွန်ုပ်​တို့​နှင့်​ပတ်သက်​၍ တရားသူကြီး​တစ်ဦး တရား​မျှတ​စွာ​စီရင်​သည်​ဖြစ်စေ၊ မစီရင်​သည်​ဖြစ်စေ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို​ထောက်မ​သောကြောင့် ရဲရင့်​စ​ရာ​အကြောင်း​များစွာ​ရှိသည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ကိုယ်တော်၌ ခိုလှုံ​သော​သူအပေါင်း​တို့သည် မင်္ဂလာ​ရှိကြ​၏။”—ဆာလံ ၂:၁၂သမ္မာ။

၂၀။ နှိပ်စက်​ညှဉ်းပန်းမှု​နှင့် သွားပုပ်လေလွင့်​ပြောဆိုမှု​တို့ကို ကျွန်ုပ်​တို့​ခံရ​ကြ​လျှင် အဘယ်ကြောင့်​ပျော်ရွှင်​နိုင်​ကြ​သနည်း။

၂၀ တောင်ပေါ်​တရားဟော​ချိန်​တွင် ယေရှု​ဤသို့​မိန့်ဆိုခဲ့​၏– “ငါ့​ကြောင့် သင်တို့ကို ကဲ့ရဲ့​ညှဉ်းဆဲ​၍ မမှန်​ဘဲ​လျက် အပြစ်​တကာ​တင်​ကြသောအခါ၊ သင်တို့သည် မင်္ဂလာ​ရှိကြ​၏။ ဝမ်းမြောက်​ရွှင်မြူး​ခြင်း​ရှိကြလော့။ အကြောင်း​မူ​ကား၊ ကောင်းကင်ဘုံ​၌ သင်တို့၏​အကျိုး​သည်​ကြီး​လှ​ပေ​၏။ သင်တို့​ရှေ့​က​ပေါ်ထွန်း​သော ပရောဖက်​တို့ကို ထို​နည်းတူ​ညှဉ်းဆဲ​ကြပြီ။” (မဿဲ ၅:၁၁၊ ၁၂) နှိပ်စက်​ညှဉ်းပန်း​ခြင်း​ကိုယ်နှိုက်​က နှစ်မြို့​ဖွယ်​မဟုတ်သော်လည်း လူထု​ဆက်သွယ်ရေး​များ​မှ သွားပုပ်လေလွင့်​သတင်း​များ​လွှင့်​ခြင်း​အပါအဝင် နှိပ်စက်​ညှဉ်းပန်းမှု​များ​ကြား ခိုင်မြဲ​စွာ​ရပ်တည်ခြင်း​က ဝမ်းမြောက်စရာ​အကြောင်း​ဖြစ်သည်။ ထိုသို့​ရပ်တည်ခြင်း​သည် ယေဟောဝါ​၏​အလိုတော်​ကျ​ဖြစ်​ရာ ဆုကျေးဇူး​ခံစားရ​မည် သေချာ​သည်။ ကျွန်ုပ်​တို့ ရဲရင့်စွာ​ရပ်တည်ခြင်း​က ကျွန်ုပ်​တို့​၌ စစ်မှန်သော​ယုံကြည်ခြင်း​ရှိကြောင်း တင်ပြ​ပြီး ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ဖို့ သေချာ​သည်။ ယေဟောဝါ​ကို ကျွန်ုပ်​တို့ အပြည့်အဝ​ယုံကြည်​ကိုးစား​ကြောင်း ယင်းက​ဖော်ပြ​နေခြင်း​ဖြစ်၏။ နောက်​ဆောင်းပါး​ဖော်ပြ​မည့်​အတိုင်း ထိုသို့​ယုံကြည်​ကိုးစားခြင်း​သည် ခရစ်ယာန်​တစ်ဦး​အတွက် အရေးပါ​၏။

သင်​အဘယ်အရာ​သိရှိ​ခဲ့​သနည်း

• ယနေ့ အဘယ်​အခြေအနေ​မျိုး​တွင် ရဲရင့်​ဖို့​လို​သနည်း။

• ရဲရင့်ခြင်း​အရည်အသွေးကို မည်သို့​ပြုစု​ပျိုးထောင်​နိုင်​မည်​နည်း။

• ရဲရင့်ခြင်း​ကို ကောင်းစွာ​ဖော်ပြ​ခဲ့​ကြ​သူတချို့​ကား မည်သူ​များ​နည်း။

• ရဲရင့်မှု​ဖြင့် ကျွန်ုပ်​တို့ အဘယ်ကြောင့်​လုပ်ဆောင်​လို​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဂျာမနီ​နိုင်ငံ​မှ ဆီ​မွန် အာနယ်လ် (ယခု လိ​ဘ်​စ​တာ)၊ မာလာဝီ​နိုင်ငံ​မှ ဝီဒက်စ် မက်​ဒွန်​နာ၊ ယူကရိန်း​နိုင်ငံ​မှ လစ်ဒီယာ​နှင့် အို​လက်​ခ်​ဆေး ကူ​ရ်ဒက်စ်​တို့သည် ရဲရင့်မှု တင်ပြ​ခဲ့​ကြ​ပြီး မတရားသူ​ကို ခုခံ​တွန်းလှန်​ခဲ့​ကြ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သတင်းကောင်းကို ကျွန်ုပ်​တို့​မရှက်​ကြ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ထောင်​ထဲ​တွင် ပေါလု​ရဲရင့်​ခဲ့​ရာ သတင်းကောင်း​အတွက် အကျိုးများစွာ​ရှိခဲ့

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့၏​ကျမ်း​ဆိုင်ရာ​ရပ်တည်မှု​ကို တရားသူကြီး​အား ရဲရင့်စွာ​ရှင်းပြ​မည်​ဆိုလျှင် အရေးကြီးသော​သတင်းတရားကို အသိပေး​နေကြ