မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတိုင်မီနှင့် ပြီးနောက် သူ့ဘဝ လုံးလုံးပြောင်းလဲခဲ့

မတိုင်မီနှင့် ပြီးနောက် သူ့ဘဝ လုံးလုံးပြောင်းလဲခဲ့

“ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်”

မတိုင်မီ​နှင့် ပြီး​နောက် သူ့​ဘဝ လုံးလုံး​ပြောင်းလဲ​ခဲ့

မတ်စီပဲန်း​အတွက် ဘဝ​ဟူသည် မနှစ်မြို့ဖွယ်​ကောင်းပြီး အဓိပ္ပာယ်​မရှိ​လိုက်​လေ​ခြင်း! သူသည် တောင်​အာဖရိက​အလယ်​ရှိ လီဆိုသိုး​နိုင်ငံ​မှ လုံမငယ်​တစ်ဦး​ဖြစ်​ခဲ့​သည်။ မတ်စီပဲန်း​သည် ချာ့ခ်ျ​ဘာသာဝင်​တစ်ဦး​အဖြစ် ကြီးပြင်း​လာ​၏။ ဘုရားသခင်​ထံ​ချဉ်းကပ်​နိုင်​ဖို့ အကူအညီ​ရမည့်​အစား [ခရစ်ယာန်]သီလရှင်​များ​က သူ့ကို​ငွေပေး၊ ဖြားယောင်း​ကာ နှစ်များ​စွာ သူတို့ နှင့်အတူ အကျင့်​ယိုယွင်းမှု​များ​ကို ပြုကျင့်​စေ​ကြသည်။

ယင်းကြောင့် မတ်စီပဲန်း​သည် ဘာသာရေး​ကို​စိတ်ကုန်​သွားပြီး မေတ္တာပြည့်​ဝ​သည့်​ဖန်ဆင်း​ရှင်​သည် ဖန်ဆင်း​ခံ​လူသားများ​ကို အမှန်​ဂရုစိုက်​တော်​မူ​ကြောင်း မယုံကြည်​နိုင်​ခဲ့​ချေ။ လျစ်လျူရှု​ပစ်ပယ်​ခံရ​၍ မတော်မတရား​ပြုကျင့်​ခံ​ခဲ့​ရသော​ကြောင့် မတ်စီပဲန်း​တွင် အလွန်​နာကြည်းဖွယ် စိတ်ဒဏ်ရာ​များ​ရှိ၍ မိမိသည် လုံးလုံး​တန်ဖိုး​မရှိ​ဟု ခံစား​နေရ​ရှာ​သည်။ ယင်းကြောင့် သူသည် အလွန်​ကြမ်းတမ်း​၍ ရန်လို​သူ​တစ်ဦး​ဖြစ်လာ​ရာ ရာဇဝတ်မှု​ကျူးလွန်​သူ​ဖြစ်​ခဲ့​လေ​သည်။

အဆုံး​တွင် မတ်စီပဲန်း​သည် မီး​ရထား​စီး​သူများကို လုယက်​သည့်​ဂိုဏ်းဝင်​တစ်ဦး​ဖြစ်လာ​၏။ သူ​အဖမ်း​ခံရ​ပြီး တောင်​အာဖရိက​၌ ထောင်ကျ​ခဲ့​သည်။ နောက်ပိုင်း​တွင် သူ၏​အမိ​မြေ၊ လီဆိုသိုး​နိုင်ငံ​သို့ ပြည်နှင်ခံရ​ရာ ထို​တွင် ရာဇဝတ်မှု၊ သောက်ကြူး​မှု၊ အကြမ်းဖက်မှု​နှင့် အကျင့်​ယိုယွင်းမှု ပြည့်နှက်​သည့်​ဘဝဖြင့် ဆက်​အသက်ရှင်ခဲ့​သည်။

အလွန်​စိတ်ဓာတ်​ကျနေ​ချိန် တစ်ချိန်​တွင် မတ်စီပဲန်း​သည် တွယ်​မိ​တွယ်​ရာ​သဘော​မျိုး​ဖြင့် ဘုရားသခင်​ထံ အကူအညီ​တောင်း​လေ​သည်။ သူက “ဘုရားသခင်၊ ဒီ​အခြေအနေ​က ကျွန်မ​လွတ်မြောက်မယ်​ဆိုရင် ကိုယ်တော်​ကို ကျွန်မ​တတ်နိုင်​သမျှ အမှုထမ်း​ပါ့​မယ်” ဟု​ကတိပြု​ခဲ့​သည်။

မကြာမီ ယေဟောဝါသက်သေ​များ​ဖြစ်​ကြသော ခရစ်ယာန်​သာသနာပြု​များ မတ်စီပဲန်း​ထံ​ရောက်လာ​သည်။ သူ့ကို ကျမ်းစာ​သင်အံမှု ကမ်း​လှမ်း​ခဲ့​ကြသည်။ ထိုသို့​ကျမ်းစာ​လေ့လာ​ရာ​မှ ဘုရားသခင်​သည် လျစ်လျူရှုပြီး ဂရုမစိုက်​တတ်သော​ပုဂ္ဂိုလ်​မဟုတ်​ကြောင်း သူသိ​ရှိလာ​ခဲ့​သည်။ အမှန်​မှာ၊ “မုသာ​၏​အဘ” စာတန်​သည် စဉ်းလဲ​၍ လှည့်စား​တတ်သော​နည်း​ဗျူဟာ​များ​အသုံးပြု​ကာ မိမိတို့​တန်ဖိုး​မရှိ​ဟု လူ​တို့ကို​အထင်​ရှိစေပြီး ယေဟောဝါ​သည် မိမိတို့ကို ဘယ်​သောအခါ​မျှ​ချစ်​နိုင်​မည်​မဟုတ်​ဟု ထင်မှတ်​စေ​ကြောင်း သူသိ​မြင်လာ​ခဲ့​သည်။—ယောဟန် ၈:၄၄; ဧဖက် ၆:၁၁

ယင်း​နှင့်​ဆန့်ကျင်​လျက် ကျွန်ုပ်​တို့သည် အတိတ်​မှ​အပြစ်​များ​ကို နောင်တ​ယူ၍ ဘုရားသခင့်​ခွင့်လွှတ်​မှု​ရှာယူ​ပြီး ကိုယ်တော့်​စိတ်တော်နှင့်​တွေ့​ဖို့ ကြိုးစား​လျှင် ကိုယ့်​ကိုယ်ကို လေးစား​နိုင်​ကြောင်း သိရှိ​လာသော​အခါ မတ်စီပဲန်း​အတွက် စိတ်သက်သာ​စ​ရာ​ပါ​တကား! ဘုရားသခင်​သည် “[ကျွန်ုပ်​တို့ ] ၏​စိတ်နှလုံး​ထက် သာ၍​ကြီးမြတ်” တော်​မူ​ပြီး ကိုယ်တော်​သည် ကျွန်ုပ်​တို့​ကိုယ်ကို ရှုမြင်ပုံ​နှင့် လုံးဝ​ခြားနား​စွာ​ရှုမြင်တော်မူ​ကြောင်း သိ​နားလည်​လာရန် အကူအညီ​ရခဲ့​သည်။—၁ ယောဟန် ၃:၁၉၊ ၂၀

မတ်စီပဲန်း​သည် ဆာလံဆရာ​၏ ဤ​စကား​များ​ကို​ဖတ်ရှု​ပြီး အလွန်​ဝမ်းသာ​ပီတိ​ဖြစ်​ခဲ့​ရသည်– “[ယေဟောဝါ] သည် နှလုံး​ကြေကွဲ​သူတို့နှင့်​နီး​တော်​မူ​၏။ စိတ်​ကြေမွ​သူတို့ကိုလည်း ကယ်တင်​တော်​မူ​၏။” (ဆာလံ ၃၄:၁၈သမ္မာ) ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​အချို့ စိတ်မချ​မ်း​မ​သာ​ဖြစ်​ပြီး အရေးမပါ​သူ​ဖြစ်၏​ဟု ခံစားရ​လျှင်​ပင် ထို​သူတို့ကို​စွန့်​တော်​မ​မူ​ကြောင်း “စိတ်​ကြေမွ” နေ​သူ​တစ်ဦး​ဖြစ်သူ မတ်စီပဲန်း​သိရှိ​လာ​သည်။ ဘုရားသခင်​သည် မိမိ၏​သိုး​အားလုံး​ကို ဂရုစိုက်​တော်​မူ​ပြီး ခက်ခဲ​သော​အချိန်​များ​တွင် သူတို့ကို ထောက်မ​ကူညီ​တော်​မူ​ကြောင်း သိလာ​ရသည့်အခါ စိတ်​ကြည်နူး​မိ​သည်။ (ဆာလံ ၅၅:၂၂; ၁ ပေတရု ၅:၆၊ ၇) အထူးသဖြင့် “ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ ပြု​လျှင်၊ သင်တို့ ၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟူသော​စကား​က သူ့​စိတ်​ကို​ထိမိ​ခဲ့​သည်။—ယာကုပ် ၄:၈

များ​မကြာမီ မတ်စီပဲန်း​၏​ဘဝတွင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​၏​တန်ခိုး ထင်ရှား​လာ​လေ​သည်။ သူသည် ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​ပြီး ကျမ်းစာ​နှင့်​မညီသော​အကျင့်​များ​ကို စွန့်ပစ်​စ​ပြု​သည်။ ရလဒ်​ကား အဘယ်နည်း။ ဘုရားသခင့်​မေတ္တာ​နှင့် ကိုယ်တော်​၏​မျက်နှာသာတော်​ကို သူ​မခံစားထိုက်​ဟု မယူမှတ်​တော့​ချေ။ ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် သူ​နှစ်ခြင်း​ခံ​ပြီး​ကတည်းက သူသည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ကြွေးကြော်​သူ​တစ်ဦး​အနေ​နှင့် ခရစ်ယာန်​ဓမ္မ​အမှု​တွင် နာရီ​ပေါင်း​ထောင်ချီ​၍ ပါဝင်​ခဲ့ပြီ။ အတိတ်​မှ စိတ်ဒဏ်ရာ​များ​ရှိနေ​စေ​ကာ​မူ ယခု မတ်စီပဲန်း​သည် အဓိပ္ပာယ်​ပြည့်ဝ​ပြီး ပျော်စရာ​ကောင်း​သည့်​ဘဝကို ပျော်မွေ့​နေသည်။ လူ့​ဘဝကို တိုးတက်​ကောင်းမွန်​စေသော သမ္မာကျမ်းစာ​၏​တန်ခိုးတော် ထင်ရှား​ခြင်း​ပါ​တကား!—ဟေဗြဲ ၄:၁၂

[စာမျက်နှာ ၉ ပါ အကျဉ်း​ဖော်ပြချက်]

“ဘုရားသခင်၊ ဒီ​အခြေအနေ​က ကျွန်မ​လွတ်မြောက်မယ်​ဆိုရင် ကိုယ်တော်​ကို ကျွန်မ​တတ်နိုင်​သမျှ အမှုထမ်း​ပါ့​မယ်”

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

အကျိုး​သက်ရောက်​သော ကျမ်းစာ​မူများ

မတော်မတရား​ဆက်ဆံ​ခံ​ခဲ့​ရသူများကို နှစ်သိမ့်​ပေး​သော ကျမ်းစာ​မူများ​တွင် အောက်ပါ​တို့​ပါဝင်​သည်–

အကျွန်ုပ်၏​စိတ်​ထဲမှာ စိုးရိမ်​ကြောင့်ကြ​ခြင်း​များပြား​သောအခါ [ဘုရားသခင်​၏] နှစ်သိမ့်​တော်​မူ​ခြင်း​သည် အကျွန်ုပ်​ကို​ရွှင်လန်း​စေပါ​၏။” (ဆာလံ ၉၄:၁၉သမ္မာ) သမ္မာ​ကျမ်းစာ​ပါ ယေဟောဝါ​၏ “နှစ်သိမ့်​တော်​မူ​ခြင်း” သည် အကြီးအကျယ်​စိတ်သက်သာ​မှု​ပေး​သည်။ ၎င်းတို့ကို တွေးတော​ဆင်ခြင်​ပြီး ဆုတောင်း​သည့်​အခါ စိုးရိမ်​ပူပန်မှု​များ​လျော့နည်းစေ​ပြီး ဘုရားသခင်​သည် နားလည်မှု​ရှိသော​မိတ်ဆွေ​တစ်ဦး​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချမှု​တိုးပွား​စေ​သည်။

“[ယေဟောဝါ​သည်] နှလုံး​ကြေကွဲ​သော​သူတို့ကို နှစ်သိမ့်​စေ​၍ သူတို့​ဒဏ်ချက်​များ​ကို​ပတ်​စည်း​တော်​မူ​၏။” (ဆာလံ ၁၄၇:၃သမ္မာ) ယေဟောဝါ​၏ ကရုဏာတော်​နှင့် ယေရှု၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်​အားဖြင့် ကျွန်ုပ်​တို့၏​အပြစ်​များ​ကို ဖုံးအုပ်​ရန် ကိုယ်တော်​၏​အစီအစဉ်ကို ကျွန်ုပ်​တို့​တန်ဖိုး​ထား​လေးမြတ်မည်​ဆိုလျှင် ကိုယ့်​ကိုယ်ကို ဆက်​အပြစ်တင်​မနေ​ဘဲ ဘုရားသခင်​ထံ ယုံကြည်​စိတ်ချ​စွာ ချဉ်းကပ်​နိုင်​ကြသည်။ ယင်းက တု​နှိုင်း​၍​မရ​သော​နှစ်သိမ့်မှု​နှင့် စိတ်​ငြိမ်သက်မှု​ရစေ​နိုင်​သည်။

“ငါ့ကို​စေလွှတ်​တော်​မူ​သော​ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင်၊ အဘယ်သူမျှ​ငါ့ [ယေရှု​ခရစ်] ထံ​သို့​မလာ​နိုင်။ လာသော​သူကို နောက်ဆုံးသော​နေ့၌ ငါ​ထမြောက်​စေမည်။” (ယောဟန် ၆:၄၄) ယေဟောဝါ​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​အားဖြင့် သားတော်​ထံ​သို့ ကျွန်ုပ်​တို့ကို ကိုယ်တိုင်​သွေးဆောင်​တော်​မူ​ပြီး ထာဝရ​အသက် မျှော်လင့်ချက်​ပေး​တော်​မူ​၏။