မမေ့အပ်သော နေ့
မမေ့အပ်သော နေ့
အဆိုပါနေ့သည် လူသားတို့၏လမ်းစဉ်ကို ထာဝရအကျိုးပြုရန် လုံးဝပြောင်းလဲစေသော နေ့တစ်နေ့ဖြစ်သည်။ လူ့အနာဂတ်ကို ဤမျှအကျိုးပြုသည့်နေ့မျိုး ရာဇဝင်တွင် မရှိခဲ့ဖူးချေ။ ထိုနေ့ကား မြေကြီးပေါ်သို့ ယေရှုကြွလာရသည့် ရည်ရွယ်ချက်အားလုံးကို ပြီးမြောက်စေသည့်နေ့ဖြစ်သည်။ ညှဉ်းဆဲရာနှက်တိုင်ပေါ် ယေရှုသံရိုက်ခံရပြီး အသက်ထွက်ချိန်တွင် နောက်ဆုံးလေသံဖြင့် ကိုယ်တော်က “အမှုပြီးပြီ” ဟုကြွေးကြော်ခဲ့သည်။ (ယောဟန် ၁၉:၃၀) အဘယ်ရည်ရွယ်ချက်အတွက် ယေရှုကြွလာခဲ့သနည်း။
ကျမ်းစာကဤသို့ဆို၏– “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။” (မဿဲ ၂၀:၂၇၊ ၂၈) ယေရှုသည် အမွေခံရသောအပြစ်နှင့်သေခြင်းမှ လူသားတို့ကိုကယ်တင်ဖို့ မိမိ၏စိုးလ် သို့မဟုတ် အသက်ကိုစွန့်ခဲ့သည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လော[က]သားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ယေရှု၏ပူဇော်ရာယဇ်သည် အလွန်တန်ဖိုးကြီးမားလိုက်လေခြင်း!
ယေရှုသေဆုံးသည့်နေ့ကို မမေ့အပ်သည့် အကြောင်းရင်းနောက်တစ်ခု ရှိသေးသည်။ ထိုနေ့ရက်တွင် ဘုရားသခင့်သားတော်သည် တမန်တော်များကို ဆက်၍တည်ကြည်မှုရှိစေမည့် အဖိုးတန်သင်ခန်းစာများ သွန်သင်ပေးခဲ့သည်။ ကိုယ်တော်နောက်ဆုံးပြောဆိုခဲ့သော စကားများသည် တပည့်များ၏နှလုံးကို ထိမိလိုက်မည်ဖြစ်ခြင်း! ကိုယ်တော်၏သွန်သင်ချက်များကား အဘယ်နည်း။ သူတို့ကို ယေရှုသွန်သင်ပေးခဲ့ရာများမှ ကျွန်ုပ်တို့ မည်သို့အကျိုးရရှိနိုင်သနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် ဆွေးနွေးသုံးသပ်ပါမည်။