မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခြားသူတို့ကို ယေဟောဝါရှုမြင်တော်မူ သကဲ့သို့ ကြိုးစားရှုမြင်လော့

အခြားသူတို့ကို ယေဟောဝါရှုမြင်တော်မူ သကဲ့သို့ ကြိုးစားရှုမြင်လော့

အခြား​သူတို့ကို ယေဟောဝါ​ရှုမြင်တော်မူ သကဲ့သို့ ကြိုးစား​ရှုမြင်​လော့

“ထာဝရ​ဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်တော်မူ​သည်မဟုတ်။”—၁ ဓမ္မ​ရာဇဝင် ၁၆:၇

၁၊ ၂။ ဧလျာဘ​ကို ယေဟောဝါ​ရှုမြင်ပုံ​ကား ရှမွေလ​ရှုမြင်ပုံ​နှင့် မည်သို့​ခြားနား​သနည်း၊ ၎င်း​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

ဘီ.စီ.အီး. ၁၁ ရာစု​တွင် ယေဟောဝါ​သည် ပရောဖက်​ရှမွေလ​ကို လျှို့ဝှက်​တာဝန်​တစ်ခု​ထမ်းဆောင်​ရန် စေလွှတ်ခဲ့​သည်။ ယေရှဲ​အမည်​ရှိသူ​တစ်ဦး၏​အိမ်​သို့​သွား​၍ သူ့​သား​တစ်ဦး​ကို ဣသရေလ​မင်းလောင်း​အဖြစ် ဆီ​သွန်းလောင်း​ရန် ထို​ပရောဖက်​အား ကိုယ်တော်​အမိန့်ပေး​ခဲ့​၏။ ရှမွေလ​သည် ယေရှဲ​၏​သားဦး ဧလျာဘ​ကို မြင်​မြင်​ချင်း​ပင် ဘုရားသခင်​ရွေးချယ်သူ​ကို မိမိ​တွေ့ရှိ​ပြီ​ဟု အခိုင်အမာ​ယူမှတ်ခဲ့​သည်။ သို့သော် ယေဟောဝါ​က ဤသို့​မိန့်တော်မူသည်– “သူ၏​မျက်နှာ၊ သူ၏​အရပ်​ကို မကြည့်​မ​ရှု​နှင့်။ သူ့ကို​ငါ​ပယ်​ပြီ။ ထာဝရ​ဘုရား​သည် လူ​မြင်​သကဲ့သို့​မြင်တော်မူ​သည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်​ကို​ကြည့်ရှု​တတ်၏။ ထာဝရ​ဘုရား​မူ​ကား နှလုံးကို​ကြည့်ရှု​တတ်​သည်။” (၁ ဓမ္မ​ရာဇဝင် ၁၆:၆၊ ၇) ရှမွေလ​သည် ဧလျာဘ​ကို ယေဟောဝါ​မြင်တော်မူ​သကဲ့သို့ မ​ရှုမြင်​ချေ။ *

လူတို့သည် သူတစ်ပါးကို ဝေဖန်​ပိုင်းခြား​ရာ​တွင် မှား​ရန် လွယ်ကူ​လိုက်​လေ​ခြင်း! အပြင်ပန်း​အရ နှစ်သက်ဖွယ်​ကောင်း​သည်​ဟု ယူမှတ်​စ​ရာ​ရှိသော်လည်း အတွင်း​၌​မူ မ​ရိုး​ဖြောင့်​သူများစွာ​ရှိ၏။ အခြား​တစ်ဖက်​တွင်​မူ စိတ်ရင်းမှန်​သူ​တစ်ဦး၏ ဥပဓိရုပ်​နှင့်​စရိုက်​များ​က ကျွန်ုပ်​တို့ကို​စိတ်​အနှောင့်အယှက်​ဖြစ်စေ​ရာ သူ့​အား ကျွန်ုပ်​တို့​အကဲဖြတ်​ပုံ​က မညှာမတာ၊ ခက်ထန်​နေ​ပေမည်။

၃၊ ၄။ (က) ခရစ်ယာန်​နှစ်ဦး​စပ်ကြား ပြဿနာ​ပေါ်​လျှင် တစ်ဦးစီ​အနေ​ဖြင့် အဘယ်အရာ​ပြုလုပ်​ဖို့ စိတ်ပိုင်းဖြတ်​သင့်​သနည်း။ (ခ) ယုံကြည်သူချင်း​တစ်ဦး​နှင့် အကြီးအကျယ်​သဘောထား​ကွဲလွဲ​ပါ​က ကျွန်ုပ်​တို့​အနေ​ဖြင့် ကိုယ့်​ကိုယ်ကို အဘယ်​မေးခွန်းများ​မေးသင့်​သနည်း။

ကျွန်ုပ်​တို့ နှစ်ချီ​သိကျွမ်း​ခဲ့​သူများ​အပါအဝင် အခြား​သူတို့ကို အလျင်စလို အကဲဖြတ်​ဝေဖန်​တတ်​လျှင် ပြဿနာ​များ​ပေါ်​နိုင်​သည်။ တစ်ချိန်က ရင်းနှီး​ကျွမ်းဝင်​ခဲ့​သော ခရစ်ယာန်​မိတ်ဆွေ​တစ်ဦး​နှင့် သင်သည် အကြီးအကျယ်​စိတ်ဝမ်းကွဲ​နေသည်​ဆိုပါစို့။ ယခု ပြန်​သင့်တင့်​လို​သလော။ သို့​ဆိုလျှင် အဘယ်အရာက အကူအညီ​ဖြစ်စေ​မည်​နည်း။

သင်၏​ခရစ်ယာန်​ညီအစ်ကို သို့​မဟုတ် ညီအစ်မ​ကို အပြု​သဘောဖြင့် အသေအချာ​ဆင်ခြင်​သုံးသပ်ပါ။ သို့​ပြု​ရာ​တွင် ယေရှု၏​ဤ​စကား​ကို ထောက်ရှု၍​ပြု​ပါ– “ငါ့ကို​စေလွှတ်​တော်​မူ​သော​ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင်၊ အဘယ်သူမျှ​ငါ့​ထံ​သို့​မလာ​နိုင်။” (ယောဟန် ၆:၄၄) ထို့နောက် သင့်ကိုယ်​သင် ဤသို့​မေးပါ– ‘ယေဟောဝါ​ဟာ ဒီ​လူကို ကိုယ်တော်​ရဲ့​သားတော်​ထံ ဘာကြောင့်​သွေးဆောင်​ခဲ့​တာလဲ။ သူ့မှာ နှစ်သက်ဖွယ် ဘာ​အရည်အချင်းတွေ​ရှိသလဲ။ အဲဒီ​အရည်အချင်းတွေကို ငါ​မမြင်​ဘဲ၊ ဒါမှ​မဟုတ် တန်ဖိုး​မထား​ဘဲ ဖြစ်နေ​လို့လား။ အစ​က ငါ​တို့ ဘာကြောင့်​မိတ်ဆွေ​တွေ​ဖြစ်​ခဲ့​ကြ​တာလဲ။ သူ့ကို ငါ ဘာကြောင့်​သဘောကျ​တာလဲ။’ အစပိုင်း​တွင် ကောင်းကွက်​များ​ကို တွေ့မြင်​ဖို့​ခက်​နေ​ပေမည်၊ အထူးသဖြင့် စိတ်​နာကြည်း​ခဲ့​သည်​မှာ ကြာမြင့်​ပြီ​ဆိုလျှင် ထိုသို့​ဖြစ်​ပေမည်။ သို့သော် သင်တို့​နှစ်ဦး​၏​စိတ်ဝမ်းကွဲ​မှု​ကို စေ့စပ်​လို​ပါ​က ထိုသို့​ပြု​ရန် အရေးကြီး​သည်။ ယင်းကို မည်သို့​ပြုလုပ်​နိုင်​ကြောင်း​သရုပ်ဖော်​ပြ​ရန် အပျက်​သဘောဖြင့် တစ်ခါတစ်ရံ​သတ်မှတ်​ခံရ​သူ လူ​နှစ်ဦး​၌ ကောင်းကွက်အချို့​ကို ရှာဖွေ​ကြည့်​ကြ​စို့။ သူတို့သည် ပရောဖက်​ယောန​နှင့် တမန်​တော်​ပေတရု​တို့​ဖြစ်သည်။

ယောန​ကို အရှိအတိုင်း​ရှုမြင်ခြင်း

၅။ ယောန​အား အဘယ်​တာဝန်​အပ်နှင်း​ခဲ့​သနည်း၊ သူ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

ယောန​သည် ယ​ဟော​ရှ​သား ဒုတိယ​မြောက် ယေရောဗောင်​မင်း​လက်ထက်​၌ မြောက်ပိုင်း​ဣသရေလ​နိုင်ငံ​တွင် ပရောဖက်​တစ်ပါး​အဖြစ် အမှုထမ်းခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၁၄:၂၃-၂၅) တစ်နေ့​သောအခါ ယေဟောဝါ​က ယောန​ကို ဣသရေလ​ပြည်​မှ​ထွက်ခွာ​သွား​၍ အင်အားကြီး​သော အာရှုရိအင်ပါယာ၏မြို့တော် နိနေဝေ​သို့ ခရီး​သွား​စေ​လို​ခဲ့​သည်။ သူ၏​အလုပ်​တာဝန်​ကား အဘယ်နည်း။ ထို​မြို့သား​တို့၏​မြို့ကြီး​သည် ပျက်စီး​တော့​မည်​ဖြစ်​ကြောင်း သတိပေး​ရန်ဖြစ်​သည်။ (ယောန ၁:၁၊ ၂) သို့သော် ယောန​သည် ဘုရားသခင်​ညွှန်ကြား​သည့်​အတိုင်း​ပြုမူ​မည့်​အစား ထွက်ပြေး​ခဲ့​သည်! နိနေဝေ​မြို့မှ အလွန်​ကွာဝေး​သော တာရှု​မြို့​သို့​သွား​မည့် သင်္ဘော​တစ်စီးပေါ် တက်​စီး​သွားခဲ့သည်။—ယောန ၁:၃

၆။ နိနေဝေ​မြို့​သို့​သွား​ရန် ယောန​ကို ယေဟောဝါ အဘယ်ကြောင့်​ရွေးချယ်​ခဲ့​သနည်း။

ယောန​အကြောင်း သင်​စဉ်းစားမိ​သောအခါ အဘယ်အရာကို​သင်​မှတ်မိ​သနည်း။ နာခံမှု​မရှိသော ပရောဖက်​တစ်ပါး​အဖြစ် သူ့ကို​ယူမှတ်​သလော။ သူ့ကို အပေါ်ယံ​ကြည့်​လျှင် ထိုသို့​ပင် ကောက်ချက်​ချ​ပေ​လိမ့်​မည်။ သို့သော် နာခံမှု​မရှိခဲ့​သောကြောင့် ဘုရားသခင်​သည် သူ့​အား ပရောဖက်​တစ်ပါး​အဖြစ် ခန့်အပ်​ခဲ့​ခြင်း​လော။ လုံးဝ​မဟုတ်​နိုင်​ပါ! ယောန​မှာ နှစ်သက်ဖွယ်​အရည်အချင်း​အချို့ ရှိခဲ့​ရ​ပေမည်။ ပရောဖက်​တစ်ပါး​အဖြစ် သူ၏​မှတ်တမ်း​ကို သုံးသပ်ကြည့်​ပါ။

၇။ ယောန​သည် ဣသရေလ​နိုင်ငံ​တွင် အဘယ်​အခြေအနေ​များ​အောက်​၌ ယေဟောဝါ​အမှုတော်ကို​ထမ်း​ခဲ့​သနည်း၊ ယင်းကို သိထားခြင်းက သူ့​အပေါ်​ရှုမြင်ပုံကို မည်သို့ အကျိုး​သက်ရောက်​သနည်း။

ယောန​သည် လက်သင့်ခံ​မှု​အလွန်​နည်းသော​နယ်မြေ၊ ဣသရေလ​နိုင်ငံ​တွင် တည်ကြည်​ပင်ပန်း​စွာ အမှုထမ်းခဲ့​သည်။ ယောန​နှင့် တစ်ခေတ်​တည်း​သား​ဖြစ်​ခဲ့​သူ ပရောဖက်​အာမုတ်​က ထို​ခေတ်​ရှိ ဣသရေလလူ​တို့သည် ရုပ်ပိုင်း​ကို​အဓိက​ထားသော အပျော်အပါး​လိုက်စားသူ​များ​ဖြစ်၏​ဟု ဖော်ပြ​ခဲ့​သည်။ * ထို​နိုင်ငံ​တွင် ဆိုးသွမ်းမှု​များစွာ ဖြစ်ပျက်​နေ​လျက်​နှင့် ဣသရေလလူ​တို့သည် ယင်း​တို့ကို လုံးဝ​လျစ်လျူရှု​ခဲ့​ကြသည်။ (အာမုတ် ၃:၁၃-၁၅; ၄:၄; ၆:၄-၆) သို့​တိုင်၊ ယောန​သည် သူတို့အား ဟောပြော​ရမည့်​တာဝန်​ကို နေ့စဉ်​ရက်​ဆက် တည်ကြည်​စွာ ထမ်းဆောင်​ခဲ့​သည်။ သင်သည် သတင်းကောင်းကို​ကြွေးကြော်​သူ​တစ်ဦး​ဖြစ်ပါ​က ကိုယ့်​ဘဝ​ကိုယ်​ကျေနပ်​နေပြီး အလေးမမူ​ဂရုမစိုက်​သူတို့ကို ဟောပြောဖို့ အလွန်​ခက်ခဲ​ကြောင်း သတိထား​မိ​ပေမည်။ သို့​ဖြစ်၍ ယောန​၏​အားနည်းချက်များ​ကို အသိအမှတ်ပြု​ကြ​စဉ် ယုံကြည်ခြင်း​ကင်းမဲ့​သော​ဣသရေလလူ​တို့အား သူ​ဟောပြော​ရာ​တွင် သူ၏​တည်ကြည်မှု​နှင့် ခံနိုင်ရည်​ကို ကျွန်ုပ်​တို့​အမှုမဲ့​အမှတ်မဲ့ မနေကြ​စို့​နှင့်။

၈။ ဣသရေလ​ပရောဖက်​တစ်ဦး​သည် နိနေဝေ​မြို့တွင် အဘယ်​အခက်အခဲ​များ ရင်ဆိုင်​ရ​စ​ရာ​ရှိ​မည်​နည်း။

နိနေဝေ​မြို့​သို့​သွား​ရန်​တာဝန်​သည် ထို​ထက်​ပင်​ခက်ခဲ​ပေ​သည်။ ထို​မြို့​သို့​ရောက်​ဖို့ ယောန​သည် မိုင်​ပေါင်း ၅၀၀ ခန့် ခြေလျင်​ခရီး​သွား​ရမည်​ဖြစ်​ပြီး တစ်လ​နီးပါး​ကြာမြင့်​မည့် ခက်ခဲ​သော​ခရီးစဉ်​ဖြစ်၏။ ထို​နေရာသို့​ရောက်​သည်​နှင့် ရက်စက်​ကြောင်း​နာမည်ကြီး​သူ အာရှုရိလူတို့​ကို ပရောဖက်​ယောန​ဟောပြော​ရမည်​ဖြစ်သည်။ သူတို့သည် စစ်တိုက်​ရာ​တွင် ရက်စက်​ကြမ်းကြုတ်မှု​များ​ပြု​လေ့​ရှိသည်။ သူတို့၏​ရိုင်းစိုင်း​မှု​ကို​ပင် သူတို့​ကြွားလုံး​ထုတ်​တတ်ကြ​သည်။ ထို့​ကြောင့် နိနေဝေ​မြို့ကို “အသွေး​သွန်​တတ်သော​မြို့” ဟု​ခေါ်ဆို​ခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်​ချေ။—နာဟုံ ၃:၁၊ ၇သမ္မာ။

၉။ မုန်တိုင်းထန်​၍ သင်္ဘောသား​များ အသက်ဘေး​ကြုံ​ရသည့်​အခါ အဘယ်​အရည်အသွေးများ​ကို ယောန​တင်ပြ​ခဲ့​သနည်း။

ယေဟောဝါ​၏​အမိန့်​ကို​မနာခံ​လို​၍ ယောန​သည် မိမိ​တာဝန်ကျ​ရာ​နေရာ​မှ အလှမ်း​ကွာဝေး​စေ​မည့် သင်္ဘော​တစ်စင်းပေါ်​တက်​စီး​ခဲ့​သည်။ မည်သို့​ပင်​ဖြစ်စေ ယေဟောဝါ​သည် မိမိ၏​ပရောဖက်​ကို စိတ်မပျက်​ခဲ့​ပါ၊ အခြားသူ​တစ်ဦး​ကို​စေလွှတ်​ရန် မ​စီစဉ်​ခဲ့​ပါ။ ထိုသို့​ပြု​မည့်​အစား ယောန​ကို သတိ​ပြန်​ရလာ​စေရန် ယေဟောဝါ​ပြု​တော်​မူ​ခဲ့​သည်။ ပင်လယ်​တွင် မုန်တိုင်းထန်​စေ​ခဲ့​သည်။ ယောန​လိုက်ပါ​လာသော​သင်္ဘော​သည် လှိုင်း​လေ​ကြား​တွင် လူး၍​နေ​၏။ ယောန​ကြောင့် အပြစ်မဲ့​သူများ အသက်ဆုံးရှုံး​ရ​ပေ​တော့​မည်! (ယောန ၁:၄) ထို​အခါ​ယောန မည်သို့​တုံ့ပြန်​မည်​နည်း။ မိမိ​ကြောင့် သင်္ဘော​ပေါ်​ရှိသူ​များ​ကို အသက်​မဆုံးရှုံး​စေ​လို​သဖြင့် ယောန​က သူတို့ကို ဤသို့​ပြော​ခဲ့​သည်– “ငါ့ကို​ချီ​၍ ပင်လယ်​ထဲ​သို့​ချပစ်​ကြလော့။ သို့ပြုလျှင် လှိုင်း​တံပိုး​သည် သင်တို့၌​ငြိမ်း​လိမ့်​မည်။” (ယောန ၁:၁၂) နောက်ဆုံး​၌ သင်္ဘောသား​များသည် ယောန​ကို သင်္ဘော​ပေါ်​မှ​ပစ်ချ​လိုက်​သောအခါ မိမိကို ယေဟောဝါ​ကယ်တင်​လိမ့်​မည်​ဟု ယောန​စဉ်းစား​တွေးတော​ရန်​အကြောင်း လုံးဝ​မရှိ​ချေ။ (ယောန ၁:၁၅) သို့သော် ယောန​သည် သင်္ဘောသား​များ အသက်ဘေး​မကြုံ​ရစေ​ရန် အသေခံဖို့​အသင့်​ရှိခဲ့​၏။ ဤ​တွင် ရဲစွမ်းသတ္တိ၊ နှိမ့်ချမှု​နှင့် မေတ္တာ​အရည်အသွေးများ​ကို ကျွန်ုပ်​တို့ မတွေ့မြင်​ကြ​ရ​ပေ​လော။

၁၀။ ယောန​ကို ယေဟောဝါ ပြန်တာ​ဝန်​ပေးအပ်​ခဲ့​ပြီး​နောက် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။

၁၀ အဆုံး​၌ ယောန​ကို ယေဟောဝါ​ကယ်တင်​ခဲ့​သည်။ မကြာသေးမီ​က ယောန​ပြုမူ​ခဲ့​သော​အမှုတို့​ကြောင့် ဘုရားသခင့်​ကိုယ်စားလှယ်​တစ်ဦး​အဖြစ် အမှု​ပြန်​ထမ်း​ရန် အပယ်ခံ​ရ​သလော။ အ​ပယ်​မခံရ​ပါ၊ ယေဟောဝါ​သည် ကရုဏာ​ပြပြီး မေတ္တာပါပါ​ဖြင့် နိနေဝေ​မြို့သား​များ​ကို ဟောပြောရန် ထို​ပရောဖက်​၏​တာဝန်​ကို ပြန်ပေး​အပ်​ခဲ့​သည်။ နိနေဝေ​မြို့​သို့ ယောန​ရောက်လာသော​အခါ ထို​မြို့သူ​မြို့သား​များ​ကို ဘုရားသခင်​အာရုံစိုက်​သဖြင့် သူတို့၏​ဆိုးယုတ်မှု​များ​ကို​တွေ့မြင်​ပြီး အရက်​လေးဆယ်​တိုင်​လေ​သော် သူတို့၏​မြို့တော်​ကို ဖျက်ဆီး​လိမ့်​မည်​ဟု ရဲရင့်စွာ​ပြော​ဟောခဲ့​သည်။ (ယောန ၁:၂; ၃:၄) ယောန​၏​ရှင်းလင်း​ပြတ်သား​သော​သတင်းစကားကို ကြားသိ​ကြ​ပြီး​နောက် နိနေဝေ​မြို့သား​တို့သည် နောင်တ​ယူ​သဖြင့် သူတို့၏​မြို့ မပျက်စီး​ခဲ့​ချေ။

၁၁။ ယောန​သည် အဖိုးတန်​သင်ခန်းစာ​ရခဲ့ကြောင်း အဘယ်အရာက ညွှန်ပြ​သနည်း။

၁၁ သို့​တိုင် ယောန​၌ မှန်ကန်သော​သဘောထား မရှိ​သေး​ပေ။ သို့သော် လက်တွေ့ကျ​သင်ခန်းစာ​တစ်ခု​ဖြင့် ယေဟောဝါ​သည် အပြင်ပန်း​ထက်မက ကြည့်မြင်​တော်​မူ​ကြောင်း ယောန​အား​သိရှိ​လာ​စေရန် စိတ်ရှည်​လက်​ရှည် ကူညီပေး​ခဲ့​၏။ ကိုယ်တော်​သည် စိတ်နှလုံး​ကို ဆန်းစစ်​တော်​မူ​သည်။ (ယောန ၄:၅-၁၁) ယောန​သည် အဖိုးတန်​သော​သင်ခန်းစာ​ရခဲ့ကြောင်း သူကိုယ်တိုင် ဟုတ်​တိုင်း​မှန်ရာ​ရေးသားခဲ့​သော​မှတ်တမ်းက ဖော်ပြ​သည်။ မိမိ၏​ချွတ်ယွင်းချက်​များ​ကို အရှက်တကွဲ ခရေစေ့​တွင်း​ကျ တလိုတလား​ရေးသားခဲ့​ခြင်း​က သူ၏​စိတ်​နှိမ့်ချမှုကို သက်သေထူ​သည်။ အမှား​ကို​ဝန်ခံ​ရန် ရဲစွမ်းသတ္တိ​ရှိဖို့လို​သည်​တကား!

၁၂။ (က) လူ​တို့ကို ယေဟောဝါ​ရှုမြင်​သကဲ့သို့ ယေရှု ရှုမြင်​ကြောင်း မည်သို့​သိရှိ​ရသနည်း။ (ခ) သတင်းကောင်း​ဟောပြော​သည့်​အခါ ကျွန်ုပ်​တို့​တွေ့ဆုံ​သူများကို မည်သို့​ရှုမြင်​သင့်​သည်​ဟု အားပေးထား​သနည်း။ (စာမျက်နှာ ၁၈ ရှိ လေးထောင့်ကွက်​ရှု။)

၁၂ ရာစုနှစ်များစွာ​ကုန်လွန်​လေ​သော် ယေရှု​ခရစ်​သည် ယောန​ဘဝ၏​ဖြစ်ရပ်​တစ်ခု​ကို အပြုသဘောပါပါ​ဖော်ပြ​ခဲ့​၏။ ကိုယ်တော် ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ယောန​သည် ငါး​ကြီး​ဝမ်း​ထဲမှာ သုံးရက်​နေရ​သကဲ့သို့၊ လူသား​သည် မြေကြီး​ထဲမှာ သုံးရက်​နေရ​လတ္တံ့။” (မဿဲ ၁၂:၄၀) သင်္ချိုင်း​တွင် ယေရှု​ရောက်ရှိ​ခဲ့​ချိန်​ကို ပရောဖက်​အသက်တာ​၏​မှောင်မိုက်​ကာလ​နှင့် ကိုယ်တော်​နှိုင်းယှဉ်ခဲ့​ကြောင်း ယောန​ရှင်ပြန်ထမြောက်​လာသော​အခါ သိမြင်​လာ​လိမ့်​မည်။ ဘုရားသခင်၏​ကျေးကျွန်​များ အမှား​ပြု​မိ​သောအခါ သူတို့ကို မ​ပယ်​သော ဘုရားသခင်​တစ်ပါး​ကို ကျွန်ုပ်​တို့​ဝတ်ပြု​ကိုးကွယ်​ရ​သဖြင့် ဝမ်းမြောက်​ကြသည်​မဟုတ်ပေ​လော။ ဆာလံဆရာ​က ဤသို့​ရေးသားခဲ့​သည်– “အဘသည် သားတို့​ကို​သနားစုံမက်​သည်​နည်းတူ ထာဝရ​ဘုရား​သည် ကြောက်ရွံ့​သော​သူတို့ကို သနားစုံမက်​တော်​မူ​၏။ အကြောင်း​မူ​ကား ငါ​တို့​ကိုယ်ခန္ဓာ​ကို​သိတော်မူ၏။ ငါ​တို့သည်​မြေမှုန့်​ဖြစ်​ကြောင်းကို အောက်မေ့​တော်​မူ​၏။” (ဆာလံ ၁၀၃:၁၃၊ ၁၄) အမှန်​မှာ ယနေ့ မစုံလင်​သော​လူ​တို့​အပါအဝင် ဤ “မြေမှုန့်” သည် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ကျော​ထောက်​နောက်ခံ​မှု​ဖြင့် များစွာ​ပြီးမြောက်​အောင်မြင်​နိုင်​သည်​တကား!

ပေတရု​အပေါ် မျှတသော​အမြင်

၁၃။ ပေတရု​၏​အဘယ်​စရိုက်​များ​ကို သတိရ​မည်​နည်း၊ သို့သော် ယေရှုသည် သူ့ကို တမန်​တော်​တစ်ပါး​အဖြစ် အဘယ်ကြောင့်​ရွေးချယ်​ခဲ့​သနည်း။

၁၃ ယခု ဒုတိယ​ပုံ​ဥပမာ​အဖြစ် ပေတရု​ကို အကျဉ်းချုပ်​သုံးသပ်ကြည့်​ကြပါစို့။ အကယ်၍ သင့်​အား ပေတရု​ကို ပုံဖော်​ပြ​ပါ​ဟု​ဆိုလျှင် သူသည် အမှန်ပင် စိတ်​မြန်​လက်​မြန်၊ ကမူးရှူးထိုး​နိုင်​၍ ရောင့်တက်သူ​ဖြစ်သည်ဟု သင်​ချက်ချင်း​ကောက်ချက်​ချ​မည်​လော။ ထိုသို့​သော​စရိုက်​များ​ကို ပေတရု ရံဖန်ရံခါ​ဖော်ပြ​ခဲ့​သည်။ သို့သော် ပေတရု​သည် အမှန်ပင်​စိတ်​မြန်​လက်​မြန်၊ ကမူးရှူးထိုး​နိုင်​၍ ရောင့်တက်သူ​ဖြစ်​ခဲ့​လျှင် ယေရှုသည် မိမိ၏ ​တမန်​တော် ၁၂ ပါး​တွင် တစ်ပါး​အဖြစ် ပေတရု​ကို​ရွေးချယ်​ခဲ့​လိမ့်​မည်​လော။ (လုကာ ၆:၁၂-၁၄) လုံးဝ​မဟုတ်ပါ! ယေရှုသည် ယင်း​အပြစ်​အနာအဆာ​များ​ထက် ပေတရု​၏​အပြုသဘော​ပါ​သော​အရည်အသွေး​တို့ကို တွေ့မြင်​ခဲ့​သည်​မှာ ထင်ရှား​သည်။

၁၄။ (က) ပေတရု​သည် ပွင့်ပွင့်လင်းလင်း​ပြောဆို​တတ်​ပုံ​ရှိ​ခြင်း​သည် အဘယ်ကြောင့်​နည်း။ (ခ) ပေတရု​သည် မကြာခဏ မေးခွန်းများ​မေးမြန်းခဲ့​ခြင်း​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် ကျေးဇူး​တင်​သင့်​သနည်း။

၁၄ တစ်ခါတစ်ရံ ပေတရု​သည် အခြား​တမန်​တော်​များ​ကိုယ်စား ပြောဆို​ပေး​သူ​ဖြစ်​ခဲ့​သည်။ အချို့​က ယင်းကို ကျိုးနွံ​မှု​မဲ့​ခြင်း​ဟု ယူမှတ်​ကြ​ပေမည်။ သို့သော် ယင်းသည် မှန်​ပါသလော။ ပေတရု​သည် အခြား​တမန်​တော်​များ​ထက်မက ဖြစ်​နိုင်​ဖွယ်​ရာ​ရှိသည်​မှာ ယေရှု​ကိုယ်တော်တိုင်​ထက်​ပင် အသက်ကြီး​သည်​ဟု ဆို​ကြသည်။ ယင်းသည် မှန်ကန်​မည်​ဆိုလျှင် အဘယ်ကြောင့်​ပေတရု​သာ မကြာခဏ ဦးဆုံး​စကားပြော​ဆို​ခဲ့​ရ​ကြောင်း ရှင်းနေပါသည်။ (မဿဲ ၁၆:၂၂) သို့သော် သုံးသပ်ကြည့်​ရန် နောက်ထပ်​အချက်​ရှိသေး၏။ ပေတရု​သည် ဝိညာဉ်​ရေး​ကောင်း​သူ​တစ်ဦး​ဖြစ်သည်။ သိလိုစိတ် အလွန်​ပြင်းပြ​သူ​တစ်ဦး​ဖြစ်သော​ကြောင့် မေးခွန်း​များစွာ မေးမြန်းခဲ့​ခြင်း​ဖြစ်သည်။ ထိုသို့​သူ​ပြုလုပ်​ခဲ့​ခြင်း​သည် ကျွန်ုပ်​တို့အတွက် အကျိုးများစွာ​ရှိ​ပေ​သည်။ ယေရှုသည် ပေတရု​၏​မေးခွန်းများကို​ဖြေကြား​ရာ​တွင် တန်ဖိုး​ဖြတ်​မရ​သော​စကား​များ​ကို​မိန့်ဆိုခဲ့​ရာ ယင်း​တို့ကို သမ္မာကျမ်းစာ​တွင် မှတ်တမ်းတင်​ရေးသားခဲ့​သည်။ ဥပမာ၊ ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ဘဏ္ဍာစိုး’ အကြောင်း ယေရှု​မိန့်တော်မူ​ခဲ့​ခြင်း​သည် ပေတရု​ပြော​ခဲ့​သော စကား​တစ်ခွန်း​ကြောင့်​ဖြစ်သည်။ (လုကာ ၁၂:၄၁-၄၄) ထို့​ပြင် ပေတရု​၏ ဤ​မေးခွန်း​ကို စဉ်းစား​ကြည့်​ပါ– “အကျွန်ုပ်​တို့သည် ရှိသမျှကို​စွန့်ပစ်​၍ ကိုယ်တော်​နောက်သို့​လိုက်​ကြ​ပါ​ပြီ။ အဘယ်​အကျိုးကို​ရ​ကြ​ပါ​မည်​နည်း။” ယင်းကြောင့် ယေရှု၏​အားရှိစရာ ဤ​ကတိတော်​ကို ကြားနာ​ခဲ့​ရခြင်း​ဖြစ်သည်– “အကြင်သူသည် ငါ​၏​နာမ​ကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယား​တည်း​ဟူသော တစ်ပါးပါး​ကို​စွန့်​၏။ ထို​သူသည် အဆ​တစ်​ရာ​သော​အကျိုးကို​ရ​၍ ထာဝရ​အသက်ကို အမွေခံ​ရ​လတ္တံ့။”—မဿဲ ၁၅:၁၅; ၁၈:၂၁၊ ၂၂; ၁၉:၂၇-၂၉

၁၅။ ပေတရု​သည် အမှန်တကယ်​ပင်​တည်ကြည်သူ​တစ်ဦး​ဖြစ်​ကြောင်း အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၅ ပေတရု​၌ အခြား​အရည်အချင်း​ကောင်း​တစ်ခု​ရှိသေး​သည်၊ ယင်း​မှာ တည်ကြည်​ခြင်း​ပင်​ဖြစ်သည်။ တပည့်​များစွာ​သည် ကိုယ်တော်​၏​သွန်သင်ချက်​များ​မှ အကြောင်းအရာ​တစ်ခု​ကို နားမလည်​ကြ​သဖြင့် ယေရှု​နောက်​မလိုက်​ကြသောအခါ တမန်​တော် ၁၂ ပါး​ကိုယ်စား ပေတရု​က မတွန့်မဆုတ်​ဘဲ ဤသို့​ပြော​ခဲ့​သည်– “အကျွန်ုပ်​တို့သည် အဘယ်သူ​ထံ​သို့​သွား​ရ​ပါ​မည်​နည်း။ ထာဝရ​အသက်​နှင့်​ယှဉ်သော​စကား​သည် ကိုယ်တော်၌​တည်​ပါ​၏။” (ယောဟန် ၆:၆၆-၆၈) ဤ​စကား​များသည် ယေရှု​အတွက် ကြည်နူး​ဖွယ်​အမှန်​ဖြစ်​ခဲ့​မည်​တကား! နောက်ပိုင်း​တွင် သခင်​ကို​ဖမ်းဆီး​ရန် လူအုပ်​ရောက်လာသော​အခါ ကိုယ်တော်​၏​တမန်​တော်​အများစုမှာ ထွက်ပြေး​သွားခဲ့​ကြသည်။ သို့သော် ပေတရု​သည် မ​နီး​မ​ဝေး​မှ လူအုပ်​နောက်လိုက်​ပါသွား​ပြီး ယဇ်ပုရောဟိတ်​မင်းကြီး​၏​တံတိုင်း​တော်​အတွင်း​သို့ လိုက်​ဝင်​သွားခဲ့သည်။ သူရဲဘော​နည်း​၍​မဟုတ်ဘဲ ရဲစွမ်းသတ္တိ​ရှိ​ခြင်း​ကြောင့် ထို​နေရာသို့ ပေတရု​ရောက်သွား​ခြင်း​ဖြစ်သည်။ ယေရှု​အား စစ်ဆေး​မေးမြန်း​နေစဉ် ပေတရု​သည် မီးလှုံ​နေကြ​သော​ဂျူး​အုပ်စု​နှင့် ရောနှော​ခဲ့​၏။ ယဇ်ပုရောဟိတ်မင်း​၏​ကျွန်​တစ်ဦး​က သူ့ကို​မှတ်မိ​ပြီး ယေရှု​နှင့်အတူ​ရှိခဲ့​သူ​တစ်ဦး​ဖြစ်​ကြောင်း သူ့ကို စွပ်စွဲ​လေ​သည်။ ထို​အခါ ပေတရု​သည် မိမိ၏​သခင်​ကို​မသိ​ဟု ငြင်းဆို​ခဲ့​သည်​မှန်​သော်လည်း တမန်​တော်​အများစု​မသွား​ဝံ့​သည့် ထိုသို့​သော​အန္တရာယ်​ရှိ​အခြေအနေ​မျိုး​တွင် ပေတရု​ရောက်ရှိ​နေရ​ခြင်း​က ယေရှု​အပေါ်​တည်ကြည်မှု​ရှိ၍ ကိုယ်တော်​အတွက် စိုးရိမ်မကင်း​ဖြစ်​ခြင်း​ကြောင့်​ဆို​သည်ကို မမေ့​ကြ​စို့​လေ။—ယောဟန် ၁၈:၁၅-၂၇

၁၆။ ယောန​နှင့် ပေတရု​တို့၏ အပြုသဘော​ပါ​သော​အရည်အချင်းများ​ကို အဘယ်​လက်တွေ့ကျ အကြောင်း​အတွက် ကျွန်ုပ်​တို့ သုံးသပ်​ခဲ့​ကြပြီ​နည်း။

၁၆ ပေတရု​၏​အရည်အချင်း​ကောင်း​များသည် သူ၏​အားနည်းချက်များ​ထက် ပို​များ​ပါ​သည်။ ယောနလည်း ထို​နည်းတူ​ပင်​ဖြစ်သည်။ ယောန​နှင့် ပေတရု​တို့ကို ခါ​တိုင်း​ကဲ့သို့​မဟုတ် အပြုသဘော​ရှိ​ရှိ ယခု​ရှုမြင်ခဲ့​ကြပြီ​ဖြစ်​ရာ မျက်မှောက်ခေတ် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​များ​ကို အကဲဖြတ်​ရာ​တွင် အပြုသဘော​ပို​ရှိစေဖို့ ကိုယ့်​ကိုယ်ကို​လေ့ကျင့်ပေး​ကြ​ရမည်။ ထိုသို့​ပြုခြင်း​က သူတို့နှင့်​ဆက်ဆံ​ရေး ပို​ကောင်း​လာ​စေပါ​လိမ့်​မည်။ ဤသို့​ပြု​ရန် အဘယ်ကြောင့် အလွန်​လိုအပ်​သနည်း။

သင်ခန်းစာ​ကို ယနေ့​လက်တွေ့​ကျင့်သုံး

၁၇၊ ၁၈။ (က) ခရစ်ယာန်​အချင်းချင်း အဘယ်ကြောင့်​သဘောထား​ကွဲလွဲ​နိုင်​ကြ​သနည်း။ (ခ) ယုံကြည်သူချင်း​တို့​နှင့် အခက်အခဲ​ပြဿနာ​များ​ဖြေရှင်းရန် သမ္မာကျမ်းစာ​မှ အဘယ်​ဆုံးမ​စကား​က အကူအညီ​ပေး​သနည်း။

၁၇ စီးပွားရေး​အဆင့်အတန်း​အမျိုးမျိုး​အပြင် ပညာရေး​နှင့် လူမျိုးရေး​နောက်ခံ​အသီးသီး​ရှိ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေး​သူငယ်​တို့သည် ယနေ့ ယေဟောဝါ​ကို စည်းလုံးစွာ​ဝတ်ပြု​ကိုးကွယ်​နေကြ၏။ (ဗျာ. ၇:၉၊ ၁၀) ခရစ်ယာန်​အသင်းတော်တွင် ဥပဓိရုပ်​အမျိုးမျိုးကို ကျွန်ုပ်​တို့ အမှန်​တွေ့မြင်​နေကြ​ရ၏! ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​နေကြ​ရာ​တွင် လက်​ပွန်း​တ​တီး​ရှိကြ​သောကြောင့် တစ်ခါတစ်ရံ အဆင်မပြေမှု​များ အမှန်​ပေါ်ပေါက်​ပေ​လိမ့်​မည်။—ရောမ ၁၂:၁၀; ဖိလိပ္ပိ ၂:၃

၁၈ ညီအစ်ကို​ညီအစ်မ​များ​၏​အားနည်းချက်များ​ကို ကျွန်ုပ်​တို့​တွေ့မြင်​ကြသော်လည်း ယင်း​တို့ကို ကျွန်ုပ်​တို့ အာရုံစိုက်​မနေကြ​ပါ။ ယင်းအစား ယေဟောဝါ​ကို​တုပ​ရန် ကျွန်ုပ်​တို့​ကြိုးစား​ကြသည်၊ ကိုယ်တော်​နှင့်​ပတ်သက်​၍ ဆာလံဆရာ ဤသို့​သီဆို​ခဲ့​သည်– ‘အို​ဘုရားသခင်​ထာဝရ​ဘုရား ကိုယ်တော်​သည် ဒုစရိုက်​အပြစ်​များ​ကို​မှတ်တော်မူ​လျှင် အဘယ်သူ​ခံရပ်​နိုင်​ပါ​မည်​နည်း။’ (ဆာလံ ၁၃၀:၃) ကျွန်ုပ်​တို့ကို စိတ်ဝမ်းကွဲ​စေနိုင်​သည့် ဥပဓိရုပ်​ဆိုင်ရာ​စရိုက်​များ​ကို အာရုံစိုက်​နေကြ​မည့်​အစား “ငြိမ်သက်ခြင်း​နှင့်​လည်းကောင်း၊ အချင်းချင်း​တည်ဆောက်​ခြင်း​နှင့်​လည်းကောင်း ယှဉ်​သော​အရာ​တို့ကို မီအောင်လိုက်​ကြ” ၏။ (ရောမ ၁၄:၁၉) တစ်ဦးချင်း​စီ​ကို ယေဟောဝါ​ရှုမြင်​သကဲ့သို့ ရှုမြင်​ရန် ကျွန်ုပ်​တို့​ကြိုးစား​ကြသည်၊ အပြစ်​အနာအဆာ​များ​ထက် အရည်အချင်းကောင်းများကို အာရုံစိုက်​ဖို့​ကြိုးစား​ကြ​၏။ ထိုသို့​ပြုလုပ်​ကြသောအခါ “အချင်းချင်း​သည်းခံ” နိုင်​ရန် အကူအညီ​ရသည်။—ကောလောသဲ ၃:၁၃

၁၉။ အကြီးအကျယ်​သဘောထား​ကွဲလွဲ​မှုများ​ကို ဖြေရှင်း​ရာ​တွင် ခရစ်ယာန်​တစ်ဦး​ပြုလုပ်​နိုင်​သည့် လက်တွေ့ကျ​နည်းလမ်းများ​ကို အကျဉ်းချုပ်​ဖော်ပြ​ပါ။

၁၉ ကျွန်ုပ်​တို့၏​စိတ်နှလုံး​ထဲ​တွင် ပြေလည်​အောင် မဖြေရှင်း​နိုင်သော အထင်လွဲ​မှား​မှုများ ပေါ်ပေါက်​လာ​လျှင်​ကော အသို့နည်း။ (ဆာလံ ၄:၄) သင်​နှင့် ယုံကြည်သူချင်း​တစ်ဦး​စပ်ကြား ထိုသို့​ဖြစ်​ဖူး​သလော။ ယင်း​ကိစ္စ​ကို ကြိုးစား​ဖြေရှင်းပါ။ (ကမ္ဘာဦး ၃၂:၁၃-၁၅) ဦးစွာ၊ ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​ထံ​ချဉ်းကပ်​၍ ကိုယ်တော်​၏​လမ်းညွှန်မှုကို တောင်းခံ​ပါ။ ထို့နောက် ထို​သူ၏​အရည်အချင်းကောင်းများကို စိတ်စွဲ​မှတ်​ပြီး သူ့​ထံ “ပညာ​၏​နူးညံ့​သိမ်မွေ့​ခြင်း” နှင့်​ချဉ်းကပ်​ပါ။ (ယာကုပ် ၃:၁၃) သူနှင့် အသင့်အတင့်​ရှိ​လို​ကြောင်း သူ့ကို​ပြောပြ​ပါ။ “နား​ကြား​ခြင်း​ငှာ​လျင်မြန်​ကြ​စေ။ စကားပြော​ခြင်း​ငှာ​လည်းကောင်း၊ အမျက်ထွက်ခြင်း​ငှာ​လည်းကောင်း နှေး​ကြ​စေ” ဟူသော​မှုတ်သွင်းခံ ဆုံးမ​စကား​ကို​သတိရပါ။ (ယာကုပ် ၁:၁၉) ‘အမျက်ထွက်​နှေး​စေ’ ဟု အကြံပြု​ထား​ရာ သူ​တစ်​ထူး​သည် သင့်ကို စိတ်ဆိုး​အောင် ပြောဆို​ပြုမူ​နိုင်​ကြောင်း​ထင်ရှား​၏။ ထိုသို့​ဖြစ်​မည်​ဆိုလျှင် ကိုယ့်​ကိုယ်ကို​ချုပ်တည်း​နိုင်​ရန် ယေဟောဝါထံ အကူအညီ​တောင်းခံ​ပါ။ (ဂလာတိ ၅:၂၂၊ ၂၃) သင့်​ညီအစ်ကို​အား ပြောဆို​ခွင့်ပြု​ပါ၊ ဂရုစိုက်​နားထောင်ပေး​ပါ။ သူ​ပြော​သမျှ​ကို သင်​သဘောမတူ​နိုင်​သည့်​တိုင် စကား​ဖြတ်​ပြီး​မပြော​ပါ​နှင့်။ သူ၏​ရှုမြင်ချက်​မှာ မှား​နေနိုင်​သော်လည်း ယင်းသည် သူ၏​ရှုမြင်ပုံ​ဖြစ်သည်။ အဆိုပါ​ပြဿနာ​ကို သူ့​ဘက်​မှ​ရှုမြင်​ပေးဖို့ ကြိုးစား​ပါ။ ထိုသို့​ပြု​ရန် သင့်ကိုယ်ကို သင့်​ညီအစ်ကို​၏​မျက်စိဖြင့် ရှုမြင်ခြင်း ပါဝင်​နိုင်​ပေ​သည်။—သု. ၁၈:၁၇

၂၀။ သဘောထား​ကွဲလွဲ​မှုများ​ကို ဖြေရှင်း​သောအခါ သူတစ်ပါး​ပြောဆို​သည်ကို အသေအချာ​နားထောင်ပြီး​မှ ပြန်ဖြေ​ဆို​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

၂၀ ပြောဆို​တင်ပြ​ဖို့ သင့်​အလှည့်ကျ​လာ​လျှင် ရည်​မွန်​စွာ​စကား​ပြောဆို​ပါ။ (ကောလောသဲ ၄:၆) သင့်​ညီအစ်ကို​နှင့်​ပတ်သက်​၍ သင်​သဘောကျ​သည့်​အရာ​ကို ဖွင့်ပြော​ပြ​ပါ။ သင့်​ကြောင့် သဘောထား​ကွဲလွဲ​မှု ပေါ်ပေါက်​လာ​သည့်​အတွက် တောင်းပန်​ပါ။ သင်က နှိမ့်ချစွာ​ကြိုးစား​ပြောဆို​သဖြင့် ပြန်​အသင့်အတင့်​ရှိလာ​ခြင်း​အတွက် ယေဟောဝါ​ကို ကျေးဇူး​တင်​ပါ။ ထိုသို့​မဖြစ်​လာ​ပါ​က အသင့်အတင့်​ရှိစေဖို့ နောက်ထပ်​အခွင့်အရေး​များ​ရှာယူ​စဉ် ယေဟောဝါ​၏​လမ်းပြ​ညွှန်ကြားမှု ဆက်​တောင်းခံ​ပါ​လေ။—ရောမ ၁၂:၁၈

၂၁။ အခြား​သူတို့ကို ယေဟောဝါ​ရှုမြင်တော်မူ​သကဲ့သို့ ရှုမြင်​ရန် ဤ​ဆွေးနွေး​တင်ပြချက်​က သင့်ကို မည်သို့​အကူအညီ​ပေး​သနည်း။

၂၁ ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​အားလုံး​ကို ချစ်တော်မူ​၏။ ကျွန်ုပ်​တို့​မစုံလင်​ကြသော်လည်း ကိုယ်တော့်​အမှုတော်တွင် ကျွန်ုပ်​တို့ကို​ပါဝင်​စေ​သည်။ သူတစ်ပါးကို ကိုယ်တော်​ရှုမြင်ပုံ​အကြောင်း ကျွန်ုပ်​တို့​သာ၍​သိရှိနားလည်​လာ​ကြ​လေ ညီအစ်ကို​ညီအစ်မ​များ​ကို ကျွန်ုပ်​တို့​ပိုမို​ချစ်​လာနိုင်​လေ​ဖြစ်​မည်။ ယုံကြည်သူချင်း​တစ်ဦး​ကို ကျွန်ုပ်​တို့​မေတ္တာ​လျော့​သွား​မည်​ဆိုလျှင် မေတ္တာ​ပြန်​ထား​နိုင်​ပါ​သည်။ သူတစ်ပါးကို အပြု​သဘောဖြင့် ရှုမြင်​နိုင်​ရန်​ကြိုးစား​မည်၊ သူတို့ကို ယေဟောဝါ​ရှုမြင်​သကဲ့သို့ အမှန်ပင်​ရှုမြင်​နိုင်​ကြ​မည်​ဆိုလျှင် အမှန်တကယ်​ကောင်းချီး​ရ​ပေ​လိမ့်​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 1 လူချော​ဧလျာဘ​သည် ဣသရေလလူ​တို့အတွက် သင့်တော်​သော​ဘုရင်​အရည်အချင်းများ​မရှိကြောင်း နောက်ပိုင်း​တွင် ထင်ရှား​လာ​သည်။ ဖိလိတ္တိ​လူ့​ဘီလူးကြီး​ဂေါလျတ်​သည် စစ်ပွဲ​၌ ဣသရေလလူ​တို့ကို စိန်ခေါ်​သောအခါ ဧလျာဘ​နှင့် အခြား​ဣသရေလလူ​တို့သည် အလွန်​ကြောက်ရွံ့​၍ ဝပ်​နေခဲ့​ကြသည်။—၁ ဓမ္မ​ရာဇဝင် ၁၇:၁၁၊ ၂၈-၃၀

^ အပိုဒ်၊ 7 အရေးပါသော​အောင်ပွဲ​အချို့​အပြင် ရန်သူ​လက်​မှ အထက်​က​နယ်ပယ်​ကို ပြန်​နုတ်ယူ​ခဲ့​၍ အခွန်​ရရှိသော​ကြောင့် ဒုတိယ​ယေရောဗောင်​သည် မြောက်ပိုင်း​နိုင်ငံ​၏​စည်းစိမ်​ချမ်းသာ​ကို သိသိသာသာ​တိုးများ​လာ​စေ​ခဲ့​သည်။—၂ ဓမ္မ​ရာဇဝင် ၈:၆; ၄ ဓမ္မ​ရာဇဝင် ၁၄:၂၃-၂၈; ၂ ရာဇဝင်ချုပ် ၈:၃၊ ၄; အာမုတ် ၆:၂

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယေဟောဝါ​သည် မိမိ၏​တည်ကြည်သော​ကျေးကျွန်​တို့၏ အားနည်းချက်များ​ကို မည်သို့ ရှုမြင်​သနည်း။

• ယောန​နှင့် ပေတရု​တို့၏ အပြုသဘော​ပါ​သော အဘယ်​အရည်အချင်းများ​ကို သင်​ရေတွက်​ဖော်ပြ​နိုင်​သနည်း။

• သင်၏​ခရစ်ယာန်​ညီအစ်ကို​များ​အပေါ် အဘယ်​ရှုမြင်ချက်​ကို ဆက်​ထိန်းသိမ်း​ထား​ဖို့ သင်​စိတ်ပိုင်းဖြတ်​ထား​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်]

ခြား​သူတို့ကို ဘုရားသခင်​မည်သို့​ရှုမြင်​ကြောင်း စဉ်းစား​ကြည့်​ပါ

သမ္မာ​ကျမ်းစာ​ပါ ယောန​အကြောင်းကို သင်​ဆင်ခြင်​သုံးသပ်ကြည့်​စဉ် သတင်းကောင်းကို သင်​ဟောပြောနေ​ကျ​သူတို့​အပေါ် ရှုမြင်ပုံ​အသစ်​ထား​ရှိဖို့လို​ကြောင်း သင်​တွေ့ မြင်​ပါသလော။ ထို​သူတို့သည် ဣသရေလလူ​တို့​ကဲ့သို့​ပင် ကိုယ့်​ဘဝ​ကိုယ်​ကျေနပ်​နေ​ပုံ၊ အလေးမမူ​ဂ​ရု​မပြု​ပုံ​ရှိ​နိုင်​ပေ​သည်၊ သို့​မဟုတ် ဘုရားသခင်​၏​သတင်းစကားကို ဆန့်ကျင်​နေ​ပေမည်။ မည်သို့​ပင်​ဖြစ်စေ​ကာ​မူ ယေဟောဝါ​ဘုရားသခင်​သည် သူတို့ကို မည်သို့ ရှုမြင်​သနည်း။ ယောန ဟောပြောခဲ့​သောကြောင့် နိနေဝေ​မြို့​၏​ဘုရင်​သည် နောင်တ​ယူ​ခဲ့​သကဲ့သို့ ဤ​အစီအစဉ်​စနစ်​တွင် ထင်ပေါ်​ကျော်ကြား​သူ​အချို့​ပင် တစ်နေ့​နေ့၌ ပြောင်းလဲ​လာနိုင်​ပေ​သည်။—ယောန ၃:၆၊ ၇

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အခြား​သူတို့ကို ယေဟောဝါ​ရှုမြင်တော်မူ​သကဲ့သို့ သင်​ရှုမြင်ပါ​သလော

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေရှုသည် ယောန​အကြောင်း​နှင့် ပတ်သက်​၍ အပြုသဘော​ပါ​သော​စကား​ကို​မိန့်ဆို​ရန်​အကြောင်း ရှာတွေ့ခဲ့