“အားယူကြလော့! ငါသည် ဤလောကကို အောင်ပြီ”
“အားယူကြလော့! ငါသည် ဤလောကကို အောင်ပြီ”
ယေရှုသေဆုံးသည့်နေ့ဖြစ်သော ဂျူးလနိသန် ၁၄ ရက်နေ့သည် စီ.အီး. ၃၃၊ မတ်လ ၃၁ ရက် ကြာသပတေးနေ့ နေဝင်ချိန်တွင်စတင်သည်။ အဆိုပါညနေခင်းတွင် ယေရှုနှင့် ကိုယ်တော်၏တမန်တော်များသည် ပသခါပွဲကျင်းပရန် ယေရုရှလင်မြို့ရှိအိမ်တစ်လုံး၏ အထက်ခန်းတွင် စုရုံးနေကြသည်။ ယေရှုသည် “ဤလောကမှခမည်းတော်ထံသို့ ပြောင်း” ရွှေ့သွားရန်ပြင်ဆင်နေစဉ် မိမိ၏တမန်တော်များကို အဆုံးတိုင်ချစ်ကြောင်း ဖော်ပြခဲ့သည်။ (ယောဟန် ၁၃:၁) မည်သို့ဖော်ပြခဲ့သနည်း။ နှစ်လိုဖွယ်သင်ခန်းစာများသွန်သင်ပေးပြီး ရှေ့တွင်ကြုံတွေ့ရမည့်အမှုအတွက် သူတို့ကို အသင့်ရှိစေခြင်းအားဖြင့်ဖြစ်သည်။
ညဉ့်နက်လာသည်နှင့် ယေရှုက “အားယူကြလော့! ငါသည် ဤလောကကိုအောင်ပြီ” ဟုတပည့်များကို မိန့်ဆို၏။ (ယောဟန် ၁၆:၃၃၊ သမ္မာ) ထိုရဲရင့်သောမိန့်ဆိုချက်အားဖြင့် ကိုယ်တော် အဘယ်အရာကိုဆိုလိုသနည်း။ တစ်နည်းအားဖြင့် ဤသို့ဖြစ်သည်– ‘ဤလောက၏ဆိုးသွမ်းမှုသည် ငါ့စိတ်ကိုမနာကြည်းစေခဲ့၊ ထပ်တူတုံ့ပြန်ရန်လည်း မပြုလုပ်စေနိုင်ခဲ့ပေ။ ငါ့ကို ဤလောက ပုံသွင်း၍မရခဲ့။ သင်တို့၏အဖြစ်၌လည်း ထိုသို့အမှန်ဖြစ်ကြောင်း ထင်ရှားနိုင်သည်။’ မြေကြီးအသက်တာ၏ နောက်ဆုံးနာရီပိုင်းတွင် တည်ကြည်သောတမန်တော်များအား ယေရှုသွန်သင်ပေးခဲ့ရာများသည် လောကကိုအောင်နိုင်ရန် သူတို့ကိုလည်း ထောက်ကူပေးခဲ့ပေမည်။
ယနေ့ လောကတွင် ဆိုးသွမ်းမှုပျံ့နှံ့နေကြောင်းကို မည်သူငြင်းဆိုမည်နည်း။ မတရားမှုများနှင့် အဓိပ္ပာယ်မဲ့ အကြမ်းဖက်လုပ်ရပ်များကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သနည်း။ ၎င်းတို့က ကျွန်ုပ်တို့ကို စိတ်နာကြည်းသွားစေသလော၊ ရန်ကိုရန်နှင့်တုံ့ပြန်လိုစိတ် ပေါ်စေသလော။ ကျွန်ုပ်တို့ဝန်းကျင်ရှိ ကိုယ်ကျင့်တရားလျော့ရဲမှုက ကျွန်ုပ်တို့ကို မည်သို့သြဇာလွှမ်းသနည်း။ အဆိုပါသြဇာလွှမ်းမှုအပြင် လူ့မစုံလင်မှုများနှင့် အပြစ်ပြုလိုသောသဘောထားများရှိသည်ဖြစ်ရာ ကျွန်ုပ်တို့တိုက်လှန်ရမည့်အရာနှစ်ခုရှိသည်၊ ၎င်းတို့မှာ ပြင်ပရှိ ဆိုးသွမ်းသောလောကနှင့် ကျွန်ုပ်တို့ကိုယ်တွင်းရှိ ဉာဉ်ဆိုးများဖြစ်သည်။ ယင်းကို ဘုရားသခင့်အကူအညီမပါဘဲ အောင်နိုင်မည်ဟု ကျွန်ုပ်တို့အမှန် မျှော်လင့်နိုင်သလော။ ကိုယ်တော်၏အကူအညီကို ကျွန်ုပ်တို့ မည်သို့ရရှိနိုင်သနည်း။ ဇာတိစိတ်ထားများကို တိုက်လှန်ဖို့ အဘယ်အရည်အသွေးများကို ကျွန်ုပ်တို့ မွေးမြူသင့်သနည်း။ အဖြေရရှိရန် ယေရှု၏မြေကြီးအသက်တာ နောက်ဆုံးနေ့တွင် ချစ်လှစွာသောတပည့်များအား ကိုယ်တော်သွန်သင်ပေးခဲ့ရာကို ပြန်သုံးသပ်ကြည့်ကြစို့။
နှိမ့်ချမှုဖြင့် မာန်မာနကို အောင်နိုင်ခြင်း
ဥပမာ၊ မာန်မာန သို့မဟုတ် မာနထောင်လွှားခြင်းကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ယင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက “မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏” ဟုဆိုသည်။ (သု. ၁၆:၁၈) ကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့လည်း ဆုံးမ၏– “အကြင်သူသည် ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကိုလှည့်ဖြားသောသူဖြစ်၏။” (ဂလာတိ ၆:၃) မာန်မာနသည် အမှန်ပင် ဖျက်ဆီး၍ လှည့်ဖြားတတ်သည်။ “မာနကြီးခြင်း [နှင့်] ထောင်လွှားခြင်း” ကိုမုန်းတီးခြင်းသည် ပညာရှိရာရောက်၏။—သု. ၈:၁၃။
ယေရှု၏တမန်တော်များတွင် မာနကြီး၍ ထောင်လွှားသည့်ပြဿနာရှိခဲ့သလော။ မိမိတို့တွင် မည်သူသာ၍ကြီးမြတ်သနည်းဟု အနည်းဆုံးတစ်ကြိမ် သူတို့ငြင်းခုံခဲ့ကြသည်။ (မာကု ၉:၃၃-၃၇) နောက်တစ်ကြိမ်တွင် ယာကုပ်နှင့် ယောဟန်တို့သည် ဘုရားသခင့်နိုင်ငံတော်တွင် ထင်ပေါ်သောအဆင့်နေရာကို တောင်းဆိုခဲ့ကြသည်။ (မာကု ၁၀:၃၅-၄၅) ယေရှုက သူ၏တပည့်များ၌ ဤစိတ်သဘောထားမရှိစေရန် ကူညီပေးလို၏။ ထို့ကြောင့် ပသခါပွဲသုံးဆောင်နေစဉ် ကိုယ်တော်သည်ထ၍ ပဝါဖြင့် ခါးစည်းပြီး တပည့်များ၏ခြေကို စတင်ဆေးတော်မူ၏။ သူတို့အား သင်ယူစေလိုသည့်သင်ခန်းစာကို ကိုယ်တော်အတိအလင်းဖော်ပြခဲ့သည်။ “ငါသည် သခင်ဖြစ်လျက်၊ [“ဆရာ၊” ကဘ] လည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်” ဟုယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၃:၁၄) မာန်မာနကို နှိမ့်ချမှုဖြင့် အစားထိုးရမည်။
သို့ရာတွင် မာန်မာနကို အောင်နိုင်ဖို့မလွယ်ကူပါ။ ထိုညနေနှောင်းပိုင်းတွင် ယေရှုသည် မိမိကိုသစ္စာဖောက်တော့မည့် ယုဒရှကာရုတ်အား ထွက်သွားစေပြီးနောက် တမန်တော် ၁၁ ပါးသည် အပြင်းအထန် အချေအတင်ငြင်းခုံကြပြန်သည်။ အဘယ်ကြောင့်နည်း။ သူတို့တွင် မည်သူ အကြီးမြတ်ဆုံးဖြစ်သနည်းဟူသောကိစ္စဖြစ်သည်! ယေရှုသည် သူတို့ကိုဆူပူမည့်အစား သူတစ်ပါးအစေခံခြင်း၏တန်ဖိုးကို စိတ်ရှည်စွာ အလေးပေးဖော်ပြပြန်သည်။ ကိုယ်တော်ဤသို့မိန့်ဆိုခဲ့သည်– “လော[က]မင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ခေါ်ဝေါ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။” မိမိ၏ပုံသက်သေကို ပြန်သတိရစေပြီး ကိုယ်တော်က “ငါသည်သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏” ဟုဆို၏။—လုကာ ၂၂:၂၄-၂၇။
ဆိုလိုချက်ကို တမန်တော်များ နားလည်ခဲ့ကြပါသလော။ သူတို့နားလည်ခဲ့ကြောင်း ထင်ရှားသည်။ နှစ်အတန်ကြာလေသော် တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။” (၁ ပေတရု ၃:၈) ကျွန်ုပ်တို့လည်း နှိမ့်ချမှုဖြင့် မာန်မာနကို အောင်နိုင်ရန် အရေးကြီးလှသည်တကား! ထင်ပေါ်ကျော်ကြားမှု၊ အာဏာ သို့မဟုတ် ရာထူးရခြင်းတို့၌ အချိန်ကုန်ခံနေခြင်းသည် ပညာမရှိချေ။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (ယာကုပ် ၄:၆) ထိုနည်းတူ ရှေးခေတ်မှ ပညာရှိစကားတစ်ခွန်းက ဤသို့ဆို၏– “စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏။”—သု. ၂၂:၄။
မုန်းတီးမှုကို အောင်နိုင်ခြင်း—မည်သို့အားဖြင့်နည်း
ဤလောက၌ တွေ့မြင်နေကျစရိုက် နောက်တစ်ခုဖြစ်သော မုန်းတီးမှုကို သုံးသပ်ကြည့်ပါ။ ကြောက်ရွံ့မှု၊ ဗဟုသုတနည်းမှု၊ စိတ်စွန်းကွက်မှု၊ ဖိနှိပ်မှု၊ မတရားမှုတို့ကြောင့်ဖြစ်စေ လူမျိုးရေးစိတ်ဓာတ်၊ လူမျိုးနွယ်စုချစ်စိတ်ဓာတ် သို့မဟုတ် လူမျိုးရေးခွဲခြားမှုတို့ကြောင့်ဖြစ်စေ ကျွန်ုပ်တို့ဝန်းကျင်၌ မုန်းတီးမှုပျံ့နှံ့နေပုံရသည်။ (၂ တိမောသေ ၃:၁-၄) ယေရှုခေတ်၌လည်း မုန်းတီးမှုပျံ့နှံ့ခဲ့ပါသည်။ အခွန်ခံများကို ဂျူးအသိုင်းအဝိုင်းက မုန်းတီး၍ပယ်ထားကြသည်။ ဂျူးတို့သည် ရှမာရိလူမျိုးကို အဖက်မလုပ်ခဲ့ကြချေ။ (ယောဟန် ၄:၉) တစ်ပါးအမျိုးသားများ သို့မဟုတ် ဂျူးမဟုတ်သူများလည်း ဂျူးတို့၏အထင်သေးမှုကို ခံခဲ့ကြရသည်။ သို့သော် အတန်ကြာလေသော် ယေရှုစတင်ခဲ့သော ဝတ်ပြုနည်းသည် လူမျိုးအပေါင်းမှ လူတို့ကိုလက်ခံစေသည်။ (တမန်တော် ၁၀:၃၄၊ ၃၅; ဂလာတိ ၃:၂၈) ထို့ကြောင့် ကိုယ်တော်သည် တပည့်များအား လမ်းစဉ်သစ်တစ်ခုကို မေတ္တာရှိစွာ ပေးခဲ့သည်။
ယေရှုဤသို့ကြေညာခဲ့သည်– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။” ဤချစ်ခြင်းမေတ္တာကိုတင်ပြဖို့ သူတို့သင်ယူကြရမည်ဖြစ်သည်၊ အကြောင်းမှာ ကိုယ်တော်ဤသို့ဆက်၍ မိန့်ဆိုသည်– “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၄၊ ၃၅) ဤပညတ်သည် “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ” ချစ်ခြင်းထက် သာသဖြင့် အသစ်ဖြစ်သည်။ (ဝတ်ပြုရာ ၁၉:၁၈) အဘယ်နည်းဖြင့်နည်း။ ဤသို့ဆို၍ ယင်းကို ယေရှုရှင်းပြခဲ့သည်– “ငါ့ပညတ်ဟူမူကား၊ ငါသည်သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည်အချင်းချင်းချစ်ကြလော့။ ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။” (ယောဟန် ၁၅:၁၂၊ ၁၃) သူတို့သည် အချင်းချင်းနှင့် အခြားသူများအတွက် အသက်စွန့်ရန် အသင့်ရှိကြရမည်။
မစုံလင်သောလူသားများသည် မိမိတို့ဘဝအသက်တာမှ ရန်ငြိုးထားသောမုန်းတီးမှုကို မည်သို့ဖယ်ရှားပစ်နိုင်သနည်း။ ကိုယ်ကျိုးစွန့်မေတ္တာနှင့် အစားထိုးခြင်းအားဖြင့်ဖြစ်သည်။ လူမျိုးစု၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် နိုင်ငံရေးနောက်ခံအမျိုးမျိုးမှ သန်းပေါင်းများစွာသော စိတ်ရင်းမှန်သူများသည် ထိုသို့ပြုနေကြသည်။ ယခု သူတို့သည် စည်းလုံး၍ မုန်းတီးမှုမရှိသော အသိုင်းအဝိုင်း—ယေဟောဝါသက်သေများ၏ ကမ္ဘာချီညီအစ်ကိုများ အသင်းအပင်း—တစ်ခုဖြစ်လာလေပြီ။ သူတို့သည် တမန်တော်ယောဟန်၏ ဤမှုတ်သွင်းခံစကားများကို နှလုံးသွင်းကြသည်– “မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား၊ လူ၁ ယောဟန် ၃:၁၅) စစ်မှန်သောခရစ်ယာန်များသည် လက်နက်ကိုင်တိုက်ခိုက်ခြင်းကို ငြင်းပယ်ရုံမက တစ်ဦးကိုတစ်ဦး ကြိုးစားမေတ္တာပြကြသည်။
အသက်ကိုသတ်သောသူဖြစ်၏။ လူအသက်ကိုသတ်သောသူ တစ်စုံတစ်ယောက်မျှ ထာဝရအသက်မတည်သည်ကို သင်တို့သိကြ၏။” (သို့သော် ယုံကြည်သူချင်းမဟုတ်သူ၊ ကျွန်ုပ်တို့ကိုမုန်းတီးသူများအပေါ် အဘယ်စိတ်သဘောထားရှိသင့်သနည်း။ သစ်တိုင်ပေါ်ဆွဲထားခံရစဉ် ယေရှုက “အိုအဘ၊ သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြ” ဟုဆိုလျက် မိမိအား သေဒဏ်စီရင်သူများအတွက် ဆုတောင်းပေးခဲ့သည်။ (လုကာ ၂၃:၃၄) မုန်းတီးစိတ်ပြည့်နေသူများက တပည့်တော်သတေဖန်ကို ကျောက်ခဲနှင့်ပေါက်သတ်သောအခါ သူ၏နောက်ဆုံးစကားမှာ ဤသို့ဖြစ်သည်– “[“ယေဟောဝါ၊” ကဘ] ဤသူတို့ပြုသော . . . အပြစ်ကိုမှတ်တော်မမူပါနှင့်။” (တမန်တော် ၇:၆၀) ယေရှုနှင့် သတေဖန်တို့သည် မိမိတို့ကို မုန်းတီးသူတို့အတွက်ပင် အကောင်းဆုံးဖြစ်စေလိုခဲ့ကြသည်။ သူတို့စိတ်ထဲတွင် နာကြည်းမှုလုံးဝမရှိခဲ့ပါ။ သမ္မာကျမ်းစာက “ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့” ဟုတိုက်တွန်းထားသည်။—ဂလာတိ ၆:၁၀။
‘အစဉ်မပြတ်ထောက်မသူ’
ယေရှုသည် တည်ကြည်သော တမန်တော် ၁၁ ပါးနှင့် စည်းဝေးနေစဉ် မကြာမီ ကိုယ်တော်သည် ကာယရေးအရ သူတို့နှင့်အတူ ရှိတော့မည်မဟုတ်ကြောင်း အသိပေးခဲ့သည်။ (ယောဟန် ၁၄:၂၈; ၁၆:၂၈) သို့သော် သူတို့ကို ဤသို့စိတ်ချစေသည်– “ငါသည်လည်း ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည် . . . အခြားသော . . . ဆရာ [“ထောက်မသူ၊” ကဘ] တစ်ပါးကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။” (ယောဟန် ၁၄:၁၆၊ သမ္မာ) ကတိထားရာထောက်မသူမှာ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။ ၎င်းသည် ကျမ်းစာ၏နက်နဲရာများကို သွန်သင်ပေးပြီး ယေရှု၏မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း ကိုယ်တော်သွန်သင်ပေးခဲ့ရာများကို သူတို့အား ပြန်သတိရမှတ်မိစေမည်ဖြစ်သည်။—ယောဟန် ၁၄:၂၆။
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ယနေ့ မည်သို့ထောက်မကူညီနိုင်သနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင့်မှုတ်သွင်းခံ နှုတ်မြွက်စကားတော်ဖြစ်၏။ ပရောဖက်ပြုချက်များကို မြွက်ဆို၍ ကျမ်းစာကိုရေးသားရန် အသုံးပြုခံခဲ့ရသူများသည် “သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ” ကြ၏။ (၂ ပေတရု ၁:၂၀၊ ၂၁; ၂ တိမောသေ ၃:၁၆) သမ္မာကျမ်းစာကို လေ့လာ၍ တတ်သိလာရာတို့ကို လက်တွေ့ကျင့်သုံးခြင်းက ကျွန်ုပ်တို့ကိုအသိပညာ၊ ဉာဏ်ပညာ၊ သိနားလည်မှု၊ ထိုးထွင်းသိမြင်မှု၊ ပိုင်းခြားသိမြင်မှုနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းတို့ကို ရရှိစေသည်။ ထိုအခါ ဆိုးညစ်သောလောက၏ ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကျွန်ုပ်တို့ သာ၍အသင့်ရှိမည်မဟုတ်ပေလော။
သန့်ရှင်းသောဝိညာဉ်တော်သည် အခြားနည်းတစ်နည်းဖြင့် ထောက်မပေးသေးသည်။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် ကောင်းကျိုးပြုသော တန်ခိုးကြီးမားသည့်စွမ်းအားဖြစ်ရာ ယင်း၏သြဇာလွှမ်းမိုးမှုခံသူများကို ဘုရားသခင်ရေးရာအရည်အချင်းများ တင်ပြစေနိုင်သည်။ “ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ [ယုံကြည်]ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းပေတည်း” ဟုကျမ်းစာကဆို၏။ အကျင့်ယိုယွင်းခြင်း၊ ရန်တွေ့ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်းအစရှိသော ဇာတိသဘောထားများကိုအောင်နိုင်ရန် အဆိုပါအရည်အချင်းများကို ကျွန်ုပ်တို့လိုအပ်သည် မဟုတ်ပေလော။—ဂလာတိ ၅:၁၉-၂၃။
ဘုရားသခင့်ဝိညာဉ်တော်ကို မှီခိုအားထားခြင်းဖြင့် မည်သည့်ပြဿနာ၊ မည်သည့်စိတ်ဆင်းရဲမှုကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်ရန် “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ကိုလည်း ကျွန်ုပ်တို့ရရှိနိုင်သည်။ (၂ ကောရိန္သု ၄:၇) သန့်ရှင်းသောဝိညာဉ်တော်သည် စုံစမ်းနှောင့်ယှက်မှုများ၊ သွေးဆောင်မှုများကို ဖယ်ရှားပေးမည်မဟုတ်သော်လည်း ၎င်းတို့ကို အမှန်ခံရပ်နိုင်စေသည်။ (၁ ကောရိန္သု ၁၀:၁၃) “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏” ဟုတမန်တော်ပေါလု ရေးသားခဲ့သည်။ (ဖိလိပ္ပိ ၄:၁၃) ဘုရားသခင်သည် ထိုသို့သောခွန်အားကို ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိစေပါသည်။ သန့်ရှင်းသောဝိညာဉ်တော်အတွက် ကျွန်ုပ်တို့ အမှန်တကယ် ကျေးဇူးတင်နိုင်ကြသည်တကား! ‘ယေရှုကိုချစ်၍ ကိုယ်တော်၏ပညတ်များကို စောင့်ရှောက်ကြ’ သူများအား ယင်းကိုပေးမည်ဟု ကတိတော်ရှိ၏။—ယောဟန် ၁၄:၁၅။
“ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့”
လူသားတစ်ဦးအဖြစ် ကိုယ်တော်၏နောက်ဆုံးညတွင် တမန်တော်များကို ယေရှုဤသို့လည်းမိန့်ဆိုခဲ့သည်– “ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည်ချစ်တော်မူမည်။” (ယောဟန် ၁၄:၂၁) “ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့” ဟုကိုယ်တော်တိုက်တွန်းခဲ့သည်။ (ယောဟန် ၁၅:၉) ကျွန်ုပ်တို့ကိုယ်တွင်းရှိ အပြစ်ပြုလိုသည့်သဘောထားများအပြင် ပြင်ပရှိ ဆိုးညစ်သောဤလောကနှင့် ဆိုင်ပြိုင်တိုက်လှန်ရာတွင် ခမည်းတော်နှင့်သားတော်တို့၏မေတ္တာ၌ တည်နေခြင်းက မည်သို့ထောက်ကူပေးသနည်း။
အပြစ်ပြုလိုသည့်သဘောထားများကို ချုပ်ထိန်းရန် ပြင်းပြသည့်လှုံ့ဆော်မှုမရှိပါက ထိုသို့ပြုနိုင်ပါမည်လော။ ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော်နှင့်ပါ ကောင်းသောဆက်ဆံရေးရှိလိုသည့်ဆန္ဒထက် သာ၍ကောင်းသောလှုံ့ဆော်မှု ရှိနိုင်ဦးမည်လော။ ဆယ်ကျော်သက်အရွယ်မှစ၍ အသက်ရှင်နေထိုင်ခဲ့သော အကျင့်ယိုယွင်းသည့် *က ဤသို့ရှင်းပြသည်– “ကျွန်တော် ဘုရားသခင့်စိတ်တော်နဲ့တွေ့ချင်လာတယ်၊ ကျွန်တော့်ရဲ့ အသက်ရှင်နေထိုင်ပုံကို ကိုယ်တော်မကြိုက်မှန်း ကျမ်းစာလေ့လာလို့ သိလာတယ်။ ဒါကြောင့် ဘုရားသခင့်လမ်းညွှန်မှုတွေကို လိုက်နာဖို့၊ အရင်နဲ့မတူတဲ့လူဖြစ်ဖို့ ကျွန်တော်စိတ်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်စိတ်ထဲ လှိမ့်ဝင်လာတတ်တဲ့ အပျက်သဘောပါတဲ့ ညစ်ညမ်းတဲ့အတွေးတွေကို နေ့တိုင်းလိုလို ကျွန်တော်တိုက်လှန်ခဲ့ရတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲကို အောင်နိုင်ဖို့ ကျွန်တော်စိတ်ပိုင်းဖြတ်ထားပြီး ဘုရားသခင့်အကူအညီရဖို့ အမြဲဆုတောင်းခဲ့တယ်။ ကျွန်တော့်ကိုယ်ကို ကြပ်မတ်နေရတုန်းဖြစ်ပေမဲ့ နှစ်နှစ်ကြာပြီးတဲ့နောက် အဆိုးရွားဆုံးအခြေအနေကို ကျွန်တော်ကျော်လွှားနိုင်ခဲ့ပြီ။”
ဘဝပုံစံကို အကြီးအကျယ်တိုက်လှန်ခဲ့ရသူ အာနက်စတိုပြင်ပလောကနှင့် တိုက်လှန်ရခြင်းနှင့်စပ်လျဉ်း၍ ယေရုရှလင်မြို့ရှိ အထက်ခန်းမမှ မထွက်ခွာမီ ယေရှု၏နိဂုံးချုပ်ဆုတောင်းချက်ကို သုံးသပ်ကြည့်ပါ။ ကိုယ်တော်၏တပည့်များအတွက် ခမည်းတော်ထံ ဤသို့တောင်းလျှောက်ခဲ့သည်– “ဤသူတို့ကို ဤလောကမှနုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည်မဆက်ဆံကြပါ။” (ယောဟန် ၁၇:၁၅၊ ၁၆) တကယ်အားရှိစရာပါတကား! ယေဟောဝါသည် မိမိချစ်မြတ်နိုးသူများကို စောင့်ရှောက်တော်မူပြီး လောကနှင့် သူတို့မဆက်ဆံဘဲနေကြစဉ် သူတို့ကို ခွန်အားပေးတော်မူ၏။
“ယုံကြည်ကြလော့”
ယေရှု၏ပညတ်များကို လိုက်နာစောင့်ရှောက်ခြင်းသည် ဤဆိုးညစ်သောလောကနှင့် ကျွန်ုပ်တို့၏အပြစ်ပြုလိုသော သဘောထားများကို တိုက်လှန်ရာတွင် အမှန်အောင်ပွဲခံစေနိုင်ပါသည်။ သို့သော် အဆိုပါအောင်ပွဲများသည် အရေးကြီးသည်မှန်သော်လည်း ဤလောကနှင့် ကျွန်ုပ်တို့အမွေရထားသောအပြစ်ကို မဖယ်ရှားပေးနိုင်ချေ။ သို့ဖြစ်သော်လည်း စိတ်ပျက်စရာမလိုပါ။
သမ္မာကျမ်းစာက “လောကနှင့်လော[က]တပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ . . . ထာဝရတည်၏” ဟုကြေညာထားသည်။ (၁ ယောဟန် ၂:၁၇) ယေရှုသည် “[မိမိ]ကို ယုံကြည်သူအပေါင်း” အား အပြစ်နှင့်သေခြင်းမှကယ်လွှတ်ရန် အသက်စွန့်ခဲ့ပြီ။ (ယောဟန် ၃:၁၆) သို့ဖြစ်၍ ဘုရားသခင့်အလိုတော်နှင့် ရည်ရွယ်တော်မူချက်များကို ကျွန်ုပ်တို့တိုးသိနားလည်လာသည်နှင့်အမျှ “ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့” ဟူသော ယေရှု၏တိုက်တွန်းချက်ကို နှလုံးသွင်းကြပါစို့။—ယောဟန် ၁၄:၁။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 22 ဤတွင် အစားထိုးအမည်ကို အသုံးပြုထား။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
“ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့” ဟု တမန်တော်များကို ယေရှုတိုက်တွန်းခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အပြစ်နှင့် ယင်း၏အကျိုးဆက်များမှ လွတ်မြောက်ခြင်းသည် မကြာမီ အမှန်တကယ်ဖြစ်လာတော့မည်