“ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ” ပြုလော့
“ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ” ပြုလော့
“လူတို့သည် . . . ဖြည်းညင်းသောသဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှာလည်းကောင်း သတိပေးလော့။”—တိတု ၃:၁၊ ၂။
၁။ နူးညံ့သိမ်မွေ့ခြင်းကိုတင်ပြဖို့ အစဉ်မလွယ်ကူခြင်းသည် အဘယ်ကြောင့်နည်း။
တမန်တော်ပေါလုက “ငါသည် ခရစ်တော်၏နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူကျင့်ကြလော့” ဟုရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၁:၁) ဤတိုက်တွန်းချက်အတိုင်းပြုလုပ်ရန် ယနေ့ ဘုရားသခင့်ကျေးကျွန်အားလုံး ကြိုးစားကြသည်။ မှန်ပါသည်၊ ထိုသို့ပြုရန်မလွယ်ကူပါ၊ အကြောင်းမှာ ခရစ်တော်၏ပုံနမူနာနှင့်မကိုက်ညီသော ကိုယ်ကျိုးရှာစိတ်ဓာတ်နှင့် ပင်ကိုစရိုက်များကို ကနဦးလူ့မိဘများထံမှ ကျွန်ုပ်တို့အမွေရရှိထားကြ၏။ (ရောမ ၃:၂၃; ၇:၂၁-၂၅) သို့ရာတွင် နူးညံ့သိမ်မွေ့ခြင်းကို ကျွန်ုပ်တို့အားလုံး ကြိုးစားတင်ပြကြမည်ဆိုလျှင် အောင်မြင်နိုင်ပါသည်။ သို့သော် စိတ်ဆန္ဒစွမ်းအားအပေါ်မှီခိုရုံနှင့် မလုံလောက်ချေ။ ထိုထက်လိုအပ်သည်။ အဘယ်အရာလိုသနည်း။
၂။ ကျွန်ုပ်တို့သည် “ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ” မည်သို့ပြုမူဆက်ဆံနိုင်ကြသနည်း။
၂ ဘုရားသခင်ရေးရာနူးညံ့သိမ်မွေ့ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသီးတစ်လုံးဖြစ်သည်။ ဘုရားသခင့်လှုပ်ရှားတတ်သောစွမ်းအား၏ ဦးဆောင်မှုနောက် ကျွန်ုပ်တို့လိုက်လေ ယင်း၏အသီးများ ထင်ရှားလေဖြစ်မည်။ သို့မှသာ ခပ်သိမ်းသောသူတို့နှင့် “အလွန်နူးညံ့သိမ်မွေ့” စွာပြုမူဆက်ဆံနိုင်မည်။ (တိတု ၃:၂) ယေရှု၏ပုံနမူနာကို ကျွန်ုပ်တို့ မည်သို့တုပနိုင်ပြီး ကျွန်ုပ်တို့နှင့်ပေါင်းဖော်သူများကို မည်သို့ “လန်းဆန်း” စေနိုင်ကြောင်း ဆန်းစစ်ကြည့်ကြစို့။—မဿဲ ၁၁:၂၉၊ ကဘ; ဂလာတိ ၅:၂၂၊ ၂၃။
မိသားစုတွင်
၃။ မိသားစု၏အဘယ်အခြေအနေက လောကစိတ်ဓာတ်ကို ထင်ဟပ်ခြင်းဖြစ်သနည်း။
၃ နူးညံ့သိမ်မွေ့ခြင်း မရှိမဖြစ်သောနေရာတစ်ခုမှာ မိသားစုအတွင်းဖြစ်သည်။ ယာဉ်တိုက်မှုနှင့် ငှက်ဖျားရောဂါနှစ်ခုပေါင်းထက် မိသားစုအကြမ်းဖက်မှုသည် အမျိုးသမီးများ၏ကျန်းမာရေးကို ပို၍ဘေးပြုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းသည်။ သာဓကအနေနှင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် တိုင်ကြားထားသော အကြမ်းဖက်မှုအားလုံး၏ လေးပုံတစ်ပုံသည် အိမ်တွင်း၌ဖြစ်ပျက်သည်။ မိမိတို့ခံစားချက်ကို ‘အော်ဟစ်ငေါက်ငေါ် ဆဲရေးတိုင်းထွာ’ ၍ဖော်ပြတတ်သူများနှင့် ရဲများ မကြာခဏတွေ့ကြုံရကြသည်။ အဆိုးဆုံးမှာ မောင်နှံစုံအချို့သည် ‘အငြိုးထားခြင်း’ ကြောင့် သူတို့၏ ဆက်ဆံရေးထိခိုက်သွားကြသည်။ ယင်းတို့အားလုံးမှာ ‘လောကစိတ်ဓာတ်’ ၏ ဝမ်းနည်းဖွယ်ထင်ဟပ်မှုတစ်ခုဖြစ်ပြီး ခရစ်ယာန်မိသားစုများတွင် မရှိသင့်ပါ။—ဧဖက် ၄:၃၁; ၁ ကောရိန္သု ၂:၁၂။
၄။ နူးညံ့သိမ်မွေ့ခြင်းသည် မိသားစုအပေါ် အဘယ်အကျိုးသက်ရောက်နိုင်သနည်း။
၄ လောကလိုအင်ဆန္ဒများကို ဆီးတားရန် ဘုရားသခင့်ဝိညာဉ်တော်လိုသည်။ “[ယေဟောဝါ] ၏ ဝိညာဉ်တော်ရှိရာ၌ လွတ်ခြင်းချမ်းသာရှိတတ်၏။” (၂ ကောရိန္သု ၃:၁၇၊ သမ္မာ) ချစ်ခြင်း၊ ကြင်နာခြင်း၊ ချုပ်တည်းခြင်းနှင့် စိတ်ရှည်ခြင်းတို့သည် မစုံလင်သူ လင်ယောက်ျားများနှင့် ဇနီးသည်များကို ပိုမိုစည်းလုံးစေသည်။ (ဧဖက် ၅:၃၃) စိတ်နူးညံ့သိမ်မွေ့ခြင်းသည် မိသားစုကို ပျော်ရွှင်ကြည်နူးစေ၏၊ အိမ်ထောင်သာယာရေးကို ပျက်ပြားစေသော ကတောက်ကဆတ်ဖြစ်ခြင်း၊ အချေအတင်ငြင်းခုံခြင်းတို့နှင့် တခြားစီပင်။ ပြောဆိုသည့်စကားသည် အရေးပါသော်လည်း ပြောဆိုပုံက သူ၏အတွင်းစိတ်နေသဘောထားကို ဖော်ထုတ်သည်။ စိုးရိမ်ပူပန်မှုများကို နူးညံ့သိမ်မွေ့စွာဖော်ပြခြင်းက တင်းမာမှုများကို လျော့နည်းစေသည်။ ပညာရှိရှောလမုန်ဘုရင်က ဤသို့ရေးသားခဲ့သည်– “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုနှိုးဆော်တတ်၏။”—သု. ၁၅:၁။
၅။ ဘာသာရေးအရကွဲပြားသော အိမ်ထောင်စုတစ်ခုတွင် နူးညံ့သိမ်မွေ့ခြင်းက မည်သို့အထောက်အကူပြုနိုင်သနည်း။
၅ ဘာသာရေးအရ ကွဲပြားသောအိမ်ထောင်စုတွင် နူးညံ့သိမ်မွေ့ခြင်းကိုတင်ပြဖို့ အထူးအရေးကြီးသည်။ ထို့ပြင် ကြင်နာသောလုပ်ရပ်များကိုပါပြခြင်းအားဖြင့် ဆီးတားငြင်းခုံသူတို့ကိုပင် ယေဟောဝါထံသို့ သွေးဆောင်နိုင်ပေသည်။ ခရစ်ယာန်ဇနီးသည်များကို ပေတရု ဤသို့ဆုံးမခဲ့သည်– “ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သို့ပြု၍၊ နှုတ် [မြွက်] တရားတော်ကို နားမထောင်သောယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍၊ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက် အတူပါမည်အကြောင်းရှိ၏။ သင်တို့၌တန်ဆာဆင်ခြင်းမူကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊ ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သောတန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့။”—၁ ပေတရု ၃:၁-၄။
၆။ နူးညံ့သိမ်မွေ့မှုတင်ပြခြင်းသည် မိဘနှင့် သားသမီးများ၏နှောင်ကြိုးကို မည်သို့ခိုင်မြဲစေနိုင်သနည်း။
၆ အထူးသဖြင့် ယေဟောဝါအား ချစ်သည့်မေတ္တာကင်းမဲ့သောအခါ မိဘနှင့် သားသမီး ဆက်ဆံရေးတင်းမာနိုင်သည်။ သို့သော် ခရစ်ယာန်အိမ်ထောင်စုအားလုံးတွင် နူးညံ့သိမ်မွေ့ခြင်းကို တင်ပြဖို့လိုသည်။ ဖခင်များကို ပေါလု ဤသို့ဆုံးမခဲ့သည်– “ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။” (ဧဖက် ၆:၄) မိသားစုတစ်ခုတွင် နူးညံ့သိမ်မွေ့ခြင်း လွှမ်းမိုးသောအခါ မိဘနှင့် သားသမီးစပ်ကြား ခိုင်မြဲသောနှောင်ကြိုးရှိသည်။ သားသမီးငါးဦးအနက် တစ်ဦးဖြစ်သူဒင်းန်က သူ၏ဖခင်အကြောင်း ဤသို့ပြန်ပြောင်းပြောပြခဲ့သည်– “အဖေဟာ နူးညံ့သိမ်မွေ့တဲ့သူဖြစ်တယ်။ ကျွန်တော်ဆယ်ကျော်သက်အရွယ်တုန်းကတောင် အဖေနဲ့ အချေအတင်စကားများတာ တစ်ခါမှမရှိခဲ့ဖူးဘူး။ သူစိတ်အနှောင့်အယှက်ဖြစ်နေတဲ့အချိန်မှာတောင် အမြဲပဲသိမ်မွေ့တယ်။ တစ်ခါတလေ ကျွန်တော့်ကို အခန်းထဲသွားနေခိုင်းတာမျိုး၊ ဒါမှမဟုတ် အခွင့်အရေးတချို့ ရုပ်သိမ်းတာမျိုးရှိခဲ့ပေမဲ့ ကျွန်တော်တို့ တစ်ခါမှမငြင်းခုံခဲ့ဖူးဘူး။ သူဟာကျွန်တော်တို့ရဲ့ အဖေလောက်ပဲမကဘူး။ ကျွန်တော်တို့ရဲ့ မိတ်ဆွေလည်းဖြစ်တယ်၊ သူ့ကို ကျွန်တော်တို့ စိတ်မပျက်စေချင်ဘူး။” နူးညံ့သိမ်မွေ့ခြင်းသည် မိဘနှင့် သားသမီးများစပ်ကြားရှိနှောင်ကြိုးကို အမှန်ပင်တိုး၍ခိုင်မြဲစေပါသည်။
ကျွန်ုပ်တို့၏ဓမ္မအမှုတွင်
၇၊ ၈။ လယ်ကွင်းဓမ္မအမှုတွင် နူးညံ့သိမ်မွေ့ခြင်းတင်ပြဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၇ နူးညံ့သိမ်မွေ့ခြင်းတင်ပြဖို့အရေးပါသော ဝန်းကျင်နောက်တစ်ခုမှာ လယ်ကွင်းဓမ္မအမှုတွင်ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို သူတစ်ပါးအားဟောပြောသောအခါ ပင်ကိုစရိုက်အမျိုးမျိုးရှိသူတို့နှင့် ကျွန်ုပ်တို့တွေ့ဆုံကြရသည်။ အချို့က ကျွန်ုပ်တို့၏မျှော်လင့်ခြင်းသတင်းတရားကို ဝမ်းမြောက်ဝမ်းသာနားထောင်ကြသည်။ အခြားသူတို့မူ အကြောင်းအမျိုးမျိုးကြောင့် လက်မခံဘဲနေပေမည်။ ဤအချိန်အခါမျိုးတွင် နူးညံ့သိမ်မွေ့ခြင်းအရည်အသွေးသည် မြေကြီးစွန်းတိုင် သက်သေခံရသည့် ကျွန်ုပ်တို့၏တာဝန်ကို ကျေပွန်စွာဆောင်ရွက်ခြင်းအတွက် များစွာအထောက်အကူပြုသည်။—တမန်တော် ၁:၈; ၂ တိမောသေ ၄:၅။
၈ တမန်တော်ပေတရု ဤသို့ရေးသားခဲ့သည်– “စိတ်နှလုံးထဲ၌ [“ခရစ်တော်၊” ကဘ] ကို ရိုသေခြင်းရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် [“အလွန်လေးစားစွာ၊” ကဘ] ပြန်ပြောခြင်းငှာ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။” (၁ ပေတရု ၃:၁၅) ကျွန်ုပ်တို့သည် နှလုံးထဲတွင် ခရစ်တော်ကို ကျွန်ုပ်တို့၏စံနမူနာရှင်အဖြစ် လေးစားကြသောကြောင့် အပြောကြမ်းသူတို့ကို သက်သေခံသောအခါ နူးညံ့သိမ်မွေ့မှုနှင့် လေးစားမှုတင်ပြဖို့ အထူးသတိပြုကြသည်။ ဤသို့ပြုကျင့်ခြင်းက ထူးခြားသောရလဒ်များ ရစေလေ့ရှိသည်။
၉၊ ၁၀။ လယ်ကွင်းဓမ္မအမှုတွင် နူးညံ့သိမ်မွေ့ခြင်း၏တန်ဖိုးကိုဖော်ပြသော တွေ့ကြုံမှုတစ်ခု ပြန်ပြောပြပါ။
၉ တံခါးခေါက်သံကြား၍ ဇနီးဖြစ်သူက တံခါးသွားဖွင့်သောအခါ ကိသ်သည် မနီးမဝေးတွင်ရှိသည်။ ဧည့်သည်မှာ ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း သိရသောအခါ ကိသ်၏ဇနီးက စိတ်ဆိုးမာန်ဆိုးနှင့် သက်သေခံများသည် ကလေးများကို ရက်စက်သည်ဟု စွပ်စွဲလေတော့သည်။ ညီအစ်ကိုဖြစ်သူက တည်ငြိမ်မှုပြခဲ့သည်။ နူးညံ့သိမ်မွေ့စွာဖြင့် သူက “ခင်ဗျား အဲဒီလိုထင်နေတဲ့အတွက် စိတ်မကောင်းပါဘူး။ ယေဟောဝါသက်သေတွေ ဘာကိုယုံကြည်တယ်ဆိုတာ ကျေးဇူးပြုပြီး ပြောပြပါရစေ” ဟုတုံ့ပြန်ခဲ့သည်။ သူတို့ပြောဆိုသည်ကို နားထောင်နေသောကိသ်သည် ထွက်လာပြီး ညီအစ်ကို၏စကားကို ဖြတ်လိုက်သည်။
၁၀ နောက်ပိုင်းတွင် မိမိတို့ထံလာသောဧည့်သည်အား ကြမ်းတမ်းစွာ
ဆက်ဆံမိခဲ့သည့်အတွက် သူတို့ဇနီးမောင်နှံ စိတ်မကောင်းဖြစ်မိကြသည်။ သိမ်မွေ့သော သူ၏အမူအရာက သူတို့စိတ်ကိုထိမိခဲ့သည်။ တစ်ပတ်အကြာတွင် ထိုညီအစ်ကိုပြန်ရောက်လာသဖြင့် ကိသ်နှင့် သူ၏ဇနီးမှာ အံ့အားသင့်ခဲ့ကြ၏၊ ဤအကြိမ်တွင် သူ၏ယုံကြည်ချက်ကို ကျမ်းချက်များနှင့်ရှင်းပြစေခဲ့ကြသည်။ “နောက်နှစ်နှစ်ကျော်ကျော်တိုင် တခြားသက်သေခံတွေကိုလည်း ကျွန်တော်တို့နားထောင်ခဲ့ကြတယ်” ဟုနောင်တွင် သူတို့ပြောပြသည်။ ကျမ်းစာသင်အံမှုကို သူတို့လက်ခံလိုက်ကြပြီး နောက်ဆုံးတွင် သူတို့နှစ်ဦးစလုံး ယေဟောဝါထံ ဆက်ကပ်အပ်နှံသည့်အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံခဲ့ကြသည်။ ကိသ်တို့ဇနီးမောင်နှံထံ ဦးဆုံးလည်ပတ်ခဲ့သော သက်သေခံအတွက် အကျိုးနပ်လှသည်တကား! ထိုသက်သေခံသည် နှစ်အတန်ကြာပြီးနောက် ၎င်းမောင်နှံစုံနှင့် ပြန်ဆုံတွေ့ချိန်တွင် သူတို့သည် မိမိ၏ဝိညာဉ်ရေးညီအစ်ကိုနှင့် ညီအစ်မဖြစ်နေလေပြီ။ နူးညံ့သိမ်မွေ့ခြင်းသည် အောင်မြင်မှုရရှိစေသည်။၁၁။ လူတစ်ဦး ခရစ်ယာန်အမှန်တရားလက်ခံရန် နူးညံ့သိမ်မွေ့ခြင်းက မည်သို့လမ်းဖွင့်ပေးနိုင်သနည်း။
၁၁ စစ်သားတစ်ဦးဖြစ်ခဲ့သော ဟယ်ရယ်လ်၏တွေ့ကြုံမှုများက သူ့ကို စိတ်နာကြည်းစေပြီး ဘုရားသခင်ရှိကြောင်း သံသယဝင်စေခဲ့သည်။ သူ၏ပြဿနာများကိုပိုဆိုးစေသည်မှာ အရက်မူးနေသောယာဉ်မောင်းကြောင့် ဟယ်ရယ်လ်သည် ယာဉ်တိုက်ခံရပြီး မသန်မစွမ်းဘဝရောက်ခဲ့ရသည်။ ဟယ်ရယ်လ်အိမ်သို့ ယေဟောဝါသက်သေများ ရောက်လာသောအခါ သူ့ထံပြန်မလာဖို့ပြောလိုက်သည်။ သို့သော် တစ်နေ့တွင် ဘေးလ်အမည်ရှိ သက်သေခံတစ်ဦးသည် ဟယ်ရယ်လ်၏နှစ်အိမ်ကျော်တွင်နေထိုင်သော စိတ်ဝင်စားသူတစ်ဦးထံ လည်ပတ်ဖို့ဖြစ်သည်။ သို့သော် ဘေးလ်သည် အိမ်မှားပြီး ဟယ်ရယ်လ်၏တံခါးကို ခေါက်မိသည်။ တုတ်ကောက်နှစ်ချောင်းကိုအားပြုပြီး ဟယ်ရယ်လ်တံခါးလာဖွင့်သောအခါ ဘေးလ်က မိမိသည် အနီးရှိအိမ်တစ်လုံးသို့ အလည်လာခြင်းဖြစ်ကြောင်းရှင်းပြကာ ချက်ချင်းတောင်းပန်ခဲ့သည်။ ဟယ်ရယ်လ်မည်သို့တုံ့ပြန်ခဲ့သနည်း။ သက်သေခံများသည် ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်တစ်လုံးကို အချိန်တိုလေးအတွင်း ဆောက်လုပ်ပြီးစီးခဲ့ကြောင်းဖော်ပြသည့် ရုပ်သံသတင်းတစ်ပုဒ်ကို ဟယ်ရယ်လ်တွေ့မြင်ခဲ့ကြောင်း ဘေးလ်မသိပါ။ ဤမျှများသောသူတို့ စည်းလုံးစွာအတူတကွ လုပ်ဆောင်နေကြသည်ကိုတွေ့ရသဖြင့် စိတ်စွဲမှတ်သွားရာ သက်သေခံများအပေါ် သူ၏သဘောထားပြောင်းလဲခဲ့သည်။ ဘေးလ်၏ ဖော်ရွေသောတောင်းပန်စကားနှင့် သူ၏နှစ်လိုဖွယ်၊ နူးညံ့သည့်အပြုအမူကြောင့် စိတ်ထိမိသွားပြီး ဟယ်ရယ်လ်သည် သက်သေခံများအား သူ့ထံလည်ပတ်ဖို့ဖိတ်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။ ကျမ်းစာကိုသူလေ့လာပြီးတိုးတက်ခဲ့ရာ ယေဟောဝါ၏ နှစ်ခြင်းခံပြီးသော ကျေးကျွန်တစ်ဦးဖြစ်လာလေသည်။
အသင်းတော်တွင်
၁၂။ ခရစ်ယာန်အသင်းသားများသည် အဘယ်လောကစရိုက်ကို တွန်းလှန်သင့်သနည်း။
၁၂ နူးညံ့သိမ်မွေ့ခြင်းရှိဖို့အရေးကြီးသော တတိယဝန်းကျင်မှာ ခရစ်ယာန်အသင်းတော်တွင်ဖြစ်သည်။ ယနေ့လူ့ဘောင်အဖွဲ့အစည်းတွင် အငြင်းပွားခြင်းသည် အဆန်းမဟုတ်ချေ။ လောကအမြင်ရှိသူတို့အလယ်တွင် စကားရည်လုခြင်း၊ စကားများခြင်းနှင့် အော်ကြီးဟစ်ကျယ်ငြင်းခုံခြင်းတို့သည် ဖြစ်ပျက်နေကျအရာများဖြစ်သည်။ တစ်ခါတစ်ရံ အဆိုပါလောကစရိုက်များသည် ခရစ်ယာန်အသင်းတော်ထဲ မသိမသာဝင်လာပြီး အချေအတင်ငြင်းခုံခြင်းနှင့် စကားစစ်ထိုးခြင်းတို့ဖြစ်ပွားလာသည်။ တာဝန်ခံညီအစ်ကိုများသည် ဤအခြေအနေများကို ဂလာတိ ၅:၂၅၊ ၂၆။
ကိုင်တွယ်ရသောအခါ စိတ်မချမ်းသာကြချေ။ သို့ရာတွင် ယေဟောဝါနှင့် မိမိတို့ညီအစ်ကိုကို ချစ်သည့်မေတ္တာက အမှားပြုသူအား ပြန်လှည့်လာစေရန် ကြိုးစားကူညီပေးကြသည်။—၁၃၊ ၁၄။ “ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာဆုံးမ” ခြင်းကြောင့် အဘယ်ရလဒ်ရနိုင်သနည်း။
၁၃ ပထမရာစုတွင် ပေါလုနှင့် သူ၏အဖော် တိမောသေတို့သည် အသင်းသားအချို့ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ကြရသည်။ “အသရေမရှိသောတန်ဆာ” နှင့်တူသည့် ညီအစ်ကိုများကိုရှောင်ရန် တိမောသေကို ပေါလုသတိပေးခဲ့သည်။ ပေါလု ဤသို့ကျိုးကြောင်းဆင်ခြင်ပြောဆိုခဲ့သည်– “သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ ဆုံးမ [စကား] ပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာဆုံးမရမည်။” ကျွန်ုပ်တို့သည် အမျက်ထွက်စရာအခြေအနေကြုံသည့်တိုင် နူးညံ့သိမ်မွေ့သောသဘော ဆက်ရှိနေပါက သဘောထားကွဲသူများသည် မိမိတို့၏ဝေဖန်ချက်များကို ပြန်လည်သုံးသပ်ရန် လှုံ့ဆော်ခံရလေ့ရှိသည်။ တစ်ဖန် ယေဟောဝါသည် “[အမှန်] တရားကိုဝန်ခံခြင်းအလိုငှာ၊ နောင်တကို . . . ပေးကောင်းပေးတော်မူ” မည်ဟု ပေါလုဆက်ရေးသားဖော်ပြခဲ့သည်။ (၂ တိမောသေ ၂:၂၀၊ ၂၁၊ ၂၄၊ ၂၅) ဖြည်းညင်းစွာပြုခြင်းနှင့် သည်းခံခြင်းကို နူးညံ့သိမ်မွေ့ခြင်းနှင့် ပေါလုဆက်စပ်ဖော်ပြကြောင်း သတိပြုပါ။
၁၄ ပေါလုသည် ဟောသည့်အတိုင်း ကျင့်ခဲ့သည်။ ကောရိန္သုအသင်းတော်ရှိ “အကြီးဆုံးသောတမန်တော်” များနှင့်ဆက်ဆံရသောအခါ ညီအစ်ကိုများကို သူဤသို့တိုက်တွန်းခဲ့သည်– “သင်တို့၏မျက်မှောက်၌ နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသောငါပေါလုသည်၊ ခရစ်တော်၏နူးညံ့သိမ်မွေ့ ဖြည်းညင်းတော်မူခြင်းကိုအကြောင်းပြု၍ သင်တို့ကိုတောင်းပန်ပါ၏။” (၂ ကောရိန္သု ၁၀:၁; ၁၁:၅) ပေါလုသည် ခရစ်တော်ကို အမှန်တုပခဲ့သည်။ ခရစ်တော်၏ “နူးညံ့သိမ်မွေ့ခြင်း . . . ကိုအကြောင်းပြု၍” ထိုညီအစ်ကိုများကိုတောင်းပန်ခဲ့ကြောင်း သတိပြုပါ။ သို့ဖြင့် အထက်စီးဆန်သော၊ အာဏာရှင်ဆန်သောသဘောထားကို သူရှောင်ခဲ့သည်။ သူ၏တိုက်တွန်းချက်သည် အသင်းတော်ရှိ တုံ့ပြန်လိုသောသဘောရှိသူများအတွက် နှစ်သက်စရာဖြစ်မည်သေချာသည်။ ဆက်ဆံရေးတင်းမာမှုများကို ပေါလုပြေလည်စေခဲ့ပြီး အသင်းတော်တွင် ငြိမ်သက်မှုနှင့် စည်းလုံးမှုရှိစေခဲ့သည်။ ဤလမ်းစဉ်ကို ကျွန်ုပ်တို့အားလုံး ကြိုးစားတုပသင့်သည်မဟုတ်ပေလော။ အထူးသဖြင့် အကြီးအကဲများသည် ခရစ်တော်နှင့် ပေါလုတို့၏အပြုအမူကို အတုယူဖို့လိုသည်။
၁၅။ သွန်သင်ဆုံးမသောအခါ အဘယ်ကြောင့် နူးညံ့သိမ်မွေ့ဖို့ အရေးကြီးသနည်း။
၁၅ အသင်းတော်၏ငြိမ်သက်မှုနှင့် စည်းလုံးမှု ပျက်ပြားစရာအကြောင်းရှိမှသာ အခြားသူများကို အကူအညီပေးရမည်မဟုတ်ချေ။ ဆက်ဆံရေးတင်းမာမှုများ မဖြစ်ပေါ်မီကတည်းက ညီအစ်ကိုများသည် မေတ္တာပါသောလမ်းညွှန်မှုလိုအပ်ကြသည်။ “ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစ်စုံတစ်ခုသော [အပြစ်] ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကိုခံရသောသင်တို့သည် . . . ထိုသို့သောသူကိုမစ၍၊ သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့” ဟုပေါလုတိုက်တွန်းခဲ့သည်။ သို့သော် မည်သို့အားဖြင့်နည်း။ “အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့်” ဖြစ်သည်။ (ဂလာတိ ၆:၁) “သိမ်မွေ့နူးညံ့သောသဘော” ကိုဆက်ထိန်းသိမ်းထားရန် အမြဲမလွယ်ကူပါ၊ အထူးသဖြင့် ခန့်အပ်ခံအမျိုးသားများအပါအဝင် ခရစ်ယာန်အားလုံးတို့သည် အပြစ်ပြုလိုသော ဉာဉ်ဆိုးများရှိနေကြသောကြောင့်ဖြစ်သည်။ သို့သော် နူးညံ့သိမ်မွေ့စွာ ဆုံးမခြင်းသည် အမှားပြုသူအား ပြုပြင်ပြောင်းလဲရလွယ်ကူစေပါလိမ့်မည်။
၁၆၊ ၁၇။ ဆုံးမမှု လက်မခံလိုခြင်းကို အဘယ်အရာက တိုက်ဖျက်စေနိုင်မည်နည်း။
၁၆ “တည်မြဲတည်စေပြန်” ဟုပြန်ဆိုထားသော မူရင်းဂရိဝေါဟာရသည် ကျိုးသွားသောအရိုးများကို အနေအထားမှန်ပြန်ဆက်ပေးခြင်း သို့မဟုတ် ပြန်ချိန်ပေးခြင်းကိုလည်း ဆိုလိုနိုင်ကာ ထိုသို့ပြုရာတွင် အလွန်နာကျင်ပေသည်။ အရိုးဆက်ပေးသည့်ဆရာဝန်သည် ယင်းသို့ကုသခြင်း၏ အကျိုးကျေးဇူးများကိုစိတ်ချရန် အပြုသဘောရှိရှိ အားပေးပေမည်။ သူ၏တည်ငြိမ်သောအမူအရာက စိတ်သက်သာစေသည်။ ကြိုတင်ပြောဆိုထားသည့် စကားအနည်းငယ်သည် အဆိုးဆုံးဝေဒနာကို သက်သာရန်ထောက်ကူပေးသည်။ အလားတူ ဝိညာဉ်ရေးအရ ပြန်တည်မြဲတည်စေရန် ပြုလုပ်ပေးခြင်းသည် နာကျင်နိုင်သည်။ သို့သော် နူးညံ့သိမ်မွေ့ခြင်းက လက်ခံရပိုလွယ်ကူစေသည်၊ သို့ဖြင့် ဆက်ဆံရေးပြန်ပြေပြစ်စေပြီး အပြစ်ပြုသူအား လမ်းစဉ်ပြောင်းစေသည်။ အစပိုင်းတွင် ဆုံးမခြင်းကို လက်မခံလိုလျှင်ပင် အကူအညီပေးသူက နူးညံ့သိမ်မွေ့စွာပြောဆိုပါက ကျမ်းစာအကြံပေးချက်ကို လိုက်နာရန် လွယ်ကူစေပေမည်။—၁၇ အခြားသူများကို ပြုပြင်တည့်မတ်ပေးသောအခါ ဆုံးမစကားကို ပြစ်တင်ဝေဖန်ချက်ဟု ယူမှတ်စရာအကြောင်း အမြဲရှိသည်။ စာရေးဆရာတစ်ဦးက ဤသို့မှတ်ချက်ချသည်– “သူတစ်ပါးကို ဆုံးမသောအခါ ကျွန်ုပ်တို့သည် မိမိဆန္ဒအမြင်ကို ယတိပြတ်ပြောဆိုရန် လုံးလုံးဝန်မလေးတတ်သည့်အတွက် ဤအချိန်တွင် နူးညံ့အောက်ကျို့ခြင်းရှိဖို့လိုအပ်နေပါသည်။” စိတ်နှိမ့်ချခြင်းမှ ပေါက်ဖွားလာသော နူးညံ့သိမ်မွေ့ခြင်းကို ခရစ်ယာန်သွန်သင်သူတစ်ဦး မွေးမြူထားလျှင် ၎င်းအန္တရာယ်ကို ရှောင်ကွင်းစေပါလိမ့်မည်။
“ခပ်သိမ်းသောသူတို့၌”
၁၈၊ ၁၉။ (က) ခရစ်ယာန်များသည် လောကအာဏာပိုင်များနှင့်ဆက်ဆံရာတွင် နူးညံ့သိမ်မွေ့ခြင်းတင်ပြဖို့ အဘယ်ကြောင့် အခက်တွေ့နိုင်ကြသနည်း။ (ခ) အခွင့်အာဏာရှိသူတို့အား နူးညံ့သိမ်မွေ့ခြင်းတင်ပြရန် အဘယ်အရာက ခရစ်ယာန်များကို ထောက်ကူမည်နည်း၊ အဘယ်ရလဒ်ရနိုင်သနည်း။
၁၈ နူးညံ့သိမ်မွေ့ခြင်းတင်ပြဖို့ လူအများအခက်တွေ့သော ဝန်းကျင်တစ်ခုမှာ လောကအာဏာပိုင်များနှင့် ဆက်ဆံရသောအခါဖြစ်သည်။ မှန်ပါသည်၊ အခွင့်အာဏာရှိသူအချို့၏ ပြုမူဆက်ဆံပုံသည် ကြမ်းတမ်း၍ ကိုယ်ချင်းစာနာမှုမရှိပါ။ (ဒေ. ၄:၁; ၈:၉) သို့သော် ယေဟောဝါအား ချစ်သည့်မေတ္တာက ကိုယ်တော်၏အမြင့်မြတ်ဆုံးအာဏာတော်ကို အသိအမှတ်ပြုစေပြီး အစိုးရအာဏာပိုင်များအား အထိုက်အလျောက် လက်အောက်ခံစေပါလိမ့်မည်။ (ရောမ ၁၃:၁၊ ၄; ၁ တိမောသေ ၂:၁၊ ၂) အခွင့်အာဏာရှိသူတို့သည် လူအများရှေ့ ယေဟောဝါအား ဝတ်ပြုချီးမွမ်းခြင်းကို ကန့်သတ်ကြသည့်တိုင် ချီးမွမ်းခြင်းယဇ် ပူဇော်နိုင်ခွင့်ရှိသောနည်းလမ်းများကို ကျွန်ုပ်တို့ဝမ်းမြောက်ဝမ်းသာ ရှာဖွေကြသည်။—ဟေဗြဲ ၁၃:၁၅။
၁၉ အဘယ်အခြေအနေမျိုးတွင်ရှိရှိ ကျွန်ုပ်တို့ ရန်လိုကြမည်မဟုတ်ပါ။ အကျိုးသင့်အကြောင်းသင့်ရှိဖို့ ကြိုးစားကြစဉ် ဘယ်သောအခါမျှ ဖြောင့်မတ်သောမူများကို လျှော့ပေါ့လိုက်မည်မဟုတ်ပါ။ ဤနည်းအားဖြင့် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၃၄ နိုင်ငံတွင် ဓမ္မအမှုကိုအောင်မြင်စွာ ဆောင်ရွက်လျက်ရှိကြသည်။ ပေါလု၏ဤဆုံးမစကားကို ကျွန်ုပ်တို့လိုက်နာနေကြသည်– “အထွတ်အမြတ်အာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှာလည်းကောင်း၊ မင်း၏စကားကိုနားထောင်စေခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြု၍ အသင့်ဖြစ်စေခြင်းငှာလည်းကောင်း၊ အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညင်းသောသဘော [“အကျိုးသင့်အကြောင်းသင့်၊” ကဘ] ရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာပြု . . . လော့။”—တိတု ၃:၁၊ ၂။
၂၀။ နူးညံ့သိမ်မွေ့ခြင်းတင်ပြသူတို့အတွက် အဘယ်ဆုကျေးဇူးများရှိသနည်း။
၂၀ နူးညံ့သိမ်မွေ့ခြင်းတင်ပြသူအားလုံး ကောင်းချီးများ ကြွယ်ဝစွာခံစားရဖို့ရှိသည်။ “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကိုအမွေခံရကြလတ္တံ့” ဟုယေရှုကြေညာခဲ့သည်။ (မဿဲ ၅:၅) ခရစ်တော်၏ဝိညာဉ်တော်ဖွား ညီအစ်ကိုများသည် နူးညံ့သိမ်မွေ့ခြင်းကို ဆက်ထိန်းသိမ်းကြသည့်အတွက် သူတို့ပျော်ရွှင်မှုအမှန်ရှိပြီး ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးနယ်ပယ်ကို အုပ်ချုပ်ရမည့်အခွင့်ထူးရမည်သေချာသည်။ “အခြားသိုး” အဝင် “လူအုပ်ကြီး” မူ နူးညံ့သိမ်မွေ့ခြင်းကို ဆက်၍တင်ပြကြပြီး မြေကြီးပရဒိသုပေါ် အသက်ရှင်ရန် စောင့်မျှော်ကြသည်။ (ဗျာ. ၇:၉; ယောဟန် ၁၀:၁၆; ဆာလံ ၃၇:၁၁) ထူးကဲသော အလားအလာများကို စောင့်မျှော်နိုင်သည်တကား! သို့ဖြစ်၍ ဧဖက်မြို့ရှိ ခရစ်ယာန်များအား ပေါလုပေးခဲ့သော ဤသတိပေးချက်ကို ဘယ်သောအခါမျှ လျစ်လျူမရှုကြစို့နှင့်– “ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့်အထိုက်အလျောက် ကျင့်ဆောင်မည်အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသောငါသည် သင်တို့ကိုတိုက်တွန်းနှိုးဆော်ပါ၏။ အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း . . . နှင့်ပြည့်စုံ . . . ကြလော့။”—ဧဖက် ၄:၁၊ ၂။
ပြန်လည်သုံးသပ်ရာတွင်
• မိသားစုတွင်
• လယ်ကွင်းဓမ္မအမှုတွင်
• အသင်းတော်တွင်
• နူးညံ့သိမ်မွေ့ခြင်းတင်ပြသည့်အတွက် အဘယ်ကောင်းချီးများ ရရှိသနည်း။
• စိတ်နူးညံ့သိမ်မွေ့သူတို့အတွက် အဘယ်ဆုကျေးဇူးများရဖို့ ကတိတော်ရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဘာသာရေးအရ ကွဲပြားသောအိမ်ထောင်စုတွင် နူးညံ့သိမ်မွေ့ခြင်းကိုတင်ပြဖို့ အထူးအရေးကြီး
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
နူးညံ့သိမ်မွေ့ခြင်းက မိသားစုနှောင်ကြိုးကို ခိုင်မြဲစေ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
နူးညံ့သိမ်မွေ့၍ အလွန်လေးစားသောသဘောဖြင့် ချေပပြောဆိုပါ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
သွန်သင်သူတစ်ဦး၏ နူးညံ့သိမ်မွေ့ခြင်းသည် အပြစ်ပြုသူကို အကူအညီဖြစ်စေနိုင်