နူးညံ့သိမ်မွေ့ခြင်း—အရေးပါသော ခရစ်ယာန်အရည်အသွေးတစ်ခု
နူးညံ့သိမ်မွေ့ခြင်း—အရေးပါသော ခရစ်ယာန်အရည်အသွေးတစ်ခု
“သင်တို့သည် . . . နူးညံ့သိမ်မွေ့ခြင်း . . . ကို ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၂။
၁။ နူးညံ့သိမ်မွေ့ခြင်းကို အဘယ်အရာက ထူးခြားသောအရည်အသွေးတစ်ခုဖြစ်စေသနည်း။
နူးညံ့သိမ်မွေ့သူတစ်ဦးနှင့် နေရသည်မှာပျော်သည်။ သို့တိုင် “ဖြည်းညင်းသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်” ၏ဟု ပညာရှိရှောလမုန်ဘုရင် ပြောခဲ့သည်။ (သု. ၂၅:၁၅၊ သမ္မာ) နူးညံ့သိမ်မွေ့ခြင်းသည် နှစ်လိုဖွယ်ကောင်းခြင်းနှင့် ခွန်အားကို ပေါင်းစပ်ထားသော ထူးခြားသည့်အရည်အသွေးတစ်ခုဖြစ်သည်။
၂၊ ၃။ နူးညံ့သိမ်မွေ့ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်ဆက်စပ်မှုရှိသနည်း၊ ဤဆောင်းပါးတွင် အဘယ်အကြောင်း သုံးသပ်မည်နည်း။
၂ ဂလာတိ ၅:၂၂၊ ၂၃ ပါ ‘ဝိညာဉ်တော်နှင့်ဆိုင်ရာအသီး’ စာရင်းတွင် နူးညံ့သိမ်မွေ့ခြင်းကို ပေါလုထည့်သွင်းထားသည်။ အခန်းငယ် ၂၃ ၌ “နူးညံ့သိမ်မွေ့ခြင်း” ဟုဘာသာပြန်ဆိုထားသော ဂရိစကားလုံးကို အခြားဘာသာပြန်ကျမ်းများ၌ “နူးညံ့အောက်ကျို့ခံတတ်ခြင်း” သို့မဟုတ် “ညင်သာခြင်း” ဟုပြန်ဆိုလေ့ရှိသည်။ စင်စစ်အားဖြင့် ဘာသာစကားအများစုတွင် ဤဂရိစကားလုံးနှင့် အဓိပ္ပာယ်ထပ်တူဖြစ်သောစကားလုံးကို ရှာတွေ့ဖို့ခက်သည်၊ အကြောင်းမှာ ထိုမူရင်းဂရိစကားလုံးသည် အပြင်ပန်း ညင်သာခြင်း သို့မဟုတ် နူးညံ့အောက်ကျို့ခံတတ်ခြင်းကိုမဟုတ်ဘဲ အတွင်းပိုင်း နူးညံ့သိမ်မွေ့ခြင်းနှင့် ကြင်နာစွာထောက်ထားခြင်းကိုလည်းကောင်း၊ လူတစ်ဦး၏အမူအကျင့်ကိုမဟုတ်ဘဲ သူ၏စိတ်နှလုံးအခြေအနေကိုလည်းကောင်း ဖော်ပြသောကြောင့်ဖြစ်သည်။
၃ နူးညံ့သိမ်မွေ့ခြင်း၏ အဓိပ္ပာယ်နှင့်တန်ဖိုးကို သာ၍အပြည့်အဝနားလည်နိုင်ဖို့ ကျမ်းစာပုံနမူနာလေးခုကို သုံးသပ်ကြည့်ကြစို့။ (ရောမ ၁၅:၄) သို့ပြုခြင်းဖြင့် ထိုအရည်အသွေးသည် အဘယ်အရာဖြစ်သည်ကိုသာမက ယင်းကို မည်သို့ရရှိနိုင်ကြောင်းနှင့် ကျွန်ုပ်တို့၏ဆက်ဆံမှုအားလုံးတွင် မည်သို့တင်ပြနိုင်ကြောင်းကိုပါ တတ်သိလာကြမည်။
“ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်”
၄။ နူးညံ့သိမ်မွေ့ခြင်းကို ယေဟောဝါတန်ဖိုးထားကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။
၄ နူးညံ့သိမ်မွေ့ခြင်းသည် ဘုရားသခင့်ဝိညာဉ်တော်အသီးတစ်လုံးဖြစ်သောကြောင့် ယင်းသည် ဘုရားသခင်၏ထူးကဲမြင့်မြတ်သော ဂုဏ်ရည်တော်နှင့် အနီးကပ်ဆက်စပ်နေကြောင်းတွေ့ရခြင်းသည် ကျိုးကြောင်းဆီလျော်ပါသည်။ “နူးညံ့ငြိမ်သက်ခြင်းသဘော” သည် “ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်” သည်ဟု တမန်တော်ပေတရုရေးသားခဲ့သည်။ (၁ ပေတရု ၃:၄) အမှန်စင်စစ် နူးညံ့သိမ်မွေ့ခြင်းသည် ဘုရားသခင်၏ဂုဏ်ရည်တော်တစ်ခုဖြစ်သည်; ယင်းကို ယေဟောဝါ အလွန်တန်ဖိုးထားတော်မူ၏။ ဤအချက်ကိုယ်နှိုက်က ဘုရားသခင့်ကျေးကျွန်အားလုံး နူးညံ့သိမ်မွေ့ခြင်းကိုမွေးမြူဖို့ အကြောင်းလုံလောက်ပေသည်။ သို့ရာတွင် စကြဝဠာတွင် အမြင့်မားဆုံးအာဏာပိုင်၊ အတိုင်းအဆမဲ့တန်ခိုးရှင်သည် နူးညံ့သိမ်မွေ့ခြင်းကို မည်သို့တင်ပြတော်မူသနည်း။
၅။ ယေဟောဝါ၏နူးညံ့သိမ်မွေ့ခြင်းကြောင့် ကျွန်ုပ်တို့ အဘယ်မျှော်လင့်ချက်ရှိသနည်း။
၅ ပထမလူသားမောင်နှံ အာဒံနှင့်ဧဝတို့သည် ကောင်းမကောင်းသိကျွမ်းရာအပင်မှ ယူမစားဖို့ ဘုရားသခင်၏ရှင်းလင်းသောမိန့်မှာချက်ကို တမင်သက်သက် မနာခံခဲ့ကြချေ။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) တမင်မနာခံသော ၎င်းလုပ်ရပ်ကြောင့် သူတို့ကိုယ်တိုင်နှင့် သူတို့၏နောင်လာနောက်သားများပါ အပြစ်ရှိ၍ သေရသည့်အပြင် ဘုရားသခင်ထံမှ ကင်းကွာသွားကြသည်။ (ရောမ ၅:၁၂) ယေဟောဝါသည် ထိုသို့တရားစီရင်ရန် ခိုင်လုံသောအကြောင်းရှိသော်လည်း လူ့မိသားစုကို လုံးလုံးအဖတ်မဆယ်နိုင်၊ မရွေးနုတ်နိုင်တော့ဟု သတ်မှတ်ပြီး ခက်ထန်ရက်စက်စွာ ပစ်မထားခဲ့ပါ။ (ဆာလံ ၁၃၀:၃) ယင်းအစား နူးညံ့သိမ်မွေ့မှုကို ထင်ရှားစေသည့် ကိုယ်တော်၏ကြင်နာမှုနှင့် မညှာမတာမပြုလိုသည့်သဘောကြောင့် ယေဟောဝါသည် မိမိထံအပြစ်သားများချဉ်းကပ်နိုင်၍ မျက်နှာသာတော်ရစေနိုင်သည့်နည်းများကို စီစဉ်ပေးခဲ့သည်။ မှန်ပါသည်၊ ယေဟောဝါသည် မိမိ၏သားတော် ယေရှုခရစ်ကို ရွေးဖိုးပူဇော်ရာယဇ်အဖြစ်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကိုယ်တော်၏မြင့်မြတ်သောပလ္လင်တော်သို့ ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိ တိုးဝင်ချဉ်းကပ်နိုင်စေသည်။—ရောမ ၆:၂၃; ဟေဗြဲ ၄:၁၄-၁၆; ၁ ယောဟန် ၄:၉၊ ၁၀၊ ၁၈။
၆။ ကာဣနနှင့် ဘုရားသခင်ဆက်ဆံရာတွင် နူးညံ့သိမ်မွေ့မှု မည်သို့ထင်ရှားသနည်း။
၆ မြေကြီးပေါ်သို့ ယေရှုမကြွလာမီ နှစ်ပေါင်းများစွာက အာဒံ၏သားများဖြစ်ကြသူ ကာဣနနှင့် အာဗေလတို့သည် ဘုရားသခင်ထံ ကမ္ဘာဦး ၄:၃-၇) ယေဟောဝါသည် နူးညံ့သိမ်မွေ့ခြင်း၏ပြယုဂ် အမှန်ပင်ဖြစ်တော်မူ၏။—ထွက်မြောက်ရာ ၃၄:၆။
ယဇ်ပူဇော်သောအခါ ယေဟောဝါ၏နူးညံ့သိမ်မွေ့မှု ထင်ရှားခဲ့သည်။ သူတို့၏နှလုံးကို ယေဟောဝါသိမြင်တော်မူပြီး ကာဣန၏ပူဇော်ရာယဇ်ကို ငြင်းပယ်၍ အာဗေလ၏ယဇ်ကို “ပမာဏပြု” ခဲ့သည်။ တည်ကြည်သူအာဗေလနှင့် သူ၏ပူဇော်ရာယဇ်ကို ဘုရားသခင် အကောင်းမြင်ခဲ့ခြင်းက ကာဣနကို အမျက်ထွက်စေခဲ့ကြောင်း သမ္မာကျမ်းစာကဆိုသည်။ “ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။” ယေဟောဝါ မည်သို့တုံ့ပြန်ခဲ့သနည်း။ ကာဣန၏သဘောထားဆိုးက ကိုယ်တော်အား မကျေမနပ်ဖြစ်စေခဲ့သလော။ မဖြစ်ခဲ့ချေ။ အဘယ်ကြောင့် ဤမျှစိတ်ဆိုးရသနည်းဟု ကာဣနကို နူးညံ့သိမ်မွေ့စွာ ကိုယ်တော်မေးမြန်းခဲ့သည်။ ‘ချီးမွမ်း’ ခံရဖို့ ကာဣန မည်သို့ပြုလုပ်နိုင်သည်ကိုပင် ယေဟောဝါရှင်းပြခဲ့သည်။ (နူးညံ့သိမ်မွေ့ခြင်းသည် ဆွဲဆောင်မှုရှိပြီး လန်းဆန်းစေ
၇၊ ၈။ (က) ယေဟောဝါ၏နူးညံ့သိမ်မွေ့မှုကို ကျွန်ုပ်တို့ မည်သို့နားလည်လာနိုင်သနည်း။ (ခ) မဿဲ ၁၁:၂၇-၂၉ ပါစကားများက ယေဟောဝါနှင့် ယေရှုအကြောင်း အဘယ်အရာဖော်ပြသနည်း။
၇ ယေဟောဝါ၏ပြိုင်ဘက်ကင်းသော ဂုဏ်ရည်တော်များကို နားလည်သဘောပေါက်ဖို့ အကောင်းဆုံးနည်းတစ်နည်းမှာ ယေရှုခရစ်၏ဘဝနှင့် ဓမ္မအမှုကို လေ့လာခြင်းဖြစ်သည်။ (ယောဟန် ၁:၁၈; ၁၄:၆-၉) ဂါလိလဲနယ်တွင် ယေရှုဟောပြောခဲ့သည့် ဒုတိယနှစ်အတွင်း ကိုယ်တော်သည် ခေါရာဇိန်၊ ဗက်ဇဲဒ၊ ကပေရနောင်နှင့် အနီးတစ်ဝိုက်ဒေသများတွင် တန်ခိုးပါသောအမှုများစွာပြုလုပ်ခဲ့သည်။ သို့တိုင် လူအများစုမှာ မာနထောင်လွှား၍ စိတ်မဝင်စားကြရာ မယုံကြည်နိုင်ကြချေ။ ထိုအခါ ယေရှုမည်သို့တုံ့ပြန်ခဲ့သနည်း။ သူတို့သည် ယုံကြည်ခြင်းကင်းမဲ့သောကြောင့် ဆိုးကျိုးများခံစားရမည်ဟု သူတို့ကို ပြတ်ပြတ်သားသား သတိပေးသော်လည်း သူတို့တွင်ရှိ အမ်ဟာအရက်စ်၊ နိမ့်ကျသော သာမန်လူတန်းစား၏ ဝိညာဉ်ရေးအခြေအနေ မကောင်းသောကြောင့် သနားခဲ့သည်။—မဿဲ ၉:၃၅၊ ၃၆; ၁၁:၂၀-၂၄။
၈ ယေရှုသည် “ခမည်းတော်ကို [“အပြည့်အဝ၊” ကဘ] . . . သိ” ပြီး ဘုရားသခင်အား တုပကြောင်း ကိုယ်တော်၏ နောက်ပိုင်းလုပ်ရပ်များက ဖော်ပြခဲ့သည်။ သာမန်လူတန်းစားကို ယေရှုဤသို့ လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ခဲ့သည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေး [“လန်းဆန်းစေ၊” ကဘ] မည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာ [“လန်းဆန်း၊” ကဘ] ခြင်းကိုရလိမ့်မည်။” ထိုစကားများသည် ဖိနှိပ်ခံရသဖြင့် ပြားဝပ်နေရသူများအတွက် အလွန်နှစ်သိမ့်မှုဖြစ်ခဲ့မည်တကား! အဆိုပါစကားများသည် ယနေ့ ကျွန်ုပ်တို့အတွက်ပင် နှစ်သက်စရာဖြစ်သည်။ နူးညံ့သိမ်မွေ့ခြင်းကို စိတ်ရင်းမှန်ဖြင့် ကျွန်ုပ်တို့ယူတင်ဝတ်ဆောင်ထားကြမည်ဆိုလျှင် ခမည်းတော်အကြောင်း ‘သားတော်ဖွင့်ဟဖော်ပြလိုသူ’ များတွင် တစ်ဦးပါဝင်ပေလိမ့်မည်။—မဿဲ ၁၁:၂၇-၂၉။
၉။ အဘယ်အရည်အသွေးသည် နူးညံ့သိမ်မွေ့ခြင်းနှင့် နီးစပ်သနည်း၊ ဤကိစ္စတွင် ယေရှုသည် မည်သို့ပုံသက်သေကောင်းဖြစ်သနည်း။
၉ နူးညံ့သိမ်မွေ့ခြင်းနှင့် “နှိမ့်ချသောစိတ်သဘော” ရှိခြင်းဖြစ်သော စိတ်နှိမ့်ချခြင်းသည် အလွန်နီးစပ်သည်။ မာန်မာနမူကား မိမိကိုယ်ကိုအထင်ကြီးစေပြီး သူတစ်ပါးကို ကြမ်းတမ်း၊ ခက်ထန်စွာဆက်ဆံလေ့ရှိစေပေမည်။ (သု. ၁၆:၁၈၊ ၁၉) ယေရှုသည် မြေကြီးပေါ်တွင် ဓမ္မအမှုဆောင်ရွက်စဉ်တစ်လျှောက် နှိမ့်ချခြင်းကိုတင်ပြခဲ့သည်။ ယေရှုမသေဆုံးမီ ခြောက်ရက်အလိုတွင် ယေရုရှလင်မြို့ထဲ မြည်းစီးဝင်လာချိန်၊ ဂျူးတို့၏ရှင်ဘုရင်အဖြစ် ကြိုဆိုခံရချိန်၌ပင် ကိုယ်တော်သည် လောကရှင်ဘုရင်များနှင့် အလွန်ခြားနားခဲ့သည်။ ကိုယ်တော်သည် မေရှိယနှင့်ဆိုင်သော ဇာခရိ၏ဤပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့သည်– “သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍၊ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကိုကြည့်ရှုလော့။” (မဿဲ ၂၁:၅; ဇာခရိ ၉:၉) တည်ကြည်သောပရောဖက်ဒံယေလသည် အဆင်းအာရုံတစ်ခုတွင် သားတော်အား ယေဟောဝါ အုပ်ချုပ်ခွင့်အာဏာလွှဲအပ်သည်ကို မြင်တွေ့ခဲ့သည်။ သို့သော် အစောပိုင်းပရောဖက်ပြုချက်တစ်ခုတွင် သူက ယေရှုကို “နိမ့်ကျ (“အောက်အကျို့ဆုံး၊” ကဘ) သူ” အဖြစ် ဖော်ပြထားသည်။ နူးညံ့သိမ်မွေ့ခြင်းနှင့် နှိမ့်ချခြင်းတို့သည် အမှန်ပင် ဒွန်တွဲနေပါသည်။—ဒံယေလ ၄:၁၇၊ သမ္မာ; ၇:၁၃၊ ၁၄။
၁၀။ ခရစ်ယာန်နူးညံ့သိမ်မွေ့ခြင်းသည် အဘယ်ကြောင့် ပျော့ညံ့ခြင်းကိုမဆိုလိုသနည်း။
၁၀ ယေဟောဝါနှင့် ယေရှုတို့တင်ပြသော နှစ်လိုဖွယ်နူးညံ့သိမ်မွေ့ခြင်းက ကျွန်ုပ်တို့ကို သူတို့ထံ ချဉ်းကပ်စေသည်။ (ယာကုပ် ၄:၈) နူးညံ့သိမ်မွေ့ခြင်းဟူသည် ပျော့ညံ့ခြင်း လုံးဝမဟုတ်ပါ! အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်သည် ခွန်အားကြီး၍ တန်ခိုးကြီးမားများပြားကြောင်းဖော်ပြ၏။ မဖြောင့်မတ်သူတို့အပေါ် အမျက်ခြောင်းခြောင်းထွက်တော်မူ၏။ (ဟေရှာယ ၃၀:၂၇; ၄၀:၂၆) အလားတူ ယေရှုသည် စာတန်ထံမှ သဲကြီးမဲကြီးတိုက်ခိုက်ခံရချိန်၌ပင် အလျှော့မပေးဖို့ အခိုင်အမာစိတ်ဆုံးဖြတ်ခဲ့သည်။ ကိုယ်တော်နှင့်တစ်ခေတ်တည်းသား ဘာသာရေးခေါင်းဆောင်များ၏ မတရားသော ရောင်းဝယ်ဖောက်ကားမှုများကို ကိုယ်တော်သည်းမခံခဲ့ချေ။ (မဿဲ ၄:၁-၁၁; ၂၁:၁၂၊ ၁၃; ယောဟန် ၂:၁၃-၁၇) သို့တိုင် တပည့်များနှင့်ဆက်ဆံရာတွင် နူးညံ့သိမ်မွေ့ခြင်းကိုတင်ပြ၍ သူတို့၏အားနည်းချက်များကို စိတ်ရှည်ရှည်နှင့် သည်းခံခဲ့သည်။ (မဿဲ ၂၀:၂၀-၂၈) ကျမ်းပညာရှင်တစ်ဦးက နူးညံ့သိမ်မွေ့ခြင်းကို ဤသို့သင့်လျော်စွာဖော်ပြခဲ့သည်– “ညင်သာမှုနောက်ဝယ် သံမဏိတမျှ ခိုင်မာမှုရှိသည်။” ခရစ်တော်တင်ပြခဲ့သော နူးညံ့သိမ်မွေ့ခြင်းအရည်အသွေးကို ကျွန်ုပ်တို့တင်ပြကြပါစို့။
သူ့ခေတ်တွင် စိတ်အနူးညံ့ဆုံးသူ
၁၁၊ ၁၂။ မောရှေကြီးပြင်းလာပုံကိုထောက်လျှင် အဘယ်အရာက သူ၏နူးညံ့သိမ်မွေ့ခြင်းကို ထင်ရှားစေခဲ့သနည်း။
၁၁ တတိယပုံသက်သေအဖြစ် မောရှေကို ကျွန်ုပ်တို့သုံးသပ်ကြည့်ကြစို့။ သမ္မာကျမ်းစာက သူ့ကို “မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ” သူအဖြစ် ဖော်ပြသည်။ (တောလည်ရာ ၁၂:၃) ဘုရားသခင်မှုတ်သွင်းခြင်းအားဖြင့် ထိုသို့ရေးသားဖော်ပြခဲ့သည်။ မောရှေသည် ထူးထူးခြားခြားနူးညံ့သိမ်မွေ့သောကြောင့် ယေဟောဝါ၏ညွှန်ကြားချက်ကို အလွယ်တကူခံယူနိုင်ခဲ့သည်။
၁၂ မောရှေကြီးပြင်းလာပုံသည် ထူးခြား၏။ သစ္စာဖောက်မှုနှင့် လူသတ်မှုများပြားချိန်တွင် မွေးဖွားလာသော တည်ကြည်မှုရှိ ဟေဗြဲမိဘများ၏ ဤသားကို အသက်ကယ်ဖို့ ယေဟောဝါစီစဉ်ခဲ့သည်။ ကလေးဘဝတွင် မောရှေသည် စစ်မှန်သောဘုရားသခင်၊ ယေဟောဝါအကြောင်း သူ့ကို အသေအချာသွန်သင်ပေးခဲ့သော မိခင်၏ ကြည့်ရှုစောင့်ရှောက်မှုကိုခံခဲ့ရသည်။ နောက်ပိုင်းတွင် မောရှေသည် သူနေထိုင်ခဲ့သောပတ်ဝန်းကျင်နှင့် လုံးဝမတူသောဝန်းကျင်သို့ ခေါ်ဆောင်သွားခံရသည်။ အစောပိုင်းခရစ်ယာန်အာဇာနည် သတေဖန်က “မောရှေသည်လည်း အိဂျစ်အတတ်ပညာအလုံးစုံကို သင်ကြားတတ်မြောက်လေ၏” ဟုပြန်ပြောပြခဲ့သည်။ “[မောရှေသည်] နှုတ်သတ္တိ၊ လက်သတ္တိနှင့်လည်း အထူးပြည့်စုံလေ၏။” (တမန်တော် ၇:၂၂၊ သမ္မာ) ဖာရော၏ကျွန်အုပ်များက မိမိ၏အမျိုးသားချင်းတို့အပေါ် အလွန်မတရားစွာပြုမူသည်ကို တွေ့မြင်သောအခါ သူ၏ယုံကြည်ခြင်းထင်ရှားလာခဲ့သည်။ ဟေဗြဲလူတစ်ဦးကိုရိုက်နေသော အီဂျစ်လူကို သတ်ပစ်လိုက်သောကြောင့် မောရှေသည် အီဂျစ်ပြည်မှ မိဒျန်ပြည်သို့ ထွက်ပြေးခဲ့ရသည်။—ထွက်မြောက်ရာ ၁:၁၅၊ ၁၆; ၂:၁-၁၅; ဟေဗြဲ ၁၁:၂၄၊ ၂၅။
၁၃။ မိဒျန်ပြည်တွင် အနှစ် ၄၀ နေထိုင်ခဲ့ခြင်းက မောရှေအတွက် အဘယ်အကျိုးသက်ရောက်မှုရှိခဲ့သနည်း။
၁၃ အသက် ၄၀ အရွယ်တွင် မောရှေသည် တောကန္တာရ၌ ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရသည်။ မိဒျန်ပြည်တွင် ရွေလ၏သမီးခုနစ်ယောက်နှင့်တွေ့ဆုံပြီး သူတို့ဖခင်၏ သိုးအုပ်ကြီးအတွက် ရေကူခပ်ပေးခဲ့သည်။ အိမ်အပြန်တွင် မိန်းမပျိုများက “အဲဂုတ္တုလူတစ်ယောက်” သည် သိုးထိန်းများ၏ရန်မှ မိမိတို့အား ကယ်နုတ်ခဲ့ကြောင်း ရွေလကို ဝမ်းသာအားရပြောပြကြသည်။ ရွေလ၏ဖိတ်ခေါ်မှုဖြင့် မောရှေသည် ထိုမိသားစုနှင့်အတူနေလေ၏။ သူကြုံတွေ့ခဲ့ရသော အခက်အခဲများက သူ့ကို စိတ်မနာကြည်းစေခဲ့ပါ; သူ၏ဝန်းကျင်အသစ်နှင့်အညီ အလိုက်သင့်ပြုမူနေထိုင်တတ်ရန်လည်း မတားဆီးခဲ့ပါ။ ယေဟောဝါ၏အလိုတော်ကိုဆောင်ရွက်လိုသော သူ၏ဆန္ဒသည် တစ်ခါမျှမယိမ်းယိုင်ခဲ့ချေ။ ရွေလ၏သိုးများကို ထိန်းကျောင်း၍ ဇိပေါရနှင့်အိမ်ထောင်ပြုကာ သူ၏သားများကို လူလားမြောက်အောင် ကျွေးမွေးခဲ့သော ရှည်လျားသည့်အနှစ် ၄၀ တစ်လျှောက်တွင် မောရှေသည် သူ၏ထူးခြားသောအရည်အသွေးကို မွေးမြူကျင့်ယူနိုင်ခဲ့သည်။ မှန်ပါသည်၊ မောရှေသည် အခက်အခဲများကြား နူးညံ့သိမ်မွေ့ခြင်းကို သင်ယူခဲ့သည်။—ထွက်မြောက်ရာ ၂:၁၆-၂၂; တမန်တော် ၇:၂၉၊ ၃၀။
၁၄။ ဣသရေလလူမျိုး၏ ခေါင်းဆောင်တစ်ဦးဖြစ်နေစဉ် မောရှေအား နူးညံ့သိမ်မွေ့ခြင်းတင်ပြစေခဲ့သော အဖြစ်အပျက်တစ်ခုကို ဖော်ပြပါ။
၁၄ ဣသရေလလူမျိုး၏ခေါင်းဆောင်အဖြစ် မောရှေကို ယေဟောဝါခန့်အပ်ပြီးနောက် သူ၏နူးညံ့သိမ်မွေ့မှုအရည်အချင်းသည် ထင်ရှားဆဲဖြစ်သည်။ မောရှေကိုကူညီသူများအဖြစ် အမှုထမ်းရန် အသက်ကြီးသူ ၇၀ အပေါ် ယေဟောဝါဝိညာဉ်တော်သွန်းလောင်းချိန်တွင် ဧလဒဒ်နှင့် မေဒဒ်တို့ မရှိခဲ့ကြသော်လည်း သူတို့သည် တပ်ထဲမှာ ပရောဖက်ပြု၍ဟောနေပါ၏ဟု လုလင်တစ်ယောက်က မောရှေကိုသတင်းပို့ခဲ့သည်။ ယောရှုက “သခင်မောရှေ၊ သူတို့ကိုဆီးတားတော်မူပါ” ဟုအလေးအနက်ဆို၏။ နူးညံ့သိမ်မွေ့စွာဖြင့် မောရှေဤသို့ဖြေဆိုခဲ့သည်– “သင်သည် ငါ့အတွက် ငြူစူသောစိတ်ရှိသလော။ ထာဝရဘုရား၏လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေသော။” (တောလည်ရာ ၁၁:၂၆-၂၉) တင်းမာမှုဖြစ်ပေါ်နေသော ထိုအခြေအနေကို နူးညံ့သိမ်မွေ့ခြင်းက ပြေငြိမ်းစေခဲ့သည်။
၁၅။ မောရှေသည် မစုံလင်သူဖြစ်သော်လည်း သူ၏ပုံသက်သေသည် အဘယ်ကြောင့် အတုယူစရာဖြစ်သနည်း။
၁၅ တစ်ကြိမ်သော် မောရှေသည် နူးညံ့သိမ်မွေ့ခြင်းမရှိခဲ့ပုံပေါ်သည်။ တောလည်ရာ ၂၀:၁၊ ၉-၁၃) မောရှေသည် မစုံလင်သူဖြစ်သော်ငြားလည်း သူ၏မယိမ်းယိုင်သော ယုံကြည်ခြင်းက သူ့ဘဝတစ်လျှောက်ထောက်မပေးခဲ့ပြီး သူ၏ ထူးခြားသောနူးညံ့သိမ်မွေ့ခြင်းကို ယနေ့ ကျွန်ုပ်တို့ပင် နှစ်သက်ကြသည်။—ဟေဗြဲ ၁၁:၂၃-၂၈။
ကာဒေရှအနီး မေရိဘအရပ်တွင် သူသည် အံ့ဖွယ်အမှုပြုသူ ယေဟောဝါအား ဂုဏ်တင်ဖို့ပျက်ကွက်ခဲ့သည်။ (ကြမ်းတမ်းခက်ထန်ခြင်းနှင့်ဆန့်ကျင်သော နူးညံ့သိမ်မွေ့ခြင်း
၁၆၊ ၁၇။ နာဗလနှင့် အဘိဂဲလမှတ်တမ်းမှ ကျွန်ုပ်တို့ အဘယ်သတိပေးချက်ရရှိသနည်း။
၁၆ ဘုရားသခင်၏ပရောဖက်ရှမွေလ သေဆုံးပြီးမကြာမီ ဒါဝိဒ်လက်ထက်မှ သတိပေးချက်ဖြစ်သောအဖြစ်အပျက်တစ်ခုကို တွေ့ရှိခဲ့ရသည်။ နာဗလနှင့် သူ၏ဇနီး အဘိဂဲလတို့မောင်နှံစုံနှင့် ပတ်သက်သည်။ ဤသူနှစ်ဦးတို့သည် အခြားကြီးခြားနားလိုက်လေခြင်း! အဘိဂဲလသည် “ဉာဏ်ကောင်း” သော်လည်း သူ၏လင်ယောက်ျားမူကား “ခက်ထန်သောသဘောရှိ၏။ ဆိုးသောအမှုကိုလည်းပြုတတ်၏။” နာဗလ၏သိုးအုပ်ကြီးများကို သူခိုးများရန်မှ ကာကွယ်စောင့်ရှောက်ပေးခဲ့သော ဒါဝိဒ်၏လူများက အဆာပြေစားစရာ တောင်းခံသောအခါ နာဗလသည် ရိုင်းရိုင်းစိုင်းစိုင်း ငြင်းဆိုလိုက်သည်။ ထိုက်သင့်လျော်ကန်စွာ ဒေါသဖြစ်ပြီး ဒါဝိဒ်နှင့် သူ၏လူစုသည် ဓားကိုစည်း၍ နာဗလကိုတိုက်ရန် ထွက်လာခဲ့ကြ၏။—၁ ဓမ္မရာဇဝင် ၂၅:၂-၁၃။
၁၇ ဤအဖြစ်အပျက်ကို အဘိဂဲလကြားသိသောအခါ ပေါင်မုန့်၊ စပျစ်ရည်၊ အသား၊ စပျစ်သီးခြောက်နှင့် သင်္ဘောသဖန်းသီးပျဉ်များကို အမြန်ပြင်ဆင်၍ ဒါဝိဒ်အားဆီးကြိုလေ၏။ “ကျွန်မအပေါ်သို့ အိုအရှင်၊ ကျွန်မအပေါ်သို့အပြစ်ရောက်ပါစေ။ ကိုယ်တော်၏ကျွန်မသည် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်၏ကျွန်မစကားကို နားညောင်းတော်မူပါ” ဟုတိုးလျှိုးတောင်းပန်ခဲ့သည်။ အဘိဂဲလ၏ နူးညံ့သိမ်မွေ့သော အသနားခံချက်ကြောင့် ဒါဝိဒ်စိတ်ပြောင်းသွားသည်။ အဘိဂဲလ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ဒါဝိဒ်ဤသို့ဆို၏– “ယနေ့ငါနှင့်တွေ့ဆုံစေခြင်းငှာ သင်ကိုစေလွှတ်တော်မူသော ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ပိုင်းခြားသိမြင်သောသင့်ဉာဏ်၌လည်း မင်္ဂလာရှိစေသတည်း။ ယနေ့ငါသည် အသွေးကိုသွန်၍ ကိုယ့်လက်နှင့် ကိုယ်ကိုမကယ်လွှတ်မည်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။” (၁ ဓမ္မရာဇဝင် ၂၅:၁၈၊ ၂၄၊ ၃၂၊ ၃၃၊ သမ္မာ) နာဗလသည် သူ၏ကြမ်းတမ်းခက်ထန်မှုကြောင့် နောက်ဆုံးတွင် အသက်ဆုံးခဲ့ရသည်။ အဘိဂဲလ၏အရည်အသွေးကောင်းများကြောင့် နောက်ဆုံးတွင် သူသည် ဒါဝိဒ်၏ဇနီးဖြစ်ရသောရွှင်လန်းမှုကို ခံစားခဲ့ရသည်။ သူ၏နူးညံ့သိမ်မွေ့မှုသည် ယနေ့ ယေဟောဝါအား ဝတ်ပြုကြသူအားလုံးအတွက် ပုံသက်သေကောင်းဖြစ်သည်။—၁ ဓမ္မရာဇဝင် ၂၅:၃၆-၄၂။
နူးညံ့သိမ်မွေ့ခြင်းကို မီအောင်လိုက်လော့
၁၈၊ ၁၉။ (က) နူးညံ့သိမ်မွေ့ခြင်းကို ကျွန်ုပ်တို့ယူတင်ဝတ်ဆင်သောအခါ အဘယ်ပြောင်းလဲမှုများ ထင်ရှားလာသနည်း။ (ခ) ကျွန်ုပ်တို့ကိုယ်ကို ထိထိရောက်ရောက်ဆန်းစစ်ရန် အဘယ်အရာက အကူအညီဖြစ်စေနိုင်သနည်း။
၁၈ သို့ဖြစ်၍ နူးညံ့သိမ်မွေ့ခြင်း မရှိမဖြစ်ချေ။ ယင်းသည် အပြုအမူ ညင်သာခြင်းထက်မကပေ; သူတစ်ပါးစိတ်ကို လန်းဆန်းစေသော နှစ်လိုဖွယ် ပင်ကိုအရည်အသွေးတစ်ခုဖြစ်သည်။ တစ်ချိန်က ကျွန်ုပ်တို့သည် အပြောအဆိုကြမ်းတမ်း၍ မကြင်မနာပြုမူဆက်ဆံခဲ့ပေမည်။ သို့ရာတွင် ကျမ်းစာအမှန်တရားကို သိရှိလာပြီးနောက် ကျွန်ုပ်တို့ပြောင်းလဲခဲ့ပြီး သာ၍ဖော်ရွေသူ၊ ဆက်ဆံရေးပြေပြစ်သူများ ဖြစ်လာကြသည်။ ပေါလုသည် ခရစ်ယာန်ရောင်းရင်းများကို ဤသို့တိုက်တွန်းသောအခါ အဆိုပါပြောင်းလဲမှုအကြောင်းပြောခဲ့သည်– “သင်တို့သည် . . . သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။” (ကောလောသဲ ၃:၁၂) သမ္မာကျမ်းစာက ဤပြောင်းလဲမှုကို ဝံပုလွေ၊ ကျားသစ်၊ ခြင်္သေ့၊ ဝက်ဝံနှင့် မြွေဟောက်စသော ကြမ်းကြုတ်သည့်သားရဲများအဖြစ်မှ သိုးသငယ်၊ ဆိတ်သငယ်၊ နွားသငယ်နှင့် နွားမစသည့် အကြမ်းမဖက်သော အိမ်မွေးတိရစ္ဆာန်အဖြစ်သို့ ပြောင်းလဲခြင်းနှင့် နှိုင်းယှဉ်ထားသည်။ (ဟေရှာယ ၁၁:၆-၉; ၆၅:၂၅) ဤစရိုက်ပြောင်းလဲမှုများသည် အလွန်သိသာထင်ရှားသောကြောင့် တွေ့မြင်သူများက အံ့အားသင့်ကြ၏။ သို့သော် ဤပြောင်းလဲမှုသည် ဘုရားသခင့်ဝိညာဉ်တော်ကြောင့်ဖြစ်သည်ဟု ကျွန်ုပ်တို့အသိအမှတ်ပြုကြသည်၊ အကြောင်းမှာ နူးညံ့သိမ်မွေ့ခြင်းသည် ဝိညာဉ်တော်၏ ထူးခြားထင်ရှားသော အသီးတစ်လုံးဖြစ်၏။
၁၉ ကျွန်ုပ်တို့သည် လိုအပ်သလိုပြုပြင်ပြောင်းလဲပြီး မိမိတို့ကိုယ်ကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီးနောက် နူးညံ့သိမ်မွေ့စွာနေဖို့ ယာကုပ် ၁:၂၃-၂၅။
ကြိုးစားရန်မလိုတော့ဟု ဆိုလိုပါသလော။ လုံးဝမဆိုလိုပါ။ အဝတ်အစားအသစ်များကို သန့်ရှင်းသပ်ရပ်စွာဆက်ရှိစေလိုလျှင် မပြတ်ဂရုစိုက်ဖို့လိုသည်။ သမ္မာကျမ်းစာကို စူးစိုက်လေ့လာပြီး ထိုတွင်ပါသော ပုံနမူနာများကို ဆင်ခြင်တွေးတောခြင်းက ကျွန်ုပ်တို့ကိုယ်ကို အမြင်သစ်ဖြင့် အရှိကိုအရှိအတိုင်း ရှုမြင်စေသည်။ မှန်နှင့်တူသော ဘုရားသခင့်မှုတ်သွင်းခံ သမ္မာကျမ်းစာက သင့်အကြောင်း အဘယ်အရာဖော်ပြသနည်း။—၂၀။ နူးညံ့သိမ်မွေ့ခြင်းကို မည်သို့အောင်မြင်စွာ တင်ပြနိုင်သနည်း။
၂၀ လူတို့၏ ပင်ကိုစရိုက်များ မတူကြပါ။ ဘုရားသခင့်ကျေးကျွန်အချို့သည် အခြားသူများထက် နူးညံ့သိမ်မွေ့ခြင်းကို အလွယ်တကူတင်ပြနိုင်သည်။ သို့သော် ခရစ်ယာန်အားလုံး နူးညံ့သိမ်မွေ့ခြင်းအပါအဝင် ဘုရားသခင့်ဝိညာဉ်အသီးကို သီးဖို့လိုသည်။ ပေါလုသည် တိမောသေကို မေတ္တာဖြင့် ဤသို့တိုက်တွန်းခဲ့သည်– “ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မီအောင်လိုက်ကြလော့။” (၁ တိမောသေ ၆:၁၁) “မီအောင်လိုက်လော့” ဟူသောစကားလုံးက ကြိုးပမ်းအားထုတ်မှုလိုသည့်သဘော သက်ရောက်စေသည်။ ဘာသာပြန်ကျမ်းတစ်စောင်က ယင်းကို “ကြိုးစားအားထုတ်လော့” ဟုပြန်ဆိုထားသည်။ (သတင်းကောင်း) သမ္မာကျမ်းစာမှ ပုံနမူနာကောင်းများကို သင်ကြိုးစားဆင်ခြင်မည်ဆိုလျှင် ၎င်းတို့သည် ခန္ဓာကိုယ်တွင်း ထည့်သွင်းထားရာကဲ့သို့ သင့်ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်လာပါလိမ့်မည်။ ၎င်းတို့သည် သင့်ကိုပုံသွင်း၍ လမ်းညွှန်ပေးကြမည်။—ယာကုပ် ၁:၂၁။
၂၁။ (က) နူးညံ့သိမ်မွေ့ခြင်းကို အဘယ်ကြောင့် မီအောင်လိုက်သင့်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်း ဆွေးနွေးမည်နည်း။
၂၁ သူတစ်ပါးနှင့် ကျွန်ုပ်တို့ဆက်ဆံပုံက ဤအရည်အသွေးကို မည်မျှကောင်းစွာ တင်ပြနေကြောင်း ဖော်ပြသည်။ တပည့်ဖြစ်သူယာကုပ်က “သင်တို့တွင် အဘယ်သူသည် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိဖြစ်သနည်း” ဟုမေးသည်။ “ထိုသူသည် ပညာ၏နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ ကောင်းမြတ်သောကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုများကိုပြပါစေ။” (ယာကုပ် ၃:၁၃၊ သမ္မာ) ဤခရစ်ယာန်အရည်အသွေးကို အိမ်တွင်၊ ခရစ်ယာန်ဓမ္မအမှုတွင်၊ အသင်းတော်တွင် မည်သို့တင်ပြနိုင်သနည်း။ နောက်ဆောင်းပါးက အထောက်အကူပြုသော လမ်းညွှန်ချက်ပေးပါသည်။
ပြန်လည်သုံးသပ်ရာတွင်
• ယေဟောဝါ
• ယေရှု
• မောရှေ
• အဘိဂဲလ
• ၏ပုံနမူနာမှ နူးညံ့သိမ်မွေ့ခြင်းအကြောင်း သင်အဘယ်အရာ သင်ယူခဲ့သနည်း။
• နူးညံ့သိမ်မွေ့ခြင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် မီအောင်လိုက်ဖို့ လိုသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယေဟောဝါသည် အာဗေလ၏ ပူဇော်ရာယဇ်ကို အဘယ်ကြောင့်နှစ်သက်ခဲ့သနည်း
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်နှိမ့်ချခြင်းတို့သည် ဒွန်တွဲနေကြောင်း ယေရှုတင်ပြခဲ့
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
မောရှေသည် နူးညံ့သိမ်မွေ့ခြင်းဆိုင်ရာ ပုံသက်သေကောင်းတင်ပြခဲ့