သခင့်ညစာစားပွဲသည် သင့်အတွက် အဓိပ္ပာယ်များစွာရှိ
သခင့်ညစာစားပွဲသည် သင့်အတွက် အဓိပ္ပာယ်များစွာရှိ
သခင့်ညစာစားပွဲသည် သင့်အတွက် အရေးပါပြီး အစဉ်အဓိပ္ပာယ်ရှိပါသလော။ အဖြေရရန် ဤအထူးဖြစ်ရပ်သည် ယေရှုခရစ်ကိုယ်တော်တိုင်အတွက် မည်မျှအဓိပ္ပာယ်ရှိသည်ကို ကျွန်ုပ်တို့ဦးစွာ ဆန်းစစ်ကြည့်ကြပါစို့။
စီ.အီး. ၃၃၊ နိသန် ၁၄ ရက်နေ့ညတွင် ယေရှုနှင့် တမန်တော် ၁၂ ပါးသည် ယေရုရှလင်မြို့တွင် အထက်ခန်းမတစ်ခု၌ နှစ်စဉ်ကျင်းပသောပသခါပွဲကိုပြုလုပ်ရန် စုရုံးခဲ့ကြ၏။ ပသခါပွဲကိုသုံးဆောင်ပြီးနောက် သစ္စာဖောက်ယုဒသည် ယေရှုကိုအပ်နှံရန် အခန်းထဲမှထွက်သွားသည်။ (ယောဟန် ၁၃:၂၁၊ ၂၆-၃၀) ထို့နောက် ကျန်ရှိသော တမန်တော် ၁၁ ပါးနှင့်အတူ “သခင်ဘုရား၏ပွဲတော်” ကို ယေရှုအစပြုကျင်းပခဲ့သည်။ (၁ ကောရိန္သု ၁၁:၂၀) ဤပွဲကို သတိရအောက်မေ့ပွဲဟူ၍လည်း ရည်ညွှန်းကြ၏၊ အကြောင်းမှာ ယေရှုက “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုမိမိ၏နောက်လိုက်များကို မိန့်တော်မူခဲ့၍ဖြစ်သည်။ ဤပွဲတစ်ခုတည်းကိုသာ အထိမ်းအမှတ်အဖြစ်ကျင်းပဖို့ ခရစ်ယာန်များကို မိန့်မှာထားသည်။—၁ ကောရိန္သု ၁၁:၂၄။
ဝက်ဘ်စတားအဘိဓာန်ကျမ်းအရ အောက်မေ့ရာပွဲဟူသည် “သတိရမှတ်မိစေဖို့” သို့မဟုတ် “အောက်မေ့သတိတရဖြစ်စေဖို့” အကူအညီပေးသည့်အရာတစ်ခုဖြစ်သည်။ နေရာဒေသများစွာတွင် လူတို့သည် တစ်ဦးတစ်ယောက်၊ သို့မဟုတ် ထူးခြားသောအရာတစ်စုံတစ်ခုကို မှတ်မိဖို့၊ သတိရအောက်မေ့ဖို့ အထိမ်းအမှတ်ကျောက်တိုင်တစ်ခု စိုက်ထူကြသည်၊ သို့မဟုတ် အထူးနေ့ရက်တစ်ရက်ရက်ကို သတ်မှတ်ကြ၏၊ ဤကိစ္စရပ်တွင် ယေရှုသည် အမှတ်တရဖြစ်စေသောစားသောက်ပွဲကို အစပြုခဲ့သည်၊ ဤစားသောက်ပွဲက ကိုယ်တော်၏တပည့်များအား ထိုအရေးပါသောနေ့၏ သာလွန်ထူးခြားသောဖြစ်ရပ်တို့ကို သတိရအောက်မေ့စေမည်။ ဤသတိရအောက်မေ့ပွဲက လူမျိုးအစဉ်အဆက်များအား ထိုည၌ ယေရှုပြုလုပ်ပေးခဲ့သောအမှု၊ အထူးသဖြင့် ကိုယ်တော်အသုံးပြုခဲ့သည့် တင်စားချက်များ၏ နက်ရှိုင်းသောအဓိပ္ပာယ်ကို ထိုပွဲကျင်းပသူတို့အား သတိပေးနှိုးဆော်လိမ့်မည်။ အဘယ်တင်စားချက်များ၊ သို့မဟုတ် အထိမ်းအမှတ်တို့ကို ယေရှုအသုံးပြုခဲ့သနည်း၊ ၎င်းတို့သည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ စီ.အီး. ၃၃ ခုနှစ်၏ ထိုညတွင် အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း သမ္မာကျမ်းစာမှတ်တမ်းကို ဆန်းစစ်ကြည့်ကြစို့။
မြင့်မြတ်သောတင်စားချက်အဓိပ္ပာယ်များ
“မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ‘ဤမုန့်ကားသင်တို့အဖို့အလိုငှာ စွန့်သောငါ၏ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့’ ဟုမိန့်တော်မူ၏။”—လုကာ ၂၂:၁၉။
မုန့်ကိုယူ၍ ယေရှုက ‘ဤကား ငါ၏ကိုယ်ဖြစ်၏’ ဟုမိန့်တော်မူချိန်တွင် အဆိုပါတဆေးမဲ့မုန့်သည် “လော[က]သားတို့၏အသက်အဖို့အလိုငှာစွန့်သော” ကိုယ်တော်တိုင်၏အပြစ်မဲ့ကိုယ်ခန္ဓာကို ကိုယ်စားပြုကြောင်း ကိုယ်တော်ရည်ညွှန်းနေသည်။ (ယောဟန် ၆:၅၁) ဘာသာပြန်ကျမ်းအချို့က ‘ဤကား ငါ၏ကိုယ်ဖြစ်၏ [ဂရိ၊ အက်စ်တင်]’ ဟုဆိုထားသော်လည်း သေယာ၏ ဂရိ-အင်္ဂလိပ် ဓမ္မသစ်ကျမ်းဆိုင်ရာအဘိဓာန်က ဤကြိယာသည် “ဆိုလိုသည်၊ ပုံဆောင်သည်၊ သက်ရောက်စေသည်” ဟုအနက်ဖွင့်လေ့ရှိကြောင်း ဆိုထားသည်။ ယင်းက ကိုယ်စားပြုခြင်း၊ သို့မဟုတ် တင်စားခြင်းသဘောကို ဖော်ဆောင်၏။—မဿဲ ၂၆:၂၆။
စပျစ်ရည်ခွက်နှင့်ပတ်သက်၍လည်း ထိုနည်းထပ်တူပင်။ ယေရှု ဤသို့မိန့်တော်မူသည်– “ဤခွက်ကားသင်တို့အဖို့အလိုငှာသွန်းသော ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။”—မဿဲ၏မှတ်တမ်းတွင် ထိုခွက်နှင့်ပတ်သက်၍ ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွှတ်စေခြင်းငှာသွန်းသော ငါ၏သွေးဖြစ်၏။” (မဿဲ ၂၆:၂၈) ယေရှုသည် ခွက်ထဲရှိစပျစ်ရည်ကို ကိုယ်တော့်အသွေးကိုယ်စား၊ သို့မဟုတ် တင်စားချက်အဖြစ် အသုံးပြုနေသည်။ ကိုယ်တော်သွန်းလောင်းတော်မူသောအသွေးသည် ကိုယ်တော်နှင့်အတူ ကောင်းကင်တွင် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်များအဖြစ် စိုးစံကြမည့် ဝိညာဉ်တော်ဖွားတပည့်များနှင့်ဖွဲ့သော “ပဋိညာဉ်တရားသစ်” ၏အခြေအမြစ်ဖြစ်လာသည်။—ယေရမိ ၃၁:၃၁-၃၃; ယောဟန် ၁၄:၂၊ ၃; ၂ ကောရိန္သု ၅:၅; ဗျာ. ၁:၅၊ ၆; ၅:၉၊ ၁၀; ၂၀:၄၊ ၆။
ခွက်ထဲရှိစပျစ်ရည်က ယေရှု၏သွန်းလောင်းတော်မူသောအသွေးအားဖြင့် ‘အပြစ်လွှတ်ခြင်း’ ခံရမည်ဖြစ်ကြောင်းလည်း သတိပေးသည်၊ သို့နှင့် ခရစ်တော်နှင့်အတူ တွဲဖက်အမွေခံများအဖြစ် ကောင်းကင်ဘုန်းဝင်စားရန် လမ်းပွင့်စေသည်။ ထို့ကြောင့် ကောင်းကင်ခေါ်တော်မူခြင်းခံရသော အရေအတွက်အကန့်အသတ်ဖြင့် အခေါ်ခံရသူတို့သာ သတိရအောက်မေ့ပွဲ၌ မုန့်နှင့် စပျစ်ရည်ကို သုံးဆောင်ခွင့်ရှိကြသည်။—လုကာ ၁၂:၃၂; ဧဖက် ၁:၁၃၊ ၁၄; ဟေဗြဲ ၉:၂၂; ၁ ပေတရု ၁:၃၊ ၄။
သို့သော် ပဋိညာဉ်တရားသစ်တွင်မပါဝင်သော ယေရှု၏နောက်လိုက်မြောက်မြားစွာကော အသို့နည်း။ ထိုသူတို့မှာ သခင်၏ “အခြားသိုးများ” ဖြစ်ပြီး သူတို့သည် ခရစ်တော်နှင့်အတူ ကောင်းကင်တွင်စိုးစံရန်မဟုတ်ဘဲ မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်စောင့်စားသူများဖြစ်ကြသည်။ (ယောဟန် ၁၀:၁၆; လုကာ ၂၃:၄၃; ဗျာ. ၂၁:၃၊ ၄) “ဘုရား [သခင်] ဝတ်ကို နေ့ညမပြတ်ပြု” ကြသော တည်ကြည်သူခရစ်ယာန် “လူအုပ်ကြီး” အနေဖြင့် သူတို့သည် သခင့်ညစာစားပွဲကို တက်ရောက်ကြည့်ရှုခွင့်ရသည့်အတွက် အလွန်ကျေးဇူးတင်လေးမြတ်ကြ၏။ သူတို့သည်အပြောနှင့် အလုပ်အားဖြင့် ဤသို့ကြွေးကြော်ကြသည်– “ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်း။”—ဗျာ. ၇:၉၊ ၁၀၊ ၁၄၊ ၁၅။
အကြိမ်ပေါင်း မည်မျှကျင်းပရမည်နည်း
“ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့။”—လုကာ ၂၂:၁၉။
ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့ဖို့ ထိုပွဲကို အကြိမ်ပေါင်းမည်မျှကျင်းပသင့်သနည်း။ ယေရှု အတိအကျမိန့်တော်မမူခဲ့ချေ။ သို့သော် ဣသရေလလူတို့နှစ်စဉ် နိသန် ၁၄ ရက်နေ့တွင်ကျင်းပခဲ့ကြသည့် ပသခါပွဲညနေခင်း၌ သခင့်ညစာစားပွဲကို ကိုယ်တော်စတင်ကျင်းပခဲ့ရာ ထိုနည်းအတိုင်းပင် သတိရအောက်မေ့ပွဲကို ယေရှုကျင်းပစေလိုကြောင်း ထင်ရှားသည်။ ဣသရေလလူတို့သည် အီဂျစ်တို့၏အချုပ်အနှောင်မှ လွတ်မြောက်လာသည့်အတွက် နှစ်စဉ်ပွဲကျင်းပကြသည့်နည်းတူ ခရစ်ယာန်တို့အနေဖြင့် အပြစ်နှင့် သေခြင်း၏အချုပ်အနှောင်မှ လွတ်မြောက်လာခြင်းကို အထိမ်းအမှတ်အဖြစ် ကျင်းပကြသည်။—ထွက်မြောက်ရာ ၁၂:၁၁၊ ၁၇; ရောမ ၅:၂၀၊ ၂၁။
ထူးခြားအရေးပါသည့်ဖြစ်ရပ်တစ်ခုကို တစ်နှစ်တစ်ခါ အထိမ်းအမှတ်ပွဲကျင်းပခြင်းသဘောတရားသည် အမှန်အားဖြင့် အထူးအဆန်းမဟုတ်ချေ။ ဥပမာ၊ မောင်နှံစုံတစ်စုံသည် သူတို့၏မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပသောအခါ၊ သို့မဟုတ် နိုင်ငံ့သမိုင်းတွင် အရေးပါသောဖြစ်ရပ်တစ်ခုကို အထိမ်းအမှတ်ပွဲ ကျင်းပသောအခါကို သုံးသပ်ကြည့်ပါ။ အဆိုပါအခမ်းအနားပွဲကို ထိုဖြစ်ရပ်၏နှစ်ပတ်လည်နေ့တွင်ပင် တစ်နှစ်တစ်ခါ ကျင်းပကြလေ့ရှိသည်။ စိတ်ဝင်စားစရာကား ခရစ်တော်သေဆုံးပြီးနောက် ရာစုနှစ်အတန်ကြာတွင် ခရစ်ယာန်ဟုအမည်ခံသူများစွာကို “ဆယ့်လေးရက်သမားများ” ဟုအဓိပ္ပာယ်ရှိသော ကွာတိုဒက်စမန်စ်ဟုခေါ်ခဲ့ကြသည်၊ အကြောင်းမှာ သူတို့သည် ခရစ်တော်၏သေခြင်းကို တစ်နှစ်တစ်ကြိမ် နိသန်လ ၁၄ ရက်တွင် ကျင်းပကြ၍ဖြစ်သည်။
ရိုးရှင်းသော်လည်း လေးနက်
သခင့်ညစာစားပွဲကိုကျင်းပခြင်းက ယေရှု၏တပည့်များအား “သခင်ဘုရားအသေခံတော်မူခြင်း” ကို ဆက်လက်ကြေညာသွားဖို့ဖြစ်စေကြောင်း တမန်တော်ပေါလုက ရှင်းပြခဲ့သည်။ (၁ ကောရိန္သု ၁၁:၂၆) သို့ဖြစ်၍ ဤအထိမ်းအမှတ်အခမ်းအနားက ဘုရားသခင့် ရည်ရွယ်တော်မူချက်ကို အကောင်အထည်ဖော်ရာတွင် ယေရှုအသေခံခြင်းအားဖြင့် ထမ်းဆောင်သောအခန်းကဏ္ဍကို အာရုံစိုက်စေသည်။
ယေရှုခရစ်သည် သေသည့်တိုင် တည်ကြည်ခြင်းအားဖြင့် ယေဟောဝါဘုရားသခင်အား ပညာရှိ၍ မေတ္တာပါသောဖန်ဆင်းရှင်နှင့် ဖြောင့်မတ်သောပိုင်သအုပ်စိုးရှင်အဖြစ် သံသယကင်းရှင်းစေခဲ့သည်။ အာဒံနှင့်မတူသော ယေရှုသည် စာတန်ပြောဆိုသကဲ့သို့မဟုတ်ဘဲ ပြင်းထန်သောဖိနှိပ်မှုများခံရသည့်ကြား ဘုရားသခင်ကို လူတစ်ဦးတည်ကြည်နိုင်ကြောင်း သက်သေထူခဲ့သည်။—ယောဘ ၂:၄၊ ၅။
သခင့်ညစာစားပွဲက ယေရှု၏ကိုယ်ကျိုးစွန့်မေတ္တာကိုလည်း ကျေးဇူးတင်လေးမြတ်စွာ သတိရစေသည်။ ပြင်းထန်သောစမ်းသပ်မှုများကြား ယေရှုသည် ကိုယ်တော်၏ခမည်းတော်ကို အစဉ်အဆက် အပြည့်အဝနာခံသွားနိုင်ခဲ့သည်။ သို့နှင့် ကိုယ်တော်သည် အာဒံအပြစ်၏အခကိုဖုံးအုပ်ဖို့ မိမိ၏စုံလင်သောလူ့အသက်ကို ပေးဆက်နိုင်ခဲ့သည်။ ယေရှုကိုယ်တော်တိုင် ရှင်းပြခဲ့သည့်အတိုင်း ကိုယ်တော်သည် “မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ” ကြွလာတော်မူခဲ့သည်။ (မဿဲ ၂၀:၂၈) ထို့ကြောင့် ယေရှုကိုယုံကြည်သူအားလုံးသည် အပြစ်လွှတ်ခြင်းခံရနိုင်ပြီး လူသားတို့အတွက် ယေဟောဝါ၏မူလရည်ရွယ်တော်မူချက်နှင့်အညီ ထာဝရအသက်ရရှိနိုင်သည်။—ရောမ ၅:၆၊ ၈၊ ၁၂၊ ၁၈၊ ၁၉; ၆:၂၃; ၁ တိမောသေ ၂:၅၊ ၆။ *
ဤအကြောင်းအရာအားလုံးက လူသားတို့ကိုကယ်တင်ဖို့ ယေဟောဝါ၏ပြင်ဆင်ပေးချက်နှင့်ပတ်သက်၍ ကိုယ်တော်၏မြောက်မြားလှသော ကောင်းမြတ်တော်မူခြင်း နှင့် မခံစားထိုက်သောကရုဏာတော် ကိုလည်း အထင်အရှားဖော်ပြသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သားတော်အားဖြင့် ငါတို့သည်အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကိုချစ်တော်မူသောမေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။ ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည်ငါတို့ကိုချစ်၍ ငါတို့အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ၊ သားတော်ကိုစေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။”—၁ ယောဟန် ၄:၉၊ ၁၀။
ထို့ကြောင့် သတိရအောက်မေ့ပွဲကျင်းပခြင်းသည် မည်မျှထူးမြတ်လှပါသည်တကား! ကမ္ဘာတစ်ဝန်း အခြေအနေအမျိုးမျိုးအောက် ကျင်းပနိုင်လောက်အောင် ရိုးရှင်းပြီး လက်တွေ့ကျသည့်အပြင် ကြာရှည်သောကာလတစ်လျှောက် အဓိပ္ပာယ်လေးနက်သောနှိုးဆော်ချက်တစ်ရပ်ဖြစ်လောက်အောင် တင်စားချက်ပြည့်ဝပေသည်။
သင့်အတွက် အဓိပ္ပာယ်
ပူဇော်ရာယဇ်အဖြစ် ကျွန်ုပ်တို့သခင်ယေရှုခရစ် အသေခံခြင်းသည် ကိုယ်တော်နှင့် ကိုယ်တော်၏ခမည်းတော်၊ ယေဟောဝါ နှစ်ပါးစလုံးအတွက် အကြီးအကျယ်နစ်နာဆုံးရှုံးမှုဖြစ်၏။ စုံလင်သောလူသားတစ်ဦးအဖြစ် ယေရှုသည် ကျွန်ုပ်တို့အားလုံးကဲ့သို့ သေခြင်းကို ရောမ ၅:၁၂; ဟေဗြဲ ၇:၂၆) ကိုယ်တော်သည် ထာဝစဉ်အသက်ရှင်သွားနိုင်၏။ ကိုယ်တော်ခွင့်မပြုဘဲ ကိုယ်တော်၏အသက်ကို အတင်းအကျပ် နုတ်ယူမသွားနိုင်ချေ။ ကိုယ်တော်က “ငါ့အသက်ကိုအဘယ်သူမျှမလုမယူ။ ကိုယ်အလိုအလျောက်ငါစွန့်၏” ဟုမိန့်ဆိုခဲ့သည်။—ယောဟန် ၁၀:၁၈။
အမွေမခံခဲ့ရပါ။ (ယေရှုသည် မိမိ၏စုံလင်သောလူ့အသက်တာကို ပူဇော်ရာယဇ်အဖြစ် တလိုတလားပေးဆက်ခဲ့ရာ “ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော [စာတန်]၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာလည်းကောင်း၊ သေဘေးကိုကြောက်၍ တစ်သက်လုံးကျွန်ခံရသောသူတို့ကို ကယ်လွှတ်” တော်မူသည်။ (ဟေဗြဲ ၂:၁၄၊ ၁၅) ခရစ်တော်၏ကိုယ်ကျိုးစွန့်မေတ္တာသည် အခြားတစ်နည်းဖြင့်ထင်ရှား၏၊ ယင်းက ကိုယ်တော်အသေခံနည်းဖြစ်သည်။ ကိုယ်တော်သည် ဝေဒနာခံ၍ သေဆုံးရမည့်အကြောင်း ကောင်းစွာသိရှိနားလည်ထား၏။—မဿဲ ၁၇:၂၂; မဿဲ ၂၀:၁၇-၁၉။
သတိရအောက်မေ့ပွဲက ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်၊ ယေဟောဝါဖော်ပြခဲ့သမျှတွင် အကြီးမြတ်ဆုံးသောမေတ္တာကိုလည်း သတိရစေသည်။ ဂေသရှေမန်ဥယျာဉ်တွင် ယေရှု၏ “ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်း” နှင့် ရက်စက်ကြမ်းကြုတ်စွာ ကျာပွတ်ဖြင့်အရိုက်ခံရခြင်း၊ မရှုမလှထိုးဖောက်ခံရခြင်းအပြင် တဖြည်းဖြည်း ပြင်းပြစွာဝေဒနာခံရ၍သေဆုံးခဲ့ခြင်းတို့ကို ကြားရ၊ မြင်ရခြင်းတို့က “အလွန်သနားစုံမက်တော်မူ” သော ကိုယ်တော်အတွက် အလွန်စိတ်ထိခိုက်စရာဖြစ်ခဲ့မည်။ (ယာကုပ် ၅:၁၁; ဟေဗြဲ ၅:၇; ယောဟန် ၃:၁၆; ၁ ယောဟန် ၄:၇၊ ၈) ယင်းကို ယခု ရာစုနှစ်များစွာကြာပြီးနောက်ပင် စဉ်းစားကြည့်ရုံဖြင့် လူများစွာတို့ စိတ်ထိခိုက်နေဆဲဖြစ်သည်။
အပြစ်သားဖြစ်သောကျွန်ုပ်တို့အတွက် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့သည် ဤမျှတိုင် အနစ်နာခံခဲ့သည်ကို စဉ်းစားကြည့်ပါလေ! (ရောမ ၃:၂၃) ကျွန်ုပ်တို့၏ပင်ကိုအပြစ်နှင့် မစုံလင်မှုတို့၏အဖြစ်ဆိုးကို ကျွန်ုပ်တို့ နေ့စဉ်နေ့တိုင်းကြုံတွေ့နေကြရသည်။ သို့သော် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်၏ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်ခွင့်လွှတ်ပါရန် တောင်းခံနိုင်ကြသည်။ (၁ ယောဟန် ၂:၁၊ ၂) ယင်းကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်လွတ်လပ်စွာစကားပြောဆိုနိုင်၍ ကြည်လင်သောသိစိတ်ကို ရနိုင်သည်။ (ဟေဗြဲ ၄:၁၄-၁၆; ၉:၁၃၊ ၁၄) ထိုထက်ကား မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခွင့်ရှိနိုင်ကြသည်။ (ယောဟန် ၁၇:၃; ဗျာ. ၂၁:၃၊၄) ၎င်းနှင့် အခြားကောင်းချီးများစွာတို့မှာ ယေရှု၏အကြီးမြတ်ဆုံးသော ကိုယ်ကျိုးစွန့်လုပ်ရပ်၏ အကျိုးရလဒ်ပင်တည်း။
သခင့်ညစာစားပွဲကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြခြင်း
သခင့်ညစာစားပွဲသည် “ထူးမြတ်သောဘုရားသခင့်ကျေးဇူးတော်” ကောင်းမွန်ထူးခြားလှသော ဖော်ပြချက်တစ်ရပ်ဖြစ်သည်မှာ ဧကန်အမှန်ပင်။ ထို့ပြင် ယေရှု၏ကိုယ်ကျိုးစွန့်မေတ္တာဖြင့် အထမြောက်ခဲ့သော ယေဟောဝါဘုရားသခင်၏ ရွေးနုတ်ဖိုးပူဇော်ရာယဇ်အစီအစဉ်သည် အမှန်ပင် ကိုယ်တော်၏ ‘ပြော၍မကုန်နိုင်သော ဆုကျေးဇူးတော်’ ဖြစ်ပေသည်။ (၂ ကောရိန္သု ၉:၁၄၊ ၁၅) ယေရှုခရစ်မှတစ်ဆင့် ပေါ်လွင်ထင်ရှားသည့် ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းက သင့်စိတ်ထဲ အလွန်ကျေးဇူးတင်လေးမြတ်သောသဘော ရှိစေသည်မဟုတ်ပေလော။
အမှန်ပင် ကျေးဇူးတင်လေးမြတ်စေပါလိမ့်မည်။ သို့ဖြစ်၍ ခရစ်တော်၏သေခြင်းသတိရအောက်မေ့ပွဲကျင်းပချိန်တွင် ယေဟောဝါသက်သေတို့နှင့်အတူစုဝေးဖို့ သင့်ကို ကျွန်ုပ်တို့ လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ပါသည်။ ဤနှစ်တွင် သတိရအောက်မေ့ပွဲကို ဧပြီလ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့ နေဝင်ချိန်တွင် ကျင်းပကြပါလိမ့်မည်။ ဤအရေးပါဆုံးသောပွဲတော်ကျင်းပချိန်နှင့် ကျင်းပမည့်နေရာအတိအကျကို သင့်ဒေသရှိ ယေဟောဝါသက်သေများသည် သင့်အား ဝမ်းမြောက်ဝမ်းသာ အကြောင်းကြားလိုပေလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 19 ရွေးနုတ်ဖိုးအကြောင်း သာ၍အသေးစိတ်ဆွေးနွေးထားသော ယေဟောဝါသက်သေများထုတ်ဝေသည့် ထာဝရအသက်ရစေသော အသိပညာစာအုပ်ကိုရှုပါ။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
“ဤကားငါ၏ကိုယ်ကိုတင်စားသည်” သို့မဟုတ် ‘ဤကား ငါ၏ကိုယ်ဖြစ်၏’ မည်သည်က အမှန်နည်း။
ယေရှုက ‘ငါသည် တံခါးဖြစ်၏’ နှင့် “ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏” ဟု မိန့်တော်မူသောအခါ စာသားအတိုင်းပင် ကိုယ်တော်သည်တံခါးဖြစ်သည်၊ သို့မဟုတ် စာသားအတိုင်းပင် စပျစ်နွယ်ပင်ဖြစ်သည်ဟူ၍ မည်သူကမျှ မှတ်ယူကြသည်မဟုတ်။ (ယောဟန် ၁၀:၇; ၁၅:၁) အလားတူ ယေရှုက ‘ဤခွက်ကား ပဋိညာဉ်တရားသစ်ဖြစ်၏’ ဟု မိန့်တော်မူသောအခါ ထိုခွက်ကိုယ်နှိုက်သည် စာသားအတိုင်း ပဋိညာဉ်တရားသစ်ဖြစ်သည်ဟု ကျွန်ုပ်တို့ ကောက်ချက်ချကြသည်မဟုတ်ချေ။ ထိုနည်းတူ အဆိုပါမုန့်သည် မိမိ၏ကိုယ်ခန္ဓာ ‘ဖြစ်ခဲ့၏’ ဟု ကိုယ်တော်မိန့်တော်မူသောအခါ ထိုမုန့်သည် ကိုယ်တော်၏ကိုယ်ခန္ဓာကို ဆိုလိုသည် သို့မဟုတ် တင်စားသည်မှာ ရှင်းနေပါသည်။ သို့ဖြစ်၍ ချားလ်စ် ဘီ. ဝီလျံဘာသာပြန်ကျမ်းက ဤသို့ဆိုသည်– “ဤမုန့်ကား ငါ၏ကိုယ်ကိုတင်စားသည်။”—လုကာ ၂၂:၁၉၊ ၂၀။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
တဆေးမဲ့မုန့်နှင့် စပျစ်ရည်တို့က ယေရှု၏အပြစ်မဲ့သောကိုယ်ခန္ဓာနှင့် ကိုယ်တော်သွန်းလောင်းတော်မူခဲ့သောအသွေးတော်ကို တင်စားခြင်းမှာ ဆီလျော်လှသည်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သတိရအောက်မေ့ပွဲသည် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့ပြသခဲ့သည့် ကြီးမြတ်သောမေတ္တာတော်ကို သတိရစေသည်