မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချစ်ခင်ကြင်နာမှုသည် မည်မျှအရေးကြီးသနည်း

ချစ်ခင်ကြင်နာမှုသည် မည်မျှအရေးကြီးသနည်း

ချစ်ခင်​ကြင်နာ​မှု​သည် မည်မျှ​အရေးကြီး​သနည်း

“လူ​၏​နှစ်လိုဖွယ်​ရာ​ကား သူ၏​ချစ်ခင်​ကြင်နာ​မှု​ဖြစ်​သတည်း” ဟု​သမ္မာကျမ်းစာ​က​ဆို​၏။ (သု. ၁၉:၂၂၊ က​ဘ) မေတ္တာ​၏​လှုံ့ဆော်မှု​ဖြင့်​ပြုသော ကြင်နာ​မှု​ရှိသည့်​လုပ်ရပ်များ​သည် အမှန်ပင် နှစ်လိုဖွယ်​ဖြစ်သည်။ သို့ရာတွင် သမ္မာ​ကျမ်းစာ​ပါ “ချစ်ခင်​ကြင်နာ​မှု” သည် အခြားသူ​တစ်ဦး​က အလျင် ချစ်ခင်​ကြင်နာ​မှု​ပြ​သောကြောင့် ဖြစ်ပေါ်​လာ​သည့် ရှိ​နှင့်​ပြီး​သား​ဆက်ဆံ​ရေး​အပေါ် အခြေပြု​ကောင်း​ပြု​နိုင်​သည့် ကြင်နာ​မှု​ကို​ရည်ညွှန်း​ပေမည်။ သို့​ဖြစ်၍ ယင်း​တွင် တည်ကြည်​ခြင်း​သဘော​အကျုံးဝင်​၏။

ယုဒဘုရင်​ယောရှ​သည် ဤ​နှစ်လိုဖွယ်​ကောင်းသော​အရည်အသွေးကို မွေးမြူ​ပျိုးထောင်​ဖို့ ပျက်ကွက်​ခဲ့​၏။ သူ၏​အဒေါ်​နှင့် ဦးလေး ယောယဒ​တို့ကို သူ​အလွန်​ကျေးဇူး​တင်စရာ​အကြောင်း​ရှိခဲ့​သည်။ ယောရှ​အသက်​တစ်နှစ်​မပြည့်မီ သူ၏​ဆိုးသွမ်း​သော​အဘွား​က သူ့ကိုယ်သူ မိဖုရား​မြှောက်​ကာ ရာဇ​ပလ္လင်​ကို​ဆက်ခံ​မည့်​သူများ​ဖြစ်​ကြသော ယောရှ​၏​အစ်ကို​အားလုံး​ကို သတ်ပစ်လိုက်​လေ​သည်။ သို့သော် အဘွား​သည် ယောရှ​လေး​ကို မ​သတ်​လိုက်ရ​ပေ၊ အကြောင်း​မှာ သူ၏​အဒေါ်​နှင့်​ဦးလေး​တို့​က သူ့ကို အသေအချာ ဝှက်ထား​ခဲ့​၍​ဖြစ်၏။ ထို့​ပြင် သူတို့သည် သူ့ကို ဘုရားသခင့်​ပညတ်တော် သွန်သင်​ပေး​ခဲ့​ကြသည်။ ယောရှ​အသက်​ခု​နစ်​နှစ်အရွယ်​ရောက်​သော် သူ၏​ဦးလေး​သည် ယဇ်ပုရောဟိတ်မင်း​အခွင့်အာဏာကို အသုံးပြု၍ ဆိုးသွမ်း​သော​မိဖုရား​ကို ကွပ်မျက်​လိုက်ပြီး ယောရှ​ကို​နန်းတင်​ခဲ့​သည်။—၂ ရာဇဝင်ချုပ် ၂၂:၁၀–၂၃:၁၅

လူငယ်​ယောရှ​သည် သူ၏​ဦးလေး​သေဆုံး​သည်​အထိ ကောင်းမွန်​စွာ​အုပ်စိုး​ခဲ့​သည်၊ သို့သော် နောက်ပိုင်း​တွင် သူသည် ရုပ်ပုံ​ကိုးကွယ်​လေ​တော့​သည်။ ထို​အခါ ဘုရားသခင်​သည် ယောရှ​၏​အယူဖောက်ပြန်မှု​ကို သတိ​ပေးဖို့ ယောယဒ​၏​သား ဇာခရိ​ကို စေလွှတ်​လိုက်​၏။ ယောရှ​သည် ဇာခရိ​ကို ခဲ​ဖြင့်​ပေါက်သတ်​ခဲ့​လေ​သည်။ မိမိ​များစွာ​အကြွေးတင်​နေသည့် မိသားစု​အပေါ် တည်ကြည်မှု​မဲ့သည့် အလွန်​ထိတ်လန့်​တုန်လှုပ်​ဖွယ် လုပ်ရပ်​ပါ​တကား!—၂ ရာဇဝင်ချုပ် ၂၄:၁၇-၂၁

သမ္မာကျမ်းစာ​က​ဤသို့​ဆို​သည်– “ယောရှ​မင်းကြီး​သည် ဇာခရိ​အဘ​ယောယဒ​ပြုသော ကျေးဇူး [“ချစ်ခင်​ကြင်နာ​မှု၊” က​ဘ] ကို​မ​အောက်မေ့၊ သားကို​သတ်​လေ​သည်​တကား။” မိမိ​သေဆုံး​ခါနီး​တွင် ဇာခရိ​က “ဤ​အမှုကို ထာဝရ​ဘုရား​သည် ကြည့်ရှု​စစ်ကြော​တော်​မူ​မည်” ဟု​ပြော​ခဲ့​သည်။ ဇာခရိ​ပြောဆို​ခဲ့​သည့်​အတိုင်း​ပင် ယောရှ​သည် အလွန်​မ​ကျန်း​မမာ​ဖြစ်​လာ၍ ကျွန်​များ​၏ လုပ်ကြံ​သတ်ဖြတ်မှု​ကို ခံ​ခဲ့​ရလေ​သည်။—၂ ရာဇဝင်ချုပ် ၂၄:၁၇-၂၅

ဤ​အကြံပြုချက်ကို လိုက်လျှောက်​ကြ​သူအား​လုံး​သည် ဘုရင်​ယောရှ​နည်းတူ အဆုံးစီရင်​မခံရ​ဘဲ ထူးမြတ်​လှ​သည့်​အနာဂတ် ရရှိကြ​ပေ​လိမ့်​မည်– “ချစ်ခင်​ကြင်နာ​မှု​နှင့် စစ်မှန်​မှု​ကို သင်​နှင့်​မကွာစေ​နှင့်။ . . . ထို​သို့ပြုလျှင် ဘုရားသခင့်​ရှေ့၊ လူ​တို့​ရှေ့ မျက်နှာ​ရ . . . လိမ့်​မည်။”—သု. ၃:၃၊ ၄က​ဘ။