မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောဝိညာဉ်ရေးဆိုင်ရာစံများကို သင်အဘယ်တွင် တွေ့နိုင်သနည်း

စစ်မှန်သောဝိညာဉ်ရေးဆိုင်ရာစံများကို သင်အဘယ်တွင် တွေ့နိုင်သနည်း

စစ်မှန်သော​ဝိညာဉ်​ရေး​ဆိုင်ရာ​စံ​များ​ကို သင်​အဘယ်တွင် တွေ့​နိုင်​သနည်း

“မိရိုးဖလာ​ထုံးတမ်း​စဉ်​လာ​အရ ဝတ်ပြုရေး​တစ်ခု​ကို မင်း​လိုက်စား​မယ်​ဆိုရင် လွန်ခဲ့တဲ့​အနှစ် ၂,၀၀၀ က ဒို့ရဲ့​ဘိုးဘေး​တွေ​ဝတ်ပြုခဲ့တဲ့ ကဲ​လ်​တစ်​ဘာသာ​ကို ဘာဖြစ်​လို့​မရွေး​တာလဲ” ဟု​ရိုး​ဒေါ့လ်ဖ်​က ရွဲ့​ပြီး​မေးမြန်းခဲ့​သည်။ နားထောင်​နေ​သူ​လူငယ်​က သူ၏​ဆိုလိုချက်​ကို​သဘောပေါက်​ပြီး ပြုံး​လေ​သည်။

ရိုး​ဒေါ့လ်ဖ်​က ဤသို့​ထုတ်ပြော​ခဲ့​သည်– “ဘုရားသခင်​နဲ့ ကျွန်တော့်​ရဲ့​ဆက်ဆံ​ရေး​ဟာ ကျွန်တော့်​အတွက် သိပ်​အရေးပါ​တယ်။ လွန်ခဲ့တဲ့​ဆယ်စုနှစ်​တွေ၊ ဒါမှ​မဟုတ် ရာစုနှစ်တွေ​က အသက်ရှင်ခဲ့​တဲ့ ကျွန်တော့်​မိသားစုက ဒီ​ဘာသာဝင်​ဖြစ်​ခဲ့လို့ အစဉ်အလာ​အရ အဲဒီ​ဘာသာ​ကို မဖြစ်​မနေ​ယုံကြည်​လက်ခံရ​မယ်​ဆို​တဲ့​အယူအဆကို ကျွန်တော်​လုံးလုံး​ဆန့်ကျင်​တယ်။” ရိုး​ဒေါ့လ်ဖ်​သည် ကိစ္စရပ်​များ​ကို စဉ်းစား​ချင့်ချိန်​ခဲ့​သည်; ဤ​အရေးပါသော​ကိစ္စ​ကို အမွေဆက်ခံ​ရာ​တစ်ခု​အဖြစ်​မျှ​သာ သူ​သဘော​မထား​ခဲ့​ချေ။

လူမျိုးဆက်​တစ်ခု​မှ တစ်ခု​သို့ ဝတ်ပြုရေး​တစ်ခု​ကို လက်ဆင့်ကမ်း​ခြင်း​သည် ယခု​လျော့နည်းလာ​ပြီ​ဖြစ်သော်လည်း အများစုမှာ မိမိတို့​မိသားစု​ဝတ်ပြုရေး​၌ စွဲမြဲ​နေကြ​ဆဲ​ရှိသည်။ သို့သော် မိဘများ​၏​ဝတ်ပြုရေး​စံနှုန်း​များ​၌ စွဲမြဲ​နေခြင်း​သည် အစဉ်​မှန်​သလော။ သမ္မာကျမ်းစာ​က မည်သို့​ဆို​သနည်း။

တောကန္တာရ​၌ အနှစ် ၄၀ လှည့်လည်​ပြီး​နောက် မောရှေ၏​အရာ​ကို​ဆက်ခံသူ​ယောရှု​သည် ဣသရေလ​လူမျိုး​အား ဤသို့​ရွေးချယ်​စေ​ခဲ့​သည်– “ထာဝရ​ဘုရား​အား​ဝတ်မပြု​ကောင်း​ဟု​သင်တို့​ထင်​လျှင် မြစ်​ကြီး​တစ်ဖက်၌ ဘိုးဘေး​တို့​ဝတ်ပြု​သော​ဘုရား [သခင်]၊ သင်တို့​နေရာ​အာမောရိ​ပြည်သား​တို့၏ ဘုရား[သခင်]များ​တွင် အဘယ်​မည်​သော​ဘုရား[သခင်]တို့အား ဝတ်ပြု​မည်​အရာ​ကို ယနေ့​ရွေး​ကြလော့။ ငါ​နှင့်​ငါ့​အိမ်သား​ဖြစ်​လျှင် ထာဝရ​ဘုရား​ကို​သာ​ဝတ်ပြု​မည်။”—ယောရှု ၂၄:၁၅

ယောရှု​ရည်ညွှန်း​နေသော ဘိုးဘေး​တို့​အနက်​တစ်ဦး​မှာ ထို​အချိန်​က ဥဖရတ်​မြစ်​၏​အရှေ့ဘက်​၌ တည်ရှိ​သော ဥရ​မြို့​နေ အာဗြဟံ​၏​ဖခင် တေရ​ဖြစ်သည်။ သမ္မာကျမ်းစာ​က တေရ​သည် အခြား​တစ်ပါး​သော​ဘုရား[သခင်]များ​ကို ဝတ်ပြု​ကိုးကွယ်​သည့်​အကြောင်း​မှ​လွဲ​၍ သူ့​အကြောင်း သိပ်​မဖော်​ပြ​ချေ။ (ယောရှု ၂၄:၂) သူ၏​သား​အာဗြဟံ​မှာ​မူ ဘုရားသခင့်​ရည်ရွယ်ချက်ကို အပြည့်အစုံ​မသိ​သေး​သော်လည်း သူ​နေထိုင်ရာ​မြို့မှ​ထွက်ခွာ​ရန် ယေဟောဝါ​မိန့်တော်မူသော​အခါ နှောင့်နှေး​ဆိုင်း​တွ​ခြင်း​မရှိ ထွက်​ခဲ့​သည်။ အာဗြဟံ​သည် သူ့​ဖခင်​၏​ဝတ်ပြုရေး​နှင့်​မတူ​သော ဝတ်ပြုရေးကို ရွေးချယ်​ခဲ့​သည်။ ထိုသို့​ပြုသော​ကြောင့် အာဗြဟံ​သည် ဘုရားသခင်​ကတိထားရာ​ကောင်းချီး​များ​ကို ခံစား​ခဲ့​ရပြီး “ထာဝရ​ဘုရား​ကို ယုံကြည်​ကိုးစား . . . သူတို့၏​အဖ” အဖြစ် ဝတ်ပြုရေး​များစွာ​၏ အသိအမှတ်​ပြုခြင်း​ကို ခံ​ခဲ့​ရသည်။—ရောမ ၄:၁၂သတင်းကောင်း။

သမ္မာကျမ်းစာ​က ယေရှု​ခရစ်​၏​ဘေးမ​တစ်ဦး​ဖြစ်သော ရုသ​၏​အတ္ထုပ္ပတ္တိ​ကိုလည်း နှစ်လိုဖွယ်​ကောင်းစွာ ဖော်ပြ​ပါ​သည်။ ဣသရေလ​လူမျိုး​တစ်ဦး​နှင့် အိမ်ထောင်ပြု​ခဲ့​သော မောဘ​အမျိုးသမီး​ရုသ​သည် မုဆိုးမ​တစ်ဦး​ဖြစ်လာ​သောအခါ မိမိ​နေရင်း​တိုင်းပြည်​၌ နေရစ်​မည်​လော၊ ယောက္ခမ​နှင့်အတူ ဣသရေလ​နိုင်ငံ​သို့ လိုက်သွား​မည်​လော​ဆို​သည်ကို ရွေးချယ်​ခဲ့​ရသည်။ သူ၏​မိဘများ​ကိုးကွယ်​သော အရုပ်​ကိုးကွယ်​ခြင်း​နှင့် နှိုင်းယှဉ်​သော် ယေဟောဝါ​၏​ဝတ်ပြုရေးသည် သာလွန်​မြင့်မြတ်​၍ တန်ဖိုး​ရှိကြောင်း ရုသ​အသိအမှတ်ပြု​ကာ သူ၏​ယောက္ခမ​ကို ဤသို့​အတိအလင်း​ပြော​ခဲ့​သည်– “ကိုယ်တော်​အမျိုး​သည် ကျွန်မ​အမျိုး၊ ကိုယ်တော်​ဘုရား[သခင်]သည် ကျွန်မ​ဘုရား[သခင်]ဖြစ်ပါစေ။”—ရုသ ၁:၁၆၊ ၁၇

သမ္မာကျမ်းစာ ကျမ်းဂန်​စု​ထဲ ၎င်း​အတ္ထုပ္ပတ္တိ​ပါဝင်ခြင်း​နှင့်​ပတ်သက်​၍ ဒစ်ရှော​န​ရီ ဒီ လာ ဘီ​ဘဲလ်​က “ဣသရေလ​လူမျိုး၏​ရန်သူ​ဖြစ်​ပြီး သူတို့​မုန်းတီးသော အယူမှား​လူမျိုး​အကြား မွေးဖွား​လာ​သည့် တိုင်းတစ်ပါး​အမျိုးသမီး​တစ်ဦး​သည် . . . ယေဟောဝါ​၏​လူမျိုးတော်​နှင့် ကိုယ်တော်​၏​ဝတ်ပြုမှု​ကို ချစ်ခင်​မြတ်နိုးသော​ကြောင့် ဘုရားသခင့်​အစီအစဉ်​ဖြင့် ဒါဝိဒ်​မင်းကြီး​၏ ဘေးမ​တစ်ဦး​ဖြစ်လာ​ပုံ” ကို အဆိုပါ​မှတ်တမ်းက​ဖော်ပြ​သည်​ဟု ရှင်းပြ​၏။ ရုသ​သည် သူ့​မိဘများ​၏​ဝတ်ပြုမှု​နှင့်​မတူ​သော ဝတ်ပြုမှု​တစ်ခု​ကို ရွေးချယ်​ရန် မတွန့်​ဆုတ်​ခဲ့​ချေ၊ ထိုသို့​ဆုံးဖြတ်​ခဲ့​ခြင်း​ကြောင့် ဘုရားသခင့်​ကောင်းချီး​ခံစား​ခဲ့​ရသည်။

ဘိုးဘေး​တို့၏​ဝတ်ပြုမှု​ကို ယေရှု၏​တပည့်​များ စွန့်ပစ်​ခဲ့​ကြ​ခြင်း​အကြောင်းရင်း​များ​ကို ခရစ်ယာန်​ဘာသာ​၏​မူလအစ ဖော်ပြ​သော​မှတ်တမ်းက ပို​၍​ရှင်းလင်း​စေ​သည်။ အလွန်​သွေးဆောင်နိုင်စွမ်း​ရှိသော တမန်​တော်​ပေတရု​သည် သူ၏​ဟောပြောချက်​တွင် မိမိတို့​အပြစ်​များ​ကို နောင်တ​ယူပြီး ယေရှု​ခရစ်​၏​နာမ၌ နှစ်ခြင်း​ခံ​ခြင်း​အားဖြင့် “သဘော​မ​ဖြောင့်သော​ဤ​အမျိုး​မှ ကယ်တင်ခြင်း​သို့​ရောက်​ကြ” ရန် သူ၏​ပရိသတ်​ကို ဖိတ်ခေါ်​ခဲ့​သည်။ (တမန်​တော် ၂:၃၇-၄၁) အထူးခြားဆုံး​ပုံ​နမူနာ​တစ်ခု​မှာ ခရစ်ယာန်​များ​ကို နှိပ်စက်​ညှဉ်းပန်း​ခဲ့​သူ ဂျူး​လူမျိုး​ရှောလု​ဖြစ်သည်။ ဒမာသက်​မြို့​သို့​သွားစဉ် ခရစ်တော်​ကို အဆင်းအာရုံ​၌ ရှောလု​မြင်ခဲ့​ရပြီး​နောက် သူသည် ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​ကာ တမန်​တော်​ပေါလု​အဖြစ် လူသိ​များ​လာ​လေ​သည်။—တမန်​တော် ၉:၁-၉

အစောပိုင်း​ခရစ်ယာန်​များစွာတို့သည် ထိုသို့​သော​အံ့ဖွယ်ကောင်း​သည့်​အတွေ့အကြုံကို မရခဲ့​ကြ​ပါ။ သို့သော် သူတို့​အားလုံး​သည် ဂျူး​ဘာသာရေး​စနစ် သို့​မဟုတ် အယူမှား​ဘုရား[သခင်]အသီးသီး​တို့ကို စွန့်လွှတ်​ခဲ့​ကြသည်။ ခရစ်ယာန်​ဘာသာ​ကို လက်ခံခဲ့​ကြ​သူတို့သည် မေရှိယ​အဖြစ် ယေရှု၏​အခန်းကဏ္ဍကို အတန်ကြာ​ဆွေးနွေး​ခဲ့​ကြ​ပြီး​နောက် ဖြစ်ရပ်မှန်များ​ကို ကောင်းကောင်း​သိ​နားလည်​ပြီး​မှ ဘာသာဝင်​များ​ဖြစ်လာ​ခဲ့​သည်။ (တမန်​တော် ၈:၂၆-၄၀; ၁၃:၁၆-၄၃; ၁၇:၂၂-၃၄) ထို​အစောပိုင်း​ခရစ်ယာန်​များသည် မိမိတို့၏​အသက်တာကို ပြုပြင်​ပြောင်းလဲ​ဖို့​လို​ကြောင်း ကောင်းစွာ​သိ​နားလည်ခဲ့​ကြသည်။ ဂျူး​များနှင့် ဂျူး​မဟုတ်​သူများ​ပါ အားလုံး​ဖိတ်ခေါ်​ခံ​ခဲ့​ရ​သော်လည်း သူတို့​ကြားနာ​ခဲ့​သော​သတင်းတရား​မှာ မပြောင်းလဲ​ချေ။ ဘုရားသခင်​၏​အလိုတော်နှင့်​တွေ့​ဖို့ သူတို့သည် ခရစ်ယာန်​ဘာသာ​တည်း​ဟူသော ဝတ်ပြုရေး​ပုံစံ​အသစ်​ကို လိုက်နာ​ကြဖို့​လိုအပ်​ခဲ့​သည်။

ကျွန်ုပ်​တို့​နှင့်​သက်ဆိုင်​သော ရွေးချယ်စရာ​တစ်ခု

ပထမ​ရာစု​တွင် မိသားစု​ဝတ်ပြုရေး​ထုံးစံ​များ​ဖြစ်သည့် ယုဒ​ဘာသာ၊ ဧကရာဇ်​ဝတ်ပြုမှု၊ အယူမှား​ဘုရား[သခင်]များ​ဝတ်ပြုမှု​တို့ကို ငြင်းပယ်​ပြီး ဂျူး​နှင့် ရောမ​လူမျိုး​တို့ ပြယ်ရယ်ပြု​သော လှုပ်ရှား​ဆောင်ရွက်မှု​တစ်ခု​၌​ပါဝင်​ရန် ရဲစွမ်းသတ္တိ​လို​ခဲ့​မည်​မှာ ဧကန်​အမှန်ပင်။ ဤသို့​ရွေးချယ်​ပြုမူ​ခဲ့​ခြင်း​ကြောင့် မကြာမီ​ပင် အကြီးအကျယ် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရ​ကြသည်။ ဗဲ ယွန် ဖရဲ​န့်စ် ပေး​ရဲ​န်း​နီ​လော (The Paganization of France?) ဟူသော ခ​လေး​မွန်-ဖ​ရန်း​မြို့​၏ ကက်သလစ်​ဘိရှော့ ဟစ်​ပို​လ​တီ စိုင်း​မွန်​က သူ၏​စာအုပ်​တွင်​ဖော်ပြ​သကဲ့သို့ ယနေ့ “လမ်း​ရိုး​လိုက်​ဝါဒ ပျံ့နှံ့​လျက်​ရှိသော​ဝန်းကျင်​တွင် လူတစ်ဦး ပါဝင်​ပတ်သက်​နစ်မွန်း” မနေ​ဖို့ အလားတူ​သတ္တိ​မျိုး​လို​သည်။ ယေဟောဝါသက်သေ​များ​ဟူသော၊ ရံဖန်ရံခါ ပြစ်တင်​ကဲ့ရဲ့​ခံရ​သည့် လူနည်းစု​ဘာသာ​တရား​တစ်ခု​တွင် တစ်ဦး​ပါဝင်​ရန် အလားတူ​ရဲစွမ်းသတ္တိ​လို​သည်။

ခေါ့​စီ​ကာ​ကျွန်း၊ ဗာ​စ​တီ​ယာ​မြို့မှ လူငယ်​တစ်ဦး​ဖြစ်​ပြီး ချာ့ခ်ျ​ဘာသာဝင်​တစ်ဦး​အဖြစ် ကြီးပြင်း​လာ​သူ ပေါလ်​သည် ချာ့ခ်ျ​အလှူဒါန​အဖွဲ့​အတွက် ရန်ပုံငွေ​ကောက်ခံ​ရန် ကိတ်မုန့်​များ​ရော​င်း​ခြင်း​စ​သည့် ချာ့ခ်ျ​လုပ်ဆောင်မှုများ​၌ အခါ​အား​လျော်​စွာ​ပါဝင်​ခဲ့​သည်။ သမ္မာကျမ်းစာ​ကို ပိုမို​သိ​နားလည်​လို​သောကြောင့် ယေဟောဝါသက်သေ​များနှင့် မှန်မှန်​ဆွေးနွေး​ရန် သူ​သဘောတူခဲ့​သည်။ အချိန်တန်သော် သူ​သင်ယူ​လေ့လာ​နေသော​အရာ​က သူ့​အတွက် တည်တံ့​သော​အကျိုးကျေးဇူးများ ရရှိစေ​မည်​ဟု သိရှိ​လာ​သည်။ သို့​နှင့် ပေါလ်​သည် ကျမ်းစာ​စံနှုန်း​များ​ကို အကြွင်းမဲ့​လက်ခံ​ပြီး ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်လာ​လေ​သည်။ သူ့​မိဘများ​က သူ၏​ရွေးချယ်မှု​ကို အသိအမှတ်ပြု​လေးစား​၏၊ ယင်းကြောင့် သူတို့၏​မိသားစု​ရင်းနှီးမှု မထိခိုက်​ခဲ့​ပေ။

အ​မီး​လီ​ယာ​သည် ပြင်သစ်​နိုင်ငံ​တောင်ပိုင်း​၌ နေထိုင်​သည်။ သူ၏​မိသားစု​သည် ယေဟောဝါသက်သေ​များ​ဖြစ်​ခဲ့​သည်​မှာ လူမျိုးဆက်​လေးဆက်​ရှိ​နှင့်​ပြီ။ မိဘများ​၏ ဝတ်ပြုရေး​စံနှုန်း​များ​ကို အ​မီး​လီ​ယာ​အဘယ်ကြောင့် ရွေးချယ်​လက်ခံခဲ့​သနည်း။ “သင့်​မိဘ၊ သင့်​ဘိုးဘွား​တွေ​က ယေဟောဝါသက်သေ​ဖြစ်နေ​လို့၊ ဒါမှ​မဟုတ် ဖြစ်​ခဲ့​ကြ​လို့ သင်လည်း ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်လာ​တာ​မဟုတ်ဘူး” ဟု​သူ​ဆို​သည်။ “ဒါပေမဲ့ တစ်နေ့​သောအခါ​မှာ ဒီ​အရာ​တွေ​က ငါ့​ခံယူ​ချက်​ဖြစ်​လို့ ငါ​ဒီ​ဘာသာဝင်​ဖြစ်တာ​လို့ ကိုယ့်​ကိုယ်ကို​ပြော​မှာ။” အ​မီး​လီ​ယာ​၏ ခိုင်မာ​သော​ဘာသာရေး​ခံယူ​ချက်​များသည် သူ့​ဘဝကို ရည်ရွယ်ချက်​ရှိစေပြီး အမြဲ​ပျော်ရွှင်​စေ​ကြောင်း အခြား​ယေဟောဝါသက်သေ လူငယ်များစွာ​ကဲ့သို့ သူလည်း​သိထား​သည်။

ဘုရားသခင့်​စံနှုန်း​များ​ကို လက်ခံရ​သည့်​အကြောင်းရင်း

ဘုရားသခင့်​အလိုတော်နှင့်​တွေ့​လို​သူတို့ကို နယပုံပြင်​ကျမ်း အခန်းကြီး ၆၊ အခန်းငယ် ၂၀ က ဤသို့​တိုက်တွန်း​သည်– “ငါ့​သား အဘ​၏​ပညတ်စကား​ကို နားထောင်​လော့။ အမိ​ပေး​သော​တရားကို မ​ပယ်​နှင့်။” မ​မေး​မ​စမ်း​ဘဲ မျက်စိမှိတ်​နာခံ​ရန် အကြံပြု​မည့်​အစား ထို​ဆုံးမ​စကား​က ဘုရားသခင်​၌ မိမိတို့​ယုံကြည်ခြင်းကို တိုးပွား​စေပြီး သူတို့​ကိုယ်တိုင် ဘုရားသခင်​ဘက်​ရပ်တည်​ကြ​ခြင်း​ဖြင့် ဘုရားသခင့်​စံနှုန်း​များ​ကို​လက်ခံရန် လူငယ်များ​ကို တိုက်တွန်း​ပါ​သည်။ တမန်​တော်​ပေါလု​က “ခပ်သိမ်း​သော​အရာ​ကို​စုံစမ်း” ရန်၊ မိမိတို့​သင်ယူ​နေသော​အရာများ​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ ကိုယ်တော်​၏​အလိုတော်နှင့် ညီမ​ညီ​စစ်ဆေး​ပြီး ထို​အတိုင်း​ကျင့်ကြံ​ပြုမူ​ရန် သူ၏​အပေါင်းပါများ​ကို တိုက်တွန်း​ခဲ့​သည်။—၁ သက်သာလောနိတ် ၅:၂၁

ခရစ်ယာန်​အိမ်ထောင်စု​တစ်ခု​တွင် ကြီးပြင်း​လာ​သည်​ဖြစ်စေ၊ မကြီး​ပြင်း​လာ​သည်​ဖြစ်စေ ခြောက်​သန်း​ကျော်​သော ယေဟောဝါသက်သေ ကြီးငယ်မဟူ​တို့သည် အလားတူ​ဆုံးဖြတ်​ခဲ့​ကြသည်။ သမ္မာကျမ်းစာ​ကို အသေအချာ​လေ့လာ​ခဲ့​ကြ​ခြင်း​အားဖြင့် ဘဝ၏​ရည်ရွယ်ချက်​ဆိုင်ရာ မေးခွန်းများ​နှင့်​ပတ်သက်​၍ ယုံကြည်​စိတ်ချ​ရသော​အဖြေ​များ​ကို သူတို့​ရရှိခဲ့ကြ​ပြီး လူသားတို့​အတွက် ဘုရားသခင့်​အလိုတော်ကို ရှင်းလင်း​တိကျ​စွာ နားလည်ခဲ့​ကြသည်။ ဤ​အသိပညာကို သူတို့​ရရှိ​ထား​ကြ​ရာ ဘုရားသခင့်​စံနှုန်း​များ​ကို​လက်ခံ​ပြီး ဘုရားသခင့်​အလိုတော်ကို အတတ်နိုင်ဆုံး​ဆောင်ရွက်​ကြသည်။

အသင်​သည် ဤ​မဂ္ဂဇင်း​ကို​မှန်မှန်​ဖတ်ရှု​သူ​တစ်ဦး ဟုတ်​သည်​ဖြစ်စေ၊ မဟုတ်​သည်​ဖြစ်စေ သမ္မာကျမ်းစာ​၏ ဝိညာဉ်​ရေး​စံနှုန်း​များ​ကို ဆန်းစစ်​ကြည့်​ရန် ယေဟောဝါသက်သေ​များ​၏​ကမ်းလှမ်းချက်​ကို လက်ခံပါ။ ဤ​နည်း​အားဖြင့် “ထာဝရ​ဘုရား​သည် ကောင်းမြတ်​တော်​မူ​သည်​အကြောင်းကို မြည်းစမ်း” နိုင်​ပြီး လက်တွေ့​ကျင့်သုံး​ပါ​က ထာဝရ​အသက်​သို့​ပို့ဆောင်​မည့် အသိပညာကို သင်​ရရှိပါ​လိမ့်​မည်။—ဆာလံ ၃၄:၈; ယောဟန် ၁၇:၃

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

လူမျိုးဆက်​လေးဆက်​တိုင် ယေဟောဝါသက်သေ​များ​ဖြစ်လာ ခဲ့​သော ပြင်သစ်​နိုင်ငံ​မှ​မိသားစု​တစ်စု

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ရုသ​သည် ဘိုးဘေး​များ​၏​ဘုရားသခင်​များ​အစား ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​ဖို့​ရွေးချယ်​ခဲ့