မဖြစ်နိုင်ပုံပေါက်သည့် ဗောဇနှင့် ရုသတို့၏လက်ထပ်မင်္ဂလာ
မဖြစ်နိုင်ပုံပေါက်သည့် ဗောဇနှင့် ရုသတို့၏လက်ထပ်မင်္ဂလာ
ဗက်လင်မြို့အနီး ကောက်နယ်တလင်းတစ်ခုတွင် လှုပ်ရှားမှုများနှင့် အလုပ်များနေကြသည်။ အလွန်ပင်ပန်းသည့် နေ့တစ်နေ့ပင်ဖြစ်၏။ လှော်ပြီးခါစဂျုံစပါး၏ သင်းထုံသောရနံ့က ဆာလောင်နေကြသည့် အလုပ်သမားများကို အစာစားချိန်ရောက်ပြီဟု အသိပေး၏။ သူတို့တစ်ဦးစီသည် ပင်ပန်းရကျိုးနပ်ပေလိမ့်မည်။
ကြွယ်ဝချမ်းသာသော မြေပိုင်ရှင်ဖြစ်သူ ဗောဇသည် ဝစွာစားသောက်ပြီးနောက် စပါးပုံကြီးအနီးတွင် အနားယူနေသည်။ နောက်ပိုင်းတွင် ရိတ်သိမ်းရာတစ်နေ့တာ ကုန်ဆုံးလေသော် အမျိုးသားများသည် အနားယူအိပ်စက်မည့်နေရာများ ကိုယ်စီရှာဖွေကြသည်။ ဗောဇသည်လည်း နေရာရှာတွေ့သွားကာ ယခု စောင်ခြုံပြီး အိပ်ပျော်သွားလေသည်။
ခိုးကြောင်ခိုးဝှက်တွေ့ဆုံမှု
သန်းခေါင်ယံအချိန်တွင် ဗောဇသည် ချမ်းစိမ့်ပြီး ခိုက်ခိုက်တုန်၍ နိုးလာသည်။ သူ့ခြေထောက်များပေါ် စောင်မရှိတော့၊ ခြေရင်း၌လည်း လူတစ်ဦး အိပ်နေသည်ကိုး! အမှောင်ထဲတွင် မည်သူမှန်းမသိသဖြင့် “အဘယ်သူနည်း” ဟုသူမေးလိုက်သည်။ အမျိုးသမီးအသံတစ်သံက “ကျွန်မသည် ကိုယ်တော်၏ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည် ရွေးပိုင်သောအမျိုးသားချင်းဖြစ်သောကြောင့် ကိုယ်တော်၏ကျွန်မကို အဝတ်တော်စွန်းနှင့်ဖုံးပါတော့” ဟုပြန်ဖြေသည်။—ရုသ ၃:၁-၉။
အမှောင်ထဲတွင် သူတို့နှစ်ဦးတည်း စကားပြောဆိုနေကြ၏။ အမျိုးသမီးများကို ကောက်နယ်တလင်းတွင် တွေ့ရလေ့မရှိချေ။ (ရုသ ၃:၁၄) သို့ဖြစ်လင့်ကစား ဗောဇခွင့်ပြုသဖြင့် ရုသသည် မိုးမလင်းမီအချိန်အထိ သူ၏ခြေရင်းတွင် ဆက်အိပ်ပြီးမှ ထပြန်သွားလေသည်၊ သို့ဖြင့် မည်သည့်အကြောင်းမဲ့ ပြစ်တင်ဝေဖန်ချက်မဆိုကို ရှောင်ခဲ့သည်။
ချစ်ကြိုက်သူနှစ်ဦး ဤသို့တွေ့ဆုံခဲ့ခြင်းလော။ ကြွယ်ဝချမ်းသာသော ဤအသက်ကြီးသူသည် အယူမှားနိုင်ငံတစ်နိုင်ငံမှ ဆင်းရဲနွမ်းပါးသော မုဆိုးမလေးရုသ၏ သွေးဆောင်ဖြားယောင်းမှုကို ခံခဲ့ရခြင်းလော။ သို့တည်းမဟုတ် ထိုညတွင် ရုသ၏အခြေအနေ၊ အထီးကျန်မှုကို ဗောဇက အခွင့်အရေးယူခဲ့ခြင်းလော။ အဆိုပါမေးခွန်းများ၏အဖြေမှာ ဘုရားသခင်အား တည်ကြည်ခြင်းနှင့် ချစ်မြတ်နိုးခြင်းနှင့်ပတ်သက်သည်။ အဖြစ်အပျက်များကလည်း အလွန်စိတ်ကြည်နူးစရာဖြစ်၏။
သို့သော် ရုသကားမည်သူနည်း။ သူ၏လိုရင်းအကြောင်းကား အဘယ်နည်း။ ဤကြွယ်ဝချမ်းသာသော ဗောဇသည် မည်သူနည်း။
“ကောင်းမြတ်သောမိန်းမ”
ဤအဖြစ်အပျက်မတိုင်မီ နှစ်ပေါင်းများစွာက ယုဒနိုင်ငံတွင် အစာခေါင်းပါးခဲ့၏။ ဣသရေလမိသားစုတစ်စုဖြစ်ကြသည့် ဧလိမလက်၊ ဇနီးနောမိနှင့် သူတို့၏သား မဟာလုန်နှင့် ခိလျုန်တို့သည် မြေသြဇာကောင်းသော မောဘပြည်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ထိုသားတို့သည် မောဘအမျိုးသမီး ရုသနှင့်သြရပတို့ကို လက်ထပ်ခဲ့ကြသည်။ မောဘပြည်တွင် အဆိုပါအမျိုးသားသုံးဦးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြပြီးနောက် ဣသရေလနိုင်ငံတွင် အခြေအနေများ တိုးတက်နေပြီဖြစ်ကြောင်း ကျန်ရစ်သူမိန်းမသားသုံးဦး ကြားသိကြလေ၏။ ထို့ကြောင့် သားသမီးမြေးမြစ်မရှိ၊ ယခု မုဆိုးမဖြစ်နေရ၍ စိတ်နာကြည်းဝမ်းနည်းနေသူ နောမိသည် မိမိ၏ဇာတိမြေသို့ပြန်သွားရန် စိတ်ဆုံးဖြတ်လိုက်သည်။—ရုသ ၁:၁-၁၄။
ဣသရေလနိုင်ငံသို့အပြန်ခရီးတွင် ဩရပအား သူ၏လူမျိုးထံပြန်သွားရန် နောမိဖျောင်းဖျနိုင်ခဲ့သည်။ ထို့နောက် ရုသအား နောမိက “သင့်အစ်မသည် အမျိုးသားရင်း ဘုရားရင်းတို့ထံသို့ပြန်သွားပြီ။ အစ်မနောက်သို့လိုက်သွားပါ” ဟုဆိုသည်။ သို့သော် ရုသက “ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့်။ . . . ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ . . . ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ရုသ ၁:၁၅-၁၇) ထို့ကြောင့် အဆိုပါခိုကိုးရာမဲ့ မုဆိုးမနှစ်ဦးသည် ဗက်လင်မြို့သို့ ပြန်လာကြသည်။ ထိုတွင် ယောက္ခမအပေါ်ထားရှိသည့် ရုသ၏မေတ္တာကို အိမ်နီးချင်းများ ဂရုစိုက်မိ၍ ရုသသည် နောမိအတွက် ‘သားခုနစ်ယောက်ထက် . . . သာ၍ကောင်း၏’ ဟုပြောကြလေသည်။ အခြားသူများကမူ သူ့အား “ကောင်းမြတ်သောမိန်းမ” ဟုခေါ်ဆိုကြ၏။—ရုသ ၃:၁၁; ၄:၁၅၊ သမ္မာ။
ကိုယ်တော်ဘုရား [သခင်] သည် ကျွန်မဘုရား [သခင်] ဖြစ်ပါစေ။ ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်” ဟုဆို၏။ (ဗက်လင်မြို့၌ မုယောစပါးစတင်ရိတ်သိမ်းချိန်တွင် နောမိအား ရုသဤသို့ဆိုသည်– “ကျွန်မသည် လယ်ပြင်သို့သွား၍ စိတ်နှင့်တွေ့သောသူနောက်မှာ စပါးကျန်ကိုကောက်ပါရစေ။”—ရုသ ၂:၂။
အကြောင်းအားလျော်စွာ သူသည် သူ၏ယောက္ခမ ဧလိမလက်၏ဆွေမျိုးတစ်ဦးဖြစ်သူ ဗောဇပိုင်လယ်ကွက်သို့ ရောက်သွားလေသည်။ ထိုအခါ ကောက်သင်းကောက်ရန် ကြီးကြပ်သူကို အခွင့်တောင်းသည်။ ဝီရိယရှိရှိ သူကောက်သင်းကောက်ပုံက အလွန်ထူးခြားသဖြင့် ကြီးကြပ်သူက သူ၏အကြောင်းကို ဗောဇအား ချီးမွမ်းပြောဆိုသည်။—ရုသ ၁:၂၂–၂:၇။
ကာကွယ်ပေး၍ ကျေးဇူးပြုသူတစ်ဦး
ဗောဇသည် ယေဟောဝါအား အထူးသက်ဝင်ယုံကြည်သူတစ်ဦးဖြစ်သည်။ နံနက်တိုင်း ဗောဇက ကောက်ရိတ်သိမ်းသူများကို “ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိပါစေသော” ဟုနှုတ်ဆက်လေ့ရှိရာ သူတို့ကလည်း “ထာဝရဘုရား ကောင်းချီးပေးတော်မူပါစေသော” ဟု ပြန်ပြောလေ့ရှိသည်။ (ရုသ ၂:၄) ရုသသည် ဝီရိယရှိရှိ အလုပ်လုပ်ကြောင်း အကဲခတ်မိသည့်အပြင် နောမိကို ကျေးဇူးစောင့်သိရိုသေကြောင်း သိလိုက်ရပြီးနောက်တွင် ဗောဇသည် ရုသအား ကောက်သင်းကောက်ရန် အထူးအခွင့်အရေးပေးလေသည်။ အချုပ်ဆိုရလျှင် သူက “အခြားသောလယ်သို့သွား၍ စပါးကျန်ကိုမကောက်နှင့်။ ဤအရပ်ကမထွက်ဘဲ ငါ့ကျွန်မတို့၌မှီဝဲလျက်နေတော့။ သူတို့ရိတ်သောလယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်၌လိုက်လော့။ လုလင်တို့သည် သင့်ကိုမနှောင့်ယှက်ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ အိုးထားရာသို့သွား၍ လုလင်ခပ်သောရေကိုသောက်တော့” ဟုပြောဆို၏။—ရုသ ၂:၈၊ ၉။
ရုသသည် မြေပေါ်သို့ဦးချပျပ်ဝပ်လျက် “ကျွန်မသည် တစ်ပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကိုသိမှတ်မည်အကြောင်း အဘယ်သို့စိတ်တော်နှင့်တွေ့ရပါသနည်း” ဟုပြန်ဆို၏။ ဗောဇက ဤသို့ဖြေဆိုသည်– “သင်၏လင်သေသောနောက် သင်သည် ယောက္ခမအားပြုစုသမျှကိုလည်းကောင်း၊ သင်သည် မိဘနှင့်မွေးဖွားရာဌာနပြည်ကိုစွန့်၍ အထက်ကမသိဖူးသောပြည်သို့ လာကြောင်းကိုလည်းကောင်း၊ ငါ့အားသေချာစွာပြောကြပြီ။ သင့်အမှု၏အကျိုးကို ထာဝရဘုရားပေးတော်မူပါစေသော၊ . . . စုံလင်သောဆုကိုချတော်မူပါစေသော။”—ရုသ ၂:၁၀-၁၂။
ဗောဇသည် ရုသအား ချစ်ရေးဆိုနေခြင်းမဟုတ်ပါ။ စိတ်ရင်းမှန်ဖြင့် သူချီးမွမ်းပြောဆိုနေခြင်းဖြစ်၏။ ထို့ကြောင့် ရုသသည် ဖော်ရွေစွာ နှိမ့်ချမှုပြကာ သူ၏စိတ်အားတက်စေသော နှစ်သိမ့်စကားများကို ကျေးဇူးတင်ကြောင်းပြောဆိုလေသည်။ ထိုသို့ချီးမွမ်းခြင်းကိုမခံထိုက်ဟု သူယူဆပြီး အလုပ်ကို သာ၍ပင်ကြိုးစားလုပ်ကိုင်လေသည်။ နောက်ပိုင်းတွင် အစာစားချိန်၌ ဗောဇက ရုသကိုခေါ်ပြီး “လာ၍မုန့်ကိုစားလော့။ ပုံးရည်၌စားစရာကိုနှစ်လော့” ဟု ဆိုလေသည်။ သူသည် ဝစွာစားပြီးနောက် နောမိအတွက်လည်း အစားအစာကို အိမ်သို့ပြန်ယူသွားပေး၏။—ရုသ ၂:၁၄။
နေစောင်းသော် ရုသသည် မုယောစပါးအခွက် ၂၀ ခန့် ကောက်သိမ်းရရှိလေသည်။ ယင်းနှင့်တကွ ကျန်ကြွင်းသည့်အစားအစာကို နောမိအတွက် အိမ်သို့ပြန်ယူသွားလေသည်။ (ရုသ ၂:၁၅-၁၈) နောမိသည် ဝမ်းမြောက်ဝမ်းသာဖြင့် “ယနေ့ အဘယ်မှာ ကောက်သင်းကောက်သနည်း။ . . . သင်ကိုသိမှတ်သောသူသည် မင်္ဂလာရှိပါစေသော” ဟုဆိုသည်။ ဗောဇဖြစ်ကြောင်းကို နောမိသိရှိသွားလေသော် “အသက်ရှင်သောသူ၊ သေသောသူတို့၌ ကျေးဇူးမပြတ်ပြုတော်မူသေးသော ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူပါစေသော။ . . . ထိုသူသည် ငါတို့နှင့်နီးစပ်သောသူ၊ ရွေးပိုင်သောဆွေမျိုးသားချင်းအဝင်ဖြစ်သည်” ဟုဆို၏။—ရုသ ၂:၁၉၊ ၂၀၊ သမ္မာ။
“ငြိမ်ဝပ်ရာအရပ်” ကို ရှာတွေ့ ခြင်း
ချွေးမအတွက် “ငြိမ်ဝပ်ရာအရပ်” သို့မဟုတ် အိမ်ရှာပေးလိုသဖြင့် နောမိသည် ဘုရားသခင့်ပညတ်တော်နှင့်အညီ ရွေးယူခြင်းကိုတောင်းဆိုရန် အခွင့်အရေးယူပြီးစီစဉ်လေတော့သည်။ (ဝတ်ပြုရာ ၂၅:၂၅; တရားဟောရာ ၂၅:၅၊ ၆) ယခု နောမိသည် ဗောဇကိုအာရုံစိုက်စေရန် အထိရောက်ဆုံးနည်းလည်းဖြစ်၊ ဇာတ်လမ်းလည်းဆန်သည့်နည်းကို ရုသအား သွန်သင်ပေးလေသည်။ ထိုအခါ အသင့်ပြင်ဆင်ပြီး ကောင်းစွာညွှန်ကြားခံရသည့်အတိုင်း ရုသသည် ညအမှောင်တွင် ဗောဇပိုင်သောကောက်နယ်တလင်းသို့ သွားလေသည်။ သူအိပ်ပျော်နေသည်ကို ရုသတွေ့လေ၏။ သို့နှင့် ဗောဇ၏ခြေထောက်ပေါ်မှ စောင်ကိုဖယ်ပြီး သူနိုးလာမည့်အချိန်ကို စောင့်နေလိုက်သည်။—ရုသ ၃:၁-၇။
ဗောဇနိုးလာသောအခါ ရုသ၏ပုံဆောင်အပြုအမူက ‘သူ၏ကျွန်မအပေါ် အဝတ်တော်စွန်းနှင့်ဖုံးပါတော့’ ဟူသော တောင်းဆိုချက်၏အရေးပါမှုကို နားလည်သဘောပေါက်စေမည်မှာ သေချာပါသည်။ ရုသ၏လုပ်ဆောင်မှုက အဆိုပါယုဒအသက်ကြီးသူအား သူ၏တာဝန်ကို သတိပြုစေသည်၊ မိမိသည် ရုသ၏ကွယ်လွန်သူခင်ပွန်း မဟာလုန်၏ အဆွေအမျိုးဖြစ်သောကြောင့် ရွေးပိုင်သောအမျိုးသားချင်းတစ်ဦးဖြစ်နေသည်ကို သတိပြုစေသည်။—ရုသ ၃:၉။
ရုသသည် ညအချိန်တွင် ဤသို့ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြချေ။ သို့တိုင် ရွေးယူရန် ရုသ၏တောင်းဆိုချက်ကို ဗောဇတုံ့ပြန်ပုံက ထိုသို့ပြုလိမ့်မည်ဟု သူတွေးခဲ့မိကြောင်း တင်ပြသည်။ ဗောဇသည် ရုသ၏တောင်းဆိုချက်နှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးလိုသည်။
ရုသ၏အသံနေအသံထားက သူသည် စိုးရိမ်နေပုံရှိကြောင်း ဗောဇရိပ်မိ၍ သူ့အား ဤသို့စိတ်ချစေခဲ့သည်– “မစိုးရိမ်နှင့်ငါ့သမီး၊ တောင်းသမျှကိုငါပြုမည်။ သင်သည် ကောင်းမြတ်သောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသောတစ်မြို့လုံးသိ၏။”—ရုသ ၃:၁၁၊ သမ္မာ။
ရုသ၏လုပ်ဆောင်ချက်သည် လုံးလုံးလျားလျား မွန်မြတ်သည်ဟု ဗောဇရှုမြင်ကြောင်း သူ၏ဤစကားများက ထင်ရှားစေပါသည်– “ငါ့သမီး၊ ထာဝရဘုရား ကောင်းချီးပေးတော်မူပါစေသော။ . . . အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူးသာ၍ကြီး၏။” (ရုသ ၃:၁၀) အရင်ပြုသောကျေးဇူးမှာ ရုသသည် နောမိကို ချစ်ခင်ကြင်နာမှု၊ တည်ကြည်သောမေတ္တာ ပြသခဲ့ခြင်းဖြစ်၏။ နောက်ပြုသောကျေးဇူးမှာ မိမိထက် အသက်များစွာကြီးသူ ဗောဇသည် ရွေးပိုင်သောအမျိုးသားချင်းဖြစ်သောကြောင့် မိမိကိုရွေးယူနိုင်ကြောင်း တစ်ကိုယ်ကောင်းစိတ်ကင်းစွာ ဖော်ပြခဲ့ခြင်းဖြစ်သည်။ နောမိနှင့် ကွယ်လွန်သူ လင်ယောက်ျားမဟာလုန်တို့၏မျိုးဆက် ပေါ်ထွန်းလာစေရန် သူတလိုတလားရှိခဲ့၏။
ရွေးပိုင်သောအမျိုးသားချင်းတစ်ဦး ပြန်ရုပ်သိမ်း
နောက်နေ့နံနက်ပိုင်းတွင် ဗောဇသည် မိမိထက် နောမိနှင့်ပို၍ဆွေမျိုးနီးစပ်သူ “မည်သူ” အဖြစ်ရည်ညွှန်းထားသူ ဆွေမျိုးတစ်ဦးကို ဆင့်ခေါ်လိုက်သည်။ မြို့သူမြို့သားများနှင့် အသက်ကြီးသူများ၏ရှေ့မှောက်တွင် ဗောဇဤသို့ဆိုသည်– ‘မောဘပြည်မှပြန်လာသောနောမိသည် ငါတို့အစ်ကိုဧလိမလက်ပိုင်သော မြေအကွက်ကိုရောင်းမည်ဖြစ်၍၊ သင့်ကိုငါဖွင့်ပြောသင့်သည်။’ ဗောဇဤသို့ဆက်၍ဆိုသည်– ‘ယင်းကို သင်ရွေးယူမည်လော။ မရွေးလိုလျှင် ကျွန်ုပ်ရွေးယူမည်။’ ထိုအခါ အဆိုပါမည်သူက ရွေးမည်ဟုပြန်ပြော၏။—ရုသ ၄:၁-၄။
သို့သော် အဆိုပါမည်သူသည် အံ့အားသင့်ရပေတော့သည်! ယခု ဗောဇသည် အသိသက်သေအားလုံးရှေ့ ဤသို့ဆိုလေသည်– “ထိုလယ်ကွက်ကို နောမိလက်မှဝယ်သောနေ့ရက်တွင် သေသောသူ၏အမွေဥစ္စာအားဖြင့် သူ၏နာမည်ကိုထောက်မခြင်းငှာ သူ၏မယား မောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေးသည်။” မိမိ၏ကိုယ်ပိုင်အမွေဥစ္စာ ဆုံးရှုံးမည်ကိုစိုးရိမ်၍ အဆိုပါအနီးစပ်ဆုံးဆွေမျိုးက ရုသ ၄:၅၊ ၆။
“ကျွန်ုပ်မရွေးနိုင်” ဟုပြောဆိုကာ လက်လွှတ်လိုက်သည်။—ရိုးရာဓလေ့ထုံးစံအရ ရွေးယူရန်ငြင်းပယ်သောအမျိုးသားသည် မိမိ၏ခြေနင်းကိုချွတ်ပြီး အမျိုးသားချင်းကို ပေးအပ်ရသည်။ ထို့ကြောင့် အဆိုပါရွေးပိုင်သောအမျိုးသားချင်းက ဗောဇအား “ကိုယ်အဖို့ဝယ်ပါတော့” ဟုပြောဆိုသောအခါ တစ်ဆက်တည်းတွင် သူ၏ခြေနင်းကိုချွတ်ပေးလိုက်သည်။ ထို့နောက် ဗောဇသည် အသက်ကြီးသူများနှင့် လူအားလုံးတို့ကို ဤသို့ပြောဆိုလေသည်– “ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာဟူသမျှကို နောမိလက်မှငါဝယ်၍၊ သေသောသူ၏နာမည်ကို . . . မပြတ်စေခြင်းငှာ သူ၏အမွေအားဖြင့် . . . မဟာလုန်၏မယား မောဘအမျိုးသမီးရုသကို ငါ၏မယားဖြစ်စေခြင်းငှာ ငါဝယ်သည်ကို သင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏။”—ရုသ ၄:၇-၁၀။
မြို့တံခါးတွင်ရှိသောသူအားလုံးတို့ကလည်း ဗောဇအား “သင့်အိမ်သို့ရောက်သောဤမိန်းမသည် ဣသရေလအမျိုးကို တည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့်လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရားပြုတော်မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌ အသရေကျော်စောခြင်းရှိပါစေသော” ဟုပြောဆိုကြ၏။—ရုသ ၄:၁၁၊ ၁၂။
လူတို့၏ကောင်းချီးဖြင့် ဗောဇသည် ရုသကို ဇနီးအဖြစ်သိမ်းလေသည်။ ထို့နောက် ဩဗက်အမည်ရှိ သားတစ်ဦးကို ရုသမွေးဖွားပေးလေသည်၊ ဤသို့ဖြင့် ရုသနှင့်ဗောဇတို့သည် ဘုရင်ဒါဝိဒ်အပြင် ယေရှုခရစ်တို့၏ ဘိုးဘေးများဖြစ်လာခဲ့ကြ၏။—ရုသ ၄:၁၃-၁၇; မဿဲ ၁:၅၊ ၆၊ ၁၆။
“စုံလင်သောဆု”
အလုပ်သမားများကို ကြင်ကြင်နာနာ နှုတ်ခွန်းဆက်တတ်သည်ဟု ဦးဆုံးဖော်ပြခဲ့ခြင်းမှစ၍ ဧလိမလက်၏မိသားစုအမည် ဆက်ထိန်းသိမ်းရန်တာဝန်ကို လက်ခံလိုက်ခြင်းအကြောင်းအထိ မှတ်တမ်းတစ်လျှောက်လုံးတွင် ဗောဇသည် လက်တွေ့ပြုလုပ်၍ ဩဇာအာဏာရှိ ထူးခြားသောအမျိုးသားတစ်ဦးဖြစ်ကြောင်း ထင်ရှားဖော်ပြသည်။ တစ်ချိန်တည်းတွင် သူသည် ကိုယ့်ကိုယ်ကိုချုပ်တည်းသောသူ၊ ယုံကြည်ခြင်းရှိပြီး တည်ကြည်ဖြောင့်မတ်သောသူတစ်ဦးဖြစ်သည်။ ထို့ပြင် ဗောဇသည် ရက်ရော၊ ကြင်နာ၍ အကျင့်ကောင်းမွန်ပြီး ယေဟောဝါ၏မိန့်မှာချက်များကို အပြည့်အဝနာခံသူတစ်ဦးလည်းဖြစ်၏။
ရုသသည်လည်း ယေဟောဝါအားချစ်သည့်မေတ္တာ၊ နောမိအပေါ်တည်ကြည်သောမေတ္တာ၊ သူ၏အလုပ်ကြိုးစားမှုနှင့် နှိမ့်ချမှုတို့ကြောင့် ထင်ရှားသည်။ သူ့ကို “ကောင်းမြတ်သောမိန်းမ” ဟု လူတို့ရှုမြင်ခဲ့ကြခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ သူသည် “ပျင်းရိခြင်းအစာ” ကိုမစား၊ အလုပ်ကိုကြိုးစားလုပ်ဆောင်သောကြောင့် ဆင်းရဲနွမ်းပါးသော ယောက္ခမကို ဝေမျှပေးစားစရာရှိသည်။ (သု. ၃၁:၂၇၊ ၃၁) နောမိကိုတာဝန်ယူကျွေးမွေးခြင်းမှ ရုသသည် ပေးကမ်းခြင်း၏ ပျော်ရွှင်မှုကို ခံစားခဲ့ရပေမည်။—တမန်တော် ၂၀:၃၅; ၁ တိမောသေ ၅:၄၊ ၈။
ရုသဝတ္ထုတွင် အလွန်ကောင်းမွန်သောပုံနမူနာများကို ကျွန်ုပ်တို့တွေ့ရှိရသည်တကား! နောမိကို ယေဟောဝါသတိရတော်မူ၏။ ရုသသည်လည်း ယေရှုခရစ်၏ ဘေးမတစ်ဦးအဖြစ် “စုံလင်သောဆု” ကိုရရှိသည်။ ဗောဇသည် “ကောင်းမြတ်သောမိန်းမ” ကိုထိမ်းမြားရ၍ ကောင်းချီးခံစားခဲ့ရ၏။ ကျွန်ုပ်တို့မူကား အဆိုပါပုဂ္ဂိုလ်များ၏ ယုံကြည်ခြင်းဆိုင်ရာ ပုံနမူနာကောင်းများကို အတုယူနိုင်သည်။
[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]
မျှော်လင့်ချက်ရောင်ခြည်
သင်သည် စိတ်မချမ်းမြေ့စရာအချိန်အခါတွင် အသက်ရှင်နေရ၏ဟု ခံစားမိလျှင် ရုသဝတ္ထုမှ မျှော်လင့်ချက်အရိပ်အရောင် ရရှိနိုင်သည်။ ဤစာစောင်သည် တရားသူကြီးမှတ်စာ၏ အရေးပါသောနိဂုံးအဖြစ် ပေါ်လွင်ထင်ရှား၏။ ယေဟောဝါသည် မိမိလူမျိုးတော်အတွက် ဘုရင်တစ်ပါးပေါ်ထွန်းစေရန် တိုင်းတစ်ပါးမောဘပြည်မှ နှိမ့်ချမှုရှိသောမုဆိုးမတစ်ဦးကို အသုံးပြုတော်မူခဲ့ကြောင်း ရုသဝတ္ထုကဖော်ပြသည်။ တရားသူကြီးမှတ်စာ၏ နောက်ခံဝန်းကျင်ဖြင့် ရုသ၏ယုံကြည်ခြင်းက ထိုခေတ်ထိုအချိန်တွင် ထွန်းလင်းထင်ရှားသောအလင်းပမာဖြစ်သည်။
ရုသဝတ္ထုကိုဖတ်ရှုခြင်းမှ ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်မှာ ခေတ်ကာလသည် မည်မျှပင်ဆိုးရွားနေပါစေ ဘုရားသခင်သည် မိမိလူမျိုးတော်ကို အမြဲဂရုစိုက်တော်မူပြီး ကိုယ်တော်၏ရည်ရွယ်ချက်များကို ပြီးမြောက်အောင်မြင်စေမည်ဖြစ်သည်။