ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေသည့် လူငယ်များ
ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေသည့် လူငယ်များ
“ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့။”—သု. ၂၇:၁၁။
ဤလေ့လာရန်ဆောင်းပါးများကို အထူးသဖြင့် ယေဟောဝါသက်သေလူငယ်များအတွက် စီမံပေးထားပါသည်။ ထို့ကြောင့် ဤအကြောင်းအရာများကို ဂရုတစိုက်လေ့လာပြီး အသင်းတော်ကင်းမျှော်စင်သင်တန်းတွင် သုံးသပ်သည့်အခါ လွတ်လွတ်လပ်လပ် ပါဝင်ဖြေဆိုကြရန် အသင်လူငယ်များအား ကျွန်ုပ်တို့အားပေးပါသည်။
၁၊ ၂။ (က) ဤလောကရှိအရာတို့ထံ ဆွဲဆောင်ခံရရုံမျှဖြင့် သင်သည် ခရစ်ယာန်တစ်ဦးမဖြစ်ထိုက်ဟု ဆိုလိုခြင်းဟုတ်မဟုတ်ကို ရှင်းပြပါ။ (ရောမ ၇:၂၁) (ခ) အာသပ်၏ပုံသက်သေမှ သင်အဘယ်အရာ သင်ယူနိုင်သနည်း။ (လေးထောင့်ကွက်၊ စာမျက်နှာ ၁၃ ကိုရှု။)
သင်သည် အဝတ်အစားအတွက် ဈေးဝယ်နေသည်ဟု စိတ်တွင်မြင်ယောင်ကြည့်လိုက်ပါ။ ဟိုဟိုသည်သည်လျှောက်ကြည့်နေစဉ် ဝတ်စုံတစ်စုံကို သင်ရိပ်ခနဲမြင်လိုက်ရာ ယင်းကို သင်ချက်ချင်းပင် နှစ်သက်သွားသည်။ အရောင်နှင့်ပုံစံက သင့်အတွက် သင့်တော်ပုံပေါက်ပြီး ဈေးနှုန်းကတ်ပြားကလည်း ဈေးတော်ကြောင်း ဖော်ပြနေသည်။ သို့သော် သင်သည် ထိုဝတ်စုံကို အသေအချာ စစ်ဆေးကြည့်လိုက်၏။ ပိတ်သားသည် အနားဖွာနေပြီး ချုပ်ရိုးချုပ်သားညံ့သည်ကို သင်သတိပြုမိရာ များစွာအံ့အားသင့်သွားသည်။ အဆိုပါအထည်သည် နှစ်သက်စရာကောင်းသော်လည်း ပေါပေါပြုလုပ်ထားသည်။ ဤမျှအရည်အသွေးညံ့သောပစ္စည်းကို ငွေအကုန်ခံကာ သင်ဝယ်ယူမည်လော။
၂ ခရစ်ယာန်လူငယ်တစ်ဦးအနေနှင့် သင်ကြုံတွေ့နိုင်သည့် အခြေအနေတစ်ခုဖြင့် ယင်းကို နှိုင်းယှဉ်ကြည့်ပါ။ အဆိုပါအဝတ်အထည်နှင့် များစွာတူလှသည့် ဤလောကရှိအရာများသည် ရုတ်တရက်ကြည့်လိုက်လျှင် အလွန့်အလွန် နှစ်သက်ဖွယ်ကောင်းနေဟန်တူမည်။ ဥပမာ၊ သင်၏ကျောင်းနေဖက်များသည် စိတ်လှုပ်ရှားစရာကောင်းသော ပါတီပွဲများသွားခြင်း၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်း၊ အရက်သေစာသောက်စားခြင်း၊ ပေါ့ပျက်ပျက်ချိန်းတွေ့ခြင်းနှင့် လက်မထပ်မီလိင်ဆက်ဆံခြင်းတို့ကို ပြုလုပ်ကြပေမည်။ ရံဖန်ရံခါ ထိုသို့သောဘဝပုံစံက သင့်ကို ဆွဲဆောင်နေသလော။ လွတ်လပ်မှုဟု သူတို့ခေါ်ဆိုကြရာကို မြည်းစမ်းရုံမြည်းစမ်းကြည့်ဖို့ သင်တောင့်တပါသလော။ သို့ဖြစ်ပါက သင်သည် ဆိုးသွမ်းနေပြီး ခရစ်ယာန်ဖြစ်ဖို့မထိုက်တော့ဟု အလျင်အမြန် ကောက်ချက်မချလိုက်ပါနှင့်။ အကြောင်းမှာ ဤလောကသည် ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသူတစ်ဦးကိုပင် အလွန်သြဇာလွှမ်းမိုးနိုင်ကြောင်း သမ္မာကျမ်းစာက အသိအမှတ်ပြုထားသည်။—၂ တိမောသေ ၄:၁၀။
၃။ (က) လောကရှိအရာတို့ကိုလိုက်စားခြင်းက အဘယ်ကြောင့်အချည်းနှီးဖြစ်သနည်း။ (ခ) လောကရေးရာ၏ အချည်းနှီးဖြစ်မှုကို ခရစ်ယာန်တစ်ဦး မည်သို့ရှင်းပြမည်နည်း။
၃ ယခု သင်ဝယ်ဖို့စိတ်ကူးနေသည့် အဝတ်အစားကို အနီးကပ်စစ်ဆေးကြည့်ရှုနေသည့်အလား ဤလောက ကမ်းလှမ်းနေသည့်အရာများကိုလည်း ကျေးဇူးပြု၍ အနီးကပ်စစ်ဆေးကြည့်ပါ။ ‘ဤအစီအစဉ်စနစ်၏ ပိတ်သားနှင့် ချုပ်ရိုးချုပ်သားသည် အဘယ်အရည်အသွေးရှိသနည်း’ ဟု သင့်ကိုယ်သင်မေးကြည့်ပါ။ သမ္မာကျမ်းစာက “လောက . . . သည် ရွေ့သွားကွယ်ပျောက်တတ်၏” ဟုဖော်ပြသည်။ (၁ ယောဟန် ၂:၁၇) လောကမှရရှိသည့် မည်သည့်ပျော်ရွှင်မှုမဆိုသည် အလွန်ဆုံး အခိုက်အတန့်သာဖြစ်ပေမည်။ ထို့အပြင် ဘုရားတရားမဲ့သည့် အမူအကျင့်သည် ဆိုးကျိုးများကိုသာ ရိတ်သိမ်းကြရ၏။ စေ့စပ်ညှိနှိုင်း၍မရသည်မှာ သေချာပါသည်။ “လူငယ်ဘဝတွင် အချိန်ဖြုန်းခဲ့ရာမှ ရရှိခဲ့သောနာကျင်မှုများ” ဟုသူခေါ်ဆိုသည့်အရာကို ခံစားခဲ့ရသည့် ခရစ်ယာန်တစ်ဦးက ဤသို့ဆိုသည်– “လောကကြီးဟာ စွဲမက်စရာဖြစ်ပုံရပြီး သွေးဆောင်နေပါတယ်။ ပြီးတော့ အဲ့ဒါက ပျော်ရွှင်မှုကို အခက်အခဲမရှိ ရနိုင်တယ်ဆိုတာ သင့်ကိုယုံကြည်စေချင်တယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားနေပါတယ်။ လောကကြီးဟာ အခွင့်သာချိန်မှာ သင့်ကိုအသုံးချမယ်၊ အခွင့်မသာရင်တော့ သင့်ကိုခါချလိမ့်မယ်။” * သင်၏လူငယ့်ဘဝကို ဤကဲ့သို့သောလက်အောက်ခံဘဝပုံစံတွင် အဘယ်ကြောင့်ဖြုန်းတီးပစ်ရမည်နည်း။
“ဆိုးညစ်သူ” မှကာကွယ်ခြင်း
၄၊ ၅။ (က) မိမိမသေဆုံးမီလေးတွင် ယေဟောဝါထံ ယေရှုမည်သို့ဆုတောင်းခဲ့သနည်း။ (ခ) ယင်းက အဘယ်ကြောင့် တော်သင့်သောတောင်းဆိုချက်တစ်ခုဖြစ်ရသနည်း။
၄ ဤအစီအစဉ်စနစ်သည် အထူးကောင်းမွန်သည့် အဘယ်အရာကိုမျှ မကမ်းလှမ်းပေးကြောင်းကို သိမြင်နားလည်ထားရာ ယေဟောဝါသက်သေလူငယ်များသည် ဤလောကနှင့်မိတ်သဟာယမဖွဲ့ရန် ကြိုးစားကြသည်။ (ယာကုပ် ၄:၄) အသင်လည်း ထိုတည်ကြည်ကြသည့် လူငယ်များအဝင်လော။ သို့ဆိုလျှင် သင့်ကိုချီးမွမ်းပါသည်။ ရွယ်တူချင်းဖိအားကိုတွန်းလှန်ရန်နှင့် တစ်မူထူးခြားသူအဖြစ်ရပ်တည်ရန် မလွယ်ကူပါ၊ သို့သော် သင်သည် အကူအညီရရှိနိုင်ပါသည်။
၅ မိမိမသေဆုံးမီကလေးတွင် “ဆိုးညစ်သူကြောင့်” နောက်လိုက်များကို ယေဟောဝါ “စောင့်မပေးတော်မူမည်အကြောင်း” ယေရှုဆုတောင်းခဲ့၏။ (ယောဟန် ၁၇:၁၅၊ ကဘ) ယေရှုဤသို့တောင်းခံခဲ့ခြင်းမှာ အကြောင်းကောင်းရှိသည်။ ကမာဓိစောင့်သိရမည့်လမ်းစဉ်သည် နောက်လိုက်များအတွက် အသက်အရွယ်မရွေး လွယ်ကူမည်မဟုတ်ကြောင်းကို ယေရှုသိရှိခဲ့၏။ အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုမှာ ယေရှုအသိအမှတ်ပြုခဲ့သည့်အတိုင်း ကိုယ်တော်၏နောက်လိုက်များသည် စွမ်းအားတန်ခိုးကြီးမား၍ မမြင်နိုင်သည့် ရန်သူတစ်ပါးဖြစ်သော စာတန်နှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤဆိုးညစ်သော ဝိညာဉ်သတ္တဝါသည် “ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ” ကြောင်း သမ္မာကျမ်းစာကဆို၏။—၁ ပေတရု ၅:၈။
၆။ စာတန်သည် လူငယ်များကို သနားကြင်နာခြင်းမရှိကြောင်း ကျွန်ုပ်တို့မည်သို့သိရှိရသနည်း။
၆ သမိုင်းတစ်လျှောက် စာတန်သည် လူသားများအပေါ် အရက်စက်အကြမ်းကြုတ်ဆုံးလုပ်ရပ်များ ကျရောက်စေရာတွင် ရက်ရက်စက်စက် နှစ်ခြိုက်ပျော်မွေ့ခဲ့ပေပြီ။ ယောဘနှင့်သူ၏မိသားစုအပေါ် စာတန်ကျရောက်စေခဲ့သည့် ထိတ်လန့်ဖွယ် ဘေးဆိုးများကို သုံးသပ်ကြည့်ပါ။ (ယောဘ ၁:၁၃-၁၉; ၂:၇) သင့်ဘဝတစ်သက်တာအတွင်း စာတန်၏ရမ်းကားသောစိတ်ဓာတ်ကို အတိုင်းသားပေါ်လွင်စေသည့် ဖြစ်ရပ်သတင်းများကို ပြန်အမှတ်ရနိုင်ပေသည်။ စာတန်သည် ခိုးကြောင်ခိုးဝှက် လှည့်လည်ချောင်းမြောင်းနေသည်၊ တစ်ဦးဦးကိုဝါးမျိုရန် ရှာဖွေရာတွင် လူငယ်များကို ချမ်းသာမပေးတတ်ချေ။ ဥပမာ၊ စီ.အီး. ပထမရာစုအစပိုင်းတွင် ဟေရုဒ်မင်းသည် ဗက်လင်မြို့ရှိ အသက်နှစ်နှစ် သို့မဟုတ် နှစ်နှစ်အောက်ရှိ သားယောက်ျားလေးအားလုံးကို သတ်ပစ်ရန် လျှို့ဝှက်ကြံစည်ခဲ့၏။ (မဿဲ ၂:၁၆) ဟေရုဒ်မင်းအား စာတန်လှုံ့ဆော်ပေးခဲ့ပုံပေါ်သည်၊ တစ်နေ့ကျလျှင် ဘုရားသခင့် ကတိထားရာမေရှိယဖြစ်လာပြီး ဘုရားသခင့်စီရင်ချက်ကို စာတန်အပေါ်ယူဆောင်လာမည့်ကလေးအား ဖျက်ဆီးပစ်ရန် အစွမ်းကုန်အားထုတ်မှုကြီးသာဖြစ်လေသည်! (ကမ္ဘာဦး ၃:၁၅) စာတန်သည် လူငယ်များကို သနားကြင်နာခြင်းမရှိသည်မှာ ရှင်းနေပါသည်။ သူ၏တစ်ခုတည်းသောရည်မှန်းချက်မှာ လူများနိုင်သမျှများများကို ဝါးမျိုရန်ဖြစ်၏။ အထူးသဖြင့် ယခုအချိန်တွင် မှန်ကန်နေပါသည်၊ အကြောင်းမှာ စာတန်သည် ကောင်းကင်မှ ကမ္ဘာမြေကြီးပေါ်သို့ နှင်ချခံရပြီး “မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသောဒေါသအမျက်” ထွက်လျက်ရှိသည်။—ဗျာ. ၁၂:၉၊ ၁၂။
၇။ (က) ယေဟောဝါသည် စာတန်နှင့်လားလားကြီးဆန့်ကျင်ကြောင်း မည်သို့ပေါ်လွင်ထင်ရှားသနည်း။ (ခ) သင့်ဘဝပျော်ရွှင်ရေးနှင့်ပတ်သက်၍ ယေဟောဝါမည်သို့သဘောထားသနည်း။
၇ “ပြင်းစွာသောဒေါသအမျက်” ထွက်နေသည့် စာတန်နှင့် လားလားကြီးဆန့်ကျင်လျက် ယေဟောဝါသည် “သနားတော်မူခြင်း” ရှိ၏။ (လုကာ ၁:၇၈) ကိုယ်တော်သည် မေတ္တာ၏ပြယုဂ်ဖြစ်တော်မူ၏။ အမှန်ဆိုရလျှင် ဤမြင့်မြတ်သောအရည်အသွေးကို ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည်ပြသရာတွင် မည်မျှထင်ရှားသနည်းဟူမူ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟူ၍ သမ္မာကျမ်းစာကဆိုသည်။ (၁ ယောဟန် ၄:၈) သင်ဝတ်ပြုကိုးကွယ်ခွင့်ရသည့် ဘုရားသခင်နှင့် ဤအစီအစဉ်စနစ်၏ဘုရားသခင်စပ်ကြား အလွန်ကွာဟမှုကြီးပါတကား! စာတန်က ဝါးမျိုဖို့သာကြိုးစားနေသော်လည်း ယေဟောဝါမူကား ‘အဘယ်သူကိုမျှမပျက်စီးစေလိုချေ။’ (၂ ပေတရု ၃:၉) သင်၏အသက်အပါအဝင် လူသားတိုင်း၏အသက်ကို အလွန်အဖိုးထိုက်သည့်အရာအဖြစ် ကိုယ်တော်ရှုမြင်တော်မူ၏။ လောကနှင့်မစပ်ဆိုင်ရန် ကိုယ်တော့်နှုတ်မြွက်တော်တွင် သင့်ကို ယေဟောဝါသတိပေးနှိုးဆော်သည့်အခါ သင့်ဘဝပျော်ရွှင်မှုကို ပိတ်ပင်ရန် သို့မဟုတ် သင်၏လွတ်လပ်မှုကို ကန့်သတ်ထားရန် ကိုယ်တော်ကြိုးစားနေခြင်းမဟုတ်ပေ။ (ယောဟန် ၁၅:၁၉) ယင်းအစား ကိုယ်တော်သည် ဆိုးညစ်သူကြောင့် သင့်ကို ကြည့်ရှုစောင်မလျက်နေ၏။ သင်၏ကောင်းကင်ခမည်းတော်သည် တဒင်္ဂမျှဖြစ်သော လောကအပျော်အပါးများထက် များစွာသာ၍ကောင်းသည့်အရာတစ်ခု သင့်တွင်ရှိစေလိုတော်မူသည်။ ကိုယ်တော်၏အလိုတော်မှာ သင့်အား ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ရန် “မှန်သောအသက်” ကိုရရှိစေလိုခြင်းဖြစ်၏။ (၁ တိမောသေ ၆:၁၇-၁၉) ယေဟောဝါသည် သင့်အား အောင်မြင်စေလိုသည်၊ ထိုပန်းတိုင်ပေါ်တွင်ရှိနေရန် သင့်အား ကိုယ်တော်အားပေးတိုက်တွန်းလျက်ရှိ၏။ (၁ တိမောသေ ၂:၄) ထို့ပြင် ယေဟောဝါသည် သင့်အား အထူးဖိတ်ခေါ်ချက်တစ်ရပ် ကမ်းလှမ်းနေသည်။ ယင်းကား အဘယ်နည်း။
“ငါ့စိတ်ကိုရွှင်လန်းစေလော့”
၈၊ ၉။ (က) ယေဟောဝါအား မည်သို့သောလက်ဆောင်ကို သင်ပေးနိုင်သနည်း။ (ခ) ယောဘဖြစ်ရပ်တွင်ဖော်ပြထားသည့်အတိုင်း ယေဟောဝါကို စာတန်မည်သို့ကဲ့ရဲ့သနည်း။
၈ ရင်းနှီးသောမိတ်ဆွေတစ်ဦးအတွက် သင်လက်ဆောင်ဝယ်ပေးဖူးသလော၊ ထို့နောက် သင့်မိတ်ဆွေသည် အံ့အားသင့်သွားကာ လက်ဆောင်ရရှိသည့်အတွက် ကျေးဇူးတင်စကားဆိုသည်ကို သတိထားမိသလော။ ထိုပုဂ္ဂိုလ်နှင့်သင့်တော်မည့် လက်ဆောင်ကို သင်များစွာအချိန်ကုန်ခံ စဉ်းစားပြီးသားဖြစ်ပေမည်။ ယခု ဤမေးခွန်းကို သုံးသပ်ကြည့်ပါ– သင်၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ကို မည်သို့သောလက်ဆောင်မျိုး သင်ပေးနိုင်သနည်း။ ဦးဆုံး အဆိုပါစိတ်ကူးသည် သဘာဝမကျဖြစ်ပေမည်။ အတိုင်းအဆမဲ့တန်ခိုးရှင်သည် လူသားသက်သက်မျှထံမှ အဘယ်အရာလိုအပ်သနည်း။ ကိုယ်တော်မပိုင်ဆိုင်သေးသည့် အဘယ်အရာကို သင်ပေးနိုင်သနည်း။ သမ္မာကျမ်းစာက နယပုံပြင် ၂၇:၁၁ တွင် ဤသို့ဖြေဆိုသည်– “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။”
၉ ကျမ်းစာလေ့လာရာမှ သင်သိထားမည်ဖြစ်သည့်အတိုင်း ယေဟောဝါကို ကဲ့ရဲ့နေသူမှာ စာတန်ပင်ဖြစ်၏။ သူက ဘုရားသခင်ကိုဝတ်ပြုနေကြသူများသည် ချစ်ခြင်းမေတ္တာကြောင့်မဟုတ်ဘဲ ကိုယ်ကျိုးအတွက်သာဝတ်ပြုနေကြသည်ဟု အခိုင်အမာပြောဆိုသည်။ သူတို့အား အခက်အခဲကြုံစေလိုက်ပါ၊ စစ်မှန်သောဝတ်ပြုရေးကို သူတို့ချက်ချင်းစွန့်လွှတ်လိုက်ကြမည်ဟု စာတန်ဆို၏။ ဥပမာ၊ ဖြောင့်မတ်သူယောဘနှင့်စပ်လျဉ်း၍ ယေဟောဝါအား စာတန်ဤသို့ပြောဆိုခဲ့ရာကို သုံးသပ်ကြည့်ပါ– “ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည်မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့သိုး နွားအစရှိသောတိရစ္ဆာန်တို့သည် မြေပေါ်မှာအလွန်ပွားများကြပြီ။ ယခုမူကား လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကိုထိခိုက်တော်မူလျှင် သူသည်မျက်မှောက်တော်၌ ကိုယ်တော်ကိုစွန့်ပယ်ပါလိမ့်မည်။”—ယောဘ ၁:၁၀၊ ၁၁။
၁၀။ (က) သမာဓိစောင့်သိခြင်းနှင့်စပ်လျဉ်း၍ စာတန်သည် ယောဘကိုသာ စောဒကတက်ခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့မည်သို့သိရှိရသနည်း။ (ခ) အကြွင်းမဲ့ပိုင်သအုပ်စိုးမှုပြဿနာတွင် သင်မည်သို့ပါဝင်ပတ်သက်နေသနည်း။
၁၀ ကျမ်းစာမှတ်တမ်းတွင် ဖော်ပြထားသည့်အတိုင်း စာတန်သည် ယောဘ၏တည်ကြည်မှုကို စောဒကတက်ရုံသာမက သင်အပါအဝင် ဘုရားသခင်ကိုဝတ်ပြုနေကြသူ အခြားလူသားအားလုံးတို့ကိုပါ စောဒကတက်ခဲ့သည်။ အမှန်မှာ လူသားအားလုံးကို ခြုံငုံ၍ပြောနေခြင်းဖြစ်ရာ ယေဟောဝါကို စာတန်ဤသို့ဆိုခဲ့၏– “အရေဖို့အရေဟုဆိုသကဲ့သို့ လူ [ယောဘအပါအဝင်လူတိုင်း] သည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။” (ယောဘ ၂:၄) ဤမဟာအရေးကိစ္စတွင် သင့်အခန်းကဏ္ဍပါဝင်နေသည်ကို သင်သဘောပေါက်ပါသလော။ နယပုံပြင် ၂၇:၁၁ တွင် ဖော်ပြထားသည့်အတိုင်း မိမိအားကဲ့ရဲ့နေသူ စာတန်ကို ပြန်ချေပနိုင်ရန် ကိုယ်တော်အား သင်ပေးနိုင်သည့်အရာတစ်ခုခုရှိကြောင်း ယေဟောဝါပြောဆိုနေခြင်းဖြစ်၏။ စကြဝဠာပိုင်သအုပ်စိုးရှင်သည် ခေတ်တစ်လျှောက်လုံး အဆိုပါအကြီးမားဆုံးသော အရေးကိစ္စနှင့်စပ်လျဉ်း၍ အသင်ကိုယ်တိုင်ဖြေကြားပေးရန် သင့်အား မေတ္တာရပ်ခံနေသည်ကို မြင်ယောင်ကြည့်ပါ။ သင့်အတွက် စိုးရွံ့ဖွယ်ကောင်းလှသည့် တာဝန်နှင့် အခွင့်ထူးပါတကား! ယေဟောဝါတောင်းဆိုနေသည့်အရာကို သင်ကျေပွန်အောင် ဆောင်ရွက်ပေးနိုင်ပါမည်လော။ ယောဘဆောင်ရွက်နိုင်ခဲ့ပေသည်။ (ယောဘ ၂:၉၊ ၁၀) ယေရှုအပြင် သမိုင်းတစ်လျှောက်ရှိ လူငယ်များအပါအဝင် မရေမတွက်နိုင်သောအခြားသူများပါ ထိုသို့လုပ်ဆောင်နိုင်ခဲ့ကြ၏။ (ဖိလိပ္ပိ ၂:၈; ဗျာ. ၆:၉) သင်လည်း အလားတူလုပ်ဆောင်နိုင်ပါသည်။ သို့သော် ဤကိစ္စတွင် ကြားနယ်မရှိချေ။ သင်၏လုပ်ဆောင်မှုအစီအစဉ်အားဖြင့် စာတန်ကိုကဲ့ရဲ့စေမည် သို့မဟုတ် ယေဟောဝါကို ပြန်ချေပစေမည်။ မည်သည့်ဘက်ကိုထောက်မရန် သင်ရွေးချယ်မည်နည်း။
သင့်ကို ယေဟောဝါသတိနှင့်ကြည့်ရှု!
၁၁၊ ၁၂။ ကိုယ်တော်အားဝတ်ပြုဖို့ သင်ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ ယေဟောဝါအတွက်အကြောင်းလော။ ရှင်းပြပါ။
၁၁ သင်ရွေးချယ်သည့်အရာသည် ယေဟောဝါအတွက် တကယ်အရေးပါသလော။ စာတန်အား လုံလုံလောက်လောက် ကိုယ်တော်ပြန်ချေပရန် ဆက်၍တည်ကြည်ခဲ့ကြသည့်သူ အလုံအလောက်ရှိနေပြီမဟုတ်လော။ ယေဟောဝါကို မည်သူမျှ ချစ်ခြင်းမေတ္တာဖြင့် ဝတ်ပြုကြမည်မဟုတ်ကြောင်း စာတန်အခိုင်အမာပြောဆိုခဲ့သည်မှာ မှန်သော်လည်း ထိုစွပ်စွဲချက်သည် မှားယွင်းခဲ့ပြီဖြစ်သည်။ သို့တိုင် ယေဟောဝါသည် သင့်အား ပုဂ္ဂိုလ်တစ်ဦးအနေနှင့် ဂရုစိုက်နေသောကြောင့် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုပြဿနာနှင့်ပတ်သက်၍ ကိုယ်တော့်ဘက်ရပ်တည်စေလိုတော်မူ၏။ ယေရှုဤသို့မိန့်ဆိုခဲ့သည်– “ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ဤသူငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။”—မဿဲ ၁၈:၁၄။
၁၂ သင်ရွေးချယ်သည့်လမ်းစဉ်ကို ယေဟောဝါစိတ်ဝင်စားနေသည်မှာ ရှင်းပါသည်။ ထို့ထက်ကား ကိုယ်တော်အားထိခိုက်နေခြင်းဖြစ်၏။ လူသားတို့၏ ကောင်းသောလုပ်ရပ်၊ မကောင်းသောလုပ်ရပ်ကြောင့် ယေဟောဝါသည် နက်ရှိုင်းသည့်ခံစားမှုများဖြစ်ပေါ်ကြောင်း သမ္မာကျမ်းစာက ရှင်းပြသည်။ ဥပမာ၊ ဣသရေလလူမျိုးများ ထပ်ခါတလဲလဲ ပုန်ကန်ကြသောအခါ ယေဟောဝါသည် “စိတ်တော်နာ” ခဲ့၏။ (ဆာလံ ၇၈:၄၀၊ ၄၁) နောဧခေတ် ရေမလွှမ်းမိုးမီ “လူအပြစ်ကြီး” သဖြင့် ယေဟောဝါသည် “နှလုံးတော်ပူပန်လျက်ရှိတော်မူ၏။” (ကမ္ဘာဦး ၆:၅၊ ၆) ယင်းက အဘယ်အဓိပ္ပာယ်ရှိကြောင်း စဉ်းစားကြည့်ပါ။ မှားယွင်းသောလမ်းစဉ်ကို သင်ရွေးချယ်မည်ဆိုလျှင် သင်၏ဖန်ဆင်းရှင်ကို စိတ်နာကျင်စေနိုင်ပါသည်။ ယင်းက ဘုရားသခင်သည် စိတ်ဓာတ်ပျော့ညံ့သည် သို့မဟုတ် စိတ်လှုပ်ရှားမှုက လွှမ်းမိုးထားသည်ဟု မဆိုလိုပေ။ သို့အစား ကိုယ်တော်သည် သင့်ကိုချစ်မြတ်နိုးကာ သင်၏ကောင်းကျိုးကို ဂရုစိုက်တော်မူ၏။ အခြားတစ်ဖက်တွင်မူ မှန်ရာကို သင်လုပ်ဆောင်သည့်အခါ ယေဟောဝါ၏နှလုံး ရွှင်လန်းတော်မူ၏။ ကိုယ်တော်သည် စာတန်ကို ပြန်လည်ချေပနိုင်သည်သာမက သင်၏ဆုကျေးဇူးပေးသနားရှင်ပါ ဖြစ်လာနိုင်သောကြောင့် ကိုယ်တော်ပျော်ရွှင်လေသည်။ ယင်းသည် ကိုယ်တော်ဖြစ်လာလိုသည့်အရာပင်ဖြစ်၏။ (ဟေဗြဲ ၁၁:၆) အလွန်မေတ္တာပြည့်ဝသည့် ယေဟောဝါဘုရားသခင်ကို သင်ဝတ်ပြုကိုးကွယ်ရသည်တကား!
ယခုပင် ကြွယ်ဝသောကောင်းချီးများ
၁၃။ ယေဟောဝါကိုဝတ်ပြုခြင်းက ယခုပင် ကောင်းချီးများ မည်သို့ရရှိစေသနည်း။
၁၃ ယေဟောဝါအားဝတ်ပြုခြင်းမှ ရရှိလာသည့် ကောင်းချီးများသည် အနာဂတ်တွင်သာ ခံစားရရှိမည်မဟုတ်ပေ။ ယေဟောဝါသက်သေလူငယ်များစွာသည် ရွှင်လန်းမှုနှင့် အားရကျေနပ်မှုတို့ကို ယခုပင် ခံစားရရှိနေကြကာ အကြောင်းရင်းကောင်းလည်းရှိသည်။ “ထာဝရဘုရား၏နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏” ဟုဆာလံဆရာက ရေးသားခဲ့သည်။ (ဆာလံ ၁၉:၈) ကျွန်ုပ်တို့အတွက် အဘယ်အရာကောင်းသည်ကို မည်သည့်လူသားထက်မဆို ယေဟောဝါသာ၍သိတော်မူ၏။ ပရောဖက်ဟေရှာယမှတစ်ဆင့် ယေဟောဝါဤသို့ဖော်ပြခဲ့သည်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်း . . . သည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။”—ဟေရှာယ ၄၈:၁၇၊ ၁၈။
၁၄။ ကျမ်းစာမူများက အကြွေးတင်ခြင်း၏နာကျင်မှုကို မည်သို့ရှောင်ရှားစေနိုင်မည်နည်း။
၁၄ ကျမ်းစာမူများကိုလိုက်နာခြင်းက သင့်အား များစွာသောနာကျင်ခြင်းနှင့် စိတ်နှလုံးပူဆွေးခြင်းတို့ကို လွှဲရှောင်စေပေလိမ့်မည်။ ဥပမာ၊ ငွေကိုတပ်မက်သူများသည် “ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြ” သည်ဟု သမ္မာကျမ်းစာကဆို၏။ (၁ တိမောသေ ၆:၉၊ ၁၀) ဤကျမ်းချက်၏ အခံရခက်သောအမှန်တရားကို သင်၏ရွယ်တူချင်းများ တွေ့ကြုံခံစားခဲ့ရပြီလော။ ငယ်ရွယ်သူအမျိုးသား အမျိုးသမီးတချို့သည် နောက်ဆုံးပေါ်ကုန်အမှတ်တံဆိပ်ပါသည့် အဝတ်အစားများနှင့် အထူးတီထွင်ထုတ်လုပ်ထားသည့် နည်းပညာဆိုင်ရာကိရိယာလေးများကို ပိုင်ဆိုင်လိုကြသောကြောင့် အကြွေးနစ်နေကြသည်။ သင်အမှန်မတတ်နိုင်သည့်အရာများအတွက် အတိုးကြီးကြီးပေးပြီး ရေရှည်အကြွေးပြန်ဆပ်နေရခြင်းသည် နာကြည်းစရာကောင်းသော ကျွန်ခံခြင်းတစ်မျိုးပင်ဖြစ်၏။—သု. ၂၂:၇။
၁၅။ ကျမ်းစာမူများသည် လိင်အကျင့်ယိုယွင်းခြင်းမှရရှိလာသည့် နာကျင်မှုမှ အဘယ်နည်းလမ်းများဖြင့် သင့်ကို ကာကွယ်ပေးသနည်း။
၁၅ လိင်ဆိုင်ရာအကျင့်ယိုယွင်းခြင်းကိုလည်း သုံးသပ်ကြည့်ပါ။ နှစ်စဉ် ကမ္ဘာတစ်ဝန်းလုံးတွင် မရေမတွက်နိုင်သော လက်မထပ်ထားသည့် ဆယ်ကျော်သက်များသည် ကိုယ်ဝန်ဆောင်နေကြရသည်။ တချို့မှာ ပြုစုပျိုးထောင်ပေးလိုသည့်စိတ်ဆန္ဒရော စွမ်းရည်ပါမရှိကြဘဲနှင့် ကလေးမွေးကြသည်။ အခြားသူတို့မူ ကလေးဖျက်ချကြရာ စိတ်သောက၏ အလွန်ဆိုးရွားလှသည့်အကျိုးဆက်များကို အဖိုးအခအနေနှင့်ခံစားနေကြရသည်။ ထို့ပြင် အေအိုင်ဒီအက်စ်ကဲ့သို့သော လိင်ဆိုင်ရာကူးစက်ရောဂါစွဲကပ်နေကြသည့် ငယ်ရွယ်သောအမျိုးသားအမျိုးသမီးများလည်း ရှိကြပါသေးသည်။ ယေဟောဝါကိုသိကျွမ်းသူတစ်ဦးအတွက် အကြီးမားဆုံးဆိုးကျိုးမှာ ယေဟောဝါနှင့်ဆက်ဆံရေးပျက်ပြားသွားခြင်းဖြစ်ပေမည်။ * (ဂလာတိ ၅:၁၉-၂၁) အကြောင်းကောင်းဖြင့် ကျမ်းစာကဤသို့ဆို၏– “မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့။”—၁ ကောရိန္သု ၆:၁၈။
“ပျော်ရွှင်သောဘုရားသခင်” အားဝတ်ပြုခြင်း
၁၆။ (က) ယေဟောဝါသည် သင်၏လူငယ်ဘဝကို ပျော်ရွှင်စေလိုကြောင်း ကျွန်ုပ်တို့မည်သို့သိရှိရသနည်း။ (ခ) ယေဟောဝါသည် သင်လိုက်လျှောက်ဖို့ လမ်းညွှန်ချက်များကို အဘယ်ကြောင့် ချမှတ်ပေးသနည်း။
၁၆ ယေဟောဝါကို “ပျော်ရွှင်သောဘုရားသခင်” အဖြစ် သမ္မာကျမ်းစာကဖော်ပြ၏။ (၁ တိမောသေ ၁:၁၁၊ ကဘ) သင့်ကိုလည်း ကိုယ်တော်ပျော်ရွှင်စေလိုတော်မူသည်။ အမှန်ဆိုရလျှင် ကိုယ်တော်၏နှုတ်မြွက်စကားတော်က ဤသို့ဆိုသည်– “အသက်ပျိုသောအခါ ပျော်မွေ့လော့။ အရွယ်ကောင်းစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။” (ဒေ. ၁၁:၉၊ သမ္မာ) သို့သော် ယေဟောဝါသည် လက်ရှိအချိန်ထက်မကမြင်ပြီး ကောင်းသောအပြုအမူ၊ ဆိုးသောအပြုအမူတို့၏ ရေရှည် အကျိုးဆက်များကိုလည်း သိမြင်နိုင်တော်မူ၏။ ထိုအကြောင်းကြောင့် သင့်အား ကိုယ်တော်ဤသို့သတိပေး၏– “‘ငါနေ၍မပျော်နိုင်’ ဟုဆိုရသောနှစ်များမနီးမကပ်၊ ဆိုးသောနေ့ရက်ကာလမရောက်မီ အရွယ်ကောင်းစဉ်အခါကာလ၌ သင့်အားဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။”—ဒေ. ၁၂:၁၊ သမ္မာ။
၁၇၊ ၁၈။ ယေဟောဝါအားဝတ်ပြုခြင်းမှ ရရှိလာသည့် ပျော်ရွှင်မှုကို ငယ်ရွယ်သည့်ခရစ်ယာန်တစ်ဦး မည်သို့ဖော်ပြခဲ့ပြီး ထပ်တူရွှင်လန်းမှုမျိုးကို သင်မည်သို့တွေ့ရှိနိုင်မည်နည်း။
၁၇ ယနေ့ လူငယ်များစွာတို့သည် ယေဟောဝါအားဝတ်ပြုခြင်းမှ ပျော်ရွှင်မှုများစွာ ရရှိခဲ့ကြပြီ။ ဥပမာ၊ အသက် ၁၅ နှစ်အရွယ် လီနာက ဤသို့ဆိုသည်– “ကျွန်မဟာ ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုလေးစားမှုနဲ့ ခေါင်းမော့ထားနိုင်တယ်။ ဆေးလိပ်မသောက်၊ မူးယစ်ဆေးဝါးမသုံးစွဲတဲ့အတွက် ကျန်းမာသန်စွမ်းနေတယ်။ အသင်းတော်ကတစ်ဆင့်ပေးတဲ့ အဖိုးထိုက်တဲ့လမ်းညွှန်မှုကို ကျွန်မရရှိတယ်၊ အဲဒါက စာတန်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကို တွန်းလှန်ဖို့ ကျွန်မကိုကူညီပေးတယ်။ ဘုရားသခင့်နိုင်ငံတော်ခန်းမကနေ ရရှိနိုင်တဲ့ တည်ဆောက်မှုဖြစ်စေတဲ့ ပေါင်းသင်းမှုကြောင့် ကျွန်မမျက်နှာဟာ ရွှင်ပျနေတယ်။ အကောင်းတကာ့အကောင်းဆုံးကတော့ ကျွန်မမှာ ကမ္ဘာမြေကြီးပေါ် ထာဝစဉ်အသက်ရှင်သွားမယ်ဆိုတဲ့ မယှဉ်နိုင်တဲ့အလားအလာ ရှိနေခြင်း ဖြစ်ပါတယ်။”
၁၈ လီနာနည်းတူ ခရစ်ယာန်လူငယ်များစွာတို့သည် ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်နေကြပြီး ယင်းက သူတို့အား ပျော်ရွှင်စေလေသည်။ သူတို့၏အသက်တာသည် တစ်ခါတစ်ရံ စိန်ခေါ်မှုများနှင့်ပြည့်နေသော်လည်း စစ်မှန်သောရည်ရွယ်ချက်နှင့်အနာဂတ်ရှိကြောင်း သူတို့နားလည်သဘောပေါက်ကြသည်။ ထို့ကြောင့် သင်၏ကောင်းကျိုးကို အထူးစိတ်ဝင်စားသည့် ဘုရားသခင်အား ဆက်၍ဝတ်ပြုပါလေ။ ကိုယ်တော်၏နှလုံးကို ရွှင်လန်းစေမည်ဆိုလျှင် ကိုယ်တော်ကလည်း သင့်ကို ယခုနှင့်ထာဝစဉ် ရွှင်လန်းစေပါလိမ့်မည်။—ဆာလံ ၅:၁၁။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 ၁၉၉၆၊ အောက်တိုဘာ ၂၂ ရက်ထုတ် နိုးလော့! [လိပ်] တွင်ပါသည့် “အမှန်တရားက ကျွန်မကိုအသက်ပြန်ရှင်စေခဲ့” ဆောင်းပါးကိုရှု။
^ အပိုဒ်၊ 15 လူတစ်ဦးသည်နောင်တရပြီး အမှားပြုခြင်းကိုရပ်တန့်ကာ အပြစ်ဝန်ချတောင်းပန်မည်ဆိုလျှင် ယေဟောဝါသည် “အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်” ဖြစ်ကြောင်း သိရှိရခြင်းက အားရှိစရာဖြစ်၏။—ဟေရှာယ ၅၅:၇။
သင်မှတ်မိသလော
• “ဆိုးယုတ်သူ” စာတန်ထံမှ အဘယ်အန္တရာယ်ကို သင်ရင်ဆိုင်ရ သနည်း။
• ယေဟောဝါ၏နှလုံးကို သင်မည်သို့ ရွှင်လန်းစေနိုင်မည်နည်း။
• ယေဟောဝါသည် သင့်အားဂရုစိုက်နေကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။
• ယေဟောဝါအားဝတ်ပြုခြင်းမှရလာသည့် ကောင်းချီးအချို့ကား အဘယ်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ခြေလှမ်းမှားလုနီးနီးဖြစ်သွားသည့် ဖြောင့်မတ်သောအမျိုးသားတစ်ဦး
အာသပ်သည် ရှေးဣသရေလနိုင်ငံရှိ ယေဟောဝါ၏ဝတ်ပြုရာအိမ်၌ ထင်ရှားကျော်ကြားသော လေဝိတေးဂီတသမားတစ်ဦးဖြစ်၏။ သူသည် လူထုရှေ့ဝတ်ပြုကိုးကွယ်မှုတွင် အသုံးပြုသည့် သီချင်းများကိုပင် သီကုံးစပ်ဆိုခဲ့ရသည်။ သို့သော် သူ့တွင် ထူးခြားသည့်အခွင့်အရေးများရှိလင့်ကစား တစ်ချိန်တွင် အာသပ်သည် ဘုရားသခင့်ပညတ်တော်ကို ချိုးဖောက်နေကြငြား ပြစ်ဒဏ်မခံရပုံပေါက်နေကြသည့် သူ၏သက်တူရွယ်တူများ၏ ဘုရားတရားမဲ့သောအပြုအမူကို ကြိုက်နှစ်သက်လာခဲ့၏။ နောက်ပိုင်းတွင် “ငါမူကား ခြေချော်လုလျက်၊ ခြေရာလွဲလုလျက်ရှိမိပြီ။ အကြောင်းမူကား မတရားသောသူတို့၏စည်းစိမ်ကိုမြင်သောအခါ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ” ဟု အာသပ်ဝန်ခံခဲ့လေသည်။—ဆာလံ ၇၃:၂၊ ၃။
နောက်ပိုင်းတွင် အာသပ်သည် ဘုရားသခင့်သန့်ရှင်းရာဌာနသို့သွားကာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆုတောင်းခဲ့၏။ အားသစ်လန်းသောအမြင်အာရုံဖြင့် ယေဟောဝါသည် မကောင်းမှုကိုမုန်းတီး၍ အချိန်တန်သော် မတရားသောသူနှင့် ဖြောင့်မတ်သောသူတို့သည် မိမိတို့စိုက်သည့်အတိုင်း ရိတ်သိမ်းကြလိမ့်မည်ကို သူနားလည်ခဲ့သည်။ (ဆာလံ ၇၃:၁၇-၂၀; ဂလာတိ ၆:၇၊ ၈) မတရားသောသူတို့သည် ချောသောအရပ်၌ အမှန်ပင်ရှိနေကြပါသည်။ အဆုံးတွင် ဤဘုရားတရားမဲ့စနစ်ကို ယေဟောဝါဖျက်ဆီးပစ်သည့်အခါ ထိုသူတို့သည် ကျဆုံးသွားပါလိမ့်မည်။—ဗျာ. ၂၁:၈။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယေဟောဝါသည် သင့်အား အထူးစိတ်ဝင်စားတော်မူ၏၊ စာတန်၏ပန်းတိုင်မူကား သင့်ကိုဝါးမျိုရန်ဖြစ်၏
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
လူငယ်များစွာတို့သည် ခရစ်ယာန်ချင်းများနှင့်အတူ ယေဟောဝါအားဝတ်ပြုကြခြင်းဖြင့် အကြီးမားဆုံးသော ပျော်ရွှင်မှုကို တွေ့ ရှိနေကြ