မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များ—သင်တို့၏အလုပ်ကို ယေဟောဝါမေ့လျော့မည်မဟုတ်!

လူငယ်များ—သင်တို့၏အလုပ်ကို ယေဟောဝါမေ့လျော့မည်မဟုတ်!

လူငယ်များ—သင်တို့၏​အလုပ်ကို ယေဟောဝါ​မေ့လျော့​မည်​မဟုတ်!

“သင်တို့​လုပ်ဆောင်​သော​အလုပ်​မှ​စ၍ သန့်ရှင်းသူ​တို့ကို အထက်​က​လုပ်ကျွေး​သည်​သာမက ယခု​ပင် လုပ်ကျွေး​ခြင်း​အမှုကို​လည်းကောင်း၊ ထိုသို့​ပြုသော​အားဖြင့် နာမတော်​ကို​ထောက်၍ ပြ​သော​မေတ္တာကိုလည်း​ကောင်း ဘုရားသခင်​သည် မေ့လျော့​ရအောင် မတရားသော​အရှင်ဖြစ်​တော်​မူ​သည်မဟုတ်။”—ဟေဗြဲ ၆:၁၀၊ သမ္မာ။

၁။ သင်၏​အမှုဆောင်ခြင်းကို ယေဟောဝါ​တန်ဖိုး​ထား​ကြောင်း ဟေဗြဲ​ကျမ်း​နှင့် မာလခိကျမ်း​တို့​က မည်သို့​ဖော်ပြ​သနည်း။

သင်သည် မိတ်ဆွေ​တစ်ဦး​အတွက် ကြင်နာ​သော​လုပ်ရပ်​တစ်ခု လုပ်ဆောင်ပေး​ပြီး​နောက် ကျေးဇူး​တင်​ကြောင်း ဖော်ပြ​မခံရ​ဘဲ​နေခဲ့​ဖူး​သလော။ စေတနာ​ရှိ​ရှိ​လုပ်ဆောင်ပေး​မှု​သည် တန်ဖိုး​ထားခြင်း​မခံရ​သောအခါ အလွန်အမင်း အခံရခက်​စေနိုင်​သည်၊ ပို​၍​ဆိုး​သည်​မှာ လုံးဝ​မေ့​ပစ်​ခံရ​ခြင်း​ပင်​ဖြစ်၏။ သို့သော် ယေဟောဝါ​အား စိတ်နှလုံး​အကြွင်းမဲ့ ကျွန်ုပ်​တို့​ဝတ်ပြု​ကိုးကွယ်​သည့်​အခါ အလွန်​ပင်​ကွာခြား​လှ​သည်! သမ္မာကျမ်းစာ​က​ဤသို့​ဆို​သည်– “သင်တို့​လုပ်ဆောင်​သော​အလုပ်​မှ​စ၍ သန့်ရှင်းသူ​တို့ကို အထက်​က​လုပ်ကျွေး​သည်​သာမက ယခု​ပင်​လုပ်ကျွေး​ခြင်း​အမှုကို​လည်းကောင်း၊ ထိုသို့​ပြုသော​အားဖြင့် နာမတော်​ကို​ထောက်၍ ပြ​သော​မေတ္တာကိုလည်း​ကောင်း ဘုရားသခင်​သည်​မေ့လျော့​ရအောင် မတရားသော​အရှင်ဖြစ်​တော်​မူ​သည်မဟုတ်။” (ဟေဗြဲ ၆:၁၀သမ္မာ) ယင်းက ဘာကို​ဆိုလို​သည်ကို စဉ်းစား​ကြည့်​ပါ။ သင်​လုပ်ဆောင်ပေး​ခဲ့​သည့်​အရာ​နှင့် ကိုယ်တော့်​အမှုတော်တွင် သင်​ဆက်လက်​ထမ်းဆောင်​မည့်​အရာ​တို့ကို ကိုယ်တော်​မေ့လျော့​မည်​ဆိုလျှင် ကိုယ်တော့်​ဘက်​မှ မဖြောင့်မတ်​သည့်​လုပ်ရပ်၊ အပြစ်​ဟု ယင်းကို ယေဟောဝါ အမှန်တကယ်​ယူမှတ်​ပေ​လိမ့်​မည်။ အမှန်ပင်​ကျေးဇူး​တင်​လေးမြတ်တတ်သော ဘုရားသခင်​ပေ​တည်း!—မာလခိ ၃:၁၀

၂။ ယေဟောဝါ​ထံ​အမှုတော်​ဆောင်ခြင်း​ကို အဘယ်အရာက အမှန်ပင်​ထူးခြား​စေ​သနည်း။

ဤ​ကျေးဇူး​သိတတ်သော​ဘုရားသခင်​ကို ဝတ်ပြု​၍ အမှုတော်ထမ်း​ဆောင်ရန် အထူး​အခွင့်အရေး​တစ်ခု သင်၌​ရှိသည်။ ခြောက်​သန်း​ခန့်မျှ​သာ​ရှိသော သင်၏​ယုံကြည်သူချင်း​များ​ကို ကမ္ဘာ​တစ်ဝန်း လူ သန်းပေါင်း​ခြောက်​ထောင်​နှင့် နှိုင်းယှဉ်​ကြည့်​လိုက်​သောအခါ သင်၏​အခွင့်အရေး​သည် အမှန်ပင်​ထူးမြတ်​လှ​၏။ ထို့​အပြင် သတင်းကောင်းကို သင်​နားထောင်ပြီး တုံ့ပြန်​နေသည့်​အချက်​က ယေဟောဝါ​သည် သင့်ကို​စိတ်ဝင်စား​နေသည်​ဟူ​သည့် သက်သေ​သာဓက​ပင်။ အမှန်​မှာ၊ ယေရှု​ဤသို့​မိန့်ဆိုခဲ့​၏– “ငါ့ကို​စေလွှတ်​တော်​မူ​သော​ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင်၊ အဘယ်သူမျှ​ငါ့​ထံ​သို့​မလာ​နိုင်။” (ယောဟန် ၆:၄၄) မှန်ပါသည်၊ ယေဟောဝါ​သည် ခရစ်တော်​၏​ပူဇော်ရာ​ယဇ်​အကျိုးကျေးဇူးများ​ကို ခံစား​စေရန် လူတစ်ဦး​စီ​အား ထောက်ကူ​တော်​မူ​၏။

သင်၏​မဟာ​အခွင့်အရေး​ကို ကျေးဇူး​တင်​လေးမြတ်ခြင်း

၃။ ယေဟောဝါ​ထံ​အမှုထမ်း​ရခြင်း​၏ အခွင့်ထူး​အတွက် ကျေးဇူး​တင်​လေးမြတ်မှု​ကို ကောရ​၏​သားများ​မည်သို့​ဖော်ပြ​ခဲ့​ကြ​သနည်း။

ရှေ့​ဆောင်းပါး​တွင် ဆွေးနွေး​ဖော်ပြ​ခဲ့​သည့်​အတိုင်း သင်သည် ယေဟောဝါ​၏​နှလုံးကို​ရွှင်လန်း​စေရန် ထူးခြားသည့်​အနေအထား ရရှိ​ထား​သည်။ (သု. ၂၇:၁၁) အသေးအဖွဲ​လေး​အဖြစ် ကျွန်ုပ်​တို့ ဘယ်တော့​မျှ​သဘော​မထားသင့်​သည့် အရာတစ်ခု​ဖြစ်သည်။ မှုတ်သွင်းခံ​ဆာလံကျမ်း​တစ်ကျမ်း​တွင် ကောရ​၏​သားများ​သည် ယေဟောဝါ​ထံ​အမှုထမ်း​ရသည့်​အခွင့်အရေး​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း ဖော်ပြ​ခဲ့​ကြ​၏။ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “တံတိုင်း​တော်​တို့​အတွင်း​၌​နေသော​တစ်ရက်​သည် အခြား​အရပ်၌​နေသော​အရက်​တစ်ထောင်​ထက် သာ၍​ကောင်း​ပါ​၏။ မတရားသော​သူ၏​နေရာ၌​နေရ​သော​အခွင့်​ထက် အကျွန်ုပ်၏​ဘုရားသခင့်​အိမ်တော်၌ တံခါး​စောင့်​အရာ​ကို အကျွန်ုပ်​သာ၍​နှစ်သက်ပါ​၏။”—ဆာလံ ၈၄:၁၀

၄။ (က) လူ​အချို့​အား ယေဟောဝါ​အား​ဝတ်ပြုခြင်း​ကို ကန့်သတ်​ချုပ်ချယ်​မှု​အဖြစ် အဘယ်အရာက ရှုမြင်​စေ​ဖွယ်​ရှိ​မည်​နည်း။ (ခ) ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​ကို စိတ်​ထက်သန်​စွာ​သတိပြု​နေပြီး ဆုချ​ပေး​နေကြောင်း အဘယ်နည်း​အားဖြင့် ဖော်ပြ​သနည်း။

သင်၏ ကောင်းကင်​ခမည်းတော်​၏​အမှုတော် ထမ်းဆောင်​ရသည့်​အခွင့်ထူး​နှင့်​ပတ်သက်​၍ အသင်​လည်း ထိုသို့​ခံစားရ​သလော။ တစ်ခါတစ်ရံ ယေဟောဝါ​ကို​ဝတ်ပြုခြင်း​သည် သင်၏​လွတ်လပ်မှုကို ကန့်သတ်​ထား​ပုံ​ပေါက်​ကြောင်း ဝန်ခံ​ရမည်။ ကျမ်းစာမူ​များနှင့်​အညီ​အသက်ရှင်နေ​ထိုင်​ရန် ကိုယ်ကျိုး​စွန့်​ဖို့​လို​သည်။ သို့သော် အဆုံး​တွင် ယေဟောဝါ​တောင်းဆို​သမျှ​သည် သင်၏​အကျိုးအတွက်​ဖြစ်၏။ (ဆာလံ ၁:၁-၃) ထို့​ပြင် သင်၏​အားထုတ်မှု​များ​ကို ယေဟောဝါ​မြင်တော်မူ​ပြီး သင်၏​တည်ကြည်မှု​ကို တန်ဖိုး​ထား​တော်​မူ​၏။ အမှန်ဆိုလျှင် ယေဟောဝါ​သည် “ကိုယ်တော်​ကို​ကြိုး​စား၍​ရှာ​သော​သူအား အကျိုးပေး​တော်​မူ” သည်​ဟု ပေါလု​ရေးသားခဲ့​သည်။ (ဟေဗြဲ ၁၁:၆) ယေဟောဝါ​သည် ယင်း​သို့​လုပ်ဆောင်ရန် အခွင့်အရေး​များ​ရှာယူ​နေ​တော်​မူ​၏။ ရှေး​ဣသရေလ​နိုင်ငံ​မှ ဖြောင့်မတ်​သည့်​ပရောဖက်​တစ်ပါး ဤသို့​ဖော်ပြ​ခဲ့​သည်– “ထာဝရ​ဘုရား​သည် စုံလင်သော​စေတနာ​စိတ်​ရှိသောသူ​တို့​ဘက်၌ ခိုင်ခံ့​စွာ​နေခြင်း​ငှာ မြေကြီး​တစ်ပြင်လုံး​ကို အနှံ့အပြား​ကြည့်ရှု​လျက်​ရှိ​တော်​မူ​၏။”—၂ ရာဇဝင်ချုပ် ၁၆:၉

၅။ (က) သင်သည် ယေဟောဝါ​ဘက်၌ စုံလင်သော​စေတနာ​စိတ်​ရှိကြောင်း တင်ပြ​နိုင်​သည့် အကောင်းဆုံးနည်း​လမ်းများ​မှ​တစ်ခု​ကား အဘယ်နည်း။ (ခ) သင်၏​ယုံကြည်ခြင်း​နှင့်​ပတ်သက်​၍ အခြားသူများ​အား ပြောပြ​ရာ​တွင် အဘယ်ကြောင့် ခက်ခဲ​ပုံ​ရသနည်း။

ယေဟောဝါ​ဘက်၌ စုံလင်သော​စေတနာ​စိတ်​ရှိကြောင်း သင်​တင်ပြ​နိုင်​သည့် အကောင်းဆုံး​နည်းလမ်း​တစ်ခု​မှာ အခြားသူများ​အား ကိုယ်တော့်​အကြောင်း​ပြောပြ​ခြင်း​ဖြစ်၏။ သင်၏​ကျောင်းနေ​ဖက်​တချို့​ကို သင့်​ယုံကြည်ခြင်း​အကြောင်း​ပြောဆို​ဖို့ အခွင့်အရေး​ရရှိခဲ့​ဖူး​ပါသလော။ အစပိုင်း​၌ ယင်း​သို့​လုပ်ဆောင်ခြင်း​သည် စိတ်ပျက်​စ​ရာ​အကြောင်း​ရှိ​ပုံ​ပေါ်​ကာ အဆိုပါ​စိတ်ကူး​က​ပင် အနည်းငယ် ကြောက်ရွံ့​သွား​စေနိုင်​ပါ​သည်။ ‘ငါ့ကို​လှောင်ပြောင်​ကြ​ရင် ဘယ်လို​လုပ်မလဲ။ ငါ့ရဲ့​ဘာသာ​က​ထူးဆန်း​လိုက်တာ​လို့ သူတို့​ထင်​လိုက်ရင်​ကော ဘယ်လို​လုပ်မလဲ’ ဟု​သင်​မေး​ပေမည်။ ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို လူတိုင်း​နားထောင်​ကြလိမ့်မည်​မဟုတ်​ဟု ယေရှု​အသိအမှတ်ပြု​ခဲ့​၏။ (ယောဟန် ၁၅:၂၀) သို့ရာတွင် သင်၏​ဘဝ​သည် သရော်​ပြောင်လှောင်မှု၊ ငြင်းပယ်မှု​နှင့်​သာ​ကြုံ​ရမည်ဟု ဆိုလို​နေခြင်း​မဟုတ်ပါ။ ယင်း​နှင့်​ဆန့်ကျင်​လျက် သက်သေခံ​လူငယ်များစွာ​တို့သည် တလိုတလား​နားထောင်ပေး​တတ်​သူကို ရှာတွေ့ခဲ့​ကြ​ပြီး သူတို့၏​ခံယူ​ချက်​များ​ကို စွဲကိုင်​ထားခြင်း​ကြောင့် ရွယ်တူချင်း​များ​ထံ​မှ ရိုသေ​လေးစားမှုကို​ပင် ရရှိခဲ့ကြ​ပြီ။

“ယေဟောဝါ​သည် သင့်ကို​မစ​တော်​မူ​မည်”

၆၊ ၇။ (က) အသက် ၁၇ နှစ်အရွယ် မိန်းကလေး​တစ်ဦး သူ၏​အတန်းဖော်​များ​ကို မည်သို့​သက်သေ​ခံနိုင်​ခဲ့​သနည်း။ (ခ) ဂျ​နီ​ဖာ​၏​တွေ့ ကြုံ​မှု​မှ သင်​အဘယ်အရာ​သိရှိ​ခဲ့​ရပြီ​နည်း။

သို့သော် သင်၏​ယုံကြည်ခြင်း​အကြောင်းကို အားတင်း​၍ မည်သို့​ထုတ်ဖော်​ပြောပြ​နိုင်​မည်​နည်း။ သင်၏​ဘာသာ​တရား​အကြောင်း လူ​တို့​မေးမြန်း​သည့်​အခါ အရိုးခံ​အတိုင်း အသိပေး​ပါ​လေ။ အသက် ၁၇ နှစ်အရွယ် ဂျ​နီ​ဖာ​၏​တွေ့ကြုံမှု​ကို သုံးသပ်ကြည့်​ပါ။ “ကျောင်း​မှာ နေ့လယ်​စာ​စား​နေတဲ့​အချိန်​ဖြစ်တယ်။ ကျွန်မ​ရဲ့​စားပွဲဝိုင်း​က မိန်းကလေးတွေ​ဟာ ဘာသာ​တရား​အကြောင်း ဆွေးနွေး​နေကြ​တယ်၊ မိန်းကလေး​တစ်ယောက်​က ကျွန်မ​ကို ဘယ်​ဘာသာ​က​လဲ​လို့ မေး​လာ​ပါ​တယ်” ဟု​သူက​ဆို​၏။ ဂျ​နီ​ဖာ​သည် ပြန်ဖြေ​ဖို့ ထိတ်လန့်​ခဲ့​ပါသလော။ “ကျွန်မ​ကို ဘယ်လို​တုံ့ပြန်​လိုက်မယ်​ဆိုတာ​ကို မသိတဲ့​အတွက် ထိတ်​ခ​နဲ​တော့​ဖြစ်သွား​တယ်” ဟု​သူက​ဝန်ခံ​သည်။ ထို့​ကြောင့် ဂျ​နီ​ဖာ အဘယ်အရာ​လုပ်ဆောင်ခဲ့​သနည်း။ “ကျွန်မ​ဟာ ယေဟောဝါသက်သေ​တစ်ယောက်​ပါ​လို့ အဲဒီ​မိန်းကလေးတွေကို ပြောပြ​လိုက်ပါ​တယ်။ အစပိုင်း​မှာ သူတို့​အံ့သြ​သွား​ပုံ​ရတယ်။ ယေဟောဝါ​သက်သေတွေဟာ လူ​ထူး​လူ​ဆန်း​တွေ​ဖြစ်​ကြတယ်​လို့​လည်း သူတို့​ယူဆ​ထားခဲ့​ပုံ​ရ​ပါ​တယ်။ အဲဒါ​က ကျွန်မ​ကို သူတို့​မေးခွန်းတွေ​မေး​ဖို့ လှုံ့ဆော်ပေး​တယ်၊ ကျွန်မ​လည်း သူတို့ရဲ့ ယူဆချက်​အမှား​တချို့​ကို ရှင်းပြ​ပေး​နိုင်​ခဲ့​ပါ​တယ်။ အဲဒီ​နေ့​နောက်ပိုင်း​မှာ​တောင် မိန်းကလေး​တချို့ဟာ ရံဖန်ရံခါ ကျွန်မ​ဆီ​ကို မေးခွန်း​လာ​မေး​တတ်​ပါ​တယ်” ဟု​သူက​ဆက်၍​ဆို​၏။

သူ၏​ယုံကြည်ချက်များ​အကြောင်း ထုတ်ဖော်​ပြောပြ​ဖို့ အခွင့်အရေး​ယူ​လိုက်ခြင်းက ဂျ​နီ​ဖာ​ကို နောင်တ​ရစေ​ခဲ့​ပါသလော။ လုံးဝ​မရ​စေ​ခဲ့​ပါ! “နေ့လယ်​စာ​စားချိန်​လည်း​ပြီး​ရော သက်သေခံခွင့်​ရ​လိုက်တဲ့​အတွက် ကျွန်မ​အရမ်းပျော်​ရွှင်​ခဲ့တယ်။ အခု အဲဒီ​မိန်းကလေးတွေ​မှာ ယေဟောဝါ​သက်သေတွေဟာ အမှန်တကယ် ဘယ်လို​လူတွေ​ဖြစ်​ကြတယ်​ဆို​တဲ့ ယူဆချက်​ကောင်းကောင်း ရှိသွား​ကြပြီ” ဟု​သူက​ဆို​၏။ ယခု ဂျ​နီ​ဖာ​ပေး​လိုက်​သော​အကြံပြုချက်​ကား ရိုးရိုးလေး​ပင်– “အတန်းဖော်​တွေ ဒါမှ​မဟုတ် ဆရာ၊ ဆရာမ​တွေ​ကို သက်သေခံဖို့ အခက်အခဲ​တွေ့​လာ​ရင် ချက်ချင်း​ဆုတောင်း​လိုက်ပါ။ ယေဟောဝါ သင်တို့ကို ကူညီ​မစ​ပါ​လိမ့်မယ်။ သက်သေခံဖို့ သင့်​အခွင့်အရေး​ကို ကောင်းစွာ​အသုံးပြု​လိုက်တဲ့​အတွက် သင်​ဝမ်းသာ​ပါ​လိမ့်မယ်။”—၁ ပေတရု ၃:၁၅

၈။ (က) မျှော်လင့်​မထားသည့် အခြေအနေ​တစ်ခု​ကို တွေ့ ကြုံ​ရင်ဆိုင်​ရသည့်​အခါ ဆုတောင်းခြင်း​က နေဟမိ​ကို မည်သို့​ကူညီပေး​ခဲ့​သနည်း။ (ခ) ကျောင်းတွင် ယေဟောဝါ​ထံ တိုတိုတုတ်တုတ်​နှင့် တိတ်တဆိတ်​ဆုတောင်း​ဖို့​လို​ကောင်း​လို​မည့် အခြေအနေ​တချို့​ကား​အဘယ်နည်း။

သင်၏​ယုံကြည်ခြင်း​နှင့်​ပတ်သက်​၍ သက်သေခံဖို့ အခွင့်အရေး​ကြုံ​လာသော​အခါ ယေဟောဝါ​ထံ ‘ချက်ချင်း​ဆုတောင်း​လိုက်ပါ’ ဟု ဂျ​နီ​ဖာ​က အကြံပြု​ထောက်ခံ​သည်ကို ဂရုပြုပါ။ ပါရှန်း​ဘုရင် အာတဇေရဇ်​၏ ဖလားတော်ဝန် နေဟမိ​သည် မျှော်လင့်​မထားသည့် အခြေအနေ​တစ်ခု​ကို ရင်ဆိုင်​ရသောအခါ ယင်း​သို့​ပင် အတိအကျ​ပြု​ခဲ့​၏။ နေဟမိ​သည် ဂျူး​များ​၏ မနှစ်မြို့ဖွယ်​ကောင်းသော အခြေအနေ​နှင့်​ပတ်သက်​၍ သတင်းရ​ရှိ​ကာ ယေရုရှလင်​မြို့ရိုး​နှင့်​တံခါးများ ပျက်စီး​နေကြောင်း​ကို သူသိ​ရှိခဲ့​သောအခါ သိသိသာသာ​ပင် စိတ်​ဆင်းရဲ​ခဲ့​သည်။ နေဟမိ​၏ စိုးရိမ်​တ​ကြီး​ဖြစ်နေ​ဟန်​ကို ရှင်ဘုရင်​သတိပြုမိ​သွား​သည်၊ ထို့​ကြောင့် နေဟမိ​ကို ဘာဖြစ်​နေကြောင်း မေးလိုက်​၏။ အဖြေ​မပေး​မီ လမ်းညွှန်မှု​အတွက် နေဟမိ​ဆုတောင်း​ခဲ့​သည်။ ထို့နောက် ယေရုရှလင်​သို့​ပြန်သွား​ခွင့်​နှင့် ပြိုကျ​နေသည့်​မြို့ကို ပြန်​တည်ဆောက်​ခွင့်ပြု​ရန် သတ္တိရှိရှိ သူ​တောင်းဆို​ခဲ့​သည်။ နေဟမိ​၏​တောင်းဆိုချက်​ကို အာတဇေရဇ်​ခွင့်ပြု​လိုက်​လေ​သည်။ (နေဟမိ ၂:၁-၈) သင်ခန်းစာ​ကား အဘယ်နည်း။ သင်၏​ယုံကြည်ခြင်း​နှင့်​စပ်လျဉ်း၍ သက်သေခံဖို့ အခွင့်အရေး ပေါ်ပေါက်​လာချိန်​တွင် သင်​စိုးရိမ်​နေ​မည်​ဆိုလျှင် တိတ်တဆိတ်​ဆုတောင်း​လိုက်ပါ။ ပေတရု​က “သင်တို့ကို သတိ​နှင့်​ကြည့်ရှု​တော်​မူ​သောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်း​အမှု​ရှိသမျှ​တို့ကို ကိုယ်တော် [ယေဟောဝါ] ၌​အပ်နှံ​ကြလော့” ဟု​ရေးသားခဲ့​သည်။—၁ ပေတရု ၅:၇; ဆာလံ ၅၅:၂၂

‘ပြန်​ပြော​ခြင်း​ငှာ အသင့်​ရှိနေကြ​လော့’

၉။ အသက် ၁၃ နှစ်အရွယ်​ဖြစ်သူ လေအာ​သည် လူငယ်များ​အမေး​စာအုပ် ၂၃ အုပ်​ကို မည်သို့​ဝေငှ​နိုင်​ခဲ့​သနည်း။

နောက်​တွေ့ကြုံမှု​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ ၁၃ နှစ်အရွယ် လေအာ​သည် ကျောင်း​၌ နေ့လယ်​စာ​စားချိန် ခေတ္တ​ရပ်နား​စဉ်​အတွင်း လူငယ်များ​အမေး—တာသွား​သည့်​အဖြေ *စာအုပ်​ကို ဖတ်ရှု​နေခဲ့​သည်။ “တခြား​သူတွေက ကျွန်မ​ကို​စောင့်ကြည့်​နေကြ​တယ်၊ ပြီး​တော့ မကြာခင်​မှာပဲ လူအုပ်​တစ်အုပ်​ဟာ ကျွန်မ​အနားမှာ ရ​စ်​သီ​ရ​စ်​သီ​လုပ်​နေကြ​တယ်။ ဘာ​အကြောင်း​တွေ​ရေးထားတဲ့​စာအုပ်​လဲ​ဆိုပြီး သူတို့​မေးမြန်းပါ​လေ​ရော” ဟု​သူက​ဆို​၏။ အဆိုပါ​နေ့​အကုန်ပိုင်း​တွင် မိန်းကလေး လေးယောက်​သည် လေအာ​ထံ​မှ လူငယ်များ​အမေး​စာအုပ်​တစ်အုပ် တောင်းယူ​သွားခဲ့​ကြသည်။ မကြာမီ အဆိုပါ​မိန်းကလေး​များသည် အခြား​သူများကို ထို​စာအုပ်​ပေး​ဖတ်​ခဲ့​ကြ​ရာ သူတို့​သည်လည်း တစ်အုပ်​စီ​လိုချင်​ခဲ့​ကြ​၏။ နောက်​အပတ်​အနည်းငယ်​ကြာသော် လေအာ​သည် လူငယ်များ​အမေး​စာအုပ် ၂၃ အုပ်​ကို ကျောင်းနေ​ဖက်​များနှင့် သူတို့၏​သူငယ်ချင်းများ​ကို ဝေငှ​ပေး​ခဲ့​လေ​သည်။ အစပိုင်း​တွင် သူ​ဖတ်ရှု​နေသည့်​စာအုပ်​နှင့်​ပတ်သက်​၍ အခြားသူများ​မေးမြန်း​လာစဉ် ထုတ်ဖော်​ပြောပြ​ဖို့ လေအာ​အတွက် လွယ်ကူ​ခဲ့​ပါသလော။ မလွယ်ကူ​ခဲ့​ချေ။ “ပထမ​တော့ ကျွန်မ ထိတ်​ခ​နဲ​ဖြစ်သွား​တယ်။ ဒါပေမဲ့ ယေဟောဝါ ကျွန်မ​နဲ့​အတူ​ရှိနေတယ်​ဆိုတာ​ကို သိထားတဲ့​အတွက် ကျွန်မ​ဆုတောင်း​ခဲ့တယ်” ဟု​သူ​ဝန်ခံ​သည်။

၁၀၊ ၁၁။ ဣသရေလ​မိန်းမငယ်​လေး​တစ်ဦး​သည် ရှုရိ​ဗိုလ်ချုပ်​အား ယေဟောဝါ​ကို​သိရှိ​လာရန် မည်သို့​ကူညီပေး​နိုင်​ခဲ့​သနည်း၊ အဆိုပါ​ဗိုလ်ချုပ်မင်း​သည် အဘယ်​ပြောင်းလဲမှု​များ​ကို ပြုလုပ်​ခဲ့​သနည်း။

၁၀ ဆီးရီးယား​နိုင်ငံ​သို့ သုံ့ပန်း​အဖြစ်​ခေါ်ဆောင်​ခံ​ခဲ့​ရသည့် ဣသရေလ​မိန်းမငယ်​လေး​တစ်ဦး​လည်း အလားတူ​အခြေအနေ​မျိုးကို ရင်ဆိုင်​ကြုံတွေ့​ခဲ့​ရ​ကြောင်း လေအာ​၏​တွေ့ကြုံမှု​က သင့်ကို​ပြန်​အမှတ်​ရစေ​ပေမည်။ ရှုရိ​ဗိုလ်ချုပ်မင်း​နေမန်​သည် နူနာ​စွဲ​နေ​၏။ သူ၏​ဇနီးသည် စကား​လက်ဆုံ​ပြောဆိုမှု​ကို အစပြု​ခဲ့​ကောင်း​ပြု​ခဲ့​မည်​ဖြစ်​ရာ ယင်းက ဤ​ဣသရေလ​မိန်းမငယ်​လေး​အား သူ၏​ယုံကြည်ခြင်း​အကြောင်း ထုတ်ဖော်​ပြောဆို​စေ​ခဲ့​သည်။ သူက “ကျွန်မ​သခင်သည် ရှမာရိ​မြို့၌​ရှိသော ပရောဖက်​ထံ​သို့​ရောက်​ပါစေ​သော။ ထို​ပရောဖက်​သည် သခင်၌​စွဲ​သော​နူနာ​ကို ပျောက်စေ​လိမ့်​မည်” ဟု​ပြောဆို​ခဲ့​၏။—၄ ဓမ္မ​ရာဇဝင် ၅:၁-၃

၁၁ ဤ​မိန်းမငယ်​လေး​၏ ရဲစွမ်းသတ္တိ​ကြောင့် “ဣသရေလ​ပြည်​မှတစ်ပါး အဘယ်​ပြည်​၌​မျှ ဘုရားသခင်​မရှိ” သည်ကို နေမန်​သိရှိ​လာ​ခဲ့​ရ၏။ “မီးရှို့​ရာ​ယဇ်​အစ​ရှိသော အဘယ်​ယဇ်ကို​မျှ ထာဝရ​ဘုရား [ယေဟောဝါ] မှတစ်ပါး အခြားသော​ဘုရား​အား နောက်​တစ်ဖန်​မ​ပူဇော်​ပါ” ဟု​လည်း သန္နိ​ဋ္ဌာန်​ပင်​ချ​ခဲ့​လေ​သည်။ (၄ ဓမ္မ​ရာဇဝင် ၅:၁၅၊ ၁၇) ထို​မိန်းမငယ်​လေး​၏​ရဲရင့်မှု​ကို ယေဟောဝါ​ကောင်းချီး​ပေး​ခဲ့မည်​မှာ သေချာ​ပါ​သည်။ ယနေ့ လူငယ်များစွာ​တို့ကို​လည်း ကိုယ်တော်​သည် ထပ်တူ​ကောင်းချီး​ပေး​နိုင်​၍ ပေး​တော်​မူ​ပါ​လိမ့်​မည်။ လေအာ​သည် အလားတူ​တွေ့ကြုံ​ခဲ့​ရ၏။ အချိန်တန်သော် သူ၏​ကျောင်းနေ​ဖက်​အချို့ သူ့​ထံ​ရောက်လာ​ကြ​ကာ လူငယ်များ​အမေး​စာအုပ်​သည် သူတို့၏​အမူအကျင့်ကို ပြောင်းလဲ​ပေး​နေကြောင်း ပြောဆို​ခဲ့​ကြသည်။ “ယေဟောဝါ​အကြောင်း​ပို​သိရှိ​လာဖို့၊ သူတို့ရဲ့​ဘဝ​အသက်တာကို ပြောင်းလဲ​ဖို့ အခြားသူ​တွေ​ကို ကူညီပေး​နေရ​လို့ ကျွန်မ​ဝမ်းသာ​လိုက်တာ” ဟု​လေအာ​က​ဆို​၏။

၁၂။ သင်၏​ယုံကြည်ခြင်းကို ခုခံ​ကာကွယ်​ရန် သင်​မည်သို့​အားဖြည့်ထား​နိုင်​မည်​နည်း။

၁၂ ဂျ​နီ​ဖာ​နှင့်​လေအာ​တို့​ကဲ့သို့​သော အလားတူ​တွေ့ ကြုံ​မှု​မျိုး သင်၌​လည်း​ရှိ​နိုင်​ပေ​သည်။ ခရစ်ယာန်​တစ်ဦး​အနေ​နှင့် “သင်တို့​မျှော်လင့်ခြင်း​၏​အကြောင်းကို မေးမြန်း​သော​သူ​ရှိသမျှ​တို့အား၊ နူးညံ့​သော​သဘော၊ ကြောက်ရွံ့​သော​သဘော​နှင့်​ပြန်​ပြော​ခြင်း​ငှာ . . . အသင့်​ရှိနေကြ​လော့” ဟု​ရေးသားခဲ့​သူ ပေတရု​၏​သတိပေး​ချက်​ကို အမြဲ​လိုက်နာသင့်​ပေ​သည်။ (၁ ပေတရု ၃:၁၅) သင်​မည်သို့​လုပ်ဆောင်​နိုင်​သနည်း။ “ရဲရင့်စွာ” ဟောပြောရန် သူတို့အား ကူညီပေး​တော်​မူ​မည့် ယေဟောဝါ​ထံ​ဆုတောင်း​ခဲ့​ကြ​သည့် ပထမ​ရာစု​ခရစ်ယာန်​များ​၏​လမ်းစဉ်​ကို အတုယူ​ပါ။ (တမန်​တော် ၄:၂၉) ထို့နောက် သင်၏​ယုံကြည်ချက်များ​နှင့်​ပတ်သက်​၍ အခြားသူများ​အား ပြောပြ​ရာ​တွင် ရဲစွမ်းသတ္တိ​ရှိပါ​လေ။ အကျိုး​ရလဒ်များ​ကြောင့် သင်​အံ့အားသင့်​သွားပေ​မည်။ ထို့​ပြင် ယေဟောဝါ​၏​နှလုံးကို ရွှင်လန်း​စေပါ​လိမ့်​မည်။

ဗီဒီယိုများ​နှင့် အထူး​သုတေသန​ပြုချက်​များ

၁၃။ လူငယ်​အချို့​သည် သက်သေခံဖို့ အဘယ်​အခွင့်အရေး​များ ယူ​ခဲ့​ကြ​သနည်း။ (စာမျက်နှာ ၂၀ နှင့် ၂၁ ရှိ​လေးထောင့်ကွက်များ​ကို​ရှု။)

၁၃ လူငယ်များစွာ​တို့သည် ဗီဒီယို​ခွေ​များ​ကို အသုံးပြု၍ ကျောင်းနေ​ဖက်​များ သို့​မဟုတ် ဆရာများ​ကို သူတို့​ယုံကြည်ခြင်း​အကြောင်း ရှင်းပြ​ခဲ့​ကြပြီ။ တစ်ခါတစ်ရံ ကျောင်း​သုတေသန​ပြုချက်​များ ပြုလုပ်​သည့်​အခါ ယေဟောဝါ​ကို​ချီးမွမ်း​ဖို့ အခွင့်အရေး​ပေါ်လာ​သည်။ ဥပမာ၊ ယေဟောဝါသက်သေ​များ​ဖြစ်​ကြ​သည့် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး​နှစ်ဦး​သည် ကမ္ဘာ့​သမိုင်း​အချိန်​၏ အပိုင်းကဏ္ဍ​တစ်ခု​အနေ​နှင့် ကမ္ဘာ့​ဘာသာ​တရား​တစ်ခု​အကြောင်း မှတ်တမ်း​ရေး​ရန် တာဝန်​တစ်ခု​ရရှိခဲ့​ကြသည်။ ဤ​ယောက်ျားလေး​နှစ်ဦး​သည် သူတို့၏​မှတ်တမ်း​တွင် ယေဟောဝါသက်သေ​များ​အကြောင်း စပ်​တူ​ရေး​ရန် ပူးပေါင်း​လိုက်​ကြသည်၊ ယေဟောဝါသက်သေ​များ—ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​စာအုပ်​ကို သူတို့၏​ရင်းမြစ်​အဖြစ် အသုံးပြု​ကြ​လေ​သည်။ * ထို့​ပြင် သူတို့သည် ငါး​မိနစ်​စာ နှုတ်​တိုက်​တင်ပြ​ပြောဆို​ခဲ့​ရ​သေး​သည်။ ထို့နောက် ဆရာ​နှင့်​ကျောင်းသား​များ​က မေးခွန်း​အမြောက်အမြား​မေးခဲ့​ကြ​ရာ အဆိုပါ​ယောက်ျားလေး​နှစ်ဦး​သည် အတန်း​ရှေ့တွင် နောက်ထပ် မိနစ် ၂၀ ကြာ​ပြောပြ​ရ​ပြန်​သည်။ အပတ်​များစွာ​ကြာပြီးနောက် သူတို့၏​အတန်းဖော်​များသည် ယေဟောဝါသက်သေ​များနှင့်​ပတ်သက်​သည့် မေးခွန်းများ​စွာ​ကို ဆက်လက်​မေးမြန်းခဲ့​ကြ​လေ​သည်!

၁၄၊ ၁၅။ (က) လူကို​ကြောက်ရွံ့ ခြင်း​သည် အဘယ်ကြောင့်​ထောင်ချောက်​ဖြစ်သနည်း။ (ခ) သင်၏​ယုံကြည်ချက်ကို အခြားသူများ​အား ဝေငှခြင်း​နှင့်​ပတ်သက်​၍ သင်​အဘယ်ကြောင့် ယုံကြည်​စိတ်ချ​သင့်​သနည်း။

၁၄ ဆို​ခဲ့​ပြီး​သော​တွေ့ကြုံမှု​များ​က ဖော်ပြ​သည့်​အတိုင်း ယေဟောဝါသက်သေ​တစ်ဦး​အနေ​နှင့် မိမိ၏​ယုံကြည်ချက်များ​နှင့် ခံယူ​ချက်​များ​ကို အခြားသူများ​အား​ပြောပြ​ခြင်း​က ကြီးမားသော​ကောင်းချီး​များ​ရရှိနိုင်​ပေ​သည်။ လူကို​ကြောက်ရွံ့ ခြင်း​ကြောင့် အခြားသူများ ယေဟောဝါ​ကို​သိကျွမ်း​လာရန် ကူညီပေး​ရခြင်း​၏ အခွင့်ထူး​နှင့် ရွှင်လန်းမှု​ကို လက်မလွတ်​လိုက်ပါ​နှင့်။ သမ္မာကျမ်းစာ​က​ဤသို့​ဖော်ပြ​သည်– “လူကို​ကြောက်ရွံ့​ခြင်း​သဘော​သည် ကျော့ကွင်း​ကို​ထောင်​တတ်၏။ ထာဝရ​ဘုရား​ကို​ခိုလှုံ​သော​သူ​မူ​ကား လုံခြုံ​လိမ့်​မည်။”—သု. ၂၉:၂၅

၁၅ ခရစ်ယာန်​လူငယ်​တစ်ဦး​အနေ​နှင့် သင့်​ရွယ်တူချင်း​များ​အတွက် တစ်ခု​တည်း​သော လိုအပ်ရာ​ဖြစ်သည့် ယခု​ပင်​အကောင်းဆုံး​သော ဘဝ​လမ်းစဉ်​နှင့် အနာဂတ်​အတွက် ထာဝရ​အသက်​ကတိတော် သင်၌​ရှိနေကြောင်း သတိရပါ။ (၁ တိမောသေ ၄:၈) စိတ်ဝင်စားစရာ​မှာ၊ အမေရိကန်​ပြည်ထောင်စု​တွင် လူအများစု​သည် စိတ်ဝင်စားမှု​မပြ၊ လောက​စိတ်ဓာတ်​သာ​လွှမ်းမိုး​နေကြ​သည်​ဟု သင်​ထင်​ကောင်း​ထင်​ပေမည်၊ အနည်းဆုံး လူငယ်​ထက်ဝက်​ခန့်​သည် ဘာသာရေး​ကို အလွန်​အလေးအနက်​ထား​ကြောင်း၊ ဘာသာရေး​ယုံကြည်ချက်​သည် သူတို့​အသက်တာတွင် “အရေးကြီးဆုံးသော ဩဇာ​လွှမ်းမိုးမှု” ဟု သုံးပုံတစ်ပုံ​က ပြောဆို​ကြ​ကြောင်း ဆန္ဒ​မဲ​ကောက်ခံမှု​တစ်ခု​က ဖော်ပြ​ခဲ့​၏။ ကမ္ဘာ့​အခြား​ဒေသ​များ​တွင်​လည်း အလားတူ​အခြေအနေ​ရှိ​ပုံ​ရသည်။ သို့​ဖြစ်၍ ကျောင်း​ရှိ သင်၏​ရွယ်တူချင်း​များသည် သင်​ပြောဆို​ရမည့်​သမ္မာကျမ်းစာ​အကြောင်းကို ဝမ်းမြောက်​ဝမ်းသာ နားထောင်​လို​ကြ​ပါ​လိမ့်​မည်။

လူငယ်​တစ်ဦး​အနေ​နှင့် ယေဟောဝါ​ထံ​ချဉ်းကပ်​လော့

၁၆။ ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့ ခြင်း​တွင် ကိုယ်တော့်​အကြောင်း အခြားသူများ​အား​ပြောပြ​ခြင်း​အပြင် အဘယ်အရာ​အကျုံးဝင်​သေး​သနည်း။

၁၆ ယေဟောဝါ​၏​နှလုံးကို ဝမ်းမြောက်​စေခြင်း​သည် ကိုယ်တော့်​အကြောင်း​ပြောဆို​ရုံ​ထက်မက​ပါ။ ကိုယ်တော်​၏​စံနှုန်း​များနှင့်​အညီ ကျင့်ကြံ​ပြုမူ​ဖို့​လည်း လိုအပ်​ပေ​သည်။ တမန်​တော်​ပေါလု​က “ပညတ်တော်​တို့ကို​စောင့်​ခြင်း​အရာ​သည် ဘုရားသခင်​ကို​ချစ်​ရာ​ရောက်​၏။ ပညတ်တော်​တို့ကို စောင့်​ခဲ​သည်မဟုတ်” ဟု​ရေးသားခဲ့​၏။ (၁ ယောဟန် ၅:၃) ယေဟောဝါ​ထံ သင်​ချဉ်းကပ်​မည်​ဆိုလျှင် ယင်း​အဆို​မှန်ကန်ကြောင်း သင်​တွေ့ရ​လိမ့်​မည်။ သင်​မည်သို့​လုပ်ဆောင်​နိုင်​မည်​နည်း။

၁၇။ ယေဟောဝါ​ထံ သင်​မည်သို့​ချဉ်းကပ်​နိုင်​မည်​နည်း။

၁၇ ကျမ်းစာ​နှင့် ကျမ်းစာ​အခြေပြု​စာပေ​များ​ကို အချိန်​ယူ​ဖတ်ရှု​ပါ​လေ။ ယေဟောဝါ​ကို​သင်​ပိုမို​သိရှိ​လာ​လေ ကိုယ်တော့်​ကို​နာခံ​ဖို့ လွယ်ကူ​လာ​လေ​ဖြစ်​ပြီး ကိုယ်တော့်​အကြောင်း အခြား​သူများကို​ပြောပြ​လာ​လေ​ဖြစ်​မည်။ ယေရှု​က “ကောင်းသော​သူသည် ကောင်းသော​မိမိ​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲ​က ကောင်းသော​အရာ​ကို​ထုတ်ဖော်​တတ်၏။ . . . စိတ်နှလုံး​အပြည့်​ရှိသည်​အတိုင်း နှုတ်မြွက်​တတ်၏” ဟု​မိန့်တော်မူ​ခဲ့​၏။ (လုကာ ၆:၄၅) ထို့​ကြောင့် သင်၏​နှလုံးကို ကောင်းသော​အရာများ​ဖြင့် ဖြည့်ဆည်း​ထား​ပါ​လေ။ ယင်း​နှင့်​စပ်လျဉ်း၍ ပန်းတိုင်​များ​ချမှတ်​ထား​လျှင် မကောင်း​ပေ​လော။ ဤ​လာ​မည့်​အပတ် အသင်းတော်​အစည်းအဝေး​များ​အတွက် ပြင်ဆင်​ရာ​တွင် သင်​တိုးတက်​အောင်​ပြု​နိုင်​ပါ​သည်။ သင်၏​နောက်​ပန်းတိုင်​တစ်ခု​မှာ တိုတုတ်​သော​အဖြေ​များ​ကို လှိုက်လှိုက်လှဲလှဲ ပါဝင်​ဖြေဆိုခြင်း​ဖြစ်​နိုင်​သည်။ ထို့​ပြင် သင်​သိရှိ​လာ​သည့်​အရာများ​ကို လက်တွေ့​ကျင့်သုံး​ဖို့​လည်း အရေးကြီး​၏။—ဖိလိပ္ပိ ၄:၉

၁၈။ သင်သည် အတိုက်အခံ​အချို့ ကြုံတွေ့​ရသည့်တိုင် အဘယ်အရာ​နှင့်​ပတ်သက်​၍ သင်​ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၈ ယေဟောဝါ​အား​ဝတ်ပြုခြင်း​မှ ရရှိ​လာ​သည့် ကောင်းချီး​များသည် အမှန်ပင် ကြာရှည်​တည်မြဲ​မည့် ထာဝရ​ကောင်းချီး​များ ဖြစ်​ပေ​သည်။ သင်သည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်နေ​သောကြောင့် ရံဖန်ရံခါ အတိုက်အခံပြု​မှု သို့​မဟုတ် ကဲ့ရဲ့​လှောင်ပြောင်မှု​ကို အတိုင်းအတာ​တစ်ခု​အထိ တွေ့ကြုံ​ရ​ပေမည်။ သို့သော် မောရှေ​အကြောင်း စဉ်းစား​သုံးသပ်ကြည့်​ပါ။ သမ္မာကျမ်းစာ​က ‘သူသည် နောက်​ရ​လတ္တံ့​သော​အကျိုးကို ထောက်စာ​မျှော်လင့်​လျက်​နေ​၏’ ဟု​ဆို​၏။ (ဟေဗြဲ ၁၁:၂၄-၂၆) ကိုယ်တော်​အကြောင်း​သင်ယူပြီး အခြား​သူများကို​ပြောပြ​ဖို့ သင်​ကြိုးပမ်း​အားထုတ်​သည့်​အတွက် သင့်​အား ယေဟောဝါ​ဆုချ​မည်​ကို အသင်​လည်း ယုံကြည်​စိတ်ချ​နိုင်​ပေ​သည်။ အမှန်​ဆို​ရ​လျှင်၊ ကိုယ်တော်​သည် “နာမတော်​ကို​ထောက်၍ ပြ​သော​မေတ္တာကို . . . မေ့လျော့” မည်​မဟုတ်​ချေ။—ဟေဗြဲ ၆:၁၀

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 9 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။

^ အပိုဒ်၊ 13 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။

သင်​မှတ်မိ​သလော

• သင်၏​အမှုဆောင်ခြင်းကို ယေဟောဝါ​တန်ဖိုး​ထား​ကြောင်း သင်​မည်သို့​စိတ်ချ​နိုင်​သနည်း။

• ကျောင်း​၌​သက်သေခံ​ရာ​တွင် လူ​အချို့​အား အောင်မြင်မှု​ရရှိစေ​ခဲ့​သည့် နည်းလမ်းများ​ကား​အဘယ်နည်း။

• အတန်းဖော်​များ​ကို​သက်သေ​ခံရန် သင်​မည်သို့​အားဖြည့်ထား​နိုင်​မည်​နည်း။

• ယေဟောဝါ​ထံ သင်​မည်သို့​ချဉ်းကပ်​နိုင်​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အသက်ငယ်​သော်​ငြား ယေဟောဝါ​ကို​ချီးမွမ်း!

ဆယ်ကျော်သက်​ရွယ်​မ​ရောက်​သေး​သူများ​ပင် ကျောင်းတွင် သက်သေ​ခံနိုင်​ကြပြီ။ ဤ​တွေ့ ကြုံ​မှုများ​ကို သုံးသပ်ကြည့်​ပါ။

အသက်​ဆယ်နှစ်​အရွယ် အမ်​ဘာ​၏ ပဉ္စမ​တန်း​တွင် ဒုတိယ​ကမ္ဘာ စစ်​အတွင်း ဂျူး​များ​ကို နာဇီ​တို့​တိုက်ခိုက်​သည့်​အကြောင်းပါ​သည့် စာအုပ်​တစ်အုပ်​ကို ဖတ်ရှု​လျက်​နေကြ၏။ အမ်​ဘာက သူ၏​ဆရာမ​အား ခရမ်းရောင် တြိဂံ​များ​ဗီဒီယို​ခွေ​ယူလာ​ပေး​ရန် ဆုံးဖြတ်​လိုက်​သည်။ ယေဟောဝါသက်သေ​များလည်း နာဇီ​အုပ်ချုပ်မှု​အောက်တွင် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရ​ကြောင်း ဆရာမ​သိရှိ​သွား​ရာ အလွန်​အံ့အားသင့်​သွားခဲ့​ရ၏။ အဆိုပါ​ဆရာမ​က ဗီဒီယို​ခွေ​ကို တစ်ခန်းလုံး​အား ပြသ​ပေး​ခဲ့​လေ​သည်။

အသက်​ရှစ်နှစ်​အရွယ်​ရှိသူ အဲလက်စ်​ဇာ​သည် ခရစ္စမတ်​ပွဲ​တွင် သူ​မပါဝင်နိုင်​ရသည့်​အကြောင်းကို​ရှင်းပြ​ရန် သူ၏​အတန်း​သို့ စာ​တစ်စောင်​ရေးသားခဲ့​၏။ အဲလက်စ်​ဇာ​သည် ၎င်း​စာ​ကို သူ၏​အတန်း​အပြင် အခြား​အတန်း​နှစ်​တန်း​တွင်​ပါ အသံ​ကျယ်ကျယ်​နှင့်​ဖတ်ပြ​ခဲ့​ရာ သူ၏​ဆရာမ​က အလွန်​အထင်ကြီး​သွားခဲ့သည်! နိဂုံး​ချုပ်​တွင် သူက “ကျွန်မ​နဲ့​မတူတဲ့ အခြား​သူတွေရဲ့ ယုံကြည်ချက်တွေကို ရိုသေ​လေးစားဖို့ သွန်သင်ခံ​ခဲ့​ရ​ပါ​တယ်၊ ခရစ္စမတ်​ပွဲ​မှာ​မပါဝင်ဖို့ ကျွန်မ​ရဲ့​ဆုံးဖြတ်ချက်​ကို ရိုသေ​လေးစား​ကြ​တဲ့​အတွက် ကျေးဇူး​တင်​ပါ​တယ်” ဟု​ဆို​ခဲ့​၏။

ပထမ​တန်း​စတင်​တက်ရောက်​ပြီး​နောက် မကြာမီ အဲရစ်​သည် ကျွန်ုပ်​၏​ကျမ်းစာ​ပုံပြင်​ကို ကျောင်း​သို့​ယူသွား​ခဲ့​ပြီး အတန်းဖော်​များ​ကို​ပြသ​ဖို့ ခွင့်ပြု​ချက်​တောင်းခံ​ခဲ့​သည်။ သူ၏​ဆရာမ​က “ငါ့​မှာ ပို​ကောင်း​တဲ့​စိတ်ကူး​ရှိတယ်၊ စာအုပ်​ကို အတန်း​ရှေ့မှာ​ဖတ်ပြ​ပါ​လား” ဟု​ပြော​၏။ အဲရစ်​ဖတ်ပြ​ခဲ့​သည်။ ဖတ်ပြ​ပြီး​နောက်​တွင် သူက စာအုပ်​ရ​ချင်​တဲ့​သူ လက်ထောင်​ကြ​ပါ​ဟု အားလုံး​ကို​ဖိတ်ခေါ်​လိုက်​သည်။ ဆရာမ​အပါအဝင် လူ​ဆယ့်ရှစ်​ယောက် လက်ထောင်​ခဲ့​ကြသည်! ယခု​အခါ အဲရစ်​သည် သူ​ကိုယ်ပိုင်​အထူး​သက်သေခံ​ရပ်ကွက် သူ့​တွင် ရှိကြောင်း သိမြင်​လာ​သည်။

အသက်​ကိုးနှစ်​အရွယ် ဝှစ်​တ​နီ​သည် ယေဟောဝါသက်သေ​များနှင့်​ပညာရေး *ဘရိုရှာ​အတွက် ကျေးဇူး​တင်​နေ​၏။ “ကျွန်မ​မေမေ​ဟာ နှစ်​တိုင်း ကျွန်မ​ရဲ့​ဆရာမ​တွေ​ကို ဒီ​ဘရိုရှာ​ပေး​လေ့​ရှိတယ်၊ ဒါပေမဲ့ ဒီ​နှစ်​တော့ ကျွန်မ​ကိုယ်တိုင်​ပေး​ခဲ့​ပါ​တယ်။ အဲဒီ​ဘရိုရှာ​ကြောင့် ကျွန်မ​ရဲ့​ဆရာမ​က ကျွန်မ​ကို ‘သီတင်းပတ်​အတွက် အတော်ဆုံး​ကျောင်းသား’ လို့​ခေါ်​ခဲ့​ပါ​တယ်” ဟု​သူက​ဆို​သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 56 ဖော်ပြ​ထား​သည့်​စာပေ​အားလုံး​ကို ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

သူတို့၏​ယုံကြည်ခြင်း​အကြောင်း ပြောဆို​ရန် တချို့​အသုံးပြု​ခဲ့​ကြ​သည့် အခြေအနေ​များ

ကျောင်း​အစီရင်ခံစာ သို့​မဟုတ် လေ့လာမှု​တစ်ခု တာဝန်​ပေး​ခံရသော​အခါ သူတို့အား​သက်သေခံခွင့်​ရစေ​သည့် အကြောင်းအရာ တစ်ခု​ကို တချို့​ရွေးချယ်​ခဲ့​ကြပြီ

လူငယ်​အတော်များများ​သည် အတန်း​ထဲ​တွင်​ဆွေးနွေး​နေသည့် အကြောင်းအရာ​နှင့်​ဆက်စပ်​သည့် ဗီဒီယို သို့​မဟုတ် စာပေ​တစ်ခု​ကို ၎င်းတို့၏​ဆရာ​အား ပေး​ခဲ့​ကြပြီ

လူငယ်​တချို့​သည် အားလပ်ချိန်​အတွင်း ကျမ်းစာ သို့​မဟုတ် ကျမ်းစာ​အခြေပြု​စာပေ​တစ်ခုခု​ကို ဖတ်ရှု​နေသည့်​အခါ အခြား​လူငယ်များ​ချဉ်းကပ်​လာကြပြီး မေးခွန်းများ​မေးခဲ့​ကြပြီ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အတွေ့အကြုံ​ရှိသူ​များသည် လူငယ်များ​အား ယေဟောဝါ​ထံ​အမှုထမ်း​ရန် လေ့ကျင့်ပေး​နိုင်​ကြ