ဟောပြောခြင်းက အထူးအမှတ်ရဖွယ်လုပ်ငန်း ဖြစ်သောအခါ
ဟောပြောခြင်းက အထူးအမှတ်ရဖွယ်လုပ်ငန်း ဖြစ်သောအခါ
“နေချစ်ချစ်တောက်ပူနေတယ်။ တောင်ပေါ်လမ်းကလည်း မဆုံးနိုင်တော့သလိုပဲ။ အခက်အခဲအမျိုးမျိုးကို ကျော်လွှားပြီးနောက်မှ ကျွန်တော်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့ အလှမ်းအဝေးဆုံးရွာကို ရောက်တော့တယ်။ ပထမဦးဆုံးအိမ်တံခါးကိုခေါက်တော့ ဧည့်ဝတ်ပျူငှာစွာလက်ခံကြတဲ့အတွက် ပင်ပန်းနွမ်းလျမှုက ပျော်ရွှင်ခြင်းအဖြစ်သို့ ပြောင်းလဲသွားတယ်။ တစ်နေ့တာကုန်တဲ့အခါ ကျွန်တော်တို့ယူလာတဲ့ စာအုပ်အားလုံးကုန်တဲ့အပြင် ကျမ်းစာသင်အံမှု အတော်များများကိုလည်း စနိုင်ခဲ့တယ်။ လူတွေက သင်ယူလိုစိတ်ပြင်းပြနေကြတယ်။ အခု ကျွန်တော်တို့ပြန်ရတော့မယ်၊ ဒါပေမဲ့ ပြန်လာမယ်လို့ ကတိပေးခဲ့တယ်။”
အလားတူတွေ့ကြုံမှုမျိုးကို မက္ကဆီကိုနိုင်ငံရှိ ရှေ့ဆောင်ဓမ္မအမှုဆောင်အုပ်စုတစ်စု အမြဲကြုံတွေ့နေကြရသည်။ ထိုသူတို့မှာ တပည့်များအား ယေရှုခရစ်ပေးခဲ့သော ဤတာဝန်ကိုကျေပွန်ဖို့ စိတ်ထက်သန်စွာပါဝင်မည်ဟု စိတ်ပိုင်းဖြတ်ထားသူများဖြစ်ကြသည်– “သင်တို့သည် . . . မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” (တမန်တော် ၁:၈) မက္ကဆီကိုနိုင်ငံတွင်၊ အသင်းတော်တစ်ခုကို တာဝန်လွှဲအပ်မထားသောရပ်ကွက်များတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို မှန်မှန်သွားကြေညာဖို့ ရှေ့ဆောင်လမ်းကြောင်းများဟုခေါ်သော ဟောပြောခြင်းအထူးကင်ပိန်းများကို စီစဉ်ထားသည်။ အများအားဖြင့် ၎င်းရပ်ကွက်များသည် အစွန်အဖျားကျသော သို့မဟုတ် ရောက်ဖို့ခက်ခဲသော ရပ်ကွက်များဖြစ်ကြသည်။ နယ်မြေကျယ်ဝန်းသော သီးခြားအသင်းတော်များကိုလည်း သူတို့အကူအညီပေးကြသည်။
ရှေ့ဆောင်လမ်းကြောင်းဖြင့် နိုင်ငံ၏ အဘယ်ဒေသများသို့ သွားရောက်ဟောပြောမည်ကိုဆုံးဖြတ်ရန် ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးက ဒေသလိုအပ်ရာများကို ဆန်းစစ်ကြည့်သည်။ * ထိုသို့ပြုပြီးနောက် အထူးရှေ့ဆောင်အုပ်စုများကို နယ်မြေခွဲဝေပြီး တာဝန်ခန့်အပ်ပေးသည်။ ကြမ်းတမ်းသော၊ မြေလမ်းများပေါ်မောင်းနှင်သွားနိုင်သည့် ယာဉ်များကို ပေးပါသည်။ အဆိုပါယာဉ်များသည် စာပေစာတမ်းသိုလှောင်ရုံများဖြစ်ကြပြီး လိုအပ်သည့်အခါ အိပ်စက်ရာနေရာလည်းဖြစ်သည်။
မဆိုင်းမတွတုံ့ပြန်ကြ
၁၉၉၆၊ အောက်တိုဘာလမှစ၍ ဤလုပ်ငန်းတွင် အထူးရှေ့ဆောင်များနှင့်အတူ တွဲဖက်ပါဝင်ရန် အခြားသတင်းကောင်းဟောပြောသူများကိုလည်း ဖိတ်ခေါ်ခဲ့သည်။ သာ၍လိုအပ်သောနေရာများတွင် အမှုထမ်းလိုသော ဘုရားသခင့်နိုင်ငံတော်ကြေညာသူများအပြင် မှန်မှန်ရှေ့ဆောင်များပါ အဆိုပါကင်ပိန်းတွင် အခါအားလျော်စွာပါဝင်ကြသည်။ အချို့တို့ကို ထိုလမ်းကြောင်းတစ်လျှောက်ရှိ အသင်းတော်များ၏ရပ်ကွက်တွင် တာဝန်ယူကြည့်ရှုပေးရန်နှင့် စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ရန် ခန့်အပ်ခဲ့သည်။ ကြေညာသူလူငယ်များစွာနှင့် ရှေ့ဆောင်အများသည် ၎င်းဖိတ်ခေါ်ချက်ကို လက်ခံခဲ့ကြပြီး အလွန်အားတက်ဖွယ်ကောင်းသော တွေ့ကြုံမှုများရရှိခဲ့ကြသည်။
ဥပမာ၊ မိုဘိုင်းလ်ဖုန်းကုမ္ပဏီတွင် လခကောင်းသောအလုပ်ရထားသည့် အဘိမေးလ်အမည်ရှိ ခရစ်ယာန်လူငယ်တစ်ဦးသည် ထိုဝေးလံခေါင်သီသောဒေသများ၌ သွားဟောပြောရန် ဆုံးဖြတ်ခဲ့သည်။ သူအလုပ်ထွက်တော့မည်ကို အလုပ်ရှင်များသိသွားသောအခါ သူ့ကိုရာထူးနှင့် လခတိုးပေးမည်ဟု ကမ်းလှမ်းကြ၏။ လုပ်ဖော်ဆောင်ဖက်များကလည်း ယင်းသည် အခွင့်ထူးဖြစ်ကြောင်း၊ ယင်းကိုငြင်းပယ်ခြင်းသည် မိုက်မဲရာရောက်ကြောင်း သူ့ကို ဖိအားပေး တိုက်တွန်းခဲ့ကြသည်။ သို့သော် အဘိမေးလ်သည် ထိုဟောပြောခြင်းအထူးကင်ပိန်းကို သုံးလမျှ အားပေးထောက်ကူမည်ဟု စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ ဤလုပ်ငန်းတွင် ပျော်ရွှင်စွာပါဝင်ပြီးနောက် အဘိမေးလ်သည် ဘုရားသခင့်နိုင်ငံတော်ကြေညာသူများ သာ၍လိုအပ်သော သီးခြားနယ်မြေရှိအသင်းတော်တွင် အချိန်အကန့်အသတ်မရှိနေထိုင်ရန် ဆုံးဖြတ်လေသည်။ ယခု သူသည် ဝင်ငွေအတော်အသင့်ရသောအလုပ်တစ်ခုရှိနေပြီး ရိုးရှင်းသောဘဝပုံစံဖြင့် နေထိုင်တတ်ပေပြီ။
အခြားအဖြစ်အပျက်တစ်ခုတွင် ဂျူလီဆာသည် သူတာဝန်ကျရာနေရာသို့ ဘတ်စကားဖြင့် ၂၂ နာရီခရီးသွားရ၏။ နောက်ဆုံးခရီးစဉ်တစ်ထောက်တွင် ထိုနေ့၏ နောက်ဆုံးဘတ်စကားကို သူမမီလိုက်ပေ။ သို့သော် အလုပ်သမားများကို ကြိုပို့ပေးသော ပစ်ကပ်ယာဉ်တစ်စီးရှိသည်။ ဂျူလီဆာက သူတို့နှင့်အတူလိုက်ပါရစေဟု ရဲဆေးတင်ပြီးအခွင့်တောင်းလေသည်။ အမျိုးသားများကြား အမျိုးသမီးတစ်ဦးတည်းဖြစ်နေ၍ သူစိုးရိမ်မကင်းဖြစ်ခဲ့သည်မှာအမှန်ပင်။ သို့သော် လူငယ်တစ်ဦးကို သူစဟောပြောသောအခါ ထိုသူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်! “ဒါ့အပြင် ပစ်ကပ်ကားမောင်းသူဟာ ကျွန်မတာဝန်ကျတဲ့အသင်းတော်က အကြီးအကဲတစ်ယောက်ဖြစ်နေတယ်!” ဟုဂျူလီဆာပြန်ပြောပြသည်။
အသက်ကြီးသူများလည်းပါဝင်
သို့သော် ဤလုပ်ဆောင်မှုသည် လူငယ်များအတွက်သာမဟုတ်ပါ။ အဒယ်လာဟူသော အသက်ကြီးသူ ညီအစ်မတစ်ဦးသည် ဟောပြောခြင်းလုပ်ငန်းတွင် အချိန်ပိုများများပါဝင်လိုစိတ် အမြဲရှိခဲ့သည်။ အဆိုပါအထူးဟောပြောခြင်းလုပ်ငန်း၌ပါဝင်ရန် သူဖိတ်ခေါ်ခံရသောအခါ ထိုအခွင့်အရေးရခဲ့သည်။ သူဤသို့ပြန်ပြောပြသည်– “ကျွန်မတာဝန်ကျရာနေရာမှာ ပျော်လွန်းလို့ ကျွန်မကိုအချိန်အကန့်အသတ်မရှိ အဲ့ဒီမှာနေခွင့်ပေးပါလို့ အသင်းတော်အကြီးအကဲတွေကို ကျွန်မခွင့်တောင်းတယ်။ ကျွန်မအသက်ကြီးပေမဲ့ ယေဟောဝါအတွက် အသုံးဝင်သေးလို့ ပျော်ရွှင်မိတယ်။”
အလားတူပင် ယေဟောဝါအား ကျေးဇူးတင်စိတ်နှင့် လူသားချင်းကို ချစ်သောကြောင့် အသက် ၆၀ အရွယ် မာသသည် ၎င်းကင်ပိန်း၌ပါဝင်ခဲ့သည်။ အလှမ်းဝေးသည့်အပြင် နယ်မြေဒေသအခက်အခဲများကြောင့် လူအားလုံးထံမရောက်နိုင်ကြောင်း သူတွေ့ရှိသဖြင့် ရှေ့ဆောင်များအသုံးပြုရန် ကားတစ်စီးဝယ်ပေးခဲ့သည်။ ဤညီအစ်မလှူဒါန်းသည့်ကားကြောင့် နယ်မြေအတော်များများသို့ရောက်ရှိနိုင်ပြီး လူများစွာကို ကျမ်းစာအမှန်တရားဟောပြောနိုင်ခဲ့သည်။
ကြည်နူးအားရဖွယ်တုံ့ပြန်မှု
ဤအထူးဟောပြောခြင်းကင်ပိန်းများတွင် ပါဝင်သူတို့၏ပန်းတိုင်မှာ “တပည့်ဖြစ်စေ” ဖို့ဖြစ်သည်။ ဤကဏ္ဍတွင် အထူးကောင်းမွန်သောရလဒ်များရရှိခဲ့ပြီ။ သီးခြားနယ်မြေများတွင် နေထိုင်သူတို့သည် သမ္မာကျမ်းစာမှ အသက်ကယ်သည့်အမှန်တရားကို ရရှိခဲ့ကြပြီ။ (မဿဲ ၂၈:၁၉၊ ၂၀) ကျမ်းစာသင်အံမှုများစွာကို စတင်နိုင်ခဲ့ပြီ။ ထိုသင်အံမှုများကို ထိုနယ်မြေရှိကြေညာသူများ သို့မဟုတ် ထိုနယ်မြေတွင်နေရစ်သူ ဧဝံဂေလိတရားဟောပြောသူများက ဂရုစိုက်သင်ကြားပေးနေကြသည်။ အချို့နေရာများတွင် ကြေညာသူအုပ်စုများကို ဖွဲ့ခဲ့ပြီး အခြားနေရာများတွင် အသင်းတော်ငယ်များ ဖွဲ့စည်းတည်ထောင်ခဲ့သည်။
မက်ဒလေးနိုနှင့် သူ၏အပေါင်းပါများသည် သူတို့တာဝန်ကျရာ သီးခြားနယ်မြေသို့ရောက်ရန် အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုခဲ့ကြသည်။ လမ်းခရီးစဉ်တွင် အခွင့်အရေးယူပြီး ယာဉ်မောင်းကို သူတို့ဟောပြောခဲ့ကြသည်။ “အဲဒီလူက ပြီးခဲ့တဲ့အပတ်မှာပဲ သူအပြင်သွားနေချိန်မှာ သက်သေခံတချို့ သူ့အိမ်ကိုရောက်ခဲ့တဲ့အကြောင်း
ကျွန်တော်တို့ကို ပြောပြတယ်။ သူအိမ်ပြန်ရောက်တဲ့အခါ သူ့မိသားစုက သူတို့ကြားခဲ့သမျှကို ပြန်ပြောပြကြတယ်တဲ့။ ကျွန်တော်တို့ဟာ အနီးတစ်ဝိုက်က လာကြတဲ့လူတွေမဟုတ်ဘဲ ဒီဟောပြောခြင်းအထူးကင်ပိန်းမှာပါဝင်ဖို့ တိုင်းပြည်ရဲ့ ပြည်နယ်အသီးသီးက ကိုယ့်စရိတ်နဲ့ ကိုယ်လာကြတဲ့အကြောင်း သူ့ကိုပြောပြတယ်။ အဲဒီယာဉ်မောင်းဟာ တကယ်သဘောကျသွားပြီး အဲဒီအပတ်မှာပဲ သူ့မိသားစုနဲ့အတူ ကျမ်းစာစလေ့လာမယ်လို့ ပြောတယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်းကို အားပေးတဲ့အနေနဲ့ ကားခလည်းမယူဘူး။”မက်ဒလေးနိုသည် ချီအာပါ့စ်ပြည်နယ်တောင်တန်းများရှိ ဒေသခံတိုင်းရင်းသားများ၏ တုံ့ပြန်မှုကို အလွန်အားရခဲ့သည်။ “ကျွန်တော်တို့ဇနီးမောင်နှံဟာ ပက်စ်ဘီတေးရီးယန်းချာ့ခ်ျကို တက်နေကြတဲ့လူငယ် ၂၆ ယောက်ကို ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခွင့်ရခဲ့တယ်။ သူတို့အားလုံး မိနစ် ၃၀ လောက် အာရုံစိုက်နားထောင်ခဲ့ကြတယ်။ သူတို့ရဲ့ကျမ်းစာအုပ်တွေကို ထုတ်လာကြတော့ သူတို့ကို ယေဟောဝါရဲ့ရည်ရွယ်ချက်တွေအကြောင်း ကျွန်တော်တို့ ကောင်းကောင်းသက်သေခံနိုင်ခဲ့တယ်။ လူအတော်များများမှာ ထက်ဇ်ထောဘာသာစကားနဲ့ ကိုယ်ပိုင်ကျမ်းစာတွေရှိကြတယ်။” တိုးတက်သောကျမ်းစာသင်အံမှု အတော်များများကို စတင်ကျင်းပနိုင်ခဲ့ကြသည်။
အတိုက်အခံလျော့ပါးလာ
လူအချို့၏အတိုက်အခံပြုမှုကြောင့် ချီအာပါ့စ်ပြည်နယ်ရှိ ရပ်ကွက်တစ်ခုသို့ ကျမ်းစာသတင်းတရားမပြောဟောခဲ့ရသည်မှာ နှစ်နှစ်ကျော်ရှိလေပြီ။ ထိုကျေးရွာတွင်ဟောပြောရန် သက်သေခံအချို့ စိုးရိမ်ထိတ်လန့်နေကြသည်ကို အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူ ထရီဇာသတိပြုမိခဲ့သည်။ “လူတွေနားထောင်ချင်စိတ်ရှိတာကိုတွေ့ရလို့ အားလုံးအံ့အားသင့်ခဲ့ကြရတယ်။ ကျွန်မတို့ဟောပြောလည်းပြီးရော မိုးသည်းကြီးမဲကြီးရွာတော့တယ်။ မိုးခိုဖို့နေရာရှာရင်း ဖော်ရွေတဲ့ စဘာ့စတီရန်ဆိုသူရဲ့ အိမ်ကိုရောက်တော့ ကျွန်မတို့ကို သူ့အိမ်ထဲဝင်ပြီး မိုးခိုစေတယ်။ အိမ်ထဲရောက်တော့ သူ့အိမ်ကိုသက်သေခံတွေရောက်လာပြီးပြီလားလို့ ကျွန်မမေးကြည့်တယ်။ မလာသေးဘူးလို့ပြောတော့ သူ့ကို ကျွန်မစသက်သေခံတယ်၊ ပြီးတော့ ထာဝရအသက်ရစေသော အသိပညာစာအုပ်နဲ့ ကျမ်းစာသင်အံမှုစခဲ့တယ်။ * သင်အံမှုပြီးသွားတော့ စဘာ့စတီရန်ဟာ သူ့ဆီကိုဆက်ဆက်ပြန်လာပါလို့ မျက်ရည်နဲ့ကျွန်မတို့ကိုတောင်းပန်တယ်။”
ချီအာပါ့စ်သို့ရောက်သွားခဲ့သော အခြားရှေ့ဆောင်အုပ်စုတစ်စုက ဤသို့သတင်းပို့သည်– “ယေဟောဝါရဲ့ကျေးဇူးတော်ကြောင့် ရလဒ်ကောင်းတွေ ကျွန်တော်တို့ရရှိခဲ့ကြတယ်။ ပထမအပတ်မှာပဲ သင်အံမှု ၂၇ ခုကို ကျွန်တော်တို့စကျင်းပနိုင်ခဲ့ကြတယ်; ဒုတိယအပတ်မှာ သမ္မာကျမ်းစာ—သင့်အသက်တာ၌ ယင်း၏သြဇာတန်ခိုး ဆိုတဲ့ ကျွန်တော်တို့ရဲ့ဗီဒီယိုကိုလာကြည့်ဖို့ လူတွေကိုဖိတ်ခေါ်ခဲ့တယ်။ လာကြည့်တဲ့သူ ခြောက်ဆယ်ရှိတယ်။ အဲဒီဗီဒီယိုကို လူတိုင်းကြိုက်ကြတယ်။ အပြီးမှာ အုပ်စုလိုက် ကျမ်းစာသင်အံမှုစဖို့ ကျွန်တော်တို့စကားကမ်းလှမ်းလိုက်တယ်။ အဲဒီရွာမှာ ကျမ်းစာလေ့လာတဲ့ အုပ်စုနှစ်စုကို ဖွဲ့စည်းနိုင်ခဲ့တာ အံ့အားသင့်စရာပဲ။
“တာဝန်ပေးထားတဲ့နယ်မြေတွေမှာ ကျွန်တော်တို့ လုပ်ဆောင်ပြီးတော့ စိတ်ဝင်စားသူတွေကို အားပေးဖို့နဲ့ ဖွဲ့စည်းထားခဲ့တဲ့ ကျမ်းစာသင်အံမှုအုပ်စုတွေ ဘယ်လိုနေတယ်ဆိုတာသိရဖို့ အဲဒီရွာတွေကို ပြန်လည်ပတ်သွားခဲ့ကြတယ်။ လူထုအစည်းအဝေးနဲ့ ကင်းမျှော်စင်သင်တန်းကိုတက်ကြဖို့ သူတို့ကိုဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ အစည်းအဝေးတွေ
ကျင်းပဖို့ အတော်အသင့်ကျယ်ဝန်းတဲ့နေရာမရှိဘူး။ ဒါနဲ့ သူ့အိမ်မှာ အုပ်စုလိုက်ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းခဲ့တဲ့သူက သူ့အိမ်နောက်ဖေးမြေကွက်ကို လက်ညှိုးထိုးပြပြီး ‘အိမ်နောက်ဖေးမြေကွက်မှာ အစည်းအဝေးတွေ ကျင်းပနိုင်ပါတယ်’ လို့ပြောတယ်။”ထိုရက်သတ္တပတ်အဆုံးပိုင်းတွင် လည်ပတ်ရောက်ရှိလာကြသော ရှေ့ဆောင်များနှင့် စိတ်ဝင်စားသူများ ပူးပေါင်းပြီး အစည်းအဝေးကျင်းပနိုင်ရန် ထိုမြေကွက်ကို တက်တက်ကြွကြွ ပြင်ဆင်ခဲ့ကြသည်။ ပထမဆုံးကျင်းပသောအစည်းအဝေးကို တက်ရောက်သူ ၁၀၃ ဦးရှိခဲ့သည်။ ယခု ထိုရွာတွင် ကျမ်းစာသင်အံမှုပေါင်း ၄၀ ကိုကျင်းပနေပါသည်။
“ပီတိဖြစ်စရာ တွေ့ကြုံမှုတစ်ခု”
ဟောပြောခြင်းလုပ်ငန်း၌ အလွန်ကောင်းသောရလဒ်များရရှိသည့်အပြင် ဤဧဝံဂေလိဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့ကြသူများကိုယ်တိုင် များစွာအကျိုးခံစားခဲ့ကြရသည်။ ဤကင်ပိန်းတစ်ခု၌ ပါဝင်ခဲ့သော လူငယ်ရှေ့ဆောင် မာရီယာက သူ၏ခံစားချက်များကို ဤသို့ဖော်ပြသည်– “အကြောင်းရင်းနှစ်ခုကြောင့် ဒီကင်ပိန်းဟာ ပီတိဖြစ်စရာတွေ့ကြုံမှုတစ်ခုဖြစ်ခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်မ ပိုပြီးပျော်ရွှင်လာတဲ့အပြင် ယေဟောဝါနဲ့လည်း ကျွန်မပိုပြီးရင်းနှီးလာတယ်။ တစ်ခါက တောင်တက်နေတုန်းမှာ ကျွန်မတို့အရမ်းမောနေကြတာ။ ယေဟောဝါကို အကူအညီတောင်းပြီးတဲ့နောက် ဟေရှာယ ၄၀:၂၉-၃၁ ပြောသလိုပဲ ‘ယေဟောဝါကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်’ ဆိုတဲ့အတိုင်းဖြစ်လာတာကို ကျွန်မတို့တွေ့ကြုံခံစားခဲ့ရကြတယ်။ ဒါကြောင့် ကျွန်မတို့ရောက်သွားတော့ ကျွန်မတို့ကို ဖော်ဖော်ရွေရွေလက်ခံတဲ့သူတွေနဲ့ သင်အံမှုတွေကျင်းပနိုင်ခဲ့ကြတယ်။”
၁၇ နှစ်အရွယ် ကလော်ဒီယာအမည်ရှိ ရှေ့ဆောင်လူငယ်နောက်တစ်ဦးက ဤသို့ပြောပြသည်– “ကျွန်မအကျိုးအများကြီးရခဲ့တယ်။ ဓမ္မအမှုမှာ ပိုပြီးကျွမ်းကျင်လာတယ်၊ ဒါကြောင့် ပျော်ရွှင်မှုအများကြီးရပြီး ဝိညာဉ်ရေးပန်းတိုင်တွေကို ကျွန်မချမှတ်နိုင်ခဲ့တယ်။ ဝိညာဉ်ရေးဘက်မှာလည်း ကျွန်မပိုရင့်ကျက်လာတယ်။ အိမ်မှာဆိုရင် အမေက ကျွန်မအတွက်အကုန်လုပ်ပေးတာ။ အခု ကျွန်မ အတွေ့အကြုံပိုများလာတော့ တာဝန်ပိုသိတတ်လာပြီ။ ဥပမာ၊ ကျွန်မဟာ အစားအသောက် သိပ်ဇီဇာကြောင်ခဲ့တာ။ ဒါပေမဲ့ အခုဆိုရင် အခြေအနေအမျိုးမျိုးမှာ အလိုက်သင့်နေထိုင်တတ်လာတော့ အစားအသောက်နဲ့ပတ်သက်ပြီး ကျွန်မ မညည်းညူတော့ဘူး။ ဒီလုပ်ငန်းက ခင်မင်ရင်းနှီးသူတွေ တိုးများလာစေခဲ့တယ်။ ကျွန်မတို့မှာ ရှိသမျှကို အတူတူဝေမျှသုံးဆောင်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကူညီပေးခဲ့ကြတယ်။”
ရွှင်လန်းဖွယ်ရိတ်သိမ်းမှု
ဤအထူးကြိုးပမ်းမှုကြောင့် အဘယ်ရလဒ်များရရှိသနည်း။ ၂၀၀၂ ခုနှစ်အစပိုင်းတွင် ရှေ့ဆောင် ၂၈,၃၀၀ ဦးတို့သည် ဤရှေ့ဆောင်လမ်းကြောင်းများ၌ ပါဝင်ခဲ့ကြသည်။ သူတို့သည် ကျမ်းစာသင်အံမှု ၁၄၀,၀၀၀ ကျော်ကျင်းပခဲ့ကြပြီး ဟောပြောခြင်းလုပ်ငန်း၌ အချိန်နာရီနှစ်သန်းကျော် ပါဝင်ခဲ့ကြသည်။ ကျမ်းစာအမှန်တရားကို လူတို့သိလာစေရန် စာအုပ် ၁၂၁,၀၀၀ နီးပါးနှင့် မဂ္ဂဇင်း ၇၃၀,၀၀၀ နီးပါးကို သူတို့ဝေငှနိုင်ခဲ့ကြသည်။ ကျမ်းစာသင်အံမှု ၂၀ သို့မဟုတ် ထို့ထက်မက ကျင်းပရခြင်းသည် ရှေ့ဆောင်အချို့အတွက် အဆန်းမဟုတ်ချေ။
ဤကြင်နာမှုကို လက်ခံရရှိခဲ့သူတို့သည် မိမိတို့ထံ ကျမ်းစာသတင်းတရားရောက်ရှိဖို့ အထူးကြိုးစားခဲ့ကြသည့်အတွက် အလွန်ကျေးဇူးတင်ကြသည်။ ဆင်းရဲနွမ်းပါးကြသော်လည်း လူအများသည် မိမိတို့၏အလှူငွေများကိုလက်ခံရန် ကြေညာသူများကို တိုက်တွန်းခဲ့ကြသည်။ အသက် ၇၀ အရွယ်ရှိ နွမ်းပါးသောအမျိုးသမီးကြီးတစ်ဦးသည် သူ့ထံလည်ပတ်လာသောရှေ့ဆောင်များကို တစ်စုံတစ်ရာအမြဲပေးကမ်းလေ့ရှိသည်။ သူတို့မယူလျှင် သူငိုလေတော့သည်။ ဆင်းရဲနွမ်းပါးသော မိသားစုတစ်စုက မိမိတို့ကြက်မသည် အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူများအတွက် ဥပေးထားသည်ဟုပြောပြီး ကြက်ဥများကို မရမကယူသွားစေကြသည်။
သာ၍အရေးကြီးသည်မှာ ထိုစိတ်ရင်းမှန်သူများသည် ဝိညာဉ်ရေးရာများကို အမှန်တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြကြသည်။ သာဓကအနေနှင့် အမျိုးသမီးတစ်ဦးသည် ခရစ်ယာန်အစည်းအဝေးတစ်ခုကိုမျှ မပျက်မကွက်တက်ရောက်ဖို့ သုံးနာရီခွဲကြာ တစ်ဦးတည်း လမ်းလျှောက်လာသည်။ စိတ်ဝင်စားသူအမျိုးသမီးကြီးတစ်ဦးသည် ဒူးနာနေသော်လည်း နယ်လှည့်ကြီးကြပ်မှူးလည်ပတ်ရောက်ရှိချိန်တွင် ကျမ်းစာသွန်သင်ချက်များကြားနာဖို့ နှစ်နာရီခရီးနှင်လာခဲ့သည်။ စာမတတ်သူအချို့သည် ကျမ်းစာပညာတိုးသိလာနိုင်ဖို့ အရေး၊ အဖတ်သင်ယူလိုကြသည်။ သူတို့၏ကြိုးပမ်းအားထုတ်မှုများသည် ကြွယ်ဝစွာအကျိုးပြုခဲ့ပြီ။
တမန်တော်ပေါလုတွေ့ခဲ့ရသော အဆင်းအာရုံတစ်ခုကို လုကာက တမန်တော်ကျမ်း၌ ဤသို့ဖော်ပြသည်– “မာကေဒေါနိလူတစ်ယောက်က၊ ‘မာကေဒေါနိပြည်သို့ကူးပါ။ ငါတို့ကိုမစပါ’ ဟု ရပ်လျက်တောင်းပန်၏။” ထိုဖိတ်ခေါ်ချက်ကို ပေါလုချက်ချင်းလက်ခံခဲ့သည်။ ယနေ့ မက္ကဆီကိုနိုင်ငံ၏ အစွန်အဖျားကျသောဒေသများတွင် များစွာသောသူတို့သည် အလားတူစိတ်ဓာတ်ဖြင့် တုံ့ပြန်ခဲ့ကြပြီး သတင်းကောင်းကို “မြေကြီးစွန်းတိုင်အောင်” ဟောပြောကြေညာရန် အသုံးတော်ခံနေကြသည်။—တမန်တော် ၁:၈; ၁၆:၉၊ ၁၀။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 မကြာသေးမီနှစ်တစ်နှစ်အတွင်း မက္ကဆီကိုနိုင်ငံရှိ နယ်မြေ ၈ ရာခိုင်နှုန်းကျော်ထံသို့ ယေဟောဝါသက်သေများ၏ အသင်းတော်များ မှန်မှန်မရောက်နိုင်ခဲ့ချေ။ ယင်းကြောင့် ဟောပြောခြင်းလုပ်ငန်းကို အကန့်အသတ်သာပြုလုပ်ရသော သီးခြားအုပ်စုဒေသများတွင်နေထိုင်သူ လူပေါင်း ၈,၂၀၀,၀၀၀ ကျော်ရှိနေသည်ဟုဆိုလိုသည်။
^ အပိုဒ်၊ 17 ယေဟောဝါသက်သေများထုတ်ဝေခဲ့။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
မက္ကဆီကန်သက်သေခံများစွာတို့သည် အထူးဟောပြောခြင်းကင်ပိန်းများ၌ ပါဝင်ခဲ့ကြ