မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောနှစ်သိမ့်မှုကို အဘယ်နေရာ၌ ရှာတွေ့နိုင်သနည်း

စစ်မှန်သောနှစ်သိမ့်မှုကို အဘယ်နေရာ၌ ရှာတွေ့နိုင်သနည်း

စစ်မှန်သော​နှစ်သိမ့်မှု​ကို အဘယ်​နေရာ၌ ရှာတွေ့နိုင်​သနည်း

“နှစ်သိမ့်ခြင်း​ရှိသမျှ​၏​အရှင်​တည်း​ဟူသော ငါ​တို့​အရှင်​ယေရှု​ခရစ်​၏​ခမည်းတော် ဘုရားသခင်​သည် . . . ဆင်းရဲ . . . အမျိုးမျိုးကို ခံရ​သော . . . ငါ​တို့အား​နှစ်သိမ့်​စေတော်မူ​၏။”—၂ ကောရိန္သု ၁:၃၊ ၄၊ သမ္မာ။

၁။ အဘယ်​အခြေအနေ​တို့​က နှစ်သိမ့်မှု​အလွန်​လိုအပ်ကြောင်း လူ​တို့ကို​ခံစား​စေ​သနည်း။

မသန်မစွမ်း​ဖြစ်စေ​သော​အဖျား​အနာ​က လူနာ​အား ဘဝပျက်​ပြီ​ဟု​ခံစား​စေ​၏။ မြေငလျင်၊ မုန်တိုင်း​နှင့် အစာ​ခေါင်းပါး​ခြင်း​တို့​က လူ​တို့ကို ဆင်းရဲ​နွမ်းပါး​စေ​၏။ စစ်​ကြောင့် မိသားစုဝင်​အချို့ သေဆုံး​သွားရ၏၊ အိုးအိမ်​မဲ့​ဖြစ်​ကြ​ရ၏၊ သို့​မဟုတ် အိမ်ယာ​ပိုင်ရှင်​တို့သည် ပိုင်ဆိုင်ရာ​တို့ကို စွန့်ပစ်​သွား​ကြ​ရ၏။ မတရားမှု​ကြောင့် စိတ်သက်သာရာ​ရယူ​နိုင်ရာ​နေရာ​မရှိ​ဟု လူ​တို့ကို ခံစား​စေ​ပေမည်။ ဤသို့​သော​ဝမ်းနည်းပူဆွေးမှု​များ​ကို ကြုံတွေ့​ရသူ​တို့သည် နှစ်သိမ့်မှု​အလွန်​လိုအပ်​နေသည်။ ယင်းကို အဘယ်​နေရာတွင် တွေ့ရှိ​နိုင်​သနည်း။

၂။ ယေဟောဝါ​ပေး​သော​နှစ်သိမ့်မှု​သည် အဘယ်ကြောင့် တစ်မူထူး​သနည်း။

လူ​အချို့​နှင့် အဖွဲ့အစည်း​အချို့​က နှစ်သိမ့်မှု​ကို ကြိုးစား​ပေး​ကြ​၏။ ကြင်နာ​သော​စကား​ကို လေးမြတ်​တန်ဖိုး​ထား​တတ်ကြ​သည်။ ကယ်ဆယ်​ရေး​အစီအစဉ်​တို့​က လိုအပ်ရာ​များ​ကို ယာယီ​ဖြည့်စွက်​ပေး​သည်။ သို့သော် စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​တစ်ပါး​တည်း​သာ​လျှင် ပျက်စီးခြင်း​ရှိသမျှကို ဖြေရှင်း​ပေး​နိုင်​ပြီး ထိုသို့​သော​ဘေးဆိုးများ နောက်ထပ်​မဖြစ်စေ​ရန် လိုအပ်​သည့်​အကူအညီကို ပေး​နိုင်​သည်။ ကိုယ်တော်​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “သနားခြင်း​ကရုဏာ​၏​အဘ၊ နှစ်သိမ့်ခြင်း​ရှိသမျှ​၏​အရှင်​တည်း​ဟူသော ငါ​တို့​အရှင်​ယေရှု​ခရစ်​၏​ခမည်းတော် ဘုရားသခင်​သည် မင်္ဂလာ​ရှိ​တော်​မူ​စေ​သတည်း။ ငါ​တို့သည် ဘုရားသခင်​၏​ကျေးဇူးတော်​အားဖြင့် ကိုယ်တိုင်​နှစ်သိမ့်ခြင်း​ရှိသကဲ့သို့ ဆင်းရဲ . . . အမျိုးမျိုးကို​ခံရ​သော​သူတို့အား နှစ်သိမ့်​စေနိုင်​မည်​အကြောင်း ဆင်းရဲ . . . အမျိုးမျိုး​၌​ဘုရားသခင်​သည် ငါ​တို့အား​နှစ်သိမ့်​စေတော်မူ​၏။” (၂ ကောရိန္သု ၁:၃၊ ၄သမ္မာ) ကျွန်ုပ်​တို့ကို ယေဟောဝါ မည်သို့​နှစ်သိမ့်​ပေး​သနည်း။

ပြဿနာ​များ​၏​ရင်းမြစ်​မှ​စ ဖြေရှင်းခြင်း

၃။ လူသား​အပေါင်း​၏​ပြဿနာ​ရင်းမြစ်များကို ဘုရားသခင်​ပေး​သော​နှစ်သိမ့်မှု​က မည်သို့​ဖြေရှင်း​သနည်း။

အာဒံ​၏​အပြစ်​ကြောင့် လူ့​မိသားစု​တစ်ရပ်လုံး​သည် မစုံလင်မှုကို အမွေခံ​ခဲ့​ကြ​ရာ ယင်းကြောင့် မရေမတွက်​နိုင်သော​ပြဿနာ​များ​ကြုံ​ရပြီး အဆုံး​တွင် သေရ​ကြသည်။ (ရောမ ၅:၁၂) “ဤ​လောကကို​အစိုး​ရသော​မင်း” စာတန်​ကြောင့် အခြေအနေ​သာ၍​ဆိုးရွား​နေခြင်း​ဖြစ်သည်။ (ယောဟန် ၁၂:၃၁; ၁ ယောဟန် ၅:၁၉) လူအပေါင်း​ကြုံတွေ့​နေရ​သည့် ဝမ်းနည်း​ကြေကွဲဖွယ်​အခြေအနေ​ကြောင့် ယေဟောဝါ​စိတ်မကောင်း​ဖြစ်​ရုံ​ထက်မက တစ်ပါး​တည်း​သော​သားတော်ကို ရွေးနုတ်ဖိုး​အဖြစ်​ဖြင့် သူတို့ကို​ကယ်တင်​ဖို့ စေလွှတ်​တော်​မူ​ခဲ့​သည်။ သားတော်ကို​ယုံကြည်​လျှင် အာဒံ​အပြစ်​၏​အမွေ​ဆိုး​မှ လွတ်မြောက်​မည်​ဟု ကိုယ်တော်​မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၃:၁၆; ၁ ယောဟန် ၄:၁၀) ကောင်းကင်ပေါ်၊ မြေကြီးပေါ် စီရင်ပိုင်​သော​အခွင့်​ရှိသမျှ​တို့ကို​ခံရ​သော ယေရှု​ခရစ်​သည် စာတန်​နှင့် သူ၏​စနစ်ဆိုး​တစ်ရပ်လုံး​ကို ဖျက်ဆီး​ပစ်​လိမ့်​မည်​ဟု​လည်း ဘုရားသခင်​ကြိုတင်​မိန့်တော်မူ​ခဲ့​သည်။—မဿဲ ၂၈:၁၈; ၁ ယောဟန် ၃:၈; ဗျာ. ၆:၂; ၂၀:၁၀

၄။ (က) သက်သာခြင်း​ကတိတော်​များ​ကို ယုံကြည်​စိတ်ချ​စေရန် အဘယ်အရာကို ယေဟောဝါ​ပြင်ဆင်​ထား​သနည်း။ (ခ) အဘယ်​အချိန်တွင် ကယ်လွှတ်​ခြင်း​ချမ်းသာရ​မည်​ကို ယေဟောဝါ မည်သို့​သိမြင်​စေ​သနည်း။

ကိုယ်တော်​၏​ကတိတော်​များ​ကို​ယုံကြည်​စိတ်ချ​စေရန် ဘုရားသခင်​တင်ကူး​မိန့်တော်မူ​သမျှ​အရာအားလုံး ပြည့်စုံ​ကြောင်း သက်သေ​သာဓက​မြောက်မြားစွာ​ကို မှတ်တမ်း​တင်ထား​စေ​ခဲ့​သည်။ (ယောရှု ၂၃:၁၄) လူမတတ်နိုင်​သော​အခြေအနေ​များ​မှ မိမိ၏​ကျေးကျွန်​များ​ကို ကယ်လွှတ်​ရန် ကိုယ်တော်​မည်သို့​ပြု​တော်​မူ​ခဲ့​ကြောင်း သမ္မာကျမ်းစာ​တွင် မှတ်တမ်းတင်​စေ​ခဲ့​၏။ (ထွက်မြောက်ရာ ၁၄:၄-၃၁; ၄ ဓမ္မ​ရာဇဝင် ၁၈:၁၃–၁၉:၃၇) ထို့​အပြင် ယေရှု​ခရစ်​မှ​တစ်ဆင့် ယေဟောဝါ​အထင်အရှား​ဖော်ပြ​ခဲ့​သည်​မှာ ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်တွင် လူသား​တို့၏ “အနာ​ရောဂါ​အမျိုးမျိုး​တို့ကို” ငြိမ်း​စေ​ရုံ​မ​က လူသေ​တို့ကို​ပင် ရှင်ပြန်ထမြောက်​စေခြင်း​ပါဝင်​ကြောင်း​ဖြစ်သည်။ (မဿဲ ၉:၃၅; ၁၁:၃-၆) ဤ​အရာအားလုံး အဘယ်​အချိန်တွင် ဖြစ်ပျက်​မည်​နည်း။ ယင်းကို​ဖြေဆို​ရာ​တွင် ဘုရားသခင့်​ကောင်းကင်သစ်​နှင့် မြေကြီး​သစ်​မတိုင်မီ ဤ​အစီအစဉ်​စနစ်ဟောင်း​၏ နောက်ဆုံး​နေ့ရက်​များ​ကို သမ္မာကျမ်းစာ​ပုံဖော်​ပြ​ထားခြင်း​ပါဝင်​သည်။ ယေရှု၏​ပုံဖော်ချက်​သည် ကျွန်ုပ်​တို့​အသက်ရှင်နေ​ရသော​ဤ​အချိန်​နှင့် ကိုက်ညီ​သည်။—မဿဲ ၂၄:၃-၁၄; ၂ တိမောသေ ၃:၁-၅

ပူ​ပင်​သောကရောက်​သူတို့ကို နှစ်သိမ့်​ပေး

၅။ ရှေး​ဣသရေလလူ​တို့ကို နှစ်သိမ့်​ပေး​ရာ​တွင် ယေဟောဝါ​သည် သူတို့အား အဘယ်အရာကို အာရုံစိုက်​စေ​ခဲ့​သနည်း။

ရှေး​ဣသရေလ​တို့​နှင့် ယေဟောဝါ​ဆက်ဆံပုံ​မှ ပူ​ပင်​သောကရောက်​ချိန်​တွင် သူတို့ကို​မည်သို့​နှစ်သိမ့်​ပေး​ခဲ့​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ရသည်။ ကိုယ်တော်​သည် မည်သို့သော​ဘုရားသခင်​မျိုး​ဖြစ်​ကြောင်း သူတို့ကို သတိပေး​တော်​မူ​၏။ ယင်း​အချက်​က ကိုယ်တော်​၏​ကတိတော်​များ​၌ သူတို့၏​ယုံကြည်​စိတ်ချမှု​ကို ခိုင်ခံ့​စေ​သည်။ ကိုယ်​ကိုယ်နှိုက်​သာမက မိမိ​အား ကိုးကွယ်​သူတို့ကို အကူအညီ​မပေးနိုင်​သည့် ရုပ်ပုံ​တို့​နှင့်​မတူဘဲ ယေဟောဝါ​သည် စစ်မှန်​၍ အသက်ရှင်​တော်​မူ​ထ​သော​ဘုရားသခင်​အဖြစ် ကွင်းကွင်းကွက်ကွက်​ခြားနား​ချက်​တို့ကို ကိုယ်တော်​၏​ပရောဖက်​များ​အား ဖော်ပြ​ပေး​ခဲ့​သည်။ (ဟေရှာယ ၄၁:၁၀; ၄၆:၁; ယေရမိ ၁၀:၂-၁၅) ဟေရှာယ​အား “ငါ​၏​လူ​တို့ကို နှစ်သိမ့်​စေ​ကြလော့။ နှစ်သိမ့်​စေ​ကြလော့” ဟု​မိန့်တော်မူရာ​တွင် တစ်ဆူတည်း​သော​စစ်မှန်​သည့်​ဘုရားသခင်​တစ်ပါး​အဖြစ် ယေဟောဝါ​၏​ကြီးမြတ်​တော်​မူ​ခြင်း​ကို လေးနက်​စေရန် ကိုယ်တော်​၏​ဖန်ဆင်း​ခြင်း​လက်ရာတော်​များ​ဆိုင်ရာ သရုပ်ဖော်​ချက်​များနှင့် ပုံဖော်ချက်​များ​ကို​အသုံးပြု​ဖို့ ယေဟောဝါ​သည် မိမိ၏​ပရောဖက်​ကို​လှုံ့ဆော်​ခဲ့​သည်။—ဟေရှာယ ၄၀:၁-၃၁

၆။ ဘယ်​သောအခါ​ကယ်လွှတ်​လိမ့်​မည်​အကြောင်း ရံဖန်ရံခါ ယေဟောဝါ မည်သို့​ဖော်ပြ​ခဲ့​သနည်း။

မိမိလူ​တို့ကို ယေဟောဝါ​ကယ်လွှတ်​ပေး​မည့်​အချိန် နီး​သလော၊ ဝေး​သလော​နှင့်​စပ်လျဉ်း၍ သတ်သတ်မှတ်မှတ်​အချိန်ကို ပြော​ခြင်း​ဖြင့် နှစ်သိမ့်မှု​ပေး​ခဲ့​သောအခါ​လည်း​ရှိသည်။ အီဂျစ်​မှ ကယ်လွှတ်​ခါနီး​အချိန်တွင် ကိုယ်တော်​သည် ဖိနှိပ်ခံ​ရသော​ဣသရေလလူ​တို့ကို ဤသို့​မိန့်တော်မူ​ခဲ့​၏– “ဖာရော​ဘုရင်​နှင့်​အဲဂုတ္တု​ပြည်​အပေါ်မှာ ဘေး​တစ်ပါး​ကို ငါ​ရောက်​စေ​ဦး​မည်။ ထို​နောက် သင်တို့ကို​လွှတ်​လိမ့်​မည်။ လွှတ်​သောအခါ​၌​လည်း အကယ်၍ သင်တို့ကို တစ်ပြိုင်နက်​နှင်​လိမ့်​မည်။” (ထွက်မြောက်ရာ ၁၁:၁) ဘုရင်​ယောရှဖတ်​အချိန်၌ သုံး​နိုင်ငံ​တပ်​ပေါင်းစု​သည် ယုဒပြည်​သို့ ဝင်ရောက်​ကျူးကျော်​သောအခါ ယေဟောဝါ​က “နက်ဖြန်နေ့” သူတို့​အကျိုး​အ​လို့​ငှာ ကြားဝင်​ဆောင်ရွက်​ပေး​မည်​အကြောင်း မိန့်တော်မူ​ခဲ့​သည်။ (၂ ရာဇဝင်ချုပ် ၂၀:၁-၄၊ ၁၄-၁၇) အခြား​တစ်ဖက်​တွင်​မူ ဗာဗုလုန်​မှ သူတို့၏​လွတ်မြောက်မှု​ကို ဟေရှာယ​အားဖြင့် နှစ်ပေါင်း ၂၀၀ နီးပါး ကြိုတင်​မှတ်တမ်းတင်​ထားခဲ့​ပြီး နောက်ထပ်​အသေးစိတ်​ကို ကယ်လွှတ်​ခံရ​ချိန်​မတိုင်မီ နှစ်ပေါင်း​တစ်​ရာ​နီး​နီး ယေရမိ​မှ​တစ်ဆင့် ဖော်ပြ​ပေး​ခဲ့​သည်။ ကယ်လွှတ်​ခံရ​ချိန် နီး​လာသော​အခါ ဘုရားသခင့်​ကျေးကျွန်​များ​အတွက် ဤ​ပရောဖက်ပြုချက်​များသည် မည်မျှ​အားပေးမှု​ဖြစ်​ခဲ့​သည်​တကား!—ဟေရှာယ ၄၄:၂၆–၄၅:၃; ယေရမိ ၂၅:၁၁-၁၄

၇။ ကယ်လွှတ်​ခြင်း​ကတိတော်​တို့​တွင် အဘယ်အရာ​ပါ​ဝင်လေ့​ရှိခဲ့​သနည်း၊ ယင်းက ဣသရေလ​နိုင်ငံ​ရှိ တည်ကြည်သူ​တို့ကို မည်သို့​အကျိုးပြု​ခဲ့​သနည်း။

ဘုရားသခင့်​လူ​တို့ကို နှစ်သိမ့်မှု​ဖြစ်စေ​သော ကတိတော်​များ​တွင် မကြာခဏ​ပင် မေရှိယ​နှင့်​ပတ်သက်​၍ အချက်အလက်​များ​ပါဝင်ခြင်း​မှာ မှတ်သားဖွယ်​ရာ​ပင်။ (ဟေရှာယ ၅၃:၁-၁၂) လူမျိုးတစ်ဆက်​ပြီး​တစ်ဆက် တည်ကြည်သူ​တို့ ရင်ဆိုင်​ကြုံတွေ့​ရသော​အခက်အခဲ​များ​ကြား ယင်းက မျှော်လင့်ချက်​ပေး​ခဲ့​သည်။ လုကာ ၂:၂၅ တွင် ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “ရှု​မောင်​အမည်​ရှိသောသူ​တစ်ယောက်သည် ယေရုရှလင်​မြို့၌​ရှိ၏။ ထို​သူသည် ဖြောင့်မတ်​သော​သူ၊ တရားကို​ရိုသေ​သော​သူ၊ ဣသရေလ​အမျိုး​၏​သက်သာခြင်း [သို့​မဟုတ် နှစ်သိမ့်မှု; အမှန်​သော် မေရှိယ​ကြွလာ​တော်​မူ​ခြင်း] အကြောင်းကို မျှော်လင့်​သော​သူ​ဖြစ်၏။ သန့်ရှင်းသော​ဝိညာဉ်တော်သည် သူ့​အပေါ်​၌​တည်​သည်။” ကျမ်းစာ​တွင်​ပါ​သော မေရှိယ​ဆိုင်ရာ​မျှော်လင့်ချက်ကို ရှု​မောင်​သိထား​၏၊ ယင်း​၏​ပြည့်စုံချက်​ကို​မျှော်လင့်ခြင်းက သူ၏​ဘဝကို​ပုံသွင်း​ပေး​ခဲ့​၏။ ယင်း​တို့အားလုံး မည်သို့​ပြည့်စုံ​လာ​မည်​ကို သူ​နားမလည်​ခဲ့၊ တင်ကူး​ဖော်ပြ​ထား​သည့် ကယ်တင်ခြင်း​ကို သူကိုယ်တိုင် မတွေ့မြင်​ခဲ့​သော်လည်း ဘုရားသခင် “ပြင်ဆင်​တော်​မူ​သော​ကယ်တင်ခြင်း​လမ်းကြောင်း” သည် မည်သူ​မည်ဝါ​အားဖြင့်​ဖြစ်​မည်​ကို​သိမြင်​သောအခါ သူ​ဝမ်းမြောက်​ခဲ့​သည်။—လုကာ ၂:၃၀

ခရစ်တော်​မှ​တစ်ဆင့်​ရသော​နှစ်သိမ့်မှု

၈။ ယေရှု​ပေး​တော်​မူ​သော​အကူအညီ​သည် လူ​တို့​လိုအပ်​သည်​ဟု ယူဆ​ထား​ကြ​ရာ​နှင့်​နှိုင်းယှဉ်လျှင်​အသို့နည်း။

ယေရှု​ခရစ်​သည် မြေကြီး​ဓမ္မ​အမှုကို​ထမ်းရွက်​တော်​မူ​စဉ် လူ​တို့​လိုအပ်​သည်​ဟု ယူဆကြ​သည့်​အကူအညီကို အမြဲ​တိုင်း​တော့​မပေးခဲ့​ချေ။ အချို့​သူတို့က မိမိတို့​ရွံမုန်း​သော ရောမတို့​၏​ဖိနှိပ်မှု​အောက်​မှ လွတ်မြောက်​စေ​မည့် မေရှိယ​တစ်ပါး​ကို စောင့်မျှော်​လျက်​ရှိကြသည်။ ယေရှု​မူ​ကား တော်လှန်​ပုန်ကန်မှု​ကို အားမပေး; ယင်းအစား “ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အားဆက်​ပေး​ကြလော့” ဟု မိန့်တော်မူ​ခဲ့​၏။ (မဿဲ ၂၂:၂၁) ဘုရားသခင့်​ရည်ရွယ်တော်မူချက်တွင် နိုင်ငံရေး​အုပ်ချုပ်မှု​တစ်ခု​၏ နိုင်​လို​မင်း​ထက်​ပြု​ခံရ​ခြင်း​မှ လူ​တို့ လွတ်မြောက်ခြင်း​ထက်မက အကျုံးဝင်​သည်။ လူတို့က ယေရှုကို မင်းမြှောက်​လို​ကြသည်၊ သို့သော် ကိုယ်တော်​က မိမိ “အသက်ကို​စွန့်​၍ လူများ​ကို​ရွေး” မည်​အကြောင်း​မိန့်ဆို​၏။ (မဿဲ ၂၀:၂၈; ယောဟန် ၆:၁၅) မင်းရိုက်ရာ​ကို ကိုယ်တော်​ခံယူ​ရန် အချိန်မတန်​သေး​ချေ၊ ထို့​ပြင် ကိုယ်တော်​အား အုပ်စိုးခွင့်​ပေးအပ်​မည့်​သူ​မှာ ဆူပူ​ထကြွ​သူ​လူအုပ်​မဟုတ် ယေဟောဝါ​ကိုယ်တော်တိုင်​ပင်​ဖြစ်သည်။

၉။ (က) ယေရှု​ကြွေးကြော်​ခဲ့​သော နှစ်သိမ့်မှု​သတင်း​ကား အဘယ်နည်း။ (ခ) လူ​တို့​ကိုယ်တိုင်​တွေ့ကြုံ​နေရ​သော အခြေအနေ​များနှင့် အဆိုပါ​သတင်း​၏​သက်ဆိုင်ပုံ​ကို ယေရှု မည်သို့​သရုပ်ဖော်​ခဲ့​သနည်း။ (ဂ) ယေရှု၏​ဓမ္မ​အမှု​က အဘယ်အရာ​အတွက် အခြေခံ​အကြောင်းရင်း​ဖြစ်သနည်း။

ယေရှု​ပေး​တော်​မူ​သော​နှစ်သိမ့်မှု​သည် ‘ဘုရားသခင်​၏​နိုင်ငံတော်​နှင့်ယှဉ်သော​သတင်းကောင်း’ ထဲ​တွင်​ပါဝင်​သည်။ ထို​သတင်းကို နေရာအနှံ့ ယေရှု​ကြွေးကြော်​ခဲ့​သည်။ (လုကာ ၄:၄၃) မေရှိယ​ဘုရင်​အဖြစ် ကိုယ်တော်​ပြုလုပ်​တော်​မူ​မည့်​အရာများ​ကို သရုပ်ဖော်​ခြင်း​အားဖြင့် အဆိုပါ​သတင်း​သည် လူတို့၏ နေ့စဉ်​ပြဿနာ​တို့​နှင့်​သက်ဆိုင်ပုံ​ကို ကိုယ်တော်​အလေးပေး​ဖော်ပြ​ခဲ့​၏။ ကိုယ်တော်​သည် မျက်စိ​ပြန်မြင်​စေ​၍ စကားပြန်​ပြော​စေခြင်း (မဿဲ ၁၂:၂၂; မာကု ၁၀:၅၁၊ ၅၂)၊ ခြေလက်​သေ​သူတို့ကို ကုသ​ပေးခြင်း (မာကု ၂:၃-၁၂)၊ ဣသရေလ​သားချင်း​တို့၏ ရွံရှာဖွယ်​ရောဂါ​များ​ကို ပျောက်ကင်း​စေခြင်း​နှင့် (လုကာ ၅:၁၂၊ ၁၃) ခံရ​ခက်​သော​အခြား​ဖျားနာ​မှု​တို့ကို သက်သာရာ​ရစေ​ခြင်း (မာကု ၅:၂၅-၂၉) အားဖြင့် ဝေဒနာ​ခံ​နေရသူ​တို့အား အသက်ရှင်​ရန်​အကြောင်းကောင်း​များ​ရှိစေခဲ့​သည်။ သေဆုံး​သွားသော​သူတို့၏​ကလေး​များ ပြန်ရှင်​စေခြင်း​အားဖြင့် ငိုကြွေး​ပူဆွေး​နေသော ၎င်းတို့၏​မိသားစု​တို့ကို စိတ်သက်သာရာ​ရစေ​ခဲ့​သည်။ (လုကာ ၇:၁၁-၁၅; ၈:၄၉-၅၆) ကိုယ်တော်​သည် ဘေးပြု​သော​မုန်တိုင်း​များ​ကို ထိန်းချုပ်​နိုင်​ကြောင်း၊ လူအုပ်ကြီး​ကို အစာ​ကျွေးခြင်း​ဖြင့် အာသာပြေ​စေနိုင်​ကြောင်း သရုပ်ဖော်​ခဲ့​သည်။ (မာကု ၄:၃၇-၄၁; ၈:၂-၉) ထို​ထက်​ကား လက်ရှိ​ပြဿနာ​များ​ကို ထိထိရောက်ရောက် ကိုင်တွယ်​ဖြေရှင်း​စေ​၍ မေရှိယ​၏​ဖြောင့်မတ်​သော အုပ်ချုပ်မှု​ကို​မျှော်လင့်​စေသည့် ကိုယ်ကျင့်တရား​များ​ကို ကိုယ်တော်​သွန်သင်​ပေး​ခဲ့​၏။ သို့​နှင့် ဓမ္မ​အမှုကို​ယေရှု​ဆောင်ရွက်​စဉ် ယုံကြည်ခြင်းဖြင့် နားထောင်သူ​တို့ကို နှစ်သိမ့်​ပေး​ရုံ​မ​က နောင်​လာ​လတ္တံ့​သော နှစ်ပေါင်း​ထောင်ချီ​အချိန်​အတွက် အားပေးမှု​ဖြစ်စေ​သည့် အခြေခံ​အကြောင်းရင်း​တစ်ရပ်​ကိုလည်း ချပေး​ခဲ့​သည်။

၁၀။ ယေရှု၏​ပူဇော်ရာ​ယဇ်​ကြောင့် အဘယ်အရာ​များ​ရရှိ​သနည်း။

၁၀ ယေရှုသည် ကိုယ်တော်​၏​လူ့​အသက်ကို ပူဇော်ရာ​ယဇ်​အဖြစ် စွန့်လွှတ်​ပြီး ကောင်းကင်​သို့ ရှင်ပြန်ထမြောက်​သွားပြီး​နောက် နှစ်ပေါင်း ၆၀ ကျော်​တွင် တမန်​တော်​ယောဟန်​သည် ဤသို့​ရေးသား​ရန် မှုတ်သွင်းခံ​ခဲ့​ရသည်– “ချစ်​သားတို့၊ သင်တို့သည် ဒုစရိုက် [မကောင်းမှု]ကို​မပြု​စေခြင်း​ငှာ ဤ​အရာများ​ကို သင်တို့အား​ငါ​ရေး​၍​ပေး​လိုက်​၏။ တစ်စုံ​တစ်ယောက်​သော​သူသည် ဒုစရိုက် [မကောင်းမှု]ကို​ပြု​မိ​လျှင်၊ ဖြောင့်မတ်​တော်​မူ​သော​အရှင် ယေရှု​ခရစ်​တည်း​ဟူသော ငါ​တို့​အမှုဆောင်​သခင်သည် ခမည်းတော်​ထံ​၌​ရှိ​တော်​မူ​၏။ ထို​သခင်သည် ငါ​တို့၏​အပြစ်​မ​က၊ လော[က]သား​အပေါင်း​တို့၏ အပြစ်ဖြေ​စ​ရာ​အကြောင်း​ဖြစ်​တော်​မူ​၏။” (၁ ယောဟန် ၂:၁၊ ၂) ယေရှု၏​စုံလင်သော လူ့​အသက်တာ ယဇ်​ပူဇော်ရာ​၏​အကျိုးကျေးဇူး​ကြောင့် ကျွန်ုပ်​တို့သည် နှစ်သိမ့်မှု​များစွာ​ရရှိ​ကြသည်။ ကျွန်ုပ်​တို့​အပြစ်လွှတ်​ခံရ​ခြင်း၊ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကြည်လင်​ခြင်း၊ ဘုရားသခင်​၏​မျက်နှာသာ​ရ ဆက်ဆံ​ရေး​ရခြင်း​နှင့် ထာဝရ​အသက်​ရဖို့ မျှော်လင့်​နိုင်၏။—ယောဟန် ၁၄:၆; ရောမ ၆:၂၃; ဟေဗြဲ ၉:၂၄-၂၈; ၁ ပေတရု ၃:၂၁

နှစ်သိမ့်​ပေး​သည့် သန့်ရှင်းသော​ဝိညာဉ်​တော်

၁၁။ နှစ်သိမ့်မှု​ပေး​ရန် အခြား​အဘယ်​ပြင်ဆင်ချက်​ကို ယေရှု​မသေဆုံးမီ ကတိပြု​ခဲ့​သနည်း။

၁၁ ပူဇော်ရာ​ယဇ်​အဖြစ်​မသေဆုံးမီ နောက်ဆုံး​ည​တွင် တမန်​တော်​များနှင့်​အတူ ယေရှု​ရှိ​စဉ် သူတို့ကို​နှစ်သိမ့်​ပေး​ရန် ကောင်းကင်​ခမည်းတော်​စီစဉ်​ထား​သည့် နောက်ထပ်​ပြင်ဆင်ချက်​တစ်ခု​အကြောင်း ကိုယ်တော်​မိန့်တော်မူ​ခဲ့​သည်။ ယေရှု ဤသို့​မိန့်ဆိုခဲ့သည်– “ငါသည်​ခမည်းတော်​ကို​တောင်း​၍ ခမည်းတော်​သည်[အမှန်]တရား​၏​ဝိညာဉ်​တည်း​ဟူသော​အခြားသော​ထောက်မ​သူ [နှစ်သိမ့်​ပေး​သူ; ဂရိ​ဘာသာ​စကား​ဖြင့် ပါ​ရာ​က​လဲ​တို့​စ်] ကို သင်တို့​နှင့်အတူ​အစဉ်မပြတ်​တည်​နေ​စေခြင်း​ငှာ သင်တို့အား​ပေး​တော်​မူ​မည်။” ဤ​စကား​ဖြင့် သူတို့ကို ယေရှု​စိတ်ချ​လက်ချ​ရှိစေခဲ့​သည်– “ဆရာ​တည်း​ဟူသော သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်း​သော​အရာ​တို့ကို ပြသ​သွန်သင်​တော်​မူ​၍ ငါ​ပြော​ခဲ့​သမျှ​သော​စကား​တို့ကို​မှတ်မိ​သော​ဉာဏ်​ကို သင်တို့အား​ပေး​တော်​မူ​မည်။” (ယောဟန် ၁၄:၁၆၊ ၁၇၊ ၂၆) သန့်ရှင်းသော​ဝိညာဉ်တော်သည် သူတို့ကို မည်သို့​နှစ်သိမ့်​ပေး​ခဲ့​သနည်း။

၁၂။ ယေရှု​တပည့်​များ​၏ မှတ်ဉာဏ်​ကို​အထောက်အကူ​ပြု​သည့် သန့်ရှင်းသော​ဝိညာဉ်တော်သည် လူများစွာကို မည်သို့​နှစ်သိမ့်မှု​ရရှိစေ​ခဲ့​သနည်း။

၁၂ တမန်​တော်​များသည် ယေရှု​ထံ​တော်​မှ ကျယ်ကျယ်ပြန့်ပြန့်​သွန်သင်ချက်​ရရှိခဲ့သည်။ သူတို့၏​အတွေ့အကြုံကို ဘယ်တော့​မျှ​မေ့လျော့​ကြ​မည်​မဟုတ်သော်လည်း ကိုယ်တော်​မိန့်တော်မူ​ခဲ့​သော​စကား​များ​ကို သူတို့​မှတ်မိ​ကြ​ပါ​မည်​လော။ သူတို့သည်​မစုံလင်​၍ မှတ်ဉာဏ်​မကောင်းသော​ကြောင့် အရေးကြီးသော​ညွှန်ကြားချက်​များ​ကို မေ့သွား​ကြ​မည်​လော။ သန့်ရှင်းသော​ဝိညာဉ်တော်သည် ‘ကိုယ်တော်​ပြော​ခဲ့​သမျှ​သော​စကား​တို့ကို​မှတ်မိ​သော​ဉာဏ်​ပေး’ မည်​ဟု ယေရှု​အာမခံခဲ့​သည်။ သို့​နှင့် ယေရှု​သေဆုံး​ပြီး ရှစ်နှစ်​အကြာတွင် မဿဲ​သည် ပထမဦးဆုံး​ခရစ်ဝင်​ကျမ်း​ကို ရေးသား​နိုင်​ခဲ့​သည်၊ ထို​တွင် ယေရှု၏​စိတ်​ကြည်နူး​ဖွယ် တောင်ပေါ်​တရားတော်၊ ဘုရားသခင့်​နိုင်ငံတော်​နှင့်​သက်ဆိုင်​သည့် မြောက်မြားစွာ​သော​ပုံ​ဥပမာ​များနှင့် ကိုယ်တော်​ရောက်ရှိ​နေခြင်း​နှင့်​ပတ်သက်သော​နိမိတ်​ကို အသေးစိတ်​ဆွေးနွေး​ဖော်ပြ ရေးသား​နိုင်​ခဲ့​သည်။ အနှစ် ၅၀ ကျော်​ကြာပြီးနောက်​တွင် တမန်​တော်​ယောဟန်​သည် ယေရှု၏​မြေကြီး​အသက်တာ​မှ နောက်ဆုံး​နေ့ရက်​များ​အကြောင်း ကျယ်ကျယ်ပြန့်ပြန့်​အသေးစိတ်​ဖော်ပြ ရေးသား​နိုင်​ခဲ့​သည်။ ဤ​မှုတ်သွင်းခံ​မှတ်တမ်းများ​သည် ကျွန်ုပ်​တို့​အချိန်အထိ အလွန်​အားပေးမှု​ဖြစ်သည်​တကား!

၁၃။ အစောပိုင်း​ခရစ်ယာန်​များ​၌ သန့်ရှင်းသော​ဝိညာဉ်တော်သည် ဆရာ​အဖြစ် မည်သို့​ဆောင်ရွက်​ခဲ့​သနည်း။

၁၃ သန့်ရှင်းသော​ဝိညာဉ်တော်သည် တပည့်​များ​အား ယေရှု​မိန့်တော်မူ​ခဲ့​သော​စကား​များ​ကို ပြန်​မှတ်မိ​စေ​ရုံ​မ​က​ဘဲ သူတို့ကို​သွန်သင်ပေး​ပြီး ဘုရားသခင့်​ရည်ရွယ်တော်မူချက်​ကို အပြည့်အဝ​နားလည်စေ​ရန် လမ်းညွှန်​ပေး​ခဲ့​သည်။ တပည့်​များနှင့် ယေရှု​ရှိခဲ့​စဉ် သူတို့ တိတိကျကျ​နားမလည်​ခဲ့​သော အကြောင်းအရာ​တို့ကို ကိုယ်တော်​မိန့်တော်မူ​ခဲ့​သည်။ သို့သော် နောက်ပိုင်း​တွင် သန့်ရှင်းသော​ဝိညာဉ်​တော်​၏​လှုံ့ဆော်မှု​ဖြင့် ယောဟန်၊ ပေတရု၊ ယာကုပ်၊ ယုဒ​နှင့် ပေါလု​တို့သည် ဘုရားသခင့်​ရည်ရွယ်တော်မူချက်​နှင့်​ပတ်သက်​၍ နောက်ထပ်​ပြည့်စုံချက်​များ​ကို ရှင်းပြ​ခဲ့​သည်။ သို့​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်သည် ဆရာ​အဖြစ် အကျိုးဆောင်ခြင်း​ဖြင့် တပည့်​များ​ကို ဘုရားသခင်​ညွှန်ကြား​နေကြောင်း ယုံကြည်​စိတ်ချ​စေ​သည်။

၁၄။ သန့်ရှင်းသော​ဝိညာဉ်တော်သည် ယေဟောဝါ​၏​လူ​တို့ကို အဘယ်​နည်းများဖြင့် ကူညီပေး​ခဲ့​သနည်း။

၁၄ ဝိညာဉ်​တော်​၏​အံ့ဖွယ်ဆု​ကျေးဇူးများ​က ဘုရားသခင်​သည် ဇာတိ​ဣသရေလလူ​တို့ကို မျက်နှာသာ​မပေး​တော့​ဘဲ ခရစ်ယာန်​အသင်းတော်​အပေါ်​သို့ မျက်နှာသာ​လွှဲပြောင်း​ခဲ့​ကြောင်းကို​လည်း အထင်အရှား​သက်သေထူ​သည်။ (ဟေဗြဲ ၂:၄) ထို​ဝိညာဉ်​အသီးကို သီး​ကြ​ခြင်း​အားဖြင့်လည်း ယေရှု၏​တပည့်​အစစ်အမှန်များ​ကို ခွဲခြား​သတ်မှတ်​စေသည့် အရေးပါသော​သက်သေ​တစ်ခု​ဖြစ်သည်။ (ယောဟန် ၁၃:၃၅; ဂလာတိ ၅:၂၂-၂၄) ထို​ဝိညာဉ်​တော်​က အသင်းတော်​သားများ​ကို ရဲရင့်ခြင်း​သတ္တိ​ရှိသော​သက်သေ​များ​ဖြစ်စေ​သည်။—တမန်​တော် ၄:၃၁

အလွန်အမင်း​ဖိနှိပ်ခံ​ရချိန်တွင် အကူအညီ

၁၅။ (က) အတိတ်​နှင့် မျက်မှောက်ခေတ်တွင် ခရစ်ယာန်​များသည် အဘယ်​ဖိအားပေး​မှုများ​ကို တွေ့ကြုံ​ခဲ့​ကြ​ရပြီ​နည်း။ (ခ) အားပေးသူ​ကိုယ်တိုင် ရံဖန်ရံခါ အားပေးခံရ​ဖို့ အဘယ်ကြောင့်​လို​သနည်း။

၁၅ ယေဟောဝါ​ကို​ဆည်းကပ်​ဝတ်ပြုသူ၊ ကိုယ်တော်​အား တည်ကြည်သူ​တို့သည် အမျိုးမျိုးသော​နှိပ်စက်​ညှဉ်းပန်းမှု​ခံရ​ကြသည်။ (၂ တိမောသေ ၃:၁၂) ခရစ်ယာန်​များစွာ​သည် အလွန့်အလွန်​ပြင်းထန်သော ဖိစီး​နှိပ်စက်မှု​ကို​ခံ​နေကြ​ရသည်။ မျက်မှောက်ခေတ်တွင် အချို့​သူတို့သည် လူအုပ်​၏​နှောင့်ယှက်​တိုက်ခိုက်မှု​ကို​ခံ​ကြ​ရပြီး ချွေး​တပ်​စခန်း​များ၊ အကျဉ်းထောင်​များ၊ အလုပ်ကြမ်း​စခန်း​များ​တွင် လူ​မ​ဆန်​သော​အခြေအနေ​မျိုး​၌ နေထိုင်ခဲ့​ကြ​ရသည်။ စိုး​ရ​များစွာ​သည် အင်တိုက်အားတိုက် နှိပ်စက်​ညှဉ်းပန်း​ခဲ့​ကြပြီ၊ သို့​မဟုတ် မတရား​ပြုသူ​တို့ကို တံခါးမ​ရှိ​ဓား​မရှိ ရိုင်းရိုင်းစိုင်းစိုင်း​ပြုမူ​ဖို့ ခွင့်ပြု​ခဲ့​ကြပြီ။ ထို​မျှ​မ​က ခရစ်ယာန်​များသည် အသက်​အန္တရာယ်​စိုးရိမ်​ရသည့်​အထိ ဖျားနာ​၏၊ သို့​မဟုတ် မိသားစုတွင် ရင်​လေး​ဖွယ်​အကျပ်အတည်း​များ​ကြုံ​ခဲ့​ရ၏။ ခက်ခဲ​သည့်​အခြေအနေ​များ​ကို ရင်ဆိုင်​ဖြေရှင်းရန် ယုံကြည်သူချင်း တစ်ဦး​ပြီး​တစ်ဦး​ကို​ကူညီပေး​သူ ရင့်ကျက်သည့်​ခရစ်ယာန်​တစ်ဦး​ပင်​လျှင် ဖိအားပေး​မှု​ခံရ​ပေမည်။ ဤ​ကိစ္စ​မျိုး​တွင် အားပေးသူ​ကိုယ်တိုင် အားပေးခံရ​ဖို့ လိုအပ်​ပေ​လိမ့်​မည်။

၁၆။ ဒါဝိဒ်​သည် အကြီးအကျယ်​ဖိစီး​ခံရ​ချိန်​တွင် မည်သို့​အကူအညီ​ရခဲ့​သနည်း။

၁၆ ဘုရင်​ရှောလုသည် ဒါဝိဒ်​ကို​သတ်​ဖို့​လိုက်လံ​ရှာဖွေ​ချိန်​တွင် ဘုရားသခင်​၏​အကူအညီကို ဒါဝိဒ် ဤသို့​တောင်းခံ​ခဲ့​သည်– “အို​ဘုရားသခင် အကျွန်ုပ် . . . နှုတ်မြွက်​သော​စကား​ကို နားညောင်း​တော်​မူ​ပါ”၊ “ကိုယ်တော် . . . အတောင်​တော်​အရိပ်​၌ ခိုလှုံ​ပါ​၏။” (ဆာလံ ၅၄:၂၊ ၄; ၅၇:၁သမ္မာ) ဒါဝိဒ်​သည် အကူအညီ​ရခဲ့​ပါသလော။ အမှန်ပင် ရရှိခဲ့သည်။ ထို​အချိန်အတွင်း ယေဟောဝါ​သည် ဒါဝိဒ်​ကို​ညွှန်ကြား​ရန် ပရောဖက်​ဂဒ်​နှင့် ယဇ်ပုရောဟိတ်​အ​ဗျာ​သာ​တို့ကို အသုံးပြု​ခဲ့​၏၊ ထို​လူငယ်​ကို​ခွန်အား​ပေး​ရန် ရှောလု​၏​သား​ယောနသန်​ကို အသုံးပြု​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၂၂:၁၊ ၅; ၂၃:၉-၁၃၊ ၁၆-၁၈) ယေဟောဝါ​သည် ထို​နိုင်ငံ​ကို ဖိလိတ္တိ​လူမျိုး​တို့ ဝင်ရောက်​တိုက်ခိုက်​စေခြင်း​ဖြင့် ဒါဝိဒ်​ကို ရှောလု​လိုက်ရှာရာ​မှ လမ်း​လွှဲပြောင်း​စေ​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၂၃:၂၇၊ ၂၈

၁၇။ ယေရှုသည် အပြင်းအထန်​ဖိစီးမှု​ခံရ​စဉ် မည်​သူ့​ထံ​သို့ အကူအညီ​အတွက်​လှည့်​ခဲ့​သနည်း။

၁၇ ယေရှု​ခရစ်​ကိုယ်တော်တိုင်​သည်လည်း မြေကြီး​အသက်တာ​ကုန်ဆုံး​ခါနီး​တွင် အပြင်းအထန်​ဖိစီးမှု​ခံ​ခဲ့​ရသည်။ မိမိ၏​အမူအကျင့်​သည် ကောင်းကင်​ခမည်းတော်​၏​နာမတော်​ကို မည်သို့​ထိခိုက်​နိုင်​ကြောင်း​နှင့် လူသား​အားလုံး​၏​အနာဂတ်​အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​နိုင်​ကြောင်းကို ကောင်းစွာ​သိရှိ​ထား​တော်​မူ​သည်။ ထို့​ကြောင့် ကိုယ်တော်​သည် “ပြင်းစွာ​သော​ဝေဒနာ​ကို​ခံ​လျက်” အထူးသဖြင့်​ကြိုးစား​ဆုတောင်း​ခဲ့​သည်။ ထို​အကျပ်အတည်း​ကြုံကြိုက်​ချိန်​တွင် ယေရှု​လိုအပ်​နေသော ထောက်ပံ့​ကူညီ​မှု​ကို ဘုရားသခင်​ရရှိစေ​တော်​မူ​ခဲ့​သည်။—လုကာ ၂၂:၄၁-၄၄

၁၈။ ဘုရားသခင်​သည် အပြင်းအထန်​နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရသော အစောပိုင်း​ခရစ်ယာန်​များ​ကို မည်သို့​နှစ်သိမ့်​ပေး​ခဲ့​သနည်း။

၁၈ ပထမ​ရာစု​ရှိ​အသင်းတော်ကို​တည်ထောင်​ပြီး​နောက် ခရစ်ယာန်​များ ကြုံတွေ့​ရသော​နှိပ်စက်​ညှဉ်းပန်းမှု​မှာ အလွန်​ဆိုးရွား​လွန်း​သဖြင့် တမန်​တော်​များ​မှ​လွဲ​၍ အခြားသူ​အားလုံး ယေရုရှလင်​မြို့မှ ထွက်ပြေး​တိမ်းရှောင်​သွားခဲ့​ကြ​ရသည်။ အမျိုးသား၊ အမျိုးသမီး​တို့ကို သူတို့​အိမ်ထဲ​မှ အတင်း​အဓမ္မ​ဆွဲထုတ်​ခဲ့​ကြသည်။ ထို​အချိန်​အခါ​တွင် သူတို့ကို ဘုရားသခင်​မည်သို့​နှစ်သိမ့်​ပေး​ခဲ့​သနည်း။ သူတို့သည် ကောင်းကင်ဘုံ​၌ “သာ၍​မြတ်သော အမြဲ​တည်​သော​ဘဏ္ဍာ” ကို​ခရစ်တော်​နှင့်အတူ​အမွေ​ရမည်ဟု စိတ်ချ​စေ​ခဲ့​သည်။ (ဟေဗြဲ ၁၀:၃၄; ဧဖက် ၁:၁၈-၂၀) သူတို့​ဆက်​ဟောပြောကြ​စဉ် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​ဆုကျေးဇူး​ကို သူတို့​ခံစားရ​ကြောင်း သက်သေ​ထင်ရှား​၍ သူတို့၏​အတွေ့အကြုံ​များ​က ဝမ်းမြောက်​ရွှင်လန်းစရာ​အကြောင်း တိုးများ​လာ​စေ​ခဲ့​သည်။—မဿဲ ၅:၁၁၊ ၁၂; တမန်​တော် ၈:၁-၄၀

၁၉။ ပေါလု​သည် အပြင်းအထန်​နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရ​သော်လည်း ဘုရားသခင်​ပေး​တော်​မူ​သော​နှစ်သိမ့်မှု​နှင့်​ပတ်သက်​၍ သူ​မည်သို့​ခံစား​ခဲ့​ရသနည်း။

၁၉ အတန်ကြာ​လေ​သော် အပြင်းအထန်​နှိပ်စက်​ညှဉ်းပန်း​ခဲ့​သူ ရှောလု (ပေါလု) သည် နောက်ဆုံး​တွင် ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​သဖြင့် ကိုယ်တိုင်​နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရသည်။ ကုပရု​ကျွန်း​ပေါ်​တွင် နတ်ဝင်​သည်​တစ်ဦး​သည် လိမ်လည်​လှည့်ဖြား​၍ လို​ရာ​ဆွဲ​ပြီး​မဟုတ်မမှန်​ပြောဆိုခြင်း​ဖြင့် ပေါလု​၏​ခရစ်ယာန်​ဓမ္မ​အမှုကို နှောင့်ယှက်​ဟန့်တား​ရန် ကြိုးစား​ခဲ့​သည်။ ဂလာတိ​ပြည်​တွင် ပေါလု​ကို​ကျောက်ခဲ​နှင့်​ပစ်​၍ သေ​ပြီ​ဟု​စိတ်ထင်​နှင့် ပစ်ထား​ခဲ့​ကြ​၏။ (တမန်​တော် ၁၃:၈-၁၀; ၁၄:၁၉) မာကေဒေါနိ​ပြည်​တွင် သူသည် ကြိမ်လုံး​နှင့်​ရိုက်ခံ​ခဲ့​ရသည်။ (တမန်​တော် ၁၆:၂၂၊ ၂၃) ဧဖက်​မြို့တွင် လူအုပ်​၏​အကြမ်းဖက်မှု​ခံရ​ပြီး​နောက် သူ​ဤသို့​ရေးသားခဲ့​သည်– ‘ငါ​တို့သည် အသက်​မလွတ်​နိုင်​ဟု​ထင်​ရ​၍၊ မခံနိုင်​အောင် အတိုင်း​ထက်​အလွန်​ဆင်းရဲခံ​ရသည်။ သေစေ​ဟု​စီရင်ခြင်း​ကို ကိုယ်တိုင်​ခံရ​သကဲ့သို့​ဖြစ်၏။’ (၂ ကောရိန္သု ၁:၈၊ ၉) သို့သော် ထို​စာ​၌​ပင် ပေါလု​သည် စာပိုဒ် ၂ တွင် ကိုးကား​ထားသော ထို​နှစ်သိမ့်​စကား​များ​ကို ရေးသားခဲ့​သည်။—၂ ကောရိန္သု ၁:၃၊ ၄

၂၀။ နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်းကို ဆင်ခြင်​သုံးသပ်ကြ​မည်​နည်း။

၂၀ အဆိုပါ​နှစ်သိမ့်မှု​ကို သင်​မည်သို့​ဝေမျှ​ခံစား​နိုင်​သနည်း။ ကျွန်ုပ်​တို့​ခေတ်တွင် အများ​နှင့်အတူ ထောင်ချီ​၍​ဘေးအန္တရာယ်​ကြုံရခြင်း၊ သို့​မဟုတ် မိမိတို့​၌​သာ ကွက်​၍​ဆင်းရဲ​ခက်ခဲ​ကြုံရခြင်း​ကြောင့် ဝမ်းနည်းပူဆွေး​နေကြ​သူ လူများစွာ​သည် နှစ်သိမ့်မှု​လိုအပ်​နေကြ​သည်။ နောက်​ဆောင်းပါး​၌ ထိုသို့​သော ဖြစ်ရပ်​မျိုး​တွင် မည်သို့​နှစ်သိမ့်​ပေး​နိုင်​ကြောင်း ဆင်ခြင်​သုံးသပ်​သွား​ကြ​မည်။

သင်​မှတ်မိ​သလော

• ဘုရားသခင်​ထံ​တော်​မှ​နှစ်သိမ့်မှု​သည် အဘယ်ကြောင့် အဖိုးတန်​ဆုံး​ဖြစ်သနည်း။

• ခရစ်တော်​မှ​တစ်ဆင့် အဘယ်​နှစ်သိမ့်မှု​ပေး​ခဲ့​သနည်း။

• သန့်ရှင်းသော​ဝိညာဉ်တော်သည် နှစ်သိမ့်​ပေး​သူ​ဖြစ်​ကြောင်း မည်သို့​သက်သေထူ​ခဲ့​သနည်း။

• ဘုရားသခင်​၏​ကျေးကျွန်​တို့သည် ပြင်းထန်​စွာ​ဖိစီး​ခံရသော​အခါ ကိုယ်တော်​နှစ်သိမ့်​ပေး​ခဲ့​သော ပုံ​ဥပမာ​များ​ကို​ဖော်ပြ​ပါ။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် မိမိလူ​တို့ကို ကယ်လွှတ်​ခြင်း​အားဖြင့် နှစ်သိမ့်မှု​ပေး​ခဲ့​ကြောင်း သမ္မာကျမ်းစာ​ဖော်ပြ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေရှုသည် သွန်သင်ခြင်း၊ ရောဂါ​ကုသ​ပေးခြင်း​နှင့် လူသေ​တို့ကို ပြန်ရှင်​စေခြင်း​အားဖြင့် နှစ်သိမ့်မှု​ပေး​ခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေရှုသည် အထက်​အရပ်မှ​အကူအညီကို ရရှိခဲ့