မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏လုပ်ဆောင်မှုကို ယေဟောဝါသတိပြုမိသလော

သင်၏လုပ်ဆောင်မှုကို ယေဟောဝါသတိပြုမိသလော

သင်၏​လုပ်ဆောင်မှုကို ယေဟောဝါ​သတိပြုမိ​သလော

ယင်း​မေးခွန်း​ကို သင်​မည်သို့​ဖြေဆို​မည်​နည်း။ လူအများ​က ဤသို့​ဖြေဆို​ကြ​ပေမည်– ‘မောရှေ၊ ဂိဒေါင်၊ ဒါဝိဒ်​စတဲ့ သူတွေရဲ့​ဖြစ်မြောက်အောင်​မြင်​မှု​တွေ​ကို ဘုရားသခင် သိမြင်တယ်​လို့ ကျွန်ုပ်​ထင်​တယ်၊ ဒါပေမဲ့ ကျွန်ုပ်​လုပ်နိုင်တာ ဘာကိုမှ ဘုရားသခင်​စိတ်ဝင်စား​မှာ မဟုတ်ဘူး​ထင်​တယ်။ မောရှေ၊ ဂိဒေါင်၊ ဒါဝိဒ်​တို့​နဲ့ ကျွန်ုပ်​မတူတာ​တော့ သေချာတယ်။’

သမ္မာကျမ်းစာ​ခေတ်​က တည်ကြည်သူ​အမျိုးသား​အချို့​သည် ထူးခြားသော​ယုံကြည်ခြင်း​လုပ်ရပ်များ လုပ်ဆောင်ခဲ့​သည်​မှာ အမှန်ပင်။ သူတို့သည် ‘တိုင်းနိုင်ငံ​များ​ကို​အောင်​ခဲ့​သည်၊ ခြင်္သေ့​နှုတ်​ကို​ပိတ်​ခဲ့​သည်၊ မီး​အရှိန်ကို​ငြိမ်း​စေ​ခဲ့​သည်၊ ဓား​လက်နက်​ဘေး​မှ လွတ်မြောက်​ခဲ့​သည်။’ (ဟေဗြဲ ၁၁:၃၃၊ ၃၄) အခြားသူများ​မှာ​မူ သူတို့၏​ယုံကြည်ခြင်းကို ထို​မျှ​လောက်​ထူးခြားသော​နည်းများဖြင့် မတင်ပြ​ခဲ့​ကြသော်လည်း သူတို့၏​ယုံကြည်ခြင်း​လုပ်ရပ်များ​ကို ဘုရားသခင်​သိမြင်​ကြောင်း ကျမ်းစာ​က အတိအကျ​ဖော်ပြ​သည်။ ဥပမာ၊ သိုးထိန်း​တစ်ဦး၊ ပရောဖက်​တစ်ပါး​နှင့် မုဆိုးမ​တစ်ဦး​အကြောင်း သမ္မာကျမ်းစာ​ဖော်ပြ​ထား​ပုံ​ကို သုံးသပ်ကြည့်​ပါ။

သိုးထိန်း​တစ်ဦး ယဇ်​ပူဇော်

အာဒံ​နှင့်​ဧဝ​တို့၏ ဒုတိယ​မြောက်​သား အာဗေလ​အကြောင်း အဘယ်အရာ သင်​မှတ်မိ​သနည်း။ သူသည် ကျွန်ုပ်​တို့​ကြုံ​ခဲ​သည့် သေခြင်း​မျိုး​ဖြင့် သေ​ခဲ့​ရသည်ကို သင်​မှတ်မိ​ပေမည်။ သို့သော် အာဗေလ​ကို ဘုရားသခင် ဦးဆုံး​သတိပြုမိ​သည်​မှာ အခြား​အကြောင်း​တစ်ခု​ကြောင့်​ဖြစ်သည်။

တစ်နေ့​သောအခါ အာဗေလ​သည် သူ၏​သိုးအုပ်​ထဲ​မှ အကောင်းဆုံး​သိုး​အချို့​ကို​ရွေး​ပြီး ဘုရားသခင်​ထံ ပူဇော်​ခဲ့​သည်။ သူ​ဆက်သ​ခဲ့​ရာ​ကို ယနေ့​နှင့်​နှိုင်းယှဉ်လျှင် မဖြစ်​စ​လောက်​ဟု ထင်မှတ်​ကြ​မည်​ဖြစ်သော်လည်း ၎င်းကို ယေဟောဝါ​အသိအမှတ်​ပြုပြီး နှစ်သက်​လက်ခံ​ကြောင်း​ဖော်ပြ​ခဲ့​၏။ ထို​မျှ​မ​က​သေး​ချေ။ နောက်​နှစ်ပေါင်း​လေး​ထောင်​နီးပါး​ကြာသော် တမန်​တော်​ပေါလု​အား ယင်းကို ဟေဗြဲ​ကျမ်း​၌ ရေးသား​ဖော်ပြ​စေ​ခဲ့​သည်။ နှစ်ပေါင်း​များစွာ​ကြာပြီးနောက်​၌​ပင် ထို​ပူဇော်ရာ​ယဇ်​အသေးအဖွဲ​ကို ဘုရားသခင်​မမေ့​ခဲ့​ချေ!—ဟေဗြဲ ၆:၁၀; ၁၁:၄

အဘယ်​ယဇ်မျိုး​ကို​ပူဇော်​ရန် အာဗေလ မည်သို့​ဆုံးဖြတ်​ခဲ့​သနည်း။ ကျမ်းစာ​က အတိအကျ​မဖော်ပြသော်လည်း ယင်း​ကိစ္စ​ကို သူ​အသေအချာ စဉ်းစား​သုံးသပ်​ခဲ့​ပေမည်။ အာဗေလ​သည် သိုးထိန်း​တစ်ဦး​ဖြစ်သော​ကြောင့် သူ၏​သိုးအုပ်​မှ​အချို့​ကို ယဇ်​ပူဇော်​ပေမည်။ သို့သော် သူသည် အကောင်းဆုံး​ဖြစ်သော “သိုး​ဆီ​ဥ” ကို​ဆက်သ​ခဲ့​ကြောင်း သတိပြုပါ။ (ကမ္ဘာဦး ၄:၄) ထို့​ပြင် ဧဒင်ဥယျာဉ်​တွင် မြွေ​ကို ယေဟောဝါ​မိန့်ဆိုခဲ့​သည့် ဤ​စကား​များ​ကိုလည်း သူ​ဆင်ခြင်​သုံးသပ်​နိုင်​ဖွယ်​ရှိသည်– “သင်​နှင့်​မိန်းမကို​လည်းကောင်း၊ သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း ငါသည် ရန်ငြိုး​ဖွဲ့​စေမည်။ သူသည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်သည် သူ၏​ဖနောင့်​ကို ကြိတ်​လိမ့်​မည်။” (ကမ္ဘာဦး ၃:၁၅; ဗျာ. ၁၂:၉) ထို “မိန်းမ” နှင့် သူ၏ “အမျိုးအနွယ်” တို့သည် မည်သူ​မည်ဝါ​ဖြစ်သည်​ကို အာဗေလ နားမလည်​သော်လည်း မိန်းမ​၏​အမျိုးအနွယ် ‘ဖနောင့်​ကို​ကြိတ်’ ရာ​တွင် သွေး​ထွက်​မည်​ကို သဘောပေါက်ခဲ့​ပေမည်။ သက်ရှိ​သတ္တဝါ​ထက် ပို​၍​တန်ဖိုး​ရှိသော​အရာ ဘာမျှ​မရှိ​နိုင်​သည်ကို သူ​သဘောပေါက်ခဲ့​မည်​မှာ သေချာ​၏။ မည်သို့​ပင်​ဖြစ်ပါစေ၊ သူ​ပူဇော်​ခဲ့​သော​ယဇ်​သည် အမှန်ပင်​ဆီလျော်​အပ်စပ်​လှ​ပါ​သည်။

ယနေ့လည်း ခရစ်ယာန်​များသည် အာဗေလ​နည်းတူ ဘုရားသခင်​ထံ ယဇ်​ပူဇော်​ကြ​၏။ သူတို့သည် အ​ဦး​ဖွား​သော​တိရစ္ဆာန်​များ​ကို​မဟုတ်ဘဲ ဘုရားသခင်​၏ “နာမတော်​ကို​ဝန်ခံ​သော နှုတ်ခမ်းအသီး​တည်း​ဟူသော ချီးမွမ်း​ခြင်း​ယဇ်” ကို​ပူဇော်​ကြ​၏။ (ဟေဗြဲ ၁၃:၁၅သမ္မာ) ကျွန်ုပ်​တို့သည် မိမိ၏​ယုံကြည်ခြင်း​အကြောင်း သူတစ်ပါးကို ထုတ်ပြော​သောအခါ နှုတ်ဖြင့် လူသိရှင်ကြား​ဝန်ခံ​နေခြင်း​ဖြစ်သည်။

သင်၏​ချီးမွမ်း​ခြင်း​ယဇ်​အရည်အသွေးကို ကောင်း​သည်ထက်​ကောင်း​စေ​လို​သလော။ သို့​ဆိုလျှင် သင့်​ရပ်ကွက်​ရှိ လူတို့၏​လိုအပ်ရာ​များ​ကို အသေအချာ​စဉ်းစားပါ။ သူတို့၏​စိုးရိမ်​ပူပန်မှု​များ​ကား အဘယ်နည်း။ သူတို့၏​စိတ်ဝင်စား​ရာ​များ​ကော။ သမ္မာကျမ်းစာ​သတင်းတရား​၏ အဘယ်​အချက်​ကို သူတို့​နှစ်သက်​မည် ထင်​သနည်း။ အမှုဆောင်ထွက်​သောအခါ သင်​ရောက်​ခဲ့​သည့်​အိမ်များတွင် မည်သို့​ပြော​ဆိုလျှင် ပို​၍​ထိရောက်​မှု​ရှိ​မည်​ကို ဆန်းစစ်​ကြည့်​ပါ။ ယေဟောဝါ​အကြောင်း ပြောဆို​သည့်​အခါ နှလုံးပါပါ ယုံကြည်​စိတ်ချ​စွာ ပြောဆို​ပါ။ သင်၏​ယဇ်ကို တကယ့် “ချီးမွမ်း​ခြင်း​ယဇ်” ဖြစ်စေ​ပါ။

ပရောဖက်​တစ်ပါး လက်ခံမှု​မရှိသော​အိမ်နီးချင်း​များ​ကို ဟောပြော

ယခု ပရောဖက်​ဧနောက်​အကြောင်း သုံးသပ်ကြည့်​ပါ။ သူသည် ယေဟောဝါ​ဘုရားသခင်​၏ တစ်ဦးတည်း​သော​သက်သေခံ ဖြစ်​ကောင်း​ဖြစ်နေ​ပေမည်။ သင်သည် ဧနောက်​နည်းတူ သင့်​မိသားစုတွင် ယေဟောဝါ​အား တစ်ဦးတည်း​ဝတ်ပြုသူ​လော။ သင်သည် အတန်း​ထဲ​တွင် သို့​မဟုတ် အလုပ်ခွင်​တွင် သင်​တစ်ဦးတည်း​သာ ကျမ်းစာ​မူများ​ကို လိုက်နာ​ကျင့်သုံး​နေ​သူ​လော။ သို့​ဆိုလျှင် သင်သည် အတိုက်အခံ​များနှင့် တွေ့​ကောင်း​တွေ့ရ​ပေမည်။ သင်၏​မိတ်ဆွေများ၊ ဆွေမျိုး​များ၊ အတန်းဖော်​များ၊ အလုပ်ဖော်​များ​က သင့်ကို ဘုရားသခင့်​ပညတ်​များ​ချိုးဖောက်​ရန် တိုက်တွန်း​ကြ​ပေမည်။ “မင်း​လုပ်တာတွေကို ဘယ်သူမှ သိ​မှာ​မဟုတ်ဘူး။ ငါ​တို့​လည်း ပြော​မှာ​မဟုတ်ဘူး” ဟု​သူတို့​ပြော​ကြ​ပေမည်။ သင်၏​လုပ်ဆောင်မှုကို ဘုရားသခင် ဂရုမစိုက်​သောကြောင့် သမ္မာ​ကျမ်းစာ​ပါ ကိုယ်ကျင့်တရား​စံနှုန်း​များ​အတွက် စိတ်​အနှောင့်အယှက်​ဖြစ်​ခြင်း​သည် အချည်းနှီးသာ​ဟု သူတို့​အခိုင်အမာ​ပြောဆို​ကြ​ပေမည်။ သင်သည် သူတို့​နည်းတူ မတွေး​ခေါ်၊ မပြုမူ​သည်ကို မကျေမနပ်​ဖြစ်​ကာ သင်၏​ခံနိုင်ရည်​ကို ချိုးဖျက်​ရန် အစွမ်းကုန်​ကြိုးစား​ကြ​ပေမည်။

ဤသို့​သော​ဖိအား​ပေး​မှု​ကို ရင်ဆိုင်​တိုက်လှန်​ရန် မလွယ်ကူ​သော်လည်း မဖြစ်​နိုင်သော​အရာ​မဟုတ်ပေ။ အာဒံ​မှ​ခု​နစ်​ဆက်​မြောက်​မျိုးဆက်​ဖြစ်သူ ဧနောက်​အကြောင်း စဉ်းစား​ကြည့်​ပါ။ (ယုဒ ၁၄) ဧနောက်​မွေးဖွားချိန်​တွင် လူအများစု​သည် အရှက်အကြောက်​မရှိကြ​တော့​ချေ။ သူတို့၏​အပြောအဆို ကြမ်းတမ်း​ပြီး အပြု​အမူ​များ​မှာ စက်ဆုပ်​ရွံရှာဖွယ်​ကောင်း​သည်။ (ယုဒ ၁၅) ယနေ့ လူအများ​ပြုမူ​သည့်​နည်းတူ သူတို့​ပြုမူ​ခဲ့​ကြ​၏။

ဧနောက်​သည် ထို​အခြေအနေ​ကို မည်သို့​ကျော်လွှား​နိုင်​ခဲ့​သနည်း။ ၎င်း​မေးခွန်း​၏​အဖြေ​မှာ ယနေ့ ကျွန်ုပ်​တို့အတွက် စိတ်ဝင်စားစရာ​ဖြစ်သည်။ ထို​အချိန်​က ကမ္ဘာ​ပေါ်​တွင် ဧနောက်​တစ်ဦးတည်း​သာ ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​သူ​ဖြစ်သော်လည်း အမှန်တကယ်​မူ သူ​တစ်ဦးတည်း​မဟုတ်​ခဲ့​ချေ။ ဧနောက်​သည် ဘုရားသခင်​နှင့်အတူ သွားလာ​ခဲ့​သည်။—ကမ္ဘာဦး ၅:၂၂

ဧနောက်​၏​အသက်တာတွင် အဓိက​အာရုံစိုက်​ရာ​မှာ ဘုရားသခင်​၏​စိတ်တော်နှင့်​တွေ့​ရန်ဖြစ်​သည်။ ဘုရားသခင်​နှင့်အတူ သွားလာခြင်း​သည် ကိုယ်ကျင့်တရား​စင်ကြယ်​ရုံ​မျှ​မ​က အဓိပ္ပာယ်​ရှိကြောင်း သူသိ​ရှိခဲ့​သည်။ သူ​ဟောပြောရန် ယေဟောဝါ မျှော်လင့်​ခဲ့​သည်။ (ယုဒ ၁၄၊ ၁၅) လူတို့၏​ဘုရားတရား​ရေး​ကင်းမဲ့​သော​အမူအကျင့်များ​ကို သိမြင်​သူ​ရှိကြောင်း အသိ​ပေးဖို့​လို​သည်။ ဧနောက်​သည် ဘုရားသခင်​နှင့်အတူ အနှစ် ၃၀၀ ကျော်​လျှောက်လှမ်း​ခဲ့​သည်—ကျွန်ုပ်​တို့​တွင် မည်သူ​မဆို ခံရပ်​ခဲ့​သည်ထက် ပိုမို​ကြာရှည်​ခဲ့​သည်။ သူသည် သေ​သည့်​အထိ ဘုရားသခင်​နှင့်အတူ သွားလာ​ခဲ့​၏။—ကမ္ဘာဦး ၅:၂၃၊ ၂၄

ဧနောက်​နည်းတူ ကျွန်ုပ်​တို့​လည်း ဟောပြောခြင်း​တာဝန်​ရထား​ကြသည်။ (မဿဲ ၂၄:၁၄) တစ်အိမ်​မှ​တစ်အိမ်​သက်သေခံခြင်း​အပြင် ကျွန်ုပ်​တို့သည် ဆွေမျိုး​များ၊ စီးပွားရေး​မိတ်ဆွေများ​နှင့် အတန်းဖော်​များ​ကို သတင်းကောင်း​ဟောပြောရန် ကြိုးစား​ကြ​၏။ သို့သော် တစ်ခါတစ်ရံ ဟောပြောရန် တွန့်ဆုတ်​နေ​ပေမည်။ ထိုသို့​သင်​ဖြစ်​ဖူး​သလော။ လက်မလျှော့​လိုက်ပါ​နှင့်။ အစောပိုင်း​ခရစ်ယာန်​များ​ကို အတု​ယူပြီး သတ္တိ​ရှိဖို့ ဘုရားသခင်​ထံ ဆုတောင်း​ပါ။ (တမန်​တော် ၄:၂၉) သင်သည် ဘုရားသခင်​နှင့်အတူ သွားလာ​နေသည့်​ကာလပတ်လုံး ထီးတည်း​မဖြစ်ကြောင်း ဘယ်​သောအခါ​မျှ မမေ့​ပါ​နှင့်။

မုဆိုးမ​တစ်ဦး တစ်​နပ်​စာ​ပြင်ဆင်​ပေး

ထူး​ထူး​ထွေ​ထွေ​မဟုတ်သည့် တစ်​နပ်​စာ​ကို ပြင်ဆင်​ပေး​ခဲ့​သောကြောင့် ကောင်းချီး​နှစ်ခု​ရခဲ့​သည့် အမည်​မသိ​မုဆိုးမ​တစ်ဦး​ကို မြင်ယောင်​ကြည့်​ပါ။ သူသည် ဣသရေလ​လူမျိုးမဟုတ်ဘဲ ဘီ.စီ.အီး. ဆယ်ရာစု​က ဇရတ္တ​မြို့တွင်​နေထိုင်ခဲ့​သော တစ်ပါး​အမျိုးသား​ဖြစ်သည်။ မိုးခေါင်​ရေ​ရှား၍ အစာ​ခေါင်းပါး​ချိန်​ပြီး​ခါနီး​တွင် ထို​မုဆိုးမ​မှာ စားစရာ​မရှိသလောက်​ဖြစ်နေ​သည်။ သူနှင့်​သူ့​သား နောက်ဆုံး​တစ်​နပ်​စာ​စား​ရန် လက်တစ်ဆုပ်​စာ​ဂျုံ​နှင့် ဆီ​အနည်းငယ်​သာ ကျန်ရှိ​တော့​သည်။

ဤ​အချိန်​အခါ​တွင် ဧည့်သည်​တစ်ဦး​ရောက်လာ​သည်။ ထို​သူ​မှာ ၎င်း​မုဆိုးမ​၏ မဖြစ်​စ​လောက်​အစာကို ဝေမျှ​ကျွေး​ခိုင်း​သည့် ဘုရားသခင်​၏​ပရောဖက် ဧလိယ​ဖြစ်သည်။ သူနှင့်​သူ့​သား​အတွက်​ပင် မလောက်​မ​ငှ​ဖြစ်နေ​ရာ ဧည့်သည်​ကို​ကျွေး​ရန် အပို​အ​လျှံ​မရှိ​ချေ။ သို့သော် ဧလိယ​က ထို​အစာကို မိမိ​နှင့်​ဝေမျှ​စား​မည်​ဆိုလျှင် သူ​နှင်​သူ့​သား​သည် အစာ​ငတ်​လိမ့်​မည်​မဟုတ်​ဟု ယေဟောဝါ​၏​မိန့်တော်မူချက်​ဖြင့် ဧလိယ​အာမခံခဲ့​သည်။ ဣသရေလ​လူမျိုး၏​ဘုရားသခင်​သည် တစ်ပါး​အမျိုးသား​မုဆိုးမ​တစ်ဦး​ကို အသိအမှတ်ပြု​လိမ့်​မည်​ဟု ယူမှတ်​ရန် ယုံကြည်ခြင်း​ရှိဖို့လို​သည်။ သို့​တိုင် ဧလိယ​စကား​ကို ယုံ​သည့်​အတွက် သူ့ကို ယေဟောဝါ ကျေးဇူးပြု​ခဲ့​သည်။ “ထာဝရ​ဘုရား​သည် ဧလိယ​အားဖြင့် မိန့်တော်မူသော​စကား​အတိုင်း အိုး​၌​ရှိသော မုန့်​ည​က်​မကုန်၊ ဘူး​၌​ရှိသော​ဆီ​မ​လျော့။” ထို​အမျိုးသမီးနှင့် သူ၏​သား​သည် အစာ​ခေါင်းပါး​ခြင်း​ပြီးဆုံး​သည့်​တိုင် စားစရာ​ပုံမှန်​ရရှိခဲ့သည်။—၃ ဓမ္မ​ရာဇဝင် ၁၇:၈-၁၆

သို့သော် ထို​မုဆိုးမ​သည် နောက်ထပ်​ကောင်းချီး​တစ်ခု​ရ​သေး​၏။ ထို​အံ့ဖွယ်အမှု​ဖြစ်​ပြီး​နောက် များ​မကြာမီ သူ​ချစ်​မြတ်နိုးသော​သားလေး ဖျားနာ​ပြီး သေဆုံး​သွား​ရှာ​သည်။ ဧလိယ​သည် သနားစိတ်​ဖြင့် ကလေး​ကို​အသက်ပြန်ရှင်​စေရန် ယေဟောဝါ​ထံ အသနားခံ​လေ​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၇:၁၇-၂၄) ထိုသို့​အသက်ပြန်ရှင်​စေရန် တစ်ခါမျှ​မကြုံ​ခဲ့​ဖူး​သော​အံ့ဖွယ်အမှု ပြု​ဖို့​လို​ပေမည်။ ထို​အချိန်အထိ ရှင်ပြန်ထမြောက်​ခဲ့​ဖူး​သူ တစ်ဦး​တစ်ယောက်မျှ မရှိ​သေး​ချေ။ ယေဟောဝါ​သည် တစ်ပါး​အမျိုးသား​ဖြစ်သော ဤ​မုဆိုးမ​ကို တစ်ဖန်​ကရုဏာ​ပြ​ဦး​မည်​လော။ ပြတော်မူ​ခဲ့​၏။ ထို​ကလေး​ကို အသက်ပြန်ရှင်​လာ​စေရန် ဧလိယ​ကို ယေဟောဝါ တန်ခိုး​ပေး​ခဲ့​သည်။ နောက်ပိုင်း​တွင် အခွင့်ထူး​ရရှိခဲ့​သော ထို​မုဆိုးမ​အကြောင်း ယေရှု ဤသို့​မိန့်မြွက်​ခဲ့​သည်– “ဣသရေလ​အမျိုး​ဖြစ်သော မုဆိုးမ​အများ​ရှိကြ​၏။ သို့သော်လည်း . . . ဧလိယ​ကို . . . ဇိဒုန်​ပြည်၊ ဇရတ္တ​မြို့သူ​ဖြစ်သော မုဆိုးမ​တစ်ယောက်​ရှိရာသို့ စေလွှတ်​တော်​မူ​၏။”—လုကာ ၄:၂၅၊ ၂၆

ယနေ့ စီးပွားရေး​အခြေအနေ​သည် စက်​မှု​နိုင်ငံ​များ​၌​ပင် ယိမ်းယိုင်​လျက်​ရှိ၏။ အကြီးစား​ကော်ပိုရေးရှင်း​အချို့​သည် ဆယ်စု​နှစ်ချီ၍ သစ္စာရှိ​ရှိ​အလုပ်လုပ်​ခဲ့​သူ အလုပ်သမား​များ​ကို အလုပ်​ဖြုတ်​ခဲ့​သည်။ ခရစ်ယာန်​တစ်ဦး​သည် အလုပ်​လက်မဲ့​ဖြစ်​မည်​ကို​စိုးရိမ်​ပြီး မိမိကို ကုမ္ပဏီ​က ဆက်​ခန့်​ရန် အချိန်ပို​ဆင်း​ပေး​လိမ့်​မည်။ ထိုသို့​ပြုလုပ်​မည်​ဆိုလျှင် သူသည် ခရစ်ယာန်​အစည်းအဝေး​များ​တက်​ရန်၊ လယ်ကွင်း​ဓမ္မ​အမှု​တွင်​ပါဝင်​ရန်၊ မိသားစု​၏ စိတ္တ​ရေး​နှင့် ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို ဖြည့်စွက်​ပေး​ရန် အချိန်​ရှိတော့မည်​မဟုတ်ပေ။ သို့​တိုင် မည်သို့​ပင်​ဖြစ်​လာပါစေ၊ ထို​အလုပ်​ဆက်​ရှိဖို့လို​သည်​ဟု သူ​ယူဆ​ပေမည်။

ဤသို့​သော​စီးပွားရေး​အခက်အခဲ​ကြုံတွေ့​နေ​သူ ခရစ်ယာန်​တစ်ဦး​သည် စိုးရိမ်​ပူပန်​မည်​မှာ​အမှန်ပင်။ ဤ​ခေတ်​ကာလ​တွင် အလုပ်​ရဖို့​ခက်​သည်။ ကျွန်ုပ်​တို့​အများစု​သည် ချမ်းသာ​ကြွယ်ဝ​ရန် မကြိုးစား​ကြသော်လည်း ဇရတ္တ​မြို့မှ မုဆိုးမ​ကဲ့သို့ အသက်ရှင်ရေး​အတွက် အစာရေစာ​လိုချင်​ကြသည်။ သို့သော် ဘုရားသခင်​က “ငါသည် သင့်ကို​မစွန့်၊ သင့်ကို​အလျှင်း​ပစ်​၍​မထား” ဟု​မိန့်ဆိုခဲ့​ကြောင်း တမန်​တော်​ပေါလု​သတိပေး​ခဲ့​သည်။ “ထာဝရ​ဘုရား​သည် ငါ့ကို​မစ​တော်​မူ​သည်​ဖြစ်၍ လူသည် ငါ​၌​ပြု​နိုင်​သမျှ​ကို ငါ​မကြောက်” ဟု​ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​စွာ ပြောဆို​နိုင်​ကြ​၏။ (ဟေဗြဲ ၁၃:၅၊ ၆) ပေါလု​သည် သူ၏​အသက်ကို ပေး​ဝံ့​သည့်​အထိ ထို​ကတိတော်​ကို ယုံကြည်ခဲ့​ရာ ယေဟောဝါ​သည် သူ့ကို အစဉ်​ကြည့်ရှု​စောင့်မ​ခဲ့​သည်။ ဘုရားသခင်​ကို ကျွန်ုပ်​တို့​မစွန့်​လျှင် ကျွန်ုပ်​တို့ကို ကိုယ်တော်​စွန့်​တော်​မူ​မည်​မဟုတ်​ချေ။

ကျွန်ုပ်​တို့သည် မောရှေ၊ ဂိဒေါင်​နှင့် ဒါဝိဒ်​အစ​ရှိသော ဝိညာဉ်​ရေး​လူ​တို့​ကဲ့သို့ ထူးခြားသော​လုပ်ဆောင်မှုများ​ကို ဘယ်​သောအခါ​မျှ ပြုလုပ်​နိုင်​ကြ​မည်​မဟုတ်သော်လည်း သူတို့၏​ယုံကြည်ခြင်းကို တုပ​နိုင်​ကြသည်။ အာဗေလ၊ ဧနောက်​နှင့် ဇရတ္တ​မြို့မှ​မုဆိုးမ​တို့၏ သာမန်​လုပ်ရပ်များ​ကို ကျွန်ုပ်​တို့ အမှတ်ရ​နိုင်​သည်။ ယေဟောဝါ​သည် အသေးအဖွဲ​မျှ​သာ​ဖြစ်ပါစေ ယုံကြည်ခြင်း​လုပ်ရပ်​အားလုံး​ကို စိတ်ဝင်စား​တော်​မူ​၏။ ဘုရားသခင်​ကို​ကြောက်ရွံ့​သော ကျောင်းသား​တစ်ဦး​သည် ရွယ်တူချင်း​ထံ​မှ မူးယစ်​ဆေး​ကို ငြင်းပယ်​သောအခါ၊ ခရစ်ယာန်​အလုပ်သမား​တစ်ဦး​သည် အလုပ်ခွင်​တွင် အကျင့်​ယိုယွင်း​ဖို့ မြှူဆွယ်​ခြင်း​ကို ငြင်း​သောအခါ၊ သက်ကြီး​အို​ရွယ်​သက်သေခံ​တစ်ဦး​သည် အားအင်ကုန်ခန်း​ပြီး ကျန်းမာ​ရေး​မကောင်း​သည့်​တိုင် အသင်းတော်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​သောအခါ ယင်း​တို့အားလုံး​ကို ယေဟောဝါ သိမြင်​တော်​မူ​သည်။ ကိုယ်တော်​ရွှင်လန်း​လိုက်​မည်​ဖြစ်​ခြင်း!—သု. ၂၇:၁၁

သူတစ်ပါး​လုပ်ဆောင်မှုကို သင်​သတိပြုမိ​သလော

ယေဟောဝါ​သည် ကျွန်ုပ်​တို့​လုပ်ဆောင်လေသမျှ​ကို သတိပြု​တော်​မူ​၏။ ထို့​ကြောင့် ဘုရားသခင်​ကို တုပသူ​များ​အနေ​နှင့် သူတစ်ပါး​၏​ကြိုးစား​အားထုတ်မှု​များ​ကို ကျွန်ုပ်​တို့ သတိပြု​သင့်​သည်။ (ဧဖက် ၅:၁) အသင်းတော်​အစည်းအဝေး​များ​တက်​ရန်၊ လယ်ကွင်း​ဓမ္မ​အမှု​တွင်​ပါဝင်​ရန်၊ နေ့စဉ်​ဘဝ​အသက်တာ​၏​လုပ်ငန်းများ​ကို ပြုလုပ်​ရန်​အတွက်​ပင် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ချင်း​များ ရင်ဆိုင်​ရသည့် အခက်အခဲ​များ​ကို အနီးကပ်​ကြည့်ရှု​ပါ​လေ။

ထို့နောက် ယေဟောဝါ​ကို သင်​နှင့်အတူ ဝတ်ပြုသူချင်း​တို့အား သူတို့၏​ကြိုးစား​အားထုတ်မှု​များ​ကို သင်​လေးမြတ်​တန်ဖိုး​ထား​ကြောင်း သိရှိ​စေပါ။ ထို​သို့ပြုလျှင် သူတို့ အားရ​ဝမ်းသာ​ကြ​ပါ​လိမ့်​မည်၊ သူတို့ကို သင်​သတိပြုမိ​သကဲ့သို့ ယေဟောဝါ​လည်း သတိပြု​ကြောင်း သူတို့ကို စိတ်ချ​စေ​ပေမည်။