မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အချို့သူတို့ အဖြေရရှိခဲ့ပုံ

အချို့သူတို့ အဖြေရရှိခဲ့ပုံ

အချို့​သူတို့ အဖြေ​ရရှိခဲ့​ပုံ

သန်းနှင့်ချီ​သော​သူတို့သည် ဆုတောင်း​ကြ​၏။ တချို့က သူတို့​ဆုတောင်း​ပြည့်​သည်​ဟု ထင်မှတ်​ကြ​၏။ တခြား​သူများ​မှာ​မူ သူတို့၏​ဆုတောင်းချက်​များ​ကို နားညောင်း၊ မ​ညောင်း သိ​လို​ကြ​၏။ အခြား​သူများ​သည် အဖြေ​ရ​လို​ကြသော်လည်း ဘုရားသခင်​ထံ ဆုတောင်း၍ အဖြေ​တောင်းဆို​ရန် မစဉ်း​စား​ကြ​ချေ။

သမ္မာကျမ်းစာ​က စစ်မှန်သော​ဘုရားသခင်​အား “ဆုတောင်းချက်​ကို နားညောင်း​တော်​မူ​သော​အရှင်” ဟု​ခေါ်ဆို​ထား​၏။ (ဆာလံ ၆၅:၂က​ဘ) သင်​ဆု​တောင်းလျှင် သင်၏​ဆုတောင်းချက်​များသည် စစ်မှန်သော​ဘုရားသခင်​ထံ တိုက်ရိုက်​ရောက်ရှိ​ကြောင်း စိတ်ချ​သလော။ သင်၏​ဆုတောင်းချက်​များသည် ကိုယ်တော်​ဖြေကြား​ပေး​နိုင်​မည့် ဆုတောင်းချက်​များ​ဖြစ်သလော။

ကမ္ဘာ့​ဒေသ​အသီးသီး​ရှိ လူများစွာ​တို့​က ဟုတ်​သည် ဟု​ဖြေဆို​ကြ​၏! ဤ​သူတို့သည် အဖြေကို မည်သို့​ရရှိခဲ့ကြ​သနည်း။ သူတို့ အဘယ်အရာ သိရှိ​လာ​ခဲ့​ကြ​သနည်း။

ဘုရားသခင်—ကိုယ်တော်​ကား မည်သူ​နည်း

ခရစ်ယာန်​သီလရှင်​များနှင့် ဘုန်းကြီး​များ​လက်အောက်​တွင် ပညာ​သင်ကြား​ခဲ့​သော ပေါ်တူဂီ​နိုင်ငံ​မှ ကျောင်း​ဆရာမ​တစ်ဦး​သည် သူ၏​ယုံကြည်​သက်ဝင်မှု​များ​ကို စိတ်ရင်းမှန်​ဖြင့် ကျင့်သုံး​ခဲ့​သည်။ ယခင်​က​အရေးပါ​သည်​ဟု သွန်သင်​ပေး​ခဲ့​သည့်​ဓလေ့​ထုံးစံ​များ​ကို ချာ့ခ်ျ​က တစ်မျိုး​တစ်​မည်​ပြောင်း​ပြီး ပယ်ဖျက်​လိုက်​သောအခါ သူသည် စိတ်ရှုပ်​သွားလေသည်။ ခရီး​လှည့်လည်​သောအခါ အရှေ့တိုင်း​ဝတ်ပြုရေး​ပုံစံ​များ​ကို တွေ့မြင်​သိရှိ​လာပြီး စစ်မှန်သော​ဘုရားသခင်​တစ်ပါး​ရှိမရှိ သိ​လို​လာ​ခဲ့​သည်။ ဘုရားသခင်​အား မည်သို့​ဝတ်ပြု​ကိုးကွယ်​သင့်​သနည်း။ သူ၏​ခရစ်ယာန်​ဘုန်းကြီး​ကို ကျမ်းစာ​ပါ​အကြောင်း​များ မေးမြန်း​သည့်​အခါ သူ၏​မေးခွန်းများကို မသိကျိုးကျွန်​ပြု​လိုက်​သောကြောင့် သူ​စိတ်ဓာတ်ကျ​မိ​သည်။

ဤ​ကျောင်း​ဆရာမ​၏​မြို့တွင် ချာ့ခ်ျ​က ယေဟောဝါသက်သေ​များနှင့် စကား​မပြော​ရန် အသင်းသားများ​ကို သတိပေး​သည့် လက်ကမ်း​စာစောင် ဖြန့်ဝေ​ထား​၏။ သို့သော်လည်း သူ၏​မေးခွန်းများ​အတွက် အဖြေ​ရ​လို​ဆဲ​ပင်။ တစ်နေ့​၌ သက်သေခံ​များ သူ၏​အိမ်​သို့ လည်ပတ်​ရောက်ရှိ​လာသော​အခါ သူတို့​ပြော​သမျှ​ကို နားထောင်ပြီး စိတ်ဝင်စားမှု​တင်ပြ​ခဲ့​၏။ သက်သေခံ​များနှင့် ပထမဦးဆုံး​အကြိမ် စကားပြော​ဆို​ခဲ့​ခြင်း​ဖြစ်သည်။

ဤ​အမျိုးသမီး​သည် သူ၏​မေးခွန်းများ​အတွက် အဖြေ​ရရှိရန် သက်သေခံ​များနှင့် ကျမ်းစာ​သင်​လေ​သည်။ သက်သေခံ​များ အပတ်စဉ်​လာ​တိုင်း သူ့​တွင် မေးစရာ​မေးခွန်း​များစွာ​ရှိနေ​၏။ သူသည် ဘုရားသခင်​၏​နာမတော်၊ တစ်ဆူတည်း​သော စစ်မှန်​သည့်​ဘုရားသခင်​ရှိမရှိ၊ ရုပ်ပုံများ​အသုံးပြု၍ ကိုးကွယ်​ခြင်း​ကို ကိုယ်တော်​ကြိုက်​မကြိုက်​အပြင် ထို​ထက်မက​သော​အရာများ​ကို သိ​လို​ခဲ့​သည်။ သူ​ရရှိသမျှ​အဖြေ​များသည် ကိုယ်ပိုင်​ထင်မြင်ချက်​များ​မဟုတ်ဘဲ ကျမ်းစာ​မှ​ဖြစ်​ကြောင်း သူ​တွေ့မြင်​သောကြောင့် သိရှိရာ​များ​ကို အံ့အားသင့်​ပြီး အားရ​ကျေနပ်​ခဲ့​၏။ သူ၏​မေးခွန်းများ​အတွက် အဖြေ​များ​ကို တဖြည်းဖြည်း​ရရှိ​လာ​သည်။ ယနေ့ သူသည် ယေဟောဝါ​အား စိတ်ဖြင့်​လည်းကောင်း၊ အမှန်တရားဖြင့်​လည်းကောင်း ကိုးကွယ်​လျက်​ရှိ၏၊ “စစ်မှန်​စွာ​ဝတ်ပြု​ကိုးကွယ်​သူများ” သည်​ထိုသို့​ကိုးကွယ်​ကြ​မည်​ဟု ယေရှု​မိန့်ဆိုခဲ့​သည့်​အတိုင်း​ပင်​ဖြစ်သည်။—ယောဟန် ၄:၂၃က​ဘ။

သီရိလင်္ကာ​နိုင်ငံ​မှ မိသားစု​တစ်စု​သည် သမ္မာကျမ်းစာ​ကို အတူတကွ​မှန်မှန်​ဖတ်ရှု​ကြသော်လည်း သူတို့​အတွက် အရေးကြီး​သည့် မေးခွန်း​များစွာ​၏​အဖြေကို မရရှိ​ခဲ့​ကြ​ချေ။ သူတို့​အကူအညီ​လိုအပ်​နေကြ​သော်လည်း သူတို့၏​ခရစ်ယာန်​ဘုန်းကြီး​က မကူညီ​နိုင်​ခဲ့​ပေ။ သို့သော် ထို​မိသားစု​ထံ ယေဟောဝါသက်သေ​များ​ရောက်​ရှိလာ​ကြ​ပြီး သူတို့​အတွက် အထောက်အကူ​ပြု ကျမ်းစာ,စာပေ​များ ထားရစ်​ခဲ့​သည်။ နောက်ပိုင်း​တွင် ယေဟောဝါသက်သေ​များ​က ထို​မိသားစု​၏​ကျမ်းစာ​မေးခွန်းများကို ကျေနပ်​လောက်​ဖွယ်​အဖြေ​များ​ပေး​သည့်​အခါ ကျမ်းစာ​လေ့လာ​ရန် သူတို့​သဘောတူညီ​ခဲ့​ကြသည်။ သူတို့​တတ်သိ​လေ့လာ​ခဲ့​သမျှ​ကို အလွန်​စိတ်ဝင်စား​ခဲ့​ကြသည်။

သို့သော်လည်း ကလေး​ဘဝက ချာ့ခ်ျ​သွန်သင်ချက်​သည် ဇနီး​ဖြစ်သူ​အား ယေရှု​ကိုယ်တော်တိုင် မိန့်ဆိုခဲ့​သည့် ယေရှု​ခရစ်​၏​ခမည်းတော်​ကား ‘တစ်ဆူတည်း​စစ်မှန်သော​ဘုရားသခင်’ ဖြစ်သည်​ကို နားမလည်​နိုင်အောင် ဖုံးကွယ်​ထား​သည်။ (ယောဟန် ၁၇:၁၊ ၃) ယေရှုသည် ခမည်းတော်​နှင့် တန်းတူ​ဖြစ်​ပြီး ဤ “ခက်ခဲ​နက်နဲရာ” ကို​မ​မေးမြန်း​ရန် သွန်သင်ခံ​ခဲ့​ရ၏။ စိတ်ရင်းမှန်​ဖြင့် ယေဟောဝါ​၏​နာမတော်​ကို အသုံးပြု၍ ဆုတောင်း​ပြီး ယေရှုသည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ဖော်ပြ​ရန် တောင်းလျှောက်​ခဲ့​သည်။ ထို့နောက် သက်ဆိုင်ရာ​ကျမ်းချက်​များ​ကို တစ်ဖန် သေသေချာချာ ဆန်းစစ်​လေ့လာ​သည်။ (ယောဟန် ၁၄:၂၈; ၁၇:၂၁; ၁ ကောရိန္သု ၈:၅၊ ၆) သူ၏​မျက်စိ​မှ ငါး​ကြေး​ခွံ​များ​ကွာကျ​သွား​သကဲ့သို့ သူသည် ကောင်းကင်​နှင့်​မြေကြီးကို​ဖန်ဆင်း​သော ယေရှု​ခရစ်​၏​ခမည်းတော် ယေဟောဝါ​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်​ကြောင်း ရှင်းလင်း​ပြတ်သား​စွာ သိမြင်ခဲ့​ပြီ။—ဟေရှာယ ၄၂:၈; ယေရမိ ၁၀:၁၀-၁၂

ဆင်းရဲ​ခက်ခဲ​ခြင်း—အဘယ်ကြောင့်​နည်း

ယောဘသည် မချိမဆံ့​ဆင်းရဲ​ဝေဒနာ ခံစား​ခဲ့​ရသည်။ သူ၏​သားသမီး​အားလုံး မုန်တိုင်း​ကြောင့် သေဆုံး​သွားခဲ့​ကြ​ပြီး သူကိုယ်တိုင်​လည်း ဆင်းရဲ​နွမ်းပါး​သွားလေသည်။ နာကျင်​ကိုက်ခဲ​သော​ရောဂါ​တစ်ခု​ကို ခံစားရ​သည့်​အပြင် မိတ်ဆွေ​အတုအယောင်​များ​၏ ဖိအား​ပေး​မှု​ကိုလည်း ခံ​ခဲ့​ရ​ရှာ​သည်။ ဤ​အခြေအနေ​များ​အားလုံး​ကြား​တွင် ယောဘသည် မဆင်မခြင်​ပြောဆို​မိ​ခဲ့​သည်။ (ယောဘ ၆:၃) သို့သော် ဘုရားသခင်​သည် အခြေအနေ​များ​ကို ဆင်ခြင်​သုံးသပ်​ပြ​သည်။ (ယောဘ ၃၅:၁၅) ယောဘ​၏​နှလုံးကို ကိုယ်တော်​သိရှိပြီး ယောဘ​ကို လိုအပ်​သလို​ဆုံးမ​ခဲ့​သည်။ ယနေ့လည်း လူ​တို့ကို ထို​နည်းတူ ကိုယ်တော်​ပြု​တော်​မူ​၏။

မိုဇမ်ဘစ်​နိုင်ငံ​မှ ကာ​စ်​တ​ရို​သည် သူ၏​မိခင်​သေဆုံး​ချိန်​၌ အသက်​ဆယ်နှစ်​သာ​ရှိသေး​သည်။ သူသည် အကြီးအကျယ်​ဝမ်းနည်း​ကြေကွဲ​ခဲ့​ရ​ရှာ​၏။ “ဘာကြောင့် အမေ​သေဆုံး​သွားပြီး ကျွန်တော်​တို့​နဲ့​ခွဲခွာ​သွား​ရတာလဲ” ဟု​သူ​မေးခဲ့သည်။ ဘုရားသခင်​ကို ကြောက်ရွံ့​သော​မိဘများ​၏ လက်အောက်​တွင် သူကြီး​ပြင်း​လာ​ခဲ့​သော်လည်း ယခု သူသည် စိတ်ရှုပ်​ထွေး​လျက်​ရှိသည်။ သူ၏​စိတ်နှလုံး​ကို အဘယ်အရာက နှစ်သိမ့်​ပေး​နိုင်​သနည်း။ သူသည် ချီ​ချေ​ဝါ​သမ္မာကျမ်းစာ​အုပ်​ငယ်​တစ်အုပ်​ကို အစ်ကို​များနှင့်​အတူ ဖတ်ရှု​ဆွေးနွေးခြင်း​မှ နှစ်သိမ့်မှု​ရရှိခဲ့​၏။

ဘုရားသခင်​၏​မတရားမှု​ကြောင့်​မဟုတ်ဘဲ အမွေ​ရထား​သောမ​စုံလင်မှု​ကြောင့် အမေ​သေဆုံး​ခဲ့​ရသည်ကို တဖြည်းဖြည်း​နှင့် ကာ​စ်​တ​ရို သဘောပေါက်​လာ​သည်။ (ရောမ ၅:၁၂; ၆:၂၃) သမ္မာ​ကျမ်းစာ​ပါ ရှင်ပြန်ထမြောက်ခြင်း​ကတိတော်​သည် သူ့ကို နှစ်သိမ့်မှု​အများဆုံး​ပေး​ခဲ့​သည်၊ အကြောင်း​မှာ အမေ့ကို ပြန်တွေ့​နိုင်​မည့် ယုံကြည်​စိတ်ချမှု​ပေး​သောကြောင့်​ဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်​တော် ၂၄:၁၅) ဝမ်းနည်းစရာမှာ နောက်​လေးနှစ်​အကြာတွင် သူ၏​ဖခင်​လည်း ဆုံးသွား​ရှာ​သည်။ သို့သော် ဤ​အကြိမ်​တွင် ကာ​စ်​တ​ရို​သည် ထို​ဆုံးရှုံးမှု​ကို ကောင်းစွာ​ကိုင်တွယ်​ဖြေရှင်း​နိုင်​လေ​ပြီ။ ယနေ့ သူသည် ယေဟောဝါ​ကို ချစ်​မြတ်နိုးသူ​တစ်ဦး​ဖြစ်နေ​ပြီး သူ၏​ဘဝကို ဘုရားသခင်​၏​လုပ်ငန်းတော်တွင် သစ္စာရှိ​ရှိ​အသုံးပြု​နေသည်။ ယခု သူ​ရှာတွေ့​ထားသော ရွှင်လန်းမှု​ကို သူ့ကို​သိ​သူ​တိုင်း​က အထင်အရှား​တွေ့မြင်​နိုင်​ကြသည်။

ချစ်​မြတ်နိုး​ရသူ​တို့ကို ဆုံးရှုံး​ခဲ့​ရသော ကျန်ရစ်သူ​များစွာ​သည် ကာ​စ်​တ​ရို​အား နှစ်သိမ့်မှု​ပေး​သည့် အလားတူ​ကျမ်းစာ​အမှန်တရား၌ နှစ်သိမ့်မှု​ရရှိ​ကြသည်။ လူဆိုး​တို့၏​လုပ်ရပ်​ကြောင့် အကြီးအကျယ်​ဆင်းရဲ​ခက်ခဲ​ကြ​သူ​အချို့​သည် ယောဘ​မေးခဲ့​သည့်​အတိုင်း “လူဆိုး​တို့သည် အသက်ရှင်ရုံ​မျှ​မ​က အဘယ်ကြောင့်​အသက်ကြီး​၍ ဘုန်း​စည်းစိမ်​နှင့် ပြည့်စုံ​ကြ​သနည်း” ဟု​မေး​ကြ​၏။ (ယောဘ ၂၁:၇) သမ္မာကျမ်းစာ​အားဖြင့် ဘုရားသခင်​ဖြေဆို​သော​စကား​ကို အမှန်တကယ်​နားထောင်သူ​တို့​က ကိစ္စရပ်​များ​ကို ဘုရားသခင်​ကိုင်တွယ်​ဖြေရှင်းပုံ​သည် မိမိတို့​အကျိုး​အတွက်သာ​ဖြစ်​ကြောင်း သိရှိ​လာ​ကြ​၏။—၂ ပေတရု ၃:၉

ယူနိုက်တက်​စ​တိတ်​တွင် ကြီးပြင်း​လာ​သူ ဘာ​ဘ​ရာ​သည် စစ်​အ​နိ​ဋ္ဌာ​ရုံ​များ​ကို ကိုယ်တိုင်​မကြုံ​ခဲ့​ဖူး​ချေ။ သို့သော် စစ်​ဖြစ်​နေသော​ကာလ​တွင် သူကြီး​ပြင်း​လာ​၏။ စစ်​၏​ရက်စက်​ယုတ်မာ​မှုများ​အကြောင်း နေ့စဉ်​သတင်း​တွင် အမြဲ​ကြားနေ​ရသည်။ ကျောင်းတွင် သူ​သင်ကြား​ရသည့် သမိုင်း​ဖြစ်ရပ်​များသည် ကြိုတင်​ခန့်မှန်း​ထား​ပုံ​မရှိ ဖြစ်ပျက်​လာ​ခြင်း​က သူ့​အတွက် စိတ်ရှုပ်​ထွေး​စ​ရာ​ဖြစ်​ခဲ့​သည်။ ထိုသို့ မည်သို့​ဖြစ်ပျက်​လာ​သနည်း။ ဖြစ်ပျက်​နေ​သမျှ​ကို ဘုရားသခင်​သိရှိပါ​သလော။ ဘုရားသခင်​ရှိသည်​ဟု သူ​ယုံကြည်​သော်လည်း ကိုယ်တော်​နှင့်​ပတ်သက်​၍ စိတ်ရှုပ်​စ​ရာ​များ​ရှိနေ​၏။

သို့သော် ဘာ​ဘ​ရာ​သည် ယေဟောဝါသက်သေ​များနှင့် ပေါင်းသင်း​လာသော​အခါ ဘဝ​အပေါ် သူ၏​ရှုမြင်ပုံသည် တဖြည်းဖြည်း​ပြောင်းလဲ​လာ​သည်။ သက်သေခံ​များ​ပြောပြ​သည့်​အကြောင်း​များ​ကို သူ​နားထောင်ပြီး သူတို့နှင့်​ကျမ်းစာ​လေ့လာ​ခဲ့​သည်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​တွင် အစည်းအဝေး​များ​တက်​ခဲ့​သည်။ သူတို့၏​စည်းဝေးကြီး​တစ်ခု​ကို​ပင် တက်​ခဲ့​၏။ ထို့​ပြင် သူ​မေးခွန်းများ​မေး​သောအခါ သက်သေခံ​အသီးသီး​မှ ထင်မြင်ချက်​အမျိုးမျိုး​မရရှိ​ခဲ့​သည်ကို​လည်း သတိပြုမိ​သည်။ ၎င်း​အစား၊ သက်သေခံ​များ​၏ စဉ်းစား​တွေးခေါ်မှု​သည် သမ္မာကျမ်းစာ​အပေါ် အခြေပြု​သည့်​အတွက် တညီတညွတ်​တည်း ပြောဆို​ကြ​၏။

ဤ​လောကကို အစိုး​ရသော​မင်း​စာတန်​သည် ဩဇာ​လွှမ်းမိုး​နေပြီး သူ၏​စိတ်ထား​များ ရောင်ပြန်ဟပ်​လျက်​ရှိသည်​ကို သက်သေခံ​များ​က ကျမ်းစာ​အထောက်အထား​နှင့် သက်သေပြ​ခဲ့​သည်။ (ယောဟန် ၁၄:၃၀; ၂ ကောရိန္သု ၄:၄; ဧဖက် ၂:၁-၃; ၁ ယောဟန် ၅:၁၉) ဘာ​ဘ​ရာ​အား စိတ်ရှုပ်​နေ​စေသော​အဖြစ်အပျက်​များ​ကို ကျမ်းစာ​က​ကြို​ဟောထား​ကြောင်း သူတို့​ရှင်းပြသည်။ (ဒံယေလ​ အခန်းကြီး ၂၊ ၇၊ နှင့် ) ယင်း​တို့ကို ကိုယ်တော်​ကြို​ဟောခဲ့​ခြင်း​သည် အနာဂတ်​ကို ကြည့်မြင်​နိုင်သော​ကြောင့်​ဖြစ်သည်။ ထို​အဖြစ်အပျက်​အချို့​ကို ဘုရားသခင်​ဖြစ်ပေါ်​စေ​ခဲ့​၏။ တခြား​အဖြစ်အပျက်​များ​ကို​မူ ကိုယ်တော်​ခွင့်ပြု​ခဲ့​သည်၊ ကျွန်ုပ်​တို့​ခေတ်​၏ အကောင်း​ရော၊ အဆိုးကို​ပါ ကျမ်းစာ​ကြို​ဟောထား​ကြောင်း​နှင့် ယင်း​တို့၏​အဓိပ္ပာယ်​ကိုလည်း ရှင်းပြ​ထား​ကြောင်း ဘာ​ဘ​ရာ​အား သက်သေခံ​များ​ပြောပြ​သည်။ (မဿဲ ၂၄:၃-၁၄) ဖြောင့်မတ်မှု လွှမ်းမိုး၍ ဆင်းရဲ​ခက်ခဲ​မှု အတိတ်​တွင် ကျန်ရစ်​လိမ့်​မည့် ကမ္ဘာသစ်​နှင့်​ဆိုင်သော ကျမ်းစာ​ကတိတော်​များ​အကြောင်း သူ့ကို ပြောပြ​ကြသည်။—၂ ပေတရု ၃:၁၃; ဗျာ. ၂၁:၃၊ ၄

ယေဟောဝါ​ဘုရားသခင်​ကြောင့် ဆင်းရဲ​ခက်ခဲ​မှုများ​ဖြစ်လာ​သည်မဟုတ်​သော်လည်း ယင်း​တို့ကို တားဆီး​ရန် ဘုရားသခင်​၏​ပညတ်​များ​ကို လူ​တို့​မလိုက်လျှောက်​လို​ဘဲ​နှင့် အတင်း​လိုက်လျှောက်​စေမည်​မဟုတ်​ကြောင်း ဘာ​ဘ​ရာ တဖြည်းဖြည်း​သဘောပေါက်​လာ​သည်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) ကျွန်ုပ်​တို့ ထာဝစဉ် ပျော်ရွှင်စွာ​နေထိုင်​နိုင်​ရန် ဘုရားသခင်​စီစဉ်​ထား​ပါ​သည်၊ သို့သော် ကိုယ်တော်​၏​ဖြောင့်မတ်​သော​လမ်းစဉ်​များနှင့်​အညီ ကျွန်ုပ်​တို့​နေထိုင်​မည်၊ မနေထိုင်​မည်​ကို ယခု ဖော်ပြ​ခွင့်​ပေး​ထား​သည်။ (ဗျာ. ၁၄:၆၊ ၇) ဘာ​ဘ​ရာ​သည် ဘုရားသခင်​၏​တောင်းဆိုချက်​များ​ကို သင်ယူပြီး ၎င်း​တို့​နှင့်​အညီ နေထိုင်ရန် ဆုံးဖြတ်​ခဲ့​၏။ ထို့​ပြင် ယေရှု၏​နောက်လိုက်​အစစ်အမှန်များ​ကို ခွဲခြား​သိမြင်​စေ​မည့် မေတ္တာ​မျိုးကို ယေဟောဝါသက်သေ​များ​ကြား​တွင် သူ​တွေ့ရှိ​ခဲ့​သည်။—ယောဟန် ၁၃:၃၄၊ ၃၅

သူ့ကို​ကူညီပေး​ခဲ့​သည့် ပြင်ဆင်​ပေး​ချက်​များ​မှ အသင်​လည်း အကျိုး​ရယူ​နိုင်​ပါ​သည်။

အဓိပ္ပာယ်​ရှိသော ဘဝ​အသက်တာ

ဘဝတွင် အဆင်ပြေ​နေ​ပုံ​ရသော​သူများ​ပင် စိတ်ရှုပ်​ထွေး​စေသည့် မေးခွန်းများ​၏​အဖြေကို ရ​လို​ပေမည်။ ဥပမာ၊ ဗြိတိန်​နိုင်ငံ​မှ လူငယ်​မက်သရူး​သည် စစ်မှန်သော​ဘုရားသခင်​နှင့် ဘဝ​ရည်ရွယ်ချက်​တို့ကို သိလိုစိတ်​အမြဲ​ရှိခဲ့​သည်။ မက်သရူး ၁၇ နှစ်အရွယ်​တွင် သူ၏​ဖခင် ကွယ်လွန်​သွား​၏။ ထို့နောက် မက်သရူး​သည် တေးဂီတ​ပညာရပ်​ဖြင့် တက္ကသိုလ်​ဘွဲ့​ရခဲ့​သည်။ ထို​အခါ သူ၏​ရုပ်​ဝါဒ​ဆန်​သော​ဘဝ​ပုံစံ​သည် အဓိပ္ပာယ်​မရှိကြောင်း သတိပြုမိ​လာ​သည်။ သူသည် အိမ်​မှ​ထွက်ခွာ​သွားပြီး လန်ဒန်​မြို့တွင် သွားရောက်​နေထိုင်​ကာ ထို​တွင် စိတ်​ကျေနပ်ဖွယ်​ဘဝ​ပုံစံ​ကို ရှာဖွေ​နေစဉ် မူးယစ်​ဆေးဝါး၊ နို​က်​ကလပ်၊ ဗေဒင်​အတတ်၊ နတ်​ပညာ​အတတ်၊ . . . ဘာသာ၊ တခြား​အတွေးအခေါ်​ပညာရပ်​များ​ကို လိုက်စား​ခဲ့​သည်။ ကြံရာမရ​သည့်​အဆုံး​၌ သူသည် အမှန်တရားကို​တွေ့ရှိ​ရန် ကူညီ​ပေးဖို့ ဘုရားသခင်​ထံ တောင်းခံ​လေ​သည်။

နှစ်​ရက်​အကြာတွင် မက်သရူး​သည် မိတ်ဆွေဟောင်း​တစ်ဦး​နှင့် တွေ့ဆုံ​သောအခါ သူ၏​အခက်အခဲ​များ​ကို ပြောပြ​ခဲ့​သည်။ ထို​သူသည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​လေ့လာ​ခဲ့​ဖူး​သည်။ မက်သရူး​ကို ၂ တိမောသေ ၃:၁-၅ ဖွင့်ဖတ်​ပြ​သောအခါ ကမ္ဘာ့​အခြေအနေ​ကို ဤမျှ​တိကျ​စွာ ကျမ်းစာ​ဖော်ပြ​ထားခြင်း​ကို သူ​အံ့အားသင့်​သွား​သည်။ မက်သရူး​သည် တောင်ပေါ်​တရားတော်​ကို ဖတ်​သည့်​အခါ သူ၏​နှလုံးကို ထိမိ​ခဲ့​၏။ (မဿဲ​အခန်းကြီး ၅-၇) ယေဟောဝါသက်သေ​များ​ကို ဝေဖန်​ထား​သည့် ဆောင်းပါး​အချို့​ကို မက်သရူး​ဖတ်ဖူး​သောကြောင့် အစ​ပထမ​တွင် သူသည် မဝံ့မရဲ​ဖြစ်နေ​သော်လည်း နောက်ဆုံး​တွင် အနီးအနား​ရှိ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ အစည်းအဝေး​များ​တက်ရောက်​ရန် ဆုံးဖြတ်​ခဲ့​သည်။

ကြား​ခဲ့​သော​အကြောင်းအရာများ​ကို မက်သရူး​သဘောကျ​ပြီး အသင်းတော်​အကြီးအကဲ​တစ်ဦး​နှင့် ကျမ်းစာ​လေ့လာ​ခဲ့​သည်။ သူတတ်​သိလာ​သော​အကြောင်းအရာများ​သည် သူသိ​ရှိ​လို​၍ ဘုရားသခင်​ထံ အစောပိုင်းက ဆုတောင်း​ခဲ့​ခြင်း​၏​အဖြေ​ဖြစ်သည်​ကို မကြာမီ သိရှိ​လာ​လေ​သည်။ သူသည် ယေဟောဝါ​မနှစ်သက်​သော အကျင့်​များ​ကို စွန့်လွှတ်​လိုက်​သည်​နှင့် အကျိုးကျေးဇူးများ ခံစားရ​လေ​တော့​သည်။ ဘုရားသခင်​အား ကြောက်ရွံ့​သော​စိတ်​ကို မွေးမြူ​လာနိုင်​သောအခါ ဘုရားသခင်​၏​ပညတ်​များနှင့်​အညီ အသက်ရှင်​နေထိုင်ဖို့ လှုံ့ဆော်​ခံရ​လေ​သည်။ ဤသို့​သော​အသက်တာ​မျိုး​သည် အမှန်ပင်​အဓိပ္ပာယ်​ရှိကြောင်း မက်သရူး​သိရှိ​လာ​၏။—ဒေ. ၁၂:၁၃

မက်သရူး​နှင့် ဤ​ဆောင်းပါး​တွင်​ဖော်ပြ​ထားသော တခြားသူ​များသည် အားရ​ကျေနပ်ဖွယ်​ဘဝ​လမ်းစဉ်​ကို ရှာတွေ့​လိမ့်​မည်​ဟု တင်ကြို​သတ်မှတ်​ထားခြင်း​မရှိ​ချေ။ မည်သို့​ပင်​ဖြစ်ပါစေ၊ ယေဟောဝါ​ဘုရားသခင်၏ ပညတ်​များ​ကို ဝမ်းမြောက်​ဝမ်းသာ​လိုက်လျှောက်​သူအား​လုံး​အတွက် ကိုယ်တော့်​တွင် မေတ္တာပါ​ရည်ရွယ်ချက်​ရှိကြောင်း သူတို့​သိရှိ​လာ​ကြသည်။ (တမန်​တော် ၁၀:၃၄၊ ၃၅) ထို​ရည်ရွယ်ချက်တွင် စစ်၊ ဖျားနာခြင်း၊ ငတ်မွတ်​ခြင်း၊ သေခြင်း​ပင်မ​ရှိ​တော့​သည့်​ကမ္ဘာ​၌ နေထိုင်​ရမည့် ထာဝရ​အသက်ပါ​ဝင်​၏။ (ဟေရှာယ ၂:၄; ၂၅:၆-၈; ၃၃:၂၄; ယောဟန် ၃:၁၆) ၎င်းကို အသင် အလိုရှိ​သလော။ အလို​ရှိလျှင် ယေဟောဝါသက်သေ​များ​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် ကျမ်းစာ​အခြေပြု​အစည်းအဝေး​များ​ကို တက်ရောက်ခြင်း​ဖြင့် ကျေနပ်​အားရဖွယ်​ဘဝ၏​သော့ချက်​ကို ရှာတွေ့​ရန် ပိုမို​သင်ယူ​နိုင်​ပါ​သည်။ ထိုသို့​ပြု​ရန် သင့်​အား လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါ​သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင်​၏​ကိုယ်ပိုင်​နာမတော်​ကို အသုံးပြု၍ ကိုယ်တော်​ထံ ထက်သန်​စွာ ဆုတောင်း​ပါ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​တွင်​ပါရှိ​ရာ​များ​ကို အမှန်တကယ် သွန်သင်ပေး​သူများ​နှင့် ကျမ်းစာ​လေ့လာ​ပါ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် အစည်းအဝေး​များ​ကို တက်ရောက်​ပါ

[Picture Credit Line on page 4]

Hiker: Chad Ehlers/Index Stock Photography