စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
စီ.အီး. ၃၃ ခုနှစ်မှ စီ.အီး. ၃၆ ခုနှစ်အထိ ဂျူးများ၏နှစ်ခြင်းတွင် မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံစရာမလိုဟု ယခင်က ရှုမြင်ခဲ့ကြရာ စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့၌ ဂျူးယုံကြည်သူလူသစ်များ၏ နှစ်ခြင်းသည် “ခရစ်တော်မှတစ်ဆင့် ဘုရားသခင်အား မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံခြင်း” ၏အထိမ်းအမှတ်ဖြစ်သည်ဟု ၂၀၀၂ ခုနှစ်၊ ဧပြီလ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၁၊ အပိုဒ် ၇ တွင် အဘယ်ကြောင့်ဆိုရသနည်း။
ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် ယေဟောဝါဘုရားသခင်သည် ဣသရေလလူမျိုးများအား ‘ကိုယ်တော်၏စကားကို အမှန်နားထောင်၍ ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ရှောက်’ မည်ဆိုလျှင် ကိုယ်တော်၏ သန့်ရှင်းသောလူမျိုးဖြစ်လာရန် အခွင့်အရေးပေးခဲ့သည်။ သူတို့က “ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည်ပြုပါမည်” ဟုဖြေဆိုခဲ့ကြ၏။—ထွက်မြောက်ရာ ၁၉:၃-၈; ၂၄:၁-၈။
မောရှေပညတ်ပဋိညာဉ်ကို စောင့်ရှောက်ပါမည်ဟု ဣသရေလလူမျိုး သဘောတူခဲ့ခြင်းအားဖြင့် သူတို့သည် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံလိုက်ကြသည်။ ဤဆက်ကပ်အပ်နှံထားသည့် လူမျိုးထဲတွင် ဂျူးမျိုးဆက်များ ထပ်ပွားလာသည်။ သို့သော် စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့မှစ၍ ယေရှုခရစ်၏နောက်တော်လိုက်များဖြစ်လာကြသည့် ဂျူးများ၏နှစ်ခြင်းတွင် ဘုရားသခင်ထံဆက်ကပ်အပ်နှံထားသော လူမျိုးအဝင်အဖြစ် မိမိတို့ကိုယ်ကိုဆက်သခြင်းထက်မက အဓိပ္ပာယ်ရှိသည်။ ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါဘုရားသခင်နှင့်ဆက်ဆံရေးသစ်ဖြင့် ကိုယ်တော်ထံဆက်ကပ်အပ်နှံခြင်းကို ပုံဆောင်သည်။ မည်သို့အားဖြင့်နည်း။
စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့တွင် ယေရုရှလင်မြို့ရှိ အထက်ခန်းမတစ်ခုတွင် စုဝေးနေကြသော နောက်တော်လိုက် ၁၂၀ ခန့်အပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပြီးနောက်ပိုင်း အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို ရှုစားဖို့ စုရုံးလာကြသည့် ဂျူးလူမျိုးနှင့် ဘာသာပြောင်းဝင်လာသူ အမြောက်အမြားကို တမန်တော်ပေတရုသည် မတ်တတ်ရပ်ပြီး စတင်ဟောပြောလေတော့သည်။ စေ့စေ့စပ်စပ် သက်သေခံပြီးနောက် ကိုယ်ကိုကိုယ်သိသောစိတ် မကြည်မလင်ဖြစ်နေသော ဂျူးများကို သူဤသို့ပြောဆိုခဲ့သည်– “သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။” ပေတရု၏ထပ်ဆင့် နှိုးဆော်ချက်ကို တုံ့ပြန်သောအားဖြင့် “အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သောသူတို့သည်ဝင်ကြ၏။”—တမန်တော် ၂:၁-၄၁။
ပေတရု၏ တိုက်တွန်းနှိုးဆော်ချက်ကိုကြားပြီးနောက် နှစ်ခြင်းခံခဲ့ကြသည့် ဂျူးများသည် ဆက်ကပ်အပ်နှံထားသည့် လူမျိုးအဝင်ဖြစ်ထားနှင့်ပြီမဟုတ်လော။ သူတို့သည် ဘုရားသခင်နှင့် ဆက်ကပ်အပ်နှံထားသော ဆက်ဆံရေးရှိထားပြီးမဟုတ်လော။ မရှိပါ။ တမန်တော်ပေါလုက ‘ဘုရားသခင်သည် ပညတ်တရားကို ညှဉ်းဆဲရာနှက်တိုင်ပေါ်မှာရိုက်ထားခြင်းအားဖြင့် ပယ်ဖျက်တော်မူပြီ’ ဟုရေးသားခဲ့၏။ (ကောလောသဲ ၂:၁၄၊ ကဘ) စီ.အီး. ၃၃ ခုနှစ်တွင် ခရစ်တော်သေခြင်းအားဖြင့် ယေဟောဝါဘုရားသခင်သည် ပညတ်ပဋိညာဉ်ကို ဖယ်ရှားတော်မူခဲ့သည်၊ ထိုပညတ်ပဋိညာဉ်အားဖြင့်ပင် ဣသရေလလူမျိုးသည် ကိုယ်တော်နှင့် ဆက်ကပ်အပ်နှံထားသည့် ဆက်ဆံရေးရှိခဲ့သည်။ ဘုရားသခင်၏သားတော်ကို ငြင်းပယ်ခဲ့သည့်လူမျိုးသည် ယခု ဘုရားသခင်ကိုယ်တော်တိုင်၏ ငြင်းပယ်မှုကိုခံလိုက်ရကြသည်။ ‘ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်ခဲ့သူတို့’ သည် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားသည့် လူမျိုးဟူ၍ မဆိုနိုင်တော့ချေ။—၁ ကောရိန္သု ၁၀:၁၈; မဿဲ ၂၁:၄၃။
ပညတ်ပဋိညာဉ်ကို စီ.အီး. ၃၃ ခုနှစ်တွင် ပယ်ဖျက်လိုက်၏၊ သို့သော် ဂျူးလူမျိုးကို ဘုရားသခင် အထူးမျက်နှာသာပေး၍ အာရုံစိုက်ချိန်သည် ထိုအချိန်၌ အဆုံးမသတ်ခဲ့ချေ။ * ထိုအချိန်ကာလသည် ဘုရားတရားကြည်ညိုသူ အီတလီလူမျိုး ကော်နေလိနှင့် သူ၏မိသားစုတို့သာမက အခြားတစ်ပါးအမျိုးသားများကိုပါ ပေတရုဟောပြောခဲ့သည့် စီ.အီး. ၃၆ ခုနှစ်တိုင် ဆက်သွားရမည်ဖြစ်သည်။ (တမန်တော် ၁၀:၁-၄၈) မျက်နှာသာဆက်ပြရခြင်း အကြောင်းရင်းကား အဘယ်နည်း။
ဒံယေလ ၉:၂၇ က မေရှိယသည် “တစ်သီတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့” မည်ဟုဆိုသည်။ ယေရှုနှစ်ခြင်းခံပြီး မေရှိယ၏ လူအများရှေ့ဓမ္မအမှု စတင်ဆောင်ရွက်ခဲ့ချိန် စီ.အီး. ၂၉ ခုနှစ်မှစခဲ့သော “တစ်သီတင်း” သို့မဟုတ် ခုနစ်နှစ်တိုင်ဖွဲ့ ခဲ့သည့် ပဋိညာဉ်သည် အာဗြဟံ၏ပဋိညာဉ်ဖြစ်သည်။ ထိုပဋိညာဉ်တွင်ပါဝင်နိုင်ရန် အာဗြဟံ၏ ဟေဗြဲမျိုးရိုးမှ ဆင်းသက်လာရုံသာဖြစ်ဖို့လိုသည်။ တစ်ဖက်သတ်ပြုသော ထိုပဋိညာဉ်သည် လူတစ်ဦးအား ယေဟောဝါနှင့် ဆက်ကပ်အပ်နှံထားသည့် ဆက်ဆံရေးမရှိစေပါ။ ထို့ကြောင့် စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့တွင် ပေတရုဟောပြောပြီးနောက် နှစ်ခြင်းယူလိုက်သော ယုံကြည်သူဂျူးများသည် ဇာတိဂျူးများအနေနှင့် အထူးအာရုံစိုက်ခံခဲ့ရကြသော်လည်း ပညတ်ပဋိညာဉ်ကို ဖယ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့် ဆက်ကပ်အပ်နှံထားသောဆက်ဆံရေး ရှိစရာအကြောင်းမရှိတော့ပေ။ သူတို့တစ်ဦးစီသည် ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံဖို့လိုသည်။
စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့တွင် နှစ်ခြင်းခံခဲ့သော ဂျူးများနှင့် ဂျူးဘာသာသို့ပြောင်းဝင်လာသူ တစ်ဦးချင်းစီအနေနှင့် ဘုရားသခင်ထံဆက်ကပ်အပ်နှံရသည့်အကြောင်းရင်း နောက်တစ်ခုရှိသေးသည်။ တမန်တော်ပေတရုသည် သူ၏စကားကိုနားထောင်သူများအား နောင်တရရန်နှင့် ယေရှု၏နာမ၌ နှစ်ခြင်းခံကြရန် တိုက်တွန်းနှိုးဆော်ခဲ့၏။ ထိုသို့လုပ်ဆောင်ရန် သူတို့သည် ဤလောက၏လမ်းစဉ်ကို စွန့်လွှတ်ပြီး ယေရှုကို အရှင်သခင်နှင့် မေရှိယအဖြစ်၊ ယဇ်ပုရောဟိတ်မင်းကြီးအဖြစ်နှင့် ကောင်းကင်တွင် ဘုရားသခင့်လက်ယာဘက်၌ ထိုင်နေသူတစ်ဦးအဖြစ် အသိအမှတ်ပြုဖို့လိုသည်။ သူတို့သည် ကယ်တင်ခြင်းရရန် ခရစ်တော်ယေရှုမှတစ်ဆင့် ယေဟောဝါဘုရားသခင်၏နာမတော်ကို ခေါ်ဖို့လိုသည်၊ ထိုသို့ပြုရာတွင် ခရစ်တော်ကို ယုံကြည်ကြောင်းတင်ပြခြင်းနှင့် ကိုယ်တော့်အား သူတို့၏ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခြင်းပါဝင်သည်။ ဘုရားသခင်နှင့်ဆက်ဆံရေးရှိရန်နှင့် အပြစ်များခွင့်လွှတ်ခံရရန် အခြေခံအကြောင်းရင်းတစ်ခုလုံးသည် ယခု ပြောင်းလဲသွားပေပြီ။ ယုံကြည်သူဂျူး တစ်ဦးချင်းစီအနေနှင့် ဤအစီအစဉ်သစ်ကို လက်ခံဖို့လိုပေသည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံပြီး ထိုသို့ပြုပြီးကြောင်းကို လူအများသိမြင်စေရန် ယေရှုခရစ်၏နာမဖြင့် ရေတွင် နှစ်ခြင်းခံခြင်းအားဖြင့်ဖြစ်သည်။ ရေ၌နှစ်ခြင်းခံခြင်းသည် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်း၏ အထိမ်းအမှတ်ဖြစ်ပြီး ယေရှုခရစ်မှတစ်ဆင့် ကိုယ်တော်နှင့် ဆက်ဆံရေးအသစ်ရှိကြောင်း ထင်ရှားစေသည်။—တမန်တော် ၂:၂၁၊ ၃၃-၃၆; ၃:၁၉-၂၃။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ယေရှုခရစ်သည် ကောင်းကင်သို့ ပြန်တက်ကြွသွားပြီး ကိုယ်တော်ပူဇော်ခဲ့သော လူ့အသက်၏တန်ဖိုးကို ယေဟောဝါဘုရားသခင်ထံ အပ်နှံလိုက်သောအခါ မောရှေပညတ်ပဋိညာဉ်သည် ဖယ်ရှားခံလိုက်ရ၍ ကြိုတင်ဟောထားသည့် “ပဋိညာဉ်သစ်” အတွက် အခြေခံကိုချပေးခဲ့လေသည်။—ယေရမိ ၃၁:၃၁-၃၄၊ သမ္မာ။