မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍ အသက်ပြေးပွဲတွင် ဆုယူလော့

တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍ အသက်ပြေးပွဲတွင် ဆုယူလော့

တည်ကြည်သော​စိတ်​နှင့်​ပြည့်စုံ​၍ အသက်ပြေးပွဲ​တွင် ဆု​ယူ​လော့

သင်သည် လှိုင်း​လေထန်​သော ပင်လယ်​ကို ဖြတ်ကူး​ရ​လျှင် အဘယ်​ရေ​ယာဉ်​မျိုးကို ရွေး​မည်​နည်း။ မခိုင့်တခိုင်​ရွက်လှေ​ကို ရွေး​မည်​လော၊ ခိုင်ခံ့​တောင့်တင်း​သော သင်္ဘော​ကို ရွေး​မည်​လော။ လှိုင်း​ထ​န်​နေသော ပင်လယ်​ကို အောင်မြင်စွာ ဖြတ်သန်း​နိုင်​မည့် သင်္ဘော​ကို သင်​ရွေးချယ်​မည်​မှာ သေချာ​သည်။

မုန်တိုင်းထန်​ပြီး အန္တရာယ်များ​ပြား​သော ဤ​စနစ်​ထဲ ဖြတ်သန်း​သွားလာ​သောအခါ တုန်လှုပ်​စ​ရာ​အခက်အခဲ​များ ကြုံတွေ့​တတ်ကြ​ရသည်။ ဥပမာ၊ လူငယ်များသည် ဤ​လောက​၏​ရှုပ်ထွေး​ပွေလီ​သော အတွေးအခေါ်​များနှင့် ခေတ်​ရေစီးကြောင်း​များ​အလယ်တွင် တစ်ခါတစ်ရံ စိတ်ရှုပ်​ထွေး​ကာ မရေရာ​မသေချာ ဖြစ်နေ​တတ်ကြ​ပေမည်။ မကြာသေးမီ​ကမှ ခရစ်ယာန်​လမ်းစဉ်​ကို လိုက်လျှောက်​ခါ​စ​ရှိသူ​များသည် ယခု​ထိ​တိုင် ထိုသို့​ဖြစ်နေ​ကြ​ဆဲ​ရှိ​မည်။ ဘုရားသခင်​၏​လုပ်ငန်းတော်​ကို နှစ်ပေါင်း​များစွာ သစ္စာရှိ​ရှိ​လုပ်ဆောင်ခဲ့​ကြသော တည်ကြည်သူ​တချို့​ပင်​လျှင် သူတို့​မျှော်လင့်​ထား​ရာ​များသည် လုံးလုံးလျားလျား ဖြစ်​မလာ​သေး​သောကြောင့် စမ်းသပ်မှု​ခံ​နေရ​ဆဲ​ရှိ​မည်။

ဤသို့​ခံစား​ရခြင်း​သည် အသစ်အဆန်း​မဟုတ်​ချေ။ ယေဟောဝါ​၏ သစ္စာရှိ​ကျေးကျွန်​များ​ဖြစ်​ကြ​သည့် မောရှေ၊ ယောဘ​နှင့် ဒါဝိဒ်​အစ​ရှိသူတို့​ပင် တစ်ခါတစ်ရံ စိုးရိမ်​ပူ​ပင်​ခဲ့​ကြသည်။ (တောလည်ရာ ၁၁:၁၄၊ ၁၅; ယောဘ ၃:၁-၄; ဆာလံ ၅၅:၄) သို့​တိုင် သူတို့​ဘဝ​တစ်လျှောက် ယေဟောဝါ​ကို တည်ကြည်​စွာ ဆည်းကပ်​ဝတ်ပြု​ခဲ့​ကြသည်။ သူတို့၏​ပုံသက်သေ​ကောင်း​က ကျွန်ုပ်​တို့ကို တည်ကြည်မှု​ရှိစေ​သော်လည်း စာတန်​သည် ကျွန်ုပ်​တို့ကို ထာဝရ​အသက်​ပြေးလမ်း​ပေါ်​မှ သွေဖည်​သွား​စေ​လို​သည်။ (လုကာ ၂၂:၃၁) သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် မည်သို့ “ယုံကြည်ခြင်း၌​တည်” ကြည်​နိုင်​ကြ​မည်​နည်း။ (၁ ပေတရု ၅:၉) ယုံကြည်သူချင်း​များ​ကိုလည်း မည်သို့​ခွန်အား​ပေး​နိုင်​မည်​နည်း။

ကျွန်ုပ်​တို့ တည်ကြည်မှု​ရှိ​ရန် ယေဟောဝါ​အလိုတော်​ရှိ

ကျွန်ုပ်​တို့​သာ ယေဟောဝါ​ကို တည်ကြည်​မည်​ဆိုလျှင် ကျွန်ုပ်​တို့​အစဉ်​ခိုင်ခံ့​မြဲမြံ​နေ​ရန် ကိုယ်တော်​ကူညီ​မစ​တော်​မူ​မည်။ ဆာလံဆရာ​ဒါဝိဒ်​သည် အခက်အခဲ​များစွာကို ကြုံတွေ့​ခဲ့​ရ​သော်လည်း ဘုရားသခင်​ကို ယုံကြည်​ကိုးစား​သောကြောင့် ဤသို့​သီဆို​နိုင်​ခဲ့​သည်– ယေဟောဝါ​သည် “ပျက်စီး​ရာ​တွင်း​နှင့် အလွန်​ဆိုးသော​ရွှံ့​ထဲ​က ငါ့ကို​ဆယ်​နုတ်​ပြီး​လျှင် ငါ့​ခြေ​တို့ကို ကျောက်​ပေါ်မှာ​တင်၍ ငါ့​ခြေရာ​တို့ကို တည်စေ​တော်​မူ​၏။”—ဆာလံ ၄၀:၂

ကျွန်ုပ်​တို့သည် “ထာဝရ​အသက်ကို​ကိုင်​ယူ” နိုင်​ရန် “ယုံကြည်ခြင်း​နှင့်​ဆိုင်၍ ကောင်းစွာ​သော​တိုက်လှန်​ခြင်း​ကို​ပြု” ဖို့​ယေဟောဝါ​ခွန်အား​ပေး​တော်​မူ​၏။ (၁ တိမောသေ ၆:၁၂) ထို့​ပြင် ကျွန်ုပ်​တို့သည် တည်ကြည်သော​စိတ်​နှင့်​ပြည့်စုံ​၍ ဝိညာဉ်​ရေး​တိုက်ပွဲ​တွင် အောင်ပွဲခံ​နိုင်​မည့် နည်းလမ်းကို​လည်း ကိုယ်တော်​ပေး​ထား​သည်။ တမန်​တော်​ပေါလု​က “သခင်​ဘုရား​အားဖြင့်လည်း​ကောင်း၊ တန်ခိုးတော်​အရှိန်​အားဖြင့်လည်း​ကောင်း ခိုင်ခံ့ခြင်း​ရှိကြလော့။ [စာတန်] ၏​ပရိယာယ်​တို့ကို ဆီးတား​နိုင်​မည်​အကြောင်း၊ ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော လက်နက်စုံ​ကို ဝတ်ဆောင်​ကြလော့” ဟု​ခရစ်ယာန်​ချင်း​တို့ကို တိုက်တွန်း​အားပေးခဲ့​သည်။ (ဧဖက် ၆:၁၀-၁၇) သို့သော် အဘယ်အရာက ကျွန်ုပ်​တို့ကို စိတ်​မတည်မငြိမ်​ဖြစ်စေ​နိုင်​သနည်း။ အန္တရာယ်​ရှိသော ဤ​လွှမ်းမိုးမှု​များ​ကို ကျွန်ုပ်​တို့ မည်သို့​တားဆီး​နိုင်​မည်​နည်း။

စိတ်​မတည်မငြိမ်​ဖြစ်စေ​သည့်​အကြောင်းရင်း​များ​ကို သတိပြု

ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​များသည် နောက်ဆုံး​၌ ကျွန်ုပ်​တို့၏​ခရစ်ယာန်​တည်ငြိမ်မှု​ကို အပြုသဘော သို့​မဟုတ် အပျက်သဘော​သက်ရောက်​စေနိုင်​သည်​ဟူသော အရေးကြီး​အချက်​ကို သတိရခြင်း​သည် ပညာရှိရာ​ရောက်​၏။ လူငယ်များသည် အလုပ်အကိုင်၊ ထပ်ဆင့်​ပညာရေး​နှင့် အိမ်ထောင်ပြုခြင်း​အစ​ရှိသော ကိစ္စ​များ​ကို ဆုံးဖြတ်​ကြ​ရသည်။ လူကြီး​များ​မှာ​မူ တခြား​ဒေသ​သို့ ပြောင်းရွှေ့​သင့်မသင့်၊ သို့​မဟုတ် အလုပ်​နောက်တစ်ခု​လုပ်သင့်၊ မ​လုပ်သင့် ဆုံးဖြတ်​ကြ​ရမည်။ အချိန်​အသုံးပြုပုံ​အပြင် အခြား​ကိစ္စရပ်​များနှင့်​ပတ်သက်​၍ နေ့စဉ် ဆုံးဖြတ်ချက်​များ ချ​နေကြ​ရသည်။ ဘုရားသခင်​၏​ကျေးကျွန်​များ​အနေ​နှင့် စိတ်​တည်ငြိမ်မှု​ရှိစေရန် ပညာရှိ​ဆုံးဖြတ်ချက်​များ​ချဖို့ အဘယ်အရာက အကူအညီ​ပေး​မည်​နည်း။ သက်တမ်းကြာ​ခရစ်ယာန်​တစ်ဦး​က “ဆုံးဖြတ်ချက်​ချ​ရတော့မယ်​ဆိုရင် ယေဟောဝါ​ရဲ့​အကူအညီကို ကျွန်မ​တောင်းခံ​တယ်။ သမ္မာကျမ်းစာ​ကနေ၊ ခရစ်ယာန်​အစည်းအဝေးတွေကနေ၊ အကြီးအကဲ​တွေ​ကနေ၊ ကျမ်းစာ​အခြေပြု​စာပေ​တွေ​ကနေ ရရှိတဲ့​အကြံဉာဏ်​ကို လက်ခံ​ပြီး​ကျင့်သုံး​ဖို့ အရေးကြီးတယ်လို့ ကျွန်မ​ထင်​တယ်” ဟု​ပြော​သည်။

ဆုံးဖြတ်ချက်​များ​ချ​သောအခါ မိမိကိုယ်ကို ဤသို့​မေးသင့်​သည်– ‘ဒီနေ့ ဆုံးဖြတ်​လိုက်တာ​ကို နောက်​လေး​ငါး​နှစ်​ကြာရင်​ကော ကျေနပ်​မလား၊ ဒါမှ​မဟုတ် ဝမ်းနည်း​မလား။ ကျွန်ုပ်​ရဲ့​ဆုံးဖြတ်ချက်​တွေ​ဟာ ကျွန်ုပ်​ရဲ့​ဝိညာဉ်​ရေး​ကို မထိခိုက်​ဘဲ တိုးတက်စေ​ဖို့ ကြိုးစား​ပြီး သေချာ​အောင်​ပြု​သလား။’—ဖိလိပ္ပိ ၃:၁၆

နှစ်ခြင်း​ခံ​ပြီး​သူ​အချို့​သည် သွေးဆောင်​ခံ​ခြင်း၊ သို့​မဟုတ် ဘုရားသခင်​၏​ဥပဒေ​များ​ကို ချိုးဖောက်​ခါနီး​အထိ ဖြစ်စေ​သည့်​အတွက် စိတ်​မတည်မငြိမ်​ဖြစ်​ခဲ့​သည်။ နောင်တ​မရဘဲ ဆက်​အပြစ်​လုပ်​နေသော​ကြောင့် အချို့​သည် အသင်းတော်​မှ နှင်ထုတ်​ခံရ​ပြီး​နောက် အသင်းတော်​ထဲ ပြန်ဝင်​လာနိုင်​ရန် ကြိုးစား​ကြသော်လည်း များ​မကြာမီ ထပ်တူ​အပြစ်​မျိုးကို လုပ်​ပြန်​သောကြောင့် တစ်ဖန် နှင်ထုတ်​ခံရ​ပြန်​သည်။ ဤ​သူတို့သည် ‘ဆိုးညစ်သော​အမှုကို စက်ဆုပ်​ရွံရှာ​ပြီး ကောင်းမွန်သော​အမှုကို မှီဝဲ​ဆည်းကပ်’ ရန်​ဘုရားသခင့်​အကူအညီ မ​တောင်း​ခဲ့​ခြင်း​ကြောင့် ဖြစ်​နိုင်​မည်​လော။ (ရောမ ၁၂:၉; ဆာလံ ၉၇:၁၀) ကျွန်ုပ်​တို့အားလုံး​သည် မိမိတို့ “သွားဖို့​ရာ ဖြောင့်သော​လမ်း​တို့ကို ပြင်ဆင်​ကြ” ဖို့​လို​သည်။ (ဟေဗြဲ ၁၂:၁၃) ထို့​ကြောင့် ဝိညာဉ်ရေးတွင် မြဲမြံ​နေ​စေရန် ကျွန်ုပ်​တို့ကို အကူအညီ​ဖြစ်စေ​မည့် အချက်​တချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

ခရစ်ယာန်​လုပ်ငန်း​အားဖြင့် ဆက်၍​တည်ကြည်​လော့

အသက်ပြေးပွဲ​တွင် ပုံမှန်​ပြေး​နေနိုင်​ရန် နည်း​တစ်နည်း​မှာ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​တွင် များများ​ပါဝင်ခြင်း​ဖြစ်သည်။ မှန်ပါသည်၊ ခရစ်ယာန်​ဓမ္မ​အမှုသည် ဘုရားသခင်​၏​အလိုတော်​ဆောင်ရွက်ခြင်း​အပေါ် စိတ်​စွဲလမ်း​ပြီး ထာဝရ​အသက်ဆု​ကို မျက်ခြည်မပြတ်​အာရုံစိုက်​နေ​ရန် အဖိုး​မ​ဖြတ်​နိုင်သော အထောက်အကူ​တစ်ခု​ဖြစ်သည်။ ယင်း​နှင့်​စပ်လျဉ်း၍ ပေါလု​က “ငါ​ချစ်သော​ညီအစ်ကို​တို့၊ သင်တို့သည် သခင်​ဘုရား​၏​အမှုတော်ကို​ဆောင်ရွက်၍ အကျိုး​ကြီး​သည်ကို သိမှတ်​သဖြင့် တည်ကြည်သော​စိတ်​နှင့်​ပြည့်စုံ​၍ မရွေ့လျော့​မတိမ်းယိမ်း​ဘဲ​လျက်၊ သခင်​ဘုရား​၏​အမှုတော်ကို ကြိုးစား​အားထုတ်​ကြလော့” ဟူ၍ ကောရိန္သု​မြို့သား​များ​ကို တိုက်တွန်း​ခဲ့​၏။ (၁ ကောရိန္သု ၁၅:၅၈) “တည်ကြည်​ခြင်း” ဟူသည် ‘နေရာ​တစ်​နေရာတွင် စွဲမြဲ​နေခြင်း’ ဟု​အဓိပ္ပာယ်​ရသည်။ “မရွေ့လျော့​မတိမ်းယိမ်း” ဟူ​မူ​ကား ‘ကျောက်ချ​ထားသော​နေရာ​မှ ရွေ့​မသွား​စေခြင်း’ ဟု​အဓိပ္ပာယ်​သက်ရောက်​နိုင်​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် အလုပ်​များနေ​ခြင်း​ဖြင့် ခရစ်ယာန်​လမ်းစဉ်တွင် စွဲစွဲမြဲမြဲ​တည်ရှိ​စေ​သည်။ ယေဟောဝါ​အကြောင်း​သိရှိ​လာရန် သူတစ်ပါးကို ကူညီ​ပေးခြင်း​သည် ကျွန်ုပ်​တို့၏​ဘဝကို အဓိပ္ပာယ်​ရှိစေ​သည့်​အပြင် ပျော်ရွှင်မှု​လည်း​ရရှိစေ​၏။—တမန်​တော် ၂၀:၃၅

ခရစ်ယာန်​သာသနာပြု​ခဲ့​ရုံ​မ​က အခြား​အချိန်ပြည့်​ဟောပြောခြင်း​လုပ်ငန်း​တွင် အနှစ် ၃၀ ကျော်​ပါဝင်​ခဲ့​သူ ခရစ်ယာန်​အမျိုးသမီး ပေါ်လီ​န်​က ဤသို့​ပြောပြ​သည်– “ခရစ်ယာန်​ဓမ္မ​အမှုဆောင်တာ​ဟာ အကာအကွယ်​ဖြစ်တယ်၊ တခြား​သူတွေကို ဟောပြောနေတဲ့​အတွက် ကျွန်မ​မှာ အမှန်တရား​ရှိတယ်လို့ ပို​ယုံကြည်​စိတ်ချ​စေတယ်။” ဝတ်ပြု​ကိုးကွယ်​ရန် အစည်းအဝေး​များ တက်ရောက်ခြင်း၊ ကိုယ်ပိုင်​လေ့လာမှု​ကို ဇွဲရှိ​ရှိ​ပြုလုပ်ခြင်း​အစ​ရှိသော တခြား​ခရစ်ယာန်​လုပ်ငန်းများ​ကို မှန်မှန်​ပြုလုပ်ခြင်း​မှ​လည်း ထပ်တူ​ယုံကြည်​စိတ်ချမှု​ရရှိစေ​သည်။

မေတ္တာ​ရှိ​ညီအစ်ကို​အသင်းအပင်း​အားဖြင့် မြဲမြံ​တည်ကြည်မှု​ရှိစေ

စစ်မှန်သော​ဝတ်ပြုသူ​များ​၏ ကမ္ဘာချီ​အဖွဲ့အစည်း​တွင် တစ်ဦး​အပါအဝင်​ဖြစ်​ရခြင်း​က ကျွန်ုပ်​တို့ကို မြဲမြံ​တည်ကြည်​စေနိုင်​သည်။ ဤသို့​သော​မေတ္တာ​ရှိ ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်း​နှင့် ပေါင်းသင်း​ရခြင်း​သည် အမှန်တကယ်​ကြီးမားသော​ကောင်းချီး​ပါ​တကား! (၁ ပေတရု ၂:၁၇) ထို့​ပြင် ကျွန်ုပ်​တို့သည် ယုံကြည်သူချင်း​များ​ကို စိတ်​တည်ငြိမ်မှု​ရရှိ​စေနိုင်​သည်။

ဖြောင့်မတ်​သော​သူ ယောဘ​၏ အကျိုး​ဖြစ်ထွန်း​သော​လုပ်ရပ်များ​ကို သုံးသပ်ကြည့်​ပါ။ ဟန်ဆောင်​၍​နှစ်သိမ့်​ပေး​ခဲ့​သူ ဧလိ​ဖတ်​သည် ဤသို့​ဝန်ခံခဲ့​ရသည်– “သင်၏​စကား​သည် လဲ​လု​သော​သူကို ထောက်မ​ပြီ။ နု​န့်​နဲ​သော​ဒူး​တို့ကို​လည်း တည့်​စေပြီ။” (ယောဘ ၄:၄) ကျွန်ုပ်​တို့​ကော မည်သို့​နည်း။ ကျွန်ုပ်​တို့​တစ်ဦးစီ​အနေ​နှင့် ဘုရားသခင့်​လုပ်ငန်းတော်တွင် ခံနိုင်ရည်​ရှိကြ​ရန် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး ညီအစ်ကို၊ ညီအစ်မ​များ​ကို ကူညီ​ပေးဖို့ တာဝန်​ရှိသည်။ ညီအစ်ကို၊ ညီအစ်မ​များနှင့်​ဆက်ဆံ​ရာ​တွင် “အားမရှိ​သော​လက်​တို့ကို ခိုင်ခံ့​စေ​ကြလော့။ လှုပ်​တတ်သော​ဒူး​တို့ကို မြဲမြံ​စေ​ကြလော့” ဟု​ဆို​သည့်​အတိုင်း ကျွန်ုပ်​တို့​လုပ်ဆောင်​နိုင်​ကြ​၏။ (ဟေရှာယ ၃၅:၃) ထို့​ကြောင့် ခရစ်ယာန်​ချင်း​တို့​နှင့်​တွေ့ဆုံ​သည့်​အခါတိုင်း တစ်ဦး၊ နှစ်ဦး​ကို အားပေး​တည်ဆောက်​ရန် ပန်းတိုင်​ထား​ပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​ရန် သူတို့​ကြိုးစား​ပြုလုပ်​လေ​မျှ​ကို ချီးမွမ်း​ပြီး ကျေးဇူး​တင်​ကြောင်း​ပြောဆိုခြင်း​အားဖြင့် အသက်ပြေးပွဲ​တွင် ဆု​ရသည့်​အထိ​ပြေး​ရန် တည်ကြည်သော​စိတ် အမှန်​ရှိစေ​နိုင်​သည်။

ခရစ်ယာန်​အကြီးအကဲ​များသည် လူသစ်များ​ကို အားပေးခြင်း​အားဖြင့် များစွာ​အကျိုးပြု​နိုင်​သည်။ အကူအညီ​ဖြစ်စေ​သော အကြံပြုချက်များ​ကို ကျမ်းစာ​ကိုးကား​၍​ပေးခြင်း​အားဖြင့်၊ လယ်ကွင်း​ဓမ္မ​အမှု​တွင် သူတို့နှင့်​အတူ​တွဲ​အမှုဆောင်ခြင်း​အားဖြင့် ထိုသို့​ပြု​နိုင်​သည်။ တမန်​တော်​ပေါလု​သည် အခွင့်အရေး​အမြဲ​ရှာ​ယူ၍ သူတစ်ပါးကို အားပေးခဲ့​သည်။ ပေါလု​သည် ရောမမြို့​ရှိ ခရစ်ယာန်​များ​ကို ဝိညာဉ်​ရေး​အရ အားပေး​လို​သဖြင့် သူတို့ကို အလွန်​တွေ့​လို​ခဲ့​၏။ (ရောမ ၁:၁၁) ဖိလိပ္ပိ​မြို့ရှိ ပေါလု​ချစ်​ရသော​ညီအစ်ကို၊ ညီအစ်မ​များသည် သူ၏ ‘ဝမ်းမြောက်စရာ​နှင့် ဦးရစ်​သရဖူ’ ဖြစ်၏​ဟု သဘော​ထားသော​ကြောင့် “သခင်​ဘုရား​၌ တည်​နေကြ” ရန်​အမြဲ​တိုက်တွန်း​ခဲ့​သည်။ (ဖိလိပ္ပိ ၄:၁) သက်သာလောနိတ်​မြို့မှ ညီအစ်ကို​များ​၏ ဆင်းရဲခြင်း​အကြောင်းကို ပေါလု​ကြား​သောအခါ ‘ဆင်းရဲခြင်း​ကြောင့် အဘယ်သူမျှ မရွေ့လျော့​မည်​အကြောင်း၊ သူတို့ကို မြဲမြံ​စေ’ ဖို့ တိမောသေ​ကို သူတို့​ထံ​စေလွှတ်ခဲ့​၏။—၁ သက်သာလောနိတ် ၃:၁-၃

တမန်​တော်​ပေါလု​နှင့် ပေတရု​တို့သည် ဝတ်ပြုသူချင်း​များ​၏ ကြိုးစား​အားထုတ်မှု​များ​ကို အသိအမှတ်​ပြုပြီး လေးမြတ်​တန်ဖိုး​ထားခဲ့​ကြသည်။ (ကောလောသဲ ၂:၅; ၁ သက်သာလောနိတ် ၃:၇၊ ၈; ၂ ပေတရု ၁:၁၂) ကျွန်ုပ်​တို့​လည်း ညီအစ်ကို​များ​၏​အားနည်းချက်များ​ကို​မဟုတ်ဘဲ သူတို့၏​အရည်အသွေးကောင်း​များ၊ ယေဟောဝါ​အား ဂုဏ်တင်​ရန် သူတို့​အောင်မြင်စွာ​ဆောင်ရွက်မှု​မှန်သမျှကို ထို​နည်းတူ​အာရုံစိုက်​ကြ​စို့။

ကျွန်ုပ်​တို့သည် အပျက်သဘော​ရှိ​မည်၊ အပြစ်ရှာ​မည်​ဆိုလျှင် ယုံကြည်ခြင်း​ခိုင်ခံ့​မြဲမြံ​ရန် အချို့​သူများ​အတွက် အခက်အခဲ​ရှိစေ​နိုင်​မည်။ ဤ​အစီအစဉ်​စနစ်​တွင် ညီအစ်ကို​များသည် “ပင်ပန်း​၍ အားလျော့​လျက်​ရှိနေကြ” ကြောင်း​သတိရခြင်း​သည် အမှန်​သင့်လျော်​ပေ​၏! (မဿဲ ၉:၃၆သမ္မာ) ခရစ်ယာန်​အသင်းတော်တွင် နှစ်သိမ့်မှု​နှင့် လန်းဆန်းမှု​ရရှိရန် သူတို့​မျှော်လင့်​ထိုက်​ပေ​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့အားလုံး​သည် ဝတ်ပြုသူချင်း​များ​ကို အတတ်နိုင်ဆုံး​တည်ဆောက်​ပေး​ပြီး သူတို့​မြဲမြံ​တည်ကြည်​နိုင်​ကြ​ရန် ကူညီပေး​ကြပါစို့။

တစ်ခါတစ်ရံ အခြား​သူများ​သည် ကျွန်ုပ်​တို့၏​တည်ကြည်မှု​ကို လျော့နည်း​သွား​စေနိုင်​သည့်​နည်းဖြင့် ဆက်ဆံ​ကြ​ပေမည်။ တစ်ဦး​တစ်ယောက်​၏ ကြမ်းတမ်းသော​စကား သို့​မဟုတ် ကြင်နာ​မှုမရှိ​သော လုပ်ရပ်​တစ်ခု​ကြောင့် ယေဟောဝါ​၏​လုပ်ငန်းတော်​ကို ကျွန်ုပ်​တို့​လျော့ပေါ့​လုပ်ကိုင်​ကြ​ရမည်​လော။ ကျွန်ုပ်​တို့၏​တည်ကြည်မှု ပပျောက်​သွားစေရန် မည်​သူ့ကို​မျှ ခွင့်​မပြု​ပါ​လေ​နှင့်။—၂ ပေတရု ၃:၁၇

ဘုရားသခင့်​ကတိတော်​များ—မြဲမြံ​တည်ကြည်​စေသော​လွှမ်းမိုးမှု​တစ်ခု

ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်​သည့်​အခါ အထူး​ကောင်းမွန်​သည့်​အနာဂတ်​ရှိ​မည်​ဟု ယေဟောဝါ​၏​ကတိတော်​က ကျွန်ုပ်​တို့ကို တည်ကြည်မှု​ရှိစေရန် မျှော်လင့်ချက်​ပေး​သည်။ (ဟေဗြဲ ၆:၁၉) ဘုရားသခင်​သည် မိမိ​ကတိတော်​အားလုံး​ကို ပြည့်စုံ​စေမည်​ဟု ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​သောကြောင့် ‘သတိ​နှင့်​စောင့်နေ​ရန်၊ ယုံကြည်ခြင်း၌​တည်​နေ​ရန်’ စေ့ဆော်​ခံရ​ကြ​၏။ (၁ ကောရိန္သု ၁၆:၁၃; ဟေဗြဲ ၃:၆) ဘုရားသခင်​၏​ကတိတော်​အချို့ မပြည့်စုံ​သေး​ဘဲ ကြန့်ကြာ​နေ​ပုံ​ရှိ​ခြင်း​က ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို စမ်းသပ်​နေခြင်း​ဖြစ်​ပေမည်။ ထို့​ကြောင့် မှားယွင်းသော​သွန်သင်ချက်​များ​အားဖြင့် လမ်းလွဲ​မသွားဖို့၊ ကျွန်ုပ်​တို့​မျှော်လင့်​ထား​ရာ​မှ ရွေ့​လျော့​မသွားဖို့ သတိပြု​ရန် အလွန်​အရေးကြီး​သည်။—ကောလောသဲ ၁:၂၃; ဟေဗြဲ ၁၃:၉

ယေဟောဝါ​၏​ကတိတော်​များ​ကို မယုံကြည်​သောကြောင့် ဖျက်ဆီး​ခံရ​သည့် ဣသရေလလူ​တို့၏ မကောင်းသော ပုံသက်သေ​သည် ကျွန်ုပ်​တို့အတွက် သတိပေး​ချက်​ဖြစ်​သင့်​သည်။ (ဆာလံ ၇၈:၃၇) သူတို့နှင့်​တူ​မည့်​အစား ဤ​နောက်ဆုံး​ကာလ​တွင် တည်ကြည်မှု​ရှိပြီး ဘုရားသခင်​၏​အမှုတော်ကို အရေးတကြီး​သဘောထား​ပြီး လုပ်ဆောင်ကြ​စို့။ အတွေ့အကြုံရင့်​ကျက်​သော အကြီးအကဲ​တစ်ဦး​က “မနက်ဖြန်​ပဲ ယေဟောဝါ​ရဲ့​နေ့ကြီး ရောက်လာ​တော့​မယ့်​အတိုင်း နေ့စဉ် အသက်ရှင်​တယ်” ဟု​ပြော​ခဲ့​သည်။—ယောလ ၁:၁၅

မှန်ပါသည်၊ ယေဟောဝါ​၏​နေ့ကြီး ရောက်လာ​တော့​မည်​ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်​နှင့် အနီးကပ်​ရှိ​နေသရွေ့ အဘယ်အရာကို​မှ ကြောက်စရာ​မလိုပါ။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စံနှုန်း​များ​ကို ကျွန်ုပ်​တို့​မြဲမြံ​စွာ​စွဲကိုင်​ထားပြီး တည်ကြည်​ကြ​မည်​ဆိုလျှင် ထာဝရ​အသက်ပြေးပွဲ​တွင် ကျွန်ုပ်​တို့ အောင်မြင်စွာ ပြေး​နိုင်​ကြ​ပါ​လိမ့်​မည်!—သု. ၁၁:၁၉; ၁ တိမောသေ ၆:၁၂၊ ၁၇-၁၉

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခရစ်ယာန်​ချင်း​များ မြဲမြံ​တည်ကြည်​ဖို့ အကူအညီ​ဖြစ်စေ​ရန် အတတ်နိုင်ဆုံး လုပ်ဆောင်ပေး​နေပါသလော