တေရှန်—ခုခံချေပသူလော၊ အယူလွဲသူလော
တေရှန်—ခုခံချေပသူလော၊ အယူလွဲသူလော
တမန်တော်ပေါလုသည် မိမိ၏တတိယခရစ်ယာန်သာသနာပြုခရီးစဉ် ပြီးဆုံးခါနီးတွင် ဧဖက်မြို့ရှိ အသင်းတော်မှ အသက်ကြီးသူများနှင့် တွေ့ဆုံခဲ့သည်။ ပေါလုက “ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ ဝင်မည်ကိုလည်းကောင်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှာ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကိုလည်းကောင်း ငါသိ၏” ဟုသူတို့ကို ပြောခဲ့သည်။—တမန်တော် ၂၀:၂၉၊ ၃၀။
ပေါလုပြောသည့်အတိုင်းပင် စီ.အီး. ဒုတိယရာစုသည် အပြောင်းအလဲကာလ၊ တင်ကူးဟောထားသည့် အယူဖောက်ပြန်ရာကာလ ဖြစ်ခဲ့သည်။ ယုံကြည်သူအချို့၏ ယုံကြည်ချက်ကို ညစ်ညူးစေသည့် နေရာအနှံ့ ခေတ်စားနေသော ဘာသာရေးနှင့် အတွေးအခေါ်ပညာရပ်ဆိုင်ရာ အသိပညာပဓာနဝါဒသည် တိုး၍ကျယ်ပြန့်လာလေသည်။ အသိပညာပဓာနဝါဒီများက ဝိညာဉ်ပိုင်းသည် ကောင်းမြတ်ပြီး ရုပ်ဝတ္ထုပိုင်းဟူသမျှသည် အဆိုးဖြစ်သည်ဟု ခံယူထားကြသည်။ အသွေးအသားဟူသမျှသည် အဆိုးဖြစ်ပြီး အိမ်ထောင်သားမွေးခြင်းတို့သည် စာတန်မှ မြစ်ဖျားခံသည်ဟုဆိုကာ ယင်းကို သူတို့ငြင်းပယ်ကြသည်။ တချို့က ဝိညာဉ်ပိုင်းသာ ကောင်းမြတ်သဖြင့် ရုပ်ခန္ဓာနှင့် အဘယ်အရာကိုမဆိုပြုပါစေ အရေးမကြီးဟု ခံယူထားကြသည်။ ဤအယူအဆများကြောင့် တစ်ဖက်စွန်းရောက် ဘဝပုံစံများဖြစ်သည့် အလွန်ခြိုးခြံကျင့်ကြံခြင်း၊ သို့မဟုတ် စိတ်အလိုလိုက်လွန်းခြင်းတို့ ဖြစ်ပေါ်လာသည်။ ကယ်တင်ခြင်းကို နက်နဲသောအသိပညာပဓာနဝါဒ၊ သို့မဟုတ် မိမိဘာသာ အသိပညာဆည်းပူးခြင်းအားဖြင့်သာ ရရှိနိုင်သည်ဟု အသိပညာပဓာနဝါဒီသမားက အဆိုပြုကာ ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အမှန်တရားကို လျစ်လျူရှုချန်လှပ်ထားခဲ့သည်။
ခရစ်ယာန်အမည်ခံများသည် အသိပညာပဓာနဝါဒ၏အန္တရာယ်ကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ ပညာရှင်အချို့သည် ၎င်း၏အယူဝါဒမှားကို ပွင့်လင်းစွာ ဆန့်ကျင်ပြောဆိုခဲ့ကြသော်လည်း အခြားသူများမှာမူ မလွန်ဆန်ခဲ့ကြချေ။ ဥပမာ၊ အိုင်ရီနီယပ်စ်သည် အယူမှားသွန်သင်ချက်များကို ဘဝတစ်လျှောက်လုံး တွန်းလှန်ခဲ့လေသည်။ သူသည် တမန်တော်များနှင့်တစ်ခေတ်တည်းသားဖြစ်ခဲ့သူ ပေါ်လီကပ်ထံ၌ ပညာသင်ယူခဲ့သည်။ ပေါ်လီကပ်သည် ယေရှုခရစ်နှင့် တမန်တော်တို့၏ သွန်သင်ချက်များကို အပြည့်အဝထောက်ခံအားပေးခဲ့၏။ သို့သော် အိုင်ရီနီယပ်စ်၏သူငယ်ချင်း ဖလော်ရီနပ်စ်သည် အဆိုပါသွန်သင်ချက်ကို သင်ယူခဲ့သော်လည်း အသိပညာပဓာနဝါဒီအဖွဲ့၏ အကျော်ကြားဆုံးခေါင်းဆောင်ဖြစ်သူ ဗာလန်တစ်နပ်စ်၏သွန်သင်ချက်များကို တဖြည်းဖြည်းလက်ခံလာလေသည်။ ထိုအချိန်ကာလသည် ကသောင်းကနင်းနိုင်လှသောကာလ အမှန်ပင်ဖြစ်ခဲ့သည်။
ဒုတိယရာစုနှစ်က နာမည်ကြီးစာရေးဆရာ တေရှန်၏စာပေသည် ထိုခေတ်ကာလ၏အခြေအနေကို မီးမောင်းထိုးပြခဲ့၏။ တေရှန်သည် အဘယ်လူစားမျိုးဖြစ်သနည်း။ သူသည် ခရစ်ယာန်အမည်ခံတစ်ဦး မည်သို့ဖြစ်လာသနည်း။ အသိပညာပဓာနဝါဒီသမား၏ အယူလွဲမှားမှုဩဇာအောက် တေရှန် မည်သို့ရောက်ရှိသနည်း။ သူ၏စိတ်ဝင်စားဖွယ်ဖြေဆိုချက်များနှင့် ပုံသက်သေကပင် ယနေ့ အမှန်တရားရှာဖွေသူများအတွက် အဖိုးတန်သင်ခန်းစားများဖြစ်သည်။
“တိုင်းတစ်ပါးစာပေများ” ကိုဖတ်မိခြင်း
တေရှန်သည် ဆီးရီးယားလူမျိုးဖြစ်သည်။ သူသည် ခရီးအပေါက်အရောက်များပြီး စာအဖတ်များသောကြောင့် သူ့ခေတ်အခါက ဂရိ-ရောမယဉ်ကျေးမှုနှင့် အကျွမ်းတဝင်ရှိခဲ့၏။ တေရှန်သည် နယ်လှည့်ဟောပြောသူအဖြစ် ရောမမြို့သို့ ရောက်ရှိလာသည်။ သို့သော် ရောမမြို့တွင်ရှိစဉ် ခရစ်ယာန်ဘာသာသို့ အာရုံပြောင်းခဲ့သည်။ သူ၏တပည့်ဖြစ်လာနိုင်ဖွယ်ရှိသည့် ဂျတ်စတင် မာတာနှင့် ပေါင်းသင်းလာခဲ့သည်။
အမည်ခံခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်လာခြင်းအကြောင်းကို တေရှန်ဖော်ပြရာတွင် “အမှန်တရားကို ရှာတွေ့ဖို့ ကျွန်တော် ကြိုးစားခဲ့တယ်” ဟုဆိုသည်။ သူသည် သမ္မာကျမ်းစာကို ဖတ်ရှုခွင့်ရသောအခါ သူ၏ကိုယ်ပိုင်တွေ့ကြုံမှုကို ဤသို့ထုတ်ဖော်ပြောဆိုသည်– “တိုင်းတစ်ပါးစာပေတွေကို ကျွန်တော်ဖတ်မိခဲ့တယ်၊ အဲ့ဒီစာပေတွေဟာ ဂရိအယူအဆတွေနဲ့ နှိုင်းယှဉ်ရင် ရှေးကျလွန်းတယ်၊ သူတို့အရေးအသားအမှားတွေနဲ့ နှိုင်းယှဉ်ရင်လည်း တကယ်ထူးကဲသာလွန်တယ်; ရိုးရိုးရှင်းရှင်းရေးသားထားပုံ၊ စာရေးဆရာတွေရဲ့ ရိုးသားမှု၊ အနာဂတ်အဖြစ်အပျက်တွေကို တင်ကြိုဖော်ပြတာတွေ၊ ကောင်းလွန်းတဲ့ပညတ်ချက်တွေ၊ စကြဝဠာကို တစ်ပါးတည်းသာ အုပ်ချုပ်တယ်လို့ ကြေညာတာတွေက ကျွန်တော့်ကို ယုံကြည်လက်ခံသူတစ်ဦးဖြစ်စေတယ်။”
တေရှန်သည် သူ့ခေတ်အခါက ခရစ်ယာန်ဘာသာကို ဆန်းစစ်ကြည့်ရန်၊ ဘုရားတရားတရားမဲ့ဝါဒ၏ ရှုပ်ထွေးမှုနှင့်နှိုင်းယှဉ်၍ ခရစ်ယာန်ဘာသာတရား၏ ရိုးရှင်းမှုနှင့် တိကျပြတ်သားမှုကို သတိပြုလေ့လာရန် အားပေးခဲ့သည်။ သူ၏စာပေများမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိနိုင်သနည်း။
သူ၏စာပေများက အဘယ်အရာကို ဖော်ပြသနည်း
တေရှန်၏စာပေများက သူသည် မိမိ၏ယုံကြည်ချက်ကို ခုခံပြောဆိုသည့် စာရေးဆရာတစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။ သူသည် အယူမှားအတွေးအခေါ်ပညာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သည်။ တေရှန်ပြုစုသည့် ဂရိတို့ထံမိန့်ခွန်း စာအုပ်တွင် အယူမှားဝါဒ၏အဓိပ္ပာယ်မဲ့မှုနှင့် အမည်ခံခရစ်ယာန်ဘာသာ၏ အကျိုးသင့်အကြောင်းသင့်ရှိမှုတို့ကို အလေးအနက်ဖော်ပြထား၏။ ဂရိလုပ်ရပ်များကို အထင်အမြင်သေး၍ ရှုတ်ချကြောင်း သူရေးသားပုံက ပေါ်လွင်စေသည်။ ဥပမာ၊ အတွေးအခေါ်ပညာရှင် ဟီဟာကလီယပ်စ်အကြောင်းကို သူဤသို့ဆို၏– “ဒီလူမှာ စဉ်းစားဉာဏ်မရှိတာ သူသေဆုံးပုံက ဖော်ပြတယ်; သူဟာ ဆေးပညာရော၊ အတွေးအခေါ်ပညာပါ လေ့လာထားတာတောင် သူ ရေဖျင်းစွဲတဲ့အခါ သူ့တစ်ကိုယ်လုံးကို နွားချေးလိမ်းတယ်၊ ခြောက်သွားတဲ့အခါ သူ့အသားတွေ ကျုံ့သွားတယ်၊ ဒါ့ကြောင့် တစ်စစီဆွဲဖြတ်လိုက်သလိုဖြစ်ပြီး သေဆုံးသွားတာ။”
တေရှန်သည် အရာခပ်သိမ်းဖန်ဆင်းရှင် ဘုရားသခင်တစ်ဆူတည်းရှိသည့်အယူကို အလွန်ကြည်ညိုလေးစားသည်။ (ဟေဗြဲ ၃:၄) ဂရိတို့ထံမိန့်ခွန်း စာအုပ်တွင် သူက ဘုရားသခင်ကို “. . . ဝိညာဉ်” အဖြစ် ရည်ညွှန်းပြီး ဤသို့ဆို၏– “ကိုယ်တော်တစ်ဆူတည်းသာ အစမရှိ၊ ကိုယ်တော်တိုင် အရာခပ်သိမ်း၏မူလအစဖြစ်၏။” (ယောဟန် ၄:၂၄; ၁ တိမောသေ ၁:၁၇) ဝတ်ပြုကိုးကွယ်ရေးတွင် ရုပ်ပုံများအသုံးပြုခြင်းကို တေရှန်ငြင်းပယ်ကာ ဤသို့ရေးသားသည်– “. . . ဘုရားတွေပါလို့ ကျွန်တော်ဘယ်လိုပြောနိုင်မလဲ။” (၁ ကောရိန္သု ၁၀:၁၄) လိုဂေါ့စ်သည် ကောင်းကင်ခမည်းတော်၏ဖန်ဆင်းရာများတွင် သားဦးဖြစ်ပြီး စကြဝဠာဖန်ဆင်းခြင်းတွင် အသုံးတော်ခံခဲ့ရသည်ဟု တေရှန်ယုံကြည်ခဲ့၏။ (ယောဟန် ၁:၁-၃; ကောလောသဲ ၁:၁၃-၁၇) သတ်မှတ်ထားချိန်တွင် ရှင်ပြန်ထမြောက်ခြင်းနှင့်စပ်လျဉ်း၍ တေရှန်က “အရာခပ်သိမ်း ဆုံးခန်းတိုင်ပြီးနောက် လူသေတွေ ရှင်ပြန်ထမြောက်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” ဟုပြော၏။ ကျွန်ုပ်တို့ အဘယ်ကြောင့်သေရကြောင်းကို တေရှန်ဤသို့ရေးသားဖော်ပြသည်– “သေဖို့ ဖန်ဆင်းခံရတာ မဟုတ်ဘူး၊ ကိုယ့်အပြစ်ကြောင့် သေရတာ။ ကျွန်တော်တို့ရဲ့ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့်က ကျွန်တော်တို့ကို ဖျက်ဆီးနေတာ; လွတ်လပ်ခဲ့တဲ့ ကျွန်တော်တို့ဟာ အခုကျွန်ဖြစ်နေကြပြီ; အပြစ်ကြောင့် ရောင်းစားခံရတာ။”
စိုးလ်အကြောင်း တေရှန်ရှင်းပြပုံသည် ရှုပ်ထွေးသည်။ သူဤသို့ဆိုသည်– “အို ဂရိလူများတို့၊ စိုးလ်ကိုယ်နှိုက်ဟာ မသေနိုင်ရာမဟုတ်ဘဲ သေနိုင်တယ်။ ဒါပေမဲ့ မသေဖို့လည်း ဖြစ်နိုင်တယ်။ တကယ်လို့ စိုးလ်ဟာ အမှန်တရားကို မသိဘူးဆိုရင် သေပြီး ခန္ဓာကိုယ်နဲ့အတူ ပျောက်သွားတယ်၊ ဒါပေမဲ့ ကမ္ဘာကုန်တဲ့အခါ ကိုယ်ခန္ဓာနဲ့ပြန်ထလာပြီး ထာဝရအပြစ်ဒဏ်ခံရလိမ့်မယ်။” ထိုသို့ဆိုခြင်းဖြင့် တေရှန် အဘယ်အရာကို အတိအကျဆိုလိုကြောင်း မရှင်းလင်းချေ။ သူသည် သမ္မာကျမ်းစာသွန်သင်ချက်အချို့ကို စွဲကိုင်ထားစဉ် သူနှင့်တစ်ခေတ်တည်းသားများကို စိတ်ကျေနပ်စေရန် ကျမ်းစာအမှန်တရားများနှင့် အယူမှားအတွေးအခေါ်များကို ရောနှောလိုက်ခြင်းလော။
တေရှန်၏ကျော်ကြားသော စာအုပ်နောက်တစ်အုပ်မှာ ဒိုင်အာတက်စရောန် သို့မဟုတ် ခရစ်ဝင်ကျမ်းလေးစောင်တို့၏ညီညွတ်မှု ဖြစ်သည်။ ဆီးရီးယားနိုင်ငံရှိ အသင်းတော်များထံ သူတို့၏ဘာသာစကားဖြင့် ခရစ်ဝင်ကျမ်းများကို ပထမဆုံးပေးခဲ့သူမှာ တေရှန်ဖြစ်သည်။ ၎င်းစာစောင်သည် ခရစ်ဝင်ကျမ်းလေးကျမ်းကို တစ်ကျမ်းတည်းအဖြစ် ပေါင်းစည်းရေးသားဖော်ပြထားသည့် အလွန်တန်ဖိုးရှိသော စာအုပ်ဖြစ်၏။ ၎င်းကို ဆီးရီးယားချာ့ခ်ျက အသုံးပြုသည်။
ခရစ်ယာန်လော၊ အယူလွဲသူလော
တေရှန်၏စာပေများကို အသေအချာဆန်းစစ်ကြည့်လျှင် သူသည် သမ္မာကျမ်းစာကို အကျွမ်းတဝင်ရှိပြီး ၎င်းကို အလွန်လေးမြတ်ကြောင်း တွေ့ရသည်။ သူ့အပေါ် ကျမ်းစာ၏လွှမ်းမိုးမှုအကြောင်း ဤသို့ရေးသားခဲ့သည်– “ကျွန်တော် မချမ်းသာချင်ဘူး; စစ်ဘက်အာဏာ မလိုချင်ဘူး; မတရားမေထုန်ပြုခြင်းကို စက်ဆုပ်ရွံရှာတယ်; သင်္ဘောလိုက်ဖို့ ငွေမက်မောမှုရဲ့ လှုံ့ဆော်ချက်မခံရဘူး; . . . ကျော်ကြားလိုစိတ်မရှိဘူး . . . လူတွေ ပျော်ပျော်ပါးပါးနေရတာပဲဖြစ်ဖြစ်၊ ဆင်းဆင်းရဲရဲနေရတာပဲဖြစ်ဖြစ် အားလုံးအပေါ် ဒီနေပဲ ပူပေးတယ်၊ အားလုံးသေရတာပဲ။” တေရှန်က ဤသို့ဆုံးမ၏– “လောကကို စိတ်မဝင်စားနဲ့၊ လောကရဲ့မိုက်မဲမှုကို ငြင်းပယ်ပါ။ ဘုရားသခင်အတွက် အသက်ရှင်ပြီး ကိုယ်တော့်ကို သိနားလည်ပြီး သင့်ဥပဓိရုပ်ဟောင်းကို ချွတ်ပယ်ပါ။”—မဿဲ ၅:၄၅; ၁ ကောရိန္သု ၆:၁၈; ၁ တိမောသေ ၆:၁၀။
သို့သော် တေရှန်၏ ကယ်တင်ရှင်အယူဝါဒဆိုင်ရာ စုံလင်ခြင်း စာအုပ်ကို သုံးသပ်ကြည့်ပါ။ ထိုတွင် အိမ်ထောင်ပြုခြင်းသည် စာတန်မှ မြစ်ဖျားခံ၏ဟုဆိုထားသည်။ အိမ်ထောင်ပြုခြင်းအားဖြင့် မနှစ်မြို့ဖွယ်လောကတွင် မိမိတို့ကိုယ်ကို ကျွန်ဘဝရောက်စေသည်ဟုဆိုကာ တေရှန်သည် အိမ်ထောင်ပြုခြင်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထား၏။
ဂျတ်စတင် မာတာ ကွယ်လွန်ပြီးနောက် စီ.အီး. ၁၆၆ ခုနှစ်ခန့်တွင် တေရှန်သည် အက်ခရာတီတာစ်ဟုခေါ်သော ခြိုးခြံဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့သည် သို့မဟုတ် ထိုဂိုဏ်းနှင့် ပူးပေါင်းခဲ့ပုံရှိသည်။ ၎င်းဂိုဏ်းဝင်များသည် ချုပ်တည်းရန်နှင့် မိမိခန္ဓာကို နိုင်နင်းရန် ကြပ်ကြပ်မတ်မတ် အလေးပေးပြုလုပ်ကြသည်။ သူတို့သည် ဝိုင်အရက်သောက်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းတို့ကို ရှောင်ကြဉ်သည့် အလွန်ခြိုးခြံကျင့်ကြံခြင်းအယူကို ကျင့်သုံးကြသည်။
သင်ယူစရာ သင်ခန်းစာ
တေရှန်သည် သမ္မာကျမ်းစာမှ အဘယ်ကြောင့် ဤမျှအကြီးအကျယ်သွေဖည်သွားခဲ့သနည်း။ သူသည် “တရားနာ၍ မေ့လျော့သောသူ” ဖြစ်ခဲ့သလော။ (ယာကုပ် ၁:၂၃-၂၅) တေရှန်သည် မဟုတ်မမှန်စကားများကို မငြင်းပယ်ဘဲ လူ့အတွေးအခေါ်ပညာနောက် လိုက်သွားခဲ့သလော။ (ကောလောသဲ ၂:၈; ၁ တိမောသေ ၄:၇) သူထောက်ခံခဲ့သော အမှားများသည် ကြီးလေးလွန်းသဖြင့် သူသည် စိတ်ရောဂါဖြစ်နေရော့သလားဟု ယူမှတ်ကြ၏။
မည်သို့ပင်ဖြစ်ပါစေ၊ တေရှန်၏စာပေများနှင့် ပုံသက်သေက သူ့ခေတ်က ဘာသာရေးအခြေအနေကို ထိုးထွင်းသိမြင်စေပါသည်။ လောကအတွေးအခေါ်ပညာ၏ လွှမ်းမိုးမှုသည် မည်မျှအန္တရာယ်ရှိကြောင်း ဖော်ပြ၏။ ထို့ကြောင့် “တရားမဲ့ဖြစ်သော အချည်းနှီးစကားပြောခြင်းကိုလည်းကောင်း၊ ‘သိပ္ပံအတတ်’ ဟူ၍ အလွဲခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့်ယှက်ခြင်းကိုလည်းကောင်း” ရှောင်ကြဉ်ရန် တမန်တော်ပေါလု၏ သတိပေးချက်ကို နှလုံးသွင်းကြစို့။—၁ တိမောသေ ၆:၂၀။