နောဧ၏မှတ်တမ်း—ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်ရှိသလော
နောဧ၏မှတ်တမ်း—ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်ရှိသလော
ယေရှုရောက်ရှိခြင်းနှင့် ဤအစီအစဉ်စနစ်အဆုံး၏နိမိတ်ကို ပရောဖက်ပြုရာတွင် ကိုယ်တော်က “လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၂၄:၃၊ ၃၇) ကျွန်ုပ်တို့အချိန်၌ ဖြစ်ပျက်နေသည့်အရာများသည် နောဧအချိန်က အဖြစ်အပျက်နှင့်အလားတူသည်ဟု ယေရှုကြိုဟောခဲ့၏။ ယုံကြည်စိတ်ချရပြီး တိကျမှန်ကန်သော နောဧခေတ် အဖြစ်အပျက်များ၏မှတ်တမ်းသည် အလွန်တန်ဖိုးရှိနိုင်သည်။
နောဧ၏မှတ်တမ်းသည် ထိုသို့ဖြစ်သလော။ စစ်မှန်သောသမိုင်းမှတ်တမ်း အမှတ်အသားများ ယင်းတွင်ရှိသလော။ အဘယ်အချိန်က ရေလွှမ်းမိုးခဲ့သည်ကို ကျွန်ုပ်တို့မှန်မှန်ကန်ကန် သတ်မှတ်နိုင်သလော။
အဘယ်အချိန်က ရေလွှမ်းမိုးခဲ့သနည်း
သမ္မာကျမ်းစာတွင် လူ့သမိုင်းအစကို အသေအချာပြန်တွက်ကြည့်နိုင်သည့် သက္ကရာဇ်စဉ်စာရင်းပါသည်။ ကမ္ဘာဦးကျမ်း ၅:၁-၂၉ တွင် ပထမလူသားအာဒံကို ဖန်ဆင်းချိန်မှ နောဧမွေးဖွားချိန်အထိ ဆွေစဉ်မျိုးဆက်စာရင်းကို ကျွန်ုပ်တို့တွေ့ရှိရသည်။ ရေလွှမ်းမိုးဘေးသည် “နောဧအသက်ခြောက်ရာစေ့သောနှစ်တွင်” စတင်ခဲ့၏။—ကမ္ဘာဦး ၇:၁၁။
ရေလွှမ်းမိုးခဲ့ချိန်ကို သတ်မှတ်ရန် အချက်အချာကျသောနှစ်ဖြင့် အစပြုဖို့လိုသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် လောကသမိုင်းလက်ခံထားသည့်နှစ်ဖြင့် စတင်ရမည်ဖြစ်ပြီး ထိုနှစ်သည်လည်း သမ္မာကျမ်းစာပါ ထူးခြားသည့် ဖြစ်ရပ်တစ်ခုနှင့်ကိုက်ညီရမည်။ အဆိုပါအချက်အချာကျသောနှစ်မှ ကျွန်ုပ်တို့တွက်ချက်လိုက်ရာ ယနေ့တွင်ကျယ်စွာအသုံးပြုနေသည့် ဂရီဂေါ်ရီယန်ပြက္ခဒိန်ကိုအခြေပြု၍ ရေလွှမ်းမိုးသည့်နှစ်ကို သတ်မှတ်နိုင်ကြသည်။
ထိုအချက်အချာကျသောနှစ်တစ်နှစ်မှာ ဗာဗုလုန်ကို ပါးရှားဘုရင်ကုရုအနိုင်ရသည့်နှစ် ဘီ.စီ.အီး. ၅၃၉ ခုနှစ်ဖြစ်သည်။ သူ အုပ်စိုးသည့်အချိန်နှင့်ပတ်သက်၍ လောကစာပေအထောက်အထားများတွင် ဗာဗုလုန်ကျောက်ပြားများနှင့် ဒီအိုဒိုးရပ်စ်၊ အာဖရီကားနပ်စ်၊ ယူစီးဘီးယပ်စ်နှင့် တော်လမီတို့၏ မှတ်တမ်းများလည်းပါဝင်သည်။ ကုရုမင်း၏အမိန့်ထုတ်ပြန်ချက်ကြောင့် ဂျူးလူမျိုးအကြွင်းအကျန်သည် ဗာဗုလုန်ပြည်မှထွက်ခွာခဲ့၍ ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် သူတို့မွေးရပ်မြေသို့ ပြန်ရောက်လာခဲ့ကြ၏။ ထိုအချိန်တွင် ကျမ်းစာမှတ်တမ်းအရ ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် အစပြုခဲ့သည့် ယုဒနိုင်ငံ၏ အနှစ် ၇၀ ကြာ လူဆိတ်ညံရာကာလ အဆုံးသတ်သွားလေသည်။ ဣသရေလနိုင်ငံကို တရားသူကြီးများ၊ ဘုရင်များအုပ်စိုးခဲ့သည့် ကာလကို ထည့်တွက်လိုက်ရာ အီဂျစ်ပြည်မှ ဣသရေလလူမျိုး ထွက်ခွာခဲ့ချိန်ကို ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်အဖြစ် သတ်မှတ်နိုင်သည်။ ကျမ်းစာခုနှစ်ကိုအခြေပြုပြီး ၎င်းနှစ်မှ အနှစ် ၄၃၀ နောက်ဆုတ်လိုက်သော် ဘီ.စီ.အီး. ၁၉၄၃ ခုနှစ်တွင် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့ခဲ့ကြောင်း သိရှိရသည်။ ထို့နောက် တေရ၊ နာခေါ်၊ စေရောက်၊ ရာဂေါ၊ ဖာလက်၊ ဟေဗာနှင့် ရှာလတို့မွေးဖွားလာ၍ သူတို့၏သက်တမ်းများအပြင် ‘ရေလွှမ်းမိုးပြီးနောက် နှစ်နှစ်အကြာ’ တွင်မွေးဖွားသည့် အာဖာဇဒ်၏သက်တမ်းကို ကျွန်ုပ်တို့ထည့်တွက်စဉ်းစားရမည်ဖြစ်သည်။ (ကမ္ဘာဦး ၁၁:၁၀-၃၂) သို့နှင့် ဘီ.စီ.အီး. ၂၃၇၀ ပြည့်နှစ်တွင် စတင်ရေလွှမ်းမိုးခဲ့သည်ဟု ကျွန်ုပ်တို့သတ်မှတ်နိုင်သည်။ *
စတင်ရေလွှမ်းမိုးခဲ့
နောဧခေတ်အဖြစ်အပျက်များကို ကျွန်ုပ်တို့မသုံးသပ်မီ ကမ္ဘာဦးကျမ်းအခန်းကြီး ၇ အခန်းငယ် ၁၁ မှ အခန်းကြီး ၈ အခန်းငယ် ၄ အထိ ဖတ်ထားလိုပေမည်။ မိုးသည်းထန်စွာရွာခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ဤသို့သိရသည်– “နောဧအသက်ခြောက်ရာစေ့သောနှစ် [ဘီ.စီ.အီး. ၂၃၇၀ ပြည့်နှစ်] ၊ ဒုတိယလ၊ ဆယ့်ခုနစ်ရက်နေ့တွင် ကြီးစွာသောနက်နဲရာရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကိုပယ်ရှင်း၍ မိုးကောင်းကင်ပြွန်ဝများကိုဖွင့်” လိုက်လေသည်။—ကမ္ဘာဦး ၇:၁၁။
နောဧသည် တစ်နှစ်ကို တစ်လလျှင် ရက် ၃၀ စီရှိ ၁၂ လသို့ပိုင်းခြားခဲ့သည်။ ရှေးအချိန်က ပထမဦးဆုံးလသည် ကျွန်ုပ်တို့ပြက္ခဒိန်၏ စက်တင်ဘာလလယ်လောက်တွင် စတင်ခဲ့၏။ ထို့ကြောင့် ဘီ.စီ.အီး. ၂၃၇၀ ပြည့်နှစ်၊ “ဒုတိယလ၊ ဆယ့်ခုနစ်ရက်နေ့” တွင် စတင်ရေလွှမ်းမိုးခဲ့ရာ နိုဝင်ဘာနှင့် ဒီဇင်ဘာလ
များအတွင်း နေ့ညမပြတ် ရက်ပေါင်း ၄၀ တိုင်တိုင် မိုးရွာသွန်းခဲ့သည်။ထိုရေလွှမ်းမိုးခြင်းနှင့်စပ်လျဉ်း၍ ဤသို့လည်းသိရသေးသည်– “ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်းတစ်ရာ့ငါးဆယ်ပတ်လုံး အားကြီးစွာတည်လေ၏။ . . . ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်းစီးသွား၍ အရက်တစ်ရာ့ငါးဆယ်စေ့သောအခါ ယုတ်လျော့လေ၏။ သတ္တမလ ဆယ့်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာတင်လေ၏။” (ကမ္ဘာဦး ၇:၂၄–၈:၄) ထို့ကြောင့် ကမ္ဘာမြေကို ရေစတင်ဖုံးလွှမ်းခဲ့ချိန်မှ ရေကျသွားချိန်အထိသည် ရက်ပေါင်း ၁၅၀ သို့မဟုတ် ငါးလကြာသည်။ ထိုအခါ သင်္ဘောသည် ဘီ.စီ.အီး. ၂၃၆၉ ခုနှစ် ဧပြီလတွင် အာရရတ်တောင်ပေါ် တင်လေသည်။
ယခု ကမ္ဘာဦး ၈:၅-၁၇ ကို သင်ဖတ်လိုပေမည်။ နှစ်လခွဲ (၇၃ ရက်) နီးပါးကြာပြီးနောက် “ဒသမလ [ဇွန်လ] . . . လဆန်းတစ်ရက်နေ့တွင်” တောင်ထိပ်များ ပေါ်လာလေသည်။ (ကမ္ဘာဦး ၈:၅)၄ * သုံးလ (၉၀ ရက်) ကြာပြီးနောက်ဖြစ်သော နောဧ၏ “အနှစ်ခြောက်ရာတစ်ခု ပထမလဆန်းတစ်ရက်နေ့” သို့မဟုတ် ဘီ.စီ.အီး. ၂၃၆၉ ခုနှစ်၊ စက်တင်ဘာလလယ်တွင် နောဧသည် သင်္ဘောအမိုးကို ဖွင့်လိုက်သည်။ ထိုအခါ သူသည် “မြေမျက်နှာ၌ရေခန်းခြောက်သည်ကို မြင်၏။” (ကမ္ဘာဦး ၈:၁၃) တစ်လနှင့် ၂၇ ရက် (၅၇ ရက်) အကြာ “ဒုတိယလ၊ နှစ်ဆယ့်ခုနစ်ရက်နေ့ [ဘီ.စီ.အီး. ၂၃၆၉ ခုနှစ်၊ နိုဝင်ဘာလလယ်] တွင် မြေကြီးသွေ့ခြောက်လေ၏။” ထို့နောက် နောဧနှင့် သူ၏မိသားစုသည် သင်္ဘောထဲမှ ခြောက်သွေ့သည့်မြေပေါ် ထွက်လာခဲ့ကြသည်။ ထို့ကြောင့် နောဧနှင့် အခြားသူများသည် သင်္ဘောထဲတွင် တစ်နှစ်နှင့် ဆယ်ရက် (ရက်ပေါင်း ၃၇၀) ကြာခဲ့၏။—ကမ္ဘာဦး ၈:၁၄။
ဖြစ်ပျက်ခဲ့ရာများကို အချိန်အတိအကျ အသေးစိတ်ဖော်ပြပေးသည့် ဤစေ့စပ်သေချာသော မှတ်တမ်းများက အဘယ်အရာကို သက်သေထူသနည်း။ ဤအချက်ကိုပင်ဖြစ်သည်– ကမ္ဘာဦးကျမ်းကို မှတ်တမ်းတင်ရေးသားခဲ့သူ ဟေဗြဲပရောဖက် မောရှေသည် ဒဏ္ဍာရီပုံပြင်ကိုမဟုတ်ဘဲ ဖြစ်ရပ်မှန်များကို အခြေပြုတင်ပြထားသည်။ ထို့ကြောင့် ရေလွှမ်းမိုးဘေးသည် ယနေ့ ကျွန်ုပ်တို့အတွက် အထူးအဓိပ္ပာယ်ရှိ၏။
ရေလွှမ်းမိုးဘေးကို အခြားကျမ်းရေးသူများ မည်သို့ရှုမြင်ခဲ့ကြသနည်း
သမ္မာကျမ်းစာသည် နောဧ သို့မဟုတ် ရေလွှမ်းမိုးဘေးအကြောင်းကို ကမ္ဘာဦးကျမ်းတွင် မှတ်တမ်းတင်ထားသည့်အပြင်
အခြားကျမ်းများတွင်လည်း များစွာရည်ညွှန်းဖော်ပြထားသည်။ ဥပမာ–(၁) ကျမ်းသုတေသီဧဇရသည် နောဧနှင့် သူ၏သားများ (ရှေမ၊ ဟာမ၊ ယာဖက်) ကို ဣသရေလလူမျိုး၏ ဆွေစဉ်မျိုးဆက်စာရင်းတွင် ထည့်သွင်းထားသည်။—၁ ရာဇဝင်ချုပ် ၁:၄-၁၇။
(၂) ဆရာဝန်နှင့် ခရစ်ဝင်ကျမ်းရေးသူ လုကာသည် ယေရှုခရစ်၏ ဘိုးဘေးများကို စာရင်းပြုစုသောအခါ နောဧအမည်ကို ထည့်သွင်းထားသည်။—လုကာ ၃:၃၆။
(၃) တမန်တော်ပေတရုသည် ခရစ်ယာန်ချင်းများထံစာရေးရာတွင် ရေလွှမ်းမိုးဘေးအကြောင်းကို တစ်ကြိမ်ထက်မက ရည်ညွှန်းခဲ့၏။—၂ ပေတရု ၂:၅; ၃:၅၊ ၆။
(၄) နောဧသည် သူ၏မိသားစုအသက်ရှင်ရေးအတွက် သင်္ဘောတည်ဆောက်ရာတွင် ကြီးမားသောယုံကြည်ခြင်း တင်ပြခဲ့ကြောင်း တမန်တော်ပေါလုပြောပြသည်။—ဟေဗြဲ ၁၁:၇။
အဆိုပါမှုတ်သွင်းခံကျမ်းရေးသူများသည် ကမ္ဘာဦးကျမ်းပါ ရေလွှမ်းမိုးဘေးမှတ်တမ်းကို လက်ခံခဲ့ကြကြောင်း ယုံရခက်ပါသလော။ ထိုအဖြစ်အပျက်ကို ဖြစ်ရပ်မှန်အဖြစ် သူတို့ယူမှတ်ခဲ့သည်မှာ သေချာပါသည်။
ယေရှုနှင့် ရေလွှမ်းမိုးဘေး
ယေရှုခရစ်သည် လူသားဘဝမတိုင်မီက အသက်ရှင်ခဲ့သည်။ (သု. ၈:၃၀၊ ၃၁) ကိုယ်တော်သည် ရေလွှမ်းမိုးဘေးကာလအတွင်း ကောင်းကင်၌ ဝိညာဉ်သားတစ်ဦးဖြစ်၏။ ထို့ကြောင့် မျက်မြင်သက်သေတစ်ဦးအနေနှင့် ယေရှုသည် နောဧလက်ထက် ရေလွှမ်းမိုးဘေးနှင့်ပတ်သက်၍ အရေးပါဆုံးကျမ်းစာအထောက်အထားကိုပေးခဲ့သည်။ ယေရှုဤသို့မိန့်ဆိုခဲ့၏– “လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။”—မဿဲ ၂၄:၃၇-၃၉။
ဖြစ်လတ္တံ့သော ဤအစီအစဉ်စနစ်၏အဆုံးအကြောင်း ကျွန်ုပ်တို့ကိုသတိပေးရာတွင် ရိုးရာပုံပြင်တစ်ပုဒ်ကို ယေရှုအသုံးပြုပါမည်လော။ လုံးဝအသုံးပြုမည်မဟုတ်! ဆိုးယုတ်မှုကို ဘုရားသခင် အမှန်တကယ်တရားစီရင်ခဲ့သည့် ပုံသက်သေတစ်ခုကို ကိုယ်တော်အသုံးပြုမည်မှာ သေချာသည်။ လူများစွာ အသက်ဆုံးရှုံးခဲ့သည်မှန်သော်လည်း ရေလွှမ်းမိုးဘေးကို နောဧနှင့် သူ၏မိသားစု ကပ်ကျော်ခဲ့ခြင်းက ကျွန်ုပ်တို့အား စိတ်သက်သာမှုရစေသည်။
“နောဧလက်ထက်” သည် ယေရှုခရစ်တည်းဟူသော “လူသားကြွလာတော်မူ” ချိန် ယနေ့အသက်ရှင်နေကြသူတို့အတွက် အလွန်အဓိပ္ပာယ်ရှိသည်။ နောဧမှတ်တမ်းတင်ထိန်းသိမ်းထားသည့် ကမ္ဘာချီရေလွှမ်းမိုးဘေးအကြောင်း အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ဖတ်ရှုသောအခါ ၎င်းသည် သမိုင်းအစစ်အမှန်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ ကမ္ဘာဦးကျမ်းပါ ရေလွှမ်းမိုးဘေးမှတ်တမ်းသည် ကျွန်ုပ်တို့အတွက် အလွန်အဓိပ္ပာယ်ရှိသည်။ နောဧ၊ သူ၏သားများနှင့် သူတို့၏ဇနီးများသည် ဘုရားသခင့်ကယ်တင်ခြင်းအစီအစဉ်ကို ယုံကြည်အားထားခဲ့သကဲ့သို့ ယနေ့ ကျွန်ုပ်တို့သည်လည်း ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ခြင်းအားဖြင့် ယေဟောဝါ၏အကာအကွယ်ရနိုင်ကြသည်။ (မဿဲ ၂၀:၂၈) ထို့ပြင် ဘုရားတရားမဲ့လောကကို ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးခဲ့ချိန်တွင် နောဧနှင့် သူ၏မိသားစု ကပ်ကျော်ခဲ့ကြောင်း နောဧ၏သင်္ဘောမှတ်တမ်းက ဖော်ပြသကဲ့သို့ ဤအစီအစဉ်စနစ်ဆိုးအဆုံးတိုင်သည့်အခါ အသက်ရှင်ကျန်ရစ်ရန် ကျွန်ုပ်တို့မျှော်လင့်နိုင်သည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ရေလွှမ်းမိုးဘေး၏ရက်စွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုသိရှိရန် ယေဟောဝါသက်သေများထုတ်ဝေသည့် ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း [လိပ်] အတွဲ ၁၊ စာမျက်နှာ ၄၅၈-၆၀ ကိုရှု။
^ အပိုဒ်၊ 12 ကီးလ်-ဒဲလစ်ဇ်၏ ဓမ္မဟောင်းအကျယ်ဖွင့်ကျမ်း၊ အတွဲ ၁၊ စာမျက်နှာ ၁၄၈ ကဤသို့ဆိုသည်– “၇၃ ရက်အကြာတွင် သင်္ဘောသောင်တင်ပြီးနောက် တောင်ထိပ်များပေါ်လာ၏၊ ဆိုလိုသည်မှာ၊ သင်္ဘောကို ဝန်းရံထားသည့် အာမီးနီးယန်းတောင်တန်း၏ တောင်ထိပ်များဖြစ်၏။”
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
သူတို့ ထိုမျှအသက်ရှည်ခဲ့သလော
“နောဧသည် . . . အသက်ပေါင်းကိုးရာငါးဆယ်စေ့သော် [ကွယ်လွန်] လေ၏” ဟုကျမ်းစာဆိုသည်။ (ကမ္ဘာဦး ၉:၂၈၊ ၂၉) နောဧ၏အဘိုး မသုရှလသည် ၉၆၉ နှစ်နေသွားရသည်၊ မှတ်တမ်းအရ သူသည် သက်တမ်းအရှည်ဆုံးလူသားဖြစ်သည်။ အာဒံမှ နောဧအထိ မျိုးဆက်ဆယ်ဆက်၏ ပျမ်းမျှသက်တမ်းမှာ အနှစ် ၈၅၀ အထက်ဖြစ်သည်။ (ကမ္ဘာဦး ၅:၅-၃၁) ထိုအချိန်က လူတို့သည် ထိုမျှအသက်ရှည်ခဲ့သလော။
အမှန်မှာ ဘုရားသခင်၏မူလရည်ရွယ်တော်မူချက်သည် လူကို ထာဝစဉ်အသက်ရှင်စေရန်ဖြစ်၏။ ပထမလူသား အာဒံသာ ဘုရားသခင်ကို နာခံမည်ဆိုလျှင် မကုန်ဆုံးနိုင်သောသက်တမ်းရှည်ဖြင့် နေခွင့်ရမည်။ (ကမ္ဘာဦး ၂:၁၅-၁၇) သို့သော် အာဒံသည် ဘုရားသခင်၏စကားကိုနားမထောင်သဖြင့် အဆိုပါအခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားရသည်။ အာဒံသည် သေဆုံးခြင်းဖြစ်စဉ်အတိုင်း နှစ်ပေါင်း ၉၃၀ ကြာကြာ တရွေ့ရွေ့နှင့်အသက်ရှင်ပြီးနောက် သူထွက်ရာ မြေသို့ ပြန်သွားလေ၏။ (ကမ္ဘာဦး ၃:၁၉; ၅:၅) ထိုပထမလူသားသည် သူ၏သားစဉ်မြေးဆက်အားလုံးထံသို့ အပြစ်နှင့် သေခြင်းကို လက်ဆင့်ကမ်းပေးခဲ့သည်။—ရောမ ၅:၁၂။
သို့တိုင်၊ ထိုအချိန်က အသက်ရှင်ခဲ့ကြသူတို့သည် အာဒံ၏ မူလစုံလင်မှုနှင့် ပို၍နီးစပ်ခဲ့ကြရာ နောက်ပိုင်း မွေးဖွားလာခဲ့ကြသူတို့ထက် အသက်ပိုရှည်ခဲ့ကြခြင်းဖြစ်ကြောင်း ထင်ရှား၏။ ထို့ကြောင့် လူ့သက်တမ်းသည် ရေမလွှမ်းမိုးမီအချိန်က အနှစ်တစ်ထောင်နီးပါးရှိပြီး ရေလွှမ်းမိုးပြီးနောက်ပိုင်းတွင်မူ လူ့သက်တမ်းသည် လျင်မြန်စွာ လျော့နည်းသွားခဲ့လေသည်။ ဥပမာ၊ အာဗြဟံသည် ၁၇၅ နှစ်သာ နေသွားရသည်။ (ကမ္ဘာဦး ၂၅:၇) အဆိုပါတည်ကြည်သူဘိုးဘေး သေဆုံးပြီးနောက် အနှစ် ၄၀၀ အကြာတွင် ပရောဖက်မောရှေက ဤသို့ရေးသားခဲ့သည်– ‘အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍ အကျွန်ုပ်တို့သည် စုတေ့ပျောက်ကွယ်ကြပါ၏။’ (ဆာလံ ၉၀:၁၀) ယနေ့လည်း အလားတူအခြေအနေရှိသည်။
[စာမျက်နှာ ၆၊ ၇ ပါ ဇယား/ ရုပ်ပုံ]
ပြည်နှင်ခံဂျူးများအား နေရင်းပြည်သို့ ပြန်ခွင့်ပြုသည့်အမိန့်ကို ကုရုမင်းထုတ်ပြန်ချိန်မှ နောဧခေတ် ရေလွှမ်းမိုးဘေးသို့ နောက်ပြန်ဆုတ် ရေတွက်ခြင်း
၅၃၇ ကုရုမင်း၏အမိန့်ထုတ်ပြန်ချက် *
၅၃၉ ပါးရှားဘုရင်ကုရု ဗာဗုလုန်ကိုအနိုင်ရချိန်
၆၈ နှစ်
၆၀၇ ယုဒနိုင်ငံ၏ အနှစ် ၇၀ ကြာလူဆိတ်ညံရာကာလစတင်
ဣသရေလနိုင်ငံကို
ခေါင်းဆောင်များ၊
တရားသူကြီးများနှင့်
ဘုရင်များ
နှစ်ပေါင်း ၉၀၆ နှစ်တိုင်တိုင်
ကြီးကြပ်ခဲ့ကြ
၁၅၁၃ အီဂျစ်ပြည်မှထွက်မြောက်လာချိန်
၄၃၀ နှစ် အီဂျစ်ပြည်နှင့် ခါနာန်ပြည်တို့တွင်
ဣသရေလလူမျိုးနေထိုင်ခဲ့ချိန် အနှစ် ၄၃၀
၁၉၄၃ အာဗြဟံပဋိညာဉ်ကို အတည်ပြုပေးခြင်း
၂၀၅ နှစ်
၂၁၄၈ တေရမွေးဖွားချိန်
၂၂၂ နှစ်
၂၃၇၀ ရေလွှမ်းမိုးဘေးစတင်ချိန်
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 35 ပြည်နှင်ခံဂျူးများအား နေရင်းပြည်သို့ပြန်စေရန် ကုရုမင်း၏ထုတ်ပြန်ချက်ကို ဘီ.စီ.အီး. ၅၃၈ ခုနှစ် သို့မဟုတ် ဘီ.စီ.အီး. ၅၃၇ ခုနှစ် အစောပိုင်းဖြစ်ပုံရသည့် “ပေရသိရှင်ဘုရင် ကုရုနန်းစံပထမနှစ်တွင်” ထုတ်ပြန်ခဲ့၏။