မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတိုင်မီနှင့်ပြီးနောက် အသရေယုတ်ညံ့သောအတိတ်၊ မျှော်လင့်ချက်ရှိသောအနာဂတ်

မတိုင်မီနှင့်ပြီးနောက် အသရေယုတ်ညံ့သောအတိတ်၊ မျှော်လင့်ချက်ရှိသောအနာဂတ်

“ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်”

မတိုင်မီ​နှင့်​ပြီး​နောက် အသရေ​ယုတ်ညံ့​သော​အတိတ်၊ မျှော်လင့်ချက်​ရှိသော​အနာဂတ်

“ဘု ရား​သခင်၏​နှုတ် [မြွက်] တရားတော်​သည် အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်ခြင်း၊ သန်လျက်​တကာ​တို့​ထက် ထက်​ခြင်း​နှင့်​ပြည့်စုံ​သည်​ဖြစ်၍၊ . . . စိတ်နှလုံး​အကြံအစည်​များ​ကိုလည်း သိမြင်​တတ်၏။” (ဟေဗြဲ ၄:၁၂) ဘုရားသခင့်​သတင်းတရား​၏ ထိုးထွင်း​သိမြင်နိုင်စွမ်း​အကြောင်း တမန်​တော်​ပေါလု ထိုသို့​ပြောဆို​ခဲ့​သည်။ ၎င်း​သည် နှလုံးကို​ထိမိ​နိုင်​ကြောင်း အထူးသဖြင့် စီ.အီး. ပထမ​ရာစု​တွင် ထင်ရှား​ခဲ့​၏။ ထို​အချိန်တွင် မကောင်းသော​သြဇာလွှမ်း​မိုး​မှု​ရှိခဲ့​သော်လည်း ခရစ်ယာန်​များ​ဖြစ်လာ​ကြ​သူတို့သည် ဥပဓိရုပ်​သစ်​ကို ယူတင်​ဝတ်ဆောင်​ခဲ့​ကြသည်။—ရောမ ၁:၂၈၊ ၂၉; ကောလောသဲ ၃:၈-၁၀

ကျမ်းစာ​တွင်​မှတ်တမ်း​တင်ထား​သည့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ ပြောင်းလဲ​စေနိုင်​သော​အစွမ်း​တန်ခိုး​ကို ယနေ့လည်း တွေ့ မြင်​နေကြ​ရသည်။ ဥပမာ၊ ရ​စ်​ချာ့ဒ်​အမည်​ရှိ အရပ်​ရှည်​ပြီး သန်စွမ်း​သူ​တစ်ဦး​ကို သတိပြုပါ။ သူသည် ဒေါသကြီး​သည့်​အတွက် မဆိုစလောက်​လေး​၌​ပင် ရန်ဖြစ်​တတ်၏။ အကြမ်းဖက်မှု​ကြောင့် သူ့​ဘဝ ပျက်ယွင်း​နေသည်။ ရ​စ်​ချာ့ဒ်​သည် လက်ဝှေ့​အသင်းဝင်​တစ်ဦး​လည်း​ဖြစ်သည်။ သူသည် ကြိုးစားပမ်းစား​လေ့ကျင့်​ခဲ့​ရာ ဂျာမနီ​နိုင်ငံ၊ ဝက်​စ်ဖာလီ​ယာ​မြို့​၏ ဟဲဗီး​ဝိတ်​လက်ဝှေ့​ချန်ပီယံ​ဖြစ်လာ​ခဲ့​သည်။ ထို့​ပြင် ရ​စ်​ချာ့ဒ်​သည် အရက်​အလွန်​အ​ကြူး​သောက်​တတ်​ပြီး ရန်ပွဲ​များ​တွင် ဝင်ပါ​လေ့​ရှိ၏။ ရန်ပွဲ​တစ်ပွဲ​တွင် လူတစ်ယောက်​သေဆုံး​ခဲ့​ရာ ရ​စ်​ချာ့ဒ်​သည် ထောင်ကျ​လု​နီး​ဖြစ်​ခဲ့​ရသည်။

ရ​စ်​ချာ့ဒ်​၏​အိမ်ထောင်ရေး​ကော အသို့နည်း။ “ဟိုက်​ကာ​နဲ့​ကျွန်တော်​ဟာ ကျမ်းစာ​မ​လေ့လာ​ခင်​က ကိုယ့်​လမ်း​ကိုယ်​သွား​တတ်ကြ​တယ်။ ကျွန်တော်​က ကျွန်တော်​ဝါသနာ​ပါ​တဲ့ လက်ဝှေ့​ထိုး​တာ၊ ရေ​လွှာ​လှိုင်း​စီး​တာ၊ ဒို​င်ဗင်​ထိုး​တာ​တွေ​နဲ့​ပဲ အချိန်ဖြုန်း​နေချိန်မှာ ဟိုက်​ကာ​ကျ​တော့ သူ့​မိန်းကလေး​သူငယ်ချင်းတွေ​နဲ့ အချိန်ဖြုန်း​တတ်တယ်” ဟု​ရ​စ်​ချာ့ဒ်​က ပြန်ပြောင်း​ပြောပြ​သည်။

ရ​စ်​ချာ့ဒ်​နှင့်​ဟိုက်​ကာ​တို့သည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​စလေ့လာ​ကြသောအခါ သမ္မာကျမ်းစာ​တွင် ပြဋ္ဌာန်း​ထားသော မြင့်မား​သည့်​စံနှုန်း​များနှင့်​အညီ​အသက်ရှင်​ရန် သူ၏​ဘဝကို ပြောင်းလဲ​နိုင်​မည်​မဟုတ်​ဟု ရ​စ်​ချာ့ဒ်​အထင်​ရှိခဲ့​သည်။ သို့ရာတွင်၊ ယေဟောဝါ​ဘုရားသခင်​ကို ရ​စ်​ချာ့ဒ်​သိလာ​လေ ကိုယ်တော့်​စိတ်​နှင့်​တွေ့​လို​စိတ် တိုးများ​လာ​လေ​ဖြစ်သည်။ အကြမ်းဖက်မှုကို​နှစ်သက်သူ​များ၊ ဖျော်ဖြေမှု​ရဖို့ ၎င်းကို​အသုံးချ​သူများကို ဘုရားသခင်​ရွံမုန်း​ကြောင်း ရ​စ်​ချာ့ဒ်​သိမြင်​လာ​သည်။ “ကြမ်းကြုတ်ခြင်း​နှစ်သက်သော​သူကို [ယေဟောဝါ​၏​ဝိညာဉ်တော်သည်] မုန်းတော်မူ” ကြောင်း ရ​စ်​ချာ့ဒ်​သိရှိ​လာ​၏။—ဆာလံ ၁၁:၅သမ္မာ။

ထို့​ပြင် ရ​စ်​ချာ့ဒ်​နှင့်​ဟိုက်​ကာ​တို့သည် မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​နိုင်​မည်​ဟူသော မျှော်လင့်ချက်ကို အလွန်​နှစ်သက်​ကြသည်။ ထို​နေရာတွင် သူတို့ အတူတူ​နေထိုင်​လို​ကြ​၏! (ဟေရှာယ ၆၅:၂၁-၂၃) “ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟူသော​ဖိတ်ခေါ်ချက်​ကို ရ​စ်​ချာ့ဒ် အလွန်​နှစ်သက်​မိ​သည်။ (ယာကုပ် ၄:၈) “ကြမ်းကြုတ်​သော​သူကို​မငြူစူ​နှင့်။ သူ​လိုက်​သော​လမ်း​တစ်စုံတစ်ရာ​ကို​မျှ မရွေး​မလိုက်​နှင့်။ အကြောင်း​မူ​ကား ထာဝရ​ဘုရား​သည် သဘော​ကောက်ကျစ်​သူကို စက်ဆုပ်​ရွံရှာ​တော်​မူ​၏။ ဖြောင့်မှန်​သူ​မူ​ကား ကိုယ်တော်​နှင့်​မိတ်သဟာယ​ဖွဲ့​ရသော​အခွင့်​ရှိ၏” ဟူသော ဤ​မှုတ်သွင်းခံ​သွန်သင်ချက်​ကို လိုက်နာခြင်း​၏​တန်ဖိုး​ကို သူ​နားလည်​သွား​သည်။—သု. ၃:၃၁၊ ၃၂သမ္မာ။

ရ​စ်​ချာ့ဒ်​သည် သူ၏​လမ်းစဉ်​ကို ပြောင်းလဲ​လို​စိတ်​ပြင်းပြ​ခဲ့​သော်လည်း မိမိ​ခွန်အား​နှင့် မိမိ​ဘာသာ​ပြောင်းလဲ​နိုင်​မည်​မဟုတ်​ကြောင်း သူ​သဘောပေါက်ခဲ့​သည်။ ဆုတောင်းခြင်း​အားဖြင့် ဘုရားသခင့်​အကူအညီကို တောင်းခံ​ဖို့​လို​ကြောင်း သူသိ​လာ​သည်။ သို့​နှင့် သူသည် တမန်​တော်​များ​အား ယေရှု​မိန့်တော်မူ​ခဲ့​သည့် ဤ​စကား​အတိုင်း ပြုမူ​လေ​သည်– “စုံစမ်း​နှောင့်ယှက်ခြင်း​နှင့်​ကင်းလွတ်​မည်​အကြောင်း ဆုတောင်း​လျက်​စောင့်နေ​ကြလော့။ စိတ်​ဝိညာဉ်​ကား စေတနာ​ရှိ​ငြား​သော်လည်း၊ ကိုယ်​မူ​ကား​အားနည်း​သည်။”—မဿဲ ၂၆:၄၁

အကြမ်းဖက်မှု​နှင့် အမျက်ထွက်ခြင်း​ကို ဘုရားသခင် မည်သို့ ရှုမြင်​ကြောင်း ရ​စ်​ချာ့ဒ်​သိလာပြီး​နောက် လက်ဝှေ့​ထိုး​ခြင်း​သည် ကိုယ်တော်​လက်ခံ​နိုင်​မည့် အားကစားနည်း​မဟုတ်​ကြောင်း ရ​စ်​ချာ့ဒ်​ကောင်းစွာ​သိသွား​သည်။ ယေဟောဝါ​ထံ​မှ အကူအညီ​ဖြင့်​လည်းကောင်း၊ သူ့ကို​ကျမ်းစာ​သင်ပေး​သူတို့၏ အားပေးမှု​ဖြင့်​လည်းကောင်း ရ​စ်​ချာ့ဒ်​သည် အကြမ်းဖက်မှုကို စွန့်လွှတ်​လိုက်​သည်။ လက်ဝှေ့​ထိုး​ခြင်း​နှင့် ဆူပူ​သောင်းကျန်း​ခြင်း​တို့ကို​လည်း သူ​စွန့်လွှတ်​လိုက်ပြီး သူ၏​မိသားစု​ဘဝကို တိုးတက်​ကောင်းမွန်​လာစေဖို့ ဆုံးဖြတ်​လိုက်​သည်။ “ကျမ်းစာ​အမှန်တရားကို ကျွန်တော်​သင်ယူ​သိရှိလာတဲ့​အတွက် မပြုမူ​မိခင် ရပ်​ပြီး​စဉ်းစား​ဖို့ အကူအညီ​ရစေတယ်” ဟု ယခု ယေဟောဝါသက်သေ​များ​၏ အသင်းတော်​တစ်ခု​တွင် စိတ်​နူးညံ့​သော ကြီးကြပ်မှူး​တစ်ဦး​ဖြစ်နေ​သည့် ရ​စ်​ချာ့ဒ်​က​ပြောပြ​သည်။ “အခု​ဆိုရင် ချစ်ခြင်း​မေတ္တာနဲ့ ရိုသေ​လေးစားမှု​ဆို​တဲ့ မူတွေ​က ကျွန်တော့်​ဇနီး၊ ကျွန်တော့်​ကလေး​တွေ​နဲ့ ကျွန်တော့်​ရဲ့ ဆက်ဆံ​ရေး​ကို လမ်းညွှန်​ပေး​နေပါတယ်။ ဒါ​ကြောင့် ကျွန်တော်​တို့​မိသားစုဟာ ချစ်ခင်​စည်းလုံး​လာပြီ” ဟု သူက ထပ်လောင်း​၍​ပြောဆို​သည်။

တစ်ခါတစ်ရံ မဟုတ်မမှန်​သတင်းပေး​သူတို့က ယေဟောဝါသက်သေ​များသည် မိသားစု​များ​ကို ဖြိုခွဲ​သည်​ဟု စွပ်စွဲ​ကြ​၏။ သို့ရာတွင် ရ​စ်​ချာ့ဒ်​ကဲ့သို့​သော​ပုဂ္ဂိုလ်​တို့၏ ပုံ​နမူနာ​များ​က သူတို့၏​အဆို​မှား​ကြောင်း ချေပ​လိုက်​သည်။ အမှန်​မှာ ကျမ်းစာ​အမှန်တရားသည် အိမ်ထောင်ရေး​ကို တည်ငြိမ်​စေပြီး အသရေ​ယုတ်ညံ့​သော​အတိတ်ကို မျှော်လင့်ချက်​ရှိသော​အနာဂတ်​ဖြစ်စေ​နိုင်​ပါ​သည်။—ယေရမိ ၂၉:၁၁

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

ကျမ်းစာ​မူများ အကျိုး​သက်ရောက်

သမ္မာကျမ်းစာ​သည် လူ​တို့​အပေါ် အကြီးအကျယ်​သြဇာညောင်း​နိုင်​သည်။ အကြမ်းဖက်​သူများကို ပြောင်းလဲ​စေ​ခဲ့​သည့် ကျမ်းစာမူ​အချို့​ကို ဤ​တွင်​ဖော်ပြ​ထား​သည်–

“စိတ်ရှည်သော​သူသည် ခွန်အား​ကြီးသော​သူ​ထက်​လည်းကောင်း၊ မိမိ​စိတ်​ကို​ချုပ်တည်း​သော​သူသည် မြို့ကို​တိုက်ယူ​သော​သူ​ထက်​လည်းကောင်း သာ၍​ကောင်း​၏။” (သု. ၁၆:၃၂) ဒေါသကို​မချုပ်တည်း​နိုင်​ခြင်း​သည် စွမ်းအား​မဟုတ်၊ အားနည်းချက်​ဖြစ်၏။

“[ကောင်းသော]သတိရှိ​သော​သူသည် မိမိ​အမျက်​ဒေါသကို ချုပ်တည်း​တတ်၏။” (သု. ၁၉:၁၁) အခြေအနေ တစ်ရပ်​ကို ကောင်းကောင်း​သိ​နားလည်ခြင်းက ထိပ်တိုက်​ရင်ဆိုင်​ရသည့် အကြောင်းရင်း​များ​ကို အတွင်းကျကျ တွေ့မြင်​စေသည့်​အတွက် ဒေါသ​ပေါက်ကွဲ​မှု​ကို တားဆီး​ပေး​နိုင်​သည်။

‘အမျက်ထွက်​တတ်သော​သူနှင့် မပေါင်းဖော်​နှင့်။ သူ၏​အပြုအမူကို​သင်​၍ စိုးရိမ်​စ​ရာ​ရှိ၏။’ (သု. ၂၂:၂၄၊ ၂၅သမ္မာ) ခရစ်ယာန်​များသည် ဒေါသ​ထွက်​လွယ်​သူတို့နှင့် ပေါင်းသင်း​ခြင်း​ကို ပညာရှိရှိ ရှောင်ကြဉ်​ကြသည်။

[စာမျက်နှာ ၉ ပါ အကျဉ်း​ဖော်ပြချက်]

“မြေကြီး​ပရဒိသု​ကို မျှော်လင့် ခြင်း​က ကျွန်တော့်​ကို ပြောင်းလဲ​ချင်စိတ်​ရှိလာ​စေတယ်