လူတိုင်း မိမိသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်
လူတိုင်း မိမိသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်
အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ပူပြင်းသောနွေရာသီအတွင်း အရိပ်ကို ရှာတွေ့ခဲသည်။ မည်သည့်အပင်မဆို အထူးသဖြင့် အိမ်အနီးရှိအပင်၏အရိပ်ကို လိုလားကြ၏။ ထိုဒေသရှိ သင်္ဘောသဖန်းပင်၏ အရွက်ကြီးများနှင့် ပြန့်ကားသောအကိုင်းအခက်များသည် အခြားမည်သည့်အပင်တို့ထက်မဆို အရိပ်ပိုရနိုင်သည်။
သမ္မာကျမ်းစာ၏အပင်များ စာအုပ်၏အဆိုအရ “[သင်္ဘောသဖန်းပင်၏] အရိပ်သည် ရွက်ဖျင်တဲထက် ပို၍လန်းဆန်းအေးမြသည်။” ရှေးဣသရေလနိုင်ငံတွင် စပျစ်ခြံစပ်ရှိ သင်္ဘောသဖန်းပင်များ၏အရိပ်သည် လယ်လုပ်သားများ ခေတ္တနားခိုရာဖြစ်သည်။
နေပူကျဲကျဲတွင် တစ်နေ့တာလုံး ပင်ပန်းစွာလုပ်ကိုင်ပြီးနောက် ညနေပိုင်းတွင် သင်္ဘောသဖန်းပင်အောက် မိသားစုလိုက်ထိုင်ပြီး ပျော်ရွှင်နိုင်ကြသည်။ ထို့ပြင် သင်္ဘောသဖန်းပင်၏ပိုင်ရှင်သည် အာဟာရရှိသော အသီးများစွာ ရရှိနိုင်သည်။ ထို့ကြောင့် ဘုရင်ရှောလမုန်လက်ထက်မှစ၍ မိမိသင်္ဘောသဖန်းပင်အောက်ထိုင်ခြင်းသည် ငြိမ်းချမ်းသာယာ၊ ကောင်းစားကြွယ်ဝခြင်းကို တင်စားသည်။—၃ ဓမ္မရာဇဝင် ၄:၂၄၊ ၂၅။
ကုန်လွန်ခဲ့သောရာစုနှစ်များစွာက ပရောဖက်မောရှေသည် ကတိထားရာပြည်ကို ‘သင်္ဘောသဖန်းပင်နှင့်ပြည့်စုံသောပြည်’ ဟု ဖော်ပြခဲ့သည်။ (တရားဟောရာ ၈:၈) ထိုပြည်၏ မြေသြဇာကောင်းခြင်းကို သက်သေပြရန် သူလျှိုဆယ့်နှစ်ဦးသည် ဣသရေလစခန်းသို့အပြန်တွင် သင်္ဘောသဖန်းသီးများနှင့် တခြားသစ်သီး ဝလံများကို ယူဆောင်လာ ခဲ့ကြသည်။ (တောလည်ရာ ၁၃:၂၁-၂၃) ၁၉ ရာစုနှစ်တွင် သမ္မာကျမ်းစာနယ်မြေများသို့ လည်ပတ်ခဲ့သော ခရီးသည်တစ်ဦးက ထို ဒေသတွင် သင်္ဘောသဖန်းပင်ကို အများဆုံးတွေ့ခဲ့ကြောင်း ပြောပြသည်။ သို့ဖြစ်၍ သင်္ဘောသဖန်းသီးနှင့် ၎င်းအပင်များအကြောင်း သမ္မာကျမ်းစာက မကြာခဏဖော်ပြခြင်းသည် အံ့ဩစရာမဟုတ်ပေ!
နှစ်သီးစားအပင်
သင်္ဘောသဖန်းပင်သည် အဘယ်မြေမျိုးတွင်မဆို ပေါက်နိုင်ပြီး ၎င်း၏အမြစ်ရှည်များကြောင့် အရှေ့အလယ်ပိုင်းဒေသ၏ ကြာရှည်ခြောက်သွေ့သော နွေရာသီဒဏ်ကို ခံနိုင်သည်။ ဇွန်လတွင် သီးဦးသီးဖျားများထွက်ပြီး အဓိကအသီးမှာ ဩဂုတ်လဆန်းပိုင်းမှ စ၍သီးသွားသောကြောင့် ထိုအပင်သည် တစ်မူထူးခြားသည်။ (ဟေရှာယ ၂၈:၄) ဣသရေလလူတို့သည် သီးဦးသီးဖျားကို လတ်လတ်ဆတ်ဆတ် ခူးစားလေ့ရှိကြ၏။ နောက်ပိုင်းထွက်သောအသီးကိုကား တစ်နှစ်လုံးစားသုံးရန် အခြောက်လှန်းလေ့ရှိကြသည်။ သင်္ဘောသဖန်းသီးခြောက်များကို တစ်ခါတစ်ရံ ဗာဒံစေ့များထည့်၍ မုန့်လုံးများအဖြစ် ထောင်းထားလေ့ရှိကြသည်။ ဤသဖန်းသီးမုန့်များကို လွယ်ကူစွာရရှိနိုင်သည့်အပြင် ၎င်းတို့သည် အာဟာရလည်းရှိ၊ အရသာလည်းရှိ၏။
ပညာသတိရှိသောအမျိုးသမီး အဘိဂဲလသည် ထွက်ပြေးတိမ်းရှောင်နေသူများအတွက် သင့်လျော်သောအစာဖြစ်မည်အထင်နှင့် သင်္ဘောသဖန်းသီးပျဉ် အပြားနှစ်ရာကို ဒါဝိဒ်အားပေးခဲ့၏။ (၁ ဓမ္မရာဇဝင် ၂၅:၁၈၊ ၂၇) ထောင်းထားသောသဖန်းသီးများသည် ဆေးဖက်လည်းဝင်၏။ ဘုရင်ဟေဇကိ၏သေစေနိုင်သော အနာစိမ်းပေါ် ထောင်း၍အခြောက်လှန်းထားသော သင်္ဘောသဖန်းသီးများဖြင့် အုံပေးခဲ့သော်လည်း သူပြန်ကောင်းလာခြင်းမှာ အဓိကအားဖြင့် ဘုရားသခင်၏လုပ်ဆောင်မှုကြောင့်ဖြစ်သည်။ *—၄ ဓမ္မရာဇဝင် ၂၀:၄-၇။
ရှေးအချိန်က မြေထဲပင်လယ်ဒေသတစ်လျှောက်တွင် သင်္ဘောသဖန်းသီးခြောက်များကို အလွန်ကြိုက်နှစ်သက်ကြသည်။ နိုင်ငံ့ခေါင်းဆောင်ကေတိုသည် ကာသေ့ခ်ျတိုင်းပြည်နှင့် တတိယပျူးနစ်စစ်ပွဲဆင်နွှဲရန် ရောမလွှတ်တော်ကို သင်္ဘောသဖန်းသီးဝှေ့ယမ်းပြပြီး စည်းရုံးခဲ့သည်။ ရောမမြို့ရှိ အကောင်းဆုံးသင်္ဘောသဖန်းသီးခြောက်များသည် အာရှမိုင်းနားရှိ ကာအီယာဒေသမှဖြစ်သည်။ သို့ဖြင့် သင်္ဘောသဖန်းသီးခြောက်များ၏ လက်တင်အမည် ကာအီကာ ပေါ်လာခြင်းဖြစ်သည်။ မျက်မှောက်ခေတ် တူရကီနိုင်ငံရှိ အဆိုပါဒေသတွင် အရည်အသွေးအလွန်ကောင်းသော သင်္ဘောသဖန်းသီးခြောက်များ ထွက်နေဆဲဖြစ်သည်။
ဣသရေလလယ်သမားများသည် စပျစ်ခြံများတွင် သင်္ဘောသဖန်းပင်များ စိုက်ပျိုးလေ့ရှိ၏၊ သို့သော် အသီးမသီးသောအပင်များကို ခုတ်ပစ်ကြ၏။ အသီးမသီးသောအပင်များကြောင့် မြေသြဇာကောင်း အဆုံးရှုံးမခံလိုကြချေ။ ယေရှု၏အသီးမသီးသော သင်္ဘောသဖန်းပင်ပုံဥပမာတွင် လယ်သမားက ဥယျာဉ်စောင့်အား “သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကိုရှာသော်လည်း မတွေ့ရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကိုနှောင့်ယှက်ရသနည်း” ဟုပြောခဲ့သည်။ (လုကာ ၁၃:၆၊ ၇) ယေရှုခေတ်က အသီးပင်များအတွက် အခွန်ပေးရသောကြောင့် အသီးမသီးသောအပင်အတွက်ပါ ငွေကုန်ကြေးကျများနေစေမည်ဖြစ်သည်။
ဣသရေလလူမျိုး၏အစာတွင် သင်္ဘောသဖန်းသီး အမြဲပါဝင်သည်။ ထို့ကြောင့် ယေဟောဝါ၏ကြိမ်ဒဏ်ဖြစ်ကောင်းဖြစ်နိုင်မည့် သင်္ဘောသဖန်းသီး အထွက်နည်းခြင်းသည် ဘေးဆိုးပင်ဖြစ်မည်။ (ဟောရှေ ၂:၁၂; အာမုတ် ၄:၉) ပရောဖက်ဟဗက္ကုတ်က ဤသို့ဆိုခဲ့သည်– “သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မျှော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကိုမပေးရ၊ . . . သို့သော်လည်း ထာဝရဘုရား၌ ငါဝမ်းမြောက်၍ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကိုအမှီပြုလျက် ရွှင်လန်းမည်။”—ဟဗက္ကုတ် ၃:၁၇၊ ၁၈။
ယုံကြည်ခြင်းမဲ့သောလူမျိုးကို ပုံဆောင်
သမ္မာကျမ်းစာက သင်္ဘောသဖန်းသီး သို့မဟုတ် သင်္ဘောသဖန်းပင်များကို ပုံဆောင်ချက်အနေနှင့် တစ်ခါတစ်ရံ အသုံးပြုသည်။ ဥပမာ၊ ယေရမိသည် သစ္စာရှိပြည်နှင်ခံယုဒလူတို့ကို လတ်လတ်ဆတ်ဆတ်စားလေ့ရှိသည့် အဦးမှည့်အသီးကောင်းများနှင့် နှိုင်းယှဉ်ခဲ့သည်။ သို့သော် သစ္စာမဲ့ပြည်နှင်ခံများကိုမူ စား၍မရသော လွှင့်ပစ်ရသည့် အလွန်ညံ့သောသင်္ဘောသဖန်းသီးများနှင့် နှိုင်းယှဉ်ထား၏။—ယေရမိ ၂၄:၂၊ ၅၊ ၈၊ ၁၀။
ယေရှုသည် အသီးမသီးသောသင်္ဘောသဖန်းပင် ပုံဥပမာတွင် ဂျူးလူမျိုးအပေါ် ဘုရားသခင်၏စိတ်ရှည်မှုကို ဖော်ပြခဲ့သည်။ အစောပိုင်း၌ဖော်ပြထားသည့်အတိုင်း စပျစ်ခြံတွင် သင်္ဘောသဖန်းပင်စိုက်ထားသော လူတစ်ဦးအကြောင်း ကိုယ်တော်ပြောခဲ့သည်။ ထိုအပင်သည် သုံးနှစ်တိုင် အသီးမသီးသောကြောင့် ပိုင်ရှင်က ၎င်းကို ခုတ်ပစ်တော့မည်ဖြစ်သည်။ သို့သော် ဥယျာဉ်စောင့်က “သခင်၊ ယခုနှစ်ရှိပါစေဦး။ အကျွန်ုပ်သည် လုကာ ၁၃:၇-၉။
အပင်နားပတ်လည်ကို တူးဆွ၍ နောက်ချေးကိုဖို့ပါမည်။ အသီး,သီးကောင်းသီးပါလိမ့်မည်။ သို့မဟုတ် နောက်မှခုတ်ပစ်တော်မူပါ” ဟုလျှောက်ခဲ့သည်။—ဤပုံဥပမာကို ယေရှုပြောပြချိန်တွင် ဂျူးများ ယုံကြည်ခြင်းရှိလာစေရန် သုံးနှစ်တိုင် ကိုယ်တော်ကြိုးစားဟောပြောခဲ့ပြီ ဖြစ်သည်။ ယေရှုသည် မိမိ၏လုပ်ငန်းကို အရှိန်အဟုန်မြှင့်၍ လုပ်ဆောင်ကာ ပုံဆောင်သင်္ဘောသဖန်းပင်—ဂျူးလူမျိုး—ကို “မြေသြဇာကျွေး” ပြီးအသီး,သီးရန် အခွင့်အလမ်းပေးခဲ့သည်။ သို့သော် ယေရှုမသေဆုံးမီ တစ်ပတ်အလိုတွင် ကိုယ်တော့်ကို မေရှိယအဖြစ် လူမျိုးလိုက် ငြင်းပယ်ကြောင်း ထင်ရှားလာသည်။—မဿဲ ၂၃:၃၇၊ ၃၈။
တစ်ဖန် ယေရှုသည် ထိုလူမျိုး၏ဝိညာဉ်ရေးအခြေအနေ ဆိုးဝါးနေကြောင်းကို သင်္ဘောသဖန်းပင်ပုံဥပမာဖြင့် ဖော်ပြပြန်သည်။ ကိုယ်တော်မသေဆုံးမီ လေးရက်အလိုတွင် ဗေသနိရွာမှ ယေရုရှလင်သို့သွားစဉ် အရွက်ဝေဝေဆာဆာရှိသော်လည်း အသီးတစ်လုံးမျှမတင်သော သင်္ဘောသဖန်းပင်တစ်ပင်ကို ကိုယ်တော်တွေ့မြင်ခဲ့သည်။ သီးဦးသီးဖျားများသည် အရွက်များနှင့်အတူ—တစ်ခါတစ်ရံ ရွက်နုများမထွက်မီပင် သီးလေ့ရှိသောကြောင့်—ထိုသင်္ဘောသဖန်းပင်တွင် အသီးမတင်ခြင်းက ထိုအပင်သည် တန်ဖိုးမရှိကြောင်း ဖော်ပြသည်။—မာကု ၁၁:၁၃၊ ၁၄။ *
သန်စွမ်းပုံရသော်လည်း အသီးမသီးသည့် သင်္ဘောသဖန်းပင်ကဲ့သို့ပင် ဂျူးလူမျိုး၏အသွင်သည် ထင်ယောင်ထင်မှားဖြစ်စေ၏။ ဘုရားသခင်နှစ်သက်သောအသီးများကို မသီးမပွင့်၊ နောက်ဆုံးတွင် ယေဟောဝါ၏သားတော်ကိုပင် ငြင်းပယ်ခဲ့သည်။ အသီးမသီးသော သင်္ဘောသဖန်းပင်ကို ယေရှုကျိန်လိုက်ရာ နောက်တစ်နေ့တွင် ထိုအပင်သည် ညှိုးနွမ်းပျက်စီးသွားသည်ကို တပည့်များ သတိပြုမိခဲ့ကြ၏။ ခြောက်သွေ့သွားသော ထိုအပင်က ဘုရားသခင်ရွေးချယ်ထားသော လူမျိုးအဖြစ် ဂျူးတို့ကို မကြာမီ ပယ်ရှားတော့မည်ဖြစ်ကြောင်း ဆီလျော်စွာဖော်ပြသည်။—မာကု ၁၁:၂၀၊ ၂၁။
‘သင်္ဘောသဖန်းပင်ကိုအစွဲပြု၍ သင်ကြလော့’
ယေရှုသည် မိမိရောက်ရှိခြင်းနှင့်ပတ်သက်၍ အရေးကြီးသင်ခန်းစာပေးရန် သင်္ဘောသဖန်းပင်ကို ဥပမာအဖြစ် အသုံးပြုခဲ့သည်။ ကိုယ်တော်က “သင်္ဘောသဖန်းပင်ကိုအစွဲပြု၍ ထိုအပင်၏ဥပမာကို သင်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၃၂၊ ၃၃၊ သမ္မာ) သင်္ဘောသဖန်းပင်၏အရွက်စိမ်းများက နွေကာလနီးကြောင်း သိသာထင်ရှားစေ၏။ ထိုနည်းတူ၊ မဿဲအခန်းကြီး ၂၄၊ မာကုအခန်းကြီး ၁၃ နှင့်လုကာအခန်းကြီး ၂၁ တို့တွင် မှတ်တမ်းတင်ထားသော ယေရှု၏အရေးကြီးပရောဖက်ပြုချက်သည် ယခု ကောင်းကင်နိုင်ငံတော်တန်ခိုးဖြင့် ကိုယ်တော်ရောက်ရှိနေကြောင်း ဖော်ပြသည်။—လုကာ ၂၁:၂၉-၃၁။
ကျွန်ုပ်တို့သည် သမိုင်းတွင် ဤမျှခဲယဉ်းသောကာလ၌ အသက်ရှင်နေကြရာ သင်္ဘောသဖန်းပင်မှ အမှန်ပင် သင်ခန်းစာယူလိုကြပေမည်။ သင်ခန်းစာယူပြီး ဝိညာဉ်ရေးဘက် နိုးကြားနေကြမည်ဆိုလျှင် ဤမဟာကတိတော်ပြည့်စုံလာသည်ကို တွေ့ကြုံခံစားရဖို့ မျှော်လင့်နိုင်သည်– “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။”—မိက္ခာ ၄:၄။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 8 ထိုဒေသခံများသည် အနာစိမ်းကိုကုသရန် သင်္ဘောသဖန်းသီးအနာအုံဆေးကို အသုံးပြုနေကြဆဲရှိကြောင်း ၁၉ ရာစုအလယ်ပိုင်းတွင် ကျမ်းစာနယ်မြေဒေသများသို့ လည်ပတ်ခဲ့သူ သဘာဝပညာရှင် အိပ်ခ်ျ. ဘီ. ထရစ္စထရမ်က သတိပြုမိခဲ့သည်။
^ အပိုဒ်၊ 16 ဤအဖြစ်အပျက်သည် ဗက်ဖာဂေရွာအနီးတွင် ဖြစ်ပျက်ခဲ့၏။ ထိုမြို့၏အမည်မှာ “သင်္ဘောသဖန်းသီး သီးဦးသီးဖျားထွက်ရာအရပ်” ဟုအဓိပ္ပာယ်ရှိသည်။ ထိုဒေသတွင် အဦးမှည့်သောသင်္ဘောသဖန်းသီးများ လှိုင်လှိုင်သီးပွင့်ကြောင်း ယင်းကဖော်ပြပေမည်။