ဝိညာဉ်တော်ဆင့်ဆိုရာကို နားထောင်လော့!
ဝိညာဉ်တော်ဆင့်ဆိုရာကို နားထောင်လော့!
“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။”—ဗျာ. ၃:၂၂။
၁၊ ၂။ ဗျာဒိတ်ကျမ်း၌ဖော်ပြထားသော အသင်းတော်ခုနစ်ခုထံ ယေရှု၏သတင်းစကားတွင် အဘယ်အကြံပေးချက် အကြိမ်ကြိမ်ပါရှိသနည်း။
ယေဟောဝါ၏ကျေးကျွန်များသည် ဗျာဒိတ်ကျမ်း၌ဖော်ပြထားသော အသင်းတော်ခုနစ်ခုအား မိန့်ဆိုသော ယေရှု၏မှုတ်သွင်းခံစကားများကို အာရုံစိုက်ကြရမည်။ အမှန်မှာ အဆိုပါသတင်းစကားတစ်ခုစီတွင် ဤအကြံပြုချက်ပါရှိသည်– “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။”—ဗျာ. ၂:၇၊ ၁၁၊ ၁၇၊ ၂၉; ၃:၆၊ ၁၃၊ ၂၂။
၂ ဧဖက်မြို့၊ စမုရနမြို့နှင့် ပေရဂံမြို့တို့၏တမန်များ သို့မဟုတ် ကြီးကြပ်မှူးများအားမိန့်တော်မူသော ယေရှု၏သတင်းစကားများကို ကျွန်ုပ်တို့သုံးသပ်ပြီးခဲ့ပြီ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အခြားအသင်းတော်လေးခုကို ကိုယ်တော်မိန့်မှာခဲ့သောစကားများမှ ကျွန်ုပ်တို့ အဘယ်အကျိုးရရှိနိုင်သနည်း။
သွာတိရမြို့ရှိ တမန်ထံသို့
၃။ သွာတိရမြို့သည် အဘယ်နေရာ၌တည်ရှိသနည်း၊ ၎င်းမြို့သည် အဘယ်ထုတ်ကုန်အတွက် အထူးကျော်ကြားခဲ့သနည်း။
၃ “ဘုရားသခင့်သားတော်” သည် သွာတိရအသင်းတော်ကို ချီးမွမ်းစကားရော ဆုံးမစကားပါ ပြောဆိုခဲ့သည်။ (ဗျာ. ၂:၁၈-၂၉ ဖတ်။) သွာတိရ (ယခု အခီစာ) မြို့ကို အနောက်ပိုင်းအာရှမိုင်းနားရှိ ဂဒစ်ဇ် (ရှေးခေတ် ဟဲမတ်စ်) မြစ်၏ မြစ်လက်တက် တစ်လျှောက်တွင် တည်ဆောက်ထားသည်။ ၎င်းမြို့၏ လက်မှုပညာအမျိုးမျိုးကြောင့် နာမည်ကြီးသည်။ ထိုမြို့ရှိ ဆိုးဆေးထုတ်လုပ်သူများသည် နာမည်ကြီးသောသူတို့၏ ကြက်သွေးရောင် သို့မဟုက် ခရမ်းရောင်အထည်အလိပ်အတွက် နီပါးဆေးပင်အမြစ်ကိုအသုံးပြုကြသည်။ ဂရိနိုင်ငံရှိ ဖိလိပ္ပိမြို့သို့ ပေါလုလည်ပတ်စဉ်အတွင်း ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့သူ လုဒိသည် “နီမောင်းသောအထည်အလိပ်ကိုရောင်းသော သွာတိရမြို့သူ” တစ်ဦးဖြစ်၏။—တမန်တော် ၁၆:၁၂-၁၅၊ သမ္မာ။
၄။ သွာတိရမြို့ရှိအသင်းတော်သည် အဘယ်အတွက် ချီးမွမ်းခံခဲ့ရသနည်း။
၄ သွာတိရမြို့ရှိအသင်းတော်၏ အကျင့်ကောင်းများ၊ မေတ္တာ၊ ယုံကြည်ခြင်း၊ ခံနိုင်ရည်နှင့် ဓမ္မအမှု၌လုပ်ဆောင်မှုတို့ကို ယေရှုချီးမွမ်းခဲ့သည်။ အမှန်မှာ ‘သူတို့၏ နောက်ပိုင်းကျင့်သောအကျင့်တို့သည် ယခင်ကျင့်သောအကျင့်ထက် ပို၍ပင်များသေး၏။’ သို့သော် ကျွန်ုပ်တို့၌ ကောင်းသောမှတ်တမ်းရှိလျှင်ပင် ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားကို ဘယ်သောအခါမျှ ဂရုမစိုက်ဘဲမနေရပါ။
၅-၇။ (က) ‘ထိုမိန်းမ ယေဇဗေလ’ ကား မည်သူနည်း၊ သူ၏သြဇာလွှမ်းမှုကို မည်သို့ပြုရန်ဖြစ်သနည်း။ (ခ) သွာတိရအသင်းတော်အား ခရစ်တော်မိန့်ဆိုသောသတင်းစကားက ဘုရားတရားကြည်ညိုသောအမျိုးသမီးများကို အဘယ်အရာပြုလုပ်ရန် ထောက်ကူသနည်း။
၅ သွာတိရမြို့ရှိအသင်းတော်သည် အရုပ်ကိုးကွယ်ခြင်း၊ မှားယွင်းသောသွန်သင်ချက်နှင့် လိင်ဆိုင်ရာအကျင့်ယိုယွင်းမှုတို့ကို သည်းခံခွင့်ပြုထားသည်။ ‘ထိုမိန်းမ ယေဇဗေလ’ သည်သူတို့အလယ်၌ရှိနေသည်၊ ဖြစ်နိုင်သည်မှာ ဣသရေလဆယ်နွယ်နိုင်ငံ၏မိဖုရားဆိုး ယေဇဗေလနှင့်စရိုက်ချင်းတူသော အမျိုးသမီးတစ်စုဖြစ်နိုင်သည်။ သွာတိရမြို့၏ ‘ပရောဖက်မများ’ သည် ကုန်သည်များအစည်းအရုံး၏နတ်ဘုရားများနှင့် နတ်ဘုရားမများကိုဝတ်ပြုရန်၊ အရုပ်များကို ပူဇော်ပသသည့်ပွဲများတွင်ပါဝင်ရန် ခရစ်ယာန်များကိုကြိုးစားသွေးဆောင်ခဲ့ကြောင်း ပညာရှင်အချို့ကဖော်ပြသည်။ မိမိကိုယ်ကိုခန့်အပ်ထားသော အဘယ်ပရောဖက်မ,မဆိုသည် မျက်မှောက်ခေတ်ခရစ်ယာန်အသင်းတော်ရှိ အခြားသူများကို ကြိုးကိုင်ခြယ်လှယ်ဖို့ မရှာကြံပါစေနှင့်။
၆ ခရစ်တော်သည် ‘ယေဇဗေလကို လူနာအိပ်ရာပေါ်သို့ ပစ်ချတော့မည်၊ သူနှင့်အတူ ဖောက်ပြားသောသူတို့ကိုလည်း သူပြုသောအမှုများအတွက် နောင်တမရကြလျှင် ကြီးစွာသောဆင်းရဲခြင်းသို့ ရောက်စေတော့မည်။’ ကြီးကြပ်မှူးများသည် ထိုဆိုးညစ်သောသွန်သင်ချက်နှင့် ဩဇာလွှမ်းမှုကို မခံယူဝံ့ကြပါ၊ “စာတန်၏နက်နဲသောအရာ” များသည် လုံးဝဆိုးသွမ်းကြောင်းသိရှိရဖို့ မည်သည့်ခရစ်ယာန်မျှ ဝိညာဉ်ရေးနှင့် ကာယရေး မတရားမေထုန်ပြုရန် သို့မဟုတ် အရုပ်ကိုးကွယ်ရန် မလိုပါ။ ယေရှု၏သတိပေးချက်ကို ကျွန်ုပ်တို့ခံယူမည်ဆိုလျှင် ‘ကျွန်ုပ်တို့သည် ရသမျှကို စွဲကိုင်’ ထားပြီး အပြစ်တရားက ဩဇာလွှမ်းမည်မဟုတ်ပါ။ ဘုရားသခင်ရေးရာမဆန်သောအမူအကျင့်များ၊ ကာမတပ်မက်ခြင်းနှင့် ရည်မှန်းချက်ပန်းတိုင်များကို ငြင်းပယ်ခဲ့ကြသောကြောင့် ရှင်ပြန်ထမြောက်သောဝိညာဉ်တော်ဖွားများသည် “လူမျိုးတို့ကိုအုပ်စိုး . . . ခွင့်” ရရှိကြပြီး ခရစ်တော်နှင့်ပူးပေါင်း၍ ထိုလူမျိုးတို့ကို ဖျက်ဆီးချေမှုန်းပါလိမ့်မည်။ မျက်မှောက်ခေတ်အသင်းတော်များတွင် ပုံဆောင်ကြယ်များရှိကြသည်၊ ဝိညာဉ်တော်ဖွားများသည် ကောင်းကင်သို့ ရှင်ပြန်ထမြောက်သောအခါ “ထွန်းတောက်သောမိုးသောက်ကြယ်” သတို့သားယေရှုခရစ်ကို အပ်နှင်းခံရမည်။—ဗျာ. ၂၂:၁၆။
၇ သွာတိရအသင်းတော်သည် အယူဖောက်ပြန်နေသောအမျိုးသမီးများ၏ မကောင်းသောသြဇာကို သည်းမခံ၊ ခွင့်မပြုဖို့ သတိပေးခံခဲ့ရသည်။ ဝိညာဉ်တော်မှုတ်သွင်းခံရ၍ အသင်းတော်ကို ခရစ်တော်မိန့်မှာသော သတင်းစကားသည် ယနေ့ ဘုရားတရားကြည်ညိုသော အမျိုးသမီးများကို ဘုရားသခင်ပေးထားသောနေရာ၌ နေစေပါသည်။ သူတို့သည် အမျိုးသားများအပေါ် အာဏာသုံးရန် မကြိုးစား၊ ဝိညာဉ်ရေးအရ သို့မဟုတ် ကာယရေးအရ မတရားမေထုန်ပြုရန် မည်သည့်ညီအစ်ကို,ကိုမျှ မသွေးဆောင်ကြချေ။ (၁ တိမောသေ ၂:၁၂) ယင်းအစား ထိုအမျိုးသမီးတို့သည် ဘုရားသခင့်ဘုန်းတော်ထင်ရှားစေရန် ကောင်းမွန်စွာကျင့်ခြင်း၊ အမှုတော်ဆောင်ခြင်းတွင် ပုံသက်သေကောင်းတင်ပြကြသည်။ (ဆာလံ ၆၈:၁၁; ၁ ပေတရု ၃:၁-၆) အသင်းတော်သည် ၎င်း၌ရှိထားသော စင်ကြယ်သည့်အယူဝါဒ၊ အမူအကျင့်နှင့် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို အမြတ်တနိုးထားရှိလျှင် ခရစ်တော်ကြွလာသည့်အခါ ဖျက်ဆီးမခံရဘဲ အံ့ဖွယ်ကောင်းချီးများ ဆုချလိမ့်မည်။
သာဒိမြို့ရှိ တမန်ထံသို့
၈။ (က) သာဒိမြို့သည် အဘယ်နေရာ၌ရှိခဲ့သနည်း၊ ထိုမြို့၏အသေးစိတ်အချက်အလက်အချို့ကား အဘယ်နည်း။ (ခ) သာဒိမြို့ရှိအသင်းတော်သည် အဘယ်ကြောင့် အကူအညီလိုအပ်ခဲ့သနည်း။
၈ သာဒိမြို့ရှိအသင်းတော်သည် ဝိညာဉ်ရေးဘက်သေနေသောကြောင့် အရေးပေါ်အကူအညီလိုအပ်ခဲ့သည်။ (ဗျာ. ၃:၁-၆ ဖတ်။) သွာတိရမြို့၏တောင်ဘက် မိုင် ၃၀ ခန့်အကွာတွင် တည်ရှိသော သာဒိမြို့သည် စီးပွားရေးဖွံ့ဖြိုးသောမြို့တစ်မြို့ဖြစ်ခဲ့သည်။ ကူးသန်းရောင်းဝယ်ခြင်း၊ မြေသြဇာကောင်းခြင်းနှင့် သိုးမွေးအဝတ်အထည်နှင့် ကော်ဇောများထုတ်လုပ်ခြင်းကြောင့် တစ်ကြိမ်က လူဦးရေ ၅၀,၀၀၀ ခန့်ရှိခဲ့သော ကြွယ်ဝချမ်းသာသည့်မြို့တစ်မြို့ဖြစ်ခဲ့သည်။ သမိုင်းဆရာဂျိုစီဖတ်စ်အရဆိုလျှင် ဘီ.စီ.အီး. ပထမရာစုတွင် သာဒိမြို့၌ ဂျူးရပ်ကွက်ကြီးတစ်ခုရှိခဲ့သည်။ မြို့အပျက်အယွင်းများတွင် တရားဇရပ်တစ်ခုနှင့် ဧဖက်လူတို့၏ အာတေမိနတ်ဘုရားမ ဗိမာန်တစ်ခုကို တွေ့ရှိရသည်။
၉။ ကျွန်ုပ်တို့၏အမှုဆောင်လုပ်ငန်းများသည် ဝတ်ကျေတမ်းကျေဖြစ်နေသော် အဘယ်အရာပြုလုပ်သင့်သနည်း။
၉ သာဒိအသင်းတော်၏တမန်ကို ခရစ်တော်ဤသို့မိန့်တော်မူခဲ့သည်– “သင်၏အကျင့်ကိုငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကိုငါသိ၏။” ကျွန်ုပ်တို့သည် ဝိညာဉ်ရေး၌ နိုးကြားနေသည်ဟုဆိုသော်လည်း ခရစ်ယာန်လုပ်ငန်းတော်အခွင့်ထူးများ၌ စိတ်မဝင်စား အိပ်နေကာ အမှုဆောင်ခြင်း၌ ဝတ်ကျေတမ်းကျေလုပ်ဆောင်နေပြီး ဝိညာဉ်ရေးအရ “သေလု” ပြီဟူသောနာမည်ရထားလျှင် မည်သို့နည်း။ ထိုသို့ဖြစ်နေလျှင် ဘုရားသခင့်နိုင်ငံတော်သတင်းကို ‘ကျွန်ုပ်တို့ မည်သို့ခံယူ၍ ကြားနာခဲ့ကြောင်းကို အောက်မေ့စောင့်ရှောက်နေ’ ရမည်၊ မြင့်မြတ်သောလုပ်ငန်းတော်၌ ပြန်လည်ရှင်သန်တက်ကြွရန် ကြိုးပမ်းသင့်သည်။ ခရစ်ယာန်အစည်းအဝေးများတွင် စိတ်ရောကိုယ်ပါ ပြန်စပါဝင်သင့်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သာဒိမြို့ရှိအသင်းတော်ကို ခရစ်တော်ဤသို့သတိပေးခဲ့သည်– “စောင့်၍မနေလျှင်၊ သူခိုးကဲ့သို့ သင်ရှိရာသို့ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။” ကျွန်ုပ်တို့ခေတ်တွင်ကော မည်သို့နည်း။ များမကြာမီ ကျွန်ုပ်တို့စာရင်းရှင်းရပါတော့မည်။
၁၀။ သာဒိမြို့ရှိအခြေအနေမျိုး၌ ရှိသည့်တိုင် ခရစ်ယာန်အနည်းငယ်သည် မည်သို့ဖြစ်နိုင်သနည်း။
၁၀ သာဒိမြို့ရှိ အခြေအနေမျိုး၌ရှိသည့်တိုင် ‘မိမိတို့အဝတ်ကို မညစ်ညူးစေဘဲ ထိုက်တန်သောသူဖြစ်၍ အဝတ်ဖြူဝတ်လျက် ခရစ်တော်နှင့်အတူသွားလာနိုင်’ သူအနည်းငယ်ရှိပေမည်။ သူတို့သည် ဤလောက၏ကိုယ်ကျင့်တရား၊ ဝတ်ပြုရေးတို့နှင့် မစွန်းထင်းဘဲ ဆက်၍သန့်သန့်ရှင်းရှင်းနေခြင်းဖြင့် မိမိတို့၏ခရစ်ယာန်ဂုဏ်ပုဒ်ကို ဆက်ထိန်းသိမ်းထားကြသည်။ (ယာကုပ် ၁:၂၇) ထို့ကြောင့် ယေရှုသည် ‘သူတို့၏နာမည်ကို အသက်စာစောင်မှ အလျှင်းမချေ၊ ကိုယ်တော်၏ခမည်းတော်ရှေ့၌လည်းကောင်း၊ ကောင်းကင်တမန်တို့ရှေ့၌လည်းကောင်း၊ သူတို့၏နာမည်ကို ဝန်ခံလိမ့်မည်။’ ခရစ်တော်နှင့်အတူလျှောက်လှမ်းထိုက်သည်ဟု ကြေညာခံရသော သတို့သမီးအတန်းအစား ဝိညာဉ်တော်ဖွားများသည် ဘုရားသခင့်သန့်ရှင်းသူများ၏ ဖြောင့်မတ်သောလုပ်ဆောင်မှုများကိုပုံဆောင်သည့် တောက်ပ၊ သန့်စင်သောပိတ်ချောကို ဆင်ယင်ထားကြပါလိမ့်မည်။ (ဗျာ. ၁၉:၈) ကောင်းကင်တွင် သူတို့ကိုစောင့်ကြိုနေသော လုပ်ငန်းတော်ဆိုင်ရာ အခွင့်ထူးများက ဤလောကကိုအောင်နိုင်ရန် သူတို့ကိုအားပေးလှုံ့ဆော်သည်။ မြေကြီးပေါ်တွင် ထာဝရအသက်ရဖို့ အလားအလာရှိသူများလည်း ကောင်းချီးများခံစားရမည်။ အသက်စာစောင်တွင် သူတို့၏နာမည်များလည်း ပါရှိသည်။
၁၁။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ ငိုက်မျဉ်းနေလျှင် မည်သို့ပြုလုပ်သင့်သနည်း။
၁၁ သာဒိအသင်းတော်၏ ဝမ်းနည်းဖွယ် ဝိညာဉ်ရေးအခြေအနေမျိုးထဲ ကျွန်ုပ်တို့တစ်ယောက်မျှ မကျရောက်လိုပါ။ သို့သော် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရအိပ်ငိုက်နေကြောင်း သိလာလျှင်ကော။ ကျွန်ုပ်တို့၏အကျိုးအတွက် အမြန်လုပ်ဆောင်သင့်သည်။ ကျွန်ုပ်တို့သည် ဘုရားတရားတရားမဲ့လမ်းစဉ်သို့ သွေးဆောင်ခံနေရမည်၊ သို့မဟုတ် အစည်းအဝေးတက်ခြင်း၊ ဓမ္မအမှုတွင်ပါဝင်ခြင်းတို့၌ အားနည်းလာသည်ဆိုပါစို့။ ထက်သန်စွာဆုတောင်းခြင်းအားဖြင့် ယေဟောဝါ၏အကူအညီကို တောင်းဆိုကြပါစို့။ (ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃) နေ့စဉ်ကျမ်းစာဖတ်ရှုခြင်း၊ ကျမ်းစာနှင့် ‘သစ္စာရှိဘဏ္ဍာစိုး’ ၏စာပေစာတမ်းများကို လေ့လာခြင်းတို့က ကျွန်ုပ်တို့ကို ဝိညာဉ်ရေးဘက် နိုးနိုးကြားကြားရှိစေပါလိမ့်မည်။ (လုကာ ၁၂:၄၂-၄၄) သို့ပြုလျှင် ကျွန်ုပ်တို့သည် ခရစ်တော်၏မျက်နှာသာကိုရရှိခဲ့သော သာဒိမြို့ရှိသူများနှင့်တူပြီး ယုံကြည်သူချင်းများအတွက် အားပေးမှုဖြစ်ပါလိမ့်မည်။
ဖိလဒေလဖိမြို့ရှိ တမန်ထံသို့
၁၂။ ရှေးခေတ်ဖိလဒေလဖိမြို့ရှိ ဘာသာရေးအခြေအနေကို သင်မည်သို့ရှင်းပြမည်နည်း။
၁၂ ယေရှုသည် ဖိလဒေလဖိအသင်းတော်ကို ချီးမွမ်းခဲ့သည်။ (ဗျာ. ၃:၇-၁၃ ဖတ်။) ဖိလဒေလဖိမြို့ (ယခု အာလရှဟီးရ်မြို့) သည် အနောက်ပိုင်းအာရှမိုင်းနားရှိ ဝိုင်ထုတ်လုပ်သောနယ်မြေတွင် ကြီးပွားချမ်းသာသောမြို့တစ်မြို့ဖြစ်ခဲ့သည်။ အမှန်မှာ ၎င်း၏အကြီးဆုံးနတ်ဘုရားမှာ ဝိုင်အရက်ကိုစောင့်သော ဒိုင်အိုနိုင်းစစ္စနတ်ဖြစ်သည်။ ဖိလဒေလဖိမြို့ရှိဂျူးများသည် မောရှေပညတ်အချို့ကိုစွဲကိုင်ထားရန် သို့မဟုတ် ပြန်ကျင့်သုံးရန် ဂျူးခရစ်ယာန်များကို သွေးဆောင်ဖို့ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။
၁၃။ “ဒါဝိဒ်မင်း၏တံခါးသော့” ကို ခရစ်တော်မည်သို့အသုံးပြုခဲ့ပြီနည်း။
၁၃ ခရစ်တော်သည် “ဒါဝိဒ်မင်း၏တံခါးသော့” ရရှိထားရာ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားရှိသမျှနှင့် ယုံကြည်ခြင်းအိမ်သူအိမ်သားများကို စီမံခန့်ခွဲခွင့်ရရှိထားသည်။ (ဟေရှာယ ၂၂:၂၂; လုကာ ၁:၃၂) ယေရှုသည် ရှေးခေတ်ဖိလဒေလဖိမြို့နှင့် အခြားအရပ်ရှိခရစ်ယာန်များလည်း ဘုရားသခင့်နိုင်ငံတော်တာဝန်နှင့် အခွင့်ထူးများရရှိစေရန် ထိုသော့ကိုအသုံးပြုခဲ့သည်။ ၁၉၁၉ ခုနှစ်ကတည်းက ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းအလုပ်ကို အဘယ်ဆန့်ကျင်သူမျှမပိတ်ပင်နိုင်သော “အလွန်ကြီးစွာသောတံခါး” ကို ‘သစ္စာရှိဘဏ္ဍာစိုး’ ရှေ့မှောက်ဖွင့်ပေးထားပြီ။ (၁ ကောရိန္သု ၁၆:၉; ကောလောသဲ ၄:၂-၄) “စာတန်၏အပေါင်းအသင်း” များသည် ဝိညာဉ်ရေးဣသရေလများမဟုတ်ကြသောကြောင့် ဘုရားသခင့်နိုင်ငံတော်အခွင့်အလမ်းများကို သူတို့မရကြချေ။
၁၄။ (က) ဖိလဒေလဖိမြို့ရှိ အသင်းတော်အား ယေရှုအဘယ်ကတိပေးခဲ့သနည်း။ (ခ) “စုံစမ်းရာကာလ” အတွင်း မကျရှုံးရန် ကျွန်ုပ်တို့ မည်သို့ပြုနိုင်သနည်း။
၁၄ ရှေးခေတ်ဖိလဒေလဖိမြို့ရှိ ခရစ်ယာန်များကို ယေရှုဤသို့ကတိပြုတော်မူ၏– “သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ် [မြွက်] တရားကို စောင့်ရှောက်သောကြောင့်၊ မြေကြီးအပေါ်၌နေသောသူတို့ကို စုံစမ်းစေခြင်းငှာ၊ လော [က] နိုင်ငံအရပ်ရပ်တို့ကိုနှံ့ပြားလတ္တံ့သော စုံစမ်းရာကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။” ယေရှုတင်ပြခဲ့သောခံနိုင်ရည်မျိုးရှိမှ ဟောပြောနိုင်မည်ဖြစ်သည်။ ကိုယ်တော်သည် ရန်သူကို တစ်ခါမျှအရှုံးမပေးဘဲ ခမည်းတော်၏အလိုတော်ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ခရစ်တော်သည် မသေနိုင်သောကောင်းကင်အသက်တာရရှိရန် ရှင်ပြန်ထမြောက်ခဲ့သည်။ ယေဟောဝါအား ဝတ်ပြုရန် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို ဆက်၍စွဲကိုင်ထားပြီး သတင်းကောင်းဟောပြောခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံကြမည်ဆိုလျှင် “စုံစမ်းရာကာလ” ဖြစ်သည့် စမ်းသပ်စစ်ဆေးချိန်အတွင်း ကျွန်ုပ်တို့ကျဆုံးသွားမည်မဟုတ်ချေ။ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို တိုးပွားစေခြင်းအားဖြင့် ခရစ်တော်ထံမှ ‘ကျွန်ုပ်တို့ရခဲ့ပြီးသောအရာကို ဆက်၍စွဲကိုင်’ ထားကြမည်။ ဤသို့ပြုခြင်းဖြင့် ဝိညာဉ်တော်ဖွားများသည် ကောင်းကင်တွင် အဖိုးမဖြတ်နိုင်သောအသက်သရဖူရပြီး သူတို့၏သစ္စာရှိအပေါင်းပါများမူ မြေကြီးပေါ်တွင် ထာဝရအသက်ရရှိကြပါလိမ့်မည်။
၁၅။ ‘ဘုရားသခင့်ဗိမာန်တော်တိုင်များ’ ဖြစ်မည့်သူများထံမှ အဘယ်အရာတောင်းဆိုထားသနည်း။
၁၅ ခရစ်တော်ဤသို့ထပ်၍မိန့်ဆိုသည်– “အကြင်သူသည်အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင့်ဗိမာန်တော်၌ တိုင်ဖြစ်
စေမည်။ . . . ငါ၏ဘုရားသခင့်နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင့်အထံတော်မှထွက်၍ ကောင်းကင်ဘုံမှဆင်းသက်သော ယေရုရှလင်မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင့်မြို့တော်၏နာမကိုလည်းကောင်း၊ ငါ၏နာမသစ်ကိုလည်းကောင်း ထိုသူအပေါ်၌ ငါသည်အက္ခရာတင်မည်။” ဝိညာဉ်တော်ဖွားကြီးကြပ်မှူးများသည် စစ်မှန်သောဝတ်ပြုရေးကို ထောက်ခံရကြမည်။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ဟောပြောပြီး ဝိညာဉ်ရေးအရ သန့်ရှင်းစင်ကြယ်နေခြင်းအားဖြင့် “ယေရုရှလင်မြို့သစ်” ၏အဖွဲ့ဝင်များဖြစ်ဖို့ အရည်အချင်းရှိနေရမည်။ သူတို့သည် ဘုန်းပွင့်သောကောင်းကင်ဆိုင်ရာဗိမာန်တွင် တိုင်များဖြစ်လိုကြလျှင်၊ ကောင်းကင်နိုင်ငံသားများအဖြစ် ဘုရားသခင့်မြို့တော်၏အမည်ကို ခံယူပြီး ခရစ်တော်၏သတို့သမီးအဖြစ် ကိုယ်တော်၏နာမကို ဝေမျှခံယူလိုလျှင် ထိုသို့ပြုနေဖို့လိုသည်။ ထို့ပြင် “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို . . . ကြား” တတ်သောနားများ ရှိကြရမည်။လောဒိကိမြို့ရှိ တမန်ထံသို့
၁၆။ လောဒိကိမြို့နှင့်ပတ်သက်သော အချက်အလက်အချို့ကား အဘယ်နည်း။
၁၆ ခရစ်တော်သည် မိမိကိုယ်ကို မိမိကျေနပ်နေသော လောဒိကိအသင်းတော်ကို ပြစ်တင်ဆုံးမခဲ့သည်။ (ဗျာ. ၃:၁၄-၂၂ ဖတ်။) လောဒိကိမြို့သည် ဧဖက်မြို့အရှေ့ဘက် မိုင် ၉၀ ခန့်၊ လူးကပ်စ်မြစ်၏ မြေသြဇာကောင်းသောချိုင့်ဝှမ်းရှိ အဓိကကူးသန်းရောင်းဝယ်ရေး လမ်းဆုံလမ်းခွ၌တည်ရှိပြီး ကုန်ထုတ်လုပ်မှုနှင့် ဘဏ်လုပ်ငန်းအတွက် အချက်အချာကျသော အလွန်ကြွယ်ဝသည့်မြို့တစ်မြို့ဖြစ်ခဲ့သည်။ ထိုဒေသမှထွက်သော သိုးမွေးနက်အထည်များသည် နာမည်ကျော်ကြားခဲ့သည်။ နာမည်ကြီးဆေးကျောင်းတည်ရှိသည့် လောဒိကိမြို့တွင် ဖရီဂျီယန်မျက်စဉ်းဆေးမှုန့် ထုတ်လုပ်ခဲ့ပုံရှိသည်။ ဆေးဘက်ဆိုင်ရာဘုရား အက်စ်ကလီပီးယပ်စ်သည် ၎င်းမြို့၏အဓိကနတ်ဘုရားဖြစ်ခဲ့သည်။ လောဒိကိမြို့တွင် ဂျူးအတော်များများနေထိုင်ပြီး အချို့တို့မှာ အတော်အတန်ကြွယ်ဝချမ်းသာခဲ့ပုံရသည်။
၁၇။ လောဒိကိမြို့သားများသည် အဘယ်ကြောင့်ပြစ်တင်ဆုံးမခံခဲ့ရသနည်း။
၁၇ “ဘုရားသခင်၏ . . . သတ္တဝါတို့အထွတ်၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံ” အဖြစ် ယေရှုသည် လောဒိကိမြို့၏ “တမန်” မှတစ်ဆင့် ထိုအသင်းတော်ကို အခွင့်အာဏာဖြင့်မိန့်ဆိုတော်မူ၏။ (ကောလောသဲ ၁:၁၃-၁၆) လောဒိကိမြို့သားများသည် “အအေးမဟုတ်၊ အပူမဟုတ်” သည့်အတွက် ဆုံးမပဲ့ပြင်ခံခဲ့ရသည်။ သူတို့သည် နွေးရုံသာရှိကြသောကြောင့် သူတို့ကို ခရစ်တော်အန်ထုတ်မည်ဖြစ်သည်။ ယင်းကို သူတို့သဘောပေါက်နားလည်ဖို့ မခက်သင့်ပါ။ အနီးအနားရှိ ဟေရပေါလိမြို့တွင် ရေပူစမ်းများရှိပြီး ကောလောသဲမြို့တွင် ရေအေးထွက်သည်။ သို့သော် ခပ်ဝေးဝေးမှ ပိုက်ဖြင့်ရေသွယ်ယူသောကြောင့် လောဒိကိမြို့သို့ရောက်သောအခါ ရေသည် မပူမအေးနွေးရုံသာရှိပေမည်။ ရေသွယ်မြောင်းဖြင့် လမ်းတစ်ဝက်သွယ်ယူပြီး လောဒိကိမြို့အနီးသို့ရောက်သော် အင်္ဂတေကိုင်ထားသောကျောက်တုံးများရှိ ထွင်းထားသောအပေါက်ထဲမှ ရေဖြတ်စီးဆင်းလာသည်။
၁၈၊ ၁၉။ လောဒိကိမြို့သားများနှင့်တူသော မျက်မှောက်ခေတ်ခရစ်ယာန်များသည် မည်သို့အကူအညီရနိုင်သနည်း။
၁၈ လောဒိကိမြို့သားများနှင့်တူသော မျက်မှောက်ခေတ်လူအချို့သည် နိုးကြွစေလောက်အောင်လည်းမပူ၊ လန်းဆန်းစေလောက်အောင်လည်း မအေးကြပါ။ သူတို့သည် မပူမအေးနွေးရုံသာရှိသောရေကဲ့သို့ ထွေးထုတ်ခံရပါလိမ့်မည်! ယေရှုသည် သူတို့ကို မိမိ၏ပြောရေးဆိုခွင့်ရှိသူ၊ ‘ခရစ်တော်ကိုယ်စား’ ဝိညာဉ်တော်ဖွား ‘သံတမန်များ’ အဖြစ် အမှုထမ်းစေလိုမည်မဟုတ်။ (၂ ကောရိန္သု ၅:၂၀) သူတို့နောင်တမယူပါက ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများဖြစ်ခွင့်ကို ဆုံးရှုံးကြပါလိမ့်မည်။ လောဒိကိမြို့သားများသည် မြေကြီးဘဏ္ဍာကို ဆည်းပူးခဲ့ကြ၏၊ အမှန်မှာ ‘သူတို့သည် ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်း၍ အဝတ်အချည်းစည်းရှိနေကြောင်း မသိ’ ခဲ့ကြချေ။ ယနေ့လည်း အလားတူအဖြစ်မျိုး၌ရှိသူ မည်သူမဆိုသည် ဝိညာဉ်ရေးအရ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်းနှင့် အဝတ်အချည်းစည်းရှိခြင်းအခြေအနေကို ဖယ်ရှားရန် စမ်းသပ်ခံယုံကြည်ခြင်းတည်းဟူသော ‘ရွှေစင်၊’ ဖြောင့်မတ်ခြင်းတည်းဟူသော ‘ဝတ်ရုံဖြူများ’ နှင့် ဝိညာဉ်ရေးစက္ခုအာရုံကို ကြည်လင်စေသည့် “မျက်စဉ်း” ကို ခရစ်တော်ထံမှဝယ်ဖို့လိုသည်။ ထိုသူတို့သည် “ယုံကြည်ခြင်းနှင့်ကြွယ်ဝ” လာစေဖို့ သူတို့၏ဝိညာဉ်ရေးလိုအပ်ရာများကို သတိပြုစေရန် ခရစ်ယာန်ကြီးကြပ်မှူးများက ဝမ်းသာအားရကူညီပေးလိုပါသည်။ (ယာကုပ် ၂:၅၊ သမ္မာ; မဿဲ ၅:၃) ထို့အပြင် ဝိညာဉ်ရေး “မျက်စဉ်း” ကိုထည့်ရန်—ယေရှု၏သွန်သင်ချက်၊ အကြံပေးချက်၊ ပုံသက်သေနှင့် စိတ်သဘောထားတို့ကို လက်ခံပြီး လိုက်နာရန် ကြီးကြပ်မှူးများက သူတို့ကို ကူညီပေးဖို့လိုသည်။ ဤကား “ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လော[က]စည်းစိမ်၌ဝါကြွားခြင်းတို့” မရှိဖို့ တားဆေးဖြစ်သည်။—၁ ယောဟန် ၂:၁၅-၁၇။
၁၉ ယေရှုသည် ကိုယ်တော်နှစ်သက်မြတ်နိုးသူအားလုံးကို ပြစ်တင်ဆုံးမ၍ ပဲ့ပြင်ပေးတော်မူ၏။ ကိုယ်တော့်လက်အောက်ရှိ ကြီးကြပ်မှူးများသည် နူးညံ့သိမ်မွေ့စွာ ထပ်တူပြုကြရမည်။ (တမန်တော် ၂၀:၂၈၊ ၂၉) လောဒိကိမြို့သားများသည် ‘စိတ်ထက်သန်ပြီး နောင်တရ’ ဖို့လိုသည်၊ သူတို့၏အတွေးအခေါ်နှင့် ဘဝပုံစံကို ပြုပြင်ပြောင်းလဲဖို့လိုအပ်ခဲ့သည်။ ကျွန်ုပ်တို့အထဲမှ အချို့သည် ဘုရားသခင်၏မြင့်မြတ်သောလုပ်ငန်းတော်ကို အဓိကမထားသောဘဝပုံစံမျိုး၌ နေသားကျနေပြီလော။ သို့ဖြစ်လျှင် ဘုရားသခင့်နိုင်ငံတော်ကို စိတ်ထက်သန်စွာ ရှေးဦးထားခြင်း၏အရေးပါမှုကိုမြင်နိုင်ဖို့ ‘ယေရှုထံမှ မျက်စဉ်းကိုဝယ်ယူ’ ကြပါစို့။
၂၀၊ ၂၁။ ယေရှု “ခေါက်လျက်” နေသည်ကို ယနေ့ မည်သူတို့လျော်ကန်စွာ တုံ့ပြန်နေကြသနည်း၊ သူတို့၏အလားအလာများကား အဘယ်နည်း။
လုကာ ၅:၂၉-၃၉; ၇:၃၆-၅၀; ၁၄:၁-၂၄) ယခု ကိုယ်တော်သည် လောဒိကိနှင့်တူသော အသင်းတော်မျိုး၏တံခါးကို ခေါက်နေပါသည်။ ထိုအသင်းသားများသည် ကိုယ်တော်တံခါးခေါက်သံကို တုံ့ပြန်မည်လော၊ ကိုယ်တော့်အပေါ် မေတ္တာပြန်ထားမည်လော၊ ကိုယ်တော်အား မိမိတို့အလယ်သို့ကြိုဆို၍ သွန်သင်စေမည်လော။ ထိုသို့သာပြုလျှင် ခရစ်တော်သည် သူတို့နှင့်အတူစားသုံးသည့်အတွက် ဝိညာဉ်ရေးကောင်းချီးများစွာရရှိလိမ့်မည်။
၂၀ ခရစ်တော်ဤသို့မိန့်တော်မူ၏– “ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။” ယေရှုသည် အစာသုံးဆောင်သည့်အခါ ဝိညာဉ်ရေးသွန်သင်ချက်ပေးလေ့ရှိသည်။ (၂၁ ယနေ့ “အခြားသိုး” များသည် ယေရှုကို ပုံဆောင်သဘောအရ အထဲဝင်စေခဲ့ရာ သူတို့ထာဝရအသက်ရဖို့အကြောင်းရှိသည်။ (ယောဟန် ၁၀:၁၆; မဿဲ ၂၅:၃၄-၄၀၊ ၄၆) ခရစ်တော်သည် ‘အောင်မြင်၍၊ ခမည်းတော်၏ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူထိုင်နေသကဲ့သို့၊ ကိုယ်တော်၏ပလ္လင်ပေါ်မှာ ကိုယ်တော်နှင့်အတူထိုင်နေ’ ရသောအခွင့်ထူးကို အောင်နိုင်သောဝိညာဉ်တော်ဖွားတစ်ဦးစီအား ပေးအပ်ပါလိမ့်မည်။ မှန်ပါသည်၊ ကောင်းကင်တွင် ခမည်းတော်၏လက်ယာဘက်၌ မိမိနှင့်အတူ ပလ္လင်ပေါ်ထိုင်ရမည့် ကြီးမြတ်သည့်ဆုလာဘ်ကို ဝိညာဉ်တော်ဖွားအောင်နိုင်သူများအား ယေရှုကတိပြုတော်မူ၏။ အောင်နိုင်သောအခြားသိုးများသည်လည်း ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်ရှိ ဤမြေကြီးပေါ်တွင် အမှန်တကယ်ကောင်းသောနေရာတစ်နေရာရဖို့ မျှော်လင့်နိုင်ကြသည်။
ကျွန်ုပ်တို့အားလုံးအတွက် သင်ခန်းစာများ
၂၂၊ ၂၃။ (က) အသင်းတော်ခုနစ်ခုထံသို့ မိန့်တော်မူသော ယေရှု၏စကားမှ ခရစ်ယာန်အားလုံး မည်သို့အကျိုးရနိုင်သနည်း။ (ခ) ကျွန်ုပ်တို့၏စိတ်ပိုင်းဖြတ်ချက်ကား အဘယ်သို့ဖြစ်သင့်သနည်း။
၂၂ အာရှမိုင်းနားရှိ အသင်းတော်ခုနစ်ခုထံသို့ မိန့်တော်မူသော ယေရှု၏စကားမှ ခရစ်ယာန်အားလုံး အကျိုးများစွာရယူနိုင်သည်မှာ ယုံမှားဖွယ်မရှိချေ။ ဥပမာ၊ ခရစ်တော်သည် သင့်လျော်သလိုချီးမွမ်းစကားပြောခဲ့ကြောင်း မှတ်သားကာ မေတ္တာရှိသောခရစ်ယာန်အကြီးအကဲများသည် ဝိညာဉ်ရေးဘက် အခြေအနေကောင်းသူများနှင့် အသင်းတော်များကို ချီးမွမ်းပေးရန် တိုက်တွန်းခံရကြသည်။ အကြီးအကဲများသည် ယုံကြည်သူချင်းများ၌ အားနည်းချက်များတွေ့ရှိသည့်အခါ ကျမ်းစာဖြင့် ပြုပြင်ပေးကြသည်။ ခရစ်တော်သည် အသင်းတော်ခုနစ်ခုကို အမျိုးမျိုးဆုံးမပေးခဲ့ရာ ကျွန်ုပ်တို့သာဆုတောင်းပြီး ၎င်းတို့ကို မဆိုင်းမတွ ကျင့်သုံးနေသမျှကာလပတ်လုံး ဆက်၍အကျိုးခံစားရလိမ့်မည်။ *
၂၃ ဤနောက်ဆုံးကာလတွင် ဘုရားသခင်၏အမှုတော်ကို ဝတ်ကျေတမ်းကျေသာ ထမ်းဆောင်စေသော မိမိတို့ကိုယ်ကို အားရကျေနပ်နေခြင်း၊ ရုပ်ပစ္စည်းကိုပဓာနထားခြင်း အစရှိသည့်အရာတို့အတွက် အချိန်မရှိပါ။ ထို့ကြောင့် အသင်းတော်အားလုံးသည် မီးတိုင်များအဖြစ် ယေရှုခန့်ထားသောနေရာများတွင် မိမိတို့အလင်းကို တောက်ပစွာ ဆက်၍ထွန်းလင်းနေကြပါစေ။ တည်ကြည်သောခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ခရစ်တော်မိန့်တော်မူသောအခါ အာရုံစိုက်ပြီး ဝိညာဉ်တော်ဆင့်ဆိုရာကို နားထောင်ရန် အစဉ်စိတ်ပိုင်းဖြတ်ထားကြပါစို့။ သို့ပြုလျှင် ယေဟောဝါ၏ဘုန်းတော်ထင်ရှားစေသော အလင်းဆောင်သူများအဖြစ် ကျွန်ုပ်တို့ အစဉ်ပျော်ရွှင်ကြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 22 ယေဟောဝါသက်သေများထုတ်ဝေခဲ့သော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ် အခန်း ၇ မှ ၁၃ တွင်လည်း ဗျာ. ၂:၁–၃:၂၂ ကို ဆွေးနွေးသုံးသပ်ထားပါသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ‘ထိုမိန်းမ ယေဇဗေလ’ ကား မည်သူနည်း၊ ဘုရားတရားကြည်ညိုသော အမျိုးသမီးများသည် သူ့ကို အဘယ်ကြောင့် အတုမယူကြသနည်း။
• သာဒိအသင်းတော်၌ အဘယ်အခြေအနေရှိခဲ့သနည်း၊ ထိုမြို့ရှိ ခရစ်ယာန်များစွာကဲ့သို့ ဖြစ်မလာစေဖို့ ကျွန်ုပ်တို့ အဘယ်အရာ ပြုလုပ်နိုင်သနည်း။
• ဖိလဒေလဖိအသင်းတော်ကို ယေရှု အဘယ်ကတိပေးခဲ့သနည်း၊ ၎င်းတို့သည် ယနေ့ မည်သို့သက်ဆိုင်သနည်း။
• လောဒိကိမြို့သားများသည် အဘယ်ကြောင့် ဆုံးမပဲ့ပြင်ခံခဲ့ရသနည်း၊ သို့သော် ထက်သန်သောခရစ်ယာန်များရှေ့ အဘယ်အလားအလာများ ထားရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
‘ထိုမိန်းမ ယေဇဗေလ’ ၏ မကောင်းသောလမ်းစဉ်များကို ရှောင်ကြဉ်ရမည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေရှုသည် မိမိ၏နောက်လိုက်များ ရှေ့တွင် ဘုရားသခင့်နိုင်ငံတော် အခွင့်ထူးများသို့ဦးတည်ရာ “အလွန်ကြီးစွာသောတံခါး” ကို ချထား
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
အသင်သည် ယေရှုအားကြိုဆို၍ ကိုယ်တော့်စကားကို နားထောင်သလော