မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသင်းတော်များကို ခရစ်တော် မိန့်ဆို၏

အသင်းတော်များကို ခရစ်တော် မိန့်ဆို၏

အသင်းတော်များ​ကို ခရစ်တော် မိန့်ဆို​၏

“ဤ​ကား လက်ယာလက်​တွင် ကြယ်​ခု​နစ်​လုံး​ကို​ကိုင်​လျက် ရွှေ​မီး​ခုံ​ခု​နစ်​ခုံ​အလယ်​၌ သွားလာ​သော​အရှင်​၏​မိန့်ဆိုချက်​များ​တည်း။”—ဗျာ. ၂:၁၊ က​ဘ။

၁၊ ၂။ အာရှမိုင်းနား​ရှိ အသင်းတော်​ခု​နစ်​ခု​အား ခရစ်တော်​မိန့်မှာ​သော​စကား​များ​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​စိတ်ဝင်စား​သင့်​သနည်း။

ယေဟောဝါ​၏​တစ်ပါး​တည်း​သော​သားတော် ယေရှု​ခရစ်​သည် ခရစ်ယာန်​အသင်းတော်​၏​ဦးခေါင်း​ဖြစ်​တော်​မူ​၏။ ခရစ်တော်​သည် မိမိ၏​ဝိညာဉ်​တော်​ဖွား နောက်လိုက်​များ​၏​အသင်းတော် သန့်ရှင်း​စင်ကြယ်​နေ​စေရန် သူတို့ကို​ချီးမွမ်း​၍ တည့်မတ်​ပေးခြင်း​ဖြင့် ဦးစီး​ဦးဆောင်​ပြု​ခဲ့​သည်။ (ဧဖက် ၅:၂၁-၂၇) ကိုယ်တော် ထိုသို့​ပြု​ခဲ့​ကြောင်း ဗျာ.ကျမ်း​အခန်းကြီး ၂ နှင့် ၃ တွင် တွေ့ရှိ​ရ၏၊ ထို​တွင် အာရှမိုင်းနား​ရှိ အသင်းတော်​ခု​နစ်​ခု​အား ယေရှု​မိန့်မှာ​ခဲ့​သော ထိရောက်​၍ မေတ္တာပါ​သည့် သတင်း​စကား​များ​ကို ကျွန်ုပ်​တို့​ဖတ်​ရသည်။

အသင်းတော်​ခု​နစ်​ခု​ကို ယေရှု​မိန့်မှာ​သည့်​စကား​များ​မကြား​ရ​မီ တမန်​တော်​ယောဟန်​သည် ‘သခင့်​နေ့​တော်’ ၏​အဆင်းအာရုံ​တစ်ခု​ကို မြင်တွေ့ခွင့်​ရခဲ့​သည်။ (ဗျာ. ၁:၁၀) ၁၉၁၄ ခုနှစ်​တွင် မေရှိယနိုင်ငံတော်​တည်ထောင်သော​အခါ ထို “နေ့” စတင်​ခဲ့​သည်။ ထို့​ကြောင့် အသင်းတော်များ​ကို ခရစ်တော်​မိန့်မှာ​သော​စကား​သည် ဤ​နောက်ဆုံး​ကာလ​အတွက် အလွန်​အရေးပါ​၏။ ကိုယ်တော်​၏​အားပေး​စကား​နှင့် အကြံပေး​ချက်​သည် ဤ​ခဲယဉ်း​ဆိုးယုတ်​သော​ကာလ​အတွင်း တွေ့ကြုံ​နေရ​သည့်​အခြေအနေ​များ​ကို ရင်ဆိုင်​ကျော်လွှား​စေ​သည်။—၂ တိမောသေ ၃:၁-၅

၃။ တမန်​တော်​ယောဟန်​မြင်တွေ့ခဲ့​သော ‘ကြယ်​များ၊’ ‘တမန်​များ’ နှင့် “ရွှေ​မီးခွက်” တို့၏ ပုံဆောင်​အဓိပ္ပာယ်​များ​ကား အဘယ်နည်း။

“လက်ယာလက်​၌ ကြယ်​ခု​နစ်​လုံး​ကို​ကိုင်” ၍ အသင်းတော်များ သို့​မဟုတ် ‘ရွှေ​မီးတိုင်​ခု​နစ်​တိုင်​အလယ်​၌​သွားလာ’ သူ ဘုန်းပွင့်​သော​ယေရှု​ခရစ်​ကို ယောဟန်​မြင်တွေ့ခဲ့​သည်။ ‘ကြယ်​များ’ မှာ “ခု​နစ်​ပါး​သော​အသင်းတော်​တို့ကို​အုပ်​သော တမန်​ဖြစ်​ကြ​၏။” (ဗျာ. ၁:၂၀; ၂:၁) ကြယ်​များသည် ဝိညာဉ်​သတ္တဝါ​ကောင်းကင်တမန်​များ​ကို တစ်ခါတစ်ရံ ပုံဆောင်​သော်လည်း ခရစ်တော်​သည် ဝိညာဉ်​သတ္တဝါများ​ထံ သတင်း​စကား​ရေးပို့​ရန် လူသား​တစ်ဦး​ကို​အသုံးပြု​ခဲ့​မည်​မဟုတ်ပေ။ ထို့​ကြောင့် ဤ ‘ကြယ်​များ’ သည် ဝိညာဉ်​တော်​ဖွား​ကြီးကြပ်မှူး​များ သို့​မဟုတ် အကြီးအကဲအဖွဲ့​များ​ကို ကျိုးကြောင်း​ဆီလျော်​စွာ ရည်ညွှန်းပါ​သည်။ ‘တမန်​များ’ ဟူသော​အသုံးအနှုန်း​သည် သတင်းပေး​ပို့​ရသည့် ၎င်းတို့၏​တာဝန်​ကို​ဖော်ပြ​သည်။ ဘုရားသခင့်​အဖွဲ့အစည်း​သည် တိုးတက်လာ​သောကြောင့် ‘သစ္စာရှိ​ဘဏ္ဍာစိုး’ သည် ယေရှု၏ “အခြားသိုး” တို့​မှ အရည်အချင်း​ရှိသူ​များ​ကို အကြီးအကဲ​များ​အဖြစ် ခန့်အပ်​ခဲ့ပြီ။—လုကာ ၁၂:၄၂-၄၄; ယောဟန် ၁၀:၁၆

၄။ အကြီးအကဲ​များသည် အသင်းတော်များ​အား ခရစ်တော်​မိန့်မှာ​သော​စကား​များ​ကို ဂရုစိုက်​ခြင်း​ဖြင့် အဘယ်​အကျိုး​ခံစားရ​သနည်း။

‘ကြယ်​များ’ သည် ယေရှု၏​လက်ယာလက်​ဖြစ်သော ကိုယ်တော်​၏​အခွင့်အာဏာ၊ ထိန်းချုပ်မှု၊ မျက်နှာသာ​နှင့် ကာကွယ်​မှု​အောက် ရှိကြသည်။ ထို့​ကြောင့် သူတို့သည် ကိုယ်တော်​ထံ​၌ စာရင်း​ရှင်း​ကြ​ရမည်။ ယခု​ခေတ်​အကြီးအကဲ​များသည် အသင်းတော်​ခု​နစ်​ခု​အား ကိုယ်တော်​မိန့်မှာ​သော​စကား​များ​ကို အလေးဂရုပြု​ခြင်း​အားဖြင့် အလားတူ​အခြေအနေ​များ​ကို မည်သို့​ကိုင်တွယ်​ဖြေရှင်း​နိုင်​ကြောင်း သိမြင်​နားလည်​ကြ​၏။ သူတို့​သာမက ခရစ်ယာန်​အားလုံး​သည် ဘုရားသခင့်​သားတော်​၏​စကား​ကို နားထောင်ဖို့​လို​သည်။ (မာကု ၉:၇) သို့​ဖြစ်၍ အသင်းတော်များ​အား ခရစ်တော်​မိန့်မှာ​သည့်​စကား​တို့ကို ဂရုစိုက်​ခြင်း​ဖြင့် ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

ဧဖက်​မြို့ရှိ​တမန်​ထံ​သို့

၅။ ဧဖက်​မြို့​သည် မည်သို့သော​မြို့​ဖြစ်​ခဲ့​သနည်း။

ယေရှုသည် ဧဖက်​မြို့ရှိ​အသင်းတော်ကို ချီးမွမ်း​၏၊ တစ်ကြိမ်​တည်း​တွင် ပြစ်တင်​ဆုံးမ​ခဲ့​၏။ (ဗျာ. ၂:၁-၇ ဖတ်။) အာရှမိုင်းနားအနောက်ဘက်​ကမ်းရိုးတန်း​ရှိ ကုန်သွယ်​ရေး​နှင့် ဘာသာရေး​ဗဟို​ဖြစ်သည့် ဤ​ကြီးပွား​ချမ်းသာ​သော​မြို့တွင် နတ်​ဘုရားမ​အာ​တေ​မိ​၏ ဗိမာန်​ကြီး​ရှိသည်။ ဧဖက်​မြို့တွင် အကျင့်​ယိုယွင်းမှု၊ အယူမှား​ဝတ်ပြုမှု​နှင့် နတ်ဆိုး​အတတ်ပညာ​တို့​ဖြင့် ပြည့်နှက်​ခဲ့​သော်လည်း ဘုရားသခင်​သည် တမန်​တော်​ပေါလု​နှင့် ထို​မြို့​နေ အခြားသူများ​၏​ဓမ္မ​အမှုကို ကောင်းချီး​ပေး​ခဲ့​သည်။—တမန်​တော်၊ အခန်းကြီး ၁၉

၆။ ယနေ့ တည်ကြည်သော​ခရစ်ယာန်​များသည် ရှေးခေတ်​ဧဖက်​မြို့ရှိ​သူများ​နှင့် မည်သို့​ဆင်တူ​သနည်း။

ဧဖက်​မြို့ရှိ​အသင်းတော်ကို ယေရှု​ဤသို့​ချီးမွမ်း​ပြောဆို​ခဲ့​သည်– “သင်​အကျင့်​ကျင့်​ခြင်း၊ ပင်ပန်း​စွာ​လုပ်ဆောင်ခြင်း၊ သည်းခံခြင်း​ကို​ငါ​သိ​၏။ သင်သည် မတရားသော​သူတို့ကို လက်မခံနိုင်​ကြောင်းကို​လည်းကောင်း၊ တမန်​တော်​မဟုတ်ဘဲ၊ တမန်​တော်​ဖြစ်ယောင်ဆောင်​သော​သူတို့ကို စစ်ဆေး​၍ လှည့်ဖြား​သော​သူ​ဖြစ်သည်ဟု သိကြောင်း​ကိုလည်း​ကောင်း . . . ငါ​သိ​၏။” ယနေ့ ယေရှု​နောက်လိုက်စစ်​များ​၏ အသင်းတော်များ​သည် အကျင့်ကောင်း​များ၊ ကြိုးပမ်းမှု၊ ခံနိုင်ရည် အစ​ရှိသည်​တို့​ရှိကြသည်။ တမန်​တော်​များ​ဟု​ယူမှတ်​ခံ​လို​သော ညီအစ်ကို​ဖြစ်ယောင်ဆောင်​သူတို့ကို သူတို့​သည်းမခံ​ကြ​ချေ။ (၂ ကောရိန္သု ၁၁:၁၃၊ ၂၆) ဧဖက်​မြို့သား​များ​ကဲ့သို့ ယခု​ခေတ်​တည်ကြည်သော​ခရစ်ယာန်​များသည် “မတရားသော​သူတို့ကို လက်မခံနိုင်” ကြ​ချေ။ ထို့​ကြောင့် ယေဟောဝါ​၏​စင်ကြယ်သော​ဝတ်ပြုရေးကို ဆက်​ထိန်းသိမ်း​ရန်​နှင့် အသင်းတော်ကို​ကာကွယ်​ရန် နောင်တ​မယူ​သည့် အယူဖောက်ပြန်သူ​များနှင့် သူတို့​အပေါင်းအဖော်​မ​လုပ်ကြ​ချေ။—ဂလာတိ ၂:၄၊ ၅; ၂ ယောဟန် ၈-၁၁

၇၊ ၈။ ဧဖက်​မြို့ရှိ​အသင်းတော်တွင် အဘယ်​ကြီးမားသော​ပြဿနာ ရှိခဲ့​သနည်း၊ အလားတူ​အခြေအနေ​မျိုးကို ကျွန်ုပ်​တို့ မည်သို့​ကိုင်တွယ်​ဖြေရှင်း​နိုင်​မည်​နည်း။

သို့​တိုင် ဧဖက်​ခရစ်ယာန်​များ​၌ ကြီး​လေး​သော​ပြဿနာ​တစ်ခု​ရှိခဲ့​သည်။ ယေရှု​က “သင်သည် ရှေ့​ဦးစွာ​သော​ချစ်ခြင်း​မေတ္တာ​လျော့​ပြီ​ဟု သင်၌​အပြစ်တင်စရာ​ရှိ၏” ဟု​ဆို​ခဲ့​သည်။ အသင်းတော်​သားများ​သည် ယေဟောဝါ​အပေါ်​ထား​ရှိခဲ့​သော သူတို့၏​ကနဦး​မေတ္တာကို ပြန်ရှင်​သန်​စေဖို့​လိုအပ်​ခဲ့​သည်။ (မာကု ၁၂:၂၈-၃၀; ဧဖက် ၂:၄; ၅:၁၊ ၂) ဘုရားသခင်​အား​ချစ်​သည့် ကျွန်ုပ်​တို့​ကိုယ်တိုင်​၏ ကနဦး​မေတ္တာ မ​ခန်းခြောက်​သွား​စေဖို့ ကာကွယ်​ထိန်းသိမ်း​ကြ​ရမည်။ (၃ ယောဟန် ၃) သို့သော် ရုပ်ပစ္စည်း​ကြွယ်ဝ​လို​ခြင်း၊ အပျော်အပါး​လိုက်စားခြင်း​တို့ကို ကျွန်ုပ်​တို့၏​ဘဝတွင် အဓိက​ထား​လာ​လျှင်​ကော။ (၁ တိမောသေ ၄:၈; ၆:၉၊ ၁၀) ထိုသို့​ဖြစ်​လျှင် အဆိုပါ​တိမ်း​ညွတ်​မှုများ​အစား ယေဟောဝါ​အား နှစ်နှစ်ကာကာ​ချစ်​သည့်​မေတ္တာ​နှင့် ကျွန်ုပ်​တို့အတွက် ကိုယ်တော်​နှင့် ကိုယ်တော့်​သားတော်​တို့​ပြုလုပ်​ပေး​ခဲ့​သမျှ​ကို ကျေးဇူး​တင်​စိတ်​ရှိ​ရန် ဘုရားသခင့်​အကူအညီ​ရဖို့ ထက်သန်​စွာ​ဆုတောင်း​သင့်​သည်။—၁ ယောဟန် ၄:၁၀၊ ၁၆

ခရစ်တော်​က “အရင်​နေရာ​အရပ်​ကို​အောက်မေ့လော့။ နောင်​တရ​လော့။ ရှေ့​ဦးစွာ​သော​အကျင့်ကို​ကျင့်​လော့” ဟု​ဧဖက်​မြို့သား​များ​ကို တိုက်တွန်း​ခဲ့​သည်။ ထိုသို့ မပြု​လုပ်ကြ​လျှင်​ကော။ “သို့​မဟုတ် သင်​ရှိရာသို့ ငါသည်​အလျင်အမြန်​လာ​မည်။ နောင်တ​မရ​လျှင်၊ သင်၏​မီးခွက်ကို​နေရာ​မှ​ရွှေ့​မည်” ဟု​ယေရှု​မိန့်ဆိုခဲ့သည်။ သိုး​အားလုံး​သာ မိမိတို့၏​ကနဦး​မေတ္တာ ပျောက်ဆုံး​သွား​မည်​ဆိုလျှင် “မီးတိုင်” သို့​မဟုတ် အသင်းတော်သည် ဆက်​တည်ရှိ​မည်​မဟုတ်ပါ။ ထို့​ကြောင့် အသင်းတော်သည် ဝိညာဉ်​ရေး​ဘက် ဆက်လက်​ထွန်းလင်း​နေ​စေရန် ထက်သန်​သော​ခရစ်ယာန်​များ​အနေ​နှင့် အားထုတ်​ကြိုးပမ်း​ကြပါစို့။—မဿဲ ၅:၁၄-၁၆

၉။ ဂိုဏ်းဂဏ​စွဲ​ဝါဒ​ကို မည်သို့​ရှုမြင်​သင့်​သနည်း။

“နိကောလ​တပည့်​တို့ [“ဂိုဏ်း၊” က​ဘ] ၏​အကျင့်” ကို ဧဖက်​မြို့သား​များ မုန်းတီး​ခဲ့​ကြ​ခြင်း​သည် ချီးမွမ်းစရာ​ပင်။ ဗျာဒိတ်ကျမ်း​တွင် ဖော်ပြ​ထား​သည့်​အချက်​မှ​လွဲ​၍ ဤ​ဂိုဏ်း​၏​မူလအစ၊ သွန်သင်ချက်​များနှင့် ဓလေ့​ထုံးစံ​များ​ကို အတိအကျ​မသိ​ရ​ချေ။ သို့သော် လူ​နောက်လိုက်ခြင်း​ကို ယေရှု​ပြစ်တင်​ရှုတ်ချ​သည့်​အတွက် ဧဖက်​မြို့ရှိ​ခရစ်ယာန်​များ​နည်းတူ ဂိုဏ်းဂဏ​စွဲ​ဝါဒ​ကို ကျွန်ုပ်​တို့​ဆက်၍​မုန်းတီး​ကြ​ရမည်။—မဿဲ ၂၃:၁၀

၁၀။ ဝိညာဉ်​တော်​ဆင့်ဆို​သော​စကား​ကို ဂရုပြု​သူများ​သည် အဘယ်အရာကို တွေ့ကြုံ​ခံစား​ကြ​ရမည်​နည်း။

၁၀ “ဝိညာဉ်တော်သည် အသင်းတော်​တို့အား အဘယ်​သို့​မိန့်တော်မူသည်​ကို နား​ရှိသောသူ​မည်​သည်​ကား ကြား​ပါစေ” ဟု​ယေရှု​မိန့်တော်မူ​ခဲ့​သည်။ ယေရှု​မြေကြီးပေါ်​ရှိ​စဉ် ကိုယ်တော်​သည် ဘုရားသခင့်​ဝိညာဉ်​တော်​၏ လွှမ်းမိုးမှုကို​ခံရ​၍ မိန့်ကြား​ခဲ့​သည်။ (ဟေရှာယ ၆၁:၁; လုကာ ၄:၁၆-၂၁) ထို့​ကြောင့် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ကိုယ်တော်​မှ​တစ်ဆင့် ဘုရားသခင် ယခု​မိန့်တော်မူသော​စကား​ကို ကျွန်ုပ်​တို့​ဂရုစိုက်​သင့်​သည်။ ဝိညာဉ်​တော်​၏​လမ်းညွှန်မှု​အောက် ယေရှု​ဤသို့​ကတိပြု​ခဲ့​သည်– “အကြင်သူသည် အောင်မြင်​၏၊ ထို​သူသည် ငါ​၏​ဘုရားသခင် ပရဒိသု​ဥယျာဉ်​၌​ရှိသော အသက်​ပင်​၏​အသီးကို​စား​စေခြင်း​ငှာ ငါ​အခွင့်ပေး​မည်။” ဝိညာဉ်​တော်​ဆင့်ဆို​သော​စကား​ကို ဂရုစိုက်​ကြသော ဝိညာဉ်​တော်​ဖွား​များ​အတွက် ထိုသို့​ပြုခြင်း​သည် ကောင်းကင်​ဆိုင်ရာ ‘ဘုရားသခင့်​ပရဒိသု၊’ သို့​မဟုတ် ယေဟောဝါ​၏​မျက်မှောက်​တော်​ရှေ့ မသေ​နိုင်သော​အဖြစ်ကို ရဖို့​အကြောင်း​ရှိသည်။ ဝိညာဉ်​တော်​ဆင့်ဆို​သော​စကား​ကို နားထောင်​ကြသော “လူအုပ်ကြီး” သည် မြေကြီး​ပရဒိသု​တွင် ပျော်မွေ့​ကြ​ပါ​လိမ့်​မည်၊ ထို​တွင် သူတို့သည် “အသက်ရေ​စီး​ရာ​မြစ်” ရေ​ကို​သောက်သုံး​ပြီး မြစ်​တစ်ဖက်တစ်ချက်​ရှိ ‘အပင်များ​၏​အရွက်များ’ ကို​အသုံးပြုခြင်း​အားဖြင့် အနာ​ရောဂါ​ငြိမ်း​ကြလိမ့်မည်။—ဗျာ. ၇:၉; ၂၂:၁၊ ၂; လုကာ ၂၃:၄၃

၁၁။ ယေဟောဝါ​အား​ချစ်​သည့်​စိတ်​ကို ကျွန်ုပ်​တို့ မည်သို့​တိုးပွား​လာ​စေနိုင်​သနည်း။

၁၁ ဧဖက်​မြို့သား​များသည် သူတို့၏​ကနဦး​မေတ္တာ ပျောက်ဆုံး​ခဲ့​ကြသည်၊ သို့သော် ယနေ့ အသင်းတော်​တစ်ခု​တွင် အလားတူ​အခြေအနေ​မျိုး ဖြစ်ပေါ်​လာ​လျှင်​ကော အသို့နည်း။ ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​အနေ​နှင့် ယေဟောဝါ​၏​မေတ္တာပါ​သော လုပ်ရပ်များ​အကြောင်း ပြောဆိုခြင်း​အားဖြင့် ကိုယ်တော်​အား​ချစ်​သည့်​မေတ္တာကို တိုးပွား​များပြား​စေ​ကြ​စို့။ သားတော်​အားဖြင့် ရွေးနုတ်ဖိုး​ကို​စီစဉ်​ပေးခြင်း​ဖြင့် ဘုရားသခင်​ပြသ​ခဲ့​သော​မေတ္တာတော်ကို ကျေးဇူး​တင်​ကြောင်း​ထုတ်ဖော်​နိုင်​သည်။ (ယောဟန် ၃:၁၆; ရောမ ၅:၈) သင့်လျော်​သည့်​အခါတိုင်း အစည်းအဝေး​များ​တွင် ကျွန်ုပ်​တို့​ပါဝင်​ဖြေဆို​ရာ​၌၊ အစီအစဉ်​တွင် ပါဝင်​ရာ​၌ ဘုရားသခင့်​မေတ္တာတော်ကို ဖော်ပြ​ပြောဆို​နိုင်​သည်။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပါဝင်​သည့်​အခါ​၌​လည်း ယေဟောဝါ​၏​နာမတော်​ကို ချီးမွမ်း​ခြင်း​အားဖြင့် ကိုယ်တော်​အား ချစ်​ကြောင်း​တင်ပြ​နိုင်​သည်။ (ဆာလံ ၁၄၅:၁၀-၁၃) အသင်းတော်​၏​ကနဦး​မေတ္တာကို ပြန်လည်​ရှင်သန် ခိုင်ခံ့​စေရန် ကျွန်ုပ်​တို့သည် အပြော​နှင့်​အလုပ်​အားဖြင့် များစွာ​ပြုလုပ်​နိုင်​သည်။

စမုရန​မြို့ရှိ တမန်​ထံ​သို့

၁၂။ စမုရန​မြို့​နှင့် ယင်း​၏ ဘာသာရေး​ထုံးတမ်းများ​အကြောင်း သမိုင်းက မည်သို့​ဖော်ပြ​သနည်း။

၁၂ “အဦးဆုံး​သော​သူ၊ နောက်ဆုံးသော​သူ​တည်း​ဟူသော အရင်​သေ​၍” ရှင်ပြန်ထမြောက်ခြင်း​အားဖြင့် “အသက်ရှင်​လျက်​ရှိသောသူ” ခရစ်တော်​သည် စမုရန​အသင်းတော်ကို ချီးမွမ်း​ခဲ့​သည်။ (ဗျာ. ၂:၈-၁၁ ဖတ်။) စမုရန​မြို့ (ယခု တူရကီ​နိုင်ငံ၊ အ​ဇ္ဇ​မေ​ယာ​မြို့) ကို အာရှမိုင်းနားအနောက်ဘက် ကမ်းရိုးတန်း​ပေါ်​၌ တည်ဆောက်​ခဲ့​ကြသည်။ ဂရိ​လူမျိုး​တို့​က ထို​မြို့ကို​တည်​ခဲ့​ကြသော်လည်း ဘီ.စီ.အီး. ၅၈၀ ခန့်​တွင် လီ​ဒီ​ယာ​လူမျိုး​တို့​က ဖျက်ဆီး​လိုက်​သည်။ မဟာအလက်ဇန္ဒြား​၏​အရိုက်အရာကို ဆက်ခံသူ​များ​က နေရာ​သစ်​တွင် စမုရန​မြို့ကို ပြန်လည်​တည်ဆောက်​ခဲ့​ကြသည်။ ၎င်း​မြို့​သည် ရောမ​ခရိုင် အာရှနယ်​တစ်စိတ်​တစ်ပိုင်း​ဖြစ်လာ​ပြီး ပြည်​သူ့​အဆောက်အအုံ​ကောင်း​များ​ဖြင့် ကျော်ကြား​သော ဖွံ့ဖြိုး​တိုးတက်​သည့် ကုန်သွယ်​ရေး​ဗဟို​ဖြစ်လာ​သည်။ ထို​မြို့ရှိ တိဗေရိ​ကဲသာ​၏​ဗိမာန်​က ဧကရာဇ်​ကိုးကွယ်​မှု​ဗဟို ဖြစ်လာ​စေ​သည်။ ဝတ်ပြုသူ​များသည် နံ့သာပေါင်း​တစ်​ဆိတ်​စာ​ကို မီးရှို့​ပြီး “ကဲသာ​သည် သခင်​အရှင်ဖြစ်​တော်​မူ​၏” ဟု​ဆို​ကြ​ရသည်။ ခရစ်ယာန်​များ​အတွက်​မူ​ကား ‘ယေရှုသည် သခင်​အရှင်ဖြစ်’ သောကြောင့် ထိုသို့​သူတို့ မပြု​လုပ်နိုင်​ကြ​ချေ။ ထို့​ကြောင့် သူတို့​ဒဏ်ခတ်​ခံ​ခဲ့​ရသည်။—ရောမ ၁၀:၉

၁၃။ စမုရန​မြို့ရှိ ခရစ်ယာန်​များသည် ဆင်းရဲ​နွမ်းပါး​ကြသော်လည်း အဘယ်​သဘောဖြင့် ကြွယ်ဝ​ခဲ့​ကြ​သနည်း။

၁၃ စမုရန​မြို့ရှိ​ခရစ်ယာန်​များသည် ဒဏ်ပေး​ခံရ​ကြ​သည့်​အပြင် ဆင်းရဲ​နွမ်းပါး​ကြသည်၊ ဧကရာဇ်​ဝတ်ပြုမှု​၌ သူတို့​မပါဝင်နိုင်​ကြသော​ကြောင့် စီးပွားရေး​ကျပ်တည်း​ခဲ့​ကြ​ပေမည်။ ယေဟောဝါ​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များလည်း အလားတူ​စမ်းသပ်မှု​များ​ကို ခံ​နေကြ​ရသည်။ (ဗျာ. ၁၃:၁၆၊ ၁၇) သူတို့သည် ဆင်းရဲ​နွမ်းပါး​ကြသော်လည်း စမုရန​ခရစ်ယာန်​များနှင့်​တူ​သူတို့သည် ဝိညာဉ်​ရေး​အရ ကြွယ်ဝ​ချမ်းသာ​ကြ​၏၊ အမှန်​မှာ ယင်းသည် အဓိက​ဖြစ်သည်!—သု. ၁၀:၂၂; ၃ ယောဟန် ၂

၁၄၊ ၁၅။ ဝိညာဉ်​တော်​ဖွား​များသည် ဗျာ. ၂:၁၀ မှ အဘယ်​နှစ်သိမ့်မှု​ရယူ​နိုင်​သနည်း။

၁၄ စမုရန​မြို့ရှိ ဂျူး​အများစု​သည် “စာတန်​၏​အပေါင်းအသင်း” ဖြစ်​ခဲ့​ကြ​၏၊ အကြောင်း​မှာ သူတို့သည် ကျမ်းစာ​နှင့်​မညီညွတ်​သော​ထုံးတမ်း​စဉ်​လာ​များ​ကို စွဲကိုင်​ထား​ကြသည်၊ ဘုရားသခင့်​သားတော်ကို ငြင်းပယ်​ကြ​သည့်​အပြင် သားတော်​၏​ဝိညာဉ်​တော်​ဖွား​နောက်လိုက်​များ​ကို မလေးမစား​ပြောဆို​ခဲ့​ကြသည်။ (ရောမ ၂:၂၈၊ ၂၉) သို့သော် ထို​ဝိညာဉ်​တော်​ဖွား​များသည် ခရစ်တော်​၏​နောက်ဆက်တွဲ​စကား​မှ နှစ်သိမ့်မှု​များစွာ​ရနိုင်​ကြသည်! ကိုယ်တော်​ဤသို့​ဆို​၏– “သင်သည် ခံရ​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မကြောက်​နှင့်။ သင်တို့သည် စုံစမ်းခြင်း​ကို​ခံရ​မည်​အကြောင်း၊ [စာတန်]သည် သင်တို့တွင် အချို့​ကို​ထောင်​ထဲ​၌​လှောင်ထား​၍၊ သင်တို့သည်​ဆယ်ရက်​ပတ်လုံး ဆင်းရဲ[ခြင်း]ကို​ခံရ​ကြလိမ့်မည်။ သေ​သည်​တိုင်အောင် သစ္စာစောင့်​လော့။ သို့​ဖြစ်​လျှင် အသက်​သရဖူ​ကို​ငါ​ပေး​မည်။”—ဗျာ. ၂:၁၀

၁၅ ယေရှုသည် ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံ​သည့်​အတွက် သေ​ဖို့​မကြောက်​ခဲ့​ချေ။ (ဖိလိပ္ပိ ၂:၅-၈) ယခု စာတန်​သည် ဝိညာဉ်​တော်​ဖွား​အကြွင်းအကျန်​ကို စစ်တိုက်​နေ​သော်လည်း အုပ်စု​တစ်စု​အနေ​ဖြင့်​ခံရ​ကြ​မည့် ဆင်းရဲခြင်း၊ အကျဉ်း​ချ​ခြင်း သို့​မဟုတ် မ​ရှု​မလှ​သေဆုံး​ခြင်း​တို့ ကြုံတွေ့​ရမည်ကို သူတို့​မကြောက်​ကြ​ချေ။ (ဗျာ. ၁၂:၁၇) သူတို့သည် ဤ​လောကကို​အောင်နိုင်သူ​များ ဖြစ်​ကြ​ပါ​လိမ့်​မည်။ ထို့​ပြင် အယူမှား​အားကစား​ပြိုင်ပွဲ​များ​တွင် အနိုင်​ရရှိ​သူများ​၏ ညှိုးနွမ်း​တတ်​သည့်​ပန်း​ကုံး​အစား ကောင်းကင်​၌​မသေ​နိုင်သော​သတ္တဝါများ​အဖြစ် “အသက်​သရဖူ” ကို​ရ​ကြ​မည်​ဟု ရှင်ပြန်ထမြောက်​ခဲ့​သော​ဝိညာဉ်​တော်​ဖွား​များ​ကို ခရစ်တော်​ကတိပြု​သည်။ အဖိုး​ဖြတ်​မရ​သော ဆုကျေးဇူး​ပါ​တကား!

၁၆။ ကျွန်ုပ်​တို့သည် ရှေးခေတ်​စမုရန​အသင်းတော်​နှင့်​တူသော အသင်းတော်​တစ်ခု​၏​အသင်းသား​ဖြစ်နေ​ပါ​က အဘယ်​ကိစ္စ​ကို အာရုံစိုက်​သင့်​သနည်း။

၁၆ ကျွန်ုပ်​တို့၏​မျှော်လင့်ချက်​သည် ကောင်းကင်​တွင်​ဖြစ်စေ၊ မြေကြီးပေါ်​တွင်​ဖြစ်စေ ကျွန်ုပ်​တို့သည် ရှေးခေတ်​စမုရန​အသင်းတော်​နှင့်​တူသော အသင်းတော်​တစ်ခု​၏ အသင်းသားများ​ဖြစ်​နေလျှင်​ကော အသို့နည်း။ ထိုသို့​ဖြစ်​လျှင် နှိပ်စက်​ညှဉ်းပန်းမှု​ကို ဘုရားသခင်​ခွင့်ပြု​ရသော အဓိက​အကြောင်းရင်း​ဖြစ်သည့် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု အရေးကိစ္စကို အာရုံစိုက်​ကြ​ရန် ယုံကြည်သူချင်း​များ​ကို ကူညီပေး​ကြ​စို့။ ယေဟောဝါ​၏ သမာဓိ​စောင့်သိသော​သက်သေ​အားလုံး​သည် စာတန်​ကို မုသာကောင်​ဖြစ်​ကြောင်း သက်သေထူ​ပြီး နှိပ်စက်​ညှဉ်းပန်း​ခံရ​သော​လူသား​တစ်ဦး​ပင်​လျှင် ဘုရားသခင်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးခွင့်​ကို မဆုတ်မနစ်​ထောက်ခံ​နိုင်​ကြောင်း တင်ပြ​ကြသည်။ (သု. ၂၇:၁၁) နှိပ်စက်​ညှဉ်းပန်း​ခြင်း​ကို ကြံ့ကြံ့ခံ​ခြင်း​အားဖြင့် “[ယေဟောဝါ] ရှေ့တော်၌ တစ်သက်လုံး”—ထာဝစဉ်​ပင်—“သန့်ရှင်း​ဖြောင့်မတ်ခြင်း . . . အားဖြင့် ဘုရား[သခင်]ဝတ်​ကို​ရဲရင့်စွာ​ပြု​ရသော​အခွင့်” မပြတ်​ရရှိရန် အခြား​ခရစ်ယာန်​များ​ကို အားပေး​ကြပါစို့။—လုကာ ၁:၆၈-၇၅

ပေရဂံ​မြို့ရှိ​တမန်​ထံ​သို့

၁၇၊ ၁၈။ ပေရဂံ​မြို့​သည် အဘယ်​ဝတ်ပြုမှု​၏​ဗဟို​ဖြစ်​ခဲ့​သနည်း၊ ထိုသို့​သော​ဝတ်ပြုမှု​၌ မပါဝင်​လျှင် မည်သို့​ဖြစ်​နိုင်​သနည်း။

၁၇ ပေရဂံ​အသင်းတော်သည် ချီးမွမ်းမှု​နှင့် ဆုံးမမှု​ခံ​ခဲ့​ရသည်။ (ဗျာ. ၂:၁၂-၁၇ ဖတ်။) စမုရန​မြို့​မြောက်ဘက် မိုင် ၅၀ ခန့်​တွင်​တည်ရှိ​သော ပေရဂံ​မြို့​သည် အယူမှား​ဝတ်ပြုမှု ပြည့်နှက်​ခဲ့​သော​မြို့​ဖြစ်သည်။ ခါလဒဲ​ပညာရှင် (ဗေဒင်​ဆရာ) များသည် ဗာဗုလုန်​မှ ထို​မြို့​သို့ ထွက်ပြေး​လာ​ခဲ့​ကြ​ဟန်​တူ​သည်။ ဖျားနာသူ​တို့သည် ပေရဂံ​မြို့ရှိ ဆေး​ကုသမှု​နှင့် ဆေးပညာ​ဆိုင်ရာ အက်စ်​က​လီပီးယပ်စ်​နတ်​ဘုရား​၏​ဗိမာန်​သို့ အုပ်​လိုက်​လာ​ကြသည်။ ဆီဇာ ဩ​ဂတ်​စ်​တပ်​စ်​ကို​ဝတ်ပြုဖို့ ဗိမာန်​ရှိသော ပေရဂံ​မြို့ကို “အစောပိုင်း​အင်ပါယာ​အုပ်စိုးမှု​ခေတ် ဧကရာဇ်​ကိုးကွယ်​မှု​ဂိုဏ်း​၏​ဗဟို” ဟု​ခေါ်ဆို​ခဲ့​ကြသည်။—ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း၊ ၁၉၅၉၊ အတွဲ ၁၇၊ စာမျက်နှာ ၅၀၇။

၁၈ ပေရဂံ​မြို့တွင် ဇုသ​နတ်​ဘုရား​ကိုးကွယ်​မှု​အတွက် ယဇ်​ပလ္လင်​တစ်ခု​ရှိခဲ့​သည်။ ၎င်း​မြို့တွင် စာတန့်​လှုံ့ဆော်မှု​ဖြင့် လူ​ကိုးကွယ်​မှု​ကိုလည်း​ပြုလုပ်​ကြသည်။ ယင်းကြောင့် “စာတန်​၏​ရာဇ​ပလ္လင်” ရှိရာ​အရပ်၌ ထို​အသင်းတော်​တည်ရှိ​သည်​ဟု​ဆို​ခဲ့​ခြင်း​ဖြစ်သည်! ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံသူ​တစ်ဦး​သည် ဧကရာဇ်မင်း​ကို​ဝတ်မပြု​သည့်​အတွက် အသတ်ခံရ​နိုင်​သည်။ ဤ​လောကသည် ယခု​လည်း စာတန့်​လက်အောက်​ရှိပြီး နိုင်ငံ​အထိမ်းအမှတ်​များ​ကို ယခု​ပင် ကိုးကွယ်​နေကြ​ဆဲ​ရှိသည်။ (၁ ယောဟန် ၅:၁၉) ပထမ​ရာစု​မှ မျက်မှောက်​အချိန်အထိ တည်ကြည်သော​ခရစ်ယာန်​များစွာတို့သည် အာဇာနည်​များ​အဖြစ် အသတ်ခံ​ခဲ့​ကြ​ရပြီ၊ တစ်ဦး​နှင့်​ပတ်သက်​၍ ခရစ်တော်​က ‘သင်တို့​ဘေးမှာ အသတ်ခံရ​သော​သစ္စာ​ရှိသူ ငါ့​သက်သေ အန္တိပ’ ဟု​ခေါ်ဆို​ခဲ့​သည်။ ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​သည် တည်ကြည်မှု​ရှိသော အဆိုပါ​ကျေးကျွန်​များ​ကို မေ့​မည်​မဟုတ်ပါ။—၁ ယောဟန် ၅:၂၁

၁၉။ ဗာလမ် အဘယ်အရာ​ပြုလုပ်​ခဲ့​သနည်း၊ ခရစ်ယာန်​အားလုံး အဘယ်အရာကို သတိထား​ရမည်​နည်း။

၁၉ “ဗာလမ်​၏​အယူ” အကြောင်းကိုလည်း ခရစ်တော်​မိန့်တော်မူ​ခဲ့​သည်။ ပရောဖက်​အတု​ဗာလမ်​သည် ရုပ်ပစ္စည်း​တပ်မက်သော​ကြောင့် ဣသရေလ​လူမျိုး​ကို ကျိန်ဆဲ​ရန်​ကြိုးစား​ခဲ့​သည်။ သူ၏​ကျိန်ဆဲ​ခြင်း​ကို ဘုရားသခင်​က ကောင်းချီး​ဖြစ်စေ​သောအခါ ဗာလမ်​သည် မောဘ​ရှင်ဘုရင်​ဗာလက်​နှင့်​ပူးပေါင်း​ပြီး ဣသရေလလူ​များစွာကို အရုပ်​ကိုးကွယ်​စေ​၍ အကျင့်​ယိုယွင်း​စေ​ခဲ့​သည်။ ခရစ်ယာန်​အကြီးအကဲ​များသည် ဗာလမ်​၏​လုပ်ဆောင်ချက်များ​ကို​ဆန့်ကျင်​ခဲ့​သူ ဖိ​န​ဟပ်​ကဲ့သို့ ဖြောင့်မတ်ခြင်း​တရား​ဘက် ပြတ်ပြတ်သားသား​ရပ်တည်​ဖို့​လို​သည်။ (တောလည်ရာ ၂၂:၁–၂၅:၁၅; ၂ ပေတရု ၂:၁၅၊ ၁၆; ယုဒ ၁၁) အမှန်​မှာ ခရစ်ယာန်​အားလုံး​သည် အသင်းတော်​ထဲ အရုပ်​ကိုးကွယ်​မှု​နှင့် အကျင့်​ယိုယွင်းမှု​စိမ့်ဝင်​မလာ​စေဖို့ သတိထား​ကြ​ရမည်။—ယုဒ ၃၊ ၄

၂၀။ ခရစ်ယာန်​တစ်ဦး​တွင် အယူဖောက်ပြန်မှု​အမြင်​များ​ဝင်​စ​ပြု​နေလျှင် သူ​အဘယ်အရာ​ပြုလုပ်​သင့်​သနည်း။

၂၀ “နိကောလ​တပည့်​တို့၏​အယူ​ကို စွဲလမ်း​သော​သူတို့” အား အသင်းတော်တွင်​လက်ခံ​ထားသော​ကြောင့် ပေရဂံ​အသင်းတော်တွင် ကြီးမားသော​အန္တရာယ်​ရှိခဲ့​သည်။ ထို​အသင်းတော်ကို ခရစ်တော်​ဤသို့​မိန့်ဆိုခဲ့သည်– “နောင်​တရ​လော့။ မရ​လျှင် သင်​ရှိရာသို့ ငါသည် အလျင်အမြန်​လာ​မည်။ ထို​သူတို့ကို ငါ့​ခံတွင်း​၏​သန်လျက်နှင့် စစ်တိုက်​မည်။” ဂိုဏ်းဂဏ​အစွဲ​ကြီး​သူများ​သည် ခရစ်ယာန်​များ​ကို ဝိညာဉ်​ရေး​အန္တရာယ်​ကျရောက်​စေ​လို​ကြသည်၊ သင်း​ခွဲ​၍ ဂိုဏ်းဂဏ​ထောင်​လို​သူများ​သည် ဘုရားသခင့်​နိုင်ငံတော်​ကို အမွေခံ​ရ​ကြ​မည်​မဟုတ်ပါ။ (ရောမ ၁၆:၁၇၊ ၁၈; ၁ ကောရိန္သု ၁:၁၀; ဂလာတိ ၅:၁၉-၂၁) ခရစ်ယာန်​တစ်ဦး​သည် ဖောက်ပြန်သော​အယူ​များ​ကို စ​လက်ခံ​ပြီး ထို​အယူ​များ​ကို​ဖြန့်​လိုလျှင် ခရစ်တော်​၏​သတိပေး​ချက်​ကို သတိပြု​သင့်​သည်! ထို​သူသည် ဘေးမသင့်​လိုလျှင် နောင်တ​ယူပြီး အသင်းတော်​အကြီးအကဲ​များ​ထံ​မှ ဝိညာဉ်​ရေး​အကူအညီ တောင်းခံ​သင့်​သည်။ (ယာကုပ် ၅:၁၃-၁၈) ယေရှုသည် တရား​စီရင်​ရန် အမြန်​ကြွလာ​တော့​မည်​ဖြစ်​ရာ ထိုသို့​အလျင်အမြန်​လုပ်ဆောင်ဖို့​လို​သည်။

၂၁၊ ၂၂။ “ဝှက်​ထားသော​မန္န” မုန့်ကို မည်သူ​စားသုံး​သနည်း၊ ယင်းက အဘယ်အရာကို​ပုံဆောင်​သနည်း။

၂၁ သစ္စာစောင့်သိ​သော​ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များနှင့် သူတို့၏​တည်ကြည်သော​အပေါင်းပါများ​သည် လာ​လတ္တံ့​သော​တရား​စီရင်ခြင်း​ကို ကြောက်စရာ​မလို​ချေ။ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော် လမ်းညွှန်မှုဖြင့်​ပေး​နေသော ယေရှု၏​သွန်သင်ချက်​ကို လိုက်နာသူ​အားလုံး ကောင်းချီး​ရ​စ​ရာ​အကြောင်း​ရှိသည်။ ဥပမာ၊ ဤ​လောကကို​အောင်နိုင်​သော ဝိညာဉ်​တော်​ဖွား​များသည် “ဝှက်​ထားသော​မန္န” မုန့်​အချို့​ကို သုံးဆောင်​ရန် ဖိတ်ကြား​ခံရ​ပြီး “နာမသစ်” ရေးသား​ထားသော “ကျောက်ဖြူ” ကို​ရရှိကြ​ပါ​လိမ့်​မည်။

၂၂ ဣသရေလ​လူမျိုး​သည် တောကန္တာရ​တွင် အနှစ် ၄၀ လှည့်လည်​ခဲ့​စဉ်​က ဘုရားသခင်​ကျွေး​သော မန္နမုန့်​ဖြင့်​အသက်ရှင်ခဲ့​ကြသည်။ ၎င်း “မုန့်” အချို့​ကို ပဋိညာဉ်သေတ္တာ​ထဲ​ရှိ ရွှေအိုး​တစ်လုံး​တွင်​ထည့်​ပြီး တဲ​တော်​၏​အသန့်ရှင်းဆုံး​အခန်း​၌ ဝှက်ထား​၏၊ ထို​နေရာတွင် ယေဟောဝါ​ရောက်ရှိ​နေ​တော်​မူ​ကြောင်း အံ့ဖွယ်​အလင်း​က ပုံဆောင်​သည်။ (ထွက်မြောက်ရာ ၁၆:၁၄၊ ၁၅၊ ၂၃၊ ၂၆၊ ၃၃; ၂၆:၃၄; ဟေဗြဲ ၉:၃၊ ၄) ထို​ဝှက်​ထားသော​မန္န​မုန့်ကို မည်သူမျှ​စား​ခွင့်​မရှိပါ။ သို့သော် ယေရှု၏​ဝိညာဉ်​တော်​ဖွား​နောက်လိုက်​များသည် ရှင်ပြန်ထမြောက်​လာ​ကြသောအခါ မသေနိုင်​သည့်​အဖြစ်ကို​ယူတင်​ကြ​၏၊ ၎င်းကို “ဝှက်​ထားသော​မန္န” မုန့်​စားသုံးခြင်း​က ပုံဆောင်​သည်။—၁ ကောရိန္သု ၁၅:၅၃-၅၇

၂၃။ “ကျောက်ဖြူ” နှင့် “နာမသစ်” တို့သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၂၃ ရောမ​တရားရုံး​များ​တွင် ကျောက်စရစ်​အ​မည်း​က ပြစ်ဒဏ်​စီရင်ခြင်း​ကို ဖော်ပြ​ပြီး ကျောက်စရစ်​အဖြူ​ဖြင့် တရားသေ​လွှတ်​ခြင်း​ကို ဖော်ပြ​သည်။ ထို​ကြောင့် အောင်နိုင်​သော​ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကို ယေရှု “ကျောက်ဖြူ” ပေးခြင်း​က သူတို့ကို အပြစ်မဲ့​သူ၊ စင်ကြယ်​သန့်ရှင်းသူ​အဖြစ် သတ်မှတ်​ကြောင်း ဖော်ပြ​သည်။ ရောမ​တို့သည် အရေးပါသော​အခမ်းအနား​ပွဲ​များ​ကို ဝင်ခွင့်​ရဖို့ ကျောက်စရစ်​ခဲ​များ အသုံးပြုလေ့​ရှိခဲ့​ရာ “ကျောက်ဖြူ” သည် ကောင်းကင်​၌ သိုးသငယ်​၏​မင်္ဂလာပွဲ​ကို ဝိညာဉ်​တော်​ဖွား​များ တက်ခွင့်​ရ​ကြောင်း ဆိုလိုခြင်း​ဖြစ်​မည်။ (ဗျာ. ၁၉:၇-၉) “နာမသစ်” သည် ကောင်းကင်​နိုင်ငံတော်​တွင် ယေရှု၏​တွဲဖက်​အမွေခံများ​အဖြစ် ကိုယ်တော်​နှင့်​ပေါင်းစည်း​ခွင့်​ရခြင်း​ကို ဆိုလို​ကြောင်း​ထင်ရှား​သည်။ ယင်း​တို့အားလုံး​သည် ဝိညာဉ်​တော်​ဖွား​များ​ရော ယေဟောဝါ​၏​လုပ်ငန်းတော်​၌ သူတို့နှင့်​ပူးပေါင်း​လုပ်ဆောင်နေ​ကြ​သူ မြေကြီး​ပရဒိသု​ပေါ်​နေထိုင်ရန် မျှော်လင့်​သူတို့​အတွက်​ပါ တကယ့်​အားပေးမှု​ဖြစ်သည်​တကား!

၂၄။ ကျွန်ုပ်​တို့သည် အယူဖောက်ပြန်​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​အနေအထား​မျိုး​ယူ​သင့်​သနည်း။

၂၄ ပေရဂံ​အသင်းတော်သည် အယူဖောက်ပြန်သူ​များ​ကြောင့် အန္တရာယ်​ကြုံ​ခဲ့​ကြောင်း သတိရခြင်း​သည် ပညာရှိရာ​ရောက်၏။ ကျွန်ုပ်​တို့​ပူးပေါင်း​နေသော​အသင်းတော်​၏ ဝိညာဉ်​ရေး​အခြေအနေ​သည် အလားတူ အန္တရာယ်​ရှိ​နေလျှင် အယူဖောက်ပြန်​ခြင်း​ကို လုံးဝ​ငြင်းပယ်​ပြီး အမှန်တရား၌ ဆက်လျှောက်​လှမ်း​နေကြပါ​စို့။ (ယောဟန် ၈:၃၂၊ ၄၄; ၃ ယောဟန် ၄) အယူဖောက်ပြန်​လို​သော ဆရာ​အတုအယောင်​များနှင့် အခြားသူ​တို့သည် အသင်းတော်​တစ်ခုလုံး​ကို ဖောက်ပြန်​ပျက်စီး​သွား​စေနိုင်​သောကြောင့် အမှန်တရားကို နားမထောင်​စေခြင်း​ငှာ တားဆီး​သော ဆိုးညစ်​သည့်​သွေးဆောင်မှုများ​ကို ဘယ်​သောအခါ​မျှ​ခွင့်​မပြု​ဘဲ အယူဖောက်ပြန်​ခြင်း​ကို ဆက်၍ ပြတ်ပြတ်သားသား​ဆန့်ကျင်​နေရ​မည်​ဖြစ်သည်။—ဂလာတိ ၅:၇-၁၂; ၂ ယောဟန် ၈-၁၁

၂၅။ နောက်​ဆောင်းပါး​တွင် အဘယ်​အသင်းတော်များ​အား ခရစ်တော်​မိန့်ကြား​ခဲ့​သော သတင်း​စကား​များ​ကို သုံးသပ်ကြ​မည်​နည်း။

၂၅ ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​သော၊ အာရှမိုင်းနား​ရှိ အသင်းတော်​ခု​နစ်​ခု​အနက် သုံးခု​ကို ဘုန်းပွင့်​သော​ယေရှု​ခရစ်​မိန့်တော်မူ​ခဲ့​သည့် ချီးမွမ်း​စကား​နှင့် ဆုံးမ​စကား​များသည် စဉ်းစားစရာ​ကောင်း​လိုက်​လေ​ခြင်း! သို့သော် သန့်ရှင်းသော​ဝိညာဉ်​တော်​ညွှန်ကြား​သည့်​အတိုင်း အခြား​အသင်းတော်​လေးခု​ကိုလည်း ကိုယ်တော်​မိန့်ဆို​စ​ရာ​များ​ရှိပါ​သည်။ သွာတိရ​မြို့၊ သာဒိ​မြို့၊ ဖိလဒေလဖိ​မြို့​နှင့် လောဒိကိ​မြို့​တို့ကို မိန့်ကြား​ခဲ့​သော​သတင်း​စကား​များ​အကြောင်း နောက်​ဆောင်းပါး​တွင် သုံးသပ်ပါ​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• အသင်းတော်များ​အား ခရစ်တော်​မိန့်ဆိုခဲ့​သည့်​စကား​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​ဂရုစိုက်​သင့်​သနည်း။

• အသင်းတော်​တစ်ခု​၏​ကနဦး​မေတ္တာကို ကျွန်ုပ်​တို့ မည်သို့ ပြန်ရှင်​သန်​လာ​စေနိုင်​သနည်း။

• ရှေးခေတ်​စမုရန​မြို့ရှိ နွမ်းပါး​သော​ခရစ်ယာန်​များသည် အမှန်ပင်​ကြွယ်ဝ​ခဲ့​သည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

• ပေရဂံ​အသင်းတော်​၏​အခြေအနေ​ကို ပြန်ပြောင်း​သုံးသပ်​ရာ​တွင် အယူဖောက်ပြန်​သည့်​အတွေးအခေါ်ကို ကျွန်ုပ်​တို့​မည်သို့ ရှုမြင်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ မြေပုံ]

(ကား​ချ​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ဂရိ

အာရှမိုင်းနား

ဧဖက်

စမုရန

ပေရဂံ

သွာတိရ

သာဒိ

ဖိလဒေလဖိ

လောဒိကိ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

“လူအုပ်ကြီး” သည် မြေကြီး​ပရဒိသု​တွင် ပျော်မွေ့​ကြ​မည်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

နှိပ်စက်​ညှဉ်းဆဲ​ခံ​ခဲ့​ရသော ခရစ်ယာန်​များသည် လောကကို​အောင်နိုင်သူ​များ​ဖြစ်​ကြ