ငြိမ်ဝပ်စွာရပ်လျက် ယေဟောဝါ၏ကယ်တင်ခြင်းကို ကြည့်လော့!
ငြိမ်ဝပ်စွာရပ်လျက် ယေဟောဝါ၏ကယ်တင်ခြင်းကို ကြည့်လော့!
“ရပ်၍ [“သင့်နေရာယူပါ၊” ကဘ] ငြိမ်ဝပ်စွာမတ်တတ်နေလျက် ထာဝရဘုရားကယ်တင်တော်မူခြင်းအမှုကို ကြည့်ရှုကြလော့။”—၂ ရာဇဝင်ချုပ် ၂၀:၁၇၊ သမ္မာ။
၁၊ ၂။ “မာဂေါဂပြည်သား ဂေါဂမင်း” ၏ကျရောက်အံ့ဆဲဆဲရှိတိုက်ခိုက်မှုသည် အပြည်ပြည်ဆိုင်ရာအကြမ်းဖက်ခြိမ်းခြောက်မှုထက် အဘယ်ကြောင့် သာ၍ဆိုးရွားသနည်း။
အကြမ်းဖက်မှုသည် ကမ္ဘာသူကမ္ဘာသားများကိုသာမက လူ့ယဉ်ကျေးမှုကိုယ်နှိုက်ကိုပင် တိုက်ခိုက်ခြင်းဖြစ်သည်ဟု အချို့ဆိုခဲ့ပြီ။ ယင်းကြောင့် ထိုခြိမ်းခြောက်မှုကို အလေးအနက်သဘောထားရကြပေမည်။ အခြားတစ်ဖက်တွင်မူ ကမ္ဘာသူကမ္ဘာသားများ လုံးဝဂရုမစိုက်မိသော၊ သာ၍ပင်ဆိုးရွားသော အခြားတိုက်ခိုက်မှုတစ်ခုရှိ၏။ ယင်းကား အဘယ်နည်း။
၂ ၎င်းသည် ယေဇကျေလ အခန်းကြီး ၃၈ တွင် သမ္မာကျမ်းစာကဖော်ပြထားသော “မာဂေါဂပြည်သား ဂေါဂမင်း” ၏ တိုက်ခိုက်မှုဖြစ်သည်။ ဤတိုက်ခိုက်မှုသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှုထက် သာ၍ဆိုးရွားသည်ဟုဆိုခြင်းက ချဲ့ကားပြောဆိုခြင်းလော။ လုံးဝမဟုတ်ပါ၊ အကြောင်းမှာ ဂေါဂ၏တိုက်ခိုက်မှုသည် လူ့အစိုးရများကိုတိုက်ခိုက်ခြင်းထက် မကပါ။ ၎င်းတိုက်ခိုက်မှုသည် ဘုရားသခင့်ကောင်းကင်အစိုးရကို တိုက်ခိုက်ခြင်းပင်တည်း! သို့သော် မိမိတို့၏အစီအစဉ်စနစ်ကို တိုက်ခိုက်သည့်အခါ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း အနည်းအကျဉ်းမျှသာရှိသော လူသားတို့နှင့်မတူဘဲ ဖန်ဆင်းရှင်သည် ဂေါဂ၏ဆိုးရွားပြင်းထန်လှသောတိုက်ခိုက်မှုကို အပြည့်အဝကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိ၏။
ဘုရားသခင့်အစိုးရကို တိုက်ခိုက်မှု
၃။ ၁၉၁၄ ခုနှစ်ကတည်းက ကမ္ဘာ့အုပ်စိုးရှင်များသည် အဘယ်အရာပြုလုပ်ဖို့ ဖိတ်ခေါ်ခံခဲ့ကြရသနည်း၊ သူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၃ ဘုရားသခင်၏ယခုနန်းထိုင်ဘုရင်နှင့် စာတန့်စနစ်ဆိုးသည် ကောင်းကင်တွင် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ခဲ့သော ၁၉၁၄ ခုနှစ်ကတည်းက ဆိုင်ပြိုင်တိုက်လှန်နေခဲ့သည်။ ထိုအချိန်က လူ့အုပ်စိုးရှင်များသည် ဘုရားသခင်ရွေးချယ်တော်မူသောဘုရင်ကို လက်အောက်ခံကြရန် သတိပေးခံခဲ့ကြရသည်။ သို့သော် တင်ကူးပြောထားသည့်အတိုင်း ထိုသို့မပြုဘဲ ငြင်းဆန်နေကြသည်– “လော[က]ရှင်ဘုရင်တို့သည်ထကြ၍ မှူးမတ်အရာရှိတို့လည်း ‘ထာဝရဘုရားနှင့် ခရစ်တော်ကိုရန်ဘက်ပြုလျက်၊ သူတို့ချည်နှောင်ခြင်းကို ဖြေကြကုန်အံ့။ ချည်နှောင်သောကြိုးတို့ကို ပယ်ကြကုန်အံ့’ ဟု သင်းဖွဲ့ကြ၏။” (ဆာလံ ၂:၁-၃) ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုကို အာခံခြင်းသည် မာဂေါဂပြည်သားဂေါဂ တိုက်ခိုက်မည့်အချိန်အတွင်း အထွတ်အထိပ်သို့ရောက်မည်မှာ ထင်ရှားသည်။
၄၊ ၅။ ဘုရားသခင်၏မျက်မြင်မရသော ကောင်းကင်အစိုးရကို လူသားတို့ မည်သို့တိုက်ခိုက်နိုင်သနည်း။
၄ မျက်မြင်မရသော ကောင်းကင်အစိုးရအား လူသားတို့ မည်သို့တိုက်ခိုက်နိုင်မည်ကို ကျွန်ုပ်တို့သိလိုကြပေမည်။ ဤအစိုးရသည် “သိုးသငယ်” ယေရှုခရစ်နှင့် “မြေကြီးမှရွေးနုတ်သောသူ တစ်သိန်းလေးသောင်းလေးထောင်” တို့ဖြင့်ဖွဲ့စည်းထားကြောင်း သမ္မာကျမ်းစာကဖော်ပြ၏။ (ဗျာ. ၁၄:၁၊ ၃; ယောဟန် ၁:၂၉) ယင်းသည် ကောင်းကင်နှင့်ဆိုင်သဖြင့် ထိုအစိုးရသစ်ကို “မိုးကောင်းကင်သစ်” ဟုခေါ်ဆိုထားရာ ၎င်း၏ပြည်သား၊ မြေကြီးပေါ်တွင်နေထိုင်ကြမည့်သူတို့ကို ကျိုးကြောင်းဆီလျော်စွာ “မြေကြီးသစ်” ဟုခေါ်ဆိုထားခြင်းဖြစ်သည်။ (ဟေရှာယ ၆၅:၁၇; ၂ ပေတရု ၃:၁၃) ခရစ်တော်နှင့်အတူ တွဲဖက်အုပ်စိုးမည့် ၁၄၄,၀၀၀ သောရှင်ဘုရင်အများစုသည် သူတို့၏မြေကြီးအသက်တာ ကုန်ဆုံးသည့်အထိ တည်ကြည်မှုတင်ပြခဲ့ပေပြီ။ သို့ဖြင့် သူတို့သည် ကောင်းကင်တွင်ထမ်းဆောင်ရမည့် တာဝန်သစ်များကို ခံယူထိုက်ကြောင်း သက်သေထူခဲ့ကြပြီ။
၅ သို့သော် ၁၄၄,၀၀၀ မှ ကျန်ကြွင်းသူအနည်းငယ် မြေကြီးပေါ်ရှိသေးသည်။ ၂၀၀၂ ခုနှစ်တွင် ကျင်းပသော သခင့်ညစာစားပွဲ တက်ရောက်ခဲ့သူ ၁၅,၀၀၀,၀၀၀ ကျော်တို့မှ ၈,၇၆၀ မျှသာ ဗျာ. ၁၂:၁၇။
ဤကောင်းကင်တာဝန်ခံယူရန် ရွေးချယ်ခံရသည့် မျှော်လင့်ချက်ရှိကြောင်း ဖော်ပြခဲ့၏။ ဘုရားသခင့်နိုင်ငံတော်တွင်ပါဝင်မည့် ကျန်ကြွင်းသောအဖွဲ့ဝင်များကို တိုက်ခိုက်ဝံ့သူ မည်သူမဆိုသည် အမှန်အားဖြင့် ဘုရားသခင့်နိုင်ငံတော်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။—ရှင်ဘုရင်သည် အပြီးသတ်အောင်ပွဲခံ
၆။ ယေဟောဝါနှင့် ခရစ်တော်သည် ဘုရားသခင့်လူမျိုးအပေါ် ဦးတည်ဆန့်ကျင်မှုကို မည်သို့ရှုမြင်ကြသနည်း။
၆ ကိုယ်တော်တည်ထောင်ထားသော နိုင်ငံတော်ကို ဆန့်ကျင်မှုပေါ် ယေဟောဝါ၏တန်ပြန်မှုအကြောင်း ဤသို့တင်ကူးဟောထားသည်– “ကောင်းကင်ဘုံ၌ထိုင်တော်မူသောသူသည် ပြုံးရယ်၍ ထာဝရဘုရားသည် သူတို့ကိုကဲ့ရဲ့တော်မူ၏။ ထိုအခါ အမျက်တော်ထွက်၍ သူတို့ကိုမိန့်တော်မူမည်။ ပြင်းစွာသောအမျက်တော်နှင့် သူတို့ကိုပူပန်စေတော်မူမည်။ ‘ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသောဇိအုန်တောင်တော်ပေါ်မှာ ငါ့ကိုယ်တိုင်ဘိသိက်ပေးပြီ’ ဟု မိန့်တော်မူမည်။” (ဆာလံ ၂:၄-၆) ယေဟောဝါ၏ညွှန်ကြားမှုအောက် ခရစ်တော်သည် ‘အောင်မြင်ခြင်းငှာ ထွက်’ မည့်အချိန် ယခုကျရောက်လာလေပြီ။ (ဗျာ. ၆:၂) နောက်ဆုံးအောင်ပွဲခံချိန်တွင် ယေဟောဝါ၏လူမျိုးအား တိုက်ခိုက်ဆန့်ကျင်ခြင်းကို ကိုယ်တော်မည်သို့ရှုမြင်သနည်း။ ကိုယ်တော်နှင့် ကိုယ်တော်၏စိုးစံဘုရင်ကို တိုက်ရိုက်ဆန့်ကျင်ခြင်းအဖြစ် ရှုမြင်သည်။ “သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကိုထိသောသူဖြစ်၏” ဟု ယေဟောဝါမိန့်တော်မူ၏။ (ဇာခရိ ၂:၈) ထို့ပြင် ယေရှုကလည်း မိမိ၏ဝိညာဉ်တော်ဖွားညီတော်များအပေါ် လူတို့ပြုလုပ်ပေးသမျှ၊ သို့မဟုတ် ပြုလုပ်ပေးရန် ပျက်ကွက်သမျှကို ကိုယ်တော်အပေါ် ပြုလုပ်သည်၊ ပျက်ကွက်သည်ဟု ယူမှတ်ကြောင်း အလေးအနက်မိန့်တော်မူခဲ့သည်။—မဿဲ ၂၅:၄၀၊ ၄၅။
၇။ ဗျာ. ၇:၉ ၌ဖော်ပြထားသော “လူအုပ်ကြီး” တွင်ပါဝင်သူတို့သည် ဂေါဂ၏အမျက်ကို အဘယ်အကြောင်းများကြောင့် ခံရသနည်း။
၇ မှန်ပါသည်၊ ဝိညာဉ်တော်ဖွားအကြွင်းအကျန်ကို တက်တက်ကြွကြွထောက်ခံသူတို့သည် ဂေါဂ၏ဒေါသထွက်ခြင်းကို ခံကြရမည်။ ထိုဘုရားသခင်၏ “မြေကြီးသစ်” အဖွဲ့ဝင်များဖြစ်မည့်သူတို့သည် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်” လာသော “လူအုပ်ကြီး” ဖြစ်သည်။ (ဗျာ. ၇:၉) သူတို့သည် “ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်၊ . . . ပလ္လင်တော်ရှေ့ သိုးသငယ်ရှေ့မှာရပ်နေကြ” ၏ဟု ဖော်ပြထားသည်။ သို့နှင့် သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်ယေရှုရှေ့တွင် မျက်နှာသာရကြောင်းသိရ၏။ “စွန်ပလွံခက်ကိုကိုင်လျက်” ယေဟောဝါအား စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် သူတို့ချီးမွမ်းကြကာ ကိုယ်တော်၏အုပ်စိုးမှုကို နန်းတက်ဘုရင် ယေရှုခရစ်၊ “ဘုရားသခင်၏သိုးသငယ်” ၏အုပ်ချုပ်မှုအားဖြင့် ကိုယ်စားပြုသည်။—ယောဟန် ၁:၂၉၊ ၃၆။
၈။ ဂေါဂ၏တိုက်ခိုက်မှုက ခရစ်တော်အား အဘယ်အရာကို ပြုလုပ်စေမည်နည်း၊ အဘယ်အရာဖြစ်ပေါ်မည်နည်း။
၈ ဂေါဂ၏တိုက်ခိုက်မှုက ဘုရားသခင့်နန်းတက်ဘုရင်၏ အရေးယူမှုနှင့် အာမဂေဒုန်စစ်ပွဲကို တိုက်ခိုက်ရန်ဖြစ်စေမည်။ (ဗျာ. ၁၆:၁၄၊ ၁၆) ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို အသိအမှတ်မပြုသူတို့သည် ဖျက်ဆီးခံရလိမ့်မည်။ အခြားတစ်ဖက်တွင် ဘုရားသခင်နိုင်ငံတော်အပေါ် တည်ကြည်မှုတင်ပြခဲ့ခြင်းကြောင့် ဆင်းရဲခံခဲ့ရသူတို့သည် ထာဝစဉ်လွှတ်ခြင်းချမ်းသာရလိမ့်မည်။ ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက်ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကိုဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကိုခံရစေခြင်းငှာ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။ အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုခရစ်သည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေးတော်မူသောအခါ သင်တို့ကိုဆင်းရဲစေဖူးသောသူတို့၌ ဆင်းရဲခြင်းကိုလည်းကောင်း၊ ဆင်းရဲခံရဖူးသောသင်တို့၌ ငါတို့နှင့်အတူ ချမ်းသာ ခြင်းကိုလည်းကောင်း၊ ဘုရားသခင်ဆပ်ပေး၍ တရားသဖြင့်စီရင်တော်မူလိမ့်မည်။”—၂ သက်သာလောနိတ် ၁:၅-၈။
၉၊ ၁၀။ (က) ယေဟောဝါသည် ကြောက်မက်ဖွယ်ကောင်းသောရန်သူကို ယုဒတို့အား မည်သို့အောင်ပွဲခံစေခဲ့သနည်း။ (ခ) ယနေ့ ခရစ်ယာန်များသည် အဘယ်အရာကို ဆက်ပြုလုပ်ရမည်နည်း။
၉ အာမဂေဒုန်၌ နိဂုံးချုပ်မည့် ဖြစ်အံ့ဆဲဆဲရှိ ကြီးစွာသောဆင်းရဲရာကာလအတွင်း ခရစ်တော်သည် ဆိုးသွမ်းမှုအားလုံးကို တိုက်ခိုက်တော်မူမည်။ သို့သော် ကိုယ်တော်၏နောက်လိုက်များ စစ်တိုက်ရန် လိုမည်မဟုတ်ချေ၊ လွန်ခဲ့သောနှစ်ပေါင်း ၂,၉၀၀ ကျော်အချိန်က ယုဒနှစ်နွယ်နိုင်ငံ၏မြို့သားများ စစ်တိုက်ရန်မလိုခဲ့သည့်နည်းတူပင် ဖြစ်မည်။ စစ်ပွဲသည် ယေဟောဝါ၏တာဖြစ်ခဲ့ပြီး ကိုယ်တော်အနိုင်ပေးတော်မူခဲ့သည်။ မှတ်တမ်းတွင် ဤသို့ဖတ်ရသည်– ‘ယုဒပြည်ကို တိုက်အံ့သောငှာလာသော စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့တစ်ဖက်၌ ထာဝရဘုရားသခင်ချောင်းမြောင်းစေတော်မူသဖြင့် အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊ တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာလှန်၍ တိုက်သဖြင့် အကုန်အစင်သတ်ပြီးမှ တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်၍ ပျက်ဆီးခြင်းသို့ရောက်ကြ၏။ ယုဒလူတို့သည် တော၌ရှိသောကင်းမျှော်စင်သို့ရောက်၍ ထိုအလုံးအရင်းကိုကြည့်ရှုသောအခါ ထိုလူအပေါင်းတို့သည် တစ်ယောက်မျှမလွတ် မြေပေါ်မှာလဲသော အသေကောင်ဖြစ်ကြ၏။’—၂ ရာဇဝင်ချုပ် ၂၀:၂၂-၂၄။
၁၀ ယေဟောဝါ တင်ကူးမိန့်တော်မူသည့်အတိုင်း အတိအကျဖြစ်ခဲ့သည်– “သင်တို့သည် စစ်တိုက်စရာအကြောင်းမရှိ။” (၂ ရာဇဝင်ချုပ် ၂၀:၁၇) ယင်းက “အောင်မြင်ခြင်းငှာ” ယေရှုခရစ်ထွက်လာသောအခါ ခရစ်ယာန်များ လိုက်လျှောက်ရန်ပုံစံကို ချမှတ်ပေးသည်။ သူတို့သည် ဤအတောအတွင်း ပကတိလက်နက်များဖြင့်မဟုတ်ဘဲ ဝိညာဉ်ရေးလက်နက်ဖြင့် ဆိုးသွမ်းမှုကို တိုက်ထုတ်လျက်ရှိကြသည်။ ဤသို့ဖြင့် သူတို့သည် “အကောင်းအားဖြင့် အဆိုးကိုနိုင်” လျက်ရှိနေကြသည်။—ရောမ ၆:၁၃; ၁၂:၁၇-၂၁; ၁၃:၁၂; ၂ ကောရိန္သု ၁၀:၃-၅။
ဂေါဂ၏တိုက်ခိုက်မှုကို မည်သူဦးဆောင်မည်နည်း
၁၁။ (က) ဂေါဂသည် တိုက်ခိုက်မှုပြုရန် အဘယ်ကိုယ်စားလှယ်အဖွဲ့များကို အသုံးပြုမည်နည်း။ (ခ) ဝိညာဉ်ရေးအရနိုးကြားမှုရှိခြင်းတွင် အဘယ်အရာအကျုံးဝင်သနည်း။
၁၁ မာဂေါဂပြည်သား ဂေါဂသည် ၁၉၁၄ ခုနှစ်ကတည်းက နိမ့်ကျသောအဆင့်သို့ရောက်ရှိခဲ့သည့် စာတန်ဖြစ်ကြောင်း ခွဲခြားသိမြင်ရသည်။ ဝိညာဉ်သတ္တဝါတစ်ပါးအနေနှင့် သူသည် တိုက်ရိုက်တိုက်ခိုက်နိုင်မည်မဟုတ်ချေ၊ သို့သော်လည်း လူသားကိုယ်စားလှယ်များကို အသုံးပြု၍ တိုက်ခိုက်ပေလိမ့်မည်။ ဤလူသားကိုယ်စားလှယ်များကား မည်သူများဖြစ်မည်နည်း။ သမ္မာကျမ်းစာက အသေးစိတ်မဖော်ပြထားသော်လည်း သူတို့ကိုခွဲခြားသိရှိရန် အကူအညီပေးသည့် ရည်ညွှန်းဖော်ပြချက်အချို့ပေးထားသည်။ သမ္မာကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံခြင်းအဖြစ် ကမ္ဘာ့ဖြစ်ရပ်များ ဖြစ်ပျက်လာသည်နှင့်အမျှ တဖြည်းဖြည်းဖြင့် သာ၍ရှင်းလင်းပြတ်သားသောရုပ်လုံး ပေါ်လာလိမ့်မည်။ ယေဟောဝါ၏လူတို့သည် ထင်ကြေးပေးခြင်းကို ရှောင်ကြဉ်ကြသော်လည်း ဝိညာဉ်ရေးအရနိုးကြားလျက်ရှိ၏၊ သမ္မာကျမ်းစာပရောဖက်ပြုချက် ပြည့်စုံမှုဘောင်အတွင်းဖြစ်ပျက်လာသော နိုင်ငံရေးနှင့် ဘာသာရေးအခြေအနေအားလုံးကို သူတို့ကောင်းစွာသတိပြုကြသည်။
၁၂၊ ၁၃။ ပရောဖက်ဒံယေလသည် ဘုရားသခင်လူမျိုးအပေါ်ကျရောက်မည့် နောက်ဆုံးတိုက်ခိုက်မှုကို မည်သို့တင်ကူးဟောထားသနည်း။
၁၂ ဘုရားသခင်လူမျိုးကို နောက်ဆုံးတိုက်ခိုက်မည့်အကြောင်း ပရောဖက်ဒံယေလ ဤသို့ရေးသားဖော်ပြသည်– “သူ [မြောက်ဘုရင်] သည် . . . လူအများတို့ကို ဖျက်ဆီးသုတ်သင်ပယ်ရှင်းခြင်းငှာ ကြီးစွာသောဒေါသအမျက်နှင့် ထွက်သွားလိမ့်မည်။ ပင်လယ်ကြားမှာဘုန်းကြီး၍ သန့်ရှင်းသောတောင်ပေါ်၌ စံရာတဲတော်ကိုတည်ဆောက်ပြီးလျှင် အဘယ်သူမျှမစခြင်းငှာမတတ်နိုင်၍ ဆုံးရှုံးခြင်းသို့ရောက်လိမ့်မည်။”—၁၃ သမ္မာကျမ်းစာ၏ရှေ့နောက်စကားအရ “ပင်လယ်” သည် ပင်လယ်ကြီး သို့မဟုတ် မြေထဲပင်လယ်ဖြစ်၍ “သန့်ရှင်းသောတောင်” သည် ဇိအုန်တောင်ဖြစ်၏၊ ၎င်းနှင့်ပတ်သက်၍ ယေဟောဝါဤသို့မိန့်တော်ခဲ့သည်– “ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသောဇိအုန်တောင်တော်ပေါ်မှာ ငါကိုယ်တိုင်ဘိသိက်ပေးပြီ။” (ဆာလံ ၂:၆; ယောရှု ၁:၄) သို့ဖြစ်၍ ‘ပင်လယ်နှင့် သန့်ရှင်းသောတောင်ပေါ်ကြား’ နယ်မြေသည် ဝိညာဉ်ရေးသဘောအရ ဝိညာဉ်တော်ဖွားခရစ်ယာန်များ၏ ဝိညာဉ်ရေးကြွယ်ဝမှုအခြေအနေကို ကိုယ်စားပြုသည်။ သူတို့သည် ဘုရားသခင်ထံမှ ကင်းကွာနေသော လူသားပင်လယ်ကို မပတ်သက်တော့ဘဲ ကောင်းကင်နိုင်ငံတော်တွင် ယေရှုခရစ်နှင့်အတူ အုပ်ချုပ်ရန် စောင့်မျှော်လျက်ရှိကြ၏။ ထို့ကြောင့် ဒံယေလပရောဖက်ပြုချက်အရ မြောက်ဘုရင်သည် ပြင်းထန်စွာတိုက်ခိုက်သောအခါ ဘုရားသခင်၏ဝိညာဉ်တော်ဖွားကျေးကျွန်များနှင့် လူအုပ်ကြီးမှ တည်ကြည်သူအပေါင်းပါတို့သည် သူ၏ပစ်မှတ်ဖြစ်ပေလိမ့်မည်။—ဟေရှာယ ၅၇:၂၀; ဟေဗြဲ ၁၂:၂၂; ဗျာ. ၁၄:၁။
ဘုရားသခင့်ကျေးကျွန်များ မည်သို့တုံ့ပြန်ကြလိမ့်မည်နည်း
၁၄။ တိုက်ခိုက်ခံရသောအခါ ဘုရားသခင့်လူများ အဘယ်အရာသုံးခုကို ပြုလုပ်ကြရမည်နည်း။
၁၄ တိုက်ခိုက်ခံရသောအခါ ဘုရားသခင့်ကျေးကျွန်များအနေဖြင့် အဘယ်အရာကို ပြုလုပ်လိမ့်မည်ဟု မျှော်လင့်နိုင်သနည်း။ တစ်ဖန်၊ ယောရှဖတ်အချိန်က ဘုရားသခင့်ဇာတိလူမျိုး၏ တုံ့ပြန်မှုက ပုံစံချမှတ်ပေးသည်။ ထိုမြို့သားများသည် ဤအရာသုံးခုကို ပြုလုပ်ဆောင်ရွက်ရန် အမိန့်ပေးခံခဲ့ရကြောင်း သတိပြုပါ– (၁) နေရာယူကြရ၏၊ (၂) ငြိမ်ဝပ်စွာရပ်နေကြရ၍ (၃) ယေဟောဝါ၏ကယ်တင်ခြင်းကို ရှုစားကြရ၏။ ဤစကားများနှင့်အညီ ယနေ့ ဘုရားသခင်၏လူမျိုးသည် မည်သို့ပြုမူဆောင်ရွက်မည်နည်း။—၂ ရာဇဝင်ချုပ် ၂၀:၁၇။
၁၅။ ယေဟောဝါ၏လူမျိုး နေရာယူခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။
၁၅ နေရာယူကြ၏– ဘုရားသခင့်လူတို့သည် မယိမ်းမယိုင်ဘဲ ဘုရားသခင့်နိုင်ငံတော်ကို တက်တက်ကြွကြွထောက်ခံလျက်နေကြမည်။ ခရစ်ယာန်ကြားနေမှုကို သူတို့ဆက်ထိန်းသိမ်းထားကြလိမ့်မည်။ သူတို့သည် “တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့လျော့မတိမ်းယိမ်းဘဲ” ယေဟောဝါ၏လုပ်ငန်းကိုဆက်ထမ်းဆောင်ပြီး ယေဟောဝါ၏ မေတ္တာနှင့်သနားကြင်နာခြင်းအကြောင်းကို လူသိရှင်ကြား ဆက်ကြွေးကြော်သွားကြလိမ့်မည်။ (၁ ကောရိန္သု ၁၅:၅၈; ဆာလံ ၁၁၈:၂၈၊ ၂၉) လောလောဆယ်၊ သို့မဟုတ် အနာဂတ်တွင် ခံစားရမည့် အဘယ်ဖိစီးမှုကမျှ သူတို့ရရှိထားသော ဘုရားသခင်ပေးမျက်နှာသာရအခြေအနေမှ သွေဖည်သွားစေနိုင်မည်မဟုတ်ချေ။
၁၆။ ယေဟောဝါ၏ကျေးကျွန်များသည် အဘယ်နည်းဖြင့် ငြိမ်ဝပ်စွာရပ်နေကြလိမ့်မည်နည်း။
၁၆ ငြိမ်ဝပ်စွာရပ်နေကြရ၏– ယေဟောဝါ၏ကျေးကျွန်များသည် မိမိတို့ကိုယ်ကို ကယ်တင်ဖို့ကြိုးစားကြမည်မဟုတ်ဘဲ ယေဟောဝါအား အပြည့်အဝယုံကြည်ကိုးစားနေကြလိမ့်မည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် မိမိ၏ကျေးကျွန်များကို ကမ္ဘာ့အရှုပ်အထွေးများမှ ကယ်လွှတ်ချမ်းသာပေးနိုင်မည်ဖြစ်ပြီး ထိုသို့ပြုတော်မူမည်ဟု ကတိထားခဲ့ပြီ။ (ဟေရှာယ ၄၃:၁၀၊ ၁၁; ၅၄:၁၅; မြည်တမ်းစကား ၃:၂၆) ယေဟောဝါအားယုံကြည်ကိုးစားခြင်းတွင် ရည်ရွယ်တော်မူချက်ပြည့်စုံစေရန် ဆယ်စုနှစ်ချီ၍ ကိုယ်တော်အသုံးပြုနေကြောင်းထင်ရှားသည့် မျက်မှောက်ခေတ် မျက်မြင်ရလမ်းကြောင်းကို ယုံကြည်အားထားခြင်း ပါဝင်သည်။ ထိုအခါ ဦးဆောင်ဦးရွက်ပြုဖို့ ယေဟောဝါနှင့် ကိုယ်တော်၏နန်းစံရှင်ဘုရင်တို့က အခွင့်အာဏာပေးထားသော ဝတ်ပြုသူချင်းတို့ကို ခရစ်ယာန်စစ်များအနေဖြင့် တစ်ချိန်တစ်ခါနှင့်မျှမတူအောင် ယုံကြည်စိတ်ချရပေလိမ့်မည်။ ဤတည်ကြည်သောအမျိုးသားများသည် ဘုရားသခင့်လူတို့ကို ညွှန်ကြားပေးလိမ့်မည်။ သူတို့၏ညွှန်ကြားချက်ကို လက်မခံလျှင် ဖျက်ဆီးခံရနိုင်သည်။—မဿဲ ၂၄:၄၅-၄၇; ဟေဗြဲ ၁၃:၇၊ ၁၇။
၁၇။ ဘုရားသခင်၏တည်ကြည်သောကျေးကျွန်များသည် ယေဟောဝါ၏ကယ်တင်ခြင်းကို အဘယ်ကြောင့် ရှုစားကြရမည်နည်း။
၁၇ ယေဟောဝါ၏ကယ်တင်ခြင်းကိုရှုစားကြရ– မိမိတို့၏ခရစ်ယာန် တည်ကြည်မှုအနေအထားကို ဆုပ်ကိုင်ထားပြီး ယေဟောဝါသာ လွတ်မြောက်စေနိုင်မည်ဟု ယုံကြည်ကိုးစားသူအားလုံးသည် ကယ်တင်ခြင်းဆုကျေးဇူးရရှိလိမ့်မည်။ ဤသူတို့သည် နောက်ဆုံးအချိန်အထိ အတတ်နိုင်ဆုံး ဘုရားသခင့်တရားစီရင်ရာနေ့ ရောက်လုနီးကြောင်း ကြွေးကြော်ကြလိမ့်မည်။ ယေဟောဝါသည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ကိုယ်တော်၌ တည်ကြည်သောကျေးကျွန်များ မြေကြီးပေါ်တွင်ရှိကြောင်း သတ္တဝါအပေါင်းသိရှိရမည်။ ယေဟောဝါသာ ပိုင်သအုပ်စိုးထိုက်ခြင်းအပေါ် ရှည်လျားသောငြင်းခုံမှု နောက်ဘယ်တော့မျှ ခွင့်ပြုတော့မည်မဟုတ်ပေ။—၁၈၊ ၁၉။ (က) ဂေါဂတိုက်ခိုက်ချိန်တွင် ကပ်ကျော်မည့်သူများ၏ခံစားချက်ကို ထွက်မြောက်ရာအခန်းကြီး ၁၅ ပါ အောင်ပွဲခံတေးသီချင်းက မည်သို့ရောင်ပြန်ဟပ်သနည်း။ (ခ) ယခု ဘုရားသခင့်လူမျိုး အဘယ်အရာပြုလုပ်ဖို့ ဆီလျော်သနည်း။
၁၈ ဘုရားသခင့်လူတို့သည် ကမ္ဘာသစ်ထဲ အားသစ်ပြည့်လျက်ဝင်ပြီး အောင်ပွဲခံတေးသီချင်းကို စိတ်အားထက်သန်စွာ သီဆိုကြလိမ့်မည်၊ ပင်လယ်နီကိုဖြတ်၍ လွတ်မြောက်လာသည့် ရှေးဣသရေလလူတို့လည်း ဤသို့ပြုခဲ့၏။ ယေဟောဝါ၏ကာကွယ်မှုကိုခံစားခဲ့ရသဖြင့် သူတို့သည် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ကိုယ်တော်အား အစဉ်ကျေးဇူးတင်လေးမြတ်မည်ဖြစ်ကြောင်း ရှေးအချိန်ကသီဆိုခဲ့သော ဤစကားလုံးများကို ပဲ့တင်ထပ်ကြပါလိမ့်မည်– ‘ယေဟောဝါသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော်အားသီချင်းဆိုပါအံ့။ ယေဟောဝါသည် စစ်သူရဲဖြစ်တော်မူ၏။ နာမတော်ကား ယေဟောဝါတည်း။ အိုယေဟောဝါ လက်ယာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။ ကိုယ်တော်တစ်ဖက်၌ ထသောသူတို့ကို ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကိုလွှတ်၍ သူတို့ကို အမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။ ရွေးတော်မူသောလူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။ အိုယေဟောဝါ၊ အမွေခံတော်မူရာတောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဖို့ ဖန်ဆင်းတော်မူသောအရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အိုယေဟောဝါ၊ လက်တော်နှင့်တည်တော်မူသော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။ ယေဟောဝါသည် ကာလအစဉ်အမြဲ စိုးစံတော်မူစေသတည်း။’—ထွက်မြောက်ရာ ၁၅:၁-၁၉။
၁၉ ယခုအချိန်သည် တစ်ခါနှင့်မျှမတူအောင် ထာဝရအသက်အလားအလာသည် ပိုမိုပီပြင်လာရာ ဘုရားသခင့်ကျေးကျွန်များအနေနှင့် ယေဟောဝါအပေါ် သူတို့၏သစ္စာနှံမှုကိုဖော်ပြရန်နှင့် ကိုယ်တော်အား မိမိတို့၏ထာဝရဘုရင်အဖြစ် ဆည်းကပ်ဝတ်ပြုသွားမည့် ဆုံးဖြတ်ချက်ကို အားသစ်လောင်းဖို့ အခွင့်အခါကောင်းရှိ အချိန်ကာလပင်!—၁ ရာဇဝင်ချုပ် ၂၉:၁၁-၁၃။
သင်ရှင်းပြနိုင်သလော
• ဂေါဂသည် ဝိညာဉ်တော်ဖွားများနှင့် အခြားသိုးတို့ကို အဘယ်ကြောင့်ဦးတည်တိုက်ခိုက်မည်နည်း။
• ဘုရားသခင့်လူတို့သည် မည်သို့နေရာယူကြမည်နည်း။
• ငြိမ်ဝပ်စွာရပ်ခြင်း၏အဓိပ္ပာယ်ကား အဘယ်နည်း။
• ဘုရားသခင့်လူတို့သည် ယေဟောဝါ၏ကယ်တင်ခြင်းကို မည်သို့ ရှုစားရကြလိမ့်မည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေဟောဝါသည် ယောရှဖတ်နှင့် သူ၏လူတို့အား စစ်တိုက်ရန်လုံးဝမလိုအပ်စေဘဲ အောင်ပွဲပေးခဲ့
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဝိညာဉ်တော်ဖွားများနှင့် အခြားသိုးတို့သည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို အတူတကွထောက်ခံကြ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ရှေးဣသရေလလူများကဲ့သို့ ဘုရားသခင့်လူမျိုးသည် များမကြာမီ အောင်ပွဲခံတေးသီချင်းကို သီဆိုကြလိမ့်မည်