စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
အပြင်းဖျားနေသော သို့မဟုတ် အိုမင်းနေသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို သတ်ခြင်းသည် မှားသလော။
လူအများသည် တိရစ္ဆာန်အမျိုးမျိုးကို စိတ်ဝင်စားပြီး ကြည်နူးစရာအဖြစ် ယူမှတ်ကြသည်။ အိမ်မွေးတိရစ္ဆာန်အချို့သည် အဖော်ကောင်းများ ဖြစ်နိုင်သည်။ ဥပမာ၊ ခွေးများသည် သူတို့၏သခင်ကို အကြွင်းမဲ့နာခံပြီး ချစ်ခင်တတ်သည်ဟု လူသိများကြ၏။ သို့ဖြစ်၍ ဤသို့သောအိမ်မွေးတိရစ္ဆာန် အထူးသဖြင့် နှစ်ပေါင်းများစွာ မွေးမြူထားသော တိရစ္ဆာန်တစ်ကောင်ကို လူတို့ချစ်ခင်ခြင်းသည် နားလည်သဘောပေါက်နိုင်သည်။
သို့သော် အိမ်မွေးတိရစ္ဆာန်အများစုသည် အသက်မရှည်ကြချေ။ ခွေးများ၊ ကြောင်များသည် အမျိုးအစားပေါ်မူတည်၍ အသက် ၁၀ နှစ်မှ ၁၅ နှစ် သို့မဟုတ် ထို့ထက်မက အသက်ရှင်တတ်ကြသည်။ အိမ်မွေးတိရစ္ဆာန်များ အိုမင်းလာသောအခါ ဖျားနာပြီး မသန်မစွမ်းဖြစ်လာကြပေမည်၊ ထိုအခါ သူတို့ငယ်စဉ်က ပြေးလွှားကစားချိန်များကို သတိရသည့် သူတို့သခင်များအတွက် စိတ်မကောင်းစရာဖြစ်နိုင်၏။ ဤသို့သောတိရစ္ဆာန်များ၏ဝေဒနာ ချုပ်ငြိမ်းစေရန် သူတို့ကို သတ်ခြင်းသည် မှားသလော။
ခရစ်ယာန်တစ်ဦးသည် တိရစ္ဆာန်များနှင့်ပတ်သက်၍ ဘုရားသခင့်အလိုတော်နှင့်အညီ ပြုမူလိုကြပေမည်။ သူတို့ကို ကြမ်းတမ်းစွာပြုမူခြင်းသည် ဘုရားသခင့်အလိုတော်နှင့် အမှန်ပင်ဆန့်ကျင်ရာကျသည်၊ အကြောင်းမှာ သမ္မာကျမ်းစာက “ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက်ကို နှမြောတတ်၏” ဟုဖော်ပြထားသည်။ (သု. ၁၂:၁၀) သို့ရာတွင် ဤသို့ဆိုသဖြင့် ဘုရားသခင်သည် လူကိုရှုမြင်သကဲ့သို့ တိရစ္ဆာန်များကို ရှုမြင်သည်ဟု မဆိုလိုချေ။ လူကို ဘုရားသခင်ဖန်ဆင်းချိန်က တိရစ္ဆာန်နှင့်လူ မတူကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ ဥပမာ၊ လူကို ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက် ပေးထားသော်လည်း တိရစ္ဆာန်များကိုမူ ဤမျှော်လင့်ချက် တစ်ခါမျှမပေးခဲ့ဖူးချေ။ (ရောမ ၆:၂၃; ၂ ပေတရု ၂:၁၂) ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်တော်မူသောကြောင့် လူနှင့်တိရစ္ဆာန်တို့၏ ကဏ္ဍများကို သတ်မှတ်ပိုင်ခွင့်ရှိ၏။
ထိုဆက်နွှယ်မှုအကြောင်းကို ကမ္ဘာဦး ၁:၂၈ တွင်ဖော်ပြထားသည်။ ဘုရားသခင်က ကနဦးလူသားများအား “ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့” ဟုမိန့်ဆိုခဲ့သည်။ ထိုနည်းတူ၊ ဆာလံ ၈:၆-၈ ကဤသို့ဆို၏– “ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍ သိုး၊ နွားအစရှိသော မြေတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်၊ ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌ သွားတတ်သော တိရစ္ဆာန်မှစ၍ ခပ်သိမ်းသောအရာတို့ကို သူ [လူ] ၏ခြေအောက်၌ [ဘုရားသခင်] ချထားတော်မူပြီ။”
လူသည် တိရစ္ဆာန်များကို လျောက်ပတ်စွာ အသုံးပြုသတ်ဖြတ်နိုင်သည်ဟု ဘုရားသခင် ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့သည်။ ဥပမာ၊ သူတို့၏အရေခွံကို အဝတ်အစားများအဖြစ် အသုံးပြုနိုင်၏။ ထို့ပြင် ဘုရားသခင်သည် နောဧခေတ် ရေလွှမ်းမိုးပြီးနောက် မူလအစက လူတို့ကို စားခွင့်ပြုခဲ့သည့် ဟင်းသီးဟင်းရွက်အပြင် တိရစ္ဆာန်အသားကိုလည်း စားခွင့်ပြုခဲ့သည်။—ကမ္ဘာဦး ၃:၂၁; ၄:၄; ၉:၃။
ယင်းကြောင့် တိရစ္ဆာန်များကို အပျော်တမ်းတောလိုက် သတ်ဖြတ်ခွင့်မပြုချေ။ ကမ္ဘာဦး ၁၀:၉ တွင် သမ္မာကျမ်းစာက နိမ်ရောဒကို “အားကြီးသောမုဆိုး” အဖြစ် ဖော်ပြထားသည်။ သို့သော် အဆိုပါအခန်းငယ်တွင်ပင် သူသည် ‘ယေဟောဝါဘုရားသခင်နှင့် ဆန့်ကျင်သည်’ ဟုဆို၏။
သို့ဖြစ်၍ လူသည် တိရစ္ဆာန်များကို အုပ်ချုပ်ခွင့်ရှိသော်လည်း ထိုအခွင့်အာဏာကို အလွဲမသုံးသင့်ဘဲ ဘုရားသခင့်စကားတော်၏မူများနှင့်အညီ အသုံးပြုသင့်သည်။ ထိုတွင် အိမ်မွေးတိရစ္ဆာန်တစ်ကောင် အိုမင်းနေ၍၊ အကြီးအကျယ်ဒဏ်ရာရနေ၍၊ သို့မဟုတ် ရောဂါကျွမ်းနေ၍ အကြောင်းမဲ့ ဆက်ဝေဒနာမခံစားစေခြင်း ပါဝင်သည်။ ဤသို့သောအဖြစ်မျိုးတွင် မည်သို့ပြုလုပ်ရမည်ကို ခရစ်ယာန်ဖြစ်သူကိုယ်တိုင် ဆုံးဖြတ်ရန် တာဝန်ရှိသည်။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်သည် ပြန်ကောင်းလာရန် မျှော်လင့်ချက်မရှိလျှင် ဆက်၍ဝေဒနာမခံစားစေဘဲ သနားကြင်နာစွာဖြင့် မေ့ဆေးပေး၍သတ်လိုက်ဖို့ သူရွေးချယ်ပေမည်။