စွန့်ကြဲပေးကမ်းခြင်း မည်သို့ဖြစ်သွား ပြီနည်း
စွန့်ကြဲပေးကမ်းခြင်း မည်သို့ဖြစ်သွား ပြီနည်း
၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်မြို့နှင့် ဝါရှင်တန် ဒီ.စီ. တွင် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဝမ်းနည်းဖွယ်အဖြစ်ကို ကြုံတွေ့ခဲ့ရသူတို့အတွက် လူထု၏ထောက်ပံ့ကူညီမှုသည် ချီးမွမ်းဖွယ်ကောင်းလှသည်။ ဘေးသင့်သောမိသားစုများကို အကူအညီပေးရန် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံအလှူငွေရရှိခဲ့သဖြင့် အလှူခံအဖွဲ့များက အလွန်အံ့အားသင့်ခဲ့သည်။ ပျက်စီးဆုံးရှုံးမှုပမာဏ အလွန်ကြီးမားခြင်းကို လူတို့ထိတ်လန့်သွားကြပြီး နေရာတကာတွင် ကူညီပေးလိုခဲ့ကြ၏။
သို့သော် ထင်ရှားကျော်ကြားသော အလှူခံအဖွဲ့အချို့သည် ရရှိသောအလှူငွေကို အလွဲသုံးစားပြုနေကြကြောင်း စွပ်စွဲချက်များပေါ်လာသောအခါ လူထုမှအချို့မှာ မခံချိမခံသာဖြစ်ခဲ့ကြ၏။ အလှူခံအဖွဲ့ကြီးတစ်ခုသည် ၎င်းလက်ခံရရှိသော အမေရိကန်ဒေါ်လာ ၅၄၆ သန်း၏ထက်ဝက်နီးပါးကို အခြားရည်ရွယ်ချက်တစ်ခုအတွက် အသုံးပြုရန်ကြံစည်ကြောင်းသတင်းရခြင်းက အကြီးအကျယ်ဒေါသူပုန်ထစရာဖြစ်စေခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါအဖွဲ့အစည်းက ၎င်း၏ဆုံးဖြတ်ချက်ကိုပြန်ပြင်၍ တောင်းပန်ခဲ့သော်လည်း သတင်းထောက်တစ်ဦး ရှုမြင်ခဲ့သည့်အတိုင်း ထိုတိုက်ခိုက်မှုမတိုင်မီက ၎င်းအဖွဲ့အပေါ်ရှိခဲ့သော “ယုံကြည်ကိုးစားမှု ပြန်ရရှိဖို့ ယင်းသို့ပြန်ပြုပြင်ခြင်းက အချိန်နှောင်းသွားသည့်အပြင် ယုံကြည်မှုမရရှိစေတော့ပါဟု ဝေဖန်သူတို့ ယူမှတ်ထားပြီ။” အသင်ကော အသို့နည်း။ အလှူခံအဖွဲ့များအပေါ် သင့်ယုံကြည်ကိုးစားမှု မကြာသေးမီက လျော့သွားပါသလော။
အကူအညီလော၊ ဖြုန်းတီးမှုလော
အလှူခံအဖွဲ့ကို ပေးကမ်းခြင်းက များသောအားဖြင့် မွန်မြတ်သောအမှုဟု ယူမှတ်လေ့ရှိကြသည်။ သို့တိုင် လူတိုင်း ထိုသို့မယူမှတ်ကြပေ။ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က အင်္ဂလိပ်စာရေးဆရာ ဆဲမျူအဲလ် ဂျွန်ဆန်က ဤသို့ရေးသားခဲ့သည်– “ပေးကမ်းစွန့်ကြဲဖို့ ငွေလှူဒါန်းသည်ထက် အလုပ်လုပ်သူကို အခငွေပေးခြင်းက သင်သည် အကျိုးပြုလုပ်ငန်းကို လုပ်ကိုင်နေကြောင်း သင့်အားပို၍သေချာစေသည်။” ယနေ့ အချို့သူတို့သည် အလားတူသံသယများရှိကြပြီး အလှူခံအဖွဲ့များသည် အလှူငွေကို အလွဲသုံးစားပြုသည်၊ တလွဲစီမံခန့်ခွဲသည်ဟု ကြားသိကြခြင်းကြောင့် လူထု၏ယုံကြည်ကိုးစားမှု လျော့နည်းဖို့သာရှိသည်။ မကြာသေးမီက အဖြစ်အပျက်နှစ်ခုကို သုံးသပ်ကြည့်ပါ။
ဆန်ဖရန်စစ္စကိုမှ ဘာသာရေးအလှူခံအဖွဲ့တစ်ခု၏ ဒါရိုက်တာတစ်ဦးသည် သူ၏ရုပ်ပြင်ခွဲစိတ်ကုသမှုအတွက် ကုန်ကျငွေနှင့် နှစ်နှစ်ကျော်ကာလအတွင်း ပျော်ပွဲစားဆိုင်တွင် ပတ်စဉ် အမေရိကန်ဒေါ်လာ ၅၀၀ ကုန်ခဲ့သည့် ကျသင့်ငွေကို သူ၏အလှူခံအဖွဲ့ကိုယ်စားလှယ်ထံမှ တောင်းခံပြီးနောက် လုပ်ငန်းမှအဖြုတ်ခံခဲ့ရ၏။ ဗြိတိန်ရှိ အဓိကကျသော ရုပ်မြင်သံကြားအလှူခံအဖွဲ့တစ်ခု၏ စီမံကွပ်ကဲသူများသည် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရ၏၊ အကြောင်းမှာ ရိုမေးနီးယားတွင် မိဘမဲ့ဂေဟာသစ်များဆောက်လုပ်ဖို့ လှူဒါန်းထားသောငွေ ပေါင် ၆.၅ သန်း (အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်) မှ ထောင်နှင့်ချီသောဒေါ်လာငွေများကို စာရင်းမပြနိုင်ဘဲ စံချိန်မမီသောအိမ် ၁၂ လုံးကိုသာလျှင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း တွေ့ရှိခဲ့
ကြ၍ဖြစ်သည်။ ဤသို့သောသတင်းများကြောင့် လှူဒါန်းလိုသူအချို့သည် မည်ရွေ့မည်မျှပါဝင်လှူဒါန်းမည်၊ မည်သူ့အားလှူဒါန်းမည်ကို သတိပြုစရာ အမှန်ဖြစ်လာခဲ့ပြီ။ပေးရမည်လော၊ မပေးဘဲနေမည်လော
သို့သော် လူအနည်းငယ်၊ အဖွဲ့အစည်းအချို့၏လုပ်ရပ်များကြောင့် အခြားသူတို့အတွက် ကျွန်ုပ်တို့ အမှန်တကယ်စိုးရိမ်မကင်းဖြစ်ခြင်း၊ ထောက်ထားစာနာခြင်းကို နင်းချေမပစ်သင့်ပေ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသောသီလ [အကျင့်]ဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့်မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ . . . စောင့်ရှောက်ခြင်းပေတည်း။” (ယာကုပ် ၁:၂၇) မှန်ပါသည်၊ ဆင်းရဲသားနှင့် အခွင့်မသာသူတို့အတွက် လက်တွေ့ကျကျစိုးရိမ်ပူပန်ပေးခြင်းသည် ခရစ်ယာန်ဘာသာရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။
သို့တိုင် သင့်အနေဖြင့် ‘အလှူခံအဖွဲ့ကို ငါဆက်လှူသင့်သလား၊ ဒါမှမဟုတ် အချို့သူတွေကို လက်ဆောင်ပေးပြီး ကူညီရင်ကောင်းမလား’ ဟု စဉ်းစားနေပေမည်။ အဘယ်ပေးကမ်းမှုမျိုးပြုရန် ဘုရားသခင်မျှော်လင့်သနည်း။ နောက်ဆောင်းပါးက ဤမေးခွန်းများကို ဆွေးနွေးတင်ပြပါလိမ့်မည်။