မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နံ့သာပေါင်းမီးရှို့ခြင်း—စစ်မှန်သောဝတ်ပြုရေးတွင် ယင်းကိုအသုံးပြုသလော

နံ့သာပေါင်းမီးရှို့ခြင်း—စစ်မှန်သောဝတ်ပြုရေးတွင် ယင်းကိုအသုံးပြုသလော

နံ့သာပေါင်း​မီးရှို့ခြင်း—စစ်မှန်သော​ဝတ်ပြုရေးတွင် ယင်းကို​အသုံးပြု​သလော

“အမွှေးနံ့သာ​ကို နတ်​ဘုရား​တွေ​ကြိုက်​ကြတယ်။” ၎င်း​သည် ရှေး​အီဂျစ်လူ​တို့၏ ဆိုရိုး​စကား​ဖြစ်သည်။ နံ့သာပေါင်း​မီးရှို့ခြင်း​သည် သူတို့၏​ဝတ်ပြုရေးတွင် အလွန်​အရေးပါ​သည်။ အနီးအနား​တွင် နတ်​ဘုရား​များ​ရှိသည်​ဟူသော ခံယူ​ချက်​ဖြင့် အီဂျစ်လူ​တို့သည် သူတို့၏​ဝတ်ပြုရာ​နေရာများ​နှင့် အိမ်တွင်း​ယဇ်​ပလ္လင်​များ​ပေါ်​တွင်​မ​က အရောင်းအဝယ်​ပြုလုပ်​နေစဉ်​တွင် နံ့သာပေါင်း​ကို နေ့စဉ် မီးရှို့​တတ်ကြ​သည်။ တခြား​လူမျိုးများ​တွင်​လည်း အလားတူ​ဓလေ့​ထုံးစံ​များ​ရှိကြသည်။

နံ့သာပေါင်း​ကား အဘယ်နည်း။ ဤ​ဝေါဟာရ​သည် အခိုးအငွေ့ သို့​မဟုတ် မီးရှို့​ရာ​ဝတ္ထု​ကို ရည်ညွှန်း၏။ ယင်းကို လော်​ဗန်၊ ဗော်လဆမ်​ဆီမွှေး အစ​ရှိသော မွှေး​ကြို​င်​သည့် ထင်းရှူး​စေး​နှင့် သစ်စေး​တို့​ဖြင့် ပြုလုပ်​ကြသည်။ အမွှေးရနံ့​ရရှိရန် ၎င်းတို့ကို အမှုန့်ကြိတ်​၍ ဟင်းခတ်​အမွှေးအကြိုင်၊ သစ်​ခေါက်​နှင့် ပန်း​များ​အစ​ရှိသည်​တို့​နှင့် ရောနှော​လေ့​ရှိသည်။

ရှေးခေတ်​က နံ့သာပေါင်း​သည် နှစ်သက်ဖွယ်​တန်ဖိုး​ရှိ​ပစ္စည်း​ဖြစ်လာ​ရာ ၎င်း​တွင်​ပါဝင်သော​ပစ္စည်း​များသည် ကူး​သန်း​ရောင်းဝယ်ရေး​၏ အဓိက​ပစ္စည်း​များ​ဖြစ်လာ​လေ​သည်။ လှည်း​ကုန်သည်​ယာဉ်​တန်း​များ​ဖြင့် ရပ်​ဝေး​မှ အဆိုပါ​ပစ္စည်း​များ​ကို သယ်ဆောင်​လာ​တတ်ကြ​သည်။ ယာကုပ်​၏​သားငယ် ယောသပ်​ကို “ဂိလဒ်​ပြည်​မှ​လာ၍ နံ့သာ​မျိုး၊ ဗာလစံစေး၊ မုရန်​စေး​များ​ကို ကုလားအုတ်​ပေါ်​၌ တင်ဆောင်​လျက်၊ အဲဂုတ္တု​ပြည်​သို့ ခရီး​သွား” နေကြ​သော ဣရှမေလ​ကုန်သည်​များ​ထံ ရောင်းချ​လိုက်​ကြောင်း သင်​မှတ်မိ​ပေမည်။ (ကမ္ဘာဦး ၃၇:၂၅) အာရှ​နှင့် ဥရောပ​ကြား လော်​ဗန်​ကူး​သန်း​ရောင်းဝယ်ရေး​လမ်း​ပေါက်​သွား​သည့်​အထိ နံ့သာပေါင်း​ရ​လို​သူများ အလွန်​များပြား​လာ​လေ​သည်၊ ထို​လမ်းကို နံ့သာပေါင်း​ကုန်သည်​များ အစပြု​ခဲ့​သည်​မှာ သေချာ​ပါ​သည်။

ယနေ့​အထိ ဘာသာရေး​အခမ်းအနား​များနှင့် ထုံးတမ်း​စဉ်​လာ​ပွဲ​များ​တွင် နံ့သာပေါင်း​များ​ကို အသုံးပြု​နေဆဲ​ရှိသည်။ ထို့​ပြင် အမွှေးရနံ့​ရ​လို​၍ အိမ်များတွင်​လည်း နံ့သာပေါင်း​မီးရှို့​သူ များသည်ထက်​များ​လာပြီ။ နံ့သာပေါင်း​မီးရှို့ခြင်း​ကို ခရစ်ယာန်​များ မည်သို့​ရှုမြင်​အပ်​သနည်း။ ဝတ်ပြုရေးတွင် ယင်းကို ဘုရားသခင် လက်ခံ​သလော။ ထို​ကိစ္စ​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​အဆိုကို ဆန်းစစ်​ကြည့်​ကြ​စို့။

“ထာဝရ​ဘုရား​အဖို့ သန့်ရှင်း​ရမည်”

ရှေး​ဣသရေလ​လူမျိုး​တို့၏ ယဇ်ပုရောဟိတ်​များ တဲ​တော်​၌ ထမ်းဆောင်​ရသည့် တာဝန်​များ​တွင် နံ့သာပေါင်း​မီးရှို့ခြင်း​သည် အရေးပါ​သည်။ မက်ကလင်းတော့​ခ်​နှင့် စထရောင်း​တို့၏ စွယ်စုံ​ကျမ်း​က ဤသို့​ဆို​၏– “ဟေဗြဲ​လူတို့သည် များသောအားဖြင့် ဝတ်ပြုရေးတွင် သို့​မဟုတ် မြင့်မြတ်​သော​ယဇ်​ပူဇော်​ခြင်း​တွင် နံ့သာပေါင်း​ကို မီးရှို့​ကြ​ပုံ​ရသည်၊ အခြား​နေရာတွင် နံ့သာပေါင်း အသုံးပြုခြင်း​အကြောင်း မဖတ်​ရ​ချေ။”

ယေဟောဝါ​ဘုရားသခင်​သည် တဲ​တော်​တွင် မီးရှို့​ရန် ပစ္စည်း​လေးမျိုးကို ရောစပ်​အသုံးပြု​ဖို့ ဤသို့​အညွှန်း​ပေး​ခဲ့​သည်– “မွှေး​သော​နံ့သာ​မျိုး​တည်း​ဟူသော န​တပ်​စေး၊ မွှေး​သော​ငါး​ခွံ၊ ဂါ​လ​ဗန်​စေး၊ စင်​သော​လောဗန်​စေး​တို့ကို အညီ​အမျှ​ချိန်​ယူ၍ ဆေးသမား​အတတ်​နှင့် နှာ​ဆေး​ကို ဖော်​တတ်​သည်​နည်းတူ ရောနှော​၍ သန့်ရှင်း​စင်ကြယ်သော နံ့သာပေါင်း​ကို ဖော်​ရမည်။ အချို့​ကိုလည်း ည​က်​ည​က်​ထောင်း​ပြီး​မှ ငါသည် သင်​နှင့်​တွေ့​ရာ​အရပ်၊ ပရိသတ်​စည်းဝေးရာ​တဲ​တော်​၌ သက်သေခံချက်​ရှေ့မှာ​ထား​ရမည်။” (ထွက်မြောက်ရာ ၃၀:၃၄-၃၆) ရဗ္ဗိ​ဂျူး​များသည် ဝတ်ပြုရာ​အိမ်တော်တွင် အသုံးပြုရန် အခြား​ပစ္စည်း​များ​ကို နောက်ပိုင်း​တွင် ထပ်​ထည့်​ခဲ့​သည်​ဟု ကျမ်း​ပညာရှင်​များ​က ဖော်ပြ​သည်။

တဲ​တော်​၌ မီးရှို့​သော နံ့သာပေါင်း​သည် မြင့်မြတ်​ပြီး ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​ဖို့​သာ သီးသန့်​အသုံးပြု​ရ၏။ ယေဟောဝါ​က ‘ထိုသို့​သော​နံ့သာပေါင်း​ကို​ဖော်​သည်​နည်းတူ၊ အခြားသော​နံ့သာပေါင်း​ကို ကိုယ်​သုံးဖို့​မဖော်​ရ။ သင်တို့တွင် ထာဝရ​ဘုရားသခင်​အဖို့ သန့်ရှင်း​ရမည်။ အကြင်သူသည် မိမိ​ရှူ​စ​ရာ​ဖို့ ထို​နံ့သာပေါင်း​နှင့်​တူ​အောင်​ဖော်​၏၊ ထို​သူသည် မိမိ​အမျိုး​မှ ပယ်ရှင်း​ခြင်း​ကို​ခံရ​မည်’ ဟု​မိန့်မှာ​ခဲ့​သည်။ (ထွက်မြောက်ရာ ၃၀:၃၇၊ ၃၈) ယဇ်ပုရောဟိတ်​များသည် သတ်မှတ်​ထားသော ယဇ်​ပလ္လင်​ပေါ်​တွင် နံ့သာပေါင်း​ကို တစ်နေ့​လျှင် နှစ်ကြိမ် မီးရှို့​ကြ​ရသည်။ (၂ ရာဇဝင်ချုပ် ၁၃:၁၁) ထို့​ပြင် အပြစ်ဖြေရာ​နေ့တွင် ယဇ်ပုရောဟိတ်​မင်းကြီး​သည် အသန့်ရှင်းဆုံး​အခန်း​၌ နံ့သာပေါင်း​ကို မီးရှို့​ကြ​၏။—ဝတ်ပြုရာ ၁၆:၁၂၊ ၁၃

နံ့သာပေါင်း​ပူဇော်ရာ​ယဇ်​အားလုံး​ကို ဘုရားသခင်​လက်ခံ​တော်​မ​မူ​ချေ။ ယဇ်ပုရောဟိတ်​များ​နည်းတူ နံ့သာပေါင်း​ကို ရောင့်တက်စွာ ပူဇော်​ခဲ့​ကြသော ယဇ်ပုရောဟိတ်​မဟုတ်​သူများကို ကိုယ်တော် အပြစ်ပေး​ခဲ့​သည်။ (တောလည်ရာ ၁၆:၁၆-၁၈၊ ၃၅-၄၀; ၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၀) ဂျူး​လူမျိုး​သည် မှားယွင်းသော​ဝတ်ပြုရေးတွင်​ပါဝင်​ပြီး အသွေး​သွန်း​သော​လက်​များ​ဖြင့် နံ့သာပေါင်း​ပူဇော်​ခြင်း​ကို ယေဟောဝါ​ရွံရှာ​တော်​မူ​၏။ သူတို့၏​အရေခြုံမှု​ကို ယေဟောဝါ ဤသို့​အခိုင်အမာ​မိန့်ဆိုခဲ့သည်– “သင်တို့​မီးရှို့​သော နံ့သာပေါင်း​ကို ငါ​ရွံရှာ​၏။” (ဟေရှာယ ၁:၁၃၊ ၁၅) ဣသရေလလူ​တို့သည် ဝတ်ပြုရာ​အိမ်တော်ကို ပိတ်​၍ တခြား​ယဇ်​ပလ္လင်​များ​ပေါ်​တွင် နံ့သာပေါင်း​မီးရှို့​ခဲ့​ကြ​သည့်​အထိ ယေဟောဝါ​တောင်းဆို​ထားသော ဝတ်ပြုရေးကို လွန်​စွာ​လျစ်လျူရှု​လာ​ခဲ့​ကြသည်။ (၂ ရာဇဝင်ချုပ် ၂၈:၂၄၊ ၂၅) နှစ်​အတန်​ကြာသော် သန့်ရှင်းသော​နံ့သာပေါင်း​ကို မှားယွင်းသော​ဘုရား​များ​၏ ယုတ်ညံ့​သော​ဝတ်ပြုရေးတွင်​ပင် အသုံးပြု​ခဲ့​ကြသည်။ ထိုသို့​ပြုမူခြင်း​ကို ယေဟောဝါ စက်ဆုပ်​ရွံရှာ​တော်​မူ​၏။—ယေဇကျေလ ၁၆:၂၊ ၁၇၊ ၁၈

နံ့သာပေါင်း​နှင့် အစောပိုင်း​ခရစ်ယာန်​များ

စီ.အီး. ၃၃ ခုနှစ်​တွင် ပဋိညာဉ်​သစ်​ကို ခရစ်တော်​အစပြု​သောအခါ သန့်ရှင်းသော​နံ့သာပေါင်း ပူဇော်​ရမည်​ဟူသော ယဇ်ပုရောဟိတ်​၏ ပညတ်ပဋိညာဉ် အဆုံးတိုင်​ခဲ့​သည်။ (ကောလောသဲ ၂:၁၄) အစောပိုင်း​ခရစ်ယာန်​များသည် ဝတ်ပြုရေးတွင် နံ့သာပေါင်း​မီးရှို့​ကြသည်​ဟု မဖော်​ပြ​ထား​ချေ။ ယင်း​နှင့်​စပ်လျဉ်း၍ မက်ကလင်းတော့​ခ်​နှင့် စထရောင်း​တို့၏ စွယ်စုံ​ကျမ်း က​ဤသို့​ဆို​သည်– “နံ့သာပေါင်း​ကို [အစောပိုင်း​ခရစ်ယာန်​များ] အသုံးမပြု​ခဲ့​သည်​မှာ သေချာ​သည်။ ယင်းကို​အသုံးပြုခြင်း​သည် အယူမှားဝါဒ​၏​အမှတ်အသား​တစ်ခု​ဖြစ်၏။ . . . ယုံကြည်​သက်ဝင်​သူ​တစ်ဦး​က အယူမှား​ယဇ်​ပလ္လင်​ပေါ် နံ့သာပေါင်း​အနည်းငယ် ပစ်​တင်​ခြင်း​သည် ဝတ်ပြု​ကိုးကွယ်​ခြင်း အထိမ်းအမှတ်​ဖြစ်သည်။”

အစောပိုင်း​ခရစ်ယာန်​များသည် သေ​မည်​ကို စိုးရိမ်​ရ​သော်လည်း ရောမ​ဧကရာဇ်ကို “ဘုရားသခင်​အဖြစ်” အသိအမှတ်ပြု​ရန် နံ့သာပေါင်း​မီးရှို့ခြင်း မပြု​ခဲ့​ကြ​ချေ။ (လုကာ ၄:၈; ၁ ကောရိန္သု ၁၀:၁၄၊ ၂၀) ထို​ခေတ်​အခါ​က ရုပ်ပုံ​ဝတ်ပြုရေးတွင် နံ့သာပေါင်း​ကို အသုံးပြုခြင်း​ကြောင့် အစောပိုင်း​ခရစ်ယာန်​များသည် အမွှေးနံ့သာ​ကူး​သန်း​ရောင်းဝယ်ရေး မပြု​ခဲ့​ခြင်း​သည် အံ့ဩစရာ​မဟုတ်ပေ။

ယနေ့ နံ့သာပေါင်း​မီးရှို့ခြင်း

ယနေ့ နံ့သာပေါင်း​ကို မည်သို့​အသုံးပြု​ကြ​သနည်း။ ခရစ်ယာန်ဘောင်​ချာ့ခ်ျ​အများ​တွင် အခမ်းအနား​ပွဲ​များနှင့် ဝတ်ပြုရေးတွင် နံ့သာပေါင်း​ကို မီးရှို့​ကြသည်။ အာရှတိုက်သား မိသားစု​များစွာ​သည် သူတို့၏​ဘုရား​များ​ကို အလေးအမြတ်​ပြု​ရန်​နှင့် လူသေ​ရန်​မှ​ကာကွယ်​မှု​ရ​ရန် သူတို့၏​ဝတ်ပြုရာ​နေရာများ​နှင့် အိမ်ရှေ့​ရှိ ယဇ်​ပလ္လင်​များ​ပေါ်​တွင် နံ့သာပေါင်း​ကို မီးရှို့​ကြ​၏။ ဝတ်ပြုရေး​ပွဲ​များ​တွင် နံ့သာပေါင်း​ကို ပက်​ဖျန်း​ရန်၊ အနာ​ကျက်​စေရန်၊ ချေးချွတ်​ရန်​နှင့် ကာကွယ်​ရန် အမျိုးမျိုး​အသုံးပြု​ကြသည်။

ဘာသာရေး​မ​ကိုင်းရှိုင်း​သူများ​ပင်​လျှင် နံ့သာပေါင်း​မီးရှို့ခြင်း​ကို နှစ်သက်​လာကြပြီ။ အချို့​သည် ဆင်ခြင်​တွေးတောမှု​ပြု​စဉ်​တွင် နံ့သာပေါင်း​မီးရှို့​ကြ​၏။ ရုပ်​လောကကို​ကျော်လွန်​၍ “သိမ်မွေ့​နက်နဲ​ပြီး မဖော်​ပြ​နိုင်​သည့်​အခြေအနေ” နှင့် “အစွမ်း​တန်ခိုး” ရရှိရန် နံ့သာပေါင်း​ကို အသုံးပြုပါ​ဟု လမ်းညွှန်​စာအုပ်​တစ်အုပ်​က အကြံပြု​သည်။ ဘဝ​ပြဿနာ​များ​ကို ဖြေရှင်းရန် “သဘာဝလွန်​သတ္တဝါများ” နှင့်​အဆက်အသွယ်​ရစေ​သည့် နံ့သာပေါင်း​မီးရှို့ခြင်း​ထုံးတမ်းများ​ကို ပြုလုပ်​ကြဖို့​လည်း ယင်းက​အကြံပြု​၏။ ဤ​ဓလေ့​ထုံးစံ​များ​ကို ခရစ်ယာန်​များ​ပြုလုပ်​သင့်​သလော။

ယေဟောဝါ​သည် စင်ကြယ်သော​ဝတ်ပြုရေးကို အယူမှား​သော​ဝတ်ပြုရေး​၏ ဓလေ့​ထုံးတမ်းများ​နှင့် ရောနှော​ရန် ကြိုးစား​သူများကို ပြင်းထန်​စွာ ပြစ်တင်​ရှုတ်ချ​ထား​သည်။ တမန်​တော်​ပေါလု​သည် ဟေရှာယ​ပရောဖက်ပြုချက်​ကို ကိုးကား​၍ ယင်းသည် ခရစ်ယာန်​များနှင့်​သက်ဆိုင်​ကြောင်း ဖော်ပြ​ပြီး မှားယွင်းသော​ဝတ်ပြုရေး​၏ မစင်ကြယ်​သော​လွှမ်းမိုးမှု​အောက်​မှ ထွက်​လာရန် တိုက်တွန်း​ခဲ့​သည်။ သူက ဤသို့​ရေးသားခဲ့​သည်– ‘ထာဝရ​ဘုရားသခင်​မိန့်တော်မူ​ပြန်​သည်​ကား၊ သင်တို့သည် ထို​သူတို့​အထဲ​မှ​ထွက်၍ အသီးအခြား​နေကြ​လော့။ မစင်ကြယ်​သော​အရာ​ကို လက်​နှင့်​မျှ​မတို့​ကြ​နှင့်။ ထို​သို့ပြုလျှင် သင်တို့ကို ငါသည်​လက်ခံ​မည်။’ (၂ ကောရိန္သု ၆:၁၇; ဟေရှာယ ၅၂:၁၁) ခရစ်ယာန်စစ်​များသည် အယူမှား​သော​ဝတ်ပြုရေး သို့​မဟုတ် မှော်အတတ်​နှင့် ဆက်နွှယ်သော အဘယ်အရာကို​မဆို သတိ​နှင့်​ကြ​ဉ်​ရှောင်​ကြသည်။—ယောဟန် ၄:၂၄

ဝတ်ပြုရေး​အခမ်းအနား​များနှင့် နတ်ဆိုး​အတတ်ပညာ​တွင် နံ့သာပေါင်း​ကို အသုံးပြုသည့်​အတွက် နံ့သာပေါင်း​မီးရှို့ခြင်း​အားလုံး​သည် မှား​၏​ဟု ဆိုလို​သလော။ မဆို​နိုင်​ပါ။ လူတစ်ဦး​သည် မိမိ​အိမ်​တွင် အမွှေးရနံ့​ရ​လို​၍ နံ့သာပေါင်း​ကို မီးရှို့​လို​ပေမည်။ (သု. ၂၇:၉) သို့​တိုင် ခရစ်ယာန်​တစ်ဦး​သည် နံ့သာပေါင်း​ကို မီးရှို့​မည်၊ မ​ရှို့​မည်​ကို ဆုံးဖြတ်​ရာ​တွင် အကြောင်းအရာ​တချို့​ကို သုံးသပ်​သင့်​သည်။ သင်​နေထိုင်​သော​ဒေသ​ရှိ တခြား​သူများ​က နံ့သာပေါင်း​အသုံးပြုခြင်း​ကို အယူမှား​ဝတ်ပြုရေး​ထုံးတမ်း​နှင့် ဆက်စပ်​လိုက်​မည်​လော။ သင့်​ရပ်ကွက်​ရှိ နတ်​ပွဲ​များ​တွင် နံ့သာပေါင်း​ကို အသုံးပြု​တတ်​သလော။ သို့​မဟုတ် ဝတ်ပြုရေး​နှင့်​မဆိုင်​သည့်​ပွဲ​များ​တွင် အသုံးပြုလေ့​ရှိသလော။

လူတစ်ဦး​သည် နံ့သာပေါင်း​မီးရှို့​လိုလျှင် သူ၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​နှင့် သူတစ်ပါး​၏​အမြင်ကို ထည့်တွက်​ပြီး​မှ ဆုံးဖြတ်​ပြုလုပ်​သင့်​သည်။ (၁ ကောရိန္သု ၁၀:၂၉) ရောမမြို့​သားများ​ထံ တမန်​တော်​ပေါလု​ရေး​လိုက်​သော စကား​သည် အကျုံးဝင်​နေဆဲ​ဖြစ်သည်။ သူက ဤသို့​ရေးသားခဲ့​သည်– “ငြိမ်သက်ခြင်း​နှင့်​လည်းကောင်း၊ အချင်းချင်း​တည်ဆောက်​ခြင်း​နှင့်​လည်းကောင်း ယှဉ်​သော​အရာ​တို့ကို မီအောင်လိုက်​ကြ​ကုန်​အံ့။ ဘုရားသခင်​၏​အမှုတော်ကို သင်၏​အစာ​အလို​ငှာ မဖျက်ဆီး​နှင့်။ အစာ​အမျိုးမျိုး​တို့သည် စင်ကြယ်​၏။ သို့သော်လည်း သူတစ်ပါး​ထိမိ​လဲစရာ​အကြောင်း​နှင့် စား​သော​သူသည် အပြစ်ရှိ​၏။ အ​မဲ​သားကို​စားခြင်း၊ စပျစ်​ရည်​ကို​သောက်​ခြင်း​ကိစ္စ​မှ​စ၍ ညီအစ်ကို​ထိမိ​၍​လဲစရာ​အကြောင်း၊ မှားယွင်း​စ​ရာ​အကြောင်း၊ အားနည်း​စ​ရာ​အကြောင်း​များ​ကို ရှောင်​အပ်​၏။”—ရောမ ၁၄:၁၉-၂၁

‘မီးရှို့​သော​နံ့သာပေါင်း​ကဲ့သို့ ပြင်ဆင်​လျက်​ရှိသော’ ဆုတောင်းချက်​များ

ဣသရေလလူ​တို့​ပူဇော်​သော နံ့သာပေါင်း​သည် ဘုရားသခင်​နားညောင်း​တော်​မူ​သော ဆုတောင်းချက်​များ​ကို ဆီလျော်​စွာ​ပုံဆောင်​၏။ ထို့​ကြောင့် ဆာလံဆရာ​ဒါဝိဒ်​သည် ယေဟောဝါ​အား ဤသို့​သီဆို​ခဲ့​သည်– “အကျွန်ုပ်၏ [ဆုတောင်းချက်] သည် မီးရှို့​သော​နံ့သာပေါင်း​ကဲ့သို့ . . . ရှေ့တော်၌ ပြင်ဆင်​လျက်​ရှိပါစေ​သော။”—ဆာလံ ၁၄၁:၂

သစ္စာရှိ​ဣသရေလလူ​တို့သည် နံ့သာပေါင်း​ပူဇော်​ခြင်း​ကို အဓိပ္ပာယ်မဲ့​ထုံးတမ်း​တစ်ခု​အဖြစ် မ​ရှုမြင်ခဲ့​ချေ။ ယေဟောဝါ​အညွှန်း​ပေး​ခဲ့​သည့်​အတိုင်း နံ့သာပေါင်း​ကို​ပြင်ဆင်​၍ မီးရှို့ခြင်း​ကို သူတို့​အလွန်​ဂရုစိုက်​ပြုလုပ်​ခဲ့​ကြသည်။ ယနေ့ ခရစ်ယာန်​များသည် ပကတိ​နံ့သာပေါင်း​ကို မ​ပူဇော်​ကြ​တော့​ဘဲ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​ကို အထူး​ကျေးဇူး​တင်၍ အလွန်​လေးစား​စွာ​ဖြင့် ဆုတောင်း​နေကြ​သည်။ ဝတ်ပြုရာ​အိမ်တော်တွင် ယဇ်ပုရောဟိတ်​များ ပူဇော်​သော သင်း​ကြို​င်​သည့်​နံ့သာပေါင်း​ကဲ့သို့ ‘သဘောဖြောင့်​သော​သူ၏ ဆုတောင်းချက်​ကို ထာဝရ​ဘုရား​နှစ်သက်​တော်​မူ​၏’ ဟု​သမ္မာကျမ်းစာ​က အာမခံ​သည်။—သု. ၁၅:၈

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

တဲ​တော်​နှင့် ဝတ်ပြုရာ အိမ်တော်တွင် မီးရှို့​သော နံ့သာပေါင်း​သည် သန့် ရှင်း​မြင့်မြတ်​၏

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ဆင်ခြင်​တွေးတောခြင်း​နှင့်​ဆက်နွှယ်​လျက် နံ့သာပေါင်း​မီးရှို့ခြင်း​သည် ခရစ်ယာန်​များ​အတွက် လျော်​ကန်​သလော