မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်နှစ်သက်သော ပေးကမ်းမှု

ဘုရားသခင်နှစ်သက်သော ပေးကမ်းမှု

ဘုရားသခင်​နှစ်သက်သော ပေးကမ်းမှု

ယေရှု​နှင့် ကိုယ်တော့်​တပည့်​များသည် မာရိ၊ မာသ​နှင့် မကြာသေးမီ​က ရှင်ပြန်ထမြောက်​ခဲ့​သော လာဇရု​အပါအဝင် ရင်းနှီးသော​မိတ်ဆွေ​အချို့​နှင့် ဗေသနိ​ရွာတွင် စားကောင်း​သောက်​ဖွယ်​များ စားသုံး​နေခဲ့​ကြ​၏။ ထို​စဉ်​အခါ မာရိသည် ဈေးကြီး​သော​ဆီမွှေး တစ်ပေါင်​ကို​ယူ၍ ယေရှု၏​ခြေထောက်​ကို သုတ်လိမ်း​သည်​နှင့် ယုဒရှကာရုတ်​သည် ဒေါသ​ထွက်၍ ဤသို့​ကန့်ကွက်​ပြောဆို​ခဲ့​သည်– “ထို​ဆီမွှေး​ကို ဒေနာရိ​အပြား​သုံး​ရာ [တစ်နှစ်​စာ​လုပ်ခ​နှင့်​ညီမျှ​သည့်] အဖိုး​နှင့်​ရော​င်း၍ ဆင်းရဲသော​သူတို့အား အဘယ်ကြောင့် မပေး​သနည်း။” အခြား​သူတို့ကလည်း ချက်ချင်း​ပင် အလားတူ မကျေမနပ်​စကား​များ​ပြောဆို​ခဲ့​ကြ​၏။—ယောဟန် ၁၂:၁-၆; မာကု ၁၄:၃-၅

သို့သော် ယေရှု​က ဤသို့​ဖြေကြား​ခဲ့​သည်– “ထို​မိန်းမကို​ရှိစေ​တော့ . . . ဆင်းရဲသော​သူတို့သည် သင်တို့၌​အစဉ်​ရှိကြ​၏။ သင်တို့​အလို​ရှိသည်​အတိုင်း သူတို့အား​ကျေးဇူးပြု​နိုင်၏။ ငါ​မူ​ကား သင်တို့၌​အစဉ်​ရှိသည်​မဟုတ်။” (မာကု ၁၄:၆-၉) ချို့ငဲ့သူ​တို့ကို ပေးကမ်း​စွန့်ကြဲ​ခြင်း​သည် ဂုဏ်​အသရေ​ရှိ​ရုံ​မ​က အပြစ်​ပင်​ဖြေနိုင်​သည်​ဟု ဂျူး​ဘာသာရေး​ခေါင်းဆောင်​တို့​က သွန်သင်​ခဲ့​ကြသည်။ ယေရှု​က​မူ ဘုရားသခင်​နှစ်သက်သော​ပေးကမ်း​ခြင်း​သည် ဆင်းရဲသား​များ​ကို လှူဒါန်း​စွန့်ကြဲ​ခြင်း​၌​သာ​ကန့်သတ်​မထား​ဟု ရှင်းလင်း​ပြတ်သား​စွာ​ဖော်ပြ​ခဲ့​သည်။

အစောပိုင်း​ခရစ်ယာန်​အသင်းတော်တွင် မည်သို့​ပေးကမ်း​ခဲ့​ကြောင်း အကျဉ်းချုပ်​သုံးသပ်ကြည့်​ခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် စိုးရိမ်မကင်း​ဖြစ်​နေကြောင်း လက်တွေ့​ဖော်ပြ​နိုင်​သည့်​နည်း​များ​ကို သိမည်​ဖြစ်​ပြီး ပေးကမ်း​ခြင်း​ဖြင့် ဘုရားသခင့်​စိတ်သဘော​တော်​နှင့် တွေ့​နိုင်​မည်။ ထို့​ပြင် အကောင်းတကာ့​အကောင်းဆုံး​ဖြစ်၍ ထူးခြားသော​ပေးကမ်း​ခြင်း​တစ်မျိုး​ကိုလည်း သိရှိ​လာ​ပေ​လိမ့်​မည်။

“စွန့်ကြဲ​ပေးကမ်း​ခြင်း”

ယေရှုသည် အကြိမ်ကြိမ်​ပင် တပည့်​များ​ကို “စွန့်ကြဲ​ကြ” ရန်​အားပေး​တိုက်တွန်း​ခဲ့​၏။ (လုကာ ၁၂:၃၃; သမ္မာကျမ်းစာတော်) သို့သော် ယေရှု​က ဘုရားသခင်​ထက် ပေးကမ်း​သူကို​ဂုဏ်တင်​ရန် ရည်ရွယ်​သည့် ဟိတ်​ဟန်​ပြသမှု​ကို​ရှောင်​ဖို့ သတိပေး​ခဲ့​သည်။ ကိုယ်တော်​က “သင်သည် အလှူဒါန​ကို​ပေး​သောအခါ လျှို့ဝှက်​သော​သူတို့သည် လူများ​အချီး​အ​မွမ်း​ကို​ခံ​လို​၍ ပွဲသဘင်​လမ်းခရီး​၌ မိမိတို့​ရှေ့မှာ တံပိုးခရာ​မှုတ်​စေ​သည်​နည်းတူ မပြု​နှင့်။” (မဿဲ ၆:၁-၄) ဤ​ဆုံးမ​စကား​ကို လိုက်နာ​ပြီး အစောပိုင်း​ခရစ်ယာန်​များသည် မိမိတို့​အချိန်​က ဘုရားသခင်​အား​ကြည်ညို​ဟန်ပြ​တတ်ကြ​သည့် ဘာသာရေး​ခေါင်းဆောင်​များ​၏​အကျင့်ကို​ရှောင်​ကာ ဆင်းရဲသား​တို့ကို ကိုယ်တိုင်​ကိုယ်​ကျ​ကူညီ​ခြင်း၊ လက်ဆောင်​များ​ပေးခြင်း​ကို ပြု​လို​ခဲ့​ကြသည်။

ဥပမာ၊ လုကာ ၈:၁-၃ အရ မာဂဒလမာရိ၊ ယောဟန္န၊ ရှုရှန္န​မှ​စ၍ အခြားသူ​တို့သည် ယေရှု​နှင့် ကိုယ်တော့်​တမန်​တော်​များ​အား အလုပ်အကျွေးပြု​ခြင်း​ငှာ လူ​မသိ​စေ​ဘဲ “မိမိ​ဥစ္စာ​ကို” အသုံးပြု​ခဲ့​ကြသည်။ ဤ​အမျိုးသား​တို့သည် ဆင်းရဲ​နွမ်းပါး​သူများ​မဟုတ်​ကြသော်လည်း ခရစ်ယာန်​ဓမ္မ​အမှုကို သူတို့​အာရုံစိုက်​ပြုလုပ်​ကြဖို့ သူတို့၏​အသက်မွေး​ဝမ်း​ကြောင်း​လုပ်ငန်းများ​ကို စွန့်လွှတ်​ခဲ့​ကြသည်။ (မဿဲ ၄:၁၈-၂၂; လုကာ ၅:၂၇၊ ၂၈) ဘုရားသခင်​ပေး​တာဝန်​ကို သူတို့​အပြည့်အဝ​ဆောင်ရွက်​နိုင်​စေရန် ကူညီ​ပေးခြင်း​အားဖြင့် ဤ​အမျိုးသမီးများ​သည် ဘုရားသခင်​ကို တစ်နည်း​အားဖြင့် ဂုဏ်တင်​နေကြ၏။ ထို့​အပြင် ဘုရားသခင်​သည် သူတို့၏​ကရုဏာ​သက်​သော ရက်ရော​စွာ​ပေးကမ်း​ခြင်း​ကို နှစ်သက်​တော်​မူ​သည့်​အနေ​နှင့် နောင်​လာ​နောက်​သား​အားလုံး ဖတ်ရှု​နိုင်​ရန် သမ္မာကျမ်းစာ​တွင် မှတ်တမ်းတင်​စေ​ခဲ့​၏။—သု. ၁၉:၁၇; ဟေဗြဲ ၆:၁၀

ဒေါ်ကာ​သည် “ကောင်းသော​အကျင့်၊ စွန့်ကြဲ​ခြင်း​အကျင့်​နှင့်​ပြည့်စုံ” သော အခြား​အမျိုးသမီး​တစ်ဦး​ဖြစ်သည်။ သူ​နေထိုင်ရာ ပင်လယ်​ကမ်းခြေ​အနီးရှိ ယုပ္ပေ​မြို့မှ ဆင်းရဲ​သည့်​မုဆိုးမများ​အတွက် အင်္ကျီ​များ ချုပ်​ပေး​ခဲ့​၏။ သူ့​အနေ​နှင့် ပိတ်စ​အားလုံး​ကို စိုက်​ဝယ်​ပေး​သည်၊ သို့​မဟုတ် အခမဲ့​ချုပ်​ပေး​ရုံ​မျှ​ပြု​သည်ကို​မူ ကျွန်ုပ်​တို့​မသိကြ​ရ​ချေ။ မည်သို့​ပင်​ဖြစ်စေ သူ၏​ကောင်းမှု​က သူ၏​စေတနာ​ကို ကရုဏာ​ရှိ​ရှိ​အကျိုးပေး​တော်​မူ​သည့် ဘုရားသခင်​အပါအဝင် သူ​အကူအညီ​ပေး​နိုင်​ခဲ့​သူတို့၏ ချစ်​မြတ်နိုးမှု​ကို ခံရ​စေ​ခဲ့​သည်။—တမန်​တော် ၉:၃၆-၄၁

တော်မှန်​သော​သဘောထား​အရေးကြီး

ထိုသို့​ပေးကမ်း​စွန့်ကြဲ​ရန် သူတို့ကို အဘယ်အရာက လှုံ့ဆော်ပေး​ခဲ့​သနည်း။ အကူအညီ​လို​သူတို့၏ သနားစဖွယ်​အသနားခံခြင်း​ကြောင့် ဖြစ်ပေါ်​လာ​သည့် ထောက်ထား​စာနာစိတ်​၏ လှုံ့ဆော်မှု​မျှ​မ​က​ဖြစ်သည်။ ဆင်းရဲ​နွမ်းပါး​မှု၊ ဘေးသင့်မှု၊ ဖျားနာ​မှု​နှင့် အခြား​အခက်အခဲ​များ​ကို ကြုံတွေ့​နေရသူ​တို့အား နေ့စဉ်​နေ့တိုင်း အတတ်နိုင်ဆုံး​ကူညီပေး​ရန် မိမိ​၌​တာဝန်​ရှိသည်​ဟု သူတို့​ခံစား​ကြ​ရသော​ကြောင့်​ဖြစ်သည်။ (သု. ၃:၂၇၊ ၂၈; ယာကုပ် ၂:၁၅၊ ၁၆) ဤ​ကဲ့သို့​သော​ပေးကမ်းမှု​မျိုး​က ဘုရားသခင်​အား နှစ်သက်စေ​သည်။ ယင်းသည် အဓိက​အားဖြင့် ဘုရားသခင်​အား အလွန်​ချစ်သော​မေတ္တာ​နှင့် ကိုယ်တော်​၏​ကရုဏာ​သက်​၍ ရက်ရော​သော​ဂုဏ်ရည်တော်​ကို အတုယူ​လို​သည့် စိတ်ဆန္ဒ​က သူတို့ကို အဓိက​လှုံ့ဆော်ပေး​သည်။—မဿဲ ၅:၄၄၊ ၄၅; ယာကုပ် ၁:၁

တမန်​တော်​ယောဟန်​က “အကြင်သူသည် လော[က]စည်းစိမ်ဥစ္စာ​ရှိ​လျက်​ပင်၊ မိမိ​ညီအစ်ကို​ဆင်းရဲခြင်း​ကို​မြင်​၍၊ သနားခြင်း​ကရုဏာ​စိတ်​ကို​ချုပ်တည်း​၏၊ ထို​သူ၌ ဘုရားသခင်​၏​မေတ္တာတော်​သည် အဘယ်​သို့​တည်​မည်​နည်း” ဟု​မေးမြန်း​သောအခါ ပေးကမ်း​ခြင်း​၏ ဤ​အရေးပါသော​ရှုထောင့်​ကို အလေးပေး​ဖော်ပြ​ခဲ့​သည်။ (၁ ယောဟန် ၃:၁၇) အဖြေ​ကား ရှင်းနေပါသည်။ ဘုရားသခင်​အား​ချစ်သော​မေတ္တာက ပေးကမ်း​စွန့်ကြဲ​စေ​သည်။ ဘုရားသခင်​သည် မိမိ​ကဲ့သို့​ပင် ရက်ရော​သော​စိတ်သဘော တင်ပြ​သူတို့ကို လေးမြတ်​တန်ဖိုး​ထား​၍ ဆု​ပေး​တော်​မူ​၏။ (သု. ၂၂:၉; ၂ ကောရိန္သု ၉:၆-၁၁) ယနေ့ ဤသို့​သော​ရက်ရောမှု​မျိုးကို ကျွန်ုပ်​တို့​တွေ့မြင်​ကြ​ရ​ပါသလော။ များ​မကြာမီ​က ယေဟောဝါသက်သေ​တို့၏​အသင်းတော်​တစ်ခု​တွင် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။

အိုမင်းမစွမ်း​ဖြစ်နေ​သော ခရစ်ယာန်​အမျိုးသမီး​တစ်ဦး၏​နေအိမ်​သည် ပြုပြင်​မွမ်းမံ​ပေး​ရန် အလွန်​လိုအပ်​နေ​၏။ သူသည် တစ်ဦးတည်း​နေထိုင်ပြီး အကူအညီ​ပေး​ရန် မိသားစု​လည်း မရှိ​ချေ။ သူ၏​အိမ်​တွင် နှစ်များ​တစ်လျှောက် ခရစ်ယာန်​အစည်းအဝေး​များ ကျင်းပ​ခဲ့​၏၊ ထို့​ပြင် မကြာခဏ​ပင် သူနှင့်​အတူ အစာစား​ရန် အခြား​သူများကို​ဖိတ်ခေါ်​ခဲ့​ဖူး​သည်။ (တမန်​တော် ၁၆:၁၄၊ ၁၅၊ ၄၀) သူ၏​အခြေအနေ​ကို တွေ့မြင်​ကြသော ခရစ်ယာန်​အသင်းသားများ​သည် သူ့​အား​အကူအညီ​ပေး​ရန် စီစဉ်​ကြ​လေ​၏။ အချို့​က ငွေ​ထည့်​ဝင်၍ အခြားသူ​တို့​မှာ​မူ လုပ်အား​စိုက်​ကြသည်။ ရက်သတ္တပတ်​အနည်းငယ်​အတွင်း စေတနာ့​ဝန်ထမ်း​များသည် သူ့​အိမ်​တွင် ခေါင်မိုး​အသစ်​တပ်ဆင်​ပေး​၏၊ အိမ်သာ​နှင့်​ရေချိုးခန်း​အသစ် ဆောက်​ပေး​ပြီး ပထမ​အထပ်​တစ်​ထပ်​လုံး​ကို အင်္ဂတေ​ကိုင်​၍ ဆေးသုတ်​ပေး​၏၊ မီးဖိုချောင်​ထဲ​တွင်​လည်း နံရံ​ကပ်​ဗီရို​အသစ်များ တပ်ဆင်​ပေး​ခဲ့​ကြသည်။ သူတို့၏​ပေးကမ်းမှု​ကား ထို​အမျိုးသမီး​လိုအပ်ရာ​ကို ဖြည့်ဆည်း​ပေး​ရုံ​မ​က အသင်းတော်သည် သာ၍​ရင်းနှီး​လာ​သည့်​အပြင် စစ်မှန်သော​ခရစ်ယာန်​ပေးကမ်း​ခြင်း​၏ ပုံ​နမူနာကို အိမ်နီးချင်း​တို့အား တွေ့မြင်​စေ​ခဲ့​သည်။

အခြား​သူတို့ကို ကျွန်ုပ်​တို့​ကိုယ်တိုင်​ကူညီပေး​နိုင်​သည့် နည်းလမ်း​များစွာ​ရှိပါ​သည်။ ဖတဆိုး​ကလေး​တစ်ဦး​ကို ကျွန်ုပ်​တို့​အချိန်ပေး​နိုင်​ပါသလော။ ကျွန်ုပ်​တို့​သိကျွမ်း​သည့် အိုမင်းမစွမ်း​မုဆိုးမ​တစ်ဦး​အတွက် ဈေးဝယ်​ခြမ်း​ပေးခြင်း၊ ချုပ်​စ​ရာ​ရှိရာ​များ ချုပ်​ပေးခြင်း​တို့ကို ပြုလုပ်​ပေး​နိုင်​မည်​လော။ ချက်ပြုတ်​ပေး​နိုင်​မည်​လော၊ သို့​မဟုတ် ဝင်ငွေ​နည်း​သူ​တစ်ဦး​အတွက် အကုန်အကျ​အချို့​ခံ​ပေး​နိုင်​မည်​လော။ ထိုသို့​အကူအညီ​ပေးဖို့ ကျွန်ုပ်​တို့ ချမ်းသာ​ကြွယ်ဝ​စ​ရာ​မလိုပါ။ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “စေတနာ​စိတ်​သည် အသင့်​ရှိလျှင်၊ မတတ်နိုင်​သော​အမှုကို​မ​ထောက်​ဘဲ၊ တတ်နိုင်​သော​အမှုကို​ထောက်၍ နှစ်သက်​တော်​မူ​ဖွယ်​ဖြစ်၏။” (၂ ကောရိန္သု ၈:၁၂) သို့သော် ဤသို့ ကိုယ်တိုင်​ကိုယ်​ကျ​ပေးကမ်း​ခြင်း​တစ်မျိုးတည်း​ကို​သာ ဘုရားသခင်​ကောင်းချီး​ပေး​တော်​မူ​မည်​လော။ လုံးဝ​မဟုတ်ပါ။

အဖွဲ့​အလိုက် ထောက်ပံ့​ပေးခြင်း​ကော အသို့နည်း

တစ်ခါတစ်ရံ တစ်ဦးချင်း ကြိုးပမ်း​အားထုတ်မှု​များ​ဖြင့် မလုံလောက်​ချေ။ အမှန်​သော် ယေရှု​နှင့် ကိုယ်တော်​၏​တမန်​တော်​များသည် ဆင်းရဲသား​များ​အတွက် ရန်ပုံငွေ​စု​ပေး​ခဲ့​ကြ​ပြီး သူတို့၏​လုပ်ငန်း​တွင် တွေ့ဆုံ​ကြသော ပေးကမ်း​လို​သူတို့​ထံ​မှ အလှူငွေ​လက်ခံခဲ့​ကြ​၏။ (ယောဟန် ၁၂:၆; ၁၃:၂၉) အလားတူ ပထမ​ရာစု​ရှိ အသင်းတော်များ​သည် အရေးပေါ်​သည့်​အခါ အလှူငွေများ​ကောက်ခံ​၍ ကယ်ဆယ်​ရေး​လုပ်ငန်း​ကို ကျယ်ကျယ်ပြန့်ပြန့် စီစဉ်​ပြုလုပ်​ခဲ့​ကြသည်။—တမန်​တော် ၂:၄၄၊ ၄၅; ၆:၁-၃; ၁ တိမောသေ ၅:၉၊ ၁၀

စီ.အီး. ၅၅ ခုနှစ်​တွင် ထိုသို့​သော​အခြေအနေ​မျိုး ပေါ်ပေါက်​ခဲ့​သည်။ ယုဒနယ်တွင်​ရှိ အသင်းတော်များ​သည် ဆင်းရဲ​ခဲ့​ကြသည်၊ ဖြစ်​နိုင်​ဖွယ်​ရှိသည်​မှာ မကြာသေးမီ​က​ဖြစ်​ခဲ့​သော အငတ်ဘေး​ကြီး​ကြောင့်​ဖြစ်​မည်။ (တမန်​တော် ၁၁:၂၇-၃၀) ဆင်းရဲသား​များ​အတွက် အမြဲ​ပင်​စိုးရိမ်​ပူပန်​ပေး​သော တမန်​တော်​ပေါလု​သည် အလှမ်း​ကွာဝေး​သည့် မာကေဒေါနိ​အရပ်​ရှိ အသင်းတော်များ​အထိ အကူအညီ​တောင်းခံ​ခဲ့​သည်။ သူကိုယ်တိုင် အလှူငွေ​ကောက်ခံ​ခဲ့​၍ ၎င်းကို​ပေး​ပို့​ရန် အရည်အချင်း​ရှိ​အမျိုးသားများ​ကို အသုံးပြု​ခဲ့​၏။ (၁ ကောရိန္သု ၁၆:၁-၄; ဂလာတိ ၂:၁၀) ပေါလု​သော်လည်း​ကောင်း၊ အခြား​ပါဝင်သူ​တို့​သော်လည်း​ကောင်း သူတို့​ထမ်းဆောင်​ခဲ့​ကြ​သည့်​အမှု​အတွက် အခကြေးငွေ​မယူ​ခဲ့​ချေ။—၂ ကောရိန္သု ၈:၂၀၊ ၂၁

ဘေးဒဏ်​များ​ကျရောက်​သောအခါ ယေဟောဝါသက်သေ​များသည် ယနေ့လည်း အကူအညီ​ပေး​ရန် အသင့်ရှိ​ကြ​၏။ ဥပမာ၊ ၂၀၀၁ ခုနှစ် နွေဦး​ကာလ​အတွင်း အမေရိကန်​ပြည်ထောင်စု၊ တ​က္က​ဆပ်​ပြည်နယ်၊ ဟူး​စ​တန်​မြို့တွင် မုန်တိုင်း​ပြင်းထန်​ခဲ့​သောကြောင့် အကြီးအကျယ် ရေလွှမ်းမိုး​ခဲ့​သည်။ စုစုပေါင်း သက်သေခံ​များ​၏​အိမ်ခြေ ၇၂၃ လုံး​သည် အတော်အတန်​ပျက်စီး​သွားခဲ့သည်။ တစ်ဦးစီ​လိုအပ်​သည့်​အကူအညီကို အကဲဖြတ်​ပြီး ထို​အခြေအနေ​တွင် အဆင်ပြေ​ဖို့​အပြင် ဒေသခံ​သက်သေခံ​များ​၏​အိမ်ကို ပြန်လည်​ပြုပြင်​ဆောက်လုပ်​ပေး​ရန် ကယ်ဆယ်​ရေး​ရန်ပုံငွေ​များ​ကို စီမံခန့်ခွဲ​ပေးဖို့ အရည်အချင်း​ပြည့်မီ​သော ခရစ်ယာန်​အကြီးအကဲ​များ ဘေးဒဏ်​ကယ်ဆယ်​ရေး​ကော်မတီ​ကို ချက်ချင်း​ဖွဲ့စည်း​ခဲ့​ကြသည်။ အနီးအနား​ရှိ​အသင်းတော်များ​မှ တလိုတလား​ရှိကြ​သော စေတနာ့​ဝန်ထမ်း​များသည် လိုအပ်ရာ​အားလုံး​ကို လုပ်ဆောင်ပေး​ခဲ့​ကြသည်။ သက်သေခံ​ညီအစ်မ​တစ်ဦး​သည် သူ​ရရှိသော​အကူအညီကို အလွန်​ကျေးဇူး​တင်​စွာ​ဖြင့် သူ၏​အာမခံကုမ္ပဏီ​မှ အိမ်ပြင်ခ လျော်ကြေး​ငွေ​ရရှိသော​အခါ ချက်ချင်း​ပင် အဆိုပါ​ငွေကြေး​ကို ကယ်ဆယ်​ရေး​ရန်ပုံငွေ​တွင် လှူဒါန်း​လိုက်​၏၊ သို့​နှင့် အကူအညီ​လိုနေသော​အခြားသူ​တို့ကို​လည်း အကူအညီ​ရရှိ​စေနိုင်​ခဲ့​သည်။

သို့သော် အလှူခံ​အဖွဲ့​များနှင့်​ပတ်သက်​လာ​လျှင် ကျွန်ုပ်​တို့​ထံ​ရောက်လာ​သည့် တောင်းခံ​ချက်​တို့အတွက် ကျွန်ုပ်​တို့ ပညာသတိ​ရှိဖို့လိုသည်။ အလှူခံ​အဖွဲ့​အချို့​သည် စီမံ​အုပ်ချုပ်မှု​ပိုင်း​အတွက် သို့​မဟုတ် ရန်ပုံငွေ​တိုး​ရ​ရေး​အတွက် ကြော်ငြာ​ခ​ငွေ​များစွာ ကုန်ကျ​ကြသည်​ဖြစ်၍ ကောက်ခံ​ထားသော​ငွေ​အနည်းငယ်​သာ ရည်စူး​ထား​သည့် ရည်ရွယ်ချက်​အတွက် အသုံးပြုရန်​ကျန်​တော့​သည်။ နယပုံပြင်​ကျမ်း ၁၄:၁၅ က​ဤသို့​ဆို​သည်– “ဉာဏ်​တိမ်​သော​သူသည် သူတစ်ပါး​ပြော​သမျှ​ကို​ယုံတတ်​၏။ ပညာသတိ​ရှိသောသူ​မူ​ကား မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏။” သို့​နှင့် အချက်အလက်​များ​ကို အသေအချာ​ဆန်းစစ်ခြင်း​က ပညာရှိ​လမ်းစဉ်​ဖြစ်သည်။

အကျိုး​အများဆုံး​ပြုသော ပေးကမ်း​ခြင်း

ပေးကမ်း​လှူဒါန်းခြင်း​ထက် သာ၍​အရေးပါသော ပေးကမ်း​ခြင်း​တစ်မျိုး ရှိသေး​သည်။ ကြွယ်ဝ​ချမ်းသာ​သော လူငယ်​အရာရှိ​တစ်ဦး​က ထာဝရ​အသက်​ရဖို့ မိမိ​အဘယ်အရာ​ပြုလုပ်​ရမည်​နည်း​ဟု မေးမြန်း​သောအခါ ယေရှု​က ယင်းကို​ရည်​စောင်​၍ သူ့ကို ဤသို့​မိန့်ဆို​သည်– “သွားလော့။ ကိုယ်​ဥစ္စာ​များ​ကို ဆင်းရဲသော​သူတို့အား​ပေး​လော့။ ထို​သို့ပြုလျှင် ကောင်းကင်ဘုံ​၌​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်သို့​လိုက်​လော့။” (မဿဲ ၁၉:၁၆-၂၂) ယေရှု​က ‘ဆင်းရဲသော​သူတို့အား ပေး​ကြ​လျှင် သင်သည် အသက်ကို​ရ​လိမ့်​မည်’ ဟူ၍​သာ​မဆို​ကြောင်း သတိပြုပါ။ ယင်းအစား ကိုယ်တော်​က ဆက်၍ “ငါ့​နောက်သို့​လိုက်​လော့” ဟု​မိန့်တော်မူ၏။ တစ်နည်း​ဆို​ရ​သော် ပေးကမ်း​စွန့်ကြဲ​ခြင်း​သည် ချီးမွမ်းဖွယ်​ကောင်းပြီး အကျိုး​ဖြစ်ထွန်း​သည်​မှန်​သော်လည်း ခရစ်ယာန်​တပည့်ဖြစ်​ခြင်း​တွင် ထို​ထက်မက​အကျုံးဝင်​သည်။

ယေရှု အဓိက​အာရုံစိုက်ခဲ့​ရာ​သည် အခြား​သူတို့၏​ဝိညာဉ်​ရေး​ကို ကူညီ​ပေးခြင်း​ဖြစ်သည်။ ကိုယ်တော်​မသေမီ အချိန်တို​လေး​တွင် ပိလတ်​မင်း​အား ဤသို့​မိန့်တော်မူ​ခဲ့​သည်– “[အမှန်] တရား​ဘက်၌​သက်သေခံခြင်း​ငှာ ငါသည်​မွေးဖွားခြင်း​ကို​ခံ​၍ ဤ​လောက​သို့​ကြွလာ​ပြီ။” (ယောဟန် ၁၈:၃၇) ဆင်းရဲသား​များ​ကို ကူညီ​ပေးခြင်း၊ ဖျားနာသူ​တို့ကို ကုသ​ပေးခြင်း​နှင့် ဆာငတ်​သူတို့ကို ကျွေးမွေးခြင်း​တို့ကို ယေရှု​ဦးဆောင်​ဦး​ရွက်​ပြု​ခဲ့​သော်လည်း ကိုယ်တော်​သည် မိမိ၏​တပည့်​များ​ကို ဟောပြောရန် အဓိက​အားဖြင့် လေ့ကျင့်ပေး​ခဲ့​သည်။ (မဿဲ ၁၀:၇၊ ၈) အမှန်​သော် သူတို့ကို ကိုယ်တော်​နောက်ဆုံး​ညွှန်ကြား​သည့်​စကား​တွင် ဤ​ပညတ်​ပါရှိ​သည်– “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို​ငါ့​တပည့်​ဖြစ်စေ . . . ကြလော့။”—မဿဲ ၂၈:၁၉၊ ၂၀

မှန်ပါသည်၊ ဟောပြောခြင်းက ကမ္ဘာ့​ပြဿနာ​အရပ်ရပ်​ကို ဖြေရှင်း​ပေး​လိမ့်​မည်​တော့​မဟုတ်ပါ။ သို့​တိုင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို လူမျိုးအပေါင်း​အား ဟောပြောခြင်းက ဘုရားသခင်​ကို​ဂုဏ်တင်ရာ​ရောက်​သည်၊ အကြောင်း​မှာ ဟောပြောခြင်းသည် ဘုရားသခင့်​အလိုတော်ကို ပြီးမြောက်​အောင်မြင်​စေ​၍ အဆိုပါ​မြင့်မြတ်​သော​သတင်းတရားကို လက်ခံသူ​တို့အတွက် ထာဝရ​အကျိုးကျေးဇူးများ ခံစား​စေသော​ကြောင့်​ဖြစ်သည်။ (ယောဟန် ၁၇:၃; ၁ တိမောသေ ၂:၃၊ ၄) နောက်နောင် ယေဟောဝါသက်သေ​များ ရောက်လာသော​အခါ သူတို့ကို နားထောင်​ကြည့်​ပါ။ သူတို့သည် ဝိညာဉ်​ရေး​လက်ဆောင်မွန်​ကို သယ်ဆောင်​လာ​ကြသည်။ ထို့​အပြင် ဤသို့​ပြုခြင်း​သည် သင့်အတွက် သူတို့​ပေး​နိုင်​သမျှ​တွင် အကောင်းဆုံး​အရာ​ဖြစ်​ကြောင်း သူတို့ သိထားကြသည်။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့ ဂရုစိုက်​ကြ​ကြောင်း​ဖော်ပြ​ရန် နည်းလမ်း​များစွာ​ရှိ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သူတစ်ပါး​အား သတင်းကောင်း​ဟောပြောခြင်းကို ဘုရားသခင်​နှစ်သက်​တော်​မူ​၍ ထာဝရ​အကျိုးကျေးဇူးများ​ရရှိစေရန် လမ်းဖွင့်​ပေး